← Chapters

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

အခန်း ၈၂၃ - ပိုက်ဆံသုံးရတာက ငါ့ရဲ့ပျော်ရွှင်မှုပဲ

"တောင်းပန်ပါတယ်ရှင်... ဆရာက ရှယ်ယာရှင်တစ်ယောက်ဖြစ်နေမှန်း ကျွန်မ မသိလို့ပါ"

အန်နီနက်စ်သည် သူ(မ)၏ ဝန်ဆောင်မှုတွင် တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့သလားဆိုသည်ကို အသည်းအသန် ပြန်စဉ်းစားနေရှာသည်။

အကယ်၍ ရှယ်ယာရှင်တစ်ဦးကသာ သူမ၏ အမှားကို ထောက်ပြမိပါက ဂုဏ်သိက္ခာရှိပြီး လစာကောင်းသော ဤအလုပ်ကို ဆုံးရှုံးရနိုင်သောကြောင့်ပင်။

"ဘာမှမစိုးရိမ်ပါနဲ့။ ခုနက မင်းရဲ့ဝန်ဆောင်မှုပေးတဲ့ပုံစံက အရမ်းကောင်းပါတယ်"

ကျန်းမုန့်လောင်က ဖော်ရွေသောအပြုံးဖြင့် ဆိုလိုက်သည်။

"နောင်လည်း ဘယ်လိုဖောက်သည်မျိုးနဲ့ပဲ တွေ့တွေ့ အခုလိုပဲ ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်ဓာတ်ကို အမြဲထိန်းသိမ်းထားပါ"

"ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"

အန်နီနက်စ်က ရိုသေစွာ ဦးညွှတ်လိုက်လေသည်။

"ဆရာ့အတွက် ကုမ္ပဏီရဲ့ အထက်လူကြီးတွေကို ဆက်သွယ်ပေးရမလားရှင့်"

"မလိုပါဘူး။ ကိုယ်ဘာသာ ရှာလိုက်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အော်ဒါကိုသာ တင်လိုက်ပါ.. တန်းစီနေရတဲ့ အပိုင်းကိုတော့ ကျွန်တော့်ဘာသာပဲ ရှင်းလိုက်မယ်"

အန်နီနက်စ်၏ မျက်နှာတွင် နောင်တရိပ်များ ယှက်သန်းသွားသည်ကို မြင်သောအခါ ကျန်းမုန့်လောင် တစ်စုံတစ်ခုကို နားလည်သွားဟန် ရှိသည်။

"စိတ်မပူပါနဲ့။ ငါက ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ငါဝယ်တဲ့ပစ္စည်းအတွက် ပေးသင့်တာကို ပေးမှာပါ။ အထူးအခွင့်အရေးလည်း ယူမှာမဟုတ်လို့ မင်းရမယ့်ကော်မရှင်လည်း လျော့သွားမှာ မဟုတ်ပါဘူး"

ထိုစကားကို ကြားလိုက်ရသည့်အခါ အန်နီနက်စ်၏ အပြုံးမှာ ပို၍ပင် တောက်ပသွားတော့သည်။

"ဒါဆိုရင် ခဏလောက် စောင့်ပေးပါရှင်။ ဆရာ့အတွက် အော်ဒါကို အခုချက်ချင်းစီစဉ်ပေးလိုက်ပါ့မယ်"

အန်နီနက်စ်သည် သူ(မ)၏လက်ထဲရှိ အသိဉာဏ်ရှိ ကွန်ပျူတာကို အသုံးပြုလိုက်လေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်း ပြောင်းလဲသွားပြီး သက်တန့်ကန်၏ ကမ်းနားသို့ ရောက်ရှိသွားပြီး သူတို့၏ဘေးတွင်လည်း အရသာရှိသော စားသောက်ဖွယ်ရာများ ပြည့်နှက်နေသည့် စားပွဲတစ်ခု ပေါ်လာသည်။

၎င်းမှာ ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခုသာ ဖြစ်သော်လည်း အဆင့်ငါးမျိုးနွယ်စု၏ နည်းပညာသည် လူသားတို့၏ အရသာခံအာရုံခံစားမှုများကိုပင် ပုံဖော်ပေးနိုင်သည်ဖြစ်ရာ ဤနေရာတွင် စားသောက်ရခြင်းမှာ လက်တွေ့ကမ္ဘာတွင် စားသောက်ရသလို ခံစားရစေသည်။

လက်တွေ့တွင်မူ ဗိုက်ပြည့်မည်မဟုတ်သည်မှာ အသေအချာပင်။

ကျန်းမုန့်လောင်သည် ဆိုဖာခုံပေါ်တွင် ထိုင်လျက် ရှယ်ယာရှင်များအတွက် သီးသန့်အသုံးပြုနိုင်သော စနစ်ကို စစ်ဆေးနေလေသည်။ ရှယ်ယာရှင်တစ်ဦး အနေနှင့် သူ့လုပ်ပိုင်ခွင့်များမှာ အလွန်ကြီးမားလှပေသည်။ ဥပမာအားဖြင့် သူသည် ကုမ္ပဏီ၏ အတွင်းပိုင်းအချက်အလက်များနှင့် ဝန်ထမ်းစာရင်းကို လွတ်လပ်စွာ ကြည့်ရှုနိုင်သလို ဖောက်သည်များ၏ အော်ဒါများအားလုံးကိုလည်း မြင်တွေ့နိုင်သည်။

အန်နီနက်စ် ပြောခဲ့သည့်အတိုင်း သူ့အော်ဒါရှေ့တွင် တန်းစီနေသော အော်ဒါပေါင်းများစွာ ရှိနေလေ၏။

"ငါ့မှာ ကိုယ်ပိုင်လက်ထောက်တစ်ယောက်တောင် ရှိနေတာပဲ"

ကျန်းမုန့်လောင်သည် လက်ထောက်၏ အချက်အလက်များကို နှိပ်ကြည့်လိုက်သည်။

"လိုင်းမ်စ် အာဖာစကြဝဠာနိုင်ငံမှ ပီယနတ်သူငယ်မျိုးနွယ်"

ကောထန်ပြောဖူးသည့်အတိုင်း ပီယနတ်သူငယ်မျိုးနွယ်မှာ နတ်သူငယ်များထဲတွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်ပြီး မည်သည့်မျိုးနွယ်စုမှ ယောက်ျားသားမဆို သူတို့၏ညှို့ဓာတ်ကို မတွန်းလှန်နိုင်ကြပေ။

ကျန်းမုန့်လောင်လည်း လိုင်းမ်စ်ထံသို့ ဆက်သွယ်လိုက်လေသည်။

လန်းစလော့ကုမ္ပဏီတွင် လိုင်းမ်စ်သည် သူ(မ)၏ နေ့လယ်ခင်းလက်ဖက်ရည်ကို သောက်သုံးရင်း အနားယူနေချေသည်။

ကုမ္ပဏီ၏ ပထမဆုံးရှယ်ယာရှင်ကြီး၏ ကိုယ်ပိုင်လက်ထောက်တစ်ဦးအနေနှင့် သူ(မ)၏ရာထူးမှာ ကုမ္ပဏီအတွင်း အားကျစရာအကောင်းဆုံးပင်။

စကြဝဠာအဆင့်ရှိသော ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်တာဝန်များကို တိတိကျကျ ခွဲခြားထားပြီး ပထမဆုံးရှယ်ယာရှင်၏ လက်ထောက်အနေနှင့် လိုင်းမ်စ်၏ တစ်ခုတည်းသောအလုပ်မှာ ထိုရှယ်ယာရှင်ကြီးကို ကူညီပေးရန်သာ ဖြစ်ပေသည်။

သို့သော် ထိုဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ရှယ်ယာရှင်ကြီးမှာ ရှယ်ယာဝယ်ယူပြီးကတည်းက ကုမ္ပဏီတွင် ပေါ်မလာသလောက် ဖြစ်နေပြီး အရေးကြီးဆုံးဖြတ်ချက်များတွင်ပင် ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် လိုင်းမ်စ်မှာ အလုပ်မရှိသလောက် ဖြစ်နေသော်လည်း ထိပ်တန်းလစာကို ရရှိနေလေသည်။

သိုင်းပညာရှင်များသာလျှင် နှစ်ပေါင်းရာနှင့်ချီ၊ ထောင်နှင့်ချီ၍ တရားထိုင် ကျင့်ကြံနေတတ်ကြပြီး နှစ်စဉ် ရှယ်ယာအမြတ်ငွေ ရရှိနေသရွေ့ ကုမ္ပဏီကို စီမံခန့်ခွဲရန် စိတ်ဝင်စားလေ့ မရှိကြသောကြောင့် လူအများက ထိုရှယ်ယာရှင်ကြီးမှာ အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်နိုင်သည်ဟု သံသယရှိနေကြ၏။

သို့သော် အားကျရိပ်များ၏ နောက်ကွယ်တွင် ဤအလုပ်ကိုရရှိရန် လိုင်းမ်စ် မည်မျှအထိ ကြိုးစားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ သူ(မ)သည် စကြဝဠာ တစ်ခုလုံးတွင် အကျော်ကြားဆုံး ကျောင်းဖြစ်သော စကြဝဠာ၏ ပထမဆုံး စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ ဖြစ်၏။ ၎င်းမှာ စကြဝဠာတစ်ခုလုံးရှိ စီးပွားရေးလုပ်ငန်းကြီးများကို ဦးဆောင်မည့်သူများ မွေးထုတ်ပေးရာနေရာဖြစ်၏။

ထိုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရန်နှင့် ဘွဲ့ရရန်မှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုမှ အဆင့်၆သက်ရှိတစ်ဦး ပေါ်ထွက်လာရန်ထက်ပင် ခက်ခဲလှပေသည်။

သေချာသည်မှာ စကြဝဠာကြီးတစ်ခုလုံးတွင် ထိုကဲ့သို့သော အရေအတွက်မှာ နည်းပါးလှသည် မဟုတ်သော်လည်း လိုင်းမ်စ်မှာမူ အထူးချွန်ဆုံးအရွေးချယ်ခံတစ်ဦး ဖြစ်သည်။

လိုင်းမ်စ်၏ လက်ကောက်ဝတ်ထက်ရှိ ဉာဏ်ရည်တုလက်ပတ်မှ ရုတ်တရက် အချက်ပေးသံထွက်ပေါ်လာပြီး နက်ရှိုင်းလှသော သူမ၏ မျက်လုံးများမှာ မှင်တက်သွားတော့သည်။ တစ်ခါမှပေါ်မလာဖူးသော ဤပထမဆုံးရှယ်ယာရှင်ကြီးက သူ(မ)ကို ဆက်သွယ်လာခြင်းပင်။

"သူဌေး"

သူ(မ)သည် အမြဲတမ်း အားလပ်ရက်ရနေသကဲ့သို့ ရှိနေသော်လည်း ပြောင်မြောက်လှသော ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုများကြောင့် ချက်ချင်းပင် အလုပ်လုပ်ရန် အသင့်ဖြစ်သွားလေသည်။

"ငါ အခု ကုမ္ပဏီရဲ့သဏ္ဌာန်တူကွန်ရက်ထဲမှာ ရှိနေတယ်။ မင်းဆီက အကူအညီလိုလို့"

"ဆရာ့ရဲ့ကွန်ရက်နံပါတ်ကိုသာ ပြောပြပါ။ ကျွန်မ အခုချက်ချင်း လာခဲ့ပါ့မယ်"

အဆုံးတွင် သူ(မ)၏သူဌေးကို တွေ့ရတော့မည်ဖြစ်ရာ လိုင်းမ်စ်မှာ စိတ်လှုပ်ရှားမှုနှင့်အတူ အနည်းငယ်လည်း ထိတ်လန့်နေမိသည်။ သူ(မ)သည် သူ(မ)၏ သူဌေးအကြောင်းကို ချမ်းသာသည်ဟုသာ သိထားပြီး သူ့စရိုက်နှင့် စိတ်နေစိတ်ထားကိုမူ လုံးဝမသိထားပေ။

...

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အရပ် ၁၇၅စင်တီမီတာခန့်ရှိကာ ယောက်ျားသားများ အကြည့်မလွှဲနိုင်လောက်အောင်ပင် ဖြစ်စေသည့် ပုံစံရှိသော နတ်သူငယ်မျိုးနွယ်ဝင်အမျိုးသမီးတစ်ဦးမှာ ထိုအလင်းတိုင်အတွင်းမှ ထွက်လာခဲ့လေသည်။

"ဝိုး!"

လိုင်းမ်စ်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့် ခဏမှာပင် ပီယနတ်သူငယ်မျိုးနွယ်ကို မည်သူမှ မငြင်းဆန်နိုင်ကြခြင်း၏ အကြောင်းအရင်းကို ကျန်းမုန့်လောင် ချက်ချင်းပင် သိသွားတော့သည်။

ရွှေအချိုးနှင့်အညီ အချိုးကျသော ခြေတံများ၊ ပြည့်ဖြိုးသော်လည်း အချိုးအစားကျနသော ခန္ဓာကိုယ်၊ နှင်းပွင့်ကဲ့သို့ ဖြူစင်သော်လည်း ဖျော့တော့ခြင်းမရှိသည့် အသားအရေ၊ စိမ်းနုရောင် မျက်လုံးများနှင့် နတ်သူငယ်မျိုးနွယ်၏ ပြယုဂ်ဖြစ်သော နားရွက်များမှာ နတ်သူငယ်တို့၏ အလှတရားကို ပေါ်လွင်စေသည်။

ထို့ပြင် ငွေရောင်ရေတံခွန်ကဲ့သို့ ရှည်လျားသော ဆံနွယ်များ...။

လိုင်းမ်စ်သည် ပြီးပြည့်စုံလှသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် ခန္ဓာကိုယ်နှင့် ကွက်တိကျသော အဝတ်အစားများကို ဝတ်ဆင်ထားလေရာ ဆွဲဆောင်မှုရှိလွန်းပြီး အသက်မပြည့်သေးသူများ ကြည့်ရှုရန်ပင် မသင့်လျော်ပါချေ။

အဆိုးဆုံးမှာ သူ(မ)ထံမှ ထွက်ပေါ်နေသော ထူးခြားသည့်ရနံ့ပင်။ ထိုရနံ့က ကျန်းမုန့်လောင် ကို ပထမဆုံးအချစ်ဦးနှင့် တွေ့ရသလို ခံစားချက်မျိုး ဖြစ်ပေါ်စေလေရာ မိစ္ဆာတစ်ကောင်အလား ပြုစားနိုင်စွမ်းရှိလှပေသည်။

"မိန်းကလေး... မင်းရဲ့ပြုစားမှုတွေကို ရပ်လိုက်ပါတော့"

ကံကောင်းထောက်မစွာဖြင့် ကျန်းမုန့်လောင်၏ စိတ်ဓာတ်မှာ အလွန်ကြံ့ခိုင်ပေသည်။ သာမန်လူဆိုပါက သူ(မ)၏အလှတွင် လုံးဝနစ်မွန်းသွားပေလိမ့်မည်။

လိုင်းမ်စ်သည် ကျန်းမုန့်လောင်ကို မြင်သောအခါ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်သွား၏။ အကြောင်းမှာ အခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသောကြောင့်ပင်။ သူ(မ)သည် ကွန်ရက်နံပါတ်ကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးကြည့်သော်လည်း သူ(မ)၏သူဌေးမှာ တကယ်ပင် ဤလူငယ် ဖြစ်နေသလော။

အဆင့်သုံးသက်ရှိတစ်ဦးဖြစ်သော လိုင်းမ်စ်သည် ကျန်းမုန့်လောင်ဆီမှ သက်ရှိအရှိန်အဝါကို သဘာဝအတိုင်း အာရုံခံနိုင်သည်။ ၎င်းမှာ စကြဝဠာနှစ်နှစ်ဆယ်ထက် ကျော်လွန်ပုံမရပေ။ သူသည် တကယ်ပင် စကြဝဠာတစ်ခုလုံးတွင် ဖြန့်ကျက်ထားသော လန်းစလော့ကိုယ်ပိုင်အာကာသယာဉ်ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင်ကြီး ဖြစ်နိုင်ပါသလော။

"ဟယ်လို သူဌေး...တွေ့ရတာ ဝမ်းသာပါတယ်ရှင်.. ကျွန်မက အာဖာစကြဝဠာနိုင်ငံရဲ့ နတ်သူငယ်နယ်မြေက လိုင်းမ်စ်ပါ"

"မင်းကြည့်ရတာ တော်တော်ဇဝေဇဝါဖြစ်နေပုံရတယ်"

ကျန်းမုန့်လောင်က လိုင်းမ်စ်၏အမူအရာကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ဟုတ်ပါတယ်။ ဆရာ့ရဲ့ ငယ်ရွယ်မှုက ကျွန်မရဲ့ စိတ်ကူးထက် ကျော်လွန်နေပါတယ်"

လိုင်းမ်စ်က ဆိုလေသည်။

"ကျွန်မသိထားသလောက်ဆိုရင် ဆရာက လွန်ခဲ့တဲ့ စကြဝဠာနှစ်၅၇၂နှစ်ကတည်းက လန်းစလော့ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ ဆရာ့ဆီက သက်ရှိအရှိန်အဝါအရဆိုရင် ဆရာ့ရဲ့ အသက်က အဲ့ဒီအချိန်ရဲ့အစွန်းထွက်လောက်တောင် မရှိသေးဘူးလေ"

"မင်းမြင်တဲ့အတိုင်းပဲ။ ဒီရှယ်ယာတွေက ငါ့ဟာ ဖြစ်နိုင်ပေမဲ့ ငါကိုယ်တိုင်ဝယ်ခဲ့တာတော့ မဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလာ၏။

"အဓိကကတော့ ငါက လူပြန်ဝင်စားတာ ကံကောင်းလို့ပါ။ ဒါတွေက ငါ့ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ အမွေတွေပဲ"

လိုင်းမ်စ်၏ မျက်လုံးထဲတွင် အားကျရိပ်များ ဖုံးကွယ်မရအောင် ပေါ်လာချေသည်။ ဤကဲ့သို့သော မိသားစုမျိုးတွင် မွေးဖွားလာသည်မှာ သူ့အယခင်ဘဝတွင် စကြဝဠာကြီးတစ်ခုလုံးကို ကယ်တင်ခဲ့ဖူး၍လော။

"သူဌေးက အခု ကုမ္ပဏီရဲ့လုပ်ငန်းတွေကို တာဝန်ယူစီမံတော့မှာလား"

လိုင်းမ်စ်က သတိထား၍ မေးလိုက်၏။

ပုံမှန်ဇာတ်လမ်းများအတိုင်းဆိုလျှင် ဤကဲ့သို့သော လူများသည် မိသားစုမှ လေ့ကျင့်ပေးရန် စေလွှတ်လိုက်ခြင်း ဖြစ်လေ့ရှိပြီး နောက်ပိုင်းတွင် စီးပွားရေးလောကအတွင်း စွန့်ဦးတီထွင်မှုများ ပြုလုပ်ကာ ငွေအမြောက်အမြား ရှာဖွေပြီး အောင်မြင်စွာ အိမ်ပြန်ကြမည်ဖြစ်၏။

ထိုသို့တွေးမိလိုက်သည်နှင့် လိုင်းမ်စ်မှာ စိတ်လှုပ်ရှားသွားတော့သည်။ အကယ်၍ ဤသူဌေးလေးသာ စွန့်စားမှုများ ပြုလုပ်မည်ဆိုပါက သူ(မ)အနေနှင့်လည်း လက်ထောက်တစ်ဦးအဖြစ် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်ရန် အခွင့်အရေးများစွာ ရရှိလာပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ သူ(မ)အနေနှင့် အလုပ်လုပ်ရင်း ဤသူဌေးလေးနှင့်ပတ်သက်မှုများ ရှိလာနိုင်ပြီး တစ်နေ့တွင် သူဌေးကတော်ပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။ ကျန်းမုန့်လောင်၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာလည်း နတ်သူငယ်တို့၏ အလှအပစံနှုန်းနှင့် ကိုက်ညီနေလေသည်။

ငယ်လည်းငယ်၊ ချမ်းလည်းချမ်းသာသူကို မည်သူက ငြင်းဆန်နိုင်မည်နည်း။

သူ(မ)၏ လက်ရှိအခြေအနေမှာမူ အလုပ်မလုပ်ရဘဲ လစာရနေသည့် ငါးဆားနယ်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

သို့သော် ကျန်းမုန့်လောင်က အသာအယာ ရယ်မောလိုက်ရင်း ပြောလာချေသည်။

"တာဝန်ယူဖို့လား.. ငါ စိတ်မဝင်စားပါဘူး။ ကုမ္ပဏီကြီးတစ်ခုလုံးကို စီမံရတာက အလုပ်ရှုပ်လွန်းပါတယ်။ ငါက ပိုက်ဆံသုံးရတာတစ်ခုတည်းပဲ ပျော်တာ"

********************

အခန်း ၈၂၄ : သူက ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ

"ဟင်"

လိုင်းမ်စ်ခမျာ ဆွံ့အသွားသည်။

ဒါဆိုရင် သူ(မ)က အိမ်မှာပဲ အလကားနေရင်း အချိန်ဖြုန်းနေရဦးမယ်လို့ ဆိုလိုတာလား။ ဒီလိုဘဝမျိုးက အိပ်မက်တွေ ပျောက်ဆုံးမသွားနိုင်ဘူးလား။ ဒါပေမဲ့လည်း တွေးကြည့်ရင်တော့ တော်တော်ဇိမ်ကျမယ့်ပုံပါပဲ။

"သူဌေး... ဒီတစ်ခေါက် ကျွန်မကိုခေါ်တာ အရေးကြီးကိစ္စတစ်ခုခု ရှိလို့လားဟင်"

"ဪ... ငါ အခုပဲ စတားဂေဇာတစ်စီး အော်ဒါမှာလိုက်တာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ ရှေ့မှာ တန်းစီနေတဲ့လူတွေ အများကြီးရှိနေပုံပဲ။ အဲဒါ ငါ့အတွက် နည်းနည်းလောက်မြန်အောင် လုပ်ပေးလို့ရမလား ကြည့်ပေးပါဦး"

"ဒါက အေးဆေးပါ"

လိုင်းမ်စ်က ပြန်ဖြေသည်။

"ကုမ္ပဏီမှာ ရှယ်ယာရှင်တွေအတွက် သီးသန့်ဖယ်ထားတဲ့ ထုတ်လုပ်ရေးလိုင်းရှိပါတယ်။ ဒီလိုင်းက သာမန်ဖောက်သည်တွေရဲ့ အော်ဒါကိုလက်မခံဘဲ ရှယ်ယာရှင်တွေရဲ့ အော်ဒါကိုပဲ လက်ခံတာပါ"

"သြော်... အဲဒီလိုအခွင့်အရေးမျိုးလည်း ရှိတာလား"

ကျန်းမုန့်လောင်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။

"ဒါက ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အထူးအခွင့်အရေးပါ"

လိုင်းမ်စ်က ပြော၏။

"ကျွန်မ စစ်ကြည့်ပေးပါ့မယ်"

လိုင်းမ်စ်က ပီယာနိုတီးနေသည့်အလား သူ(မ)၏ စက်ပစ္စည်းပေါ်တွင် အသာအယာ နှိပ်လိုက်သည်။

"လက်ရှိမှာ ထုတ်လုပ်ဖို့စောင့်နေတဲ့ အာကာသယာဉ်၂၇စီး ရှိပါတယ်။ ဒါပေမဲ့ သူဌေးက ပင်မရှယ်ယာရှင်ဖြစ်တာကြောင့် အော်ဒါကို ရှေ့ဆုံးအထိ ဆွဲတင်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ အချက်အလက်တွေအားလုံး မှန်ကန်မယ်ဆိုရင် ဒီနေ့ပဲ စတင်ထုတ်လုပ်နိုင်ပြီး တည်ဆောက်ချိန်ကိုလည်း တစ်ဝက်အထိ လျှော့ချလို့ရပါတယ်"

"အရမ်းကောင်းတာပေါ့"

ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"နေပါဦး"

လိုင်းမ်စ်က စိတ်ဝင်စားစရာတစ်ခုခုကို ရှာတွေ့သွားသည်။

"ကုမ္ပဏီရဲ့ ဒုတိယအများဆုံးရှယ်ယာရှင်က မကြာသေးခင်ကမှ စတားဂေဇာတစ်စီး အော်ဒါမှာထားတာပဲ။ အရောင်ကလွဲရင် ကျန်တဲ့အချက်အလက်တွေအားလုံးက သူဌေးမှာထားတာနဲ့ အတူတူပါပဲ။ အဲဒီ အာကာသယာဉ်က ဆောက်ပြီးသွားပြီ။ ဒါပေမဲ့ ဖောက်သည်ဆီကိုတော့ မပို့ရသေးဘူး"

ကျန်းမုန့်လောင်၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

အဆင်သင့်လိုက်တာ...

"အရောင်ပြောင်းဖို့ဆိုရင် ဘယ်လောက်ကြာမလဲ"

"ကျွန်မတို့က အရောင်ခြယ်တဲ့နေရာမှာ ဖိုတွန်နည်းပညာကို သုံးတာပါ။ ယာဉ်ရဲ့အခွံကနေ ဖိုတွန်တွေကို ထုတ်ယူပြီး ကိုယ်လိုချင်တဲ့ အရောင်ဖိုတွန်ကို ထည့်သွင်းလိုက်ရုံပါပဲ။ အကြာဆုံး အာကာသနာရီ နှစ်နာရီပဲ ကြာမှာပါ"

"မိုက်တယ်ဟေ့"

ကျန်းမုန့်လောင်က ထိုရှယ်ယာရှင်၏ ဆက်သွယ်ရေးလိုင်းကို ချက်ချင်းရှာလိုက်သည်။ အကယ်၍ ဤရှယ်ယာရှင်ဆီက အာကာသယာဉ်ကို ဝယ်ယူနိုင်မည်ဆိုလျှင်အိမ်မှာ ထိုင်စောင့်နေရုံဖြင့် အာကာသယာဉ်က ရောက်လာတော့မည်ဖြစ်၏။

...

"သိုင်းတာအိုကို ကျင့်ကြံတာက တစ်ညတည်းနဲ့ အောင်မြင်နိုင်တာ မဟုတ်ဘူး။ မင်းတို့တွေ ဒီလိုမျိုး နေ့စဉ်ရက်ဆက် နှစ်ပေါင်းထောင်ချီ လေ့ကျင့်ရမယ်။ နှစ်ပေါင်းတစ်ရာစာ ကျင့်ကြံထားတဲ့ လက်သီးတစ်ချက်၊ နှစ်ပေါင်းတစ်ထောင်စာ သန့်စင်ထားတဲ့ တိုက်ကွက်တစ်ခု ဒါမှမဟုတ် နှစ်သန်းပေါင်းများစွာကြာတဲ့ အသိဉာဏ်က ပေါက်ဖွားလာတဲ့ လှည့်ကွက်တစ်ခုကို မင်းတို့ တောင့်ခံနိုင်ပါ့မလား"

ရှီလော့တောင်တန်း အာကာသအင်ပါယာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တပည့်ပေါင်းသောင်းချီကို မျက်နှာမူကာ ဆူပူကြိမ်းမောင်းနေသည်။

ထိုတပည့်များထဲတွင် အားအနည်းဆုံးသူပင် အဆင့်လေးသက်ရှိများဖြစ်ပြီး သူတို့ရှေ့တွင် ရပ်နေသူမှာ ရှီလော့တောင်တန်း အာကာသအင်ပါယာတစ်ခုလုံး၏ အရှင်သခင်ဖြစ်သည့် အဆင့်ခုနစ်သက်ရှိပင် ဖြစ်သည်။

လူလတ်ပိုင်းအရွယ် ထိုအမျိုးသားက လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်လေရာ ဟင်းလင်းပြင်ကြီးတစ်ခုလုံး အက်ကြောင်း ထင်သွားသည်။ မိုးကုတ်စက်ဝိုင်းအစွန်းတွင် ရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးလည်း အပြင်ဘက်မှ စတင်ကာ အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားပြီး စကြဝဠာ၏ အလှပဆုံးသော မီးရှူးမီးပန်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဆက်လေ့ကျင့်ကြ"

ထိုအမျိုးသားသည် အင်အားကြီးမားလှသည့် ကျောပြင်ပုံရိပ်ကို ချန်ထားရစ်ကာ လေ့ကျင့်ရေးကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ဤလူများက သူ့တပည့်များဆိုသော်ငြား ဆယ်နှစ်မှာ တစ်ခါလောက်လာပြီး လမ်းညွှန်စကားပြောခြင်း၊ တိုက်ကွက်တစ်ချက်နှစ်ချက် ပြသပေးရုံမျှဖြင့် သူတို့အတွက် အလွန်ထူးခြားလှပြီဖြစ်၏။

သူပြသသွားသည့် တိုက်ကွက်ကတစ်ဆင့် ကျန်ရစ်နေခဲ့သည့် အငွေ့အသက်များကပင် သူတို့အတွက် အကြာကြီးလေ့လာမှတ်သားစရာ ကောင်းနေတော့သည်။

"ဆရာကြီးရဲ့အဆင့်က ပိုကြောက်စရာကောင်းလာပြီ"

"ငါကြားတာတော့ ဆရာက အသက်နှစ်တစ်သန်းတောင် မပြည့်သေးဘူးတဲ့။ သာမန်အဆင့်ခုနစ်သက်ရှိတွေဆိုရင် အနည်းဆုံး အသက်နှစ်ငါးသန်းကနေ ခြောက်သန်းလောက် ရှိကြတာ။ တချို့ဆိုရင် သန်းဆယ်ဂဏန်းတောင် ရှိတယ်"

"မင်းတို့ မသိသေးဘူးလား။ ငါတို့ဆရာက စကြဝဠာမှာ အကြီးဆုံး ကိုယ်ပိုင်အာကာသယာဉ်ကုမ္ပဏီဖြစ်တဲ့ လန်းစလော့ရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်လေ။ စကြဝဠာဘဏ်ရဲ့ ကြယ်လေးပွင့်အဆင့် သုံးစွဲသူလို့တောင် ကြားတယ်။ သူပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေက ငါတို့ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး"

"ငါတို့သာ အဲဒီလောက်ချမ်းသာမယ်ဆိုရင် ကျင့်ကြံမှုနှုန်းက အခုထက်ပိုပြီး အဆပေါင်းများစွာ ပိုမြန်မှာ သေချာတယ်"

...

"အဟွတ်... အဟွတ်... အဟွတ်"

တပည့်များ၏ မြင်ကွင်းက ပျောက်ကွယ်သွားသော လူလတ်ပိုင်းအရွယ်အမျိုးသားခမျာ ရုတ်တရက်ဆိုသလို အပြင်းအထန် ချောင်းဆိုးလိုက်သည်။

သူသည် ရင်ဘတ်ကိုပွတ်သပ်ရင်း ကြယ်စုံလင်သော ကောင်းကင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"အရှင်သခင်... တစ်ယောက်ယောက်က ဆက်သွယ်ဖို့ ခွင့်တောင်းထားပါတယ်"

"ချိတ်ဆက်လိုက်"

ထိုအမျိုးသားက သူ့ဉာဏ်ရည်တုကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့... လန်းစလော့ကုမ္ပဏီရဲ့ နံပါတ်တစ်ရှယ်ယာရှင်ကို ချိတ်ဆက်ပေးနေပါပြီ"

"ဘာ"

ထိုအမျိုးသား၏ မျက်နှာထက်တွင် သရဲခြောက်ခံရသည့်အလား အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။

သို့သော်လည်း ဆက်သွယ်မှုက ချိတ်ဆက်ပြီးပြီဖြစ်ရာ ဖုန်းချလိုက်ပါက ဖြစ်လာမည့် နောက်ဆက်တွဲပြဿနာများကို သူ မတွေးရဲပေ။

"မစ္စတာ... မစ္စတာကျန်း မတွေ့ရတာကြာပြီနော်"

ထိုအမျိုးသား၏အသံမှာ အစောကနှယ် အရှိန်အဝါရှိသော ပုံစံမဟုတ်တော့ဘဲ ဖားယားသည့်အသံမျိုး ဖြစ်သွားသည်။ ကြည့်ရသည်မှာ နန်းတွင်းမိန်းမစိုးတစ်ယောက်အလားပင်။

"မင်္ဂလာပါ... မစ္စတာအော်လန်ဒိုလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မစ္စတာကျန်း... ဘယ်တုန်းကများ ဒီလောက်အထိ ယဉ်ကျေးသွားရတာလဲ။ ကျွန်တော်က 'မစ္စတာ'ဆိုတဲ့ ဘွဲ့ကို ဘယ်ခံယူရဲပါ့မလဲ။ ကျွန်တော့်ကို အော်လန်ဒိုလို့ပဲ ခေါ်ပါ"

ဘာဖြစ်တာလဲ။ ဒုတိယအများဆုံးရှယ်ယာရှင်ရဲ့ ရှယ်ယာတွေက သူ့တစ်ဝက်တောင် မရှိဘူးဆိုပေမဲ့ ဒီလောက်အထိ နှိမ့်ချစရာ မလိုဘူးမဟုတ်လား။

ကျန်းမုန့်လောင်က အော်လန်ဒို၏ အဆင့်အတန်းကို မြင်နိုင်သည်။ သူသည် အစွမ်းထက်သော အဆင့်ခုနစ်သက်ရှိဖြစ်ပြီး လူပေါင်းသန်းဂဏန်းကို အုပ်ချုပ်နေသည့် အာကာသအင်ပါယာတစ်ခု၏ အရှင်သခင်လည်း ဖြစ်၏။ အဆင့်ငါးမျိုးနွယ်စု ခေါင်းဆောင်များပင် သူ့ကို အော်လန်ဒိုအရှင်သခင်ဟု ရိုရိုသေသေ ခေါ်ကြရသည်။

"ခင်ဗျားက မစ္စတာအော်လန်ဒိုလား"

ကျန်းမုန့်လောင်က ထပ်မံအတည်ပြုလိုက်သည်။

အော်လန်ဒိုခမျာ ရုတ်တရက် တောင့်ခဲသွားသည်။

ဤအကောင့်ပိုင်ရှင်၏အသံကို သူ ဘယ်တော့မှ မေ့မည်မဟုတ်။ ဤအသံက သူ့အတွက်တော့ တစ်သက်လုံးခြောက်လှန့်နေမည့် အိပ်မက်ဆိုးကြီးတစ်ခုလိုပင်။ ဤအသံကြောင့် အိပ်နေရာက လန့်နိုးခဲ့ရသော အကြိမ်ပေါင်းလည်း မနည်းတော့ချေ။

သို့သော် ယခုကြားနေရသည့် အသံကတော့ ကြောက်စရာကောင်းလှသော ထိုလူ၏ အသံမဟုတ်သည်မှာ သေချာပေသည်။

"ဟုတ်ကဲ့... ကျွန်တော်ပါပဲ... လူကြီးမင်းက ဘယ်သူပါလဲ"

"မင်္ဂလာပါ မစ္စတာအော်လန်ဒို... ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ ခင်ဗျားကတော့ ကျွန်တော့်ကိုမသိပေမဲ့ ကျွန်တော့်ဘိုးဘေးရဲ့... ဘိုးဘေးကိုတော့ သိလောက်မယ်ထင်တယ်"

အော်လန်ဒို ချက်ချင်းပင် နားလည်သွားသည်။ ထိုလူက ဤအကောင့်ကို သူ့မျိုးဆက်ကို လွှဲပေးလိုက်ခြင်းပင်။

မှတ်ထားရမည့်အချက်ကား ဤသည်မှာ သာမန်အကောင့်တစ်ခု မဟုတ်ပေ။ ကုမ္ပဏီ၏ ရှယ်ယာများနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး အကောင့်လွှဲလိုက်သည်ဆိုခြင်းမှာ ကုမ္ပဏီ၏ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးလိုက်သည်နှင့် အတူတူပင်။

ကြယ်ပေါင်းသန်းချီတန်သော လန်းစလော့ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို မျက်တောင်တစ်ချက်မခတ်ဘဲ သူ့မျိုးဆက်အား လွှဲပေးလိုက်သတဲ့။

"သိတာပေါ့။ သေချာပေါက်သိတာပေါ့"

အော်လန်ဒိုက သတိကြီးကြီးထားပြီး မေးလိုက်သည်။

"လူကြီးမင်းရဲ့ဘိုးဘေးရော နေကောင်းကျန်းမာရဲ့လား"

"ဪ... သူ နေကောင်းပါတယ်"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။ ကျန်းခိုင်က ယခုအချိန်တွင် သုန်းလော့လောကထဲတွင် သွားလည်ပတ်နေလေဟန်ပင်။

ကျန်းမုန့်လောင်က ပို၍ပင် သိချင်နေမိသည်။ ဤလူက ဘာကြောင့်များ သူ့ကို ဤမျှအထိ ရိုရိုသေသေဆက်ဆံနေရသလဲ။

ဤသတင်းကိုကြားသော် အော်လန်ဒို အသက်ရှူမှားသွားသည်။ အမှန်ပင်။ သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ ရာစုနှစ်အနည်းငယ်သာ ရှိသေးသည်။ ထိုလူက သေချာပေါက် ဒေါင်ဒေါင်မြည်နေလိမ့်မည်သာ။ ဤစကြဝဠာထဲတွင် ဘယ်သူကများ သူ့ကို ရန်ပြုနိုင်မည်နည်း။

အဆင့်ခြောက်သက်ရှိကို ရောက်သွားပြီဆိုလျှင် သက်တမ်းက ပြဿနာမဟုတ်တော့ပေ။ အဆင့်ခြောက်သက်ရှိတစ်ယောက်၏ အသက်ကို နှုတ်ယူနိုင်သည့်အရာမှာ သဘာဝဘေးအန္တရာယ်နှင့် ကံဆိုးမှုများသာ ရှိ၏။ ဤစကြဝဠာထဲတွင် သူ့ကိုယှဉ်နိုင်သောအရာဟူ၍ ရှိမည်မထင်ပေ။

"မစ္စတာအော်လန်ဒို... ကျွန်တော် ခင်ဗျားကို အကူအညီတစ်ခု တောင်းချင်လို့ပါ"

ကျန်းမုန့်လောင်က တဲ့တိုးပြောချလိုက်သည်။

"ခင်ဗျား စတားဂေဇာတစ်စီး အော်ဒါမှာထားတယ်လို့ ကြားတယ်။ ကျွန်တော်လည်း အဲဒီယာဉ်ကို သဘောကျနေပေမဲ့ လပိုင်းလောက် စောင့်ရဦးမှာတဲ့။ ကျွန်တော်ကလည်း စိတ်မရှည်တဲ့လူဆိုတော့ ခင်ဗျားရဲ့ အော်ဒါကို ကျွန်တော့်ကို အရင်လွှဲပေးလို့ ရမလားလို့ပါ"

"ကျွန်တော် နှစ်ဆပေးပါ့မယ်"

ကျန်းမုန့်လောင်မှာ သူ့တောင်းဆိုချက်က အားနည်းနေသလိုခံစားရသဖြင့် ထပ်ပြောလိုက်သည်။ သူသည် ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်သော်ငြား တခြားသူဆီက အလကားသက်သက်တော့ မယူချင်ပေ။

"သေချာပေါက်ရတာပေါ့... ဘာပြဿနာမှ မရှိပါဘူး"

အော်လန်ဒိုက ချက်ချင်းသဘောတူလိုက်သည်။

"အဲဒီအာကာသယာဉ်ကို ယူသာယူသွားလိုက်ပါ။ ပိုက်ဆံပေးစရာ မလိုပါဘူး။ ဒါတွေက ကျွန်တော်တို့ကုမ္ပဏီကပဲ ထုတ်တာလေ။ သိပ်အဖိုးမတန်ပါဘူး"

"အဲဒီလိုတော့ မလုပ်ပါနဲ့"

ကျန်းမုန့်လောင်က ချက်ချင်းပြန်ပြောလိုက်သည်။

"ကျွန်တော်က လူကောင်းတစ်ယောက်ပါ။ အလကားတော့ မယူပါရစေနဲ့။ ပြီးတော့ အရောင်းဝန်ထမ်းလေးကလည်း ကျွန်တော့်ကို အကြာကြီး ရှင်းပြပေးထားတာ။ သူ့အတွက် ကော်မရှင်ခလည်း ပေးရဦးမှာလေ"

"မဖြစ်ပါဘူး... မဖြစ်ပါဘူး။ ကျွန်တော် ပိုက်ဆံကို လုံးဝလက်မခံနိုင်ဘူး"

အော်လန်ဒိုက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"အော်ဒါကိစ္စတွေကို ကျွန်တော်ပဲ စီစဉ်လိုက်ပါ့မယ်။ ဝန်ထမ်းအတွက် ကော်မရှင်လည်း တစ်ပြားမှ မလိုစေရပါဘူး။ လူကြီးမင်း စိတ်ချလက်ချသာနေပါ"

"ဒါက နည်းနည်းတော့ အားနာစရာကောင်းသလားလို့"

"အားနာစရာ ဘာရှိလို့လဲဗျာ။ လူကြီးမင်းသာ ယူထားလိုက်ပါ။ မယူဘူးဆိုရင် ကျွန်တော့်ကို အထင်သေးတာပဲ။ အဲဒီကျရင် မစ္စတာကျန်းခိုင်က သူ့မျိုးဆက်ကို ကျွန်တော် ကောင်းကောင်းမစောင့်ရှောက်ဘူးဆိုပြီး အပြစ်တင်နေပါဦးမယ်"

"ဒါဆိုလည်း ကျွန်တော်ကပဲ ကျေးဇူးတင်စကား ပြောရတော့မှာပေါ့"

ကျန်းမုန့်လောင်က အော်လန်ဒိုတစ်ယောက် ဘာကြောင့် ဤမျှဖားနေရသလဲဆိုသည်ကို နားမလည်သော်လည်း တစ်ဖက်လူက အတင်းပေးချင်နေမှတော့ သူလည်း ငြင်းမနေတော့ပေ။

"ကျေးဇူးတင်ပါတယ် မစ္စတာအော်လန်ဒို။ နောက်တစ်ခေါက်အခွင့်သာရင် ကျွန်တော့် ဘိုးဘေးကို ခေါ်လာပြီး လူကိုယ်တိုင် ကျေးဇူးတင်ခိုင်းပါ့မယ်"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့ဗျာ။ တကယ်လို့ လာတွေ့မယ်ဆိုရင်တောင် ကျွန်တော်ကပဲ လူကြီးမင်းတို့ဆီကို လာတွေ့ရမှာပါ"

"ဒါဆိုလည်း ဟုတ်ပါပြီ။ မစ္စတာအော်လန်ဒိုလည်း အလုပ်ရှုပ်နေမှာဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

ကျန်းမုန့်လောင်က ထူးဆန်းလှသော မျက်နှာပေးဖြင့် ကျန်ရစ်ခဲ့လေသည်။

"သူက ဘာလို့ ဒီလောက်တောင်ကြောက်နေရတာလဲ။ ငါက ကိုက်စားမှာမို့လို့လား"

*****************

အခန်း ၈၂၅ - တကယ်လို့ ကျန်းမျိုးရိုးတစ်ယောက်ယောက် ငါ့ကိုလာရှာရင် ငါသေပြီလို့သာပြောလိုက်

"လိုင်းမ်စ်... အော်လန်ဒိုဆိုတဲ့လူက လူကြောက်တတ်တဲ့ရောဂါများ ရှိနေတာလား"

ကျန်းမုန့်လောင် တွေးတောနေမိသည်။ ဤလူက သူ့အပေါ် ဤမျှအထိ ရိုကျိုးနေလေလား။ သို့မဟုတ် အခြားလူများအပေါ်လည်း သည်လိုပဲလားဆိုသည်ကို သူ သိချင်နေမိသည်။

"သူဌေး... ဒီအကြောင်းကို သူဌေးမသိသေးလို့ပါ။ မစ္စတာအော်လန်ဒိုက အစတုန်းက ကျွန်မတို့ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ပါ။ ရှယ်ယာ၈၀ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ခဲ့ပါတယ်"

"ဒါဆိုရင် အဲဒီရှယ်ယာတွေက ငါ့ရဲ့ဘိုးဘေးဆီကို ဘယ်လိုရောက်သွားတာလဲ"

ကျန်းမုန့်လောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ခဏလေး"

လိုင်းမ်စ်က သူ(မ)၏လက်ကောက်ဝတ်ပေါ်ရှိ ကိရိယာတစ်ခုကို နှိပ်လိုက်လေရာ ဒေတာဟင်းလင်းပြင်တစ်ခုလုံးကို ခရမ်းရောင်ဒေတာအမြှေးပါးတစ်ခုက ဖုံးလွှမ်းသွားသည်။

"ဒါက ဘာလဲ"

"မစိုးရိမ်ပါနဲ့။ ဒါက လုံခြုံရေးကာကွယ်တဲ့ နည်းပညာပါ"

လိုင်းမ်စ်က ရှင်းပြသည်။

"ဒီပုံရိပ်ယောင်နယ်ပယ်ထဲမှာ ကျွန်မတို့ပြောသမျှ စကားတွေနဲ့ လုပ်ဆောင်ချက်တွေအားလုံးက ပြီးတာနဲ့ ချက်ချင်းဖျက်သိမ်းခံရမှာမို့ ဘာမှတ်တမ်းမှ ကျန်ခဲ့မှာမဟုတ်ပါဘူး"

"ဝိုး... အဲဒီလောက်တောင် လျှို့ဝှက်တာလား။ မသိတဲ့လူဆိုရင် ငါတို့ ဒီနေရာမှာ ပြောလို့မကောင်းတဲ့ကိစ္စတွေ လုပ်နေတယ်လို့တောင် ထင်သွားဦးမယ်"

လိုင်းမ်စ်၏မျက်နှာကား ချက်ချင်း နီမြန်းသွားသည်။

ဤလူငယ်သူဌေးက စိတ်ထဲရှိသည့်စကားများကို ပွင့်ပွင့်လင်းလင်း ပြောတတ်လွန်းလှသည်။

သို့သော် အကယ်၍ တစ်ခုခုသာ တကယ်ဖြစ်ခဲ့မည်ဆိုလျှင်လည်း သူ(မ)အနေနှင့် စိတ်ဆိုးမည်မဟုတ်ပေ။

"ဆက်ပြောပါဦး"

သူ့ဘိုးဘေးကျန်းခိုင်နှင့် အော်လန်ဒိုကြားတွင် တကယ့်ဇာတ်လမ်းတစ်ခုခု ရှိနေမည်ဖြစ်ကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။

"ကျွန်မလည်း ကုမ္ပဏီက အထက်လူကြီးတွေဆီကပဲ ကြားခဲ့တာပါ"

လိုင်းမ်စ်က ဆိုချေသည်။

"ဒီကိစ္စမှာ ဂါမယ်လာအာကာသအင်ပါယာရဲ့ မင်းသမီးလေးလည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်"

"နေဦး... နေဦး"

ကျန်းမုန့်လောင်က သူ့အိတ်ကပ်ကို ပုတ်လိုက်သည်။

"ငါတို့ဆီမှာ နေကြာစေ့တို့ အအေးတို့ ပြောင်းဖူးပေါက်ပေါက်တို့လို စားစရာတွေရော ရှိလား"

"အဲဒါတွေက ဘာတွေလဲဟင်"

"ဘာမှမဟုတ်ပါဘူး။ ဆက်ပြော"

အဆင့်မြင့်မျိုးနွယ်စုများတွင် ဤအဆာပြေစားစရာများ ရှိမည်မဟုတ်ဟု ကျန်းမုန့်လောင် တွေးလိုက်မိသည်။

"ဒါနဲ့ ဂါမယ်လာအာကာသအင်ပါယာဆိုတာက ဘာကြီးလဲ"

"အဲဒါက စကြဝဠာထဲမှာ ရှေးအကျဆုံး မျိုးနွယ်စုဆယ်ခုထဲက တစ်ခုဖြစ်ပြီး စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့မျိုးနွယ်စုနယ်မြေက ကျွန်မတို့ထက် ဆယ်ဆလောက် ပိုကြီးပါတယ်"

ကျန်းမုန့်လောင် အံ့အားသင့်သွားချေသည်။ လန်းစလော့ကုမ္ပဏီဆိုသည်မှာ တကယ်တမ်းတွင် အစွမ်းအထက်ဆုံး စက်မှုမျိုးနွယ်စုများထဲက တစ်ခုဖြစ်ပြီး နယ်မြေအကျယ်အဝန်းက သူတို့ရဲ့ အမြွှာဝေလငါးအင်ပါယာထက် အဆတစ်ရာလောက် ပိုကြီးသည်။ ဤဂါမယ်လာအာကာသအင်ပါယာက လန်းစလော့ထက်ပင် ဆယ်ဆပိုကြီးနေပြန်လေရာ စိတ်ကူးကြည့်ဖို့ပင် ခက်ခဲလှသည်။

"ဂါမယ်လာအာကာသအင်ပါယာရဲ့ မင်းသမီးလေးက သူတို့ရဲ့ဘုရင်ကြီးနဲ့ နတ်သူငယ်မျိုးနွယ်စုရဲ့ အရှင်သခင်တို့ကနေ မွေးဖွားလာတာပါ။ သူက မွေးကတည်းက အဆင့်လေးသက်ရှိရဲ့ ပါရမီကို ပိုင်ဆိုင်ထားသလို အရမ်းလည်း လှပပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းသုံးသန်းအတွင်း စကြဝဠာမှာ အလှဆုံးမင်းသမီးအဖြစ် ကျော်ကြားခဲ့သူပေါ့"

"အာကာသမျိုးနွယ်စုတွေမှာလည်း ဒီလိုဘွဲ့ထူးတွေ ရှိတာပဲလား"

နှစ်ပေါင်းထောင်ချီအတွင်း အလှဆုံးဟု ကြွေးကြော်လေ့ရှိသော ကမ္ဘာပေါ်ရှိ ကျွန်းနိုင်ငံလေးတစ်ခုကိုပင် ကျန်းမုန့်လောင် သွားသတိရမိသည်။ သူ့အမြင်မှာတော့ ထိုလူများက ခွဲစိတ်ပြုပြင်ထားခြင်းသာမရှိလျှင် သိပ်လှမည်မဟုတ်ပေ။

"ဒါက ငါ့ဘိုးဘေးတို့ လန်းစလော့ကုမ္ပဏီတို့နဲ့ ဘာဆိုင်လို့လဲ"

"ပြောကြတာတော့ ဂါမယ်လာဘုရင်ကြီးက သမီးတော်အတွက် ထိုက်တန်တဲ့ခင်ပွန်းလောင်း ရှာဖို့အတွက် စကြဝဠာတစ်ခွင် ကြေညာချက်ထုတ်ခဲ့တယ်တဲ့။ အသက်တစ်သန်းအောက် ဖြစ်ရမယ်။ ပြီးတော့ သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်ရမယ်ပေါ့"

"သိုင်းပြိုင်ပွဲဝင်ပြီး သမီးကညာတောင်းတဲ့ပွဲပေါ့လေ"

"အဲဒီတုန်းက မစ္စတာအော်လန်ဒိုက ဖြစ်နိုင်ခြေအရှိဆုံးလူလို့ သတင်းကြီးခဲ့တာ။ သူက ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူပြီး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ တိုးခဲ့တယ်လေ"

"ငါ့ဘိုးဘေးလား"

"အမှန်ပါပဲ"

လိုင်းမ်စ်က ဆို၏။

"အဲဒီအချိန်တုန်းက မစ္စတာအော်လန်ဒိုက အသက်တစ်သန်းမပြည့်သေးဘဲနဲ့ အဆင့်ခုနစ်သက်ရှိအဆင့်ကို ရောက်နေပါပြီ။ သိုင်းပညာရော စီမံခန့်ခွဲမှုမှာပါ ထူးချွန်တဲ့လူပေါ့။ သူနဲ့ရွယ်တူတွေထဲမှာ အဆင့်ခြောက်ကို ရောက်တဲ့သူတောင် ခပ်ရှားရှားရယ်"

"ဒါဆို ငါ့ဘိုးဘေးကရော"

"ဒီပွဲမတိုင်ခင်အထိ မစ္စတာကျန်းခိုင်မှာ ဘာနာမည်ဂုဏ်သတင်းမှ မရှိခဲ့ပါဘူး။ သူ ဘယ်မျိုးနွယ်စုက လာတယ်။ နာမည်အပြည့်အစုံက ဘာလဲဆိုတာတောင် ဘယ်သူမှ မသိခဲ့ကြဘူး။ အခုအချိန်ထိလည်း မစ္စတာကျန်းခိုင်ရဲ့ စွမ်းရည်အစစ်အမှန်က ပဟေဠိတစ်ခုလိုပါပဲ"

"ကြည့်ရတာ ငါ့ဘိုးဘေးပဲ နိုင်သွားပုံရတယ်"

"ဟုတ်ပါတယ်။ ဘာမှတောင် မငြင်းခုံလိုက်ရဘဲ သူပဲ နိုင်သွားခဲ့တာပါ။ လက်သီးတစ်ချက်တည်းနဲ့ အဆင့်ခုနစ်သက်ရှိဖြစ်တဲ့ မစ္စတာအော်လန်ဒိုကို အလဲထိုးခဲ့တာလေ။ ဒါပေမဲ့ မစ္စတာကျန်းခိုင်က အရမ်းကို အနေအေးပါတယ်။ စကြဝဠာမီဒီယာတွေရဲ့ အင်တာဗျူးတွေကိုလည်း ဂရုမစိုက်သလို မျက်နှာပြဖို့တောင် ငြင်းဆိုခဲ့တယ်"

"မင်းသမီးလေးကရော"

"မစ္စတာကျန်းခိုင်က မင်းသမီးလေးနဲ့ တစ်ညပဲ အတူနေခဲ့ပြီးတော့ ချက်ချင်းထွက်သွားခဲ့တယ်"

"ဟား... တကယ့်လူရှုပ်လူပွေပဲ"

သူ့ဘိုးဘေးက ဤမျှအထိ ပွေရှုပ်ခဲ့သလားဟုပင် ကျန်းမုန့်လောင် မယုံနိုင်အောင် ဖြစ်သွားရသည်။ လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်အတွင်း စကြဝဠာတစ်ခွင် လူဘယ်နှယောက်များ အသည်းကွဲခဲ့ရလေမလဲမသိပေ။

"ဂါမယ်လာဘုရင်ကြီးက ဒါကို ဒီအတိုင်းကြည့်နေတာလား"

"အဲဒါတော့ သေချာမသိပါဘူး။ ကြားသလောက်တော့ ဘုရင်ကြီးက သူ့ကို အကြာကြီးလိုက်ရှာခဲ့ပေမဲ့ နောက်ဆုံးတော့ ဘာမှအခြေအနေမထူးဘဲ အေးအေးဆေးဆေး ပြီးသွားခဲ့တယ်လို့ ပြောကြတာပဲ"

"ဒါပေမဲ့ ဒါက ကုမ္ပဏီရှယ်ယာတွေနဲ့ ဘာဆိုင်လို့လဲ"

ကျန်းမုန့်လောင် ဇဝေဇဝါဖြစ်သွားလေသည်။

"အဲဒါက ပိုကြီးတဲ့ လျှို့ဝှက်ချက်ပါ"

လိုင်းမ်စ်က ရှင်းပြသည်။

"အဲဒီပွဲပြီးသွားတော့ မစ္စတာအော်လန်ဒိုက အရှုံးကို လက်မခံနိုင်ဘဲ ရှီလော့တောင်တန်းအာကာသအင်ပါယာမှာရှိတဲ့ အဆင့်ခြောက် သက်ရှိတွေအကုန်လုံးကို စုစည်းပြီး မစ္စတာကျန်းခိုင်ကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လေ"

"ဒါက သေတွင်းထဲကို ကိုယ်တိုင်ဆင်းသွားသလို ဖြစ်နေမှာပေါ့"

အသက်ငါးဆယ်သာ ရှိသေးသော သူ့မိဘများပင် အဆင့်ကိုးသက်ရှိဖြစ်သည့် ဟုန်ကျွင်းဘိုးဘေးကို စိန်ခေါ်ချင်နေကြသည်ဟု ကျန်းမုန့်လောင် တွေးကြည့်မိသည်။

ထိုအချိန်တုန်းက ကျန်းခိုင်သည် အသက်တစ်ထောင်ကျော်နေလောက်ချေပြီ။ သူ့စွမ်းရည်က... အဆင့်ကိုး၏အထက်မှာ အဆင့်တစ်ဆယ်ဆယ့်တစ်အထိ ရှိနေမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။

အာကာသအင်ပါယာတစ်ခုလုံးရှိ အဆင့်မြင့်သက်ရှိများပင်ဖြစ်စေ အဆင့်ရှစ်အဆင့်ကိုး ရာနှင့်ချီ၍ ရှိနေလျှင်ပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်။

ဂါမယ်လာဘုရင်ကြီးပင် သူ့ကို ဘာမှမလုပ်နိုင်သဖြင့် မခံချင်စိတ်ကို မျိုသိပ်လိုက်ရခြင်းမျိုး ဖြစ်နိုင်ပေသည်။

"အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ အတိအကျမသိပါဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မစ္စတာအော်လန်ဒိုက နှစ်ပေါင်းရာနဲ့ချီပြီး ပျောက်ကွယ်သွားခဲ့တယ်။ တချို့က သေပြီလို့ထင်ကြသလို တချို့ကလည်း ဒဏ်ရာရလို့ ဆေးကုနေတယ်လို့ ထင်ကြတာပေါ့။ အခုတော့ နောက်ဆုံးတစ်ချက်က ပိုဖြစ်နိုင်ခြေရှိပါတယ်"

"သဘောပေါက်ပြီ"

တစ်ဖက်လူကို ခြိမ်းခြောက်ငွေညှစ်သည့်နေရာတွင် သူ ဘာကြောင့် ဤမျှပါရမီပါနေရသလဲဆိုသည်ကို ကျန်းမုန့်လောင် ယခုမှ နားလည်လိုက်သည်။

ဒါတွေက သူ့ဒီအန်အေထဲမှာပါလာတဲ့ အသိစိတ်တွေပဲကိုး။

"ငါ့ဘိုးဘေးက တော်တော် သဘောထားကြီးတာပဲ။ သူ့ကို ရှယ်ယာတွေ အများကြီး ချန်ထားပေးခဲ့သားပဲ"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

"ငါသာဆိုရင်တော့ ၀.၁ရာခိုင်နှုန်းလောက်ပဲ ချန်ပေးလိုက်မှာ"

"ကောင်းပြီ"

ကျန်းမုန့်လောင်မှာ ဇာတ်လမ်းနားထောင်ခြင်းကို ရပ်လိုက်၏။

"ငါ့အတွက် အရောင်ပြင်ဖို့ စီစဉ်ပေးပါဦး။ ပြီးရင် အမြွှာဝေလငါးအင်ပါယာက အိုင်ဇက်မျိုးနွယ်စုဆီကို ပို့ဖို့ ဘယ်လောက်ကြာမလဲ"

"ခဏလေးပါ"

လိုင်းမ်စ်ကလည်း အမြန်တွက်ချက်လိုက်သည်။

"ကျွန်မတို့ သယ်ယူပို့ဆောင်ရေးယာဉ်ရဲ့ အမြင့်ဆုံးအမြန်နှုန်းနဲ့ဆိုရင် အာကာသရက် ၃ရက်လောက် ကြာပါလိမ့်မယ်"

"တော်တော်မြန်တာပဲ။ အဲဒီအတိုင်းပဲ လုပ်လိုက်တော့"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းမုန့်လောင် မထွက်ခွာခင် ဝယ်စရာရှိသည့်အရာများကို ဝယ်ဖို့ စီစဉ်ထားသေးသည်။ ကမ္ဘာမြေဆီသို့ စစ်သင်္ဘောတစ်စီး ယူသွားဖို့ ပြင်ဆင်ရဦးမည်ဖြစ်သလို ကမ္ဘာမြေ၏ ပိုင်ဆိုင်ခွင့်ကိုလည်း မဝယ်ရသေးပေ။

အာကာသရက်သုံးရက်ဆိုသည်မှာ သိပ်တော့ မကြာလှပေ။

...

ရှီလော့တောင်တန်း အာကာသအင်ပါယာ

အော်လန်ဒိုက သူ့နဖူးပေါ်ရှိ ချွေးစက်များကို သုတ်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပင် သူသည် လွန်ခဲ့သည့်နှစ်ပေါင်းသောင်းချီတုန်းက ရန်သူများ အဝိုင်းခံရတုန်းကထက်ပင် ပိုပြီးစိတ်လှုပ်ရှားနေမိသည်။

လွန်ခဲ့သည့် အာကာသနှစ်ရာချီတုန်းက မြင်ကွင်းတစ်ခုကို သူ ထင်ထင်ရှားရှား မှတ်မိနေဆဲပင်။

"ဂျက်ဆီ"

အော်ရစ်၏ဘေးနားတွင် လူတစ်ယောက်က ချက်ချင်းဆိုသလို ပေါ်လာလေသည်။ အံ့သြစရာကောင်းသည်မှာ ထိုသူကလည်း အဆင့်ခြောက်သက်ရှိဖြစ်နေခြင်းပင်။

"အရှင်သခင်"

ဂျက်ဆီက အော်လန်ဒိုကို တွဲကူလိုက်သည်။

"ဒဏ်ရာဟောင်းတွေ ပြန်ထလာလို့လား"

"ငါ့ဒဏ်ရာက ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး"

အော်လန်ဒိုက ဆို၏။

"အဲဒီလူရဲ့မျိုးဆက် ပေါ်လာပြီ"

"အဲဒီလူလား"

ထိုစကားလုံးသုံးလုံးကို ကြားလိုက်ရသည်နှင့် ဂျက်ဆီ၏ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်။

ရှီလော့တောင်တန်း အာကာသအင်ပါယာ၏ အထွတ်အထိပ်ကာလတုန်းက အဆင့်ခုနစ် သက်ရှိဖြစ်သော အော်လန်ဒိုအပြင် အဆင့်ခြောက်သက်ရှိများ ဒါဇင်နှင့်ချီ၍ ရှိခဲ့ဖူးသည်။ သို့သော် ယခုမူ ဂျက်ဆီတစ်ယောက်သာ ကျန်တော့သည်။

"အရှင်သခင်... အရှင်က ရှယ်ယာတွေကို သူ့ဆီ လွှဲပေးထားပြီးသားပဲ။ သူ ကျွန်တော်တို့ကို ထပ်ပြီးရန်ရှာမှာ မဟုတ်တော့ပါဘူးနော်"

ဂျက်ဆီက စိုးရိမ်တကြီး မေးလိုက်သည်။

"ငါလည်း မသိဘူး"

အော်လန်ဒိုက ခေါင်းခါပြလိုက်သည်။

"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့နဲ့ပတ်သက်တဲ့ လူမှန်သမျှနဲ့ ဝေးဝေးနေတာက အကောင်းဆုံးပဲ"

"အရှင် ဘာလုပ်ဖို့စီစဉ်ထားလဲ"

"ဒီနေ့ကစပြီး တစ်ယောက်ယောက် ငါ့ကိုလာရှာရင် ငါတံခါးပိတ်ပြီး တရားကျင့်နေတယ်လို့ ပြောလိုက်။ တကယ်လို့ အဲဒီလူက ကျန်းမျိုးရိုးလို့ ပြောလာရင်တော့ ငါသေပြီလို့သာ ပြောလိုက်တော့"

All Chapters