အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း (၃၅၂)- မြူခိုး သခင်လေး ပြန်လည် ရောက်ရှိလာခြင်း၊ လူတစ်ယောက်ကို ပြန်ပေးဆွဲခြင်း
~ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ အိမ်ရာဝင်း အတွင်း၌...
“ဂိုဏ်းချုပ်... ကျွန်တော်တို့ ထွက်ပြေးကြရအောင်လေ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် မစောင့်နိုင်တော့ပေ။
“အင်း... ပြေးရမယ်... ပြီးတော့ ငါတို့ရဲ့ အထောက်အထားကိုလည်း မဖော်ပြရဘူး...”
လိုချင်တာတွေ ရပြီးသွားပြီလေ...
အခုမှ မပြေးရင် ဘယ်တော့ ပြေးမှာလဲ...
ပြီးတော့ ဂိုဏ်းရဲ့ အကျပ်အတည်း အသိပေးချက်ကြောင့် အန္တရာယ်တစ်ခု နီးကပ်လာနေမှန်း သူ အာရုံခံမိနေတယ်... မုန်တိုင်းတစ်ခု လာနေပြီ...
“ဝှစ်”
ထိုအချိန်တွင် အနက်ရောင် ဝတ်စုံဝတ်၊ မျက်နှာဖုံးစွပ် ပုံရိပ်တစ်ခု အမြင့်မှ ဆင်းသက်လာပြီး လမ်းကြောင်းအတိုင်း ထွက်ခွာသွားသည်။
သူသည် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲပင် ဖြစ်သည်။
“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် ထွက်သွားပြီ... ဂိုဏ်းချုပ်... ကျွန်တော်တို့ ဒီနေရာကနေ ဘယ်လို ထွက်ကြမလဲ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စိုးရိမ်တကြီး မေးလိုက်၏။
ယဲ့ဖုန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲမှ အခြား ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူလည်း အနက်ရောင် ဝတ်စုံ ဝတ်ထားပြီး မျက်နှာဖုံး စွပ်ထားကာ ခေါင်းကို အနက်ရောင် အဝတ်စဖြင့် အုပ်ထားသဖြင့် စူးရှသော မျက်လုံးတစ်စုံကိုသာ မြင်ရသည်။
သူ့လက်ထဲတွင် သစ်သားတောင်ဝှေး တစ်ချောင်း ကိုင်ဆောင်ထားသည်။
“ဒါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းပဲ...”
ထိုလူကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“ဂိုဏ်းချုပ်... အဲဒါ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် မဟုတ်လား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ပိလျန်အာ ၏ ပုံစံကိုပင် မထိန်းသိမ်းနိုင်မလို ဖြစ်သွားသည်။
“မလန့်နဲ့... ငါ့နောက်က လိုက်ခဲ့...”
ယဲ့ဖုန်း လေးနက်သော အသံဖြင့် သတိပေးလိုက်ပြီး နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင်ထဲသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ တိတ်တဆိတ် ထည့်သွင်းလိုက်၏။
လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ချက် ရှိနေသရွေ့ ထွက်ပြေးဖို့က လွယ်ပါတယ်ကွာ... ဟုတ်တယ်မလား...
“ဒေါက်... ဒေါက်... ဒေါက်…”
မကြာမီ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“တပည့်လေး... ရှိလား... ဆရာပါ... ဂိုဏ်းချုပ်ဟောင်းက မင်းကို တွေ့ချင်နေတယ်...”
အပြင်ဘက်မှ ချူယွင်အာ၏ နူးညံ့ချိုမြိန်သော အသံ ထွက်ပေါ်လာသည်။
“ရှိပါတယ်...”
ယဲ့ဖုန်းနှင့် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်တို့သည် ပိလျန်အာ၏ ပုံစံကို ဆက်လက် ထိန်းသိမ်းထားပြီး တံခါးဖွင့်ပေးလိုက်၏။
ခြံဝန်းထဲတွင် လူနှစ်ဦး ရပ်နေသည်။
တစ်ဦးမှာ ချူယွင်အာ ဖြစ်၏။
အခြား တစ်ဦးမှာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်း ဖြစ်သည်။
“မင်းက ပိလျန်အာလား...”
ဂိုဏ်းချုပ်ဟောင်းသည် သူ၏ ကြီးမားသော ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ပြီး သူမကို စကင်ဖတ်စစ်ဆေးလိုက်ရာ အဆင့်မြင့် ဝိညာဉ်အမြစ် ရှိပြီး ကျင့်ကြံဆင့် မမြင့်မားသော မိန်းကလေး တစ်ဦးကိုသာ တွေ့လိုက်ရသည်။
ဒီလို လူတစ်ယောက်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအတွက် ဘယ်လိုလုပ် အန္တရာယ် ဖြစ်နိုင်မှာလဲ...
ဒါပေမဲ့ ရှေ့ဖြစ်ဟော မျိုးနွယ်စုရဲ့ ဟောကိန်းတွေက ဘယ်တော့မှ မမှားဘူးလေ...
အနာဂတ်မှာ ပိလျန်အာက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်မှာများလား...
ထိုသို့ ဖြစ်နိုင်ခြေ အများကြီး ရှိသည်။
ထိုသို့ ဂိုဏ်းချုပ်ဟောင်း ယူဆလိုက်၏။
“ဂိုဏ်းချုပ်ဟောင်းကို တင်ပြပါတယ်... တပည့် နာမည်က ပိလျန်အာ ပါ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် လေးနက်စွာ ပြန်ဖြေလိုက်၏။ သိပ်ပြီး ပေါ့ပေါ့တန်တန် မနေရဲပေ။
“အင်း...” ဂိုဏ်းချုပ်ဟောင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ရုတ်တရက် ပိလျန်အာဆီသို့ လက်ဝါး ရိုက်ထုတ်လိုက်ပြီး သူမကို ဖိနှိပ်ချုပ်နှောင်ရန် ကြိုးစားလိုက်၏။
အဆင့်မြင့် ဝိညာဉ်အမြစ် ဆိုတာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအတွက် သိပ်အရေးမကြီးလှပါ။...
ဂိုဏ်းတစ်ခုလုံးရဲ့ လုံခြုံရေးနှင့် ယှဉ်လိုက်လျှင်ပေါ့လေ...
“ဂိုဏ်းချုပ်ဟောင်း... မလုပ်ပါနဲ့...” ချူယွင်အာ လန့်ဖျပ်ပြီး အော်ဟစ်လိုက်၏။
သူမက တပည့် “ပိလျန်အာ” ကို တော်တော် သဘောကျနေသည်လေ... အထူးသဖြင့် ပခုံးနှိပ်တာ၊ ခြေထောက်နှိပ်တာတွေ အရမ်းတော်၍...။
“အဘိုးကြီး.. ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ချက်ချင်း ဒေါသထွက်သွားပြီး သူ၏ ခံစားချက် အစစ်အမှန်ကို ထုတ်ဖော် ပြောကြားလိုက်၏။ မိန်းကလေး အသံဖြင့် ပြောလိုက်သော်လည်း ဂိုဏ်းချုပ်ဟောင်း၏ မျက်လုံးများကို အေးစက်သွားစေခဲ့သည်။
“ကောင်းပါပြီ..ပိလျန်အာ... တကယ်ပဲ ပြဿနာ ရှိနေတာကိုး...”
ဂိုဏ်းချုပ်ဟောင်းသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း ခြေဆောင့်လိုက်ရာ ဝိညာဉ်ပင်လယ် အဆင့်မြင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး “ပိလျန်အာ” ကို မြေကြီးနှင့် ကပ်သွားအောင် ဖိနှိပ်မလို ဖြစ်သွားစေသည်။
“ဝှစ်…”
လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ချက် စတင် အသက်ဝင်လာပြီး ပိလျန်အာသည် လေထဲတွင် ပေါ်လာသည်။
“မင်း... မင်းက ဘယ်လိုလုပ် ပျံသန်းနိုင်တာလဲ...” ချူယွင်အာ အံ့သြတကြီး အော်ဟစ်လိုက်၏။
“မဖြစ်နိုင်ဘူး... မင်းက ချီကျင့်ကြံခြင်း အဆင့်ကို ခုမှ ရောက်တာလေ...”
“အရူးမ... ဒါ သူလျှိုလုပ်တာကွ...”
ဂိုဏ်းချုပ်ဟောင်းသည် ကြိမ်းမောင်းရင်း ချူယွင်အာ၏ ပါးကို ရိုက်လိုက်ရာ သူမ နောက်သို့ လွင့်စဉ်သွားပြီး နံရံနှင့် ဝင်တိုက်မိသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဒေါသထွက်သွားသည်။
“အဘိုးကြီး... ငါ့မိန်းမကို ထိရဲတယ်ပေါ့... မင်း အသက်ကို လိုချင်နေတာလား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဟိန်းဟောက်လိုက်၏။
“ဟေ...” ဂိုဏ်းချုပ်ဟောင်း နောက်တွန့်သွားသည်။
လေထဲမှ “ပိလျန်အာ” ကို အကဲခတ်ကြည့်လိုက်ရာ မိန်းကလေး ဖြစ်ကြောင်း အတည်ပြုလိုက်၏။ သို့သော် သူမ၏ ပါးစပ်မှ ထိုကဲ့သို့ ကြမ်းတမ်းပြီး ဝံပုလွေဆန်သော စကားများ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ တကယ် သတ္တိရှိတာပဲ...
ချူယွင်အာ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။
“မဟုတ်ဘူး... ငါက နင့်မိန်းမ မဟုတ်ဘူး... ငါ... ငါက ယောကျ်ားလေးတွေကိုပဲ ကြိုက်တာ...” ချူယွင်အာ လွှတ်ခနဲ အော်ပြောလိုက်ပြီး ပိုမို ရှက်ရွံ့သွားသည်။
“ငါ.. မြူခိုး သခင်လေးက ယောကျ်ားစစ်စစ်ကွ...”
ထိုအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော “ပိလျန်အာ” ဆီမှ ဩရှသော အမျိုးသား အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် သူမ၏ ပုံရိပ် တောက်ပလာပြီး စက္ကူယပ်တောင် ကိုင်ဆောင်ထားသော ခန့်ညားထည်ဝါသည့် သခင်လေး တစ်ဦး အဖြစ် ပြောင်းလဲသွားသည်။
ဖေးဟွာဂိုဏ်းမှာ ပြဿနာ သွားရှာတုန်းက ယဲ့ဖုန်းနှင့် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်တို့ဟာ “မြူခိုး သခင်လေး” အဖြစ် ရုပ်ဖျက်ခဲ့ကြဖူးသည်။ ဒီနေ့ ယဲ့ဖုန်းက “မြူခိုး သခင်လေး” ဆိုတဲ့ အထောက်အထားကို ပြန်လည် အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ခြင်းပါ...။
“ချော... ချောလိုက်တာ...” ချူယွင်အာသည် ခန့်ညားသော မြူခိုး သခင်လေးကို ငေးကြည့်နေမိသည်။ ကျောနှိပ်၊ ပခုံးနှိပ်၊ ခြေထောက်နှိပ်ပေးခဲ့သည့် အတွေ့အကြုံတွေကို ပြန်တွေးမိပြီး သူမရဲ့ လှပသော မျက်နှာလေး ရဲသွားသည်။
“မြူခိုး သခင်လေး ဆိုပါလား... ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်လေးနဲ့ ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း နယ်မြေထဲကို သူလျှိုလာလုပ်ရဲတယ်ပေါ့... သေချင်နေတာလား...”
ဂိုဏ်းချုပ်ဟောင်း၏ အရှိန်အဝါများ နောက်တစ်ကြိမ် မြင့်တက်လာပြီး မိုးထိအောင် မြင့်မားသော ဒီရေလှိုင်းလုံးကြီးများကဲ့သို့ မြူခိုး သခင်လေးဆီသို့ လှိမ့်ဝင်လာသည်။
“ဂိုဏ်းချုပ်ဟောင်း... ကျွန်မ အသက်ကို ချမ်းသာပေးပါ...” ချူယွင်အာ ကြောက်လန့်တကြား တောင်းပန်လိုက်၏။
“မိန်းမယုတ်... အသက်ချမ်းသာပေးဖို့ တောင်းပန်နေသေးတယ်... မင်းလည်း သေသင့်တယ်...” ဂိုဏ်းချုပ်ဟောင်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ချူယွင်အာကိုပါ သတ်ဖြတ်ရန် ပြင်လိုက်၏။
“ဂိုဏ်းချုပ်ဟောင်း... ရှင်...” လက်ဝါးရိုက်ချက် သူမဆီ လာနေတာ မြင်တော့ ချူယွင်အာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအပေါ် ပထမဆုံးအကြိမ် စိတ်ပျက်သွားမိသည်။
“အဘိုးကြီး... မင်း လုပ်ရဲလား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဟိန်းဟောက်လိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော့်မိန်းမကို ကယ်ပါဦး...” တချိန်တည်းမှာပင် ယဲ့ဖုန်း၏ စိတ်ထဲတွင် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ စိုးရိမ်တကြီး အသံ ပဲ့တင်ထပ်သွားသည်။
“ရတယ်...”
လက်အောက်ငယ်သား စိတ်ပျက်သွားမှာ မလိုလားသည့် ယဲ့ဖုန်းက လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးပြုပြီး မျက်စိတစ်မှိတ်အတွင်း ချူယွင်အာ၏ ဘေးနားကို ရောက်ရှိသွားသည်။
“လိုက်ခဲ့...”
အခွင့်ကောင်းယူပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က ချူယွင်အာကို ဖမ်းဆွဲလိုက်၏။ ယဲ့ဖုန်းက လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ချက်ကို သိမ်မွေ့စွာ အသုံးပြုပြီး မီတာရာချီ အဝေးသို့ ရောက်ရှိသွားကာ နောက်တစ်ခဏတွင် အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။
ကြီးမားကျယ်ပြန့်သော ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဌာနချုပ် အတွင်းတွင် “မြူခိုး သခင်လေး” နှင့် ချူယွင်အာတို့၏ အရိပ်အယောင်ကို ရှာမတွေ့နိုင်တော့ပေ။
“ဟေ... လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းပဲ... မြူခိုး သခင်လေးက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်များလား... မဖြစ်နိုင်ဘူး... လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ဖြစ်ရမယ်...”
ဂိုဏ်းချုပ်ဟောင်းသည် လေထဲတွင် လက်ဝှေ့ယမ်းလိုက်ပြီး အခြေအနေ၏ ပြင်းထန်မှုကို ချက်ချင်း သဘောပေါက်လိုက်၏။
‘လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ထုတ်သုံးနိုင်သူ ဆိုရင်... နောက်ကွယ်မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ရှိနေနိုင်တယ်...
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို စောင့်ကြည့်ခံနေရတာများလား...
“ငါတို့ရဲ့ လျှို့ဝှက်ချက်တွေ မပေါက်ကြားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့...”
ဂိုဏ်းချုပ်ဟောင်းသည် လေထဲတွင် ရပ်တန့်နေပြီး လက်သီးကို တင်းတင်း ဆုပ်ထားကာ မျက်လုံးများထဲတွင် မှိုင်းညို့သော အလင်းရောင်များ လက်ဖြာသွားသည်။
“ဂိုဏ်းချုပ်ဟောင်းကို ဂါရဝပြုပါတယ်...”
“ဂိုဏ်းချုပ်ဟောင်း... ခုနက ဘာဖြစ်သွားတာလဲ...”
အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲ အချို့သည် တရိုတသေ ရောက်ရှိလာကြပြီး ကျယ်ကျယ်လောင်လောင်ပင် စကားမပြောရဲကြပေ။
“အရူးအုပ်စု... သူလျှိုဝင်လာတာတောင် မသိကြဘူး... ဂိုဏ်းက မင်းတို့ကို လိုအပ်နေသေးလို့... မဟုတ်ရင် အကုန် သတ်ပစ်လိုက်ပြီ...”
“ဘုန်း... ဘုန်း... ဘုန်း…”
ဂိုဏ်းချုပ်ဟောင်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အကြီးအကဲ အများအပြား နံရံဆီသို့ လွင့်စဉ်သွားကြပြီး သွေးအန်ကုန်ကြသည်။
“မြူခိုး သခင်လေးက ဘယ်သူလဲ... သူ့နောက်ကွယ်က အင်အားစုက ဘာလဲ ဆိုတာ ဆက်လက် ဟောကိန်းထုတ်မှ ဖြစ်မယ်...”
အသုံးမကျသော အကြီးအကဲများကို ဂရုမစိုက်တော့ဘဲ ဂိုဏ်းချုပ်ဟောင်းသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးဆီသို့ အလျင်အမြန် ပြန်သွားသည်။ မိစ္ဆာချီ အမျှင် (၁၀၀) ကို ထုတ်ယူလိုက်ပြီး မြူခိုး သခင်လေးနှင့် ပတ်သက်သမျှ အရာအားလုံးကို စတင် ဟောကိန်းထုတ်သည်။
မကြာမီ ပုံရိပ်တစ်ခု သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။
ဖေးဟွာဂိုဏ်း တည်ရှိရာ နေရာပင် ဖြစ်၏။
မြူခိုး သခင်လေး ပေါ်လာပြီး ဖေးဟွာဂိုဏ်းကို ရှင်းလင်းပစ်လိုက်၏။ နတ်ဆိုးနွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းပြီးနောက် လူအများ၏ အားကျသော အကြည့်များအောက်တွင် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
သို့သော် ဂိုဏ်းချုပ်ဟောင်း ဘယ်လောက်ပဲ ကြိုးစား ဟောကိန်းထုတ်ထုတ်... မြူခိုး သခင်လေးရဲ့ အတိတ်ကြောင်းကို လုံးဝ မသိရှိနိုင်ပေ။
“ဘာမှ ဟောကိန်းထုတ်လို့ မရဘူး...”
“ဒီလူရဲ့ နောက်ကွယ်မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တကယ် ရှိနေတာများလား...”
“တကယ်သာ ဆိုရင် ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အန္တရာယ် ရှိနေပြီ...”
သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် လာပြီး ဟောကိန်းထုတ်ရင်တောင် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ပါချေ။..
မိုင်ရာချီ အကွာအဝေးတွင်...
မြူခိုး သခင်လေးသည် ချူယွင်အာကို မြေကြီးပေါ်သို့ ချပေးလိုက်၏။
“နောက်ဆုံးတော့ လွတ်လာပြီ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် သက်ပြင်းချလိုက်၏။ ထို့နောက် မျက်နှာ ရဲနေသော ချူယွင်အာနှင့် မျက်နှာချင်းဆိုင်လိုက်၏။
အခန်း (၃၅၃) အမှတ်အသားကို ဖျက်ဆီးခြင်း၊ အပြင်စည်း ကြီးကြပ်သူ
~“ယွင်အာ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ချူယွင်အာ၏ မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး မျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည်။
“ကိုယ့်ရဲ့ ကျင့်ကြံဖော် လုပ်ပေးပါကွာ...”
“ဒီလောက် တဲ့တိုးကြီးလား...” ယဲ့ဖုန်း အံ့သြသွားသည်။
မင်းတို့ သိတာမှ ရက်ပိုင်းပဲ ရှိသေးတယ်... အခု ချက်ချင်း ကျင့်ကြံဖော် ဖြစ်ချင်နေပြီလား...
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်... မင်း တကယ်ကို ရဲတင်းလွန်းတယ်...
ချူယွင်အာ ရှက်သွေးဖြာသွားပြီး မျက်နှာ လွှဲလိုက်ကာ ဒေါသတကြီး ပြောလိုက်၏။ “ရှင်... ရှင် လူယုတ်မာ... လွှတ်စမ်း...”
“တို့တွေက လင်မယားတွေလို ဖြစ်နေပြီပဲ... ဘာရှက်စရာ ရှိလို့လဲ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် တဟီးဟီး ရယ်လိုက်၏။
“ဘယ်သူက ရှင့်မိန်းမလဲ...” ချူယွင်အာ ရုန်းကန်လိုက်၏။
သို့သော် သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သာ ရှိသေးပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်သဖြင့် သူမကို အလွယ်တကူ ထိန်းချုပ်လိုက်၏။
“ကိုယ်လေ... ကိုယ်က မင်းရဲ့ ယောက်ျားပါ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က ကျေနပ်အားရစွာ ပြုံးလိုက်၏။
“အရှက်မရှိလိုက်တာ...” ချူယွင်အာ ရုန်းကန်ခြင်းကို လက်လျှော့လိုက်၏။ “ငါ့မှာ ကျင့်ကြံဖော် ရှိဖူးတယ်... သူ သေသွားပေမယ့်ပေါ့...”
“ကိုယ် ဂရုမစိုက်ပါဘူး...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပြုံးလိုက်၏။
“ငါ့မှာ ကျင့်ကြံဖော် သုံးယောက်တောင် ရှိဖူးတယ်...” ချူယွင်အာ မျက်နှာထား တင်းမာစွာ ပြောလိုက်၏။
“အဲဒါ ပိုတောင် ကြိုက်သေးတယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က “ခွီး ခွီး ခွီး” ဟု ထူးဆန်းစွာ ရယ်လိုက်၏။
“ကဲ... တော်ပြီ... အချိန်ဖြုန်းမနေကြနဲ့... ငါတို့ ကျောက်မဲ ကန္တာရ နားမှာပဲ ရှိသေးတယ်... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်း လိုက်လာမှာ သတိထား...” ယဲ့ဖုန်း၏ အသံ ထွက်ပေါ်လာသည်။
ချူယွင်အာသည် သူမရှေ့ရှိ “မြူခိုး သခင်လေး” ကို အံ့သြစွာ ကြည့်လိုက်၏။ “ရှင်... ရှင့်အသံက ဘာလို့ တခြားလူရဲ့ အသံ ဖြစ်နေရတာလဲ...”
“အိုး... မေ့တော့မလို့...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် အသွင်ပြောင်းလဲထားသော အခြေအနေမှ အလျင်အမြန် ရုပ်သိမ်းလိုက်၏။
ချူယွင်အာ၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင် မြူခိုး သခင်လေး အဖြစ် ဟန်ဆောင်ထားသူထံမှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဘေးနားတွင် အခြား ပုံရိပ်တစ်ခု ဖန်တီးလိုက်၏။
ထိုလူမှာ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ပင် ဖြစ်သည်။
ကျန်ရစ်ခဲ့သူမှာမူ ယဲ့ဖုန်း ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖုန်းသည် အထူးမျက်နှာဖုံး တစ်ခု ဝတ်ဆင်ထားသဖြင့် ချူယွင်အာ သူ့မျက်နှာကို မမြင်ရပေ။
“ပိလျန်အာက အတု... မြူခိုး သခင်လေးကလည်း အတုလား... ရှင်တို့နှစ်ယောက်စလုံး ဟန်ဆောင်ထားတာလား...”
ချူယွင်အာ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက် ပေါင်းစပ်ပြီး လူတစ်ယောက် အဖြစ် ဟန်ဆောင်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်းတောင် မသိလိုက်ဘူးလေ...
ဒီနည်းစနစ်က တကယ်ကို မှော်ဆန်လွန်းတယ်...
“ဟုတ်ပါတယ်... ကိုယ့်နာမည်က မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပါ... ဘေးက လူကတော့ ကိုယ့်ရဲ့ ဂိုဏ်းချုပ် ယဲ့...”
“အဟွတ်... အဟွတ်...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စကားမဆုံးခင် ယဲ့ဖုန်း ချောင်းဟန့်လိုက်၏။
“ကြည့်ရတာ ဒီလျှို့ဝှက် ဆန်းကြယ်တဲ့ ဂိုဏ်းချုပ်က ကျွန်မကို မယုံဘူး.. ထင်တယ်...” ချူယွင်အာသည် မျက်နှာဖုံး ဝတ်ဆင်ထားသော ယဲ့ဖုန်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။
“ကျွန်တော့်ရဲ့ အထောက်အထားက ထုတ်ဖော်ပြသဖို့ မသင့်တော်လို့ပါ...” ယဲ့ဖုန်း ပြောလိုက်၏။
ချူယွင်အာသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ပြန်ကြည့်လိုက်ရာ ယခင်ကလောက် မခန့်ညားသော်လည်း မဆိုးလှကြောင်း တွေ့ရှိလိုက်ရသည်။
အထူးသဖြင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်စဉ်းစားမိသောအခါ သူမ မျက်နှာ ရဲခနဲ ဖြစ်သွား၏။
“ယွင်အာ... ကိုယ်နဲ့ လိုက်ခဲ့ပါ... ကိုယ်.. မင်းကို အရသာ ရှိတဲ့ အစားအစာတွေ ကျွေးမယ်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ချူယွင်အာကို ဖက်ထားရင်း ပြောလိုက်၏။
“ရှင်... လွှတ်စမ်း...” ချူယွင်အာ အလျင်အမြန် ရုန်းထွက်လိုက်သည်။
“ဘာလဲ... မင်း ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှာ ဆက်နေချင်သေးတာလား... ဟိုအဘိုးကြီးက မင်းကို သတ်ဖို့ ကြိုးစားခဲ့တာနော်...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် လေးနက်စွာ ပြောလိုက်၏။
ချူယွင်အာ ချက်ချင်း ငြိမ်ကျသွား၏။
ဂိုဏ်းချုပ်ဟောင်း၏ အေးစက်သော အကြည့်ကို ပြန်သတိရမိသောအခါ သူမ၏ စိတ်နှလုံး ကစဉ့်ကလျား ဖြစ်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“ဒါကြောင့်... ကိုယ်နဲ့ လိုက်ခဲ့ပါ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ပြောလိုက်၏။
သူ ချူယွင်အာကို “စည်းရုံး” မလို ဖြစ်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ အောင်မြင်မှု လက်တစ်ကမ်း အကွာတွင် ရှိနေပေသည်။
“ဂိုဏ်းချုပ် ချန်ထားခဲ့တဲ့ အမှတ်အသား ကျွန်မဆီမှာ ရှိနေတယ်... ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ရင် သေချာပေါက် ဘေးဒုက္ခ ရောက်လိမ့်မယ်... ပြီးတော့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အရမ်း ခိုင်မာတယ်... ရှင်တို့က ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ... သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...” ချူယွင်အာ ခေါင်းခါလိုက်၏။
“အမှတ်အသား ဟုတ်လား...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာသည်။
ယဲ့ဖုန်း ချူယွင်အာဘက်သို့ လှည့်လိုက်၏။ “ခင်ဗျားသာ ကျွန်တော်တို့ ဂိုဏ်းကို ဝင်မယ် ဆိုရင်... အဲဒီ အမှတ်အသားကို ဖျက်ပေးနိုင်ပါတယ်...”၊
“အမှတ်အသားက တော်တော် ထူးခြားတယ်... ရှင် ဖျက်နိုင်မယ် မထင်ဘူး... ဖျက်နိုင်ရင်တောင် ရှင့်ဂိုဏ်းက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး...” ချူယွင်အာ ခေါင်းခါလိုက်၏။
ယခုအခါ သူမသည် မိမိကိုယ်ကိုနှင့် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် အဖွဲ့အား ကြိုးတစ်ချောင်းတည်းပေါ်ရှိ နှံကောင်များ အဖြစ် ရှုမြင်နေပြီး သူတို့ကို မထိခိုက်စေလိုပေ။
“မသေချာပါဘူး...” ယဲ့ဖုန်းသည် မျက်နှာဖုံးကို ချွတ်လိုက်ရာ ချောမောခန့်ညားသော မျက်နှာ ပေါ်လာသည်။
ချူယွင်အာ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ယဲ့ဖုန်းကို စိုက်ကြည့်လိုက်၏။
“ရှင်... ရှင်က မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းပဲ...”
ကြီးကြပ်သူ တစ်ဦး အနေဖြင့် ချူယွင်အာသည် အပြင်ထွက်ခွင့် မကြာခဏ ရရှိလေ့ ရှိပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသတွင် မြူခိုးဂိုဏ်းကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုများကို သဘာဝကျကျ သိရှိထားပါသည်။
ကောလာဟလများအရ ဤအင်အားစုသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဂိုဏ်းချုပ် ယဲ့ဖုန်းသည် အထွတ်အထိပ် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ကို သတ်ဖြတ်ခဲ့ကာ နောက်ဆုံးတွင် နတ်ဆိုးမြို့တော်မှ နတ်ဆိုးဘုရင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်ဟု ဆိုကြသည်။
စောင့်ရှောက်သူ မြေခွေးမင်းသမီး ဖေးဖေး ဆိုလျှင် ဝိညာဉ်ပင်လယ် အဆင့် ဂျိုတစ်ချောင်း နတ်ဆိုးကိုပင် ဖောက်ခွဲပစ်ခဲ့သေး၏။
ထို့အပြင် မြူခိုးဂိုဏ်းသည် ကြယ်အဆင့် ဂိုဏ်း ဖြစ်လာသဖြင့် ခရိုင်ဘုရင်မြို့တော် ဂိုဏ်းချုပ်ခန်းမဆောင်၏ ဘက်တော်သား အဖြစ် ရပ်တည်နေခြင်းနှင့် တူသည်။
ဤအင်အားမျိုးသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်မှာ အမှန်ပင်။
“ဂိုဏ်းချုပ်ယဲ့ အနေနဲ့ ကျွန်မ ခန္ဓာကိုယ်ပေါ်က ခြေရာခံ အမှတ်အသားကို ဖျက်ပေးနိုင်မယ် ဆိုရင်... ရှင့်ဂိုဏ်းကို ဝင်ပါ့မယ်...” ချူယွင်အာ နောက်ဆုံးတွင် စိတ်ပြောင်းသွား၏။
ထိုအခါ၊ ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းလိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကို အသုံးပြုကာ ချူယွင်အာ၏ ခန္ဓာကိုယ်အနှံ့ လှည့်လည် စစ်ဆေးလိုက်သည်။ သူမ၏ ဝိညာဉ်ပင်လယ် ထဲတွင် အမှတ်အသား တစ်ခုကို ရှာတွေ့လိုက်ပြီး အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။
ထိုအချိန်မှစ၍ ချူယွင်အာသည် အမှန်တကယ် လွတ်လပ်သွားသည်။
*
မိုင်ရာချီ အကွာအဝေးတွင်...
ဂိုဏ်းချုပ်ဟောင်းသည် မြေကြီးထဲမှ ဖောက်ထွက်လာပြီး အမှတ်အသားအတိုင်း လိုက်လံ သတ်ဖြတ်ရန် ပြင်ဆင်လိုက်သော်လည်း အမှတ်အသား၏ အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရ၏။
“ဒီလောက် မြန်မြန် ဖျက်ဆီးခံလိုက်ရတာလား...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဟောင်း နေရာမှာတင် တောင့်တင်းသွားသည်။
ဒီအမှတ်အသားမျိုးက အရမ်း ထူးခြားတယ်... ဖျက်ဆီးဖို့ ဆိုရင် အနည်းဆုံး ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံဆင့် လိုအပ်တယ်... ဒါပေမဲ့ ခုနက တွေ့ခဲ့ရတဲ့ မြူခိုး သခင်လေးက ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ... ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး...
“ကြည့်ရတာ မြူခိုး သခင်လေးက သူ့နောက်ကွယ်က အင်အားစုက စွမ်းအားရှင် တစ်ယောက်နဲ့ တွေ့ဆုံသွားပြီ ထင်တယ်... ဆက်လိုက်ရင် စောစောစီးစီး ထိပ်တိုက်တွေ့ပြီး ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်...”
အခြားရွေးချယ်စရာ မရှိသဖြင့် ဂိုဏ်းချုပ်ဟောင်းသည် ဌာနချုပ်သို့ ပြန်လှည့်သွားရ၏။
တောင်ကြား တစ်ခုတွင်...၊
ချူယွင်အာသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ အမှတ်အသား လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားသည်။
“တပည့် ချူယွင်အာ... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”
သူမ ယဲ့ဖုန်းရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်၏။
“နေဦး... ကျွန်တော် ခင်ဗျားကို မြူခိုးဂိုဏ်းထဲ လက်ခံတာက ဂိုဏ်းသား အနေနဲ့ မဟုတ်ဘူး... ကြီးကြပ်သူအနေနဲ့ပါ...” ယဲ့ဖုန်း လက်ကာပြလိုက်ပြီး ချူယွင်အာ၏ စကားကို ပြင်ပေးလိုက်၏။
“ရှင်... ကြီးကြပ်သူ... ကျွန်မလို ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်လောက်နဲ့ ကြီးကြပ်သူ တာဝန် ယူလို့ ရပါ့မလား...”
“ရတာပေါ့...”
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
သူ ပြောချင်တာကတော့... ခင်ဗျားက တပည့်လုပ်ဖို့ အသက်ကြီးလွန်းနေပြီ.. ဒါကြောင့် ကြီးကြပ်သူပဲ လုပ်လို့ ရမည် ဟူ၍...။
ယဲ့ဖုန်းသည် ဂိုဏ်းသား အမည်စာရင်း စာအုပ်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ချူယွင်အာကို စာရင်းသွင်းကာ ဂိုဏ်းချုပ် တံဆိပ်တုံး ထုပေးလိုက်သည်။
(တီ..တီ.. အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ရှိတဲ့ အပြင်စည်း ကြီးကြပ်သူ ‘ချူယွင်အာ’ ကို လက်ခံရရှိပါပြီ...)
စနစ်၏ အချက်ပေးသံကို ကြားသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွား၏။
စောစောက သူ စနစ်ကို မေးမြန်းကြည့်ရာ ချူယွင်အာသည် မြူခိုးဂိုဏ်းသို့ ဝင်ရောက်ရန် လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သိရှိခဲ့ရသည်။
သို့သော် အသက်အရွယ်ကြောင့် တပည့် ဖြစ်ခွင့် မရှိဘဲ အကြီးအကဲ ခန်းမဆောင်၏ အဖွဲ့ဝင်သာ ဖြစ်ခွင့်ရှိ၏။
ကျင့်ကြံဆင့် နိမ့်ကျသောကြောင့် အကြီးအကဲ အဆင့်အောက် တစ်ဆင့်နိမ့်သော ကြီးကြပ်သူသာ ဖြစ်ခွင့်ရှိသည်။
“ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ အပြင်စည်း ကြီးကြပ်သူ ဖြစ်သွားပြီ... တာဝန် အတိအကျကိုတော့ နောက်မှ စီစဉ်ပေးမယ်...” ယဲ့ဖုန်းသည် မျက်နှာဖုံးကို ပြန်တပ်လိုက်ပြီး သူတို့နှစ်ဦးနှင့်အတူ နန်လုတောင်တန်းဆီသို့ ပျံသန်းသွား၏။
“ဂိုဏ်းချုပ်... ကျွန်မက ဂိုဏ်းချုပ်နဲ့အတူ မြူခိုးဂိုဏ်းကို ပြန်လိုက်ရမှာလား... ဒါပေမဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက လူတွေ ကျွန်မ မြူခိုးဂိုဏ်းမှာ ရှိနေတာ သိသွားရင် သေချာပေါက် သံသယဝင်ကြလိမ့်မယ်...”
ချူယွင်အာသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ပြီး မြူခိုးဂိုဏ်းသို့ ဝင်ရောက်လာခြင်း ဖြစ်ရာ မြူခိုးဂိုဏ်း၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးရမည် ဖြစ်သည်။
“ယွင်အာ... ဘာ မြူခိုးဂိုဏ်းကို ပြန်လိုက်မှာလဲ... ကိုယ်နဲ့အတူ နန်လုတောင်တန်းက လျှို့ဝှက်စခန်းကို လိုက်ခဲ့ပါ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က ချူယွင်အာ၏ လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်၏။
“လူယုတ်မာ... ငါ့ကို မထိနဲ့...” ချူယွင်အာသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ လက်ကို ချက်ချင်း ခါချလိုက်ပြီး ယဲ့ဖုန်း၏ တစ်ဖက်တွင် ဝင်ရပ်လိုက်သည်။
ယဲ့ဖုန်းသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်နှင့် ချူယွင်အာတို့ကြားက ကိစ္စကို စိတ်မဝင်စားပေ။
“ဂိုဏ်းချုပ်... ဒီလို လုပ်ရင်ရော... ကျွန်မ ပုန်းနေမယ့် နေရာ ရှာလိုက်မယ်လေ...” ချူယွင်အာ အကြံပြုလိုက်၏။
“ကိုယ့်ရဲ့ စခန်းမှာ ပုန်းတာ အကောင်းဆုံးပဲ...” မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ချက်ချင်း ဝင်ပြောလိုက်၏။
ထိုအခါ ၊ ချူယွင်အာ သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
“ရှင့်စခန်းမှာတော့ ဘယ်တော့မှ မပုန်းဘူး... ရှင် ဒီလောက် စကားတတ်တာ ကြည့်ရင် မိန်းကလေး ဘယ်နှယောက်လောက်များ ဒုက္ခပေးပြီးပြီလဲ မသိဘူး...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ခေါင်းကုတ်နေလေ၏။ ဝန်ခံလိုက်သလိုပင်။
ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ပြုံးလိုက်မိသည်။
ချူယွင်အာ အကဲခတ်တော်သားပဲ... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က သစ္စာရှိတဲ့ လူမျိုး မဟုတ်မှန်း သိနေတယ်…
အခန်း (၃၅၄) ဇာတိမြေသားချင်း ဆုံတွေ့ခြင်း၊ သတင်းအမှား
~သူတို့ (၃) ဦး နန်လုတောင်တန်းသို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ချူယွင်အာ၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး ဂူထဲသို့ ဆွဲခေါ်ရန် ပြင်လိုက်၏။
“ယွင်အာ... မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော အဖော်ပါကွာ... ကောင်းကင်နဲ့ မြေကြီး သက်သေရှိပါတယ်...”
“ယောက်ျား... ပြန်လာပြီလား...”
ထိုအချိန်တွင် တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး (၅) ဦး ဂူထဲမှ ထွက်လာကြသည်။ တစ်ယောက်စီတွင် ထူးခြားသော ဆွဲဆောင်မှု ကိုယ်စီ ရှိကြပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။
“ဟွန်း... ယောကျ်ားတွေရဲ့ ပါးစပ်က ယုံစရာ မရှိဘူး...” ချူယွင်အာသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်၏ လက်ကို ခါချလိုက်ပြီး ယဲ့ဖုန်း၏ ဘေးနားတွင် ဝင်ရပ်လိုက်၏။
ထိုအချိန်တွင် ယဲ့ဖုန်းသည် ကောင်းကင်ကို မော့ကြည့်နေသည်။
သူ အကြီးအကျယ် ရယ်ချင်နေသော်လည်း မရယ်မိအောင် အစွမ်းကုန် ကြိုးစား ထိန်းချုပ်နေရသည်။
“ဟားဟားဟား...”
နောက်ဆုံးတွင် ယဲ့ဖုန်း မထိန်းနိုင်တော့ဘဲ အော်ဟစ် ရယ်လိုက်လေတော့၏။
“ကဲ... လာပါ... ဒီဂိုဏ်းချုပ်နဲ့အတူ မြူခိုးဂိုဏ်းကို လိုက်ခဲ့... တောင်ပေါ်က မဆင်းသရွေ့ ဘယ်သူမှ ခင်ဗျားကို တွေ့မှာ မဟုတ်ဘူး...” ယဲ့ဖုန်းက မျက်နှာပေါ်မှ အပြုံးကို ဖိနှိပ်ပြီး ပြောလိုက်၏။
“ဟုတ်ကဲ့...” ချူယွင်အာ ယဲ့ဖုန်းနောက်သို့ လိုက်ပါသွားသည်။
“မလုပ်ပါနဲ့... ကိုယ့်ရဲ့ ယွင်အာလေး... ပြန်လာပါ...”
မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် လက်လှမ်းပြီး အော်ဟစ်လိုက်သော်လည်း မကြာမီ သူ၏ အဖော် (၅) ယောက်က ဂူထဲသို့ ပြန်လည် ဆွဲခေါ်သွားကြလေတော့သည်။
မြူခိုးတောင်ထိပ်သို့ ပြန်လာသော လမ်းခရီးတွင်...
“ဂိုဏ်းချုပ်... ကျွန်မ ပြောဖို့ မေ့နေတာ တစ်ခု ရှိတယ်...” ချူယွင်အာ ရုတ်တရက် သတိရသွားပြီး အလျင်အမြန် ပြောလိုက်၏။
“ဘာလဲ...” ယဲ့ဖုန်း မေးလိုက်၏။
“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်က သူလျှိုနှစ်ယောက် စေလွှတ်ထားတယ်... တစ်ယောက်က လီမိုဟွမ်... သူက သည်းမခံနိုင်တော့လို့ ဂိုဏ်းကို ပြန်ရောက်လာပါပြီ... ဒါပေမဲ့ နောက်တစ်ယောက် ဖြစ်တဲ့ လန်တယ်ကတော့ ဒီမှာ ရှိနေတုန်းပဲ...” ချူယွင်အာ စိုးရိမ်တကြီး ပြောပြလိုက်၏။
လန်တယ်က သူမကို သိသည်လေ...
ချူယွင်အာ၏ အမြင်တွင် လန်တယ်သည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှ သူလျှို တစ်ဦး ဖြစ်သည်။ လန်တယ်သာ သူမကို မြင်လိုက်လျှင် သတင်း ဖြန့်လိုက်မှာ သေချာသည်။
“လန်တယ်ကလည်း ခင်ဗျားလိုပါပဲ...” ယဲ့ဖုန်း ပြုံးပြီး ပြောလိုက်၏။
ကြီးကြီးမားမား ကိစ္စလို့ ထင်နေတာ... ဒါလေးလား...
“ကျွန်မလိုပဲ ဟုတ်လား... ဒါဆို လန်တယ်ကိုလည်း ဂိုဏ်းချုပ်က စည်းရုံးလိုက်တာလား... ဒါမှမဟုတ် သူက မူလကတည်းက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းထဲကို ဂိုဏ်းချုပ် ထည့်ပေးလိုက်တဲ့ သူလျှိုလား...” ချူယွင်အာ ခန့်မှန်းလိုက်၏။
“ကျွန်တော် စည်းရုံးလိုက်တာ မဟုတ်ပါဘူး...” ယဲ့ဖုန်း ခဏ ရပ်လိုက်၏။ “လန်တယ်က အစကတည်းက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ ရန်သူပါ... ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဝင်လာတာ ပုံမှန်ပါပဲ...”
“ဟုတ်သားပဲ... အခုမှ သတိရတယ်... လန်တယ်ကို အပြင်က တပည့်တချို့ ခေါ်လာတာ... သူ နေခဲ့တဲ့ ရွာလေးကို ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းသားတွေ သတ်ဖြတ်ခဲ့တယ် လို့ ကြားဖူးတယ်...” ချူယွင်အာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ “ကြည့်ရတာ လန်တယ်က ဒီကိစ္စကို သိနေတဲ့ပုံပဲ...”
“အဲဒီသဘောပါပဲ...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
မကြာမီ သူတို့နှစ်ဦး မြူခိုးဂိုဏ်းသို့ ရောက်ရှိလာကြသည်။
“ဒါက မြူခိုးတောင်ထိပ်... ဟိုဘက်က ဖေးလိုင်တောင်ထိပ်... အကြီးအကဲတောင်ထိပ် လို့လည်း ခေါ်တယ်... ဟိုဘက်က နတ်ဆိုးသားရဲတောင်ထိပ်... ဝိညာဉ်သားရဲတွေ မွေးမြူတဲ့ နေရာပေါ့... ဟိုအဝေးဆုံးက ကျင့်ကြံရေးတောင်ထိပ်... အချိန်ရရင် အဲဒီက ကျင့်ကြံရေးမျှော်စင်ကို သွားပြီး လေ့ကျင့်နိုင်တယ်...” ယဲ့ဖုန်း တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်၏။
“ကျင့်ကြံရေးမျှော်စင်...” ချူယွင်အာ စိတ်ဝင်စားသွားသည်။
“ဪ... ဂိုဏ်းချုပ် ပြန်ရောက်လာပြီလား...” ဟူဖေးဖေးသည် အဖြူရောင် တုတ်တိုလေးကို ကိုင်ဆောင်လျက် ရောက်ရှိလာပြီး ပျော်ရွှင်စွာ မေးလိုက်၏။
“ဒါက... ဟူဖေးဖေးပဲ...”
ချူယွင်အာသည် လှပသော ပန်းရောင်ဆံပင်နှင့် မြေခွေးအမျိုးသမီးလေးကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
‘သူမ သိသလောက် ဆိုရင် ဒီအပြစ်ကင်းစင်ပုံ ပေါက်နေတဲ့ မြေခွေးအမျိုးသမီးလေးက ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးတွေကိုတောင် ဖောက်ခွဲပစ်နိုင်တဲ့ ထိပ်တန်း ပညာရှင် တစ်ဦးပဲ…’
“ဂိုဏ်းချုပ်... ဒါ ဂိုဏ်းချုပ်ရဲ့ ဝိညာဉ်မြွေ ပျံသန်းလှေပါ...”
ကုန်းချင်းချိုးသည် ဖေးလိုင်တောင်ထိပ်မှ လှမ်းမြင်လိုက်ပြီး အလျင်အမြန် ရောက်ရှိလာကာ ပျံသန်းလှေကို ပြန်ပေးလိုက်၏။
ချူယွင်အာကို ကြည့်ပြီး ကုန်းချင်းချိုး အံ့သြစွာ မေးလိုက်၏။ “ဂိုဏ်းချုပ်... ဒါ ဘယ်သူလဲ...”
“ချူယွင်အာ တဲ့... အကြီးအကဲ ခန်းမဆောင်ရဲ့ အဖွဲ့ဝင်သစ် တစ်ယောက်ပါ... အနာဂတ် အပြင်စည်း ကြီးကြပ်သူပေါ့... အကြီးအကဲကုန်း... သူ့ကို အကြီးအကဲ ခန်းမဆောင် ခေါ်သွားပြီး နေစရာ စီစဉ်ပေးလိုက်ပါဦး...” ယဲ့ဖုန်းက တာဝန် လွှဲပေးလိုက်၏။
“ဟုတ်ကဲ့...” ကုန်းချင်းချိုး ချက်ချင်း ဆောင်ရွက်လိုက်သည်။
ဖေးလိုင်တောင်ထိပ်...
ဤနေရာတွင် အကြီးအကဲ ခန်းမဆောင် သာမက အသစ်ဆောက်လုပ်ထားသော အဆောက်အအုံ အများအပြားလည်း ရှိသည်။
သီးသန့် သစ်သားအိမ် တစ်လုံးသည် အကြီးအကဲများနှင့် ကြီးကြပ်သူများအတွက် ဖြစ်ပြီး သေသပ်လှပစွာ ပြင်ဆင်ထားသဖြင့် ချူယွင်အာ သဘောကျသွား၏။
“တကယ် ကောင်းတဲ့ နေရာလေးပဲ...”
ချူယွင်အာသည် သူမ၏ အခန်းကို ရှာတွေ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး အေးချမ်းသာယာသော ပတ်ဝန်းကျင် ရှိသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ မြေအောက် အခြေစိုက်စခန်းထက် အများကြီး သာလွန်ပါသည်။
“ဪ... ရှင်ပါလား...”
ထိုအချိန်တွင် လန်တယ်သည် ကျင့်ကြံခြင်း ပြီးဆုံးပြီး အကြီးအကဲ ခန်းမဆောင်မှ ထွက်လာ၏။ ချူယွင်အာကို တွေ့လိုက်ရသောအခါ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်သန်းသွားသည်။
“ငါ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်လိုက်ပြီ...” ချူယွင်အာ ပြုံးပြီး ပြောလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ခဲ့သော လန်တယ်ကို တွေ့လိုက်ရသောအခါ သူမ ရင်းနှီးသလို ခံစားလိုက်ရသည်။
“ဘာဖြစ်ခဲ့တာလဲ...” လန်တယ် နားမလည်နိုင် ဖြစ်သွားသည်။
“အဲဒါက ‘ပိလျန်အာ’ လို့ ခေါ်တဲ့ အဝါရောင် ဝတ်စုံနဲ့ ကောင်မလေး တစ်ယောက်ကြောင့် စတာပဲ...” ချူယွင်အာက အဖြစ်အပျက်ကို ပြန်လည် ပြောပြလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အတွင်း ဖြစ်ပျက်ခဲ့သမျှကို ကြားသိလိုက်ရသောအခါ လန်တယ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဒီအချိန်အတောအတွင်း ဂိုဏ်းချုပ်က သူလျှိုသွားလုပ်ပြီး နတ်ဆိုးဂိုဏ်းချုပ်ဟောင်းကိုတောင် အရူးလုပ်ခဲ့တာလား...
တစ်လုံးတည်း ပြောရရင်... ကြမ်းတယ်...
“အခု ကျွန်မတို့က ဂိုဏ်းတူတွေ ဖြစ်သွားပြီ ဆိုတော့... နောင်ကျရင် ယွင်အာရဲ့ စောင့်ရှောက်မှုကို ခံယူပါရစေ...” လန်တယ်က လက်သီးဆုပ် နှုတ်ဆက်လိုက်၏။
“ရပါတယ်... ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပြဿနာ ရှိရင် အချိန်မရွေး မေးနိုင်ပါတယ်...” ချူယွင်အာ ခေါင်းညိတ် အသိအမှတ်ပြုလိုက်၏။
သူမသည် အခန်းထဲသို့ ဝင်ရောက်ပြီး ပစ္စည်းများကို နေရာချကာ ပတ်ဝန်းကျင်နှင့် အသားကျအောင် နေထိုင်ပြီးနောက် လန်တယ်နှင့်အတူ ဂိုဏ်းဝင်းအတွင်း လမ်းလျှောက် ထွက်လာခဲ့သည်။
မြူခိုးတောင်ထိပ်...
ယဲ့ဖုန်းသည် လန်တယ်အတွက် ဒုတိယမျိုးဆက် တပည့် အထောက်အထား တံဆိပ်ပြားတစ်ခု ပြုလုပ်ပေးလိုက်၏။ ခဏ စဉ်းစားပြီးနောက် ချူယွင်အာအတွက်လည်း အပြင်စည်း ကြီးကြပ်သူ တံဆိပ်ပြား တစ်ခု ပြုလုပ်ပေးလိုက်ပြီး မြေခွေးတာ့ဟုန်အား သွားရောက် ပေးပို့ခိုင်းလိုက်၏။
ရွှီတာလေ့နှင့် မူစီစီ ကဲ့သို့သော ဒုတိယမျိုးဆက် တပည့်များသည်လည်း လွန်ခဲ့သော အချိန်က ပြုလုပ်ထားသည့် အထောက်အထား တံဆိပ်ပြားများကို လက်ခံရရှိလိုက်ကြသည်။
တံဆိပ်ပြားများ၏ လုပ်ဆောင်ချက် အများအပြားကို သိရှိလိုက်ရသောအခါ အားလုံး ပျော်ရွှင်သွားကြသည်။
“မြူခိုးဂိုဏ်း ဆိုတဲ့အတိုင်းပဲ... အခြေခံအုတ်မြစ် ခိုင်မာလိုက်တာ... အထောက်အထား တံဆိပ်ပြားမှာတောင် ကာကွယ်ရေး၊ သတင်းပို့ခြင်းနဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ပါဝင်နေတယ်... လူတိုင်း အရည်အသွေးမြင့် အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုစီ ပိုင်ဆိုင်လိုက်ရတာနဲ့ တူတူပဲ...”
ချူယွင်အာသည် ကြီးကြပ်သူ အထောက်အထား တံဆိပ်ပြားကို ရရှိပြီးနောက် အံ့သြသွားသည်။
မြူခိုးဂိုဏ်း၏ အမွေအနှစ်သည် မယုံနိုင်လောက်အောင် ခိုင်မာပြီး ကြယ်တစ်ပွင့် ဂိုဏ်းများကို ကျော်လွန်ကာ ကြယ်နှစ်ပွင့် ဂိုဏ်းများနှင့်ပင် ယှဉ်ပြိုင်နိုင်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားသည်။
ဒီလို အင်အားစုမျိုးနဲ့ ဆိုရင်... အနာဂတ် အလားအလာက အကန့်အသတ် မရှိတော့ဘူး...
*
ဖေးလိုင်တောင်ထိပ်၊...
မြေခွေးတာ့ဟုန်သည် ကြက်ပေါင်ကို ကိုက်လျက် လန်တယ်နှင့် ချူယွင်အာတို့၏ ရှေ့တွင် ခုန်ဆွခုန်ဆွ လုပ်နေပြီး မပီကလာ ပီကလာ ပြောလိုက်၏။
“ဂိုဏ်းချုပ်က မင်းတို့နှစ်ယောက်ကို တွေ့ချင်နေတယ်...”
သူမတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မြူခိုးတောင်ထိပ်သို့ အလျင်အမြန် သွားရောက်လိုက်ကြသည်။
လန်တယ်နှင့် ချူယွင်အာ ရောက်လာသည်ကို မြင်သောအခါ ယဲ့ဖုန်းသည် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး လန်တယ်အား ပေးလိုက်၏။
“ဒီသတင်းကို ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်ဆီ ပေးပို့လိုက်...”
လန်တယ် စာရွက်ကို ယူပြီး စာသားကို ဖတ်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။
မကြာမီ သူမသည် စက္ကူကြိုးကြာ စာပို့လုလင် တစ်ကောင်ကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအား အမြောက်အမြား ထည့်သွင်းကာ ရှည်လျားသော သတင်းစကား တစ်စောင် ပါးလိုက်၏။ ထို့နောက် လွှတ်တင်လိုက်ရာ အဝေးသို့ ပျံသန်း ထွက်ခွာသွား၏။
နေ့တစ်ဝက် ကြာပြီးနောက်...
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စက္ကူကြိုးကြာကို လက်ခံရရှိလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မ လန်တယ် ပါ... ကျွန်မ အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုးရဲ့ ယုံကြည်မှုကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါပြီ... ပုံမှန် ထိတွေ့ဆက်ဆံမှုတွေနဲ့ စကားပြောဆိုမှုတွေကနေတဆင့် အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခု ရရှိခဲ့ပါတယ်...”
“မြူခိုးဂိုဏ်းရဲ့ ဝိညာဉ်သားရဲ ‘အစ်ကိုကြီး ခေါင်းပြား’က အရမ်း ရန်ငြိုးကြီးပြီး တိုက်ခိုက်ရတာ ဝါသနာပါပါတယ်... တခြားသူတွေနဲ့ တိုက်ခိုက်ဖို့ မကြာခဏ အပြင်ထွက်လေ့ ရှိပါတယ်...”
“တစ်ခါတုန်းက အစ်ကိုကြီး ခေါင်းပြား အပြင်ထွက်ပြီး တိုက်ခိုက်ခဲ့တုန်းက သွေးတွေ ၊ သံတွေနဲ့ ပြန်ရောက်လာတဲ့ အကြောင်း အကြီးအကဲ ကုန်းချင်းချိုး ပြောတာ ကြားလိုက်ရပါတယ်...”
အသံ ရပ်တန့်သွား၏။
“အဲဒီလိုကိုး...” မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စက္ကူကြိုးကြာကို ရုတ်တရက် ချေမွလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
“ကြည့်ရတာ စောင့်ရှောက်သူ အသတ်ခံရတာက တိုက်ခိုက်ရတာ ဝါသနာပါတဲ့ အစ်ကိုကြီး ခေါင်းပြား လက်ချက် ဖြစ်ပုံ ရတယ်... ယဲ့ဖုန်းရဲ့ အမိန့် မဟုတ်ဘူး...”
“ဒါဆိုရင် မြူခိုးဂိုဏ်းက ငါတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကို မသိသေးဘူးပေါ့...”
“ကောင်းတယ်... အရမ်း ကောင်းတယ်...”
မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး စက္ကူကြိုးကြာ စာပို့လုလင် တစ်ကောင်ကို ထုတ်ယူကာ လွှတ်တင်လိုက်၏။
*
နာရီအနည်းငယ် ကြာပြီးနောက်...
ကျောက်မဲ ကန္တာရ အောက်ရှိ နက်ရှိုင်းသော လိုဏ်ဂူထဲတွင်...
နတ်ဆိုးဂိုဏ်းချုပ်ဟောင်းသည် လက်ကို ဆန့်တန်းပြီး ဝင်ရောက်လာသော စက္ကူကြိုးကြာကို ဖမ်းယူလိုက်ကာ မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ၏ အသံကို နားထောင်လိုက်၏။
“အဖေ... သား သေချာ စုံစမ်းပြီးပါပြီ... မြူခိုးဂိုဏ်းက ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ကို မသိပါဘူး... စောင့်ရှောက်သူ သေဆုံးရတာက အစ်ကိုကြီး ခေါင်းပြားရဲ့ တိုက်ခိုက်လိုစိတ်ကြောင့်ပါ... သူတို့နှစ်ယောက် တိုက်ဆိုင်ပြီး ထိပ်တိုက် တွေ့ကြတာပါ... ယဲ့ဖုန်း ခိုင်းတာ မဟုတ်ပါဘူး...”
ထိုစကားကို ကြားသောအခါ ဂိုဏ်းချုပ်ဟောင်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
သူ စိတ်မအေးသေးသဖြင့် ကျောက်စိမ်းပုလင်း တစ်လုံးကို ပြတ်ပြတ်သားသား ထုတ်ယူလိုက်ပြီး မိစ္ဆာချီ အမျှင် (၁၀၀) ကို ထုတ်ကာ ဟောကိန်းထုတ်ရန် ပြင်ဆင်လိုက်၏။