အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
အခန်း (၃၅၅) ကံတရား သယ်ဆောင်သူ၊ ရှီလေ့၏ ကြိုးစားအားထုတ်မှု
~“ဂူလီ ရှီဝါ လာ...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် လေထဲတွင် အလင်းဝင်္ကပါ တစ်ခု ရေးဆွဲလိုက်ပြီး မိစ္ဆာချီများ ထည့်သွင်းကာ ထူးဆန်းသော အသံထွက်များဖြင့် မန္တန် ရွတ်ဆိုလိုက်၏။ မိစ္ဆာချီများသည် ကျိန်စာစွမ်းအား အဖြစ် ချက်ချင်း ပြိုကွဲသွားပြီး စတင် ဟောကိန်းထုတ်သည်။
ကျိန်စာစွမ်းအားများ စုစည်းနေသည်။
သို့သော် ပုံရိပ် ပေါ်လာသောအခါ မြူခိုးဂိုဏ်း တည်ရှိရာ နေရာသည် နေလုံးကြီးကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည်ကို တွေ့ရှိလိုက်ရသည်။
“မျက်စိကျိန်းလိုက်တာ...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် အလျင်အမြန် မျက်နှာ လွှဲလိုက်ရသည်။
ခဏအကြာတွင် ပုံရိပ် ပျက်ပြယ်သွားသည်။
သူသည် မြူခိုးဂိုဏ်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် တစ်ခုမှ မရရှိလိုက်ပေ။
“ရှေ့ဖြစ်ဟော မျိုးနွယ်စုရဲ့ ဘိုးဘေး မှတ်ဉာဏ်တွေအရ ဆိုရင်... ဟောကိန်းထုတ်တဲ့အခါ ရွှေရောင်အလင်းတန်း တွေ့ရတယ် ဆိုတာ တစ်ဖက်လူမှာ ကြီးမားတဲ့ ကံတရား ဖုံးလွှမ်းနေတယ် လို့ ဆိုလိုတာပဲ... ငါ့ရဲ့ လက်ရှိ စွမ်းရည်နဲ့ ဆိုရင် ဟောကိန်းထုတ်လို့ မရဘူး...”
“ဒါဆို မြူခိုးဂိုဏ်းမှာ ကြီးမားတဲ့ ကံတရား ရှိနေတာပေါ့...”
“ဒါကြောင့်လည်း လပိုင်းအတွင်း ကြယ်အဆင့် ဂိုဏ်း ဖြစ်လာပြီး ယဲ့ဖုန်းတို့၊ ဟူဖေးဖေးတို့လို စွမ်းအားကြီးတဲ့ သူတွေ ပိုင်ဆိုင်ထားတာကိုး... ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးကိုတောင် ဖောက်ခွဲပစ်နိုင်တယ် ဆိုတော့...”
“ကြည့်ရတာ ဒီဂိုဏ်းက ငါထင်ထားတာထက် ပိုရှုပ်ထွေးနေပုံပဲ...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ်သည် မြူခိုးဂိုဏ်းကို ပိုမို သတိထားလာသည်။
နောက်ဆုံးတွင် သူ ဟောကိန်းထုတ်ခြင်းကို လက်လျှော့လိုက်၏။
သူ၏ ဟောကိန်းထုတ်နိုင်စွမ်း မတိုးတက်မချင်း ကြီးမားသော ကံတရားဖြင့် ကာကွယ်ထားသည့် မြူခိုးဂိုဏ်းအကြောင်း သတင်းအချက်အလက် တစ်ခုမှ ရရှိနိုင်မည် မဟုတ်ပေ။
“ထားလိုက်တော့... လောလောဆယ် မြူခိုးဂိုဏ်းကို လွှတ်ထားလိုက်ဦးမယ်... အရေးကြီးတာက ဝိညာဉ်စွမ်းအင် ဒီရေလှိုင်း ဘယ်တော့ ရောက်မလဲ ဆိုတာနဲ့ ငါ့ရဲ့ အသားတောင် မိစ္ဆာကောင်ကြီး ဘယ်လောက် စွမ်းအားကြီးလာမလဲ ဆိုတာပဲ...”
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းချုပ် တီးတိုး ရေရွတ်လိုက်၏။
...
မြူခိုးဂိုဏ်း...
ယဲ့ဖုန်းသည် ဝိညာဉ်စမ်းရေဖြင့် အပင်များကို ရေလောင်းပေးနေသည်။
ထိုအချိန်တွင် ရှီလေ့ ရောက်ရှိလာပြီး ယဲ့ဖုန်းကို ဦးညွှတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ချိုးဖျက်ဖို့ အဆင်သင့် ဖြစ်ပါပြီ...”
“ချီကျင့်ကြံခြင်း နဝမအဆင့် အထွတ်အထိပ် ရောက်သွားပြီလား...” ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။ ရှီလေ့၏ အရှိန်အဝါကို စစ်ဆေးကြည့်လိုက်ရာ အခြေခံအုတ်မြစ် ခိုင်မာပြီး အခြေအနေ ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။
ဒီလို အခြေအနေမျိုးမှာ ဆိုရင် အဆင့်ချိုးဖြတ်ဖို့ ကြိုးစားလို့ ရပြီ...
“ကောင်းပြီ... သွားပြီး တံခါးပိတ် ကျင့်ကြံတော့...”
“ဟုတ်ကဲ့...”
ရှီလေ့သည် ဝိညာဉ်စမ်းရေတွင်းဘေးသို့ ရောက်ရှိသွားပြီး ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံဆင့်ကို ဆက်တိုက် ခိုင်မာအောင် လုပ်ဆောင်ပြီးနောက် အဆင့်ချိုးဖြတ်ရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင် လန်တယ်နှင့် ချူယွင်အာတို့သည် ကျင့်ကြံရေးမျှော်စင် အောက်ခြေသို့ ရောက်ရှိလာကြသည်။
“ဒါ ဒဏ္ဍာရီလာ ကျင့်ကြံရေးမျှော်စင်ပဲ... သတ္တမထပ်ကို ရောက်ရင် ကျင့်ကြံဆင့် တစ်ဆင့် တိုးတက်နိုင်တဲ့ အခွင့်အရေး ရမယ်လို့ အကြီးအကဲကုန်း ပြောဖူးတယ်...” လန်တယ် မျှော်လင့်တကြီး ပြောလိုက်၏။
ချူယွင်အာက ပြောလိုက်သည်။
“ဒါပေမဲ့ အကြီးအကဲကုန်း ပြောတာတော့ လက်ရှိ ဂိုဏ်းထဲမှာ နှစ်ယောက်ပဲ သတ္တမထပ်ကို ရောက်ဖူးတာတဲ့... တစ်ယောက်က သူ... နောက်တစ်ယောက်က မိုယင်...”
လန်တယ်က ပဉ္စမထပ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ကြီးကြပ်သူ ယွင်အာရဲ့ စွမ်းအားနဲ့ ဆိုရင် ပဉ္စမထပ်လောက်တော့ ဘာပြဿနာမှ မရှိလောက်ပါဘူးနော်...”
“ပြောရခက်ပါတယ်... သွားကြည့်ကြရအောင်...”
သူမတို့နှစ်ဦး ပြိုင်တူ ဝင်ရောက်သွားကြ၏။
“ဂျူနီယာညီမလေး အသစ် ရောက်လာတာလား...”
“ဟေ... ဒီညီမလေးက နည်းနည်း ရင့်နေသလိုပဲ... ငါ့အမေလောက်တောင် အသက်ရှိမယ့်ပုံ ပေါက်နေတယ်...”
“နင် တုံးလိုက်တာ... အဲဒါ ကြီးကြပ်သူ ချူယွင်အာ လေ... ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ရောက်နေပြီ...”
“မင်္ဂလာပါ ကြီးကြပ်သူ...”
ချူယွင်အာကို မြင်သောအခါ တပည့်များသည် အချင်းချင်း ဆွေးနွေးပြီးနောက် နှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ...” ချူယွင်အာက လီကျောက်ကျောက်နှင့် အခြား တပည့်များကို ပြန်လည် နှုတ်ဆက်လိုက်ပြီး ဆွဲငင်အားဇုန်ထဲသို့ ဝင်ရောက် ကျင့်ကြံလိုက်၏။
...
(၃) ရက် ကြာပြီးနောက်...
ဝိညာဉ်စမ်းရေတွင်းဘေးတွင် ရှိနေသော ရှီလေ့သည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို စတင် စိန်ခေါ်လိုက်သည်။
ဝိညာဉ်စွမ်းအားကို အစစ်အမှန်ယွမ် အဖြစ် ပြောင်းလဲခြင်းနှင့် သွေးကြောများကို ချဲ့ထွင်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့၏။
ကံဆိုးစွာဖြင့် ဝိညာဉ်အာရုံ စုစည်းချိန်တွင် သူ၏ မွေးရာပါ ပါရမီ နိမ့်ကျမှုကြောင့် အမှားအယွင်း ဖြစ်ပေါ်ခဲ့သည်။
“ဝူး”
စွမ်းအင်လှိုင်းလုံး တစ်ခု ရှီလေ့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေ၏။
ထို့နောက် ရှီလေ့ မြေကြီးပေါ်သို့ လဲကျသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်၏။ သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် စုစည်းစ ပြုနေသော ဝိညာဉ်အာရုံ ကွဲကြေပျက်စီးသွားပြီး အဆင့်ချိုးဖြတ်ခြင်း မအောင်မြင်ကြောင်း ပြသနေသည်။
“ဟေ... မအောင်မြင်ဘူးလား...”
ယဲ့ဖုန်း သတိထားမိလိုက်ပြီး သက်ပြင်းချလိုက်မိ၏။
ကျင့်ကြံသူများအဖို့ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း' အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းရခြင်းက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှ၏။ အကြောင်းမူကား အဆင့်မြင့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသည့် မိုယင် ပင်လျှင် ပထမအကြိမ်၌ ရှုံးနိမ့်ခဲ့ရဖူးသောကြောင့် ဖြစ်သည်။
သို့သော်ငြား ရှီလေ့၏ ပါရမီမှာကား အလွန်ကို သာမန်ဆန်လွန်းနေလေ၏။ အကယ်၍ အခြားသော ဂိုဏ်း တစ်ခုခုတွင်သာ ဆိုပါက ဤတစ်ကြိမ် ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် တစ်သက်တာလုံး 'ဓာတ်ကြီးငါးပါး စုစည်းခြင်း' အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးကို ထပ်မံ ရရှိနိုင်တော့မည် မဟုတ်။
“ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် မအောင်မြင်ခဲ့ပါဘူး...”
ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်း၌ ရှီလေ့သည် ခေါင်းငုံ့ထားပြီး မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်နေကာ အသံတွင် ခါးသီးမှုများ ပြည့်နှက်နေသည်။
“မအောင်မြင်ရင် ပြန်စပေါ့ကွ...” ယဲ့ဖုန်းသည် ရှီလေ့၏ ပခုံးကို ပုတ်လျက် အားပေးလိုက်ပြီး ‘သွေးကြော ပြန်လည် နုပျိုခြင်း ဆေးလုံး’ တစ်လုံးကို ထုတ်ပေးလိုက်၏။
“ဂိုဏ်းချုပ်... ဒါက...”
“သွေးကြော ပြန်လည် နုပျိုခြင်း ဆေးလုံးက မင်းရဲ့ သွေးကြောတွေကို ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် မချိုးဖျက်ခင် အခြေအနေအတိုင်း ပြန်ဖြစ်သွားစေတယ်... ပြီးတော့ သွေးကြောတွေရဲ့ ခံနိုင်ရည်ကိုလည်း မြှင့်တင်ပေးပြီး အောင်မြင်နိုင်ချေကို သိသိသာသာ တိုးတက်စေတယ်...”
“ဒါဆို ဂျူနီယာညီမလေး မိုယင်လည်း ပထမအကြိမ် ကျရှုံးပြီးမှ ဒီဆေးလုံးကြောင့် ဒုတိယအကြိမ် ပြန်ကြိုးစားခွင့် ရခဲ့တာပေါ့...”
“ဒါပေါ့...”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး...”
ရှီလေ့ မျက်ရည်ကျမလို ဖြစ်သွားသည်။
“မှတ်ထားနော်... ဒီဆေးလုံး ရှိကြောင်း ဂိုဏ်းထဲမှာ ထုတ်မပြောရဘူး... တပည့်တွေကို ကံတရားအပေါ် မှီခိုစေချင်တာ မဟုတ်ဘူး...” ယဲ့ဖုန်း လေးနက်စွာ သတိပေးလိုက်၏။
ထိုအခါ၊ ရှီလေ့က ကတိပေးလိုက်သည်။
“စိတ်ချပါ ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် လျှို့ဝှက်ထားပါ့မယ်...”
ရှီလေ့သည် ဆေးလုံးကို မျိုချလိုက်ရာ သွေးကြောများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည်။ ထို့နောက် ဝိညာဉ်စမ်းရေတွင်းဘေးတွင် တင်ပျဉ်ခွေထိုင်ပြီး အဆင့်အတားအဆီးကို ဆက်လက် တိုက်ခိုက်လေတော့၏။
ယခုတစ်ကြိမ်တွင် လုပ်ငန်းစဉ် အလွန် ချောမွေ့သွားသည်။
*
“ဝေါ…”
(၃) ရက် ကြာပြီးနောက် အနီးနားမှ ဝိညာဉ်စွမ်းအင် လေပွေ တစ်ခု ထွက်ပေါ်လာသည်။ အချင်း (၁၀) မီတာကျော် ရှိပြီး ကောင်းကင်တွင် လှည့်ပတ်နေကာ ရှီလေ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
“ကြည့်လိုက်... နောက်တစ်ယောက် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ချိုးဖျက်သွားပြန်ပြီ...”
“ဒါ အစ်ကိုကြီးပဲ...”
“တကယ့် အစ်ကိုကြီး ဆိုတဲ့အတိုင်းပဲ... စီနီယာ အစ်မကြီးမို၊ အစ်ကိုဟွေ့၊ အစ်မကျား၊ အစ်မယန် တို့ပြီးရင် သူက ငါတို့ မြူခိုးဂိုဏ်းရဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်တဲ့ ပဉ္စမမြောက် ပါရမီရှင်ပဲ...”
ဖေးလိုင်တောင်ထိပ်မှ ဒုတိယမျိုးဆက် တပည့်များသည် ဝိညာဉ်စွမ်းအင် လေပွေကို မြင်သောအခါ အားကျလေးစားသော အကြည့်များဖြင့် မြူခိုးတောင်ထိပ်သို့ လှမ်းကြည့်လိုက်ကြ၏။
“ကြိုးစား ကျင့်ကြံကြပါ... တစ်နေ့ကျရင် မင်းတို့လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ဖို့ အခွင့်အရေး ရလာမှာပါ...” ကုန်းချင်းချိုးက အားပေးစကား ပြောလိုက်၏။
“ဟုတ်ကဲ့ပါ...” တပည့်များ ခေါင်းညိတ်လိုက်ကြသည်။
ရှီလေ့သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ရှိပြီးနောက် ကျင့်ကြံရေးမျှော်စင်သို့ ယာယီ မသွားဘဲ ဂိုဏ်းအတွင်း အလုပ်များနေ၏။
“ကျွန်တော် အဆင့်ချိုးဖြတ်ဖို့ အချိန်တွေ အများကြီး သုံးလိုက်ရတယ်... အခု ဂိုဏ်းတည်ဆောက်ရေး လုပ်ငန်းတွေ ဆက်လုပ်ဖို့ အချိန်တန်ပြီ...” ရှီလေ့သည် ကုန်းချင်းချိုးကို ဆက်သွယ်လိုက်၏။
ထိုအခါ၊ ကုန်းချင်းချိုးက အကြံပြုလိုက်သည်။
“ယွိလန်နဲ့ ရူယွီတို့ ရွှေယန် မြို့တော် အပျက်အစီးတွေဆီ သွားပြီး ဝိညာဉ်ဆေးပင် စိုက်ခင်း အသစ် တည်ဆောက်တော့မလို့... မင်း သွားကူညီပေးလိုက်ပါလား...”
သူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကုန်းချင်းချိုး ထပ်ပြောလိုက်၏။
“ရွှေယန် မြို့တော် အပျက်အစီး ဂိုဏ်းပိုင်နက် စာချုပ်.. ငါ့လက်ထဲမှာ ရှိတယ်... စိတ်ချလက်ချ တည်ဆောက်နိုင်ပါတယ်...”
“ကောင်းပါပြီ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်...”
ရှီလေ့သည် ချင်းဖုန်းဓားကို စီးနင်းပြီး မိုင်ထောင်ချီ ဝေးကွာသော ရေပေါ်ဖြူ မြို့တော်ဆီသို့ ပျံသန်းသွားတော့သည်။
*
မြူခိုးတောင်ထိပ်...၊
ယဲ့ဖုန်းသည် ထွက်ခွာသွားသော ရှီလေ့ကို ကြည့်ပြီး စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။
ဒီကောင်က တကယ့် တည်ဆောက်ရေး ဝါသနာအိုးပဲ... အဆင့်တက်ပြီးတာနဲ့ တည်ဆောက်ရေး လုပ်ငန်းခွင် ဝင်ဖို့ စဉ်းစားနေတာ...
ဒါပေမဲ့ ကောင်းပါတယ်...။
ထိုအချိန်တွင် ဟူဖေးဖေး တစ်ယောက် ပြက္ခဒိန်ကို ကိုင်ဆောင်လျက် ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်... မှတ်ထားတဲ့ ရက် ရောက်တော့မယ်...”
သူမသည် ပြက္ခဒိန်ပေါ်ရှိ အနီရောင် ဝိုင်းထားသော ရက်စွဲကို လက်ညှိုးထိုးပြလိုက်၏။
ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိသည်။
“မေ့တော့မလို့... သွေးကြောသန့်စင်ဆေးလုံး ဖော်စပ်ရဦးမယ်...”
တစ်လတစ်ခါ... ဒါက သူနှင့် လျူမင်တို့ကြားက သဘောတူညီချက်ပင်...။
အခု လျူမင် ရောက်လာဖို့ တစ်ရက်သာ လိုတော့သည်.. ။
ယဲ့ဖုန်းသည် ထိုသို့ တွက်ချက်ပြီးနောက် ဝိညာဉ်ဆေးပင် ကုန်ကြမ်းများကို အလျင်အမြန် စုဆောင်းလိုက်ပြီး ပုံရိပ်ယောင် ဆေးဖော်စပ်ရေး မီးဖို ကို ဖွင့်ကာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်၏။
*
နောက်တစ်နေ့ နေ့လယ်တွင်...၊
“ဂိုဏ်းချုပ်ယဲ့... ခန်းမသခင် ရောက်လာပါပြီ...”
လျူမင်သည် မြူခိုးတောင်ထိပ်သို့ ဆင်းသက်လာပြီး စောင့်ဆိုင်းနေသော ယဲ့ဖုန်းကို တွေ့ရှိလိုက်ရသည်။ ယဲ့ဖုန်းသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။
“ဒီမှာ သွေးကြောသန့်စင်ဆေးလုံး (၂၀၀) ပါ... ဝိညာဉ်ကျောက်တုံး (၄၀၀၀၀) ကျပါတယ်...” ယဲ့ဖုန်း ဈေးနှုန်း ကြေညာလိုက်၏။
“ကျုပ် (၅၀၀၀၀) ပေးမယ်...” လျူမင် ရက်ရောစွာ ပြောလိုက်သည်။
ယဲ့ဖုန်း မငြင်းပယ်ဘဲ လက်ခံလိုက်၏။ လျူမင် ဘာလို့ ဒီလောက် ချမ်းသာနေလဲ မသိပေမယ့် ဝိညာဉ်ကျောက်တုံး (၅၀၀၀၀) ကို ချက်ချင်း ယူလိုက်၏။
ထိုအချိန်တွင် လျူမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကြီးမားကျယ်ပြန့်သော မြူခိုးဂိုဏ်းတွင် တပည့် (၁၀) ဂဏန်းခန့်သာ ရှိနေသဖြင့် အနည်းငယ် ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်ယဲ့... ဘာလို့ တပည့်တွေ ပိုမခေါ်တာလဲ...” လျူမင် နားမလည်နိုင်စွာ မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း စိတ်ပျက်သွားသည်။
တပည့် များများ လက်ခံရင် သူ ပိုသန်မာလာမှာပဲလေ... သဘာဝကျကျ ဂိုဏ်းသားတွေ အများကြီး လိုချင်တာပေါ့... ဒါပေမဲ့ ပြဿနာက စနစ်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူက အရမ်း ရှားပါးလွန်းနေတာပဲ...
စဉ်းစားရင်းနှင့် ယဲ့ဖုန်း ပိုပြီး စိတ်ပျက်လာမိသည်။
အခန်း (၃၅၆) - ကြယ်နှစ်ပွင့် ဂိုဏ်းအဖြစ် တက်လှမ်းရန် လိုအပ်ချက်များ
~ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ယဲ့ဖုန်း၏ မျက်နှာထက်တွင် ခါးသီးမှုတို့ အထင်းသား ပေါ်လွင်နေသည်။
ဘေးမှ လျူမင်မှာမူ ထိုအမူအရာကို မြင်လိုက်ရသဖြင့် အလွန်တရာ နားမလည်နိုင် ဖြစ်သွားရချေသည်။
“ဂိုဏ်းချုပ်ယဲ့... ဘာလို့ ဒီလို မျက်နှာကြီး ဖြစ်နေရတာလဲ။ ခင်ဗျားရဲ့ တပည့်လက်ခံတဲ့ စံသတ်မှတ်ချက်တွေက မြင့်လွန်းနေလို့လား”
လျူမင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ကျွန်တော့်ရဲ့ မြူခိုးဂိုဏ်းက တပည့်လက်ခံတဲ့ နေရာမှာ ‘ကံစီမံရာ’ ကိုပဲ အဓိကထားပါတယ်ဗျာ။ အရင်တုန်းက တောင်ပိုင်းမြစ်ဝှမ်းဒေသ၊ မြောက်လင်းမြို့တော်အထိ သွားပြီး တစ်မြို့လုံးကို ပြောင်းပြန်လှန်ရှာတာတောင်မှ တပည့် (၃၅) ယောက်ပဲ ရခဲ့တယ်။ ခက်ခဲလိုက်တာဗျာ...”
ယဲ့ဖုန်း၏ မျက်နှာထားမှာ ဆင်းရဲဒုက္ခရောက်နေသူပမာ ညှိုးငယ်နေတော့သည်။
အကယ်၍သာ သူသည် သာမန်လူများကို စိတ်ကြိုက် တပည့်လက်ခံခွင့် ရှိမည် ဆိုပါက ယခုအချိန်တွင် သူ၏ စွမ်းအားသည် ဝိညာဉ်ပင်လယ်အဆင့်၊ သို့မဟုတ် မူလနတ်ဘုရားအဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ သို့သော် စနစ်ကြီး၏ စည်းကမ်းချက်များက အလွန်တရာ တင်းကျပ်လှပေ၏။
“ဂိုဏ်းချုပ်ယဲ့က တောင်မင်းနိုင်ငံအထိ သွားခဲ့တာလား။ ဒါဆို သဲကန္တာရကို ဖြတ်ကျော်သွားခဲ့ရတာပေါ့။ ဟေ... နေပါဦး။ ဘာလို့ ဒီနားတစ်ဝိုက်မှာ အားကောင်းပြီး ရင်းနှီးနေတဲ့ နတ်ဆိုးဘုရင် အငွေ့အသက်တွေကို ရနေပါလိမ့်”
မြောက်လင်းမြို့တော် အကြောင်းကို ကြားလိုက်ရချိန်တွင် လျူမင် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်မိသည်။
“သြော်... ဟိုမှာ ကြည့်လိုက်ပါ”
ယဲ့ဖုန်းသည် လျူမင်အား တောင်ကမ်းပါးယံ အစွန်းဆီသို့ ခေါ်ဆောင်သွားပြီး ဂိုဏ်း၏ ပင်မရင်ပြင်ရှိရာ အောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
အောက်ဘက်တွင် ပုံလျက်သား လဲကျသေဆုံးနေသော ဧရာမ မြွေဟောက်ရူး ဘုရင်ကြီးနှင့် အဆိပ်ကင်းမြီးကောက် ဘုရင်ကြီး၏ အလောင်းများကို မြင်လိုက်ရသောအခါ လျူမင်တစ်ယောက် မျက်လုံးပြူးကာ အသက်ရှူမှားမတတ် ဖြစ်သွားရတော့သည်။
“ဘုရားရေ... ဂိုဏ်းချုပ်ယဲ့။ ခင်ဗျားက သဲကန္တာရရဲ့ နတ်ဆိုးဘုရင်ကြီး (၂) ပါးစလုံးကို သတ်ဖြတ်လိုက်တာလား”
“တကယ်တော့ သဲကန္တာရဘုရင် ရှားလီဘီတာလည်း ကိစ္စတုံးသွားပါပြီ။ (၂) ကောင်တည်း မဟုတ်ပါဘူး”
ယဲ့ဖုန်းက တိုးတိုးလေး ကပ်ပြောလိုက်၏။
“ရှီး...”
လျူမင်သည် ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် နောက်သို့ (၃) လှမ်းမျှ ဆုတ်သွားမိသည်။ သူသည် ယဲ့ဖုန်းကို လူသား တစ်ယောက်အဖြစ် မမြင်တော့ဘဲ ဘီလူးသရဲစီးနေသော သတ္တဝါဆန်း တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိတော့၏။
“ကျွန်တော့် လက်ရာ မဟုတ်ပါဘူးဗျာ။ အားလုံးက မင်းသမီးလေး လုပ်သွားတာပါ”
ယဲ့ဖုန်းက ဖွင့်ဟဝန်ခံလိုက်၏။
“ဒါ... ဟူမင်းသမီးလေးက ဒီလောက်တောင် စွမ်းအားကြီးတာလား”
လျူမင်မှာ ပို၍ပင် မှင်သက်သွားရချေသည်။
ဂိုဏ်းစောင့်ရှောက်သူကသာ ဤမျှ တန်ခိုးထွားနေလျှင် ဂိုဏ်းချုပ် ဖြစ်သော ယဲ့ဖုန်း ဆိုပါက မည်မျှပင် ပြိုင်ဘက်ကင်းနေလိမ့်မည်နည်း။
မြူခိုးဂိုဏ်းကား အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှပေစွ။
လျူမင်၏ စိတ်ထဲတွင် တုန်လှုပ်မှုများက ဒီရေအလား တရိပ်ရိပ် မြင့်တက်လာနေသည်။
“ဒါပေမဲ့ ဘာအသုံးကျမှာလဲဗျာ။ တပည့်သစ်တောင် လက်မခံနိုင် ဖြစ်နေတာ”
ယဲ့ဖုန်းက ခါးသီးစွာ ပြုံးလျက် ရေရွတ်လိုက်၏။
“တပည့်လက်ခံတယ်ဆိုတာ ဂိုဏ်းချုပ်ယဲ့ရဲ့ ဆန္ဒသဘောထားပေါ်မှာ မူတည်တာ မဟုတ်ဘူးလား။ ဘာလို့ လက်ခံမရတာလဲဗျာ”
လျူမင်မှာ စဉ်းစားရခက်နေသည်။
“စောစောက ပြောခဲ့သလိုပါပဲ။ မြူခိုးဂိုဏ်းရဲ့ လူရွေးချယ်ပုံက ‘ကံစီမံရာ’ ပါပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ ရေစက် ပါ၊ မပါ ကျုပ် သိတယ်။ ဒါပေမဲ့ ခက်တာက အများစုနဲ့က လွဲချော်ဖို့ပဲ ကံပါလာကြတာကိုး”
ယဲ့ဖုန်းသည် မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်မိတော့သည်။
“ဒါဆို ခရိုင်ဘုရင်မြို့တော်မှာ သွားပြီး စမ်းကြည့်ပါလား”
လျူမင်က အကြံပြုလိုက်၏။
“ခရိုင်ဘုရင်မြို့တော်မှာ တပည့်လက်ခံရမှာလား”
ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ ယခင်က ဤအချက်ကို မတွေးမိခဲ့သည့် မိမိကိုယ်ကိုပင် ပြန်လည် ဆူပူလိုက်မိ၏။
“ဒါပေမဲ့ မြူခိုးဂိုဏ်းက ခရိုင်ဘုရင်မြို့တော်မှာ နာမည်မှ မကြီးတာ။ လာလျှောက်မယ့် တပည့်တွေ သိပ်ရှိမယ် မထင်ဘူး”
ယဲ့ဖုန်းက လက်ကာပြရင်း၊
“ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့က မကြာသေးခင်ကမှ ခရိုင်ဘုရင်မြို့တော် အပြင်ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြီးကို မသိသေးပုံပဲ”
လျူမင်က ခပ်ပြုံးပြုံးဖြင့်၊
“ဘာဖြစ်ခဲ့လို့လဲ”
ယဲ့ဖုန်းမှာ လုံးဝ အနံ့မရဘဲ ဖြစ်နေရှာသည်။ သူသည် ပြင်ပက ကောလာဟလ သတင်းများကို နားမစွင့်မိခဲ့ပေ။
“အကြီးအကဲ ကုန်းချင်းချိုးလေ... လုပ်ကြံသတ်ဖြတ်ရေး စာရင်းမှာ အဆင့် (၁၀) ချိတ်တဲ့ ‘ရူးသွပ်ဓား’ ရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ သူက ထွက်မပြေးဘဲ ရူးသွပ်ဓားကို ပြန်ပြီး သတ်ပစ်လိုက်နိုင်တယ်။ ဒီသတင်းက ခရိုင်ဘုရင်မြို့တော် တစ်ခွင်လုံးမှာ ပျံ့နှံ့နေပြီဗျ။ လူအများကြီးက ခင်ဗျားရဲ့ ဂိုဏ်းကို ဝင်ချင်နေကြတာ”
လျူမင်က အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ဖွင့်ချလိုက်၏။
'သြော်... ဒါကြောင့်ကိုး'
ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူ၏ ဂုဏ်သတင်းအမှတ်များ ဘာကြောင့် တစ်ရှိန်ထိုး ထိုးတက်လာသနည်း ဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။
“ဒါဆိုရင်တော့ ဒီနေ့ပဲ ခရိုင်ဘုရင်မြို့တော်ကို သွားပြီး တပည့်သစ်တွေ လက်ခံရမယ်။ အကြီးအကဲတွေနဲ့ ကြီးကြပ်သူတွေပါ ထပ်ခေါ်လို့ရတာပေါ့”
ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်၏။
“ကျုပ်လည်း လိုက်ပို့ပေးပါမယ်”
ဟု လျူမင်က ဖိတ်ခေါ်လိုက်၏။
“ကောင်းပြီလေ”
ယဲ့ဖုန်း ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် မိုယင်နှင့် အားလပ်နေသော အခြားတပည့်အချို့ကို ခေါ်ဆောင်ကာ လျူမင်နှင့်အတူ ဝိညာဉ်မြွေ ပျံသန်းလှေကြီးပေါ်သို့ တက်ရောက်လိုက်ကြသည်။ သူတို့သည် မိုင်ထောင်ချီ ကွာဝေးသော ခရိုင်ဘုရင်မြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေ၏။
လမ်းတစ်ဝက်သို့ ရောက်သော်...
လျူမင်သည် ကြီးမားခမ်းနားပြီး လျင်မြန်စွာ ပျံသန်းနေသော ဝိညာဉ်မြွေ ပျံသန်းလှေကြီးကို အံ့သြတကြီး ကြည့်ရှုရင်း မေးမြန်းလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒီလှေကြီးက မြွေဟောက်ရူးဘုရင်ရဲ့ အကြေးခွံ တစ်ခုလုံးကို သုံးပြီး လုပ်ထားတာလား”
“ဟုတ်တယ်”
ယဲ့ဖုန်း ခေါင်းညိတ်ပြလိုက်၏။
“ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် သွန်းလုပ်ထားတာလား”
လျူမင်က ထပ်ဆင့် စူးစမ်းလိုက်ပြန်သည်။
“အင်း... ဟုတ်ပါ့။ ကျွန်တော်.. လုပ်ထားတာ။ လက်ရာကတော့ နည်းနည်း ကြမ်းပါသေးတယ်ဗျာ။ သုံးလို့ရရုံပါပဲ”
ယဲ့ဖုန်းသည် လက်ဖက်ရည် တစ်ခွက်ကို ဇိမ်ကျကျ သောက်သုံးရင်း အောက်ဘက်ရှိ မိုင်ပေါင်းများစွာ ရှည်လျားသော မြစ်ချောင်းများကို အေးဆေးတည်ငြိမ်စွာ ငေးကြည့်နေသည်။ သူ့စိတ်ထဲတွင် ကျေနပ်ပီတိဖြစ်မှုတို့ လွှမ်းမိုးနေ၏။
“ဒါ... ဒီလောက် ကောင်းတာကို လက်ရာကြမ်းတယ်လို့ ခေါ်သလားဗျာ”
လျူမင်၏ နှုတ်ခမ်းများ တွန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။ အလွန်တရာ လက်ရာမြောက်ပြီး စွမ်းအားပြည့်ဝသော ဝိညာဉ်မြွေ ပျံသန်းလှေကြီးကို ကြည့်ရင်း သူ မနာလို ဝန်တိုဖြစ်သွားရသည်။
ကုန်ကြမ်း ပစ္စည်းတစ်ခုတည်းကပင် နတ်ဆိုးဘုရင် တစ်ပါး၏ အကြေးခွံ တစ်ခုလုံး ဖြစ်ပေ၏။
တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးတွင် ဤတစ်စင်းတည်းသာ ရှိပေလိမ့်မည်။
ထိုအချိန်၌ လှေပေါ်တွင် မိုယင်၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက်၊ ချောင်ကျားရှီး၊ ကျီဇီလင်း၊ ဝမ်ဖင်းအန်း နှင့် အခြားသော ပထမမျိုးဆက် တပည့်အချို့ ဝိုင်းဖွဲ့ ထိုင်နေကြသည်။
သူတို့အားလုံးသည် ဂိုဏ်းချုပ်မှ အသစ်ချပေးထားသော အထောက်အကူပြု ကျင့်စဉ် “စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်” နှင့် ပဉ္စမအဆင့် သိုင်းနည်းစနစ် “မူလစွမ်းအင် ခဲခြင်း တံဆိပ်” တို့ကို လေ့ကျင့်နေကြခြင်း ဖြစ်သည်။
ဟူဖေးဖေးမှာမူ ပါမလာခဲ့ပေ။
လုံခြုံရေးအရ ယဲ့ဖုန်းသည် သူမကို အိမ်စောင့်အဖြစ် ထားခဲ့ရန် ရွေးချယ်ခဲ့သည်။
“ဒါနဲ့ ခန်းမသခင် လျူ... ခရိုင်ဘုရင်မြို့တော်ရဲ့ တည်နေရာ အဆောက်အအုံ ဖွဲ့စည်းပုံလေး ပြောပြပါဦး။ ကျွန်တော် ကြိုပြီး တွက်ချက်ထားလို့ရအောင်ပါ”
ယဲ့ဖုန်းက မေးမြန်းလိုက်၏။
“ခရိုင်ဘုရင်မြို့တော် ဆိုတာက တောင်ပိုင်းမြစ်ဝှမ်းဒေသရဲ့ အားအကောင်းဆုံး အင်အားစုတွေထဲက တစ်ခုပဲဗျ။ မြို့ တစ်ခုလုံးက မိုင်ထောင်ချီ ကျယ်ဝန်းပြီး လူဦးရေ သန်း (၁၀၀) ကျော် ရှိတယ်။ တကယ့် မဟာမြို့တော်ကြီး ဖြစ်သလို၊ ထိပ်တန်း ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခုလည်း ဖြစ်တယ်။ အဲဒီမှာ မြို့စားမင်း စံအိမ်၊ ဂိုဏ်းချုပ် ခန်းမဆောင်၊ လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင်၊ ထိပ်တန်း မိသားစုကြီး (၁၀) ခု၊ ထိပ်တန်း ဂိုဏ်း (၁၀၀) နဲ့ တခြား အင်အားစုတွေ အများကြီး ရှိတယ်။ ယေဘုယျ စွမ်းအားကတော့ အတော်လေး ကြောက်စရာကောင်းတယ်”
လျူမင်က အစပျိုး ရှင်းပြလိုက်၏။
ယဲ့ဖုန်းနှင့် တပည့်များက စိတ်ဝင်တစား နားထောင်နေကြသည်။
ခရိုင်ဘုရင်မြို့တော် ဆိုသည်မှာ အင်အားစုပေါင်းစုံ စုဝေးနေသော မြို့ကြီးတစ်မြို့ ဖြစ်ပေ၏။
မိုင်ထောင်ချီ ကျယ်ဝန်းသော မြို့ကြီး၏ အဓိက အသက်သွေးကြောမှာ ထိပ်တန်း ကြယ်နှစ်ပွင့်အဆင့် ရှိသည့် “မြို့စားမင်း စံအိမ်” ဖြစ်သည်။ ကျန်သော အစိတ်အပိုင်းများတွင်မူ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းပေါင်း ရာနှင့်ချီ၍ စုစည်းတည်ရှိနေကြသည်။
ထို့အပြင် ထိပ်တန်း မိသားစုကြီး (၁၀) ခုလည်း ရှိသေးသည်။
ထိုမိသားစုများသည် ကြယ်အဆင့် အင်အားစုများ မဟုတ်ကြသော်လည်း သူတို့၏ ရှေးဟောင်း ဘိုးဘေးများသည် ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် အဆိုပါ မိသားစုများသည် အားအနည်းဆုံး ကြယ်နှစ်ပွင့် ဂိုဏ်းများနှင့် ယှဉ်လျှင်ပင် သိပ်မနိမ့်ကျလှပေ။
လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင် ဆိုသည်မှာ ငှားရမ်း၍ရသော လူသတ်သမားများ စုဝေးရာ နေရာဖြစ်သည်။ ထိပ်တန်း လူသတ်သမား (၁၀၀) ရှိသည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင် ထိုထက်မက များပြားပေသည်။
ဂိုဏ်းချုပ် ခန်းမဆောင်ကမူ တောင်ပိုင်းမြစ်ဝှမ်းဒေသ အတွင်းရှိ ဂိုဏ်းအပေါင်းကို စီမံခန့်ခွဲသည်ဟု အမည်ခံထားသော်လည်း၊ လက်တွေ့တွင်မူ ဂိုဏ်းများ၏ ကြယ်အဆင့် တက်လှမ်းခြင်းကို စစ်ဆေး အကဲဖြတ်ပေးရုံသာ လုပ်ဆောင်သည်။
ထို့အပြင် ခရိုင်ဘုရင်မြို့တော် အတွင်း၌ အရေးမပါသော သိုသိုသိပ်သိပ် အင်အားစုငယ်များလည်း အများအပြား ရှိနေသေးသည်။
“ထိပ်တန်း မိသားစုကြီး (၁၀) ခု၊ တစ်ခုစီမှာ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တွေ ရှိကြတယ် ဟုတ်လား... အားလားလား... ခရိုင်ဘုရင်မြို့တော်က နာမည်နဲ့ လိုက်အောင် စွမ်းတာပဲ”
ယဲ့ဖုန်း လေးစားအားကျစွာ ရေရွတ်လိုက်မိသည်။
“ဒါနဲ့... ကြယ်နှစ်ပွင့်အဆင့် တက်လှမ်းချင်တဲ့ ဂိုဏ်းတစ်ခုအတွက် လိုအပ်ချက် အသစ်တွေက ဘာတွေလဲဗျ”
ယဲ့ဖုန်းက ထပ်မေးလိုက်၏။
“ကြယ်နှစ်ပွင့် အင်အားစု ဖြစ်ဖို့ဆိုရင် ဂိုဏ်းသားဦးရေ စုစုပေါင်းက အနည်းဆုံး (၁၀၀၀) ရှိရမယ်။ ဒါက အနိမ့်ဆုံး လိုအပ်ချက်ပဲ။ ဂိုဏ်းချုပ်ရဲ့ စွမ်းအားကတော့ ဝိညာဉ်ပင်လယ်အဆင့် ရှိရမယ်။ ပြီးတော့ အသေးစား ဝိညာဉ်သွေးကြော တစ်ခု ပိုင်ဆိုင်ထားရမယ်”
လျူမင်က ဆက်လက် ရှင်းပြသည်။
“ဝိညာဉ်ဆေးဥယျာဉ်၊ ဝိညာဉ်သားရဲဥယျာဉ်၊ လက်နက်သွန်းလုပ်တာ၊ ဆေးဖော်တာ စတဲ့ အပိုင်းတွေကတော့ ဂိုဏ်းရဲ့ ပုံမှန်လည်ပတ်မှုကို ထောက်ပံ့ပေးနိုင်ရင် ရပြီ။ ဒါပေမဲ့... ဂိုဏ်းတစ်ခုက သူ့ရဲ့ လက်အောက်ခံ အဖြစ် မြို့ကြီးတစ်မြို့ကို မဖြစ်မနေ တည်ထောင် အုပ်ချုပ်ထားနိုင်ရမယ်”
ဂိုဏ်းသားဦးရေ လိုအပ်ချက်ကို ယဲ့ဖုန်း သိပြီးသားဖြစ်သည်။
ဂိုဏ်းချုပ်၏ စွမ်းအား လိုအပ်ချက် ဆိုသည်မှာလည်း မဖြစ်မနေ လိုအပ်သော အညွှန်းကိန်းတစ်ခု ဖြစ်သည်။
သို့သော် မြို့ကြီးတစ်မြို့ကို တည်ထောင်ရမည် ဆိုသည်မှာ မည်သို့သော ထူးဆန်းသည့် လိုအပ်ချက်ကြီးပါလိမ့်။
“ဂိုဏ်းတစ်ခုက ဘာလို့ လက်အောက်ခံ အင်အားစု အနေနဲ့ မြို့တစ်မြို့ကို ပိုင်ဆိုင်ထားဖို့ လိုတာလဲ”
ယဲ့ဖုန်း တွေးတောနေမိသည်။ ဤအချက်ကို သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေရ၏။
“ဂိုဏ်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ မြို့တစ်မြို့ကို မှီခိုရတယ်။ ဒီစကားကို ‘ကျိုး’ လို့ အမည်ရတဲ့ ရှေးဟောင်း ပညာရှိကြီး တစ်ပါးက ပြောခဲ့ဖူးတယ်။ ဒါကြောင့် ကြယ်တစ်ပွင့်အဆင့်ကနေ ကြယ်နှစ်ပွင့်အဆင့်ကို တက်ချင်ရင် လက်အောက်ခံ မြို့တစ်မြို့ ရှိကို ရှိရမယ်”
လျူမင်က ပြောပြလိုက်၏။
“ကျိုး... ကျိုး အမည်ရတဲ့ ရှေးဟောင်း ပညာရှိကြီးလား”
ယဲ့ဖုန်း၏ မျက်ဝန်းများ စူးရှသွားသည်။
သူ လေးစားရသော ပုဂ္ဂိုလ်တစ်ဦးကို သွားပြီး သတိရလိုက်မိသည်။
ကျိုး အမည်ရသော ထိုရှေးဟောင်း ပညာရှိကြီးသည် ဉာဏ်ပညာကြီးမားသော စကားများကို ပြောဆိုခဲ့ဖူးပြီး လူအများအတွက် သတိပေးချက်များအဖြစ် ကျန်ရစ်ခဲ့သည် မဟုတ်ပါလော။
“ဟုတ်တယ်။ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း တစ်ခုမှာ လူဦးရေ အနည်းဆုံး (၁) သန်း ရှိတဲ့ လက်အောက်ခံ မြို့ကြီး တစ်မြို့ ရှိရမယ်။ တချို့ဆိုရင် (၃) သန်းကျော်တောင် လိုအပ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေ များလေလေ၊ အဆောက်အအုံတွေ အခြေခံအဆောက်အအုံတွေ ပြည့်စုံဖို့ သေချာလေလေ ဖြစ်လို့ပဲ။ ပြီးတော့ မြို့တစ်မြို့မှာ လူဦးရေ များလေလေ၊ ပါရမီ ကောင်းတဲ့ လူငယ်တွေ ပေါ်ထွက်လာဖို့ အခွင့်အရေး များလေလေပဲ။ ဒါမှလည်း ဂိုဏ်းအတွက် မျိုးဆက်သစ်တွေ မပြတ်လပ်အောင် ထောက်ပံ့ပေးနိုင်မှာပေါ့”
လျူမင် ရှင်းပြသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
ဟုတ်ပေသားပဲ။
ဂိုဏ်းတစ်ခုက ဖွံ့ဖြိုးတိုးတက်ဖို့ ဘာကို အမှီပြုရသလဲ။
အဓိက အူတိုင်ကတော့ ‘လူ’ ပါပင်။
မျိုးဆက်ဟောင်းတွေက မလွဲမသွေ အိုမင်းသွားကြမည်ပင်။ ထိုအချိန်မှာ ဆက်ခံမည့် မျိုးဆက်သစ်တွေသာ မရှိလျှင် ဂိုဏ်း တစ်ခုက ဘယ်လိုလုပ် ဆက်လက် ရပ်တည် ရှင်သန်နိုင်ပါ့မည်လဲ။
ထို့ကြောင့် မြို့ကြီးတစ်မြို့ ရှိဖို့ လိုအပ်ခြင်း ဖြစ်၏။
ထိုမြို့သည် ကျင့်ကြံသူများအတွက် ခိုလှုံရာ နေရာ တစ်ခု ဖြစ်လာပေလိမ့်မည်။
“ကြည့်ရတာ အနာဂတ်မှာ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ရေပေါ်ဖြူ မြို့တော်ကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးအောင် လုပ်မှ ဖြစ်တော့မယ်”
ယဲ့ဖုန်း တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
မြင့်မြတ်သော လေဓားဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများက လူဦးရေ သန်း (၃၀) ကျော်ရှိသော ‘လေနတ်ဘုရားမြို့တော်’ ကို ဘာကြောင့် လက်အောက်ခံအဖြစ် ထားရှိသလဲ ဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်၏။
ခရိုင်ဘုရင်စံအိမ်ကလည်း ဘာကြောင့် လူဦးရေ ထူထပ်သော ခရိုင်ဘုရင်မြို့တော်ကို ပိုင်ဆိုင်ထားသလဲ ဆိုသည်ကိုပါ သဘောပေါက်သွားပြီ ဖြစ်သည်။
ဒါတွေအားလုံးက သူတို့ရဲ့ အုတ်မြစ်တွေပဲကိုး။
“ရေပေါ်ဖြူ မြို့တော်က အလားအလာ ကောင်းပါတယ်။ ဖွံ့ဖြိုးအောင် လုပ်ဖို့ ထိုက်တန်ပါတယ် ဂိုဏ်းချုပ်ယဲ့”
လျူမင်က မြူခိုးဂိုဏ်းအတွက် ထောက်ခံပြောဆိုလိုက်၏။
အခန်း (၃၅၇) - ခရိုင်ဘုရင်မြို့တော်နှင့် အင်အားကြီးဂိုဏ်းများ၏ တုံ့ပြန်မှု
~ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ဂိုဏ်းအဖြစ် တက်လှမ်းရန် လိုအပ်ချက်များကို ကြားသိလိုက်ရသောအခါ တပည့်များ၏ မျက်နှာထားများမှာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားကြသည်။
အထူးသဖြင့် "လူဦးရေ သန်းချီရှိသော မြို့ကြီးတစ်မြို့ကို လက်အောက်ခံအဖြစ် ပိုင်ဆိုင်ရမည်" ဟူသော အချက်သည် သူတို့အတွက် အသစ်အဆန်း ဖြစ်နေသကဲ့သို့ စိန်ခေါ်မှုကြီး တစ်ခုလည်း ဖြစ်နေပေသည်။
“ဒါပေမဲ့ ဆရာ... ရေပေါ်ဖြူ မြို့တော်ရဲ့ လက်ရှိလူဦးရေက (၈) သိန်းလောက်ပဲ ရှိသေးတာဗျ။ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ (၁) သန်း ပြည့်ဖို့ ဆိုရင်တောင် လူ (၂) သိန်း လိုနေသေးတယ်”
ဝမ်ဖင်းအန်းက စိုးရိမ်တကြီး ထောက်ပြလိုက်၏။
“ကျွန်မတို့ရဲ့ ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာငယ်လေးထဲက လူတွေကို အပြင်ထုတ်ပြီး ရေပေါ်ဖြူ မြို့တော်ထဲ ရွှေ့ပေးလိုက်ရင်ရော မရဘူးလား”
ကျီဇီလင်းက မျက်လုံးလေး အရောင်လက်သွားကာ အကြံပြုလိုက်သည်။
သူမ နေထိုင်ခဲ့ဖူးသော ကမ္ဘာငယ်လေးထဲတွင် လူဦးရေ အတော်အတန် ရှိသည်။ ထိုသူများကိုသာ ရေပေါ်ဖြူ မြို့တော်သို့ ပြောင်းရွှေ့ပေးလိုက်ပါက လူဦးရေ လိုအပ်ချက်ကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
“မိုးမြေကမ္ဘာငယ် ဟုတ်လား”
လျူမင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူသည် ကျီဇီလင်းကို ငေးကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် အံ့သြနေမိ၏။
'ဒီ မြူခိုးဂိုဏ်းက တပည့်တွေက ဘယ်လို နောက်ခံမျိုးတွေ ရှိနေကြတာလဲ။ အိမ်မှာ ကိုယ်ပိုင် ကမ္ဘာငယ်လေး ရှိတယ်ဆိုတော့... ဒီကောင်မလေးက ရှေးဟောင်း လျှို့ဝှက်မိသားစုကများလား'
“ဟုတ်တယ်... တခြားမြို့တွေဖြစ်တဲ့ ရောင်စုံငါးသွယ် မြို့တော်တို့၊ မီးရှူးတိုင် မြို့တော်တို့ဆီက လူတွေကို ပြောင်းရွှေ့ခိုင်းရင်ရော မရဘူးလား”
အခြားတပည့်များကလည်း ဝိုင်းဝန်း အကြံပြုကြသည်။
ထိုစဉ် မိုယင်က တည်ငြိမ်သော မျက်နှာထားဖြင့် ရုတ်တရက် ဝင်ပြောလိုက်၏။
“ကလေးမွေးခိုင်းရင် ပိုမကောင်းဘူးလား။ တစ်နှစ်ကို တစ်ယောက် မွေးရင်တောင် (၁၀) နှစ်နေရင် လူဦးရေ (၁) သန်းကို ကျော်သွားမှာပဲလေ”
“ဖူး...”
လက်ဖက်ရည် သောက်နေသော ယဲ့ဖုန်းမှာ မိုယင်၏ စကားကြောင့် သီးသွားပြီး လည်ချောင်းနင်သွားရသည်။ သူ မျက်လုံးပြုးကာ လှမ်းအော်လိုက်မိ၏။
“ဟေ့ကောင်မလေး... မင်းက လူတွေကို ဝက်မတွေလို့ ထင်နေတာလားဟ”
“တကယ်တော့ အကောင်းဆုံးနည်းလမ်းက ရွှေ့ပြောင်း အခြေချခိုင်းတာပါပဲ”
မြို့ကြီးများ ပေါင်းစည်းခြင်းကို အတွေ့အကြုံများစွာ ရှိဖူးသော လျူမင်က ဝင်ရောက် သုံးသပ်ပြသည်။
“ရေပေါ်ဖြူ မြို့တော်သာ တကယ် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဖိတ်ခေါ်စရာတောင် မလိုပါဘူး။ လူတွေက သူတို့သဘောနဲ့ သူတို့ အလုအယက် ပြောင်းလာကြမှာပါ”
လျူမင်၏ စကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်ဝန်းထဲတွင် ဉာဏ်အလင်းရောင်တစ်ချက် ဖြတ်ပြေးသွား၏။
'ဟုတ်သားပဲ... ငါ့မှာ မြေဆီလွှာကို ပြုပြင် ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည် ရှိတာပဲ။ ရေပေါ်ဖြူ မြို့တော်ကိုသာ ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံ တစ်ခု ဖြစ်လာအောင် ဖန်တီးပေးလိုက်ရင် ကြော်ငြာစရာတောင် မလိုဘဲ လူတွေ စုဝေးလာကြမှာပဲ'
ထို့နောက် လမ်းခရီးတစ်လျှောက်တွင် ယဲ့ဖုန်းသည် လျူမင်ထံမှ ဂိုဏ်းအဆင့်မြှင့်တင်ရေးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို မေးမြန်းရင်း ဗဟုသုတများစွာ ရရှိခဲ့သည်။
နေ့ဝက်ခန့် ကြာမြင့်ပြီးနောက်...
သူတို့သည် တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ အသည်းနှလုံး၊ "ခရိုင်ဘုရင်မြို့တော်" သို့ ဆိုက်ရောက်လာကြ၏။
မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသော မဟာမြို့တော်ကြီးကား လူသူထူထပ် စည်ကားလှပြီး မီးခိုးတိုင်ပေါင်း ထောင်ချီမှ ထွက်ပေါ်နေသော မီးခိုးငွေ့များသည် တိမ်တိုက်များအလား ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ မြို့တော်အတွင်းရှိ တောင်တန်းများတွင် ဝိညာဉ်သွေးကြောများစွာ တည်ရှိနေသဖြင့် ဝိညာဉ်စွမ်းအင်များမှာ မြူခိုးများအလား ရစ်ပတ်နေ၏။
မြို့တော်၏ မည်သည့်နေရာတွင်မဆို ရှိသော ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အခြားနေရာများ၏ အသေးစား ဝိညာဉ်သွေးကြောအနီးရှိ စွမ်းအင်ပမာဏနှင့် ညီမျှနေသည်။ ကောင်းကင်ယံတွင် ရောင်စုံတိမ်တိုက်များ၊ ပျံသန်းနေသော အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး နတ်ဘုံနတ်နန်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
“ဒါက ခရိုင်ဘုရင်မြို့တော်ပါပဲ”
လျူမင်သည် မြို့တော်၏ အမြင့်ဆုံး တောင်ထိပ်ကို လက်ညှိုးထိုးပြလိုက်၏။
“ဟိုတောင်ထိပ်ကတော့ ခရိုင်ဘုရင်မြို့တော်မှာ တစ်ခုတည်းသော ‘အလယ်အလတ်စား ဝိညာဉ်သွေးကြော’ တည်ရှိတဲ့ နေရာပဲ။ အဲဒီ သွေးကြောမကြီး ရှိနေလို့သာ ဒီမြို့တော်ကြီးက ဒီလောက် စည်ပင်ဝပြောပြီး စွမ်းအားကြီးနေတာပေါ့”
မကြာမီတွင် ဧရာမ ဝိညာဉ်မြွေ ပျံသန်းလှေကြီးသည် ထိုတောင်ထိပ်ပေါ်ရှိ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး၏ ရင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒါကတော့ ကျုပ် တာဝန်ယူထားတဲ့ ‘ဂိုဏ်းချုပ် ခန်းမဆောင်’ပါပဲ။ ဒီတောင်ကုန်းရဲ့ မိုင် (၁၀၀) ပတ်လည်က ကျုပ်ရဲ့ ပိုင်နက်ပါ”
လျူမင်က ပြုံးရွှင်စွာ ပြောလိုက်၏။
ယဲ့ဖုန်းသည် ပျံသန်းလှေကြီးကို သိမ်းဆည်းလိုက်ပြီး တပည့်များနှင့်အတူ ခန်းမဆောင်ကြီး၏ အရှေ့တွင် ရပ်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။
ဤတောင်ကုန်းသည် သီးခြား တည်ရှိနေသော်လည်း ၎င်း၏အောက်တွင် အသေးစား ဝိညာဉ်သွေးကြော တစ်ခု ရှိနေသေးသည်။ တောင်ကုန်းအနီးတစ်ဝိုက်တွင် ခန်းမဆောင်ငယ်များ၊ ရုံးခန်းများနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲများ၏ နေအိမ်များစွာကို တွေ့မြင်နေရသည်။
“ဟာ... ဂိုဏ်းချုပ်ယဲ့။ ရှားရှားပါးပါး ဧည့်သည်ကြီး ရောက်လာပါလား”
ထိုစဉ် ခန်းမဆောင်အတွင်းမှ အကြီးအကဲ မိုဝမ်ရှီ ထွက်လာပြီး လျူမင်နှင့် ယဲ့ဖုန်းတို့ကို လှမ်း၍ နှုတ်ဆက်လိုက်၏။
“ဂိုဏ်းချုပ်ယဲ့က ဒီမှာ ဂိုဏ်းသားသစ်တွေ လာစုဆောင်းတာလေ။ အကြီးအကဲမို... ခင်ဗျားပဲ အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါဦး”
လျူမင်က မှာကြားလိုက်ပြီးနောက် "သွေးကြောသန့်စင်ဆေးလုံး"အား ဖော်စပ်ရန်အတွက် လျှို့ဝှက်ခန်းမဆောင် တစ်ခုထဲသို့ ဝင်ရောက်သွားလေတော့သည်။
“လာပါ ဂိုဏ်းချုပ်ယဲ့... ကျွန်တော် လိုက်ပို့ပေးပါမယ်”
မိုဝမ်ရှီသည် ယဲ့ဖုန်းနှင့်အဖွဲ့အား တောင်အောက်ရှိ ရင်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။
“အကြီးအကဲမို... ကျွန်တော်တို့က ဒီမှာပဲ လူစုဆောင်းရမှာလား”
ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ လူသွားလူလာ ကျဲပါးနေသည်ကို တွေ့လိုက်ရသည်။ ဤမျှ လူနည်းပါးသောနေရာတွင် တပည့်စုဆောင်းပါက မည်သူမျှ လာမည် မဟုတ်ပေ။
“စိတ်မပူပါနဲ့။ ကျွန်တော်က အရင်ဆုံး မြူခိုးဂိုဏ်း လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပါမယ်။ မနက်ဖြန်ကျမှ ဂိုဏ်းချုပ်ယဲ့က ဒီနေရာမှာ လူစစ်ပြီး ရွေးပေါ့”
မိုဝမ်ရှီက အပြုံးဖြင့် ရှင်းပြ၏။
“သြော်... အရင် ကြော်ငြာရမယ် ဆိုတဲ့ သဘောပေါ့”
ယဲ့ဖုန်း ချက်ချင်း သဘောပေါက်သွားသည်။
မကြာမီအချိန်အတွင်းမှာပင် ဂိုဏ်းချုပ်ခန်းမဆောင်မှ ထုတ်ပြန်လိုက်သော သတင်း တစ်ပုဒ်သည် လေမုန်တိုင်းအလား ခရိုင်ဘုရင်မြို့တော် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။
“ဟေ့... ကြားပြီးပြီလား။ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက သူ့တပည့်တွေနဲ့အတူ ခရိုင်ဘုရင်မြို့တော်ကို ကိုယ်တိုင်လာပြီး ကံပါတဲ့သူတွေကို တပည့်အဖြစ် ရွေးမယ်တဲ့။ မနက်ဖြန် ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်မှာတဲ့ကွ”
“မြူခိုးဂိုဏ်း ဆိုတာ အခုတလော နာမည်ကြီးနေတဲ့ ဂိုဏ်း မဟုတ်လား”
“ဒါပေါ့... အဲဒီဂိုဏ်းပဲ”
“သွားကြည့်ရအောင်ကွာ”
“ဟေ့ကောင်... မင်းက လျူရှန်ဆောင် ရဲ့ တပည့်လေ။ အဲ့ဒီကို သွားပြီး ဘာလုပ်မလို့လဲ။ ဂိုဏ်းဖောက်ပြန်မလို့လား”
“ငါ့ကောင်ရ... မင်းကလဲ တုံးလိုက်တာ။ အဲဒီမှာ မိန်းမချောလေးတွေ ပါလာတယ်ဆိုလို့ သွားကြည့်မလို့ပါကွ”
“.....”
ဤကဲ့သို့သော ပြောစကားများသည် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဟိုးလေးတကျော်ကျော် ဖြစ်လာပြီး ခရိုင်ဘုရင်မြို့တော်ရှိ အင်အားကြီးဂိုဏ်းများနှင့် မိသားစုများ၏ အာရုံကို ဖမ်းစားလိုက်၏။
---
ခရိုင်ဘုရင် စံအိမ်တော်၊
ယဲ့ဖုန်းနှင့် မိုယင်တို့ ရောက်ရှိနေကြောင်း သတင်းရသည်နှင့် ခရိုင်မင်းသမီး ရှုဟုန်ယွီ မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
သို့သော် သူမသည် ခရိုင်မင်းသမီး တစ်ပါး ဖြစ်သဖြင့် ထိုသို့ လွယ်လွယ်ကူကူ ထွက်ပြ၍ မဖြစ်ပေ။
ခရိုင်ဘုရင်မြို့တော်၏ အနာဂတ် အရှင်သခင်မ ဖြစ်လာမည့်သူ အနေဖြင့် သူမသည် လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားရမည် ဖြစ်သလို၊ အခြားအင်အားစုများနှင့် အလွန်အကျွံ ရင်းနှီးပါကလည်း မျက်နှာလိုက်သည်ဟု အပြောခံရနိုင်ပေ၏။
“ယွဲ့အာ... ဘယ်ဂိုဏ်းကိုမှ မဝင်ရသေးတဲ့ လူငယ်လေး တချို့ကို စီစဉ်ပြီး မြူခိုးဂိုဏ်းရဲ့ လူသစ်စုဆောင်းပွဲမှာ သွားလျှောက်ခိုင်းလိုက်။ သူတို့ရဲ့ ပွဲဦးထွက်မှာ လူမရှိဘဲ ခြောက်ကပ်မနေစေနဲ့”
ရှုဟုန်ယွီ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ မင်းသမီးလေး”
အခိုင်းအစေလေးတစ်ဦး အမိန့်နာခံပြီး ထွက်ခွာသွားသည်။
“အင်း... ရှင်တို့အတွက် ကျွန်မ လုပ်ပေးနိုင်တာ ဒီလောက်ပါပဲ”
ရှုဟုန်ယွီသည် လက်ရာမြောက်စွာ ထွင်းထုထားသော လက်ရန်းကို မှီလျက် ခြေဖျားထောက်ကာ အဝေးတစ်နေရာရှိ ဂိုဏ်းချုပ် ခန်းမဆောင် ရှိရာဘက်သို့ ငေးမောကြည့်ရှုလိုက်၏။
---
ဇိမ်ခံ စံအိမ်ကြီး တစ်ခုဝယ်၊
“ဒီကောင် ယဲ့ဖုန်းက တော်တော် အတင့်ရဲပါလား။ ငါတို့ (၂) ယောက်စလုံးကို မျက်လုံးထဲမထည့်ဘဲ ခရိုင်ဘုရင်မြို့တော် နယ်မြေထဲအထိ လာပြီး လူစုဆောင်းရဲတယ်ပေါ့လေ”
ခရမ်းရောင် ထိုင်ခုံခုံကြီးပေါ်တွင် ထိုင်နေသော ဟန်ယီသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်၏။
“အစ်ကိုကြီး... ကျွန်တော်တို့ လူသတ်သမား ငှားပြီး...”
“ငှားရမှာက မင်း အဘိုး...”
ဟန်အာ စကားမဆုံးခင်မှာပင် ဟန်ယီက ဒေါသတကြီး ဖြတ်ပြောလိုက်၏။
“အရင်တစ်ခေါက် ကုန်းချင်းချိုးကို လုပ်ကြံခိုင်းတဲ့ ကိစ္စတောင် မင်းနဲ့ ငါ စာရင်းမရှင်းရသေးဘူးနော်။ ငါ မင်းကို ဝိညာဉ်ကျောက်တုံး (၅၀၀၀) ပေးလိုက်တာ... မင်းက အဲဒီထဲက အများကြီးကို ခိုးထုတ်ပြီး အပျော်အိမ် မှာ သွားဖြုန်းပစ်တယ် ဟုတ်လား။ တကယ် သောက်သုံးမကျတဲ့ ကောင်”
“အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်”
ဟန်အာ တစ်ယောက် ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ရတော့သည်။
---
*အခြားသော ကြယ်တစ်ပွင့် ဂိုဏ်းများဝယ်၊
“မြူခိုးဂိုဏ်းက ဒီအထိလာပြီး လူစုဆောင်းနေတယ်တဲ့။ ဟွန်း... ငါတို့ကို ဘာမှတ်နေလဲ မသိဘူး”
“ဟုတ်ပါ့... ခရိုင်ဘုရင်မြို့တော်က ငါတို့ နယ်မြေလေ။ ငါတို့ ရသင့်တဲ့ ပါရမီရှင်တွေကို သူတို့က လာလုသွားမှာ ငါတို့ လက်ပိုက်ကြည့်နေရမှာလား”
“နေပါဦး... ဂိုဏ်းချုပ်ခန်းမဆောင်က သခင်ကြီးလျူ ကိုယ်တိုင် ယဲ့ဖုန်းကို ဖိတ်ထားတာလို့ သတင်းကြားတယ်။ ငါတို့ ပါးစပ်ပိတ်နေတာ ပိုကောင်းမယ် ထင်တယ်”
ကြယ်တစ်ပွင့် ဂိုဏ်းခေါင်းဆောင်များအကြားတွင် မကျေနပ်သံများ ထွက်ပေါ်နေသော်လည်း လျူမင်၏ အရှိန်အဝါကြောင့် မည်သူမျှ ရှေ့ထွက် ကန့်ကွက်ရဲခြင်း မရှိကြပေ။
---
ထိပ်တန်း မိသားစုကြီး (၁၀) ခု၌၊
“ယဲ့ဖုန်း ရောက်နေတာလား”
“သူက ကြယ်တစ်ပွင့် ဂိုဏ်းချုပ် ဆိုပေမယ့် နတ်ဆိုးဘုရင်အဆင့်တွေကိုတောင် သတ်ဖြတ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ကြားတယ်။ ကြောက်စရာကောင်းတဲ့ လူပဲ”
“ဒီလူနဲ့ ရင်းနှီးမှု ရအောင် ယူထားဖို့ လိုမယ်”
“ဒါဆိုရင် ငါတို့ မိသားစုထဲက ဂိုဏ်းမဝင်ရသေးတဲ့ ကလေးတွေကို မြူခိုးဂိုဏ်း ဝင်ခိုင်းလိုက်ရင် ကောင်းမလား။ ဒါဆိုရင် ငါတို့ မိသားစုနဲ့ ယဲ့ဖုန်းကြားမှာ ဆက်ဆံရေး တံတားထိုးပြီးသား ဖြစ်သွားမှာပေါ့”
“ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်းပါပဲ”
သာမန် ဂိုဏ်းငယ်လေးများနှင့် မတူဘဲ၊ မျိုးရိုးမြင့် မိသားစုကြီးများမှာမူ အမြော်အမြင် ကြီးမားကြသည်။ သူတို့သည် ယဲ့ဖုန်းကို ရန်သူအဖြစ် မမြင်ဘဲ ရင်းနှီးမြှုပ်နှံသင့်သော "ရွှေတွင်း" တစ်ခုအဖြစ် ရှုမြင်ကြ၏။
ယဲ့ဖုန်းမှာမူ သူ ရောက်ရှိလာခြင်းက ခရိုင်ဘုရင်မြို့တော်ကို လှုပ်ခတ်သွားစေသည်ကို မသိရှိရှာပေ။
လက်ရှိတွင် သူနှင့် တပည့်များသည် ဂိုဏ်းချုပ်ခန်းမဆောင်အနီးရှိ သီးခြားခြံဝင်း တစ်ခုတွင် နေရာချထားခံရသည်။ ထိုနေရာတွင် "ဝိညာဉ်စုစည်း ဝင်္ကပါ" ပါရှိပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အခြားနေရာများထက် အဆပေါင်းများစွာ ပိုမိုများပြားသည်။
“ဂိုဏ်းချုပ်ယဲ့... ဒါက ကျွန်တော်ပိုင်တဲ့ အိမ်ပါပဲ။ ပုံမှန်ဆိုရင်တော့ ဘယ်သူမှ မနေဘူး။ အခု ဂိုဏ်းချုပ်ယဲ့နဲ့ တပည့်တွေ ခေတ္တတည်းခိုဖို့ စီစဉ်ပေးတာပါ”
မိုဝမ်ရှီက တံခါးဝတွင် ရပ်လျက် အရိုအသေပြုကာ ပြောကြားလိုက်၏။
“ကျေးဇူးတင်ပါတယ် အကြီးအကဲမို”
ယဲ့ဖုန်းက ပြန်လည် နှုတ်ဆက်လိုက်သည်။
မိုဝမ်ရှီ ပြန်သွားပြီးနောက် ယဲ့ဖုန်းနှင့် တပည့်များသည် ကိုယ်စီ အခန်းများတွင် နေရာယူကြ၏။ ထို့နောက် သုံးထပ်မြောက်ရှိ အိမ်မိုးပေါ်သို့ တက်ကာ ညရှုခင်းကို ခံစားကြသည်။
အောက်ဘက်တွင် မီးရောင်စုံ လင်းလက်နေသော ခရိုင်ဘုရင်မြို့တော်ကြီးကို ငေးကြည့်ရင်း သူတို့အားလုံး၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာတော့၏။
“ဒါမှ တကယ့် မဟာမြို့တော်ကြီးဟေ့...”
ယဲ့ဖုန်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းပြီး လူဦးရေ သန်း (၁၀၀) ကျော်ရှိသော မြို့ကြီး... တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပါပေသည်။
ဤမြို့သည် ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု၏ လက်အောက်ခံ မြို့တစ်မြို့သာ ရှိသေးသည်။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ မြို့တော်နှင့် "သန့်ရှင်းသော မြို့တော်" ဆိုလျှင် မည်မျှပင် ခမ်းနားထည်ဝါပြီး စည်ပင်ဝပြောလိုက်မည်နည်း။
ယဲ့ဖုန်း၏ မျက်ဝန်းထဲတွင် အနာဂတ်အတွက် ရည်မှန်းချက် ပန်းတိုင်များ တောက်လောင် လင်းလက်လာပါတော့သည်။