အခန်း (၃၄၆-၃၄၈)
Vol. 24 Ch. 346-348
အခန်း (၃၄၆)- စနစ်က တကယ် ပိုပေးလိုက်တာပဲ
~ယဲ့ဖုန်းသည် ငှက်ပျောရွက် ယပ်တောင် အသေးစားလေးကို ညင်သာစွာ ဝှေ့ယမ်းရင်း ပြုံးလိုက်၏။
မိုယင်လည်း ဘေးတွင် ရပ်နေပြီး အရာအားလုံးကို ကြည့်ရှုနေသည်။
“ဂိုဏ်းချုပ်... အခု ဂျူနီယာညီမလေး နှစ်ယောက်စလုံး အဆင့်တက်သွားပြီ ဆိုတော့... ကျွန်မတို့ မြူခိုးဂိုဏ်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ (၄) ယောက် ရှိသွားပြီပေါ့...” မိုယင် တိုးညှင်းစွာ ပြောလိုက်၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ အရေအတွက်နှင့် ပတ်သက်လျှင် မြူခိုးဂိုဏ်းသည် ကြယ်တစ်ပွင့် ဂိုဏ်းများကြားတွင် ထိပ်တန်းအဆင့် ဖြစ်နေပြီ ဖြစ်ပြီး အချို့သော အားနည်းသည့် ကြယ်နှစ်ပွင့် အင်အားစုများကိုပင် မီတော့မည် ဖြစ်သည်။
“လေးယောက်... မလုံလောက်သေးဘူး...” ယဲ့ဖုန်း ခေါင်းခါလိုက်၏။
လူသားပုံစံ ဝိညာဉ်လက်နက် ဟူဖေးဖေးကို ထည့်မတွက်လျှင် မြူခိုးဂိုဏ်းတွင် အသန်မာဆုံး ဖြစ်သော ယဲ့ဖုန်းသည်ပင် ဝင်္ကပါများနှင့် ဝိညာဉ်လက်နက်များ မပါဘဲ တိုက်ခိုက်မည် ဆိုပါက ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်တွင်သာ ရှိသေးသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ အရေအတွက်သည်လည်း လက်တစ်ဖက်စာသာ ရှိသေးသည်။
ဒီအင်အားလောက်နှင့် တကယ် မလုံလောက်သေးပါ...။
“စိတ်မပူပါနဲ့ ဂိုဏ်းချုပ်... ကျွန်မတို့ ဆက်ပြီး ကြိုးစား ကျင့်ကြံသွားပါ့မယ်...” မိုယင်က ကိုယ်တိုင်ကိုယ်ကျ အာမခံလိုက်၏။
ယခုအခါ သူမသည် အဆ (၂၀) ဆွဲငင်အားဇုန်ကို စတင် စိန်ခေါ်နေပြီ ဖြစ်သည်။
“ဒါက အထောက်အကူပြု ကျင့်စဉ် ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ရဲ့ ပထမအဆင့်ပဲ... အချိန်ရရင် ကျင့်ကြံထားလိုက်...”
ယဲ့ဖုန်းသည် ရှေးဟောင်း စာအုပ် တစ်အုပ်ကို ကမ်းပေးလိုက်၏။
“နောက်ထပ် အထောက်အကူပြု ကျင့်စဉ် တစ်ခုလား...”
မိုယင် အံ့သြသွားသည်။
ဂိုဏ်းချုပ်ရဲ့ လက်ထဲမှာ ရတနာ ဘယ်နှစ်မျိုးလောက်များ ရှိနေမလဲ။
တကယ်ပဲ သူက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်ပြီး ကျင့်ကြံဆင့် ဖုံးကွယ်ထားတာများလား...
မိုယင် အတွေးနက်သွားသည်။
“‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ပထမအဆင့်ကို နားလည်သဘောပေါက်သွားရင် ရူယွီနဲ့ ယွိလန်ကိုပါ ပြန်သင်ပေးလိုက်ဦး... ယွင်ကျဲကိုလည်း မမေ့နဲ့...”
“ငါ အပြင်ခဏ ထွက်စရာ ရှိလို့... လာမယ့် ရက်ပိုင်းအတွင်း ဂိုဏ်းထဲ ရှိမှာ မဟုတ်ဘူး...”
“ပြဿနာ တစ်စုံတစ်ရာ ရှိရင် ကိုယ့်ဘာသာ ဖြေရှင်းကြနော်...”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ငွေရောင်အလင်းတန်း တစ်ချက် အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေတော့၏။
“ပျောက်သွားပြန်ပြီ...”
မိုယင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ယဲ့ဖုန်း၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
*
နန်လုတောင်တန်းဝယ်...၊
မိုးလင်းခါနီးပြီ ဖြစ်သည်။
ယဲ့ဖုန်းသည် အလှပဂေးလေးများဖြင့် ပွေ့ဖက်အိပ်စက်နေသော မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်၏။
“ငါနဲ့အတူ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို လိုက်ခဲ့...”
မိန်းမလို ဝတ်ရတာ သိက္ခာကျပေမယ့်... စနစ်က ပေးတာ များလွန်းတယ်ကွာ... ဆုလက်ဆောင်အတွက် အစွမ်းကုန် ကြိုးစားရမှာပေါ့...
“ဘာ...”
အိပ်ချင်မူးတူး ဖြစ်နေသော မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ထိုစကားကြောင့် လုံးဝ လန့်နိုးသွားသည်။
“ဆုလက်ဆောင် ရှိတယ်...”
ယဲ့ဖုန်းသည် နတ်ဆိုးဗိုလ်ချုပ် အဆင့် ဝိညာဉ်သွေး နှစ်လုံးကို ထုတ်ပြလိုက်ရာ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ မျက်လုံးများ အရောင်လက်သွားတော့သည်။
ဒီဝိညာဉ်သွေး နှစ်လုံးကို စုပ်ယူလိုက်ရုံနဲ့ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကို သေချာပေါက် ချိုးဖောက်နိုင်မှာ...
“ဂိုဏ်းချုပ်... ခင်ဗျားလည်း လိုက်မှာလား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် လက်ပွတ်ရင်း ရယ်လိုက်၏။
“လိုက်မှာပေါ့...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် စိတ်မပူတော့ဘူး...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပြုံးလိုက်သည်။
…
ယဲ့ဖုန်း မပါဘဲလျက်နှင့်တော့ သူသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ ဌာနချုပ်သို့ တစ်ကိုယ်တော် ထပ်မသွားရဲတော့။
“ဝှစ်”
ယဲ့ဖုန်းသည် ဝိညာဉ်သွေး နှစ်လုံးကို မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ထံ လွှဲပြောင်းပေးလိုက်၏။ သူသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်၏ ကန့်သတ်ချက်ကို ရောက်ရှိနေပြီ ဖြစ်ရာ ယခု ပြင်ပ သွေးမျိုးဆက် စွမ်းအား၏ အားဖြည့်မှုဖြင့် နယ်နိမိတ်ကို ချက်ချင်း ချိုးဖျက်လိုက်သည်။
သူလည်း အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
“သွားကြစို့...”
ယဲ့ဖုန်းသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ ဝတ်ရုံလည်ပင်းစကို ဆွဲကိုင်လိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ မိုင်တစ်ထောင် ဝေးကွာသော ကျောက်မဲ ကန္တာရဆီသို့ ဦးတည်သွားသည်။ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းထဲသို့ စိမ့်ဝင်ပြီး သတင်းအချက်အလက်များ စုဆောင်းရန် အခွင့်အရေး ရှာဖွေနေ၏။
“ဂိုဏ်းချုပ်... ဒါ ကျွန်တော်တို့ သူလျှိုလုပ်တာ ဒုတိယအကြိမ် ထင်တယ်နော်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ရေရွတ်လိုက်သည်။
ပြီးခဲ့သော တစ်ခေါက်က ရွှေယန် မြို့တော် (နတ်ဆိုးမြို့တော် အဖြစ် ပြောင်းလဲထားချိန်) ထဲကို စိမ့်ဝင်ခဲ့တုန်းက အကျိုးဆက်တွေ အများကြီး ဖြစ်ခဲ့သည်လေ...
ဒီနေ့ထိ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် မှတ်မိနေတုန်းပင်...။
“ဒီတစ်ခေါက်က မတူဘူး...” ယဲ့ဖုန်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ရင်တုန်သွားသည်။ “ဒီတစ်ခေါက်က အန္တရာယ် များလို့လား...”
“မဟုတ်ဘူး...” ယဲ့ဖုန်း ခေါင်းခါလိုက်၏။
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် နားမလည်နိုင် ဖြစ်သွားသည်။ “အန္တရာယ် မရှိရင် ဘာလို့ ဒီလောက် လေးနက်နေတာလဲ ဂိုဏ်းချုပ်... ကျွန်တော် စိုးရိမ်လာပြီ...”
“ဘာလို့လဲ ဆိုတော့... တို့တွေ မိန်းမလို ဝတ်ရမှာမို့လို့...”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်သည်။
“ဘာ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ကျွန်တော်တို့လို ကျင့်ကြံသူတွေက ဘယ်လိုလုပ် မိန်းမလို ဝတ်လို့ ဖြစ်မှာလဲ...”
“တာဝန်အတွက်လေ...” ယဲ့ဖုန်း သက်ပြင်းချလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်... ကျွန်တော် ဗိုက်နာလာပြီ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် နောက်ဆုတ်ရန် ကြိုးစားလိုက်၏။
မိန်းမလို ဝတ်ရမယ် ဟုတ်လား...
သတင်းသာ ပေါက်ကြားသွားရင် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဆိုတဲ့ ဂုဏ်သိက္ခာ ကျသွားမှာပေါ့...
အထူးသဖြင့် နန်လုတောင်တန်း ဂူထဲက အဖော်မလေးတွေရဲ့ ထူးဆန်းသော အကြည့်တွေကို ပြန်တွေးမိပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပျို့အန်ချင်လာသည်။
“မင်း တစ်ကိုယ်လုံး နာကျင်နေရင်တောင်... ဒီတစ်ခေါက်တော့ မိန်းမလို ဝတ်ပေးရမယ်... ကဲ... အစီအစဉ်က ဒီလို... ခဏနေရင် မင်းရဲ့ အကန့်အသတ်မရှိ အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို သုံးပြီး ငါ့ကို ဖုံးလွှမ်းလိုက်... ပြီးရင် ချစ်စရာ ကောင်းပြီး ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး တစ်ယောက် အဖြစ် အသွင်ပြောင်းလိုက်... ပြီးရင် တို့တွေ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းထဲ ဝင်ပြီး ရန်သူ့အကြောင်း စုံစမ်းကြမယ်...”
ယဲ့ဖုန်း အလေးအနက် ပြောလိုက်ပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ နားရွက်ကို ဆွဲလိုက်၏။
“ကောင်းပါပြီဗျာ... မိန်းမလို ဝတ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။
သူတင် စိတ်ပျက်တာ မဟုတ်... ယဲ့ဖုန်းလည်း စိတ်ပျက်နေပါသည်...။
*
ကျောက်မဲ ကန္တာရ အနီး...
အဆိပ်မြူများ ဖုံးလွှမ်းနေသော ရွာလေးတစ်ရွာ ရှိသည်။
ခြေတံရှည်ရှည်၊ မျက်နှာသွယ်သွယ်နှင့် လှပသော မိန်းမပျိုလေး တစ်ဦးသည် အိမ်ထဲမှ ထွက်လာသည်။ ရွာအဝင်ဝရှိ အဘွားအိုများ၏ အတင်းပြောဆိုမှုများနှင့် စူးစမ်းသော အကြည့်များကြားတွင် သူမသည် ခါးလေးကို လှုပ်ယမ်းကာ လမ်းလျှောက် ထွက်ခွာသွားသည်။
“ခေတ်ပျက်နေပြီ... ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ ဒီလို အမူအရာတွေ လုပ်နေတယ်... နတ်ဆိုးတွေ ဖမ်းသွားမှ ဒုက္ခရောက်နေဦးမယ်...”
“ဟုတ်ပါ့...”
အဘွားအိုများက ရက်ရက်စက်စက် ဝေဖန်နေကြသည်။
“ကျုပ်က ခင်ဗျားတို့ထက် ပိုလှတယ်... ပိုပြီး ကိုယ်လုံးလှတယ်... မနာလို ဖြစ်ပြီး သေလိုက်ကြ...”
ပြောပြီးသည်နှင့် မိန်းကလေးသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
“ရိုင်းလိုက်တာ... ဘယ်သူ့သမီးလဲ... ဒီလောက် မလေးမစား လုပ်ရဲတယ်...” အဘွားအိုများ ဒေါသထွက်သွားကြသည်။
သို့သော် အကြာကြီး ဆွေးနွေးပြီးသည့်တိုင်အောင် ထိုလှပသော မိန်းကလေးက ဘယ်အိမ်ကလဲ ဆိုတာ သူမတို့ စဉ်းစားမရနိုင် ဖြစ်နေကြသည်။
တောင်ပေါ်လမ်းတွင်...
မိန်းကလေးသည် မှိုခူးရင်း ဟိုဟိုဒီဒီ လျှောက်သွားနေသည်။
“ဂိုဏ်းချုပ်... ခုနက ကျွန်တော် လုပ်တာ ပီပြင်ရဲ့လား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ အသံသည် မိန်းကလေး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“တကယ့်ကို ပီပြင်ပါတယ်ကွာ...” ယဲ့ဖုန်း လက်မထောင်ပြလိုက်၏။
ဒီမိန်းကလေးက မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် အသွင်ဖုံးလွှမ်းထားသည့် ယဲ့ဖုန်း (မိန်းမလို ဝတ်ထားသော ဆရာကြီး) ပင် ဖြစ်ချေသည်။
ပိုပြီး ယုံကြည်စေရန်အတွက် ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို အသုံးပြုပြီး အဆင့်မြင့် ဝိညာဉ်အမြစ် ရှိသကဲ့သို့ ဟန်ဆောင်ထားလိုက်၏။ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားများ၏ အာရုံကို ဖမ်းစားရန် ဖြစ်သည်။
“ဂိုဏ်းချုပ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက တပည့်တွေ ဒီနားကနေ ဖြတ်သွားတော့မယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က သတိပေးလိုက်၏။
“သိတယ်...” ယဲ့ဖုန်းလည်း ခေါင်းညိတ် အသိအမှတ်ပြုလိုက်၏။
စောစောကတည်းက သူ ကောင်းကင်မေးမြန်းကြေးမုံကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းထားရာ အဝေးမှ ပြန်လာနေသော ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့် အချို့ကို တွေ့ရှိခဲ့ပြီး ဒီနားက ဖြတ်သွားမည် ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သည်။
ဒါကြောင့် ယဲ့ဖုန်းက ဒီမှာ မှိုခူးချင်ယောင်ဆောင်နေခြင်းပါ..။
“ဝှစ်”
ပုံရိပ်အချို့ ကောင်းကင်မှ ဖြတ်ပျံသွားကြသည်။
စိမ်းလန်းသော မြက်ခင်းပြင်တွင် အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် မိန်းကလေး တစ်ဦး မှိုခူးနေသည်ကို တွေ့လိုက်ရသောအခါ အတော်လေး ထင်ရှားနေသဖြင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ကျင့်ကြံသူ တစ်ဦး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။
“ဟိုမှာ ကြည့်... ဟိုကောင်မလေးက တော်တော် လန်းတယ်ကွ...”
“သွား... ဂိုဏ်းကို ဖမ်းခေါ်သွားရအောင်...”
“မလုပ်နဲ့... ဝိညာဉ်အမြစ် မရှိတဲ့သူ၊ မကျင့်ကြံနိုင်တဲ့သူတွေကို ဂိုဏ်းထဲ ခေါ်မလာရဘူး လို့ ဂိုဏ်းချုပ် အမိန့်ထုတ်ထားတယ်...”
“လွယ်ပါတယ်ကွာ... ဆင်းပြီး သူ့ဝိညာဉ်အမြစ်ကို အရင် စစ်ဆေးကြည့်ကြတာပေါ့...”
သူတို့အချင်းချင်း တိုင်ပင်နေကြသည်။
ဝိညာဉ်အာရုံ စွမ်းအား ပိုင်ဆိုင်ထားသော ယဲ့ဖုန်းသည် ကောင်းကောင်း ကြားနေရသည်။ သူတို့ ဘာတွေ ပြောနေလဲ ဆိုတာ သိလိုက်ရတော့ စိတ်ထဲကနေ လှောင်ရယ်လိုက်မိသည်။
လန်းတယ် ဟုတ်လား...
ဟွန်း... လန်းရုံတင် မကဘူး... မင်းတို့ဟာထက်တောင် ပိုကြီးသေးတယ်...
ယဲ့ဖုန်း စိတ်ထဲကနေ ဝေဖန်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့် (၃) ဦးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။ မိန်းကလေးက လန့်ဖျပ်သွားပြီး ကြောက်လန့်တကြား နောက်ဆုတ်လိုက်၏။
“ဘယ်... ဘယ်သူတွေလဲ...”
အမျိုးသား တပည့် တစ်ဦးက ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် ပြောလိုက်၏။
“မိန်းကလေး... ကျွန်တော်တို့က ဂိုဏ်းတပည့်တွေပါ... မိန်းကလေးနဲ့ ရေစက် ပါတာ မြင်လို့ မိန်းကလေးရဲ့ ခန္ဓာကိုယ်... အဲလေ... ဝိညာဉ်အမြစ်ကို လာစစ်ဆေးပေးတာပါ... ကျင့်ကြံဖို့ သင့်တော်မသင့်တော် သိရအောင်လို့လေ...”
“တကယ်လား...”
မိန်းကလေး၏ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပေါ်လာသည်။
ထိုအမူအရာကို မြင်သောအခါ တပည့် (၃) ဦး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အတွေးတူသွားကြသည်။
“ဒီကောင်မလေးက လွယ်လိုက်တာ...”
“လာ... ဒီဆရာသခင် စစ်ဆေးပေးမယ်...”
အမျိုးသား တပည့် တစ်ဦးသည် လက်ကို ဆန့်တန်းလိုက်ပြီး မိန်းကလေး၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စတင် စစ်ဆေးလိုက်၏။
“ဒီကောင်စုတ် ငါ့ကို ထိရဲတယ်ပေါ့... ခုတ်သတ်ပစ်မယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ အသံသည် ယဲ့ဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူက ယဲ့ဖုန်းကို ဖုံးလွှမ်းထားတာ ဆိုတော့... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့်က ယဲ့ဖုန်းကို ထိနေတာ မဟုတ်ဘဲ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ထိနေတာ ဖြစ်သည်။
“ဟာ... သူ့မှာ ဝိညာဉ်အမြစ် ရှိတယ်... ပြီးတော့ တော်တော် ကောင်းတယ်... အနည်းဆုံး အလယ်အလတ်အဆင့်ပဲ...”
“တကယ်လား... ငါလည်း စမ်းကြည့်... အဲ... စစ်ဆေးကြည့်မယ်...”
“ငါလည်း ကြည့်မယ်...”
“တကယ်ပဲဟ... အနည်းဆုံး အလယ်အလတ်အဆင့်ပဲ... အဆင့်မြင့်တောင် ဖြစ်နိုင်တယ်...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့် (၃) ဦးသည် မိန်းကလေး၏ လက်ကို ဝိုင်းကိုင်ပြီး သေချာ စစ်ဆေးကြည့်လိုက်ရာ သူမ၏ ဝိညာဉ်အမြစ်သည် တကယ်ကို ထူးခြားကြောင်း တွေ့ရှိလိုက်ရသည်။
ပါရမီရှင်ပဲ...
“မိန်းကလေး... မင်းက ကျင့်ကြံနိုင်စွမ်း ရှိတယ်... လာ... ဂိုဏ်းကို လိုက်ခဲ့...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့်များသည် စိတ်အားထက်သန်စွာဖြင့် မိန်းကလေးကို ဆွဲခေါ်ပြီး ကျောက်မဲ ကန္တာရဆီသို့ ပျံသန်း ထွက်ခွာသွားကြလေတော့သည်။
အခန်း (၃၄၇)- ရန်သူ့အခြေအနေကို စုံစမ်းခြင်း၊ ကုန်းချင်းချိုး၏ အကျပ်အတည်း
~“အမယ်လေး... အစ်ကိုတို့ကလဲ... နာတယ်ကွာ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် အသံကို ပြောင်းလိုက်ပြီး တမင်သက်သက် ချွဲနွဲ့ကာ ပြောလိုက်၏။
ထိုအသံကို ကြားသောအခါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှ တပည့် (၃) ဦး၏ မျက်လုံးများ အရောင်လက်သွားကြပြီး မထိန်းနိုင်တော့ဘဲ ကြက်သီးထဖွယ်ကောင်းသော ရယ်သံများ ထွက်ပေါ်လာသည်။
ယဲ့ဖုန်း ကျောချမ်းသွားသည်။
‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်... မင်း တကယ်ကို ဆွဲဆောင်မှု ရှိတာပဲကွာ...’ဟု ပြောချင်စိတ် ပေါက်သွားသည်။
သို့သော် လက်ရှိ အခြေအနေအရ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပိုပြီး ချွဲနွဲ့လေ ပိုကောင်းလေ ဖြစ်သည်။ ဒါမှ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တပည့်တွေကို ညှို့ယူဖမ်းစားနိုင်ပြီး မြေအောက်ကို အောင်မြင်စွာ စိမ့်ဝင်ကာ လျှို့ဝှက်တာဝန်ကို စတင်နိုင်မည် ဖြစ်သည်။
“နတ်ဘုရား အစ်ကိုကြီးတို့... ဟိုမှာ ကျောက်မဲ ကန္တာရ မဟုတ်လား... အရမ်း အန္တရာယ် များတယ်လို့ ကြားဖူးတယ်... အဲဒီဘက် မသွားလို့ မရဘူးလားဟင်... နော်လို့...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် အီစီကလီ လုပ်တတ်သော အမျိုးသမီး တစ်ဦး၏ အသံဖြင့် ထပ်မံ ချွဲနွဲ့လိုက်ပြန်သည်။
“မိန်းကလေး နတ်သမီးလေး မသိပါဘူး... အစ်ကိုတို့ ဂိုဏ်းက မြေအောက်မှာ ရှိတာလေ...” ‘ရှောင်ဝမ်ချွေ့’အမည်ရှိ တပည့် တစ်ဦးက ပြောလိုက်၏။
“အို...” မိန်းကလေးက လန့်ဖျပ်ပြီး ကြောက်ရွံ့သွားသကဲ့သို့ ဟန်ဆောင်လိုက်၏။ “အစ်ကိုကြီးတို့က သာမန်လူတွေ မဟုတ်ကြဘူးလား...”
ရှောင်ဝမ်ချွေ့က လေးနက်သော လေသံဖြင့် အလျင်အမြန် ရှင်းပြလိုက်၏။
“ဘာတွေ ပြောနေတာလဲ နတ်သမီးလေးရယ်... အစ်ကိုတို့က တရားဝင် ဂိုဏ်းတစ်ခုပါ... နာမည်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဆိုတော့ နည်းနည်း ကြောက်စရာ ကောင်းသလို ထင်ရပေမယ့်... တကယ်တမ်းကျတော့ အစ်ကိုတို့က လောကကြီးနဲ့ အေးအေးဆေးဆေး နေပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြတာပါ... နတ်သမီးလေးလို ပါရမီရှင် မိန်းကလေးနဲ့ အသင့်တော်ဆုံးပါပဲ...”
“ဟုတ်တယ်... ဟုတ်တယ်...” ကျန်တပည့် နှစ်ဦးလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်ကြသည်။
“ဪ... ဒါဆိုရင် စိတ်အေးသွားပြီ...” မိန်းကလေးက သက်ပြင်းချသလို အသံပြုလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားသည်။ သူသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ ဆွဲဆောင်မှု စွမ်းရည်ကို အထင်သေးမိခဲ့ကြောင်း သဘောပေါက်လိုက်၏။
နတ်ဆိုးဘုရင်က မိန်းမလို ဝတ်ထားတော့ တကယ့် မိန်းမစစ်စစ်တွေထက်တောင် ပိုပြီး မိန်းမဆန်နေသေးသည်...
မကြာမီ သူတို့အဖွဲ့သည် ကျောက်မဲ ကန္တာရ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားကြသည်။
ရှောင်ဝမ်ချွေ့သည် ဝိညာဉ်အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်ပြီး မြေအောက် လမ်းကြောင်းကို ဖွင့်ကာ အားလုံးကို ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း နယ်မြေထဲသို့ ခေါ်ဆောင်သွားသည်။
“ဝေါ... ဒီမှာ တကယ်ပဲ မှော်ဆန်တဲ့ မြေအောက်ကမ္ဘာကြီး ရှိနေတာပဲ... ဟိုမှာ ကြည့်လိုက်... နေလုံးတုတောင် ရှိသေးတယ်... အံ့သြစရာပဲ...”
“ပြီးတော့ ဟိုကျောက်တိုင်ကြီးတွေက မြင့်လိုက်တာ... တုတ်လည်း တုတ်တယ်... မြေအောက် ကောင်းကင်ကြီး တစ်ခုလုံးကို ထောက်ထားတာပဲ... တကယ်ကို အားကျစရာပဲ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ဆက်လက် ချွဲနွဲ့နေသည်။
ယဲ့ဖုန်းသည် ဒီတာဝန်ကို အလွယ်တကူ အောင်မြင်နိုင်လောက်သည်ဟု ခံစားလိုက်ရသည်။
ဘာလို့လဲ ဆိုတော့ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က အစွမ်းကုန် ကြိုးစားနေလို့လေ...
သူ လုပ်ရမှာက မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပရောပရည် လုပ်နေတာကို ကြည့်နေရုံသာ... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေက အလွယ်တကူ ပေါ်ထွက်လာလိမ့်မည်...။
*
ဂိုဏ်းချုပ် ခန်းမဆောင်ကြီးဝယ်...၊
အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲ အချို့သည် အရပ်ရှည်ပြီး ကျက်သရေ ရှိသော မိန်းကလေးကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားကြပြီး ချီးကျူးလိုက်ကြ၏။
“လှလိုက်တဲ့ မိန်းကလေး... ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ကြာပန်းလေးလိုပဲ... သဘာဝအတိုင်း လှပနေတာ...”
“အကြီးအကဲတို့... ဒီမိန်းကလေးက ထူးကဲတဲ့ ပါရမီ ရှိပါတယ်... နောင်ကျရင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင် ဖြစ်လာနိုင်တယ်... လူတိုင်း လေးစားရတဲ့ စီနီယာ အစ်ကိုကြီး ‘လီမိုဟွမ်’ ထက်တောင် ပိုတော်နိုင်သေးတယ်...”
ရှောင်ဝမ်ချွေ့နှင့် အခြား တပည့်နှစ်ဦးက အလျင်အမြန် ထောက်ခံလိုက်ကြသည်။
“လီမိုဟွမ်” ဆိုသော အမည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရ၏။
“ငါ ကြည့်ပါရစေ...”
အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲ တစ်ဦး လျှောက်လာပြီး မိန်းကလေး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ ခဏကြာ စစ်ဆေးပြီးနောက် မျက်လုံးများ အရောင်လက်သွားသည်။
“ကောင်းတယ်... တကယ်ကို ထူးကဲတဲ့ ပါရမီပဲ... မင်းတို့ တာဝန်ကျေပါတယ်... သွားနိုင်ပြီ...”
“ဟုတ်ကဲ့...” တပည့် (၃) ဦး ထွက်ခွာသွားကြသည်။
မကြာမီ ခန်းမဆောင်ကြီးထဲတွင် မိန်းကလေးနှင့် အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲ အချို့သာ ကျန်ရစ်ခဲ့သည်။
ယဲ့ဖုန်းသည် အခွင့်ကောင်းယူကာ ခန်းမဆောင်ကို အကဲခတ်လိုက်၏။
အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲများ၏ ကျင့်ကြံဆင့်သည် မနိမ့်ကျကြောင်း တွေ့ရှိလိုက်ရသည်။ အနိမ့်ဆုံးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ရှိပြီး အမြင့်ဆုံးမှာ သတ္တမအဆင့်အထိ ရောက်ရှိနေသည်။
ဝန်ခံရမည် ဆိုလျှင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသည် အတော်လေး အင်အားတောင့်တင်းသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ...” အကြီးအကဲ တစ်ဦးက အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်၏။
“အကြီးအကဲကို တင်ပြပါတယ်... ညီမလေး နာမည်က ‘ပိလျန်အာ’ပါ... ညီမလေးရဲ့ ပါရမီက ကောင်းရဲ့လား မသိဘူး... အကြီးအကဲတို့က ညီမလေးကို လိုချင်ရဲ့လားဟင်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ပရောပရည် လုပ်ခြင်း လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေပါသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ရယ်ချင်စိတ်ကို မနည်း ထိန်းထားရပြန်သည်။
“လိုချင်တာပေါ့...”
“ဟုတ်တယ်... ပိလျန်အာ... မင်းက ပါရမီရှင်ပဲဟာ... ဘယ်လိုလုပ် မလိုချင်ဘဲ နေမှာလဲ...” အကြီးအကဲများ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ကြ၏။
မိန်းကလေး၏ မျက်လုံးများ အရောင်လက်သွားသည်။ “ဒါဆို အကြီးအကဲတို့က ညီမလေးကို လိုချင်တယ်ပေါ့... ဝမ်းသာလိုက်တာ... ကျေးဇူးတင်ပါတယ် အကြီးအကဲတို့... ဒါဆို ညီမလေး အခုပဲ ကျင့်ကြံလို့ ရပြီလားဟင်...”
“ရတာပေါ့... မင်း နေထိုင်ရမယ့် နေရာကို အရင် လိုက်ပြပေးမယ်...” အကြီးအကဲ တစ်ဦးက မိန်းကလေး၏ လက်ကို ကိုင်ပြီး အနီးနားရှိ ခြံဝန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ယဲ့ဖုန်းနှင့် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်တို့သည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ အသေးစိတ် တည်ဆောက်ပုံများကို မြင်တွေ့ခဲ့ရသည်။ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း၊ ဝိညာဉ်ဆေးပင် ဥယျာဉ်၊ နတ်ဆိုးသားရဲ ဥယျာဉ်၊ လက်နက်သွန်းလုပ်ရေး ခန်းမဆောင် စသည့် နေရာများ ပါဝင်သည်။
သို့သော် နတ်ဆိုးဂိုဏ်းတွင် ကျင့်ကြံသူ နည်းပါးလှပြီး စုစုပေါင်း (၂၀၀) အောက်သာ ရှိလေသည်။
“ဂိုဏ်းသားတွေက ဒီလောက်ပဲလားဟင်...”
မိန်းကလေးက ချွဲနွဲ့သော အသံဖြင့် မေးလိုက်၏။
“ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ လူအင်အား တစ်ထောင်ကျော် ရှိတယ်... ဒါပေမဲ့ အများစုက ဂိုဏ်းထဲမှာ မရှိကြဘူး... ပြီးတော့ ဂိုဏ်းချုပ်ရဲ့ သွားလာလှုပ်ရှားမှုက ခန့်မှန်းရ ခက်တယ်... အခု လောလောဆယ် သူ မရှိဘူး... သူ ပြန်လာရင် မင်းနဲ့ တွေ့ဆုံပါလိမ့်မယ်...” အကြီးအကဲက ရှင်းပြသည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ...”
မကြာမီ မိန်းကလေးသည် သီးသန့် ခြံဝန်းလေး တစ်ခုတွင် နေရာချထားခံလိုက်ရသည်။
တစ်နေ့လုံးတွင် အမျိုးသား တပည့် အများအပြားသည် “ဂရုစိုက်” ပေးချင်သော ဆန္ဒဖြင့် ရောက်ရှိလာကြသော်လည်း မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က နေမကောင်းဟု အကြောင်းပြပြီး မောင်းထုတ်လိုက်၏။
“နောက်ဆုံးတော့ ယင်ကောင်တွေ အနှောင့်အယှက် ပေးတာ ရပ်သွားပြီ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ရေရွတ်လိုက်၏။ “ဂိုဏ်းချုပ်... နောက်တစ်ဆင့် ဘာလုပ်ကြမလဲ...”
“လောလောဆယ် စောင့်နေလိုက်ဦး... မလောနဲ့...” ဟု ယဲ့ဖုန်းက အသံလွှဲပြောင်း ပြောကြားလိုက် တော့၏။
...
ခရိုင်ဘုရင်မြို့တော်...
ယဲ့ဖုန်းနှင့် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်တို့ သူလျှိုတာဝန် ထမ်းဆောင်နေစဉ် ဂိုဏ်းချုပ်ခန်းမဆောင် အတွင်း၌ ကုန်းချင်းချိုးသည် ခန်းမသခင် လျူမင်နှင့် နောက်ဆုံးတွင် တွေ့ဆုံခွင့် ရရှိခဲ့သည်။
“ရွှေယန် မြို့တော် အပျက်အစီးတွေကို ဝယ်ယူချင်တာကိုး... အဲဒီနေရာက အရင်တုန်းက မူလအဆင့် ဝိညာဉ်သွေးကြော ရှိခဲ့ဖူးတယ်... မူရင်း ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိပြီး ဂိုဏ်းပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မှ ရရှိနိုင်တာ... ဒါပေမဲ့ အခု ဝိညာဉ်သွေးကြော ပျက်စီးသွားပြီ ဆိုတော့ တန်ဖိုးနဲ့ အဆင့်အတန်းလည်း ကျဆင်းသွားပြီ... အခုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၅၀၀) ပေးရုံနဲ့ အမြဲတမ်း ဂိုဏ်းပိုင်နက် စာချုပ် ကို ရရှိနိုင်ပါပြီ...”
လျူမင်က ပြုံးပြီး ပြောလိုက်၏။
ကုန်းချင်းချိုး စိတ်သက်သာရာ ရသွားပြီး မေးလိုက်၏။
“ဒါဆို ဒီနေ့ပဲ ဂိုဏ်းပိုင်နက် စာချုပ် ရနိုင်ပြီပေါ့...”
“ဟုတ်ပါတယ်...” လျူမင် ခေါင်းညိတ် သဘောတူလိုက်၏။
သူသည် ရွှေယန် မြို့တော် အပျက်အစီး ပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ယူလိုက်ပြီး ထူထဲသော မှတ်တမ်းစာအုပ်ကြီးထဲတွင် စာရင်းသွင်းကာ တံဆိပ်တုံး ထုပေးလိုက်၏။
ကုန်းချင်းချိုး ပေးအပ်သော ဝိညာဉ်ကျောက်တုံး (၂၅၀၀) ကို လက်ခံရယူပြီး လွှဲပြောင်းပေးအပ်မှု လုပ်ငန်းစဉ်ကို ချောမွေ့စွာ အဆုံးသတ်လိုက်၏။
“လုပ်ငန်းစဉ်က ဒီလောက် ရိုးရှင်းတာလား...”
စာချုပ် ရရှိပြီးနောက် ကုန်းချင်းချိုး သက်ပြင်းချလိုက်၏။
ဒီနေ့ကစပြီး မြူခိုးဂိုဏ်းဟာ ရွှေယန် မြို့တော် အပျက်အစီးတွေကို တရားဝင် ပိုင်ဆိုင်ခွင့် ရရှိသွားပြီ ဖြစ်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ပြီ ဖြစ်၏။ ခရိုင်ဘုရင်မြို့တော်ကတောင် ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။
“ကျေးဇူးတင်ပါတယ် သခင်ကြီးလျူ... ကျွန်မ ပြန်ခွင့်ပြုပါဦး...”
ကုန်းချင်းချိုးသည် စာချုပ်ကို သိမ်းဆည်းလိုက်ပြီး ဂိုဏ်းချုပ်ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။
“ဂရုစိုက်ပါ...” လျူမင် လက်ပြ နှုတ်ဆက်လိုက်၏။
ဂိုဏ်းချုပ်ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် ကုန်းချင်းချိုးသည် ခရိုင်ဘုရင်မြို့တော် အတွင်း လှည့်လည်သွားလာရင်း ဆေးဖော်စပ်ရန် ပစ္စည်းများ၊ အဆောင်လက်ဖွဲ့ ပြုလုပ်ရန် ပစ္စည်းများနှင့် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အဆင့်မြင့် သိုင်းနည်းစနစ်အချို့ကို ဝယ်ယူလိုက်၏။
“တပည့်တချို့ကို ခေါ်လာခဲ့သင့်တာ... ဗဟုသုတ ရတာပေါ့...”
ကုန်းချင်းချိုး ဈေးဝယ်ရင်း တီးတိုး ရေရွတ်လိုက်မိ၏။
အနီးနားရှိ လမ်းမကြီး၏ အဆုံးတွင်...
ထူးဆန်းသော ပုံရိပ်တစ်ခုသည် တံတိုင်းပေါ်တွင် ဝပ်နေပြီး မျက်လုံးများ ကျဉ်းမြောင်းကာ ကုန်းချင်းချိုးကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။
*
မကြာမီ လျှို့ဝှက်ခန်းမဆောင် တစ်ခု အတွင်း၌...
“အစ်ကိုကြီး... မြူခိုးဂိုဏ်းက အကြီးအကဲ ကုန်းချင်းချိုး ခရိုင်ဘုရင်မြို့တော်ကို ရောက်နေတယ်... သူ တစ်ယောက်တည်းပဲ... ကျွန်တော်တို့...”
ဟန်အာသည် လည်ပင်းလှီးသော ပုံစံ လုပ်ပြလိုက်၏။
ထိုင်ခုံပေါ်တွင်...
ဟန်ယီသည် အားနည်းစွာ ထထိုင်လိုက်ပြီး ပြောလိုက်၏။ “ပြီးခဲ့တဲ့ တိုက်ပွဲက ရလာတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်... အခုမှ သက်သာကာစ ရှိသေးတာ... ပြီးတော့ ငါက သတ္တမအဆင့်ကို တက်လှမ်းထားပြီးပြီ ဆိုတော့ အရမ်း ထင်ရှားနေတယ်... ကိုယ်တိုင် လှုပ်ရှားဖို့ မသင့်တော်ဘူး...”
“လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင်က လူသတ်သမား တစ်ယောက်လောက် ငှားလိုက်ရင်ရော...” ဟန်အာက အကြံပြုလိုက်၏။
“ကောင်းတယ်...” ဟန်ယီ ခေါင်းညိတ်လိုက်၏။ “ဒါပေမဲ့ မှတ်ထားနော်... လျှို့ဝှက်ထားရမယ်... ခြေရာလက်ရာ မကျန်စေနဲ့...”
“သဘောပေါက်ပါပြီ...” ဟန်အာ ခန်းမဆောင်ထဲမှ ချက်ချင်း ထွက်ခွာသွားသည်။
နေ့လယ်ခင်း နေရောင်အောက်တွင်...
ကုန်းချင်းချိုးသည် ဈေးဝယ်ပြီးသွားပြီ ဖြစ်၍ ဝိညာဉ်မြွေ ပျံသန်းလှေပေါ် တက်ကာ တောင်ဘက် ဂိတ်ပေါက်မှတဆင့် ခရိုင်ဘုရင်မြို့တော်မှ ထွက်ခွာသွား၏။
သူမ၏ နောက်တွင် ဓားရှည်ကြီး တစ်လက်ကို ကျောပိုးထားသော ထွားကျိုင်းသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်တွင် ပိုးနားသန်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အမာရွတ်များ ရှ်ိသည်။
သူသည် ဆိုင်းဘုတ်တစ်ခုကို ထုတ်ယူပြီး ခါးတွင် ချိတ်ဆွဲလိုက်၏။
ဆိုင်းဘုတ်ပေါ်တွင် သွေးရောင် စာလုံး (၃) လုံး ထင်ရှားစွာ ပေါ်နေသည်။
[စီးပွားရေး ဖွင့်လှစ်သည်]
“ဒါ လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင်က အဆင့် (၁၀) ဝင် ရူးသွပ်ဓားပဲ...”
“စီးပွားရေး ဖွင့်လှစ်သည် တဲ့... ဘုရားရေ... သူ နောက်တစ်ကြိမ် လှုပ်ရှားတော့မယ်... ရူးသွပ်ဓားရဲ့ ဓားအရှိန်အဝါနဲ့ အမဲလိုက်ခံရမယ့် ကံဆိုးသူက ဘယ်သူများ ဖြစ်မလဲ...”
“မသိဘူး... ဒါပေမဲ့ ငါတို့ ဒီကိစ္စနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ...”
ခရိုင်ဘုရင်မြို့တော်မှ ကျင့်ကြံသူများသည် ရူးသွပ်ဓားကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
ရူးသွပ်ဓားသည် ကုန်းချင်းချိုး ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လိုက်ပြီး လက်ကို ဆန့်တန်းကာ ထူးဆန်းသော ဝိညာဉ်အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူပြီး ကိုယ်ပေါ်တွင် ကပ်လိုက်၏။ ချက်ချင်းပင် သူသည် ကောင်းကင်ကို ခွဲဖြတ်သွားသော ထက်ရှသည့် ဓားအလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားတော့၏။
မြို့ရိုးပေါ်တွင်...
ကျင့်ကြံသူ အများအပြားသည် ပွဲကြည့်ရန် စိတ်အားထက်သန်နေကြသည်။
လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင် အဆင့်သတ်မှတ်ချက်ကို ခရိုင်ဘုရင်မြို့တော်မှ အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ဦးက ဖန်တီးထားခြင်း ဖြစ်ပြီး လူသတ်သမား (၁၀၀) စာရင်း ပါဝင်၏။
သူတို့၏ အမည်များကို လူသိရှင်ကြား ထုတ်ပြန်ထားသည်။
သို့သော် လူသတ်သမားများသည် တရားဝင် အလုပ်လုပ်နေကြခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခရိုင်ဘုရင်မြို့တော်တွင် လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင် ရှိနေပြီး အမည်မဖော်လိုသော ကျင့်ကြံသူများသည် ငွေကြေး အမြောက်အမြား ပေးကာ လူသတ်သမားများကို ငှားရမ်းပြီး ရန်သူများကို သတ်ဖြတ်ခိုင်းလေ့ ရှိသောကြောင့် ဖြစ်သည်။
ထိုမျှမက၊ လူသတ်သမားတွေက အားနေတိုင်း လိုက်သတ်နေတာ မဟုတ်ပေ..
သူတို့မှာ ကျွမ်းကျင် ကျင့်ဝတ် ရှိသည်...။
ငွေမပေးလျှင် အလုပ်မလုပ်ပေ...။
ရူးသွပ်ဓား ခရိုင်ဘုရင်မြို့တော်မှ ထွက်ခွာသွားသောအခါ ကျင့်ကြံသူများကြားတွင် ပြောဆိုဆွေးနွေးမှုများနှင့် ခန့်မှန်းမှုများ ဆူညံသွားလေတော့၏။
အခန်း (၃၄၈) ရူးသွပ်ဓားကို ပြန်သတ်ခြင်း၊ အားလုံး ထိတ်လန့်သွားခြင်း
~“သွားကြည့်ကြရအောင်...”
“ဘယ်သူက ဒီလောက် စွမ်းနေလဲ ဆိုတာ သိချင်တယ်... ရူးသွပ်ဓားတောင် ထွက်လာပြီး လိုက်နေရတယ်...”
“ပြီးတော့ ရူးသွပ်ဓားကို ငှားနိုင်လောက်အောင် ဘယ်သူက ဒီလောက် ချမ်းသာနေလဲ ဆိုတာ ပိုသိချင်သေးတယ်...”
“ရူးသွပ်ဓားက ဈေးကြီးတယ်လို့ ကြားတယ်... အလုပ်တစ်ခုကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ယူတယ်... ပြီးတော့ ကြိုပေးရတာဟ...”
ခရိုင်ဘုရင်မြို့တော်မှ ကျင့်ကြံသူများသည် အချင်းချင်း ဆွေးနွေးနေကြသည်။
ကျင့်ကြံဆင့် မြင့်မားသော ကျင့်ကြံသူ အချို့သည် အဖွဲ့ဖွဲ့ပြီး အလျင်အမြန် လိုက်ပါသွားကြ၏။ ဘာဖြစ်နေလဲ ဆိုတာ အတိအကျ သိချင်နေကြသည်။
လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင်မှ လူသတ်သမားများ၌ ကျွမ်းကျင်မှုဆိုင်ရာ ကျင့်ဝတ်များ ရှိကြသည်။ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ဘေးမှ ရပ်ကြည့်နေရုံ သက်သက်ဆိုလျှင် ရူးသွပ်ဓားက သူတို့ကို တိုက်ခိုက်မည် မဟုတ်။
သို့သော်ငြား ကြည့်မည်ဆိုပါက ခပ်လှမ်းလှမ်းမှသာ ကြည့်ရှုရမည် ဖြစ်သည်။ အကယ်၍ တိုက်ပွဲ၏ ဂယက်ကြောင့် သေဆုံးသွားခဲ့လျှင်မူ ကိုယ့်ကမ္မဇကံသာ ဖြစ်တော့မည်။
“သွားကြစို့... အမီလိုက်ကြ...”
ခဏအတွင်းမှာပင် ကျင့်ကြံသူ ရာပေါင်းများစွာ လိုက်ပါသွားကြသည်။
*
ခရိုင်ဘုရင် အိမ်တော်...
ရူးသွပ်ဓား လှုပ်ရှားနေကြောင်း သတင်းကြားသောအခါ ရှုဟုန်ယွီသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။ “ရူးသွပ်ဓားက ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ် ရောက်နေပြီ... ဘယ်သူက ဒီလောက် ငွေတွေ အများကြီး ပေးပြီး ငှားရမ်းထားတာလဲ... ပြီးတော့ သူ ဘယ်သူ့ကို သတ်မှာလဲ...”
အမဲလိုက်ခံရမည့် ပစ်မှတ်မှာ မြူခိုးဂိုဏ်း အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုး ဖြစ်ကြောင်း သူမ လုံးဝ မသိရှိခဲ့ပေ။
ခရိုင်ဘုရင်မြို့တော် မျှော်စင်အောက်တွင်...
ရုပ်ဖျက်ထားသော ဟန်အာသည် တိတ်တဆိတ် လိုက်ပါသွားသည်။
အလုပ်ရှင် အနေဖြင့် ရူးသွပ်ဓားက ကုန်းချင်းချိုးကို သတ်ဖြတ်လိုက်သည်ကို ကိုယ်တိုင် မြင်တွေ့လိုပြီး နေ့စဉ်မှတ်တမ်းတွင် မှတ်တမ်းတင်လိုသည်။
ပျံသန်းနေစဉ် သူ စတင် ရေးသားနေပြီ ဖြစ်သည်။
“ဒီနေ့ ရာသီဥတု သာယာတယ်... ငါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅၀၀) သုံးလိုက်ရတယ်... မြူခိုးဂိုဏ်းက အကြီးအကဲ ကုန်းချင်းချိုးကို သတ်ဖို့အတွက် အဆင့် (၁၀) ဝင် လူသတ်သမား ရူးသွပ်ဓားကို ငှားလိုက်တယ်...”
“ကုန်းချင်းချိုးက ငါ့ထက် သန်မာတယ်...”
“ဒါပေမဲ့ သူက ရူးသွပ်ဓားလောက်တော့ သေချာပေါက် မစွမ်းနိုင်ပါဘူး...”
ရေးပြီးသည်နှင့် ဟန်အာ နေ့စဉ်မှတ်တမ်းကို ပိတ်လိုက်၏။
ထိုနေ့က ရွှေယန် မြို့တော် အပျက်အစီး တိုက်ပွဲတွင် ကုန်းချင်းချိုး ရောက်ရှိလာချိန်၌ ဟန်အာသည် ထွက်ပြေးနေပြီ ဖြစ်သည်။
သို့သော်ငြား ပြေးလွှားနေစဉ်အတွင်း နေ့စဉ်မှတ်တမ်း ရေးမှတ်နေရသဖြင့် သူ၏ ခြေလှမ်းများက သိပ်မမြန်လှ။ ထို့ကြောင့် အဆုံးသတ်တွင် ကုန်းချင်းချိုးကို လှမ်းမြင်လိုက်ရပြီး၊ သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်၌သာ ရှိနေသေးကြောင်း သိလိုက်ရတော့သည်။
သူမက သူ၏အဆင့်ထက် ပို၍ သန်မာသည် ဆိုသော်ငြား ရူးသွပ်ဓားကိုမူကား မည်သို့မျှ ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်။
မြို့ထဲ ဝင်ပြီးနောက်ပိုင်း ကုန်းချင်းချိုးက မိမိကိုယ်ကို နှိမ့်ချပြီး ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခဲ့သည်။
ဒါကြောင့် ကုန်းချင်းချိုးဟာ ကျင့်ကြံရေးမျှော်စင် သတ္တမထပ်မှာ ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာခဲ့ပြီ ဆိုတာ ဟန်အာ မသိခဲ့ပေ။
ကောင်းကင်ယံ၌...
ကုန်းချင်းချိုးသည် ဝိညာဉ်မြွေ ပျံသန်းလှေပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
ခက်ခက်ခဲခဲ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ၏ ပထမဆုံး ပိတ်ဆို့မှုကို ချိုးဖျက်နိုင်ခဲ့သည်။
“ဝူး..”
ကျင့်စဉ် ချောမွေ့စွာ လည်ပတ်သွားသောအခါ ကုန်းချင်းချိုး၏ အစစ်အမှန်ယွမ် သည် အလိုအလျောက် သုံးပုံတစ်ပုံ ကျုံ့ဝင်သွားပြီး ပိုမို ခိုင်မာသွားသည်။
ဒုတိယမြောက် ချီပင်လယ်အတွင်းရှိ အစစ်အမှန်ယွမ် များပင် သိပ်သည်းကျုံ့ဝင်သွားခဲ့၏။ ပမာဏအားဖြင့် အတူတူပင် ဖြစ်သော်ငြား၊ အရည်အသွေးပိုင်း၌မူ သိသိသာသာ မြင့်တက်လာခဲ့သည်။
ဆွေးမြေ့နေသော သစ်သားမှ ခိုင်မာတောင့်တင်းသည့် သစ်မာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ အခြေခံသဘာဝ လုံးလုံးလျားလျား ပြောင်းလဲသွားခြင်း မဟုတ်သော်လည်း၊ စွမ်းအား တိုးတက်လာမှုကမူ အလွန်ပင် သိသာထင်ရှားလှတော့သည်။
“မူလက ငါဟာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် ရောက်နေတာ... အခု ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ပထမအဆင့်ကို အောင်မြင်သွားပြီ ဆိုတော့ ငါ့ရဲ့ အခြေခံအုတ်မြစ်က သတ္တမအဆင့်ထက် မနိမ့်တော့ဘူး...”
ကုန်းချင်းချိုး ရေရွတ်လိုက်၏။
“ရွှမ်း…”
ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်း တစ်ခု နောက်ကျောဘက်မှ ခုတ်ပိုင်းလာသည်။
အရိုးထဲထိ အေးစက်ပြီး ရူးသွပ်မှု အငွေ့အသက်များပင် ပါဝင်နေသည်။
“ရူးသွပ်ဓား ...”
ကုန်းချင်းချိုး တိုက်ခိုက်သူကို မှတ်မိသွား၏။ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ထိုင်ခုံကို အလျင်အမြန် ရိုက်လိုက်ရာ ဝိညာဉ်မြွေ ပျံသန်းလှေမှ အကာအကွယ် ဒိုင်းတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းတန်းကို လမ်းကြောင်း လွှဲပေးလိုက်၏။
“ဂျွတ်…”
ဓားအလင်းတန်း ကွဲကြေသွားပြီး ဓားရှည်ကြီး ကိုင်ဆောင်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ပေါ်လာသည်။ ရူးသွပ်ဓားပင် ဖြစ်ချေသည်။
“ရှင်က ကျွန်မကို သတ်ချင်တာလား... ဘယ်သူ ငှားတာလဲ...”
ကုန်းချင်းချိုးသည် ရူးသွပ်ဓား၏ ခါးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို ကြည့်လိုက်၏။ “စီးပွားရေး ဖွင့်လှစ်သည်” ဟူသော သွေးရောင် စာလုံး (၃) လုံးကို တွေ့လိုက်ရပြီး မျက်ဝန်းများ ထပ်မံ ကျဉ်းမြောင်းသွားသည်။
ရူးသွပ်ဓား စကားမပြောပေ။
လက်တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ဟန်များ အလျင်အမြန် ပြုလုပ်ကာ ခန္ဓာကိုယ် အတွင်းရှိ ဓားဆန္ဒကို နှိုးဆွလိုက်ရာ ဓားသွားသည် နှင်းကဲ့သို့ တောက်ပလာပြီး အေးစက်သော အလင်းရောင်များ ပေါက်ကွဲထွက်လာကာ ရင်တုန်ဖွယ်ရာ အရှိန်အဝါဖြင့် ခုတ်ပိုင်းလိုက်၏။
“ဒေါင်…”
ဝိညာဉ်မြွေ ပျံသန်းလှေ၏ အကာအကွယ် ဒိုင်းသည် ရူးသွပ်ဓား၏ တိုက်ခိုက်မှုကို အလွယ်တကူ ပိတ်ဆို့လိုက်၏။
“ဒေါင်... ဒေါင်... ဒေါင်…”
ရူးသွပ်ဓားသည် ဒါဇင်နှင့်ချီ ဆက်တိုက် ခုတ်ပိုင်းလိုက်သော်လည်း ပျံသန်းလှေ၏ အကာအကွယ် ဒိုင်းသည် မလှုပ်မယှက် ခိုင်မာနေသည်ကို တွေ့လိုက်ရသောအခါ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
“ဟိုမှာ ကြည့်... တိုက်ခိုက်နေကြပြီ...”
ဓာတ်ကြီးငါးပါး စုစည်းခြင်း အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူ ဒါဇင်ချီ ရောက်ရှိလာကြသည်။ အဝေးမှ ကြည့်ရှုနေကြပြီး ရူးသွပ်ဓားသည် ဝိညာဉ်မြွေ ပျံသန်းလှေ၏ အကာအကွယ် ဒိုင်းကို ပြင်းထန်စွာ ခုတ်ပိုင်းနေသော်လည်း ခြစ်ရာလေး တစ်ခုတောင် မဖြစ်ပေါ်စေနိုင်သည်ကို တွေ့လိုက်ကြရသည်။
“ဒါက...”
လူအုပ်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အကြီးအကဲ ကုန်းချင်းချိုး၏ မျက်နှာထားလည်း ထူးဆန်းနေသည်။
ဝိညာဉ်မြွေ ပျံသန်းလှေရဲ့ အကာအကွယ် ဒိုင်းက ဒီလောက် ခိုင်မာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ...။ ရူးသွပ်ဓား အစွမ်းကုန် ခုတ်တာတောင် မပေါက်ပေ..
“ရှင် မောနေပြီလား...” သူမ မသိစိတ်က မေးလိုက်မိသည်။
ထိုစကားကို ကြားသောအခါ ရူးသွပ်ဓား၏ မျက်နှာ နီရဲသွားသည်။
ကျင့်ကြံသူ ပိုမို များပြားလာပြီး ထိုစကားကို အချိန်မီ ကြားလိုက်ကြသည်။ သူတို့အားလုံး ထူးဆန်းသော မျက်နှာထားများ ဖြစ်ပေါ်လာပြီး ရူးသွပ်ဓားကို ကြည့်လိုက်ကြသည်။
ရူးသွပ်ဓားရဲ့ ရင်ထဲမှာ ကုလားအုတ် ကောင်ရေ သန်းချီ သောင်းကျန်းပြီး တံတွေးထွေးနေသလို ခံစားနေရမှာပဲဟု သူတို့ တွေးလိုက်မိကြသည်။
“သေစမ်း...” ရူးသွပ်ဓား အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်၏။
သူ၏ အဓိက ကျင့်စဉ်သည်လည်း ‘ချီ ငါးပါး ပေါင်းစည်းခြင်း’ဖြစ်သည်။ ထို့အပြင် သူ၏ အရှိန်အဝါကို ပိုမို ခိုင်မာစေပြီး ဓားအလင်းတန်းကို ပိုမို လွှမ်းမိုးနိုင်ကာ လေးလံစေသော အထောက်အကူပြု ကျင့်စဉ် နှစ်ခု ရှိသည်။
တိုက်ခိုက်ရေးစွမ်းအားကို အကန့်အသတ်ထိ မြှင့်တင်လိုက်ပြီး ပဉ္စမအဆင့် သိုင်းနည်းစနစ် ‘လောင်ကျွမ်းနေသော ဓားအလင်းတန်း’ကို ထုတ်သုံးလိုက်ရာ မီတာရာချီ ရှည်လျားပြီး မီးကဲ့သို့ ပူပြင်းသော ဓားအလင်းတန်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
“ဘုန်း…”
ယခုတစ်ကြိမ်တွင် ဝိညာဉ်မြွေ ပျံသန်းလှေပင် ပြင်းထန်စွာ တုန်ခါသွားပြီး အကာအကွယ် ဒိုင်းသည် မှိန်ဖျော့သွားကာ ပျောက်ကွယ်မလို ဖြစ်သွားသည်။
“စွမ်းလိုက်တဲ့ အင်အား...” အကြီးအကဲ ကုန်းချင်းချိုးသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို အလျင်အမြန် ထုတ်ယူပြီး ဝိညာဉ်မြွေ ပျံသန်းလှေထဲသို့ ထည့်သွင်းကာ စွမ်းအင် မပြတ်တောက်စေရန် လုပ်ဆောင်လိုက်၏။
“ဖောင်း…”
သူမသည် ဝိညာဉ်မြွေ ပျံသန်းလှေ၏ တိုက်ခိုက်ရေး လုပ်ဆောင်ချက်ကို ဖွင့်လိုက်ရာ အလင်းတန်း တစ်ခုသည် လောင်ကျွမ်းနေသော ဓားအရှိန်အဝါကဲ့သို့ ပေါက်ကွဲထွက်လာပြီး လေထုကို လိမ်တွန့်သွားစေသည်။
သို့သော် ရူးသွပ်ဓားသည် အားနည်းသူ မဟုတ်ပေ။ ဓားမကြီးကို ရမ်းခါလိုက်ပြီး အလင်းတန်းကို ခုတ်ပိုင်းပစ်လိုက်ကာ ကုန်းချင်းချိုးဆီသို့ နောက်တစ်ကြိမ် ပြေးဝင်လာသည်။
“ဝိညာဉ်မြွေ ပျံသန်းလှေက အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်ပေမယ့် သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က ပျံသန်းဖို့ပဲ... ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက သိပ်မကောင်းဘူး...” အကြီးအကဲ ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ စကားများကို သတိရလိုက်၏။
ရူးသွပ်ဓားကို သတ်ချင်လျှင် ကိုယ်တိုင် လှုပ်ရှားမှ ဖြစ်မည်ဟု သူမ သဘောပေါက်လိုက်၏။
‘ဝှီး’ ခနဲ မြည်သံနှင့်အတူ ဝိညာဉ်မြွေ ပျံသန်းလှေသည် တစ်ပေအရှည်ခန့် ကျုံ့ဝင်သွားပြီး ကုန်းချင်းချိုး၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်သွားသည်။
“ရေပေါ်ဖြူ မြို့တော် လျှို့ဝှက်သိုင်း...”
“လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ်...”
လက်ဟန်များ ပြုလုပ်လိုက်ရာ ရေနှင့် မီး စွမ်းအားများ သူမကို လွှမ်းခြုံသွားပြီး တိုက်ခိုက်ရေးစွမ်းအား အဆများစွာ တိုးတက်လာကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဋ္ဌမအဆင့်သို့ ရောက်ရှိမလို ဖြစ်သွားသည်။ တောင်နှင့် ရေ ပန်းချီကား ကမ္ဘာသည်လည်း အားဖြည့်မှု ရရှိပြီး သူမ၏ နောက်တွင် ပေါ်လာသည်။
“ဒါ ရေပေါ်ဖြူ မြို့တော် လျှို့ဝှက်သိုင်းပဲ...”
“ရေပေါ်ဖြူ မြို့တော်ရဲ့ သီးသန့် အထောက်အကူပြု ကျင့်စဉ်လို့ ပြောကြတယ်... သိုင်းနည်းစနစ်တွေ အားလုံးရဲ့ စွမ်းအားကို နှစ်ဆ တိုးပေးနိုင်တယ် တဲ့...”
“ငါ သိပြီ... သူက ရေပေါ်ဖြူ မြို့တော်ရဲ့ ဒုတိယမြို့စားမင်းဟောင်း... လက်ရှိ မြူခိုးဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုးပဲ...”
တိုက်ပွဲကို ကြည့်ရှုနေသော ကျင့်ကြံသူများသည် ကုန်းချင်းချိုးကို မှတ်မိသွားကြသည်။
“မြူခိုးဂိုဏ်းက လူ...” ရူးသွပ်ဓား၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
…
ပစ်မှတ်သည် မြူခိုးဂိုဏ်းမှ ဖြစ်ကြောင်းကိုသာ ကြိုတင် သိရှိခဲ့ပါက ဤအလုပ်ကို လုံးဝ လက်ခံခဲ့မည် မဟုတ်။ ထိုအလုပ်ရှင်ကိုပင် ဓားဖြင့် တစ်ချက်တည်း ခုတ်ပိုင်း သတ်ဖြတ်ပစ်ချင်စိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာတော့သည်။
“သူက ဘယ်လိုလုပ် ဒီလောက် သန်မာသွားရတာလဲ...” ဟန်အာသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး လွှမ်းမိုးထားသော အရှိန်အဝါနှင့် ကုန်းချင်းချိုးကို စိုက်ကြည့်ကာ အလွန်အမင်း နောင်တရနေမိသည်။
ဟန်ယီက သူ့အား ဝိညာဉ်ကျောက်တုံး (၅၀၀၀) ပေးအပ်ခဲ့သည်။
သို့သော်ငြား ဟန်အာက ကုန်းချင်းချိုး၏ စွမ်းအားမှာ ထိုမျှလောက် မမြင့်မားနိုင်ဟု တလွဲတွေးထင်ခဲ့မိ၏။ ထို့ကြောင့် အဆင့် (၁၀) စာရင်းဝင် လူသတ်သမား ရူးသွပ်ဓားကို ဝိညာဉ်ကျောက်တုံး (၁၅၀၀) ဖြင့်သာ ငှားရမ်းခဲ့သည်။ ဤမျှဆိုလျှင်ပင် လုံလောက်ပြီဟု မှတ်ယူခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသည့် ဝိညာဉ်ကျောက်တုံးများကိုမူ အပျော်အိမ် တွင် ပျော်ပါးသုံးဖြုန်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုအခါ၌မူ မိမိ၏ ကြီးလေးသော အမှားကို အပြည့်အဝ သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်တော့သည်။
“ဒီလို ဖြစ်မယ်မှန်း သိရင် ဝိညာဉ်ကျောက်တုံး (၅၀၀၀) လုံး သုံးပြီး ထိပ်ဆုံး (၃) ယောက်ထဲက တစ်ယောက်ယောက်ကို ငှားလိုက်ပါတယ်... သူတို့က ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ရောက်နေကြတာ... ကုန်းချင်းချိုးကို အလွယ်တကူ သတ်နိုင်မှာ... အား... ငါ တော်တော် မိုက်မဲတာပဲ...”
ဟန်အာ ငိုချင်သွားပြီး တိတ်တဆိတ် နောက်ဆုတ်ရန် ပြင်လိုက်၏။
ကောင်းကင်ယံ အမြင့်တွင်...
‘လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ်’ စတင် လှုပ်ရှားလာသည်နှင့် တပြိုင်နက် ရေဓားများနှင့် နွယ်ပင်များ အမြောက်အမြားသည် ရူးသွပ်ဓားကို တိုက်ခိုက်လိုက်ပြီး ထူထပ်သော အုပ်စုကြီးဖြင့် ဝိုင်းရံလိုက်ကြသည်။
“ဓားအလင်းတန်း ဘယ်တော့မှ မငြိမ်းစေရ...”
ရူးသွပ်ဓားသည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ပြီး အရူးအမူး ဝှေ့ယမ်းကာ နွယ်ပင်များနှင့် ရေဓားများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။ သို့သော် ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
“ဟွမ်ယွမ် ချီ...”
အကြီးအကဲ ကုန်းချင်းချိုး လက်ဟန်များ ပြုလုပ်လိုက်ရာ ဝိညာဉ်စွမ်းအင် (၅) မျိုး တဖြည်းဖြည်း ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် မီးခိုးရောင် ချီစွမ်းအင် အဖြစ် ပြောင်းလဲကာ အပေါ်မှ ပြင်းထန်စွာ ရိုက်ချလိုက်၏။
“မဖြစ်ဘူး...”
ရူးသွပ်ဓားသည် အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့ (၁၀) ခုကျော်ကို အလျင်အမြန် ပစ်လွှတ်လိုက်ပြီး ခန္ဓာကိုယ် ပတ်လည်တွင် တောက်ပသော အကာအကွယ် ဒိုင်းများ ဖန်တီးလိုက်၏။
“ချီ... တိုက်ခိုက်ခြင်း နည်းစနစ်...”
အကြီးအကဲ ကုန်းချင်းချိုး ရုတ်တရက် လက်ကို ဆန့်တန်းလိုက်ပြီး ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြုကာ ‘ဟွမ်ယွမ် ချီ’ ကို ရူးသွပ်ဓား၏ အားနည်းသော နောက်ကျောဘက်သို့ လမ်းကြောင်းလွှဲပြီး ထိုးသွင်းလိုက်၏။
“ဖောင်း..”
တောက်ပသော အလင်းရောင် ပေါက်ကွဲထွက်လာပြီး ရူးသွပ်ဓားသည် ကြေမွသွားသော ရင်ဘတ်ကို ငုံ့ကြည့်လိုက်၏။ ထို့နောက် ကုန်းချင်းချိုးကို လက်ညှိုးထိုးပြရန် ကြိုးစားသော်လည်း သွေးများ အန်ထွက်လာပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ရွှမ်း...
အကြီးအကဲ ကုန်းချင်းချိုးသည် လက်ချောင်းများကို ဓားအသွင် ပြုလုပ်လိုက်ပြီး ‘စီးဆင်းနေသော အလင်းတန်း ဓားအရှိန်အဝါ’ဖြင့် ရူးသွပ်ဓား၏ လည်ပင်းကို ဖြတ်တောက်လိုက်ကာ အသက်ကို ပြတ်ပြတ်သားသား အဆုံးသတ်ပေးလိုက်၏။
“ရူးသွပ်ဓား ပြန်အသတ်ခံလိုက်ရပြီ...”
ထိုမြင်ကွင်းသည် ကြည့်ရှုသူ အားလုံးကို ထိတ်လန့်သွားစေခဲ့တော့သည်။