အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အခန်း (၃၄၉) လျူမင်၏ သံသယ၊ ချူယွင်အာ
~“ဒီမိန်းမက အရမ်း ကြမ်းတမ်းတာပဲ...”
အဝေးမှ စောင့်ကြည့်နေသော ဟန်အာသည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး မြေကြီးအောက်သို့ ဝင်ရောက်ကာ အမြန်ဆုံး အရှိန်ဖြင့် ထွက်ပြေးသွားသည်။
“သွားပြီ... ဒီတစ်ခေါက် ပြန်ရောက်ရင် အစ်ကိုကြီးရဲ့ အပြစ်ပေးတာ ခံရတော့မယ်...”
ဟန်အာသည် ပြေးရင်းဖြင့် နေ့စဉ်မှတ်တမ်း ရေးမှတ်နေသည်။
ကုန်းချင်းချိုးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမနှင့် အကြည့်ချင်း ဆုံမိသူများသည် အလျင်အမြန် လက်သီးဆုပ် ဂါရဝပြုကြပြီး “အကြီးအကဲကုန်း... ကျွန်တော်တို့က လာကြည့်ရုံ သက်သက်ပါ... အကြီးအကဲကို စိတ်ပူလို့ပါ... ဘာရည်ရွယ်ချက်မှ မရှိပါဘူး...” ဟု ပြောလိုက်ကြသည်။
ကုန်းချင်းချိုး ဘာမှ ဆက်မပြောတော့ပေ။
သူမလည်း နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ချင်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မသင်္ကာစရာကောင်းသူ မတွေ့ရပေ။
အခြားရွေးချယ်စရာ မရှိသဖြင့် သူမသည် ဝိညာဉ်မြွေ ပျံသန်းလှေကို ထုတ်ယူပြီး အပြန်ခရီးကို ဆက်လက် ထွက်ခွာသွားသည်။
မကြာမီ သတင်းတစ်ပုဒ်သည် ခရိုင်ဘုရင်မြို့တော် တစ်ခုလုံးသို့ ဂယက်ထသွားသည်။
“ငါ ကိုယ်တိုင် မြင်လိုက်တာ... ရူးသွပ်ဓားက မြူခိုးဂိုဏ်း အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုးကို သတ်ဖို့ တာဝန်ယူထားပေမယ့်... ပြန်အသတ်ခံလိုက်ရတယ်...”
“ဘာ...”
“ကုန်းချင်းချိုးက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား...”
“သူက မူလက ပဉ္စမအဆင့် ရှိတာ... စစ်ပွဲကြီး တစ်ခုကြောင့် စတုတ္ထအဆင့်ကို ကျဆင်းသွားတာ... ဒါပေမဲ့ ဒီနေ့တော့ သတ္တမအဆင့်ကို ရောက်မလို ဖြစ်နေပြီ... တကယ် အံ့သြစရာပဲ...”
“ဒါပေမဲ့ အဆင့်တူချင်း တိုက်တာတောင် သူက ရူးသွပ်ဓားကို သတ်နိုင်တယ် ဟုတ်လား...”
“ငါ မပြောပြရသေးဘူး... (၁၀) စက္ကန့်တောင် မကြာဘူး... ကုန်းချင်းချိုးက ကွေ့ဝိုက်နိုင်တဲ့ သိုင်းနည်းစနစ်တစ်ခု သုံးပြီး ရူးသွပ်ဓားကို သတ်ပစ်လိုက်တာဟ...”
“ဘာသိုင်းနည်းစနစ်လဲ...”
“ငါ ဝိုးတဝါး မှတ်မိတာကတော့ ချီ... ချီတုန်ခါအေးစက်ခြင်း လား မသိဘူး...”
“ဖွီ... အဲဒါ ချီတိုက်ခိုက်ခြင်း နည်းစနစ်လို့ ခေါ်တာကွ...”
“မဟုတ်ဘူး... ချီတုန်ခါအေးစက်ခြင်း ပါ...”
“ချီတိုက်ခိုက်ခြင်း နည်းစနစ် ပါကွာ...”
...
ခရိုင်ဘုရင်မြို့တော်မှ လူများသည် အချင်းချင်း ငြင်းခုံနေကြပြီး သတင်းသည် လေအလျင်..ဆောင်ကြဥ်း သွားသည်။
ခရိုင်ဘုရင် အိမ်တော်...
အစေခံမလေး၏ သတင်းပေးပို့ချက်ကို ကြားသောအခါ ရှုဟုန်ယွီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အံ့သြတကြီး ရေရွတ်လိုက်၏။ “လိုက်ဖမ်းခံရတာ ကုန်းချင်းချိုး ဟုတ်လား... ပြီးတော့ သူက ရူးသွပ်ဓားကို ပြန်သတ်လိုက်တယ်...”
“ခရိုင်မင်းသမီးကို တင်ပြပါတယ်... ဟုတ်ပါတယ်...” အစေခံမလေးက ခေါင်းညိတ်လိုက်၏။
ရှုဟုန်ယွီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
မူလက သာမန်မျှသာ ဖြစ်သော ကုန်းချင်းချိုးသည် မြူခိုးဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ပိုမို စွမ်းအားကြီးမားလာသည်ကို တွေ့ရှိရသဖြင့် ရှုဟုန်ယွီ၏ မြူခိုးဂိုဏ်းအပေါ် အံ့သြမှုများ ပိုမို နက်ရှိုင်းလာသည်။
*
ဂိုဏ်းချုပ်ခန်းမဆောင်၌...၊
လျူမင်နှင့် မိုဝမ်ရှီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
“ဒီကိစ္စမှာ တစ်ခုခု မှားနေပြီ...” မိုဝမ်ရှီ ရေရွတ်လိုက်၏။
“ကုန်းချင်းချိုးမှာ ရန်သူ ရှိပုံ မရဘူး... ဒါပေမဲ့ တစ်ယောက်ယောက်က လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင်က လူသတ်သမားကို ငှားလိုက်တယ် ဆိုတာ မြူခိုးဂိုဏ်းကို ပစ်မှတ်ထားနေတာပဲ...”
“ဖြစ်နိုင်တယ်...”
လျူမင်သည် လက်ကို နောက်ပစ်ကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ အချိန်က မြူခိုးဂိုဏ်းကို နတ်ဆိုးသားရဲတွေ တိုက်ခိုက်ခဲ့တာနဲ့ ဆက်စပ်နေလောက်တယ်...”
“ဟေ...” မိုဝမ်ရှီ မျက်ခုံးပင့်လိုက်၏။
လျူမင်သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ “ငါ နားလည်သလောက် ဆိုရင် အဲဒီ နတ်ဆိုးသားရဲကို တစ်ယောက်ယောက်က ဆင့်ခေါ်ခဲ့တာ... ဆိုလိုတာက တောင်ပိုင်းမြစ်ဝှမ်း ဒေသ အတွင်းမှာ ပြည်ပရန်သူတွေ ပုန်းအောင်းနေတယ်...”
“ရှီး...” မိုဝမ်ရှီ တုန်လှုပ်သွားသည်။
နတ်ဆိုးဗိုလ်ချုပ် အဆင့် နတ်ဆိုးသားရဲကို ဆင့်ခေါ်နိုင်တဲ့ ပြည်ပရန်သူတွေ ဟုတ်လား...
တကယ်သာ ဆိုရင် ဒါက ကြီးလေးတဲ့ ကိစ္စပဲ…။
“ပြီးတော့ ဒီနေ့ အဖြစ်အပျက်ကို ကြည့်ရင် ကုန်းချင်းချိုးက ငါတို့ ခရိုင်ဘုရင်မြို့တော်ကို အရင် ရောက်လာတယ်... ပြီးမှ ရူးသွပ်ဓားရဲ့ လိုက်ဖမ်းတာ ခံရတယ်... ဒါကြောင့် အဲဒီ ပြည်ပရန်သူတွေက ခရိုင်ဘုရင်မြို့တော် အတွင်းမှာ ပုန်းအောင်းနေဖို့ များတယ်... မင်းနဲ့ငါ နှစ်ယောက်စလုံး သိတဲ့... ရာထူးကြီးပြီး အာဏာရှိတဲ့သူ တစ်ယောက်ယောက်တောင် ဖြစ်နိုင်တယ်...” လျူမင်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ မိုဝမ်ရှီ ပိုမို အံ့သြသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ကြည့်ရတာ ခရိုင်ဘုရင်မြို့တော် စိမ့်ဝင်ခံထားရတာ ကြာပြီ ထင်တယ်...”
“ဟုတ်တယ်...” လျူမင် ခေါင်းညိတ်လိုက်၏။
သူ မပြောပြသော အခြား သတင်းအချက်အလက် တစ်ခုလည်း ရှိနေသေးသည်။
ခရိုင်ဘုရင်မြို့တော်ကို စိမ့်ဝင်ထားသော ပြည်ပရန်သူများသည် အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ပေ။
သို့သော် အခြေအနေ၏ အရေးပါမှုကြောင့် လျူမင် အနေဖြင့် မိုဝမ်ရှီကို ပြောပြ၍ မဖြစ်နိုင်ပေ။ ဒါက ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များသာ သိရှိသင့်သော လျှို့ဝှက်ချက် ဖြစ်သည်။
လောလောဆယ် ထုတ်ဖော်ပြောဖို့ မသင့်တော်သေးဘူး...
“ခန်းမသခင်... အကြီးအကဲ ကုန်းချင်းချိုးကို စောင့်ရှောက်ဖို့ လူလွှတ်လိုက်ရမလား...” မိုဝမ်ရှီ တစ်ခုခုကို သတိရသွားပြီး အလျင်အမြန် မေးလိုက်၏။
“သူ ထုတ်ပြလိုက်တဲ့ စွမ်းအားက ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်ထက် မနိမ့်ဘူး... မင်းနဲ့တောင် ယှဉ်တိုက်နိုင်တယ်... ဘယ်သူ့ကို လွှတ်ပြီး စောင့်ရှောက်ခိုင်းမှာလဲ...” လျူမင် ပြန်မေးလိုက်ရာ မိုဝမ်ရှီ ပါးစပ်ပိတ်သွားရသည်။
ခရိုင်ဘုရင်မြို့တော်တွင် သတင်းများ တောမီးလောင်သကဲ့သို့ ပျံ့ပွားနေသည်။
လူအများစုသည် ကုန်းချင်းချိုးကို မသိကြသော်လည်း အဆင့် (၁၀) ဝင် လူသတ်သမား ရူးသွပ်ဓားကို သိကြပြီး ကြောက်ရွံ့လေးစားကြ၏။
သို့သော်၊ ယခု ရူးသွပ်ဓားက ကုန်းချင်းချိုး၏ ပြန်သတ်တာ ခံလိုက်ရသည်...။
သတင်း ထွက်ပေါ်လာသည်နှင့် ချက်ချင်း တုန်လှုပ်သွားကြ၏။
“ကုန်းချင်းချိုးက မြူခိုးဂိုဏ်းကို ဝင်ပြီး ဒီလောက် စွမ်းအားကြီးလာတာလား... သူ့ရဲ့ စွမ်းအားက ကြယ်တစ်ပွင့် ဂိုဏ်းချုပ် အများအပြားကိုတောင် ကျော်လွန်နေပြီ...”
“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက ပိုတောင် စွမ်းသေးတယ် လို့ ကြားတယ်... အထွတ်အထိပ် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ကိုတောင် သတ်ခဲ့ဖူးတယ်တဲ့...”
“မြူခိုးဂိုဏ်း စောင့်ရှောက်သူက ပိုတောင် ကြောက်စရာ ကောင်းသေးတယ်... နတ်ဆိုးဘုရင် အဆင့် မိစ္ဆာကောင်ကို လူပုံအလယ်မှာ ဖောက်ခွဲပစ်လိုက်တာတဲ့...”
ခရိုင်ဘုရင်မြို့တော်မှ လူများသည် စတင် ဆွေးနွေးလာကြသည်။
လူနည်းစုကတော့ မြူခိုးဂိုဏ်း တကယ် သန်မာသည်ဟု ယူဆပြီး စိတ်ရင်းမှန်နှင့် အသိအမှတ် ပြုလိုက်ကြသည်။
*
ကျောက်မဲ ကန္တာရ၏ မြေအောက်တွင်...၊
[ဂိုဏ်းဂုဏ်သတင်း +၁၅၇၂]
[ဂိုဏ်းဂုဏ်သတင်း +၁၂၇၇]
ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို နားထောင်ရင်း ကြောင်တောင်တောင် ဖြစ်သွား၏။
ဟူဖေးဖေးက ဂျိုတစ်ချောင်း နတ်ဆိုးကို ဖောက်ခွဲပစ်လိုက်သော ကိစ္စနှင့် တောင်ပိုင်းမင်နိုင်ငံ မြောက်ပိုင်းလျန်မြို့တော် တိုက်ပွဲ အပြီးမှာ မြူခိုးဂိုဏ်း၏ ဂုဏ်သတင်း အမှတ်တွေက တစ်သန်းကျော်အထိ ထိုးတက်သွားခဲ့သည်။
သို့ရာတွင်၊ နောက်ပိုင်းမှာ တည်ငြိမ်သွားပြီး တစ်နေ့ကို (၁၀၀) ဝန်းကျင်လောက်ပဲ တိုးတော့သည်။ ...
ယနေ့တော့ သောင်းချီ တိုးတက်လာသည် မဟုတ်ပါလော...။
“ဘာဖြစ်တာလဲ...”
“မင်းသမီးလေး အပြင်ထွက်ပြီး ပြဿနာ ရှာပြန်ပြီလား...”
ယဲ့ဖုန်း ပိုမို နားမလည်နိုင် ဖြစ်လာသည်။
အကြောင်းရင်းကို မသိရသော်လည်း ဂုဏ်သတင်း အမှတ်များ တိုးလာခြင်းသည် ကောင်းသော ကိစ္စ ဖြစ်သည်။ များလေ ကောင်းလေပင်။
လက်ရှိတွင် ဂုဏ်သတင်း အမှတ်များကို အကောင်းဆုံး အသုံးပြုနည်းမှာ “ဖွံ့ဖြိုးတိုးတက်ခြင်း” ဖြစ်ပြီး သိုင်းနည်းစနစ်များ၊ ကျင့်စဉ်များနှင့် လျှို့ဝှက်နည်းစနစ်များကို လျင်မြန်စွာ နားလည်သဘောပေါက်စေကာ ယဲ့ဖုန်းကို စစ်မှန်သော မှော်ဆရာကြီး တစ်ဦး အဖြစ် ပြောင်းလဲပေးနိုင်သည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ မလှုပ်ရှားသေးဘူးလား...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိတ်မရှည် ဖြစ်လာ၏။
ထိုအချိန်တွင် သူတို့နှစ်ဦးသည် ပိလျန်အာ အဖြစ် ရုပ်ဖျက်ထားဆဲ ဖြစ်ပြီး သီးသန့် ခြံဝန်း တစ်ခုတွင် ထိုင်နေကြသည်။
“မလောနဲ့... အခွင့်အရေး စောင့်နေ...” ယဲ့ဖုန်း တိုးညှင်းစွာ ပြောလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း သိမ်းပိုက်ထားသော မြေအောက် နေရာလပ်သည် မတူညီပေ။ ဤနေရာတွင် နေလုံးတု ရှိပြီး ညအချိန် နည်းပါးသည်။
‘နေ့ခင်းကြောင်တောင်ကြီး အပြင်ထွက်ပြီး လျှို့ဝှက်ချက်တွေ စုံစမ်းဖို့ မသင့်တော်ဘူး...
ဒါပေမဲ့ အပင်တွေက အလင်းရောင် အပြင် အမှောင်ထုလည်း လိုအပ်တယ်...
ဒါကြောင့် မြေအောက် နေလုံးတုကို ပိတ်မယ့် အချိန် ရှိကို ရှိရမယ်။
အဲဒီအချိန်ကျမှ ငါတို့ရဲ့ တာဝန်ကို စတင်ရမယ်..’
ယဲ့ဖုန်း ခန့်မှန်းလိုက်၏။
“ပိလျန်အာ... ငါ့နာမည်က ‘ချူယွင်အာ’ ပါ... ဒီနေ့ကစပြီး ငါက မင်းရဲ့ ဆရာ ဖြစ်လာမယ်... မင်းကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာ သီးသန့် သင်ကြားပေးမယ်...”
အပြာရောင် ဂါဝန် ဝတ်ဆင်ထားသော ကျက်သရေရှိပြီး လှပသည့် အမျိုးသမီး တစ်ဦး ခြံဝန်းထဲသို့ ဝင်ရောက်လာသည်။
သူမသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ ကြီးကြပ်သူ တစ်ဦး ဖြစ်သည်။
အသက် (၃၀) ဝန်းကျင် ရှိပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်ကို ချိုးဖျက်ပြီးကာစ ဖြစ်သည်။ ပြုံးလိုက်သောအခါ ပါးချိုင့်လေး နှစ်ခု ပေါ်လာတတ်သည်။
“ဂါရဝပြုပါတယ် ဆရာ...” ပိလျန်အာ အလျင်အမြန် ဦးညွှတ်လိုက်၏။
“ဒါက ကျင့်စဉ် ‘ချီငါးပါး ပေါင်းစည်းခြင်း’ ပဲ... ဘယ်လို ကျင့်ကြံရမလဲ ဆိုတာ သင်ပေးမယ်...” ချူယွင်အာသည် လက်ကို ဆန့်တန်းလိုက်ပြီး ပိလျန်အာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သွေးခုန်နှုန်း စမ်းသပ်လိုက်၏။
“ကောင်းလိုက်တဲ့ အထိအတွေ့...”
ချူယွင်အာ၏ လက်နှင့် ထိတွေ့လိုက်သောအခါ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် စိတ်ထဲမှ တောဝက်ကြီး တစ်ကောင်လို မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားသည်။
ထားလိုက်ပါတော့... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် အနေနဲ့ ချူယွင်အာကို အခွင့်ကောင်းယူချင်ရင်လည်း ယူပါစေတော့... ငါ့ရဲ့ အစီအစဉ်ကို မထိခိုက်သရွေ့ ကိစ္စမရှိပါဘူး...
“လျန်အာ... ဘာလို့ ဆရာ့လက်ကို ကိုင်ထားတုန်းလဲ...” ချူယွင်အာ စပ်စုလိုက်၏။ ရှေ့ရှိ ပိလျန်အာသည် သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး ရံဖန်ရံခါ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကို သတိထားမိလိုက်၏။
“ဆရာ့ရဲ့ ကိုယ်လုံးလေးက သိပ်လှတာပဲ...” ပိလျန်အာ ပြုံးလိုက်၏။
“ဟေ...” ချူယွင်အာသည် ပိလျန်အာ၏ နဖူးကို လက်ဖြင့် တောက်လိုက်ပြီး ဆူပူလိုက်၏။ “ကောင်မလေး... ဘာလို့ ဆရာ့ ကိုယ်လုံးကို လာကြည့်နေတာလဲ... ငါကသာ မင်းရဲ့ ကိုယ်လုံးကို အားကျနေရတာ... ငါ့ထက်တောင် ပိုသွယ်လျသေးတယ်...”
ပြောရင်းနှင့်၊ ချူယွင်အာ လက်ကို ဆန့်တန်းလိုက်၏။
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် အထိအတွေ့ကို ခံစားရင်း အပြင်ပန်းတွင် ရှက်ရွံ့သယောင် ဆောင်နေသော်လည်း စိတ်ထဲတွင်မူ ပျော်မြူးနေသည်။
“မိန်းမလို ဝတ်ရတာ ကြိုက်သွားပြီကွာ...”
“ဂိုဏ်းချုပ်... ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ချူယွင်အာကို ကျွန်တော့်ဘက် ပါလာအောင် စည်းရုံးပြီး (၆) ယောက်မြောက် ကျင့်ကြံဖော်လုပ်လိုက်တော့မယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ယဲ့ဖုန်းထံ အသံလွှဲပြောင်း ပြောကြားလိုက်၏။
“ငါတို့က ဒီကို သူလျှိုလာလုပ်တာ... မိန်းမပိုးဖို့ လာတာ မဟုတ်ဘူး...” ယဲ့ဖုန်းသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ကြိုးတုပ်ပြီး ရိုက်ချင်စိတ် ပေါက်သွားသည်။
“သူ့ကို စည်းရုံးလိုက်ရင် သတင်းအချက်အလက်တွေ ပိုရနိုင်တာပေါ့...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိတ်ထဲကနေ ရေရွတ်လိုက်၏။
ယဲ့ဖုန်း ပို၍ပင် စကားမပြောနိုင် ဖြစ်သွားသည်။
သူ ပြောချင်တာကတော့... မင်း တကယ်ပဲ ချူယွင်အာကို စည်းရုံးချင်တာလား... မဟုတ်ပါဘူး... မင်းက သူ့ခန္ဓာကိုယ်ကို မက်မောနေတာပါ... ယုတ်မာလိုက်တဲ့ ကောင်…
အခန်း (၃၅၀) ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ အထောက်အထား
~ချူယွင်အာသည် ‘ပိလျန်အာ’ ကို ကြည့်လိုက်၏။
မိန်းကလေး၏ အကြည့်များသည် သူမအပေါ် ပိုမို ရဲတင်းလာသည်ကို ခံစားလိုက်ရပြီး မျက်နှာ ရဲခနဲ ဖြစ်သွားသည်။
“တပည့်လေး... ဘာလုပ်နေတာလဲ... ဘာလို့ ဆရာ့ကို အဲဒီလို စိုက်ကြည့်နေတာလဲ... ငါ့မျက်နှာပေါ်မှာ ပန်းပွင့်နေလို့လား...”
ချူယွင်အာ တိုးညှင်းစွာ ပြောလိုက်၏။
သူမ၏ အသံသည် နူးညံ့သိမ်မွေ့နေပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ ရင်ကို ဗြောင်းဆန်သွားစေကာ သူမကို ကျင့်ကြံဖော် အဖြစ် ချက်ချင်း သိမ်းပိုက်လိုက်ချင်စိတ် ပေါက်သွားစေသည်။
ယဲ့ဖုန်းသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပရောပရည် လုပ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
ဒီကောင် မရိုးသားဘူး ဆိုတာ သိသာနေသည်...။
“ဆရာ... နှိပ်နယ်ပေးပါရစေ...” ချူယွင်အာ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် လမ်းကြောင်းလွှဲလိုက်၏။
“နှိပ်နယ်ပေးမယ် ဟုတ်လား... ဒါပေမဲ့ မင်း ကျင့်ကြံရဦးမယ်လေ...” ချူယွင်အာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ “ဒါနဲ့... အကြီးအကဲ ပေးလိုက်တဲ့ ဝိညာဉ်မျက်လုံးဖွင့် ဆေးရည်တွေ ကုန်သွားပြီလား...”
“မပူပါနဲ့ ဆရာ... တပည့် ဝိညာဉ်မျက်လုံး အောင်မြင်စွာ ဖွင့်ပြီးပါပြီ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ထပ်မံ ချွဲနွဲ့လိုက်ပြီး ချူယွင်အာ၏ နောက်ကျောဘက်သို့ သွားကာ ညင်သာစွာ စတင် နှိပ်နယ်ပေးလိုက်၏။
“အင်း... မင်းလက်ရာ မဆိုးဘူးပဲ...” ချူယွင်အာ၏ မျက်လုံးများ ကျေနပ်အားရမှုကြောင့် အရောင်လက်သွားသည်။
“ကျေးဇူးတင်ပါတယ် ဆရာ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ပိလျန်အာ၏ အသံဖြင့် ရယ်လိုက်၏။
သူ ပြောချင်တာကတော့... အဖော်မလေးတွေရဲ့ ခြေထောက်ကို နေ့တိုင်း နှိပ်နယ်ပေးနေတာလေ... ဘယ်လိုလုပ် မကျွမ်းကျင်ဘဲ နေမလဲ...
“ကဲ... အချိန်တန်ပြီ... တပည့်လေး... စတင် ကျင့်ကြံတော့...” ချူယွင်အာ ရုတ်တရက် တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ...” ပိလျန်အာ၏ အသံဖြင့် ပြန်ဖြေလိုက်၏။
ထို့နောက် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ဆက်လက် မချွဲနွဲ့ရဲတော့ဘဲ ကျင့်ကြံချင်ယောင်ဆောင်ကာ ချီကျင့်ကြံခြင်း ပထမအဆင့်သို့ လျင်မြန်စွာ “တက်လှမ်း” လိုက်၏။
“မြန်လိုက်တဲ့ အရှိန်အဟုန်... အဆင့်မြင့် ပါရမီ ဆိုတဲ့အတိုင်းပဲ...” ချူယွင်အာ အံ့သြသွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
“စိတ်မပူပါနဲ့ ဆရာ... တပည့် ဝိညာဉ်ပင်လယ်အဆင့် ရောက်ရင် ဆရာ့ကို စောင့်ရှောက်ပေးပါ့မယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် လေးနက်စွာ ကတိပေးလိုက်၏။
“ကောင်မလေး... ရည်မှန်းချက် ကြီးသားပဲ...” ချူယွင်အာသည် ပိလျန်အာ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်၏။ “ကဲ... ဆက်ကျင့်ကြံတော့...”
“ဆရာ... ဆရာ့အကြောင်းလေး ပြောပြပါလား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ချွဲနွဲ့လိုက်၏။
ချူယွင်အာ၏ မျက်နှာထား ရုတ်တရက် ဝမ်းနည်းသွားသည်။
“ဟူး... ပြီးခဲ့တာတွေ မပြောတာ ကောင်းပါတယ်...” သူမ ခေါင်းခါလိုက်၏။ မေ့ပစ်ချင်သော အတိတ်များ ရှိနေပုံ ရသည်။
“တောက်... အတိတ်ဇာတ်လမ်း ရှိတဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတွေကို ငါ သိပ်ကြိုက်တာကွာ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိတ်ထဲတွင် ကျေနပ်စွာ ရယ်လိုက်၏။
ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။
ထားလိုက်ပါတော့... တာဝန်ပြီးမြောက်ဖို့ အဓိကပဲ... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဘယ်လို ပရောပရည် လုပ်လုပ် ကိစ္စမရှိပါဘူး...
“ဆရာ... အတိတ်မှာ ဘယ်လို ဝမ်းနည်းစရာတွေ ရှိခဲ့ရှိခဲ့... တပည့်က ဆရာ့စိတ်ကို နွေးထွေးအောင် လုပ်ပေးပါ့မယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ထပ်မံ ချွဲနွဲ့လိုက်ပြန်သည်။
“မကဲနဲ့...” ချူယွင်အာ စိတ်ဆိုးသလို ပြောလိုက်သော်လည်း ရင်ထဲတွင် နွေးထွေးသွားသည်။
“ဆရာ... ကျွန်မတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ ဘယ်လို လူတွေ၊ ဘယ်လို အဖြစ်အပျက်တွေ ရှိလဲဟင်... ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဆိုတော့ ဘာမှ မသိဘူး...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ချူယွင်အာ၏ ခြေထောက်ကို နှိပ်နယ်ပေးရင်း ပါးပါးနပ်နပ် မေးမြန်းလိုက်၏။
ရှေ့ရှိ မိန်းကလေးသည် သူလျှိုတစ်ယောက် ဖြစ်ကြောင်း ချူယွင်အာ မသိရှိသဖြင့် ခဏ စဉ်းစားပြီးနောက် တိုးညှင်းစွာ ပြောပြလိုက်၏။
“ဂိုဏ်းသား အရေအတွက် အတိအကျကိုတော့ ဆရာလည်း မသိဘူး... ဒါပေမဲ့ ဂိုဏ်းဝင် တစ်ထောင်ကျော် ရှိတယ် ဆိုတာတော့ သိတယ်... အများစုက ဂိုဏ်းထဲမှာ မရှိကြဘူး...”
“ဝါး.. လူတွေ အများကြီးပဲ... ဆရာ... အကြီးအကဲ ပြောတော့ ဂိုဏ်းချုပ် လာတွေ့မယ် ဆို... တကယ်လားဟင်...”
“ဟုတ်တယ်...” ချူယွင်အာ ခေါင်းညိတ်လိုက်၏။
“ဒါဆို ဂိုဏ်းချုပ်က ကျွန်မတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ အသန်မာဆုံးပေါ့နော်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဆက်လက် စပ်စုလိုက်၏။
“မဟုတ်ဘူး...” ချူယွင်အာ ခေါင်းခါလိုက်၏။ “ဂိုဏ်းချုပ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ရောက်နေပြီး အရမ်း စွမ်းအားကြီးတယ် ဆိုပေမယ့်... သူ့အထက်မှာ ဒဏ္ဍာရီလာ ဝိညာဉ်ပင်လယ်အဆင့်ကို ရောက်ရှိနေတဲ့ ဂိုဏ်းချုပ်ဟောင်း ရှိသေးတယ်...”
“ဝိ... ဝိညာဉ်ပင်လယ်အဆင့်... တကယ်ကြီးလား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် အမှန်တကယ် တုန်လှုပ်သွားသည်။ ဟန်ဆောင်ခြင်း မဟုတ်ဘဲ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်ဟောင်းလည်း အသန်မာဆုံး မဟုတ်သေးဘူး ထင်တယ်... ဆရာ သိသလောက် ဆိုရင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အထွတ်အထိပ် အကြီးအကဲ ကောင်စီ ရှိသေးတယ်... အဲဒီအထဲမှာ ဘယ်သူတွေ ပါလဲ ဆိုတာတော့ ဆရာ မသိဘူး...” ချူယွင်အာ သိသမျှ အကုန် ပြောပြလိုက်၏။
ချူယွင်အာ၏ အမြင်တွင် ပိလျန်အာသည် ထူးကဲသော ပါရမီ ရှိသူ ဖြစ်သဖြင့် တစ်နေ့တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်လာမည် ဖြစ်ပြီး ထိုအကြောင်းအရာများကို သိရှိလာရပေလိမ့်မည်။
“ဒါနဲ့... ဘာလို့ ကျွန်မတို့ ဂိုဏ်းက တခြား ဂိုဏ်းတွေလို တောင်ပေါ်မှာ မဆောက်ဘဲ မြေအောက်မှာ ပုန်းနေရတာလဲဟင်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဆက်လက် စုံစမ်းလိုက်၏။
“အဲဒါတော့ ဆရာ မသိဘူး...” ချူယွင်အာ ခေါင်းခါလိုက်၏။ “ကဲ... တော်ပြီ... မင်း ဆက်ကျင့်ကြံတော့... ဆရာ သွားစရာ ရှိသေးတယ်... နောက်မှ ပြန်လာခဲ့မယ်...”
“ဆရာ... မသွားခင် ခြေထောက် နှိပ်ပေးပါဦးမယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် အခွင့်ကောင်းယူရတာ စွဲလမ်းသွားပြီး လက်လှမ်းလိုက်၏။
“အင်း... ပြီးရော...” ချူယွင်အာ ခဏ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ် သဘောတူလိုက်၏။
...
တစ်နာရီ ကြာပြီးနောက်...
ချူယွင်အာ သီးသန့် ခြံဝန်းထဲမှ ထွက်ခွာသွားသည်။
“ဂိုဏ်းချုပ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တော်တော် နက်ရှိုင်းတာပဲ... ဝိညာဉ်ပင်လယ်အဆင့် ဂိုဏ်းချုပ်ဟောင်း ရှိတဲ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ အထွတ်အထိပ် အကြီးအကဲ ကောင်စီလည်း ရှိသေးတယ်... အဲဒီထဲမှာလည်း ဝိညာဉ်ပင်လယ်အဆင့်တွေ ပါလောက်တယ်... ချူယွင်အာကို ခေါ်ပြီး ထွက်ပြေးကြရင် ကောင်းမလား...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ကြောက်လန့်နေသည်။
“ဘာလောနေတာလဲ... တာဝန်မှ မပြီးသေးတာ...” ယဲ့ဖုန်း ပြန်မသွားချင်သေးပေ။
စနစ်က တာဝန်ပြီးမြောက်ကြောင်း အချက်ပြခြင်း မရှိသေးသဖြင့် ယခု ထွက်ခွာသွားပါက ကြိုးစားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
“ကောင်းပါပြီဗျာ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သို့သော် ချူယွင်အာကို တွေးမိသည်နှင့် ချက်ချင်း ပြုံးဖြီးဖြီး ဖြစ်သွားပြီး သူမဆီမှ သတင်းအချက်အလက်များ မည်သို့ ဆက်လက် ရယူရမည်ကို စဉ်းစားနေလိုက်၏။
...
မြူခိုးတောင်ထိပ်...
ဟူဖေးဖေးသည် လက်သီးဆုပ် အရွယ်အစားရှိသော သံလုံးတစ်လုံးကို လေထဲသို့ ပစ်တင်လိုက်ပြီးနောက် အဖြူရောင် တုတ်တိုလေးဖြင့် ရိုက်ထုတ်လိုက်ရာ အလင်းတန်း တစ်ချက် အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားသည်။
“ပျော်စရာကြီး...”
သူမသည် သံလုံးအသစ် တစ်လုံး ကောက်ယူလိုက်ပြီး ဆက်လက် ကစားနေသည်။
ထိုအချိန်တွင် ဝိညာဉ်မြွေ ပျံသန်းလှေကို ကိုင်ဆောင်ထားသော ကုန်းချင်းချိုး ရောက်ရှိလာပြီး ဦးညွှတ်ကာ မေးလိုက်၏။ “စောင့်ရှောက်သူ မင်းသမီးလေး... ဂိုဏ်းချုပ် ပြန်မရောက်သေးဘူးလားဟင်...”
ဟူဖေးဖေး နှုတ်ခမ်းကို ကိုက်လိုက်ပြီး စဉ်းစားကာ ခေါင်းညိတ်လိုက်၏။ “အင်း... ပြန်မရောက်သေးဘူး...”
“ဒါဆို... ဂိုဏ်းချုပ် ဘယ်တော့ ပြန်လာမလဲ ဆိုတာ သိလားဟင်...” ကုန်းချင်းချိုး မေးလိုက်၏။
“မသိဘူး...” ဟူဖေးဖေး ခေါင်းခါလိုက်ရာ ပန်းရောင် ဆံနွယ်ရှည်များ ယိမ်းထိုးသွားသည်။
“ကောင်းပါပြီ...”
ကုန်းချင်းချိုးသည် ဖေးလိုင်တောင်ထိပ်သို့ ပြန်သွားပြီး ဒုတိယမျိုးဆက် တပည့်များကို ဆက်လက် သင်ကြားပေးလိုက်၏။ ထို့နောက် လန်တယ်၊ ကျားယွိလန်နှင့် ယန်ရူယွီတို့ကို ခေါ်ဆောင်ကာ ရွှေယန် မြို့တော် အပျက်အစီးများဆီသို့ သွားရောက်ပြီး ဝိညာဉ်ဆေးပင် စိုက်ခင်း တည်ဆောက်ရေး အသေးစိတ် အစီအစဉ်များကို ဆွေးနွေးလိုက်ကြသည်။
*
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ကျောက်မဲ ကန္တာရ၏ မြေအောက်တွင်...
အနက်ရောင် ဝတ်စုံနှင့် မျက်နှာဖုံး ဝတ်ဆင်ထားသော မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် အဖြစ် ဝင်ရောက်လာလေသည်။
သူသည် “ပိလျန်အာ” ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ အာမေဋိတ် ပြုလိုက်၏။ “မဆိုးဘူး... တကယ်ကို အဆင့်မြင့် ဝိညာဉ်အမြစ် ပဲ...”
ထိုအချိန်တွင် ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို တိတ်တဆိတ် ထိန်းချုပ်ပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်ကာ ပုန်းအောင်းနေစေလိုက်၏။
ဤစွမ်းအင်သည် စောင့်ကြည့်မှု အတိုင်းအတာ တစ်ခုအထိ ပေးစွမ်းနိုင်ပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်မည် ဖြစ်သည်။
ဒါက သူ၏ ရည်ရွယ်ချက်ပင်..။
“ဂိုဏ်းချုပ်... လျန်အာက လက်ရှိ ကျွန်မရဲ့ တပည့်ပါ... သူ အလျင်အမြန် တိုးတက်လာပြီး အကြီးအကဲ အဆင့်ထိ ရောက်လာမယ်လို့ ယုံကြည်ပါတယ်...” ချူယွင်အာက ဘေးမှ ဝင်ရောက် ချီးကျူးလိုက်၏။
“အင်း... ကောင်းတယ်...” ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ အားလုံးကို ထွက်သွားရန် လက်ပြလိုက်၏။
မကြာမီ “ပိလျန်အာ” သည် သူမ၏ ခြံဝန်းသို့ ပြန်ရောက်လာသည်။
“ဂိုဏ်းချုပ်... တစ်ခုခု ရလိုက်လား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က စပ်စုလိုက်၏။
သူသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော လေဓာတ် ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်သော်လည်း ယဲ့ဖုန်း ဘာလုပ်လိုက်မှန်း ရိပ်မိနေသည်။
“မပူပါနဲ့... အထဲ အရင် ဝင်ကြစို့...” ယဲ့ဖုန်း ပြောလိုက်၏။
“ကောင်းပါပြီ...”
အိမ်ထဲတွင် “ပိလျန်အာ” သည် ကူရှင်ပေါ်၌ တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများ မှိတ်ထားသည်။ ယဲ့ဖုန်းသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲတွင် ထားရစ်ခဲ့သော လေဓာတ် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ပတ်ဝန်းကျင် အခြေအနေကို သူ့မျက်လုံးများမှတဆင့် ကြည့်ရှုနေသည်။
ထိုအချိန်တွင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ တံခါးများကို ပိတ်လိုက်၏။
သူသည် ရှေးဟောင်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်ပြီး နံရံပေါ်တွင် ကပ်လိုက်ရာ ပိုမို နက်ရှိုင်းသော မြေအောက် လမ်းကြောင်း တစ်ခု ပွင့်လာသည်။
“တကယ် လျှို့ဝှက်ချက် ရှိတာပဲ...”
ယဲ့ဖုန်း အာရုံစိုက် ကြည့်ရှုနေပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို သတိရှိရှိ နေရန်နှင့် လာရောက်သူ ရှိပါက ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားလိုက်၏။
...
မြေအောက် နက်ရှိုင်းသော နေရာတွင်...
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် မိုင်ရာချီ နက်ရှိုင်းသော နေရာ တစ်ခုသို့ ရောက်ရှိသွားသည်။ လေဓာတ် ဝိညာဉ်စွမ်းအင်နှင့် ယဲ့ဖုန်းတို့၏ ဆက်နွယ်မှုသာ မနီးကပ်လျှင် ဤအကွာအဝေးမှ ပုံရိပ်နှင့် အသံများကို ပြန်လည် ပေးပို့နိုင်မည် မဟုတ်ပေ။
မြင်ကွင်းထဲ၌…၊
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် ဧရာမ တံခါးကြီး တစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး တောက်ပသော နေရာလပ် တစ်ခုထဲသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရ၏။
တိမ်တိုက်များနှင့် မြူခိုးများ ဝန်းရံနေပြီး ကြမ်းပြင်တွင် ကျောက်ပြားများ ခင်းထားသည်။
(၉) ထပ် နတ်ဆိုးချုပ်နှောင်မျှော်စင် (၁၂) ခုသည် မြေပြင်ပေါ်တွင် တည်ရှိနေပြီး တစ်ခုစီ၏ အပေါ်တွင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် တစ်ဦးစီ တင်ပျဉ်ခွေ ထိုင်နေကြ၏။
“ဝိညာဉ်ပင်လယ်အဆင့်တွေ အများကြီးပါလား...”
ယဲ့ဖုန်း အသက်ရှူမှားသွားသည်။
သို့သော် ဤထိတ်လန့်ဖွယ် သတင်းကို မကြေညက်နိုင်မီတွင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် မျက်နှာဖုံးနှင့် ဝတ်ရုံခေါင်းဆောင်းကို ဖယ်ရှားလိုက်သည်ကို တွေ့လိုက်ရသည်။ ရင်းနှီးနေသော အိုမင်းရင့်ရော်သည့် မျက်နှာ တစ်ခု ပေါ်ထွက်လာသည်။
“လက်ရှိ မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ...”
“သူက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ဖြစ်နေတာလား...”
“အိုး..ဂေါ့ဒ်...”
ယဲ့ဖုန်း ထိုမြင်ကွင်းကြောင့် ဆွံ့အသွားရ၏။
အခန်း (၃၅၁) ချုပ်နှောင်ခံထားရသော မိစ္ဆာကောင်နှင့် ရှေ့ဖြစ်ဟော
~မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲနှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် တို့သည် တစ်ဦးတည်း ဖြစ်နေလိမ့်မည်ဟု ယဲ့ဖုန်း လုံးဝ ထင်မှတ်မထားခဲ့ပေ။
'ဒီနေ့သာ သူ့နား ကပ်ခွင့်ရလို့ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စ လွှတ်ပြီး စောင့်ကြည့်ခွင့် မရခဲ့ရင် ငါ လုံးဝ သိလိုက်ရမှာ မဟုတ်ဘူး...'
ထိတ်လန့်အံ့သြမှုများနှင့်အတူ ယဲ့ဖုန်း ဆက်လက် ကြည့်ရှုနေလိုက်၏။
မျှော်စင် (၁၂) ခု၏ အထက်တွင် သံကြိုးများဖြင့် ချိတ်ဆက်ထားပြီး အလယ်ဗဟိုရှိ မီတာ (၁၀၀) ခန့် မြင့်မားသော အသားတောင် မိစ္ဆာကောင်ကြီးကို ဖိနှိပ်ချုပ်နှောင်ထားသည်။
အသားတောင် မိစ္ဆာကောင်ကြီး၏ ဦးခေါင်းအထက်တွင် ထူထပ်သော ပင့်ကူအိမ်များဖြင့် ချိတ်ပိတ်ထားသော လူတစ်ဦး ရှိသည်။ သူသည် နံရံဆေးရေး ပန်းချီကားထဲမှ ရှေ့ဖြစ်ဟောနှင့် တစ်ထပ်တည်း တူညီနေပြီး သစ်သားတောင်ဝှေးကိုပင် ဘေးသို့ လွှင့်ပစ်ခံထားရသည်။
"နတ်ဆိုးဘုရင် အဆင့် အသားတောင် မိစ္ဆာကောင်ကြီးနဲ့ ကျင့်ကြံဆင့် မသိရတဲ့ ရှေ့ဖြစ်ဟော တစ်ဦးကို ချုပ်နှောင်ထားတာပါလား..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
"ရောက်လာပြီလား..."
ထိုအချိန်တွင် အနက်ရောင် ဝတ်ရုံလွှမ်းထားပြီး မျက်နှာဖုံးစွပ်ထားသော ပုံရိပ်တစ်ခု ပေါ်လာသည်။
'ဒါက မြေအောက် နေရာလပ်ထဲက (၁၃) ယောက်မြောက် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်ပဲ...'
'ဒါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းလား...'
ယဲ့ဖုန်းသည် ဤပုဂ္ဂိုလ်မှာ လန်တယ် ပြသခဲ့သော ပုံရိပ်ယောင်ထဲမှ ဂိုဏ်းချုပ်ဟောင်းနှင့် တူညီနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ခန့်မှန်းလိုက်၏။
(တီ..တီ.. ဘေးထွက် တာဝန် ပြီးဆုံးပါပြီ...)
ထိုအချိန်တွင် စနစ်၏ အသိပေးချက် ယဲ့ဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသဖြင့် အကြီးအကျယ် အံ့သြသွားသည်။
'ဒီလောက်နဲ့ ပြီးသွားပြီလား...'
'နည်းနည်းတော့ မြန်လွန်းမနေဘူးလား...'
'ဒါ မိန်းမလို ဝတ်ထားလို့ ရတဲ့ အကျိုးကျေးဇူးလား...'
ထိုသို့ တွေးတောရင်း ယဲ့ဖုန်း၏ မျက်နှာထား ပိုမို ထူးဆန်းလာသည်။
(တင်း..“ဂိုဏ်းချုပ်... ဘေးထွက်တာဝန်လေး ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... ဆုလာဘ်အနေနဲ့ အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး (၁၀) လုံး၊ ပဉ္စမအဆင့် သိုင်းနည်းစနစ် ‘မူလစွမ်းအင် ခဲခြင်း တံဆိပ်’ နဲ့ အဆင့်မြင့် ဝိညာဉ်လက်နက် ‘ခရမ်းတိမ်တိုက် ရတနာဝတ်ရုံ’ (၁) ထည်တို့ကို လက်ခံရရှိသွားပါပြီ...)
စနစ်က အသိပေးလိုက်၏။
သို့သော် ယဲ့ဖုန်းသည် ထိုပစ္စည်းများကို စိတ်မဝင်စားဘဲ စနစ်နေရာလပ် ထဲသို့ ထည့်သွင်းလိုက်ပြီး ဆက်လက် စောင့်ကြည့်နေလိုက်၏။
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းကို ဘာပြောမလဲ ဆိုတာ သူ သိချင်နေမိသည်။
ထိုအချိန်တွင် မြေအောက် နေရာလပ်၌...
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းသည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး အလွန် အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ဝိညာဉ်ပင်လယ် အဆင့်မြင့် ပညာရှင် တစ်ဦး အမှန်ပင် ဖြစ်သည်။
ကျန်ရှိနေသော ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၁၂) ဦးမှာမူ သာမန် အဆင့်များသာ ဖြစ်ကြပြီး ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ကောင်စီဝင်များ ဖြစ်နိုင်ကြောင်း ယဲ့ဖုန်း ခန့်မှန်းလိုက်၏။
'ဝိညာဉ်ပင်လယ်အဆင့် (၁၃) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အင်အားစုကြီးပဲ... အဲဒီအထဲမှာ ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ကို ရောက်မလို တစ်ယောက် ပါနေတယ်... တော်တော် ကြောက်စရာ ကောင်းတာပဲ...'
ယဲ့ဖုန်း၏ မျက်နှာထား တဖြည်းဖြည်း လေးနက်လာသည်။
"အဖေ... ထပ်ပြီး ညွှန်ကြားစရာ ရှိပါသေးသလား..."
ထိုအချိန်တွင် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ ပြောလိုက်သော စကားတစ်ခွန်းသည် ယဲ့ဖုန်းကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
'ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းက မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲရဲ့ အဖေ ဟုတ်လား...'
'ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက မိသားစုပိုင် စီးပွားရေး လုပ်ငန်းကြီးလား...'
ယဲ့ဖုန်း ပိုမို အံ့သြသွားသည်။
"မကြာသေးမီက ငါတို့ဂိုဏ်းက အနက်ရောင် ဝတ်စုံဝတ် စောင့်ရှောက်သူ တစ်ယောက် အသတ်ခံလိုက်ရတယ်... သဲလွန်စ တစ်စုံတစ်ရာ ရပြီလား..."
ဂိုဏ်းချုပ်ဟောင်းက လေးနက်စွာ မေးလိုက်၏။
"မရသေးပါဘူး အဖေ... ဒါပေမဲ့ သားက ဂိုဏ်းသားတွေကို မြူခိုးဂိုဏ်းထဲ သူလျှိုအဖြစ် စိမ့်ဝင်ဖို့ လွှတ်ထားပါတယ်... တစ်ခုခုတော့ ထူးလာမှာပါ..."
မဟာအကြီးအကဲက ခေါင်းငုံ့ပြီး အစီရင်ခံလိုက်၏။
"တကယ်လို့ မြူခိုးဂိုဏ်းက ငါတို့ နတ်ဆိုးဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို သိသွားရင်... သူတို့ကို သုတ်သင်ရှင်းလင်းပစ်ရမယ်..."
ဂိုဏ်းချုပ်ဟောင်းက ပြတ်ပြတ်သားသား ပြောလိုက်၏။
"ဟုတ်ကဲ့ပါ..."
မဟာအကြီးအကဲ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
စောင့်ကြည့်နေသော ယဲ့ဖုန်း တစ်ကိုယ်လုံး အေးစက်သွားသည်။
'ကြည့်ရတာ လန်တယ်ကို သတင်းမှားတချို့ ဖြန့်ခိုင်းပြီး သူတို့ကို လှည့်စားထားမှ ဖြစ်တော့မယ်...'
'ဒါမှမဟုတ်... အစ်ကိုကြီး ခေါင်းပြားက တိုက်ခိုက်ရတာ ဝါသနာပါလို့ တိုက်ဆိုင်ပြီး အဲဒီတောင်တန်းထဲ ရောက်သွားတယ်... အဲဒါကြောင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ စောင့်ရှောက်သူနဲ့ ထိပ်တိုက်တွေ့ပြီး သတ်လိုက်မိတာ... လို့ ပြောခိုင်းရင်ရော...'
'အင်း... ဒီအကြောင်းပြချက်က ယုတ္တိရှိသားပဲ...'
ယဲ့ဖုန်း ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်၏။
လောလောဆယ်တွင် မြူခိုးဂိုဏ်း အနေဖြင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းနှင့် ထိပ်တိုက် တွေ့ဆုံရန် မသင့်တော်သေးပေ။
နတ်ဆိုးဂိုဏ်းရဲ့ အတွင်းရေးကို သိမလို ဖြစ်နေပြီ ဆိုပေမယ့်... သူတို့မှာ မဟာမိတ်တွေ ရှိနေလား... ရှိလျှင်ရော ဘယ်လောက် အင်အားကြီးလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်...။
"အဓိကက ဂိုဏ်းကာကွယ်ရေး ဝင်္ကပါက မလုံလောက်သေးတာပဲ..."
ယဲ့ဖုန်း ရေရွတ်လိုက်၏။
'အနက်နှင့် အဖြူ စစ်တုရင်ခုံ' ဝင်္ကပါသာ မူလနတ်ဘုရား အဆင့် တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိမယ် ဆိုလျှင် ဒီလောက် စိတ်ပူနေစရာ မလို။...
လောလောဆယ် အင်အားကို ထိန်းထားရတာက ကိုယ့်အိမ်မှာ ပြန်အလုပ်ခံရမှာ ကြောက်၍ပင်...။
"အဖေ... ကျွန်တော်တို့ရဲ့ စီမံကိန်းက တရားဝင် စတင်ဖို့ ဘယ်လောက် ကြာဦးမှာလဲ... တကယ်လို့ တစ်ယောက်ယောက်က နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး ဖျက်ဆီးပစ်ရင် ဘယ်လို လုပ်မလဲ..."
မဟာအကြီးအကဲက စိုးရိမ်တကြီး မေးလိုက်၏။
"ဒီအဆင့် ရောက်မှတော့ သာမန် နတ်ဆိုးချုပ်နှောင်မျှော်စင် တစ်ခုလောက် ပျက်စီးသွားလည်း ကိစ္စမရှိပါဘူး... ငါတို့ရဲ့ ပြင်ဆင်မှုတွေက နှစ်ပေါင်း (၃၀၀) ကြာခဲ့ပြီပဲ... လုပ်စရာ ရှိတာတွေ အကုန် လုပ်ပြီးပြီ..."
ပြောပြီးသည်နှင့် ဂိုဏ်းချုပ်ဟောင်းသည် နောက်လှည့်ပြီး ချုပ်နှောင်ခံထားရသော အသားတောင် မိစ္ဆာကောင်ကြီးနှင့် ရှေ့ဖြစ်ဟောကို ကြည့်ကာ အေးစက်သော အပြုံးတစ်ခု ပြုံးလိုက်၏။
လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) က သူသည် ပြင်ပကမ္ဘာမှ ရှေ့ဖြစ်ဟော တစ်ဦးနှင့် ၎င်း၏ စောင့်ရှောက်သူ အသားတောင် မိစ္ဆာကောင်ကြီးကို တွေ့ရှိခဲ့ပြီး ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဖိအားပေး၍ ဖိနှိပ်ချုပ်နှောင်နိုင်ခဲ့၏။
ယနေ့အချိန်တွင် ဂိုဏ်းချုပ်ဟောင်းသည် လုံလောက်သော ဗဟုသုတနှင့် အမွေအနှစ်များကို ရရှိထားပြီး ဖြစ်သည်။
သူ ကိုယ်တိုင်လည်း ရှေ့ဖြစ်ဟော တစ်ဦး ဖြစ်လာခဲ့ပြီပင်။
သို့သော် သူ့တွင် စောင့်ရှောက်သူ အဖြစ် ဆောင်ရွက်ပေးနိုင်မည့် လုံလောက်သော စွမ်းအားရှိသည့် အသားတောင် မိစ္ဆာကောင်ကြီး မရှိသေးသဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားရန် ယုံကြည်မှု မရှိသေးခြင်း ဖြစ်သည်။
"အဖေ... တကယ်ပဲ ရှေ့ဖြစ်ဟော ဖြစ်သွားပြီလား..."
မဟာအကြီးအကဲက ထပ်မေးလိုက်၏။
ထိုအခါ၊ ဂိုဏ်းချုပ်ဟောင်းက ရယ်လိုက်၏။
"လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကတည်းက နောက်ဆုံး အမွေအနှစ်ကို ငါ ရရှိပြီးပြီ... အဆုံးမဲ့ အလင်းရောင် မိုးရေစက်တွေအောက်မှာ သန့်စင်ပြီး မဟာရှေ့ဖြစ်ဟော တစ်ဦး ဖြစ်လာခဲ့ပြီ..."
ပြောရင်းနှင့် သူသည် မျက်နှာဖုံးနှင့် ခေါင်းဆောင်းကို ရုတ်တရက် ဖယ်ရှားလိုက်၏။
ပြောင်လက်နေသော ထိပ်ပြောင်ပြောင်နှင့် အဘိုးအို တစ်ဦး ပေါ်လာသည်။ မျက်ခုံးမွှေးများပင် မရှိသလောက် နည်းပါးနေသော်လည်း မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည်။
"အဖေ... အဖေ့ဆံပင်တွေ..."
မဟာအကြီးအကဲ ကြောင်သွားသည်။ အနာဂတ်မှာ သူလည်း ထိပ်ပြောင်သွားမှာလား...
ဒီအတွေးကြောင့် သူ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"ဒါက ရှေ့ဖြစ်ဟော ဖြစ်လာရခြင်းရဲ့ တန်ဖိုးပဲ..."
ဂိုဏ်းချုပ်ဟောင်းသည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး အဝေးသို့ လှမ်းမျှော်ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်၏။
"ရှေ့ဖြစ်ဟော တစ်ယောက် ဘယ်လောက် စွမ်းလဲ သိချင်ရင် သူ့ဆံပင်ကို ကြည့်လိုက်... ဆံပင် နည်းလေလေ... ရာထူးကြီးလေလေပဲ... ဒါကြောင့် ဆံပင်ရှိတဲ့ ရှေ့ဖြစ်ဟောနဲ့ တွေ့ရင် မကြောက်နဲ့... သူတို့က လူသစ်တွေပဲ ရှိသေးတယ်... ဒါပေမဲ့ လုံးဝ ဆံပင်မရှိတဲ့ ရှေ့ဖြစ်ဟောနဲ့ တွေ့ရင်တော့ ချက်ချင်း ထွက်ပြေး... နောက်လှည့်မကြည့်နဲ့..."
မဟာအကြီးအကဲ တုန်လှုပ်သွားသည်။
'ဒါဆို ရှေ့ဖြစ်ဟော တစ်ယောက်ရဲ့ စွမ်းအားကို ဆံပင်က ဆုံးဖြတ်တာပေါ့...'
'ကောင်းပြီ... နားလည်ပါပြီ...'
သူ လက်သီးဆုပ်လိုက်ပြီး ထိုအချက်ကို မှတ်သားထားလိုက်၏။
*
တောင်ကြားတစ်ခု အတွင်း၌...
ဝိညာဉ်နှုတ် ဆရာသခင် ကျူးယောင်ဖူသည် နောက်ထပ် နတ်ဆိုးသားရဲ တစ်ကောင်ကို ဖမ်းဆီးပြီး မိစ္ဆာချီ ထုတ်ယူကာ ဟောကိန်းထုတ်နေသည်။
"ဟဲဟဲ... မဆိုးဘူး... လာမယ့် ရက်ပိုင်းအတွင်း အန္တရာယ် မရှိဘူး... ငါ့ရဲ့ အခွင့်အရေးတွေကလည်း မြင့်တက်နေတယ်... ကောင်းတယ်..."
သူသည် မြေကြီးပေါ်သို့ ကျွတ်ကျသွားသော ဆံပင်များကို ကြည့်ပြီး အလျင်အမြန် ကောက်ယူလိုက်၏။ ဒါတွေက ဆံပင်တု လုပ်ဖို့ အကောင်းဆုံး အရင်းအမြစ်တွေပဲကိုး...။
"ဟဲဟဲ... ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင်တွေက ဆံပင်နည်းလေ ပိုသန်မာလေ ဆိုတော့... ငါက ဆံပင်တု တပ်ထားလိုက်မယ်... ဒါဆို တခြားသူတွေက ငါ့ကို အားနည်းတယ်လို့ ထင်ကြလိမ့်မယ်... အဲဒီကျရင် ဝက်အဖြစ် ဟန်ဆောင်ပြီး ကျားကို စားလိုက်မယ်... ရှယ်ပဲ..."
ကျူးယောင်ဖူသည် သူ့ဗိုက်ပူကြီးကို ပုတ်ပြီး ရယ်နေတော့၏။
*
ကျောက်မဲ ကန္တာရ၏ မြေအောက် နက်ရှိုင်းသော နေရာတွင်...
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် မျက်နှာဖုံးနှင့် ခေါင်းဆောင်းကို ပြန်တပ်လိုက်ပြီး ဝိညာဉ်ပျိုးထောင်သစ်သား ဖြင့် ပြုလုပ်ထားသော သစ်သားတောင်ဝှေးကို ကိုင်ဆောင်ကာ ပြောလိုက်၏။
"ကဲ... ပြန်တော့... မဟာမိတ်တွေနဲ့ အဆက်အသွယ် မပြတ်စေနဲ့... ဘာမှ မမှားယွင်းစေနဲ့..."
"ဟုတ်ကဲ့..."
မဟာအကြီးအကဲ ထွက်ခွာသွားသည်။
"ထင်တဲ့အတိုင်းပဲ... မဟာမိတ်တွေ ရှိနေတာပဲ..."
ယဲ့ဖုန်း စိတ်ထဲတွင် တင်းမာသွားပြီး လေဓာတ် ဝိညာဉ်စွမ်းအင်ကို မြေကြီးပေါ်သို့ ကျဆင်းစေကာ မြေအောက် နေရာလပ်၏ ပုံရိပ်များကို ဆက်လက် စောင့်ကြည့်နေလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းသည် လေထဲတွင် ဝဲပျံနေပြီး ချုပ်နှောင်ခံထားရသော ရှေ့ဖြစ်ဟော၏ နဖူးကို လက်ဖြင့် ထိတွေ့လိုက်သည်။
"နှမြောစရာပဲ... ဟောကိန်းအရ ဆိုရင် ဒီရှေ့ဖြစ်ဟောကို လောလောဆယ် သတ်လို့ မရသေးဘူး..."
သူသည် နောက်လှည့်ပြီး ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးကို ပြောလိုက်၏။
"မင်းတို့ ဒီနေရာကို ဆက်စောင့်ကြ... ဘာမှ မမှားယွင်းစေနဲ့... ငါ အခွင့်အရေး တစ်ခုကို ဟောကိန်းထုတ်လို့ ရထားတယ်... ခရီးထွက်တော့မယ်..."
"ဟုတ်ကဲ့..."
အထွတ်အထိပ် အကြီးအကဲ (၁၂) ဦး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
“ဖလူး…”
ထိုအချိန်တွင် လေဓာတ် ဝိညာဉ်စွမ်းအင်သည် စွမ်းအား ကုန်ခမ်းသွားပြီး လေထဲတွင် ပျောက်ကွယ်သွား၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်း… အံ့သြသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရှိရပေ။
"ထူးဆန်းတယ်... စိတ်မသန့်ဘူး... ထပ်ပြီး ဟောကိန်းထုတ်ကြည့်မှ..."
သူသည် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်ပြီး မိစ္ဆာချီ အမျှင် (၁၀၀) ခန့် ထုတ်ကာ မြေကြီးပေါ်တွင် ယဇ်ပလ္လင်ငယ် တစ်ခု တည်ဆောက်ပြီး မိစ္ဆာချီများ ထည့်သွင်းလိုက်၏။
ထို့နောက် ဂိုဏ်းချုပ်ဟောင်းသည် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ပုံရိပ်ထဲတွင်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဌာနချုပ် အတွင်း၌ ငန်းဝါရောင် ဂါဝန်ရှည် ဝတ်ဆင်ထားပြီး တင်ပျဉ်ခွေထိုင်နေသော မိန်းကလေး “ပိလျန်အာ” ကို တွေ့လိုက်ရသည်။
"ဒီမိန်းကလေးက ဘယ်သူလဲ... သူ့မှာ ပြဿနာ ရှိနေတာလား..."
ဂိုဏ်းချုပ်ဟောင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဂိုဏ်းဌာနချုပ်ဆီသို့ ဦးတည်သွားကာ ဆက်လက် စုံစမ်းစစ်ဆေးရန် ပြင်ဆင်လိုက်တော့၏။