တိမ်မည်းများ စုစည်းလာသောအခါ
Vol. 9 Ch. 884
ညနေခင်းအချိန်သမယသို့ ကျရောက်နေပြီဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများအားလုံးမှာ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေကြ၏။ ယခုတွင် ဂိုဏ်းနေထိုင်ရာ တောင်လေးလုံးကား ပုံမှန်နီးပါး ဖြစ်နေလေပြီ။ အဆောက်အဦးများသည်လည်း ဟိုဟိုသည်သည် ထပ်မံ တည်ဆောက်ထားသည်။ အပျက်အစီးများ ကျန်ရှိနေသေးသည့်တိုင် ဂိုဏ်းက အဖက်ဖက်မှ လုံးဝပြန်လည်ပြုပြင်ပြီးတော့မည့် လမ်းကြောင်းပေါ် သို့ ရောက်ရှိလာသည်။
ဂိုဏ်သားများ စိတ်ဓာတ်တက်ကြွနေကြ၏။ ပျော်ပျော်ရွှင်ရွှင် ရယ်မောသံများနှင့် စကားပြောသံများ နေရာအနှံ့ကြားနေရပြီး တစ်ဂိုဏ်းလုံး သက်ဝင်လှုပ်ရှားနေသည်။
ပခုံးချင်းယှဥ်ကာတိုက်ခိုက်ခဲ့ပြီးနောက် အဖွဲ့လေးဖွဲ့သည် ခါတိုင်းထက်ပို၍ ရင်းနှီးလာခဲ့သည်ဖြစ်ရာ ဂိုဏ်းရှိပတ်ဝန်းကျင်က ပိုမိုအသက်ဝင်လာခဲ့သည်။
ခေါင်းဆောင်ကြီးများမှာ စိတ်အေးလက်အေးရှိနေကြဟန်တူသည့်တိုင် အမှန်တကယ်တွင် သူတို့က ခဲဆွဲထားသည့်အလား နှလုံးသားများလေးလံနေသည်။ သူတို့က ရှင်းကုံကျစ်တာအိုဂိုဏ်းကို ဆက်သွယ်ရန် အဖန်တလဲလဲ ကြိုးစားခဲ့ေသာ်လည်း မအောင်မြင်ခဲ့ပေ။ ကုံမြို့နယ်ရှိ နတ်ကလေးငယ်ပင် သူတို့ကို ပြန်လည်မတုံ့ပြန်ခဲ့ပေ။
ထိုအခြင်းအရာနှင့်ပတ်သက်၍ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် အခြားသူများအားလုံး အလွန်အမင်း စိုးရိမ်နေကြ၏။ သို့သော်လည်း မိုးကုပ်စက်ဝန်းတွင် ကပ်ဘေးကြီးသာ ဘွားခနဲပေါ်လာခဲ့လျှင် အဏ္ဏဝါခေါ်သံဂိုဏ်းသားများ ဆိုးဆိုးရွားရွားရင်ဆိုင်ရမည်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေသည်ကို ထုတ်ဖော်မပြသကြပေ။
" ငါတို့ ရှောင်ချန်းကိုပဲ အကုန်တာဝန်ခံခွင့်မပေးနိုင်ဘူး "
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ပြောသည်။
ယခုအခါ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများအားလုံးက လေးနက်သော အမူအရာများဖြင့် ဂိုဏ်းရှိခန်းမကြီးထဲတွင် ထိုကိစ္စအား ဆွေးနွေးတိုင်ပင်နေကြလေ၏။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ထိုအစည်းအဝေးကို ဦးဆောင်ထားသည်။
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ စကားလုံးများကြောင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက တခဏကြာသည်အထိ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ပြောသည်။
" အဆိုးတကာ့ အဆိုးဆုံးတွေ ဖြစ်လာခဲ့ရင် ငါတို့ အလယ်ပိုင်းဒေသကို စွန့်ခွာပြီး အောက်ပိုင်းဒေသကို ပြန်လို့ရတာပဲ "
အခြားရွေးချယ်စရာသာရှိလျှင် သူတို့ ထိုသို့လုပ်မည်မဟုတ်ပေ။ သို့သော် ယခုတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းက မည်သို့ စဥ်းစားနေသည်ကို မပြောနိုင်သောကြောင့် အဆိုးဆုံးအခြေအနေကို သူတို့ စီမံထားရမည် ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ စကားလုံးများက မဟာခန်းမဆောင်ကြီးကို တိတ်ဆိတ်ငြိမ်သက်သွားေစသည်။ အပြင်ဘက်ရှိ ဂိုဏ်းသားများထံမှ ရယ်မောသံများ၊စကားစမြည်ပြောသံများသာ ထွက်ပေါ်နေလေသည်။
ထိုသည်က အခြေအနေအား ပို၍ လေးနက်သွားစေသည်။ အကြောင်းကိစ္စများ ဆိုးရွားခဲ့၍ အဏ္ဏဝါခေါ်သံဂိုဏ်းက အလယ်ပိုင်းဒေသမှ အမှန်တကယ် ဆုတ်ခွာခဲ့ရလျှင် ခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းသားများအတွက် ဖွက်ဖွက်ညက်ညက်ကြေသွားစေသော ထိုးနှက်ချက်ကြီးသဖွယ် ဖြစ်ပေမည်။
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက သက်ပြင်းချလိုက်ပြီး နောက်ထပ်တစ်ခုခုပြောရန် ပြင်လိုက်စဥ် အရိပ်တစ်ခုက အခန်းထဲရောက်လာ၏။ ယင်းကား စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မျောက်ကလွဲ၍ တခြားမဟုတ်ပေ။ သူ ပေါ်လာချိန်တွင် နောက်ထပ်အရိပ်ပုံစံတစ်ခုပေါ်လာ၏။ ၄င်းကား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ယုန်ပင်။
သူတို့နှစ်ကောင်လုံးက တစ်ပြိုင်နက်တည်း အသံကျယ်ကျယ်ပြောလာရာ မည်သူက ပထမဆုံးပြောလိုက်သည်ကို ဆုံးဖြတ်ရန် ခဲယဥ်းလှသည်။
" နတ်အဆင့်ကျင့်ကြံသူတွေ ကျူးကျော်နေတယ်"
" မန္တန်အစီအရင်ကို အသက်သွင်းကြ "
မျောက်နှင့်ယုန်၏ အလျင်လိုနေသောအသံများကြောင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏မျက်နှာ ပျက်သွား၏။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ ဂိုဏ်း၏ အကာအကွယ်မန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်း၏ တောင်လေးလုံးတွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွား၏။ တချိန်တည်းမှာပင် အကာအကွယ်ဒိုင်းများ ဒိုင်းတစ်ခုပြီးတစ်ခု ဖြစ်တည်လာတော့သည်။
သေမင်းခံတွင်းဝမှ ကယ်တင်ခံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီးမှာ တုန်ရီသွားလေသည်။ ၎င်း၏အရွက်များမှ မှော်သင်္ကတများ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ၄င်းထံမှ အစိမ်းရောင်အလင်းများ ဖြာထွက်လာကာ ဂိုဏ်းကိုကာကွယ်ပေးရန် ဒိုင်းများကိုပင် ဖန်တီးလိုက်သည်။
ထိုအခြင်းအရာများအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွား၏။ ဂိုဏ်းသားများ အံ့ဩတုန်လှုပ်နေကြစဥ်မှာပင် မန္တန်အစီအရင်က အပြည့်အဝအသက်ဝင်သွားလေပြီ။ ထိုအချိန်တွင် ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး အလင်းတန်းငါးခုက ဂိုဏ်းဆီသို့ ဦးတည်လာတော့သည်။
၄င်းတို့ကား ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့ပင်။ သူတို့နောက်တွင်ကား ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီး ရှိသည်။
နတ်အဆင့်ကျင့်ကြံသူငါးဦး၏ စိတ်ဆန္ဒက မိုးကောင်းကင်နှင့် မဟာပထဝီမြေကြီးတွင် ချက်ချင်းပျံ့နှံ့သွားရာ ကောင်းကင်ယံတွင် လျှပ်စီးများ တဖျပ်ဖျပ် လက်လာတော့သည်။
သူတို့စိတ်ဆန္ဒက ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို အစားထိုးဝင်ရောက်သွားကာ တစ်နေရာလုံးအား ပိတ်လှောင်လိုက်သည့်အတွက် ကိုယ်ပိုင် ကမ္ဘာတစ်ခုဖြစ်သွားတော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းသားများမှာ ကောင်းကင်ယံရှိ ပုံရိပ်ငါးခုကို မြင်သောအခါ ပင့်သက်ရှိုက်သွားကြပြီး မျက်နှာပျက်သွားကြလေသည်။
" တာအိုမြစ်ခေါင်းဆောင်ကြီး "
" အဲဒါ ရှင်းမြစ်ခေါင်းဆောင်ကြီးပဲ "
" ဟိုသုံးယောက်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူတို့အရှိန်အဝါက ပထမနှစ်ယောက်ထက်တောင် ကြောက်ဖို့ကောင်းသေးတယ် "
ရှန်ကွမ်းထျန်ယုံမှာ လည်ချောင်းတစ်ခုလုံးခြောက်ကပ်သွားပြီး ပေဟန်လဲ့မှာ တုန်ရီသွား၏။ စုန့်ချွဲနှင့် အခြားလက်ရွေးစင်များမှာ စိုးရိမ်သောကရောက်သွားကြပြီး စုန့်ကျင်းဝမ်နှင့် ဂိုဏ်းရှိ အခြားခေါင်းဆောင်များသည်လည်း ထိုနည်းတူ ဖြစ်သွားကြလေသည်။
မန္တန်အစီအရင် အသက်သွင်းထားသည်ပင် နတ်အဆင့်ကျင့်ကြံသူငါးဦးထံမှ ဖိအားများက လူတိုင်းလူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်အထိ ပြင်းထန်သည်။
ထိုဖိအားက ဂိုဏ်းသားများ၏ စိတ်နှလုံးထက်သို့ တောင်တစ်လုံးပြီးတစ်လုံး သက်ရောက်နေသည့်အလား ကြောက်လန့်မှုများဖြင့် ပြည့်နှက်လျက် မွန်းကြပ်သွားစေသည်။
စိုးရိမ်သောကလှိုင်းဂယက်တစ်ခု ဖြစ်တည်လာပြီး လူတိုင်းမှာ ကျရောက်တော့မည့် ကပ်ဘေးကြီးကို အာရုံရလိုက်ကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတို့နှစ်ယောက်လုံးသည် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး ပိုင်ရှောင်ချန်းမှလွဲ၍ ဂိုဏ်းတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့နှစ်ယောက်က မန္တန်အစီအရင်၏ အစွန်းနားသို့ ပျံတက်လိုက်ကာ တင်းမာသော မျက်နှာထားများဖြင့် နတ်အဆင့်ကျင့်ကြံသူငါးဦးအား ရင်ဆိုင်လိုက်သည်။
ချိန်ဟဲ့ထျန်နှင့် သူ၏အပေါင်းအဖော်များကို ဂိုဏ်းထဲရှိ တခြားသူများက မသိသော်လည်း စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးကတော့ သိသည်။
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက စိုးရိမ်ပူပန်မှုများကို ချိုးနှိမ်ကာ လက်နှစ်ဖက်ယှက်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။
" ခေါင်းဆောင်ကြီးချိန်၊ ပိုင်၊ လီ။ ကြီးကျယ်မြင့်မြတ်တဲ့ ဆရာကြီးများခင်ဗျား။ ဆရာကြီးတို့ရောက်လာရတဲ့ အကြောင်းရင်းကို ကျုပ်မသိပေမယ့် ဧည့်ဝတ်မကျေပွန်မိရင် ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ် "
သူ့ဘေးရှိ ထပ်တူ စိတ်လှုပ်ရှားနေသော သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးသည်လည်း လက်များယှက်၍ ဦးညွှတ်လိုက်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသားများသည် သူတို့၏ ခေါင်းဆောင်ကြီးနှစ်ဦးက လွန်စွာလေးလေးစားစားပြုမူနေသည်ကို မြင်သောအခါ သူတို့၏ စိုးရိမ်သောကများ ပို၍သာ မြင့်တက်လာတော့သည်။
" ဒီအဏ္ဏဝါခေါ်သံဂိုဏ်းက တော်တော့်ကို မြန်မြန်တုံ့ပြန်ကြတာပဲ "
" အင်းပေါ့လေ။ ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။ကျုပ်တို့ရောက်မှာကို အာရုံခံမိတာ အဓိပ္ပါယ်ရှိပါတယ် "
" ကိစ္စမရှိပါဘူး။ ကျုပ်တို့က အဆိုးဆုံး နည်းနည်းပါးပါးပဲ လုပ်မှာပါ "
အဏ္ဏဝါခေါ်သံဂိုဏ်းခေါင်းဆောင်ကြီးနှစ်ယောက်သည် လျစ်လျူရှုခံထားရသည်ကို နားလည်လိုက်သောအခါ စိုးရိမ်ပူပန်မှုများ မြင့်တက်လာြပီး မျက်လုံးများ ပိုမို နီရဲလာ၏။
ဂိုဏ်းရှိ အခြားဂိုဏ်းသားများမှာ လုံးလုံးလျားလျားတုန်လှုပ်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ တုန်ရီသွားကြတော့သည်။ ပိုင်ရှောင်ချန်းက ကူညီရန် ရှိနေလျှင်တောင်မှ သူတို့ရင်ဆိုင်နေရသည်မှာ နတ်အဆင့်ကျင့်ကြံသူငါးဦးဖြစ်နေသည် မဟုတ်ပါလော။
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက အံတင်းတင်းကြိတ်ပြီး နောက်တစ်ကြိမ်ထပ်ပြောသည်။
“ ခေါင်းဆောင်ကြီးတို့ ။ ခင်ဗျား...."
" တိတ်စမ်း "
လီရှမ်းတောက်က ကြားဖြတ်ပြော၏။ သူက အေးတိအေးစက်နှာမှုတ်ကာ လက်ကို ဝှေ့ယမ်း၍ မီတာ ၃၀၀ အကျယ် ပုံရိပ်ယောင်လက်ကြီးတစ်ဖက်အား ဆင့်ခါ်လိုက်ရာ ၎င်းက မန္တန်အစီအရင်ဆီသို့ ပြေးဝင်သွားလေသည်။
လက်ကြီးက ပြိုးပြိုးပြက်ပြက်လင်းလက်လျက် ဒိုင်းအပေါ် ကျရောက်သွားသဖြင့် ပြင်းထန်သော ထစ်ခြုန်းသံများ လေထဲ ပြည့်နှက်သွားတော့သည်။ ဒိုင်းမှာ အတွင်းထဲ ကွေးဝင်သွားပြီး ၄င်း၏မျက်နှာပြင်ထက်တွင် အက်ကြောင်းများ ပျံနှံ့သွားသော်လည်း အဆုံးသတ်တွင် လက်ကြီး ကြေမွသွား၏။
သို့သော် ဒိုင်းအလွှာတစ်လွှာတော့ ဖျက်စီးခံလိုက်ရလေပြီ။ ထိုသို့ဖြစ်ပျက်သွားသောအခါ အဏ္ဏဝါခေါ်သံဂိုဏ်းရှိတောင်တန်းများ လှုပ်ယမ်းသွားပြီး မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ ဘေးဘက်သို့ ပြုတ်ကျလာသည်။ အသစ်ပြုပြင်ထားသော တောင်များမှာ နောက်တစ်ဖန်ပျက်စီးလုမတတ် ဖြစ်နေချေပြီ။
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ ဒေါသအမျက်ချောင်းချောင်းထွက်လာပြီး မျက်လုံးများ နီမြန်းလျက် ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများကို ကြည့်ကာ အော်လိုက်သည်။
" ခေါင်းဆောင်ကြီးတို့။ ခင်ဗျားတို့ ကျုပ်တို့ကို သုတ်သင်းရှင်းလင်းတဲ့အထိ အဏ္ဏဝါခေါ်သံဂိုဏ်းက ဘယ်လို ပြစ်မှုကိုများ ကျူးလွန်ထားလို့တုံး "
ဂိုဏ်းရှိ ဂိုဏ်းသားအပေါင်းလည်း ထပ်မံသည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
" အဏ္ဏဝါခေါ်သံဂိုဏ်းက ဘယ်လို ပြစ်မှုများ ကျူးလွန်မိလို့လဲ "
" ဘာကြောင့်များ ကျုပ်တို့ဂိုဏ်းကို သုတ်သင်ဖယ်ရှားပစ်ချင်နေကြတာတုံး "
သူတို့၏ အော်ဟစ်သံများက အသံလှိုင်းတစ်လုံးအလား တောတောင်မြေပြင်တစ်လျှောက် အရပ်မျက်နှာတစ်ခွင် ပျံနှံ့သွားသည်။ နောက်ဆုံးတွင် ချိန်ဟဲ့ထျန်က အေးစက်စက်နှာမှုတ်လိုက်၏။ သူက အဏ္ဏဝါခေါ်သံဂိုဏ်းကို လျစ်လျူရှုရင်း တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးဘက် လှည့်လိုက်သည်။
" အဲဒီ မန္တန်အစီအရင်ဒိုင်းကာကို ဖျက်စီးဖို့ အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်ရမယ်။ မဟုတ်ရင် မင်းတို့နှစ်ယောက်က နတ်အဆင့်ကျင့်ကြံသူတွေဆိုတာ မေ့ထားလိုက်တော့ "
ခေါင်းဆောင်ကြီးနှစ်ယောက် တုန်ယင်သွား၏။ သူတို့က မျက်လုံးများ နီရဲလျက် ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး လှုပ်ရှားလိုက်သည်။ ချိန်ဟဲ့ထျန်ပြောခဲ့သည်မှာ သာမန်ခြိမ်းခြောက်စကားမဟုတ်ပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူ၏စကားလုံးများက ဥပဒေသဖွယ်ဖြစ်၍ သူတို့မှာ မလွန်ဆန်ရဲပေ။
တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးက အဆုတ်ကွဲလုမတတ်အော်ဟစ်လျက် တတ်နိုင်သမျှ အစွမ်းကုန်ထုတ်ဖော်လိုက်လေသည်။