အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း (၃၅၈) - တပည့်သစ် စုဆောင်းခြင်းနှင့် နင်မိသားစု ဘိုးဘေးကြီး
~ကြယ်ရောင်စုံ လင်းလက်နေသော ကောင်းကင်ယံ...
ယဲ့ဖုန်းသည် အဆုံးအစမဲ့ ကျယ်ပြောလှသော ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း ကြယ်တာရာများဆီသို့ လွမ်းဆွတ်တမ်းတမိပြန်သည်။
“ငါ ဘယ်တော့များမှ ကြယ်တွေကြား လမ်းလျှောက်ခွင့် ရပါ့မလဲ”
ယဲ့ဖုန်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဘေးနားတွင် ရပ်နေကြသော တပည့်များသည် သူ၏ အသံကို ကြားလိုက်ရသဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံး ယဲ့ဖုန်း၏ စကားကို တွေးတော ဆင်ခြင်မိကြသည်။
ကြယ်တွေကြား လမ်းလျှောက်မယ် ဟုတ်လား။
ကြားလိုက်ရုံဖြင့် လွတ်လပ်ပေါ့ပါးလွန်းလှသည်။
သို့သော် ဤကမ္ဘာလောကကြီးတွင် ကြယ်တွေကြား လမ်းလျှောက်နိုင်စွမ်းရှိသူ မည်မျှရှိပါသနည်း။
‘မူလနတ်ဘုရား အဆင့်’ မဟာတန်ခိုးရှင်ကြီးများကို ထားလိုက်ဦး၊ ‘လေဟာနယ်ဖြိုခွင်းခြင်း အဆင့်’ အကြီးအကဲများပင်လျှင် ကြယ်တာရာ နယ်မြေထဲသို့ ခြေချနိုင်စွမ်း ရှိပါ့မလား။
အနည်းဆုံးတော့ ‘ရှေးဟောင်း သူတော်စင်’ အဆင့် ရောက်မှသာလျှင် ကြယ်တွေကြား လမ်းလျှောက်ပြီး မဟာကမ္ဘာကြီး သုံးထောင်၏ အလှတရားနှင့် ထည်ဝါမှုကို ခံစားနိုင်ပေလိမ့်မည်။
“ဆရာ... ကျွန်မတို့ရော ကြယ်တွေကြား လမ်းလျှောက်ခွင့် ရပါ့မလား”
လီကျောက်ကျောက် သည် ကောင်းကင်ကို မော့ကြည့်ရင်း မျှော်လင့်ချက် ပြည့်ဝသော မျက်ဝန်းများဖြင့် မေးလိုက်၏။
“ကြယ်တွေကြား လမ်းလျှောက်ဖို့ဆိုတာ... ခက်ခဲလွန်းပါတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ပါရမီနဲ့ဆိုရင် နေ့တိုင်း ဆေးလုံးတွေ ထိုင်စားနေရင်တောင် မူလနတ်ဘုရား အဆင့် ရောက်ဖို့ မလွယ်ဘူး။ လေဟာနယ်ဖြိုခွင်းခြင်း အဆင့်တို့၊ ရှေးဟောင်း သူတော်စင် အဆင့်တို့ ဆိုတာကတော့ ဝေလာဝေးပေါ့”
ကျိန်စာသင့် ချီးမွမ်းခြင်း ဘုရင် ဝမ်ဖင်းအန်း က ပွစိပွစိ ပြောလိုက်၏။ သူ့အတွက်တော့ ကြယ်တွေကြား လမ်းလျှောက်ခြင်း ဆိုသည်မှာ မဖြစ်နိုင်လောက်အောင် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပေသည်။
အခြားတပည့်များမှာမူ နှုတ်ဆိတ်နေကြသည်။
သို့သော် သူတို့အားလုံး၏ ရင်ထဲတွင်မူ ထိုနေ့ရက်ကို တမ်းတနေမိကြ၏။
ကြယ်တွေကို နင်းလျှောက်ပြီး နေနဲ့ လကို လက်ကစားမယ်။ ဓားတစ်လက်တည်းနဲ့ မဟာကမ္ဘာပေါင်းများစွာကို ဖြတ်သန်းသွားလာမယ်။ ဘယ်လောက်တောင် ကျယ်ပြောပြီး လွတ်လပ်လိုက်မလဲ။
“အဲဒီလိုနေ့မျိုး ရောက်လာမှာပါ”
ယဲ့ဖုန်း ကောင်းကင်ကို ငေးကြည့်ရင်း အခိုင်အမာ ပြောလိုက်၏။
ပါရမီ ဟုတ်လား။
ကန့်သတ်ချက် ဟုတ်လား။
ငါ့ရဲ့ စနစ်ကြီး ရှေ့မှာတော့ အဲဒါတွေအားလုံးက အလကားပါပဲ။
ယဲ့ဖုန်းသည် ကြယ်တာရာများထဲသို့ နက်ရှိုင်းစွာ စူးစိုက်ကြည့်လိုက်ပြီး ရေတွက်မရနိုင်သော ကမ္ဘာလောကကြီးများကို လှမ်းအော်လိုက်ချင်သည်။
‘ကောင်းချီးမင်္ဂလာတွေ... လာစမ်းပါဟ’ ဟူ၍။
တပည့်များသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝတ်ရုံစ လွင့်ပျံနေသော ယဲ့ဖုန်းကို ကြည့်ရင်း လေးစားစိတ်များ ဖြစ်ပေါ်လာကြ၏။ သူတို့၏ ဆရာသည် စကြာဝဠာကြီးနှင့် ယှဉ်ပြိုင်နေသော၊ အကန့်အသတ် အတားအဆီးဟူသမျှကို ရိုက်ချိုးပြီး အဆုံးအစမဲ့ နယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်မည့် ‘ရွေးချယ်ခံ ကောင်းကင်ဘုံသား’ တစ်ဦးအဖြစ် ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အားလုံး၏ ရင်ထဲ၌ လေးစားမှုများ လှိုင်းထသွားသည်။
...
နောက်တစ်နေ့ နံနက်ခင်း။
ယဲ့ဖုန်း နိုးလာသောအခါ ယမန်နေ့ညက အသောက်လွန်သွားသည်ကို သတိပြုမိလိုက်၏။ သူသည် နားထင်ကြောများကို ဖိနှိပ်ရင်း မျက်နှာသစ်၊ ဝက်သားပေါက်စီ တစ်လုံး စားလိုက်၏။ ထို့နောက် တပည့်များကို ခေါ်ဆောင်ကာ မလှမ်းမကမ်းရှိ ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်ကျယ်ကြီးဆီသို့ ထွက်ခွာလာခဲ့ကြသည်။
အလံကြီးတစ်လက် လွှင့်ထူလိုက်၏။
‘မြူခိုးဂိုဏ်း’ ဟူသော စာလုံးကြီး (၃) လုံးသည် လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။
“ဟေ့... ကြည့်စမ်း။ မြူခိုးဂိုဏ်းက လူသစ်စခေါ်နေပြီ”
“သွားကြည့်ရအောင်”
ယမန်နေ့ကတည်းက သတင်းဖြန့်ထားသဖြင့် ရင်ပြင်တွင် လူအများအပြား စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ခဏအတွင်းမှာပင် လူပေါင်း ရာချီ ရောက်ရှိလာကြသည်။
ယဲ့ဖုန်းသည် ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်၏။ သူ့ရှေ့ရှိ လေးထောင့်စပ်စပ် စားပွဲခုံပေါ်တွင် စုတ်တံ၊ မင်တောင့်၊ စက္ကူ၊ မင်အိုး၊ မြူခိုးဂိုဏ်း၏ စာရင်းသွင်းစာရင်းနှင့် ဂိုဏ်းချုပ်တံဆိပ်တုံးတို့ကို တင်ထားသည်။
သူသည် တည်ငြိမ်သော ဟန်ပန်ဖြင့် ထိုင်နေသည်။
သူ့နောက်တွင် မိုယင်၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက်၊ ချောင်ကျားရှီး၊ ကျီဇီလင်း၊ ဝမ်ဖင်းအန်း နှင့် အခြားတပည့် (၆) ဦး ရပ်နေကြသည်။
“မြူခိုးဂိုဏ်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တပည့် (၂) ယောက်တောင် ရှိပါလား။ တိုးတက်နှုန်းက မြန်လိုက်တာ နတ်ဘုရားကျနေတာပဲ”
“ဟိုမှာကြည့်... အနက်ရောင် ခမောက်ဆောင်းထားတဲ့ တပည့်မလေးဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်တောင် ရောက်နေပြီ”
“မြူခိုးဂိုဏ်းဆိုတာ ပြောသလောက် ဟုတ်သားပဲ။ ငါတို့သာ ဝင်ခွင့်ရရင် ကျင့်ကြံခြင်းအဆင့်တွေ ဒီလိုပဲ တက်လာမှာ သေချာတယ်”
မကြာမီ ယဲ့ဖုန်း၏ အနီးသို့ လူအများအပြား တိုးဝှေ့ ရောက်ရှိလာကြသည်။
“ဂိုဏ်းချုပ်ယဲ့ကို နှုတ်ဆက်ပါတယ်”
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်က ကြယ်တစ်ပွင့် ပိုင်ကွမ်ဂိုဏ်းကပါ။ ပါရမီက အလယ်အလတ်အဆင့် ရှိတယ်။ ချီစုစည်းခြင်း အဋ္ဌမအဆင့် ရောက်နေပါပြီ။ ကျွန်တော့်ကို မြူခိုးဂိုဏ်းက လက်ခံနိုင်မလား ခင်ဗျာ”
“ဂိုဏ်းချုပ်ယဲ့... ကျွန်မနဲ့ ရေစက် ပါ၊ မပါ ကြည့်ပေးပါဦး”
ရောက်ရှိလာသော ကျင့်ကြံသူများသည် အလုအယက် မေးမြန်းနေကြသည်။
ယဲ့ဖုန်းသည် အနီးနားရှိ လူပေါင်း ရာချီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။
“အသက် (၂၀) ကျော်တဲ့သူတွေ လာစရာ မလိုပါဘူး”
အသက်ကြီးသူများကို ကြီးကြပ်သူ သို့မဟုတ် အကြီးအကဲ အဖြစ် ခန့်အပ်နိုင်သော်လည်း၊ သူ့အနား ရောက်နေသူများထဲတွင် မည်သူမျှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် မရှိကြပေ။ ကြီးကြပ်သူ အဖြစ် ခန့်ရန်ပင် အရည်အချင်း မမီကြချေ။ အကြီးအကဲ ဆိုသည်မှာတော့ ဝေလာဝေးပင်။
“ချီးပဲ...”
“ဒါ လူကြီးတွေကို ခွဲခြားဆက်ဆံတာပဲ”
“ငါ့အမေကို ပြန်တိုင်မယ်”
လူအများအပြား လက်ကာပြပြီး ဘေးသို့ ကပျာကယာ ဖယ်ခွာသွားကြသည်။ သူတို့သည် ပါဝင်ယှဉ်ပြိုင်သူ အဖြစ်မှ ပွဲကြည့်ပရိသတ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ရင်ပြင်ထဲတွင် လူ (၁၀) ယောက်ခန့်သာ ကျန်ရစ်တော့သည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော့် အရည်အချင်းက ဂိုဏ်းဝင်ဖို့ မီလားဗျ”
ပေါင် (၃၀၀) ခန့် လေးလံမည့် ဝဖြိုးသော လူငယ်တစ်ဦး ရှေ့တိုးလာသည်။ သူ လမ်းလျှောက်လိုက်တိုင်း မြေကြီးပင် အနည်းငယ် တုန်ခါသွားသယောင် ရှိသည်။
“ခင်ဗျားရဲ့ သွေးခုန်နှုန်း အရင် စမ်းကြည့်မယ်”
ယဲ့ဖုန်းသည် လူငယ်၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်၏။
‘တီ..တီ.. ဒီပုဂ္ဂိုလ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သူခိုးတစ်ဦးပါ။ ဂိုဏ်းရဲ့ စည်းလုံးမှုနဲ့ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်၊ ဂိုဏ်းဝင်ဖို့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီပါ။’
‘လခွမ်း...’
ယဲ့ဖုန်း ကပျာကယာ လက်လွှတ်လိုက်ပြီး ဘယ်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
“ကျေးဇူးပြုပြီး ဟိုဘက်ကို ကြွပါ”
“ဒါဆို ကျွန်တော် အောင်သွားပြီပေါ့”
ဝဖြိုးသော လူငယ်သည် မျက်လုံးတစ်ဖက် မှိတ်ပြပြီး ညစ်ကျယ်ကျယ် လုပ်လိုက်၏။ ထို့နောက် ချောမောလှပသော လီကျောက်ကျောက်နှင့် ကျီဇီလင်း တို့ကို ကြည့်ကာ တံတွေးမြိုချလိုက်မိသည်။
“သြော်... ပြောဖို့ မေ့နေလို့။ အရည်အချင်း မမီတဲ့သူတွေက ဘယ်ဘက်တံခါးကနေ ပြန်ထွက်သွားပေးပါ”
ယဲ့ဖုန်းသည် ဘယ်ဘက်ရှိ မုခ်ဦးပေါက်တစ်ခုကို ညွှန်ပြလိုက်၏။
ထိုနေရာသည် ရင်ပြင်မှ ပြန်ထွက်ရသော တံခါးပေါက်များအနက် တစ်ခု ဖြစ်သည်။
“ကျွန်... ကျွန်တော်က အရည်အချင်း မမီဘူး ဟုတ်လား”
ဝဖြိုးသော လူငယ် မျက်လုံးပြူးသွားသည်။
သို့သော် သူ ဘာမှ ဆက်မပြောရဲတော့ပေ။
လူတစ်ယောက်၏ ဂုဏ်သတင်းဆိုတာ သစ်ပင် တစ်ပင်၏ အရိပ်လိုပင်။
ယဲ့ဖုန်းသည် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်မပြသော်လည်း သူသည် နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်း လူတိုင်း သိထားကြ၏။ အပြင်ပန်း ကြည့်လျှင် အန္တရာယ်ကင်းမည့် ပုံ ပေါက်သော်လည်း ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ယဲ့ဖုန်းသည် သဘောကောင်းသည်ဟု လူအများက ကြားဖူးသဖြင့် အနည်းငယ် စနောက်ရဲကြခြင်း ဖြစ်၏။
သို့သော် မည်သူမျှ သူ့ကို မျက်နှာချင်းဆိုင် ရန်မစရဲကြပေ။
“နောက်တစ်ခုက မြူခိုးဂိုဏ်းက ‘ကံစီမံရာ’ ပေါ် မူတည်ပြီးပဲ တပည့် လက်ခံပါတယ်။ တခြား အရာတွေကို ဂရုမစိုက်ပါဘူး”
ယဲ့ဖုန်း ထပ်ဖြည့်ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လူပိုများလာပြီး ဝိုင်းအုံလာကြသည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မရော ဖြစ်နိုင်မလား”
“စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော်တို့ ရေစက် မပါပါဘူး”
“ကျွန်တော်ရောဗျ”
“ခင်ဗျားနဲ့လည်း ရေစက် မပါပါဘူး”
တမော့သောက်ချိန် တစ်ဝက်ခန့် ကြာပြီးနောက် ယဲ့ဖုန်းသည် လူပေါင်း (၁၀) ဂဏန်းခန့်၏ သွေးခုန်နှုန်းကို စမ်းသပ်ခဲ့သော်လည်း စနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီသူ တစ်ဦးတစ်လေမျှ မတွေ့ရှိရပေ။
ဒါကတော့ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသည်။
‘ဒုန်း... ဒုန်း... ဒုန်း...’
ထိုစဉ် လူငယ်ကျင့်ကြံသူ အုပ်စုကြီးတစ်စု ရင်ပြင်ဘက်သို့ ချီတက်လာကြ၏။ အချို့က ဂိုဏ်းကြီးများ၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး အချို့က သာမန် အရပ်ဝတ်ဖြင့် ဖြစ်သည်။
သူတို့သည် ရင်ပြင်ထဲသို့ ဝင်ရောက်လာသော်လည်း ဘေးတွင်သာ ရပ်လျက် အေးစက်စွာ ကြည့်ရှုနေကြ၏။
“ဒါတွေက ထိပ်တန်း ဂိုဏ်း (၁၀၀) က လူတွေပဲ။ ဘာလာကြည့်ကြတာလဲ”
“ပွဲလာကြည့်တာ နေမှာပေါ့”
ဘေးမှ ပွဲကြည့်ပရိသတ်များ တီးတိုး ပြောဆိုနေကြသည်။
ထိုအသံများကို ကြားသောအခါ ယဲ့ဖုန်းသည် ထိုလူအုပ်စုကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။ ‘ငါက တပည့်လက်ခံနေတာလေ။ ဘာပွဲမလို့ လာကြည့်ကြတာလဲ’
“မြူခိုးဂိုဏ်းကို ကြည့်စမ်းပါဦး။ ခရိုင်ဘုရင်မြို့တော်အထိ လာပြီး လူစုဆောင်းနေတယ်တဲ့။ ဂုဏ်ယူစရာကြီးပါလား”
ကျယ်လောင်သော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။
လူအုပ်ကြီးသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ပြောလိုက်သူကို မမြင်ရပေ။
“ကျွန်တော် တပည့်လက်ခံနေတာလေ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
ယဲ့ဖုန်းသည် အသံလာရာဘက်ကို လှည့်ပင် မကြည့်ဘဲ လျစ်လျူရှုကာ ပြောလိုက်၏။
“ဟွန်း... မြူခိုးဂိုဏ်းလောက်လေးက ဂိုဏ်းချုပ်ကိုယ်တိုင် လာပြီး လူစုဆောင်းနေရတယ်ဆိုတော့ ဒီဂိုဏ်း ဘယ်လောက် အားနည်းလဲ ဆိုတာ သိသာတာပဲ။ အားလုံး မျက်လုံးဖွင့်ကြည့်ကြ။ ဒီဂိုဏ်းကို ဝင်မိရင် အထင်သေးခံရမှာနော်”
အမှောင်ရိပ်ထဲမှ နောက်ထပ် လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာပြန်သည်။
“သတ္တိကြောင်လိုက်တာ။ လူလုံး ထွက်ပြရဲသလား”
မိုယင် ရှေ့ထွက်လိုက်သည်။ သူမ၏ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွား၏။
“ကောင်မလေး... ဒီနေရာမှာ မင်း ဝင်ပြောစရာ မလိုဘူး”
အမှောင်ထဲမှ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ဆရာ... အဲဒီလူကို ကျွန်မ သွားခုတ်လိုက်မယ်”
မိုယင်သည် ဓားကို ကိုင်လျက် အသံရှင်ကို လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်၏။
ယဲ့ဖုန်း ခေါင်းညိတ်ခွင့်ပြုလိုက်၏။
“ဒီလို ကြွက်စုတ်တစ်ကောင်အတွက် မြူခိုးဂိုဏ်း တပည့်တစ်ယောက်က လက်ကို ညစ်ပတ်ခံစရာ မလိုပါဘူး။ ဂိုဏ်းချုပ်ယဲ့... ဒီအဘိုးကြီး ဖမ်းပေးပါ့မယ်”
သို့သော် ထိုအချိန်မှာပင် နက်ရှိုင်းပြီး ဩဇာညောင်းသော အသံကြီးတစ်သံ အထက်မှ ထွက်ပေါ်လာသည်။ လူတိုင်း မော့ကြည့်လိုက်ကြရာ ဝတ်ရုံဖြူ၊ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူဖြင့် အဘိုးအိုတစ်ဦးသည် လေဟာနယ်ကို နင်းလျှောက်ရင်း ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
သူသည် ပင်လယ်ကြီးအလား နက်ရှိုင်းကျယ်ပြောသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်ကြီးတစ်ပါး။
“ဒါ ထိပ်တန်း မိသားစုကြီး (၁၀) ခုထဲက နင်မိသားစုရဲ့ ‘ဘိုးဘေးနင်’ ပဲ။ သူက ဝိညာဉ်ပင်လယ် ဒုတိယအဆင့် ထိပ်ဆုံးကို ရောက်နေပြီလို့ သတင်းကြားတယ်”
တစ်စုံတစ်ယောက်က တီးတိုး ပြောကြားလာ၏။
ထိုအခိုက်အတန့်မှာ၊ ဘိုးဘေးနင်သည် အနီးနားရှိ အဆောက်အအုံမြင့် (၃) ခုကို ရိုက်ချိုးလိုက်ပြီး အတွင်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသား (၃) ဦးကို ဖမ်းဆွဲထုတ်လိုက်၏။ ထိုသူ (၃) ဦးစလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
‘ခွပ်…’
‘ဘုန်း...’
သူသည် ထို (၃) ယောက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ သူတို့၏ မျက်နှာများမှာ ရောင်ကိုင်းနေပြီး လက်ဝါးရာ အနီရဲရဲကြီးများ ထင်ကျန်နေသည်။
‘ဝုန်း...’
သူ့ထံမှ လွှမ်းမိုးထားသော အရှိန်အဝါ တစ်ချက် ရိုက်ခတ်လိုက်သည်နှင့် ထို (၃) ဦးစလုံး ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး ဗိုက်ကို နှိပ်ကာ မြေပြင်ပေါ် လူးလိမ့်နေကြတော့သည်။
“ဒီ (၃) ယောက်က ဘယ်သူတွေလဲ”
“ငါလည်း မသိဘူး”
ဘေးမှ ကြည့်နေသူများ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
“ဂိုဏ်းချုပ်ယဲ့... ဒီကြွက်စုတ် (၃) ကောင်ကို ကျွန်တော် ဖမ်းပေးလိုက်ပါပြီ။ တပည့်စုဆောင်းတဲ့ကိစ္စ ဆက်လုပ်ပါ”
ဘိုးဘေးနင်သည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်၏။
သူ၏ ဝတ်ရုံဖြူကြီးမှာ လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် လွင့်ပျံနေပြီး အထက်တန်းကျသော ဆရာသခင်ကြီး တစ်ပါး၏ အငွေ့အသက်ကို ပေးစွမ်းနေသည်။
ယဲ့ဖုန်းနှင့် တပည့်များ၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွား၏။
ဘာဖြစ်လို့ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်တဲ့ နင်မိသားစုက ဘိုးဘေးကြီး ကိုယ်တိုင် သူတို့ကို ကူညီပြီး လူဖမ်းပေးရတာလဲ။ မျက်နှာလိုမျက်နှာရ လုပ်ချင်လို့များလား။
ပြီးတော့ ဒီသက်လတ်ပိုင်း (၃) ယောက်ကရော ဘယ်သူတွေလဲ။ ဘယ်အင်အားစုကလဲ။
ဤအတွေးများ ဝင်ရောက်လာသည်နှင့် ယဲ့ဖုန်း၏ အကြည့်က ဘိုးဘေးနင်ထံသို့ ရောက်ရှိသွားလေတော့သည်။
အခန်း (၃၅၉) - မင်းသမီးလေး ရှုဟုန်ယွီ၏ အပ်နှံမှုနှင့် မိသားစုကြီးမှ ပါရမီရှင်များ
~“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ”
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပြုလိုက်၏။
“ဂိုဏ်းချုပ်ယဲ့က အားနာလွန်းနေပါပြီ။ ကျုပ်က မတရားတာ တွေ့လို့ ဓားဆွဲထုတ်ပြီး ဝင်ပါလိုက်ရုံ သက်သက်ပါ။ ကျန်တာကိုတော့ ဂိုဏ်းချုပ်ယဲ့ သဘောအတိုင်း စီစဉ်ပါတော့”
ဘိုးဘေးနင်သည် အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖုန်းလည်း ခေါင်းပြန်ညိတ်လိုက်၏။ ထို့နောက် နာကျင်စွာ အော်ဟစ်နေကြသော သက်လတ်ပိုင်းအရွယ် အမျိုးသား (၃) ဦးဘက်သို့ လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘာကိစ္စနဲ့ မြူခိုးဂိုဏ်းရဲ့ လူသစ်စုဆောင်းပွဲကို လာပြီး နှောင့်ယှက်နေရတာလဲ”
မမြင်ရသော ‘သူရဲကောင်း ဝိညာဉ်စွမ်းအား’ တစ်ခု ဖြာထွက်သွားပြီး ထိုသူ (၃) ဦးကို လေပေါ်သို့ ဆွဲတင်ကာ လည်ပင်းများကို ညှစ်ထားလိုက်၏။
ထိုသူ (၃) ဦး၏ ရင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ခံစားမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။
“ပြောပါမယ်... ပြောပါမယ်”
“ကျွန်တော်တို့ကို မြူခိုးဂိုဏ်းအကြောင်း မကောင်းပြောဖို့ ငှားထားတာပါ။ ပိုက်ဆံယူပြီး လုပ်ပေးရတာပါ။ အသက်ချမ်းသာပေးပါ ဂိုဏ်းချုပ်ယဲ့”
ထိုသူ (၃) ဦးသည် အလုအယက် အသနားခံကြသည်။
“ဘယ်သူ ခိုင်းတာလဲ”
ယဲ့ဖုန်း၏ အရှိန်အဝါသည် ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး အမျိုးသားတစ်ဦး လွင့်ထွက်ကာ မြေကြီးပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားသည်။
ကျန် (၂) ယောက်မှာ ထိတ်လန့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြရှာသည်။
တကယ်ပါပဲ... ဒီယဲ့ဖုန်းက လက်ရဲဇက်ရဲ ရှိပြီး ရက်စက်တတ်ပါလား။
သူတို့နှစ်ယောက်၏ စိတ်ထဲတွင် ဆိုးရွားသော အတိတ်နိမိတ်တစ်ခု ဝင်ရောက်လာတော့သည်။
“အသက်ချမ်းသာပေးပါ ဂိုဏ်းချုပ်ယဲ့”
“မြူခိုးဂိုဏ်း အသရေပျက်အောင် လုပ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ ပေးပြီး ခိုင်းတဲ့သူက အရမ်း လျှို့ဝှက်ပါတယ်။ ဝတ်ရုံနက် ဝတ်ထားတယ်။ မျက်နှာဖုံး တပ်ထားတယ်။ ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး”
သူတို့သည် သေရမှာ ကြောက်သဖြင့် အကုန်ဖွင့်ပြောကြသည်။
ဝတ်ရုံနက် ဝတ်ထားတယ် ။
မျက်နှာဖုံး တပ်ထားတယ် ။
ယဲ့ဖုန်း၏ မျက်နှာထား မည်းမှောင်သွားသည်။ ‘ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း’ က လူတွေများလား။
ဤအတွေး ဝင်လာသည်နှင့် သူသည် ထိုလူများကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်၏။
“ငွေမျက်နှာကြောင့်ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် ပြဿနာရှာချင်လို့ပဲ ဖြစ်ဖြစ်... မြူခိုးဂိုဏ်းရဲ့ လူစုဆောင်းပွဲကို လာနှောင့်ယှက်ရဲမှတော့ ခင်ဗျားတို့ သေလမ်းရွေးလိုက်တာပဲ”
‘ခွပ်...’
ယဲ့ဖုန်းသည် ချက်ချင်းပင် ထိုလူ (၃) ဦးကို နေရာတင် ကွပ်မျက်လိုက်ပြီး ပြာမှုန့်အဖြစ် ပြောင်းလဲကာ လေထဲသို့ လွင့်ပါးသွားစေလိုက်၏။
သူစိမ်းနယ်မြေသို့ ရောက်ကာစတွင် လူပုံအလယ် အသရေဖျက်ခံရခြင်း ဖြစ်သည်။ ဤသူများကို စံနမူနာပြ အဖြစ် မသတ်ပြလျှင် လူအများ၏ ယုံကြည်လေးစားမှုကို မည်သို့ ရယူနိုင်ပါမည်နည်း။
ထိုအချိန်တွင် ဟန်အာ သည် အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသည်။
“တော်သေးတာပေါ့... သူတို့ ငါ့နာမည်ကို ဖော်မသွားလို့။ မဟုတ်ရင် ဒီနေ့ ငါ့အတွက် ပြဿနာ အကြီးကြီး တက်တော့မှာ”
ဟန်အာသည် ယဲ့ဖုန်းကို သတိထားကြည့်ရင်း ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်သွား၏။
ထိုလူ (၃) ယောက်မှာ မြူခိုးဂိုဏ်း၏ လူစုဆောင်းပွဲကို ဖျက်ဆီးရန် သူ လာဘ်ထိုး ငှားရမ်းထားသူများ ဖြစ်သည်။
ဘိုးဘေးနင် ဝင်ပါလိမ့်မည်ဟု မည်သူက ထင်ထားပါ့မလဲ။ ကောင်းစွာ ပုန်းအောင်းနေသော ထို (၃) ယောက်ကို ဆွဲထုတ်လိုက်ရုံသာမက၊ နောက်ဆုံးတွင် ယဲ့ဖုန်း၏ လက်ချက်ဖြင့် အလောင်းပင် ရှာမရအောင် ပျောက်ကွယ်သွားခဲ့ရသည်။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်က နင်မိသားစုက ဘိုးဘေးနင်၊ နင်ကျန့် ပါ”
ထိုအချိန်တွင် ဘိုးဘေးနင်က ယဲ့ဖုန်းကို လက်ယှက်၍ မိတ်ဆက်လိုက်၏။
ဘိုးဘေးနင်သည် သေဆုံးသွားသော ကျင့်ကြံသူ (၃) ဦးအတွက် သနားစိတ် အနည်းငယ်မျှ မရှိပေ။
ကြယ်အဆင့် အင်အားစု တစ်ခု၏ ဂုဏ်သိက္ခာကို သူခိုးဂျပိုး သာမန်လူတန်းစားများက လာရောက် ထိပါး၍ မရချေ။
သူသာဆိုလျှင်လည်း ထိုကဲ့သို့ အသရေဖျက်သူများကို သတ်ပစ်မည်သာ ဖြစ်သည်။
“အခုလို ဝင်ရောက် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ။ ကျွန်တော် အများကြီး ကျေးဇူးတင်မိပါတယ်”
ယဲ့ဖုန်း ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်၏။
“ရပါတယ် ဂိုဏ်းချုပ်ယဲ့... အားနာစရာ မလိုပါဘူး”
ဘိုးဘေးနင်က အနည်းငယ် ပြုံးရင်း ပြောလိုက်ပြီးနောက် အနီးနားရှိ နေရာတစ်ခုသို့ ဆုတ်ခွာသွားသည်။
ယဲ့ဖုန်းသည် နေရာပြန်ယူလိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
“မြူခိုးဂိုဏ်းက ခရိုင်ဘုရင်မြို့တော်ကို လာပြီး တပည့် စုဆောင်းတာပါ။ ကံပါတဲ့ သူတွေ ကျွန်တော်တို့ ဂိုဏ်းကို ဝင်နိုင်ပါတယ်။ တခြားအင်အားစုတွေနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့... ဘယ်သူမဆို ကျွန်တော်တို့ကို လာပြီး ဒုက္ခပေးမယ်ဆိုရင်တော့ ဒီယဲ့ရဲ့ ခွင့်မလွှတ်နိုင်တဲ့ ဓားသွားနဲ့ ရင်ဆိုင်ရပါလိမ့်မယ်”
သူ၏ အသံသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နားစည်ကိုပင် တုန်ခါသွားစေသည်။
ကျင့်ကြံသူ အများအပြားသည် သာမန်လူဟု ထင်ရသော ယဲ့ဖုန်းတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေကြောင်း စတင် သတိထားမိလာကြ၏။
“ဂိုဏ်းချုပ်ယဲ့က သူ့အရှိန်အဝါကို ဖုံးကွယ်ထားတာ တကယ် ကောင်းတာပဲ။ အားကောင်းတဲ့ ကျင့်ကြံသူ ဖြစ်ပေမယ့် ဝက်အယောင်ဆောင်ပြီး ကျားကို စားတတ်တဲ့ လူစားမျိုးပဲ”
“ဟုတ်တယ်နော်၊ ငါလည်း အဲဒီလို ထင်တယ်”
ကျင့်ကြံသူအချို့ တီးတိုး ပြောဆိုနေကြသည်။
ယဲ့ဖုန်းက ပြဿနာရှာသူ (၃) ဦးကို ပြတ်ပြတ်သားသား သုတ်သင်လိုက်ပြီးနောက်တွင် ဘေးမှ ကြည့်နေသူများသည် ကျယ်ကျယ်လောင်လောင် မဆွေးနွေးရဲကြတော့ပေ။
ခြေတံရှည် အဆောက်အအုံ တစ်ခု အနီးတွင်...
အခိုင်းအစေ ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးသည် လူငယ် မောင်မယ် ရာချီ ပါဝင်သော အုပ်စု တစ်စုကို မှာကြားနေ၏။
“သေချာ နားထောင်ကြနော်။ ဟို ရောက်ရင် မြူခိုးဂိုဏ်းကို ဝင်ချင်ပါတယ်လို့ ပြောကြ။ ကြားလား”
လူငယ်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
“အစ်မယွဲ့အာ... တကယ်လို့ မြူခိုးဂိုဏ်းက လက်ခံလိုက်ရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ခရိုင်ဘုရင်မြို့တော်ကနေ ထွက်သွားရမှာလား”
သတ္တိရှိသော လူငယ်တစ်ဦးက အများစု၏ စိုးရိမ်မှုကို ကိုယ်စားပြု၍ မေးမြန်းလိုက်၏။
အခိုင်းအစေ ယွဲ့အာ က ရယ်လိုက်ပြီး ပြန်ဖြေသည်။
“မြူခိုးဂိုဏ်းက အလားအလာ အရမ်းကောင်းတာ။ နင်တို့သာ အရွေးခံရရင် ပျော်တောင် ပျော်နေရဦးမှာ။ အခုက စိုးရိမ်နေကြတယ်ပေါ့လေ။ နင်တို့ ကောင်းကျိုး နင်တို့ မသိကြပါဘူးဟာ”
“သြော်... နားလည်ပါပြီ”
မြူခိုးဂိုဏ်းက အထင်ကြီးစရာ ကောင်းကြောင်း၊ အစ်မယွဲ့အာ ကိုယ်တိုင်ကလည်း အမွှန်းတင် ပြောဆိုနေကြောင်း ကြားလိုက်ရသောအခါ လူငယ် မောင်မယ်များသည် ပြိုင်တူ ပြန်ဖြေလိုက်၏။
မကြာမီ သူတို့သည် ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။
ခုံတွင် ထိုင်နေသော ယဲ့ဖုန်း...
စောစောက သူ တင်းမာစွာ ကိုင်တွယ်လိုက်သော်လည်း လူငယ်အများအပြား မြူခိုးဂိုဏ်းသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြသည်ကို တွေ့လိုက်ရသည်။
‘စနစ်ကြီးရဲ့ ကန့်သတ်ချက်တွေသာ မရှိရင် တပည့် (၁၀၀၀) မကဘူး၊ (၁၀၀၀၀) လောက်တောင် အေးဆေး လက်ခံလို့ ရနေပြီ’
ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်မိသည်။
သူသည် မိန်းကလေးတစ်ဦး၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် လက်လှမ်းလိုက်၏။
“ဟေ... မင်း နာမည် ဘယ်လိုခေါ်လဲ”
“သမီး နာမည်က နင်ရှန်းရှန်းပါ”
မိန်းကလေး၏ ချောမောသော မျက်နှာလေးသည် အနည်းငယ် ရှက်သွေးဖြာသွားပြီး ထိန်းချုပ်ထားဟန် ပေါ်နေသည်။
“ကောင်းပြီ... မင်းက ငါတို့ မြူခိုးဂိုဏ်းနဲ့ ရေစက် ပါတယ်။ ဒုတိယမျိုးဆက် တပည့်အဖြစ် ဝင်ချင်သလား”
ယဲ့ဖုန်းသည် စာရင်းသွင်းစာအုပ်ကို ကောက်ကိုင်လိုက်ပြီး စာရင်းသွင်းရန် ပြင်လိုက်၏။
“သမီးက မြူခိုးဂိုဏ်း ဝင်လို့ ရတယ်ပေါ့။ တကယ်လားဟင်”
မိန်းကလေး၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပုလဲသွယ်သဖွယ် ဖြူဖွေးသော သွားတန်းလေးများ ပေါ်လာသည်။
“ငါက မင်းကို လိမ်စရာလား”
ယဲ့ဖုန်းက ပြုံးလျက် ပြောလိုက်၏။
“ဝင်ပါမယ်။ သမီး ဝင် ပါမယ်”
နင်ရှန်းရှန်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“အင်း... အရမ်း ကောင်းတယ်”
ယဲ့ဖုန်း၏ မျက်နှာတွင် အပြုံးကျယ်ကြီး ပေါ်လာသည်။ မိန်းကလေး၏ နောက်ခံကို မေးမြန်းရင်း စာရင်းသွင်းပေးနေသော်လည်း၊ တဖြည်းဖြည်းနှင့် သူ့မျက်နှာထားသည် ထူးဆန်းလာသည်။ သူသည် ရင်ပြင်အနီးရှိ လက်ဖက်ရည်ဆိုင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်မိသည်။
ဘိုးဘေးနင်သည် ပြတင်းပေါက်နားတွင် ထိုင်နေပြီး ယဲ့ဖုန်းနှင့် အကြည့်ချင်း ဆုံသောအခါ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
‘သြော်... ဒါကြောင့်ကိုး။ ဘိုးဘေးနင်က ငါတို့ကို အသရေဖျက်တဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ ဝင်ဖမ်းပေးတာ အကြောင်းရှိတာပဲ။ နင်မိသားစုက ကလေးတွေအတွက် လမ်းခင်းပေးနေတာကိုး’
ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
နင်ရှန်းရှန်းသည် ခရိုင်ဘုရင်မြို့တော်ရှိ နင်မိသားစုဝင် အစစ် ဖြစ်နေသည်။
ဒီမိန်းကလေးက တိုက်ရိုက်ဆင်းသက်တဲ့ မျိုးဆက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ နင်မိသားစုရဲ့ သွေးသားတော့ တော်စပ်နေတာပဲ။
သို့သော် ယဲ့ဖုန်းက မိန်းကလေး၏ နောက်ခံကို သိပ်ဂရုမစိုက်ပေ။
စနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီနေသမျှ ကာလပတ်လုံး သူ လက်ခံမည်သာ ဖြစ်၏။
‘တီ..တီ.. စာရင်းသွင်းထားသော တပည့် နင်ရှန်းရှန်း ကို လက်ခံရရှိသည်။ အလယ်အလတ်အဆင့် မူလအရိုး ၊ ချီစုစည်းခြင်း စတုတ္ထ အဆင့်။’
ယဲ့ဖုန်း ဂိုဏ်းချုပ်တံဆိပ်တုံး ထုလိုက်သည်နှင့် စနစ်၏ အသံသည် သူ့ခေါင်းထဲတွင် အချိန်ကိုက် ထွက်ပေါ်လာသည်။
“သွားပြီးတော့ မင်းရဲ့ ပထမမျိုးဆက် စီနီယာ အစ်ကို၊ အစ်မတွေနဲ့ မိတ်ဆက်လိုက်ဦး”
ယဲ့ဖုန်းသည် သူ့နောက်တွင် ရပ်နေသော မိုယင်နှင့် အခြားသူများကို ညွှန်ပြလိုက်၏။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
နင်ရှန်းရှန်းသည် စားပွဲခုံကို ဖြတ်ကျော်သွားပြီး မိုယင်တို့ကို ရှက်ရွံ့စွာ ကြည့်ရင်း မိတ်ဆက်စကား ပြောကြားသည်။
“နောက်တစ်ယောက်”
ယဲ့ဖုန်း ဆက်လက်၍ လူရွေးနေတော့၏။
နင်ရှန်းရှန်းက စံနမူနာကောင်း ပြသွားသောကြောင့် ဖြစ်မည်။ နောက်ထပ် လာသမျှ လူ (၁၀) ယောက်တွင် (၁) ယောက်နှုန်းဖြင့် လိုအပ်ချက် ပြည့်မီပြီး မြူခိုးဂိုဏ်းသို့ ဝင်ခွင့် ရရှိသွားကြသည်။
တစ်နာရီခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် တပည့် (၁၀) ယောက်ကျော်ကို လက်ခံပြီး ဖြစ်သည်။ သူတို့၏ မူလအရိုး အရည်အသွေးများမှာ အလယ်အလတ်အဆင့် နှင့် အဆင့်နိမ့် များသာ ဖြစ်ကြ၏။
အထက်တန်းအဆင့် ဆိုတာတော့ တစ်ယောက်မှ မပါသေးပေ။
ပုံမှန်အားဖြင့် ဆိုလျှင် ထိုကဲ့သို့သော ပါရမီရှင်များသည် ငယ်ရွယ်စဉ်ကတည်းက ခရိုင်ဘုရင်မြို့တော်ရှိ ဂိုဏ်းကြီးများ၏ လက်ဝါးကြီးအုပ်ခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။
‘ဒီတပည့်တွေထဲမှာ နင်မိသားစုက လူတွေ အတော်ပါတာပဲ။ ကျန်တာတွေကလည်း တခြား မိသားစုကြီး (၉) ခုက လူတွေပဲ။ မထင်မှတ်ထားဘူး’
ယဲ့ဖုန်းသည် နင်ရှန်းရှန်းနှင့် အခြားသူများကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်မိသည်။
ဒါပေမဲ့... ဘာဖြစ်လို့ မိသားစုကြီးတွေက လူတွေကိုပါ သူက တပည့်အဖြစ် လက်ခံလို့ ရနေရတာလဲ။
သံသယများ ပြည့်နှက်နေသဖြင့် ယဲ့ဖုန်းသည် စနစ်ကို မေးမြန်းလိုက်၏။
“တီ... တီ... တကယ်တော့ အတိအကျ ပြောရရင်လေ... မိသားစုကြီးတွေက တပည့်တွေဆိုတာ သူတို့သက်ဆိုင်ရာ မိသားစု အင်အားစုရဲ့ အဖွဲ့ဝင်တွေ သက်သက်ပါပဲ။ တခြားဂိုဏ်းတွေကို ဝင်ရောက်တာက သူတို့မိသားစုနဲ့ ဘာပဋိပက္ခမှ မဖြစ်စေပါဘူး…”
စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ဉာဏ်အလင်း ပွင့်သွားတော့သည်။
‘ဝူး... ဝူး... ဝူး...’
ထိုအချိန်တွင် ရာနှင့်ချီသော လူငယ် မောင်မယ်များ ရောက်ရှိလာကြသည်။ သူတို့သည် လေ့ကျင့် သင်ကြားထားသကဲ့သို့ စနစ်တကျ တန်းစီလိုက်ကြသည်။
“ဘာလို့ ရုတ်တရက်ကြီး လူတွေ အများကြီး ရောက်လာကြတာလဲ”
ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်း တပည့်များသာမက ဘေးမှ ကြည့်ရှုနေသူများပါ အံ့သြသွားကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဝင်ချင်ပါတယ်”
ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန်တူသော ကျားတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းသည့် လူငယ်လေးသည် ခေါင်းမော့ ရင်ကော့လျက် ဇာတ်ညွှန်းရွတ်သကဲ့သို့ ကျယ်လောင်စွာ ပြောလိုက်၏။
ယဲ့ဖုန်း မျက်တောင် ခတ်လိုက်မိသည်။
သူ့စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးမှာ... ဒီလူတွေက ‘အငှား လူစားထိုးတွေ’ ဖြစ်ရမယ် ဟူ၍ပင်။ ဘာကြောင့် အငှားလူတွေ ရောက်လာသလဲ ဆိုသည်ကိုတော့ သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
သို့သော် ယဲ့ဖုန်းသည် သူတို့၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရန် ရွေးချယ်လိုက်၏။
‘တီ..တီ.. လိုအပ်ချက်များနှင့် ကိုက်ညီသည်။’
စနစ်၏ အသံကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ပို၍ပင် အံ့အားသင့်သွားရ၏။
အငှားလူတွေသာ ဆိုရင် ဘယ်လိုလုပ် လိုအပ်ချက်တွေနဲ့ ကိုက်ညီနေရတာလဲ။
ငါပဲ အတွေးလွန်နေတာများလား။
“မင်းတို့ ငါတို့ မြူခိုးဂိုဏ်းနဲ့ ရေစက် ပါတယ်ကွ။ ကြိုဆိုပါတယ်”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
‘ဒေါက်...’
ယဲ့ဖုန်းသည် ကျားခေါင်းနှင့် တူသော လူငယ်၏ နာမည်နှင့် အချက်အလက်များကို လျင်မြန်စွာ ရေးမှတ်ပြီး ဂိုဏ်းချုပ်တံဆိပ်တုံး ထုလိုက်၏။
‘တီ..တီ.. စာရင်းသွင်းထားတဲ့ တပည့် လေရှောင်ဟူကို လက်ခံရရှိပါတယ်၊အထက်တန်းအဆင့် မူလအရိုး၊ ချီစုစည်းခြင်း တတိယအဆင့်။’
အထက်တန်းအဆင့် မူလအရိုး လား။
ရတနာတစ်ပါးကို ရှာတွေ့လိုက်တာပဲ။
ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။
အခန်း (၃၆၀) - နှလုံးသားနာကျင်ရမှု နှင့် စတုတ္ထအဆင့် တာဝန်
~ယဲ့ဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ဘုရားသခင် မစပါပေသည်။ ခရိုင်ဘုရင်မြို့တော်မှာ ‘အထက်တန်းအဆင့် မူလအရိုး’ ပိုင်ဆိုင်တဲ့ ပါရမီရှင်မျိုးကို တကယ် တွေ့လိုက်ရတာပဲ။
ယဲ့ဖုန်း၏ မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်းနှင့် ကောက်ကျစ်သွားသယောင် ထင်ရ၏။
သို့သော် အဝေးတစ်နေရာရှိ ထောင့်ကွယ်တစ်ခုတွင် အခိုင်းအစေ ယွဲ့အာ မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး စိုးရိမ်ပူပန်သော အမူအရာများ အထင်းသား ပေါ်လွင်နေ၏။
“နှမြောလိုက်တာ... မင်းသမီးလေး အမြတ်တနိုးထားတဲ့ လေရှောင်ဟူ ကို မြူခိုးဂိုဏ်းက ဆွဲခေါ်သွားပြီပေါ့လေ”
ခေတ္တမျှ ကြာပြီးနောက် ယွဲ့အာသည် တံတွေးတစ်လုပ် မျိုချလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
ဤလူငယ် ရာပေါင်းများစွာသည် ခရိုင်မင်းသမီး ရှုဟုန်ယွီ ကိုယ်တိုင် ခရိုင်ဘုရင် စံအိမ်တော် အတွင်း၌ အထူးပျိုးထောင်ထားသူများ ဖြစ်ကြ၏။
အနာဂတ်တွင် သူတို့သည် ရှုဟုန်ယွီ၏ နောက်လိုက်များ ဖြစ်လာကြမည် ဖြစ်ပြီး၊ အနာဂတ် ခရိုင်ဘုရင်မင်းသား၏ ဘေးနားတွင် အားကိုးရသော လက်ရုံးများ ဖြစ်လာကြပေလိမ့်မည်။
စွမ်းဆောင်ရည် ကောင်းမွန်သူများသည် အဓိက အူတိုင် ဇာတ်ကောင်များပင် ဖြစ်လာနိုင်ကြသည်။
ထို့ကြောင့် ဤလူငယ် ရာပေါင်းများစွာသည် အရည်အချင်းရော၊ စရိုက်သဘာဝပါ ထိပ်တန်းအဆင့် ရှိသူများအဖြစ် စေ့စပ်သေချာစွာ ရွေးချယ်ခံထားရသူများ ဖြစ်ကြ၏။
ထိုအထဲတွင် လေရှောင်ဟူ သည် ရှုဟုန်ယွီ၏ မျက်နှာသာပေးမှုကို အခံရဆုံး ဖြစ်သည်။
“ဟာ... သူတို့ကို မြူခိုးဂိုဏ်းရဲ့ ‘အငှားလူ’ တွေအဖြစ် မလွှတ်လိုက်သင့်ဘူး။ အခု ဂိုဏ်းချုပ်ယဲ့က ဒီလူတွေ အကုန်လုံးကို ခေါ်သွားရင် ငါ ဘယ်လိုလုပ်ရပါ့မလဲ”
ယွဲ့အာသည် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး ငိုချင်စိတ်များ ပေါက်လာတော့သည်။
*
ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်တွင်...
ယဲ့ဖုန်းသည် ဤလူငယ် ရာပေါင်းများစွာ၏ အရည်အသွေး ကောင်းမွန်မှုကို သတိပြုမိလိုက်၏။ အနည်းဆုံး သုံးပုံတစ်ပုံခန့်သည် ဂိုဏ်းဝင်ခွင့် လိုအပ်ချက်များနှင့် ကိုက်ညီနေကြသည်။
“လန်းလိုက်တာကွာ”
မကြာမီအချိန်အတွင်း ယဲ့ဖုန်းသည် အနည်းဆုံး ‘အလယ်အလတ်အဆင့် မူလအရိုး’ ရှိသော တပည့်ပေါင်း ဒါဇင်နှင့်ချီ၍ လက်ခံရရှိလိုက်၏။ သူ့မျက်နှာပေါ်မှ အပြုံးသည် ပို၍ပင် ပီပြင်လာတော့သည်။
တပည့်လက်ခံနေစဉ်အတွင်း ယဲ့ဖုန်းသည် ထူးခြားချက်တစ်ခုကို သတိပြုမိလိုက်၏။
ဤလူငယ်များသည် မြူခိုးဂိုဏ်းသို့ ဝင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အားလုံးက ဂရုမစိုက်သလို ပုံစံမျိုး ဖြစ်နေကြသည်။
‘ဒီလောက် ငယ်ရွယ်တဲ့ လူငယ်တွေမှာ ဒီလို တည်ငြိမ်တဲ့ စိတ်နေစိတ်ထားမျိုး ရှိဖို့ မဖြစ်နိုင်ဘူး။ သူတို့က ရလဒ်ကို ကြိုသိနေတဲ့ပုံပဲ။ ပိုတိတိကျကျ ပြောရရင်... ကြိုပြီး ပြင်ဆင်ထားကြတဲ့ပုံပဲ’
ယဲ့ဖုန်းသည် တန်းစီနေသော လူငယ်များကို ကြည့်ရင်း ထိုကဲ့သို့ ခန့်မှန်းမိလိုက်၏။
*
ရင်ပြင်အနီးဝယ်...
အခိုင်းအစေ ယွဲ့အာသည် ခြေဖျားထောက်လျက် ရင်ပြင်ဘက်သို့ လှမ်းကြည့်နေသည်။ သူမသည် ရင်ဘတ်ကို ဖိရင်း သက်ပြင်းချလိုက်မိသည်။
“ကံကောင်းလို့... သုံးပုံတစ်ပုံလောက်ပဲ မြူခိုးဂိုဏ်းထဲ ပါသွားတာ။ ဒီလောက်ဆိုရင်တော့ လက်ခံနိုင်ပါသေးတယ်”
မကြာမီ လူငယ် ရာပေါင်းများစွာကို စစ်ဆေးပြီးသွားသောအခါ စုစုပေါင်း လူ (၈၀) ကျော် မြူခိုးဂိုဏ်းသို့ ဝင်ရောက်သွားကြသည်။
နင်မိသားစု နှင့် အခြားသော မိသားစုကြီး (၁၀) ခုမှ နင်ရှန်းရှန်း တို့ပါ ပေါင်းလိုက်လျှင် ယနေ့ လက်ခံလိုက်သော တပည့်ဦးရေသည် (၁၀၀) ကျော်သွားပြီ ဖြစ်သည်။
စနစ်၏ အသံ ထွက်ပေါ်လာသည်။
“တီ... တီ... ဂိုဏ်းချုပ်ရေ... တစ်ရက်တည်းနဲ့ တပည့် (၁၀၀) ကျော်တောင် လက်ခံနိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်... ဒါကြောင့် ‘တပည့်စုဆောင်းခြင်း အရူးအမူး’ ဆိုတဲ့ ဘွဲ့ထူးကို ရရှိသွားတဲ့အပြင်၊ ဆုလာဘ်အနေနဲ့ ‘အသေးစား ဓားဝင်္ကပါ’ (၁) စုံကိုပါ ချီးမြှင့်လိုက်ပါတယ်…”
ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း မျက်လုံးပြူးသွားသည်။
ဒါလေး လုပ်တာတောင် ဆုရသေးတာလား။
ဒီစနစ်ကြီးက တကယ် လန်းတာပဲ။
‘အသေးစား ဓားဝင်္ကပါ’ ၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်ပြီး သာမန် နတ်ဆိုးဗိုလ်ချုပ်များကိုသာ ဝိုင်းရံ ပိတ်လှောင်နိုင်သော်လည်း၊ ဘာမှ မရှိတာထက်တော့ ပိုကောင်းပေသည်။
သို့နှင့်၊ နေ့လယ်စာ စားချိန် ရောက်လေပြီ။
“တပည့်လက်ခံတာ ခဏ နားမယ်။ နေ့လယ်ကျမှ ပြန်ဆက်မယ်”
ယဲ့ဖုန်းသည် လက်ကာပြလိုက်ပြီး တပည့်များကို ခေါ်ဆောင်ကာ မိုဝမ်ရှီ စီစဉ်ပေးထားသော နေရာသို့ ပြန်သွားလိုက်၏။
အခိုင်းအစေ ယွဲ့အာမှာမူ ကျန်ရစ်သော လူငယ်များနှင့် ပြန်လည် ပေါင်းစည်းပြီး ‘ဓားပျံ’ကို စီးလျက် ခရိုင်ဘုရင် စံအိမ်တော်သို့ ပြန်သွားလေတော့သည်။
“ဟေ... ဘာလို့ လူတွေ အများကြီး လျော့သွားရတာလဲ”
ရှုဟုန်ယွီ သည် အောက်ဘက်မှ လူငယ်များကို ကြည့်ရင်း မေးလိုက်၏။
“ယွဲ့အာ... လေရှောင်ဟူ နဲ့ တခြားလူတွေ ဘယ်ရောက်ကုန်ပြီလဲ”
“သူတို့... သူတို့ထဲက အများကြီး မြူခိုးဂိုဏ်းထဲ ဝင်သွားကြပါပြီ”
ယွဲ့အာ၏ မျက်နှာထားမှာ အတော်လေး ကြောင်တောင်တောင် ဖြစ်နေပြီး ခေါင်းကို အမြန် ငုံ့လိုက်၏။
“ဘာ... ဘယ်နှယောက်လဲ”
ရှုဟုန်ယွီ အံ့အားသင့်သွားသည်။
“လေရှောင်ဟူ အပါအဝင် (၈၀) ကျော် မြူခိုးဂိုဏ်းထဲ ဝင်သွားကြပါတယ်... မင်းသမီးလေး။ စိတ်မဆိုးပါနဲ့ရှင်။ ကျွန်မမှာ ရွေးချယ်စရာ မရှိလို့ပါ”
ယွဲ့အာသည် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့သဖြင့် မျက်ရည်များ ဝဲလာရှာသည်။
“ဒါ... ဒါ တကယ့် ကပ်ဘေးပဲ”
ရှုဟုန်ယွီ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။
သူမသည် လေရှောင်ဟူ နှင့် အခြားလူများကို မြူခိုးဂိုဏ်း၏ ပုံရိပ်ကောင်းမွန်စေရန်အတွက် အငှားလူ အဖြစ်သာ လွှတ်လိုက်ခြင်း ဖြစ်သည်။ (၈၀) ကျော်အထိ ဝင်သွားကြလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ။
သူမ အလွန်အမင်း စိတ်ပျက်မိသည်။
ထို့အပြင်... နှလုံးသားလည်း နာကျင်ရသည်။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့။ မြူခိုးဂိုဏ်း ဆိုတာကလည်း ငါ တစ်ချိန်က ဝင်ခဲ့ဖူးတဲ့ ဂိုဏ်းပဲလေ။ လေရှောင်ဟူ နဲ့ တခြားလူတွေ မြူခိုးဂိုဏ်း ဝင်သွားတာကလည်း ငါ့လူတွေပဲမို့လို့ အရှုံးမရှိပါဘူး။ သူတို့ကို မြူခိုးဂိုဏ်းမှာ သင်တန်းသွားတက်ခိုင်းတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်”
နောက်ဆုံးတွင် ရှုဟုန်ယွီသည် ‘အားကျူ’၏ စိတ်ဓာတ်မျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတော့သည်။
[ဒီနေရာမှာ ပါတဲ့ ‘အားကျူ’ ရဲ့ စိတ်ဓာတ် ဆိုတာက နာမည်ကြီး တရုတ်စာရေးဆရာကြီး လူရွှန်း ရေးခဲ့တဲ့ ဝတ္ထုထဲက ဇာတ်ကောင် အားကျူ ရဲ့ အကျင့်စရိုက်ကို ခိုင်းနှိုင်းပြောဆိုထားတာဗျ။
သူ့ရဲ့ အဓိက သဘောတရားကတော့... ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး စိတ်ပိုင်းဆိုင်ရာ အောင်နိုင်မှု ရအောင် လုပ်ယူတတ်တဲ့ သဘောမျိုးပေါ့..]
ယွဲ့အာမှာမူ ခေါင်းငုံ့လျက် တုန်ရီနေပြီး စကားတစ်ခွန်းမျှ မဟရဲတော့ပေ။
...
ယဲ့ဖုန်းမှာမူ ရှုဟုန်ယွီ သွေးအန်မတတ် စိတ်ပျက်နေသည်ကို မသိရှိရှာပေ။
လက်ရှိတွင် သူသည် ခြံဝင်းထဲ၌ ရပ်လျက် နင်ရှန်းရှန်း၊ လေရှောင်ဟူ နှင့် အခြားတပည့်များကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။
“အင်း... အားလုံးပဲ ကောင်းကြတယ်။ ဒီနေ့ကစပြီး မင်းတို့က ငါ့ရဲ့ မြူခိုးဂိုဏ်း ဒုတိယမျိုးဆက် တပည့်တွေ ဖြစ်သွားကြပြီ”
“ငါ့ မြူခိုးဂိုဏ်းကို ဝင်လိုက်တာနဲ့ နေ့ခင်းကြောင်တောင် ကောင်းကင်ဘုံ တက်လှမ်းနိုင်ဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး”
ယဲ့ဖုန်း စတင် ဟောပြောလေတော့သည်။
တပည့်သစ်များသည် ယဲ့ဖုန်း၏ ဟောပြောချက်ကို အလွန်ပျင်းစရာ ကောင်းသည်ဟု ထင်မြင်ကြပြီး နားထောင်ရင်း အိပ်ငိုက်လာကြသည်။
“ကဲ... နောက်ထပ် စကားနည်းနည်းပဲ ပြောတော့မယ်”
တစ်မော့သောက်ချိန်ခန့် ကြာပြီးနောက်၊ ရေတစ်ငုံ သောက်ပြီးသည်နှင့် ယဲ့ဖုန်းသည် နောက်ထပ် (၂) မော့သောက်ချိန်ခန့် ဆက်လက် ပြောဆိုပြန်ရာ တပည့်များမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။
ဒါ... ဒါကို သူက “စကားနည်းနည်း” လို့ ခေါ်တာလား။
တပည့်များသည် အံ့သြစွာဖြင့် လျှာသပ်လိုက်မိကြသည်။
“ကဲ... နောက်တစ်ဆင့်ကတော့ ထမင်းစားကြမယ်”
ယဲ့ဖုန်းသည် တပည့် (၁၀၀) ကျော်ကို စားသောက်ဆိုင်ကြီး တစ်ဆိုင်သို့ ခေါ်ဆောင်သွားပြီး ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ အကုန်အကျခံကာ ဇိမ်ခံ စားသောက်ခန်းမကြီးကို ငှားရမ်းလိုက်၏။
“တကယ့် ဂိုဏ်းချုပ်ကြီးပဲဟေ့”
“ဂိုဏ်းချုပ်နောက် လိုက်ရင် အမြဲတမ်း အသားစားရတယ်”
တပည့်များသည် ကျွမ်းကျင် ဝိညာဉ်စားဖိုမှူးများ ချက်ပြုတ်ထားသော ဟင်းလျာများကို စားသောက်ရင်း မြူခိုးဂိုဏ်းသို့ ဝင်လိုက်ရခြင်းသည် မဆိုးလှဟု ခံစားလာကြသည်။
အနည်းဆုံးတော့ ဗိုက်ဝအောင် စားရပြီး ငတ်ပြတ်မနေရတော့ပေ။
လီကျောက်ကျောက် သည် ဝိညာဉ်စားဖိုမှူး ချက်ပြုတ်ထားသော ဟင်းများကို စားသောက်ရင်း သူမ၏ ဝါသနာကို မထိန်းနိုင်တော့ပေ။ သူမသည် မီးဖိုချောင် နောက်ဘက်သို့ ခိုးဝင်သွားပြီး စားသောက်ဆိုင်မှ ဝိညာဉ်စားဖိုမှူးနှင့် ချက်ပြုတ်နည်းများ ဖလှယ်ကာ ပညာရပ်အချို့ကို သင်ယူခဲ့သည်။
နေ့လယ်ပိုင်းတွင် ယဲ့ဖုန်း ဆက်လက်၍ တပည့်လက်ခံ၏။
မြူခိုးဂိုဏ်း နာမည်ကြီးနေသော်လည်း ခရိုင်ဘုရင်မြို့တော်တွင် ဂိုဏ်းမဝင်ရသေးသော လူငယ်ကျင့်ကြံသူ သိပ်မကျန်တော့ပေ။
ထို့အပြင် မြူခိုးဂိုဏ်းသည် “ကံစီမံရာ”ပေါ် မူတည်ပြီးမှသာ တပည့်လက်ခံသဖြင့် လူ (၂၀၀) လာလျှင် (၁) ယောက်ခန့်သာ လက်ခံနိုင်သည်။
မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားခဲ့၏။
ပထမနေ့တွင် ယဲ့ဖုန်းသည် နင်ရှန်းရှန်း၊ လေရှောင်ဟူ တို့အပါအဝင် စုစုပေါင်း တပည့် (၁၀၀) ကျော် လက်ခံခဲ့သည်။
ဒုတိယနေ့တွင် (၁၀) ယောက် လက်ခံခဲ့၏။
တတိယနေ့တွင် (၂) ယောက်သာ လက်ခံနိုင်ခဲ့သည်။
ယဲ့ဖုန်း၏ စိတ်ဓာတ်များ ပေါက်ကွဲသွားတော့၏။
“ကြည့်ရတာ လူသစ် ထပ်ရောက်လာတော့မယ့်ပုံ မပေါ်ဘူး”
ယဲ့ဖုန်း နဖူးကို ရိုက်လိုက်ပြီး တပည့်များနှင့်အတူ သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းကာ မိုဝမ်ရှီ ကို သွားရောက် တွေ့ဆုံလိုက်၏။
“အကြီးအကဲမို... ခင်ဗျားရဲ့ ကူညီကြော်ငြာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ မြူခိုးဂိုဏ်းက တပည့်အတော်များများ လက်ခံနိုင်ခဲ့တာပါ”
ယဲ့ဖုန်းက လက်ယှက်ပြီး ပြောလိုက်သည်။
သူ့ရှေ့ရှိ လူ (၁၀၀) ကျော်ကို ကြည့်ရင်း မိုဝမ်ရှီ ၏ နှုတ်ခမ်းများ တွန့်သွား၏။
လူဦးရေ သန်း (၁၀၀) ကျော်ရှိတဲ့ ခရိုင်ဘုရင်မြို့တော်မှာ (၃) ရက်လောက် အချိန်ဖြုန်းပြီးမှ လူ (၁၀၀) ကျော်လေးပဲ ရတာလား။
တပည့်လက်ခံတဲ့ နှုန်းက နည်းလွန်းတယ်။
မိုဝမ်ရှီ စကားမပြောနိုင် ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... တပည့်တွေ အများကြီး တိုးလာတဲ့အတွက် ဂုဏ်ပြုပါတယ်။ တကယ့် ဝမ်းသာစရာပါပဲ”
“ဒါတွေအားလုံးက အကြီးအကဲမိုရဲ့ အကူအညီကြောင့်ပါ”
အပြန်အလှန် ယဉ်ကျေးစကား ဆိုပြီးနောက် သူတို့ အတူတကွ ညစာ စားလိုက်ကြသည်။
မပြန်ခင်တွင် လျူမင်သည် တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ကြောင်း သိလိုက်ရသဖြင့်၊ ယဲ့ဖုန်းသည် ရှိသမျှ တပည့်များကို ခေါ်ဆောင်ကာ ‘ဝိညာဉ်မြွေ ပျံသန်းလှေ’ပေါ်သို့ တက်ရောက်ပြီး မြူခိုးဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
“ဒါက ဝိညာဉ်မြွေ ပျံသန်းလှေ လား”
ဂိုဏ်းသို့ ပြန်လာသော လမ်းခရီးတွင် နင်ရှန်းရှန်း ကဲ့သို့သော မိသားစုကြီး (၁၀) ခုမှ တပည့်များသည် ပျံသန်းလှေကြီးကို အားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
“မင်းတို့က ဒီပစ္စည်းကို သိလို့လား”
ယဲ့ဖုန်း အံ့သြသွားသည်။
“ဟုတ်ကဲ့။ မကြာသေးခင်က အကြီးအကဲ ကုန်းချင်းချိုး ဒီလှေကြီးနဲ့ ရောက်လာခဲ့ဖူးတယ်။ ဒဏ္ဍာရီတွေအရဆိုရင် ဒီလှေက အဆင့် (၁၀) လူသတ်သမား ‘ရူးသွပ်ဓား’ ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်တဲ့။ တော်တော် စွမ်းတာပဲ”
နင်ရှန်းရှန်းက ရှင်းပြသည်။
“ဂိုဏ်းချုပ်... ဒီလှေကို ဘာပစ္စည်းတွေနဲ့ လုပ်ထားလို့ ဒီလောက် ခိုင်မာပြီး မြန်ရတာလဲ ခင်ဗျ”
လေရှောင်ဟူ က သိချင်စိတ်ဖြင့် မေးလိုက်၏။
ယဲ့ဖုန်း ပြုံးလိုက်၏။
“အရင်တုန်းက ဂိုဏ်းစောင့်ရှောက်သူက သဲကန္တာရထဲမှာ ‘မြွေဟောက်ရူးဘုရင်’ ကို သတ်ဖြတ်ခဲ့တယ်။ ငါက အဲဒီမြွေရဲ့ အကြေးခွံတွေ အကုန်လုံးကို ခွာယူပြီး ‘အဆိပ်ကင်းမြီးကောက်ဘုရင်’ရဲ့ ‘နတ်ဆိုးအမြုတေ’ နဲ့ ပေါင်းစပ်ပြီး ဒီပျံသန်းရေး ဝိညာဉ်လက်နက်ကို သွန်းလုပ်ခဲ့တာပဲ”
“မြွေဟောက်ရူးဘုရင်... အဆိပ်ကင်းမြီးကောက်ဘုရင် ဟုတ်လား”
တပည့်အားလုံး အသက်ရှူမှားသွားကြသည်။
ဒါက ဂိုဏ်းချုပ်ယဲ့ရဲ့ အတိုင်းအတာ ပမာဏလား။ နတ်ဆိုးဘုရင်တွေကို သတ်ဖြတ်တဲ့အကြောင်းကို ဘာမှမဟုတ်သလို ပေါ့ပေါ့ပါးပါး ပြောနေပါလား။ ဒဏ္ဍာရီတွေထဲကအတိုင်း တကယ် ကြောက်စရာကောင်းတာပဲ။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ အခြေအနေက ဘယ်လိုလဲ ခင်ဗျ”
“ဟုတ်ကဲ့... သမီးလည်း သိချင်ပါတယ်”
ဒုတိယမျိုးဆက် တပည့်များသည် ပျံသန်းလှေပေါ်တွင် ထိုင်ရင်း တက်ကြွစွာ မေးမြန်းနေကြသည်။
“ငါတို့ မြူခိုးဂိုဏ်းကတော့...”
ယဲ့ဖုန်း ဂိုဏ်းအကြောင်း စတင် မိတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် သူ့ခေါင်းထဲသို့ သတိပေးသံ တစ်ခု ဝင်ရောက်လာသည်။
‘တီ..တီ.. ဂိုဏ်းသား စုစုပေါင်းဦးရေ (၁၅၀) ကျော်လွန်သွားပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၅) ဦး ရှိလာပါပြီ။ ဂိုဏ်းချုပ်အတွက် စတုတ္ထအဆင့် တာဝန် ကို အခု ဖွင့်လှစ်လိုက်ပါပြီ။ ကျေးဇူးပြု၍ သက်ဆိုင်ရာ ညွှန်ကြားချက်များကို စစ်ဆေးပါ။’
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ စကားသံ ရပ်တန့်သွားသည်။
သူသည် အဝေးက ကောင်းကင်ယံကို မျက်လုံးပြူးကာ ငေးကြည့်နေမိပြီး တပည့်များကို ကြောင်တောင်တောင် ဖြစ်ကျန်ရစ်စေခဲ့သည်။
တပည့်များသည် ဂိုဏ်းချုပ်၏ အပြုအမူကို နားမလည်နိုင် ဖြစ်နေကြသည်။
ခေတ္တမျှ ပျော်ရွှင်ပြီးနောက်တွင် ယဲ့ဖုန်းသည် အရသာမရှိသော ခံစားချက်တစ်ခု လွှမ်းမိုးလာသည်ကို ခံစားလိုက်ရပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
“စနစ်ရာ... မင်းက 2G လိုင်း သုံးနေတာလား။ ရက်ဝက်လောက် ကြာမှ သတိပေးချက် ပို့ရတယ်လို့”
သို့သော် စနစ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိပေ။
ထိုအချိန်တွင် ဘေးနားရှိ တပည့်များအားလုံးသည် သူ့ကို ဝိုင်းကြည့်နေကြပြီး ယဲ့ဖုန်း ဘာကြောင့် ဒီလိုပုံစံ ဖြစ်နေရသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြတော့သည်။