အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
အခန်း (၂၅၉) - ဆိုက်ရောက်ခြင်း (၃)
~'ယွီမိသားစု မျိုးတုန်းသတ်ဖြတ်ခံရတဲ့ ကိစ္စက ဒီအရာတွေနဲ့ ဆက်စပ်နေမလား...'
'ပြီးတော့... လျှို့ဝှက်ယန္တရား...'
ယခုအချိန်၌ ဆုမို၏ စိတ်ထဲတွင် သံသယများက မြူခိုးပမာ ရစ်သိုင်းနေတော့သည်။ ယွီမိသားစုကို ဖျက်ဆီးခဲ့သူများနှင့် လျှို့ဝှက်ယန္တရားကို လိုချင်တပ်မက်နေသူများသည် သုံးပါးအစွန်းရောက်ဂိုဏ်းနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေမည်ဟု သူ ခံစားမိနေ၏။
မုချဧကန်... သူတို့အားလုံး တစ်ဖွဲ့တည်းပင် ဖြစ်လောက်ပေသည်။
'ဒါဆိုရင်... ဒီ လျှို့ဝှက်ယန္တရား ဆိုတာက ရွှေကျောက်စိမ်းကတော့ နဲ့ မန်ဒရင်းဘဲစာရင်း တို့နဲ့လည်း ဆက်စပ်နေနိုင်သလား'
လီစစ်ယွင် ပြောခဲ့ဖူးသည်မှာ ထိုလျှို့ဝှက်ဘဏ္ဍာတိုက်ကို ဖွင့်လှစ်ရန် သော့ချက် (၃) ခု လိုအပ်သည် ဟူ၏။
ရွှေကျောက်စိမ်းကတော့၊ မန်ဒရင်းဘဲစာရင်း... နှင့် မြေပုံတစ်ချပ်။
အကယ်၍သာ ဤကိစ္စသည် လျှို့ဝှက်ယန္တရားနှင့် ဆက်စပ်နေမည်ဆိုပါက ဆုမို၏ ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့် မြေပုံမှာ ယွီချင်းတောင် မြေပုံပင် ဖြစ်ချေသည်။
သို့သော် ထိုမြေပုံမှာ ယွီလျိုစံအိမ်တွင် ရှိနေပြီး 'ဓားနှလုံးသား' လျူဆွေဖုန်း ကိုယ်တိုင် စောင့်ရှောက်ထားခြင်း ဖြစ်သည်။ ယခုအချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာ မကြားရသေးသဖြင့် ဆုမို စိတ်အေးနေရခြင်း ဖြစ်၏။
'ဒါပေမယ့်... ဒီအတိုင်းသာ ဆက်တွေးကြည့်မယ် ဆိုရင်တော့...'
'ငါ့ရဲ့ မွေးစားအဖေကရော... ဒီ လျှို့ဝှက်ယန္တရား (ဒါမှမဟုတ်) တာ့ရွှမ်လက်နက်တိုက် ကိစ္စတွေနဲ့ ပတ်သက်ဆက်နွှယ်နေခဲ့လို့များလား...'
'အဲ့ဒါကြောင့်ပဲ သိုင်းလောက လမ်းခရီးကြမ်းမှာ အဖြစ်ဆိုးနဲ့ ကြုံပြီး သေဆုံးသွားခဲ့ရတာလား'
'အဲ့ဒီတုန်းက အဖေ့ကို သေစေခဲ့တဲ့ အကြောင်းရင်းက ဘာများလဲ'
အစပိုင်းတွင် သီးခြားစီ ဖြစ်နေသော အဖြစ်အပျက်များသည် ယခုအခါ ပုတီးစေ့များပမာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသယောင် ရှိလာတော့သည်။
“ဆုမို... အခုချိန်မှာ လျှောက်တွေးနေလည်း အလကားပါပဲ... ဟောက်ရန် ကျောင်းတော် ရောက်မှ အဖေ့ကို ကိုယ်တိုင် မေးကြည့်ရအောင်”
ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက်လှမ်းကြည့်ရင်း သူ၏ အတွေးများကို ဖတ်မိသကဲ့သို့ ပြောလိုက်၏။
သို့သော် ဆုမိုက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်လေသည်။
“သူတို့က ဒီလျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့ကြတာ... အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိလို့နေမှာ... ကျွန်တော်တို့ ရုတ်တရက် ထမေးလိုက်ရုံနဲ့ ဦးလေးယန်က မဖြေလောက်ဘူး...”
“ဒါပေမယ့် အခုအခြေအနေအရ ဆိုရင်တော့ ဦးလေးယန်က ဒီကိစ္စကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူး”
“လီစစ်ယွင်က မန်ဒရင်းဘဲစာရင်းကို ဦးလေးယန်ဆီ ပို့ခိုင်းလိုက်တာကလည်း အကြောင်းရင်း တစ်ခုခု ရှိလို့ပဲ နေမှာ”
“တကယ်လို့ ဦးလေးယန်က မမနဲ့ ကျွန်တော့်ကို ဒီကိစ္စထဲ မပါစေချင်ဘူး ဆိုရင်... ဒီခရီးစဉ် ပြီးတာနဲ့ အစ်မကို စိတ်ဆိုးပြီး နှင်ထုတ်တာမျိုး လုပ်ချင် လုပ်လာလိမ့်မယ်... ဒါမှ အစ်မက ဒီကိစ္စနဲ့ ဝေးရာကို ရောက်သွားမှာလေ”
“အဲ့ဒါက...”
ထိုစကားကို ကြားသောအခါ ယန်ရှောင်ယွင်၏ မျက်ခုံးများ တွန့်ချိုးသွားတော့၏။
“အဲ့လိုလုပ်ရင် ငါတို့ကို သိပ်ပြီး အထင်သေးလွန်းရာ မကျဘူးလား”
“မိဘတွေ ဆိုတာက ကိုယ့်သားသမီး သိုင်းပညာ ဘယ်လောက်ပဲ မြင့်မားနေပါစေ... ကလေးလို့ပဲ မြင်ကြတာပါပဲဗျာ”
“တကယ်လို့ ကျွန်တော့် ယူဆချက်သာ မှန်ခဲ့မယ်ဆိုရင်... ဦးလေးယန်က လော့ဖုန်း မဟာမိတ်အဖွဲ့နဲ့ သံယောဇဉ် တွယ်နေတာကလည်း အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး”
ဆုမိုက သက်ပြင်းချရင်း ခေါင်းခါလိုက်၏။
“ထားလိုက်ပါတော့လေ... ဟုတ်မဟုတ် ဆိုတာကတော့ လက်တွေ့ ကြုံမှပဲ သိရမှာပါ... စောစောက ကျွန်တော် ပြောသလိုပေါ့... တကယ်လို့ ဦးလေးယန်က ကျွန်တော်တို့ကို တွေ့တွေ့ချင်း အဲ့ဒီလို တုံ့ပြန်လာခဲ့ရင်လည်း လိုက်လျောလိုက်ကြတာပေါ့”
“တည့်မေးလို့ အဖြေမရရင်... တိတ်တိတ်လေး လှုပ်ရှားကြမယ်”
“တိတ်တိတ်လေး လှုပ်ရှားမယ် ဟုတ်လား...”
ယန်ရှောင်ယွင်၏ မျက်လုံးများ အရောင်လက်သွားသည်။
“ဘယ်လို လုပ်မလို့လဲ”
“ရိုးရိုးလေးပါဗျာ... တကယ်လို့ သူက ကျွန်တော်တို့ကို မောင်းထုတ်ရင် ကျွန်တော်တို့ ထွက်သွားပေးလိုက်မယ်... ပြီးမှ ပြန်လှည့်လာပြီးတော့ ရုတ်တရက် ဝင်စီးကြတာပေါ့...”
ဆုမိုက ယန်ရှောင်ယွင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
ယန်ရှောင်ယွင် သဘောကျသွားသော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါလိုက်လေ၏။
“အဖေက သိုင်းလောက ဝါရင့်နော်... သူ့ကို ဖုံးကွယ်ဖို့ဆိုတာ မလွယ်ဘူး... နောက်မှ သူ သိသွားရင် ပြဿနာတွေ ပိုရှုပ်ကုန်လိမ့်မယ်... မကောင်းပါဘူးဟာ”
“ဒါဆိုရင်လည်း ကျွန်တော်တို့ဘာသာ အဆင်ပြေအောင် ညှိကြတာပေါ့ဗျာ...”
ဆုမိုက ပြုံးလိုက်၏။
“ဘာပဲဖြစ်ဖြစ်... အဲ့ဒီရောက်မှ ဆက်စဉ်းစားကြတာပေါ့”
“ကောင်းပြီလေ”
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်ပြီး စကားစကို ဖြတ်လိုက်တော့သည်။
ထို့နောက် သူတို့သုံးဦးသား ခရီးဆက်ခဲ့ကြလေ၏။ ကျန်းရှောင်ရှောင်ကမူ အနောက်မှ တကောက်ကောက် လိုက်ပါလာဆဲ။
ဟောက်ရန် ကျောင်းတော်နှင့် သိပ်မဝေးတော့သည့်အတွက် ရက်အနည်းငယ် ကြာသောအခါ သူတို့သည် ကျောင်းတော်၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
ပုန်းအောင်းနေသော သုံးပါးအစွန်းရောက်ဂိုဏ်းမှာ ယခုထိ ငြိမ်သက်နေဆဲပင်။ မကြာသေးမီ ရက်များအတွင်း သူတို့၏ စောင့်ကြည့်ထောက်လှမ်းမှုကို ဆုမို အာရုံမခံမိတော့ပေ။
သူတို့ဘက်က အမှန်တကယ်ပဲ လက်လျော့သွားသည့်ပုံ ပေါက်နေသည်။
ဟောက်ရန် ကျောင်းတော် နယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် ဒေသခံများ၏ ထူးခြားကွဲပြားသော အငွေ့အသက်ကို သူတို့ သတိထားမိလိုက်ကြ၏။
ယနေ့ခေတ်တွင် သိုင်းပညာ ထွန်းကားလျက်ရှိရာ လမ်းဘေးရှိ လယ်သမား အဘိုးအိုများပင်လျှင် ကျင့်ကြံခြင်း အခြေခံအနည်းငယ် ရှိတတ်ကြ၏။
"စာပေသမား ဆိုတာ အသုံးမကျဘူး" ဟူသော ဆိုရိုးစကား ရှိသော်လည်း၊ ဆုမို၏ အမြင်တွင် ထိုစကားသည် သိုင်းပညာရှင်များက တမင်တကာ ဝါဒဖြန့်ထားခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးမိသည်။
သာမန်ပြည်သူများကို ဉာဏ်ရည်နိမ့်ပါးအောင် လုပ်ထားမှသာ သူတို့ကို မတော်လှန်ရဲကြမည် မဟုတ်ပါလော။
အမှန်စင်စစ်... မည်သည့် ထိပ်တန်းသိုင်းပညာရှင်မဆို သိုင်းပညာရော ဉာဏ်ပညာပါ သာမန်လူထက် သာလွန်ကြစမြဲ ဖြစ်သည်။
သူတို့က စာတစ်လုံးမှ မဖတ်ဘူးပါဟု ပြောလာလျှင် မည်သူမှ ယုံမည်မဟုတ်ပေ။
စာလုံးဝ မတတ်ပါက သိုင်းကျမ်းများကို မည်သို့ နားလည်နိုင်မည်နည်း။
ပုံများနှင့် စာများကို ကြည့်ပြီး အတွင်းအားကျင့်ကြံခဲ့သည့် ဖူဟန်ယွမ်ကဲ့သို့ လူစားမျိုးမှာ အလွန်ရှားပါးလှပေသည်။
သို့သော် ဟောက်ရန် ကျောင်းတော် နယ်မြေအတွင်းရှိ ပြည်သူများမှာမူ ပြင်ပလောကနှင့် များစွာ ကွာခြားလှ၏။
မည်သည့် မြို့ရွာထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ စာပေဆွေးနွေးနေကြသော ပညာရှင်များကို အလွယ်တကူ တွေ့မြင်နိုင်သည်။
လယ်သမားအိုကြီးများပင်လျှင် ခက်ခဲနက်နဲသော ဒဿန စကားလုံးအချို့ကို ရေရွတ်နိုင်ကြ၏။
လမ်းမတန်း တစ်လျှောက်တွင် ကလေးငယ်များ၏ စာအော်ဖတ်သံများ ပဲ့တင်ထပ်နေသော စာသင်ကျောင်းများကို နေရာအနှံ့ တွေ့ရသည်။
အချို့သော စာပေပညာရှင်များမှာ ဓားရှည်များကို လွယ်ထားကြပြီး ပေါ့ပါးလွတ်လပ်သော ဟန်ပန်ဖြင့် လမ်းလျှောက်နေကြလေသည်။
“ဒီနေရာတစ်ဝိုက်က စာသင်ကျောင်း အားလုံးနီးပါးက ဟောက်ရန် ကျောင်းတော်ပိုင်တာတွေချည်းပဲ”
“သူတို့က ရည်ရွယ်ချက် (၂) ခုနဲ့ ဒီကျောင်းတွေကို တည်ထောင်ထားတာ... ပထမအချက်က ပြည်သူတွေကို အသိပညာ ဗဟုသုတ ဖွင့်ပေးဖို့၊ သူတော်စင်တွေရဲ့ ဉာဏ်ပညာကို ဖြန့်ဝေပေးပြီး လူတွေကို မောဟအမှောင်ထုထဲကနေ ဆွဲထုတ်ပေးဖို့ပေါ့”
“ဒုတိယအချက်ကတော့... ဟောက်ရန် ကျောင်းတော်ရဲ့ အတွင်းစည်း အတွက် ကျောင်းသားသစ်တွေ စုဆောင်းဖို့ပဲ”
“ဒေသတိုင်းမှာရှိတဲ့ ကျောင်းတွေမှာ စာပေပြိုင်ပွဲတွေရော၊ သိုင်းပညာပြိုင်ပွဲတွေရော ကျင်းပလေ့ရှိတယ်”
“ဒေသအလိုက် သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ထူးချွန်တဲ့ သူတွေကို ရွေးချယ်ပြီး ဟောက်ရန် ကျောင်းတော်ရဲ့ အတွင်းစည်းထဲကို ခေါ်သွင်းလေ့ရှိတယ်”
“စာပေကိုပဲ လေ့လာချင်သလား... သိုင်းပညာကိုပဲ လိုက်စားမလား... ဒါမှမဟုတ် နှစ်မျိုးလုံးပဲ သင်ယူမလား... ကြိုက်တာ ရွေးလို့ရတယ်... ဒါကြောင့် ဒီကျောင်းတော်မှာက ထူးချွန်တဲ့ လူတော်လူကောင်းတွေ အမြဲတမ်း ပေါများနေတာ”
“သူ့ရဲ့ ဂုဏ်သတင်းက ဂိုဏ်းကြီး (၇) ဂိုဏ်းလောက် မကြီးမားပေမယ့်... လျှော့တွက်လို့တော့ မရဘူးနော်”
ယန်ရှောင်ယွင်က စပ်စုနေသော ဆုမိုကို လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။ ထို့နောက် သူမက ခပ်ဖွဖွ ရယ်မောရင်း ဆက်ပြောလာသည်။
“အဟင်း..တကယ်တော့... ဟောက်ရန် ကျောင်းတော်ရဲ့ ဒီလို လုပ်ရပ်တွေကြောင့် မကျေနပ်တဲ့သူတွေ ရှိသလို... ကျောင်းတော်ကို တိတ်တဆိတ် ဒုက္ခပေးဖို့ ကြိုးစားကြတဲ့သူတွေလည်း ရှိတယ်...”
“ဒါပေမယ့် ဟောက်ရန် ကျောင်းတော်မှာက နည်းဗျူဟာတွေ အများကြီး ရှိတယ်လေ... အစပိုင်းတုန်းကတော့ ပြဿနာ လာရှာရဲတဲ့သူတွေ ရှိပေမယ့်... နောက်ပိုင်းကျတော့ ဘယ်သူမှ မလုပ်ရဲကြတော့ဘူး”
“သူတို့ ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိတယ်... 'လူကြီးလူကောင်း ဆိုတာ လှည့်စားခံရနိုင်တယ်... ဒါပေမယ့် အကန့်အသတ် ကျော်လွန်လာရင်တော့ လက်သီးနဲ့ တုံ့ပြန်ရမယ်' တဲ့”
“သူတော်စင် ဉာဏ်ပညာနဲ့ လက်သီး... ဒီနှစ်ခု ယှဉ်တွဲနေမှ လူတွေက တကယ် လေးစားကြတာတဲ့”
“...”
ဆုမို ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် သဘောကျစွာ ရယ်ချလိုက်လေတော့၏။
“အဟား..ဒီကျောင်းတော်
ကျောင်းအုပ်ကြီးသာ ဆရာတော် ဟုန်ယွင်နဲ့ တွေ့လိုက်ရင်... စောစောစီးစီး မတွေ့ခဲ့ရတာ နာလိုက်တာလို့ ပြောကြမလားမသိဘူးနော်”
ရက်အနည်းငယ် ကြာပြီးနောက်...
သူတို့သုံးဦးသည် ဟောက်ရန် ကျောင်းတော်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြလေတော့၏။
အခန်း (၂၆၀) - အာမခံခရီး လွှဲပြောင်းခြင်း
~သိုင်းလောကရှိ ဂိုဏ်းအများစုသည် လူသူကင်းဝေးရာ တောင်တန်းကြီးများနှင့် တောနက်ကြီးများထဲတွင် တည်ရှိလေ့ ရှိကြပေသည်။
ထိုနေရာများ၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့် လောကီအရှုပ်အထွေးများမှ ကင်းဝေးမှုတို့သည် ဂိုဏ်းသားများအတွက် ကျင့်ကြံအားထုတ်ရန် အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးထား၏။
သို့သော် ဟောက်ရန် ကျောင်းတော်ကား ထိုသို့… မဟုတ်ပေ။
ဤနေရာကို ဟောက်ရန်မြို့ဟု ခေါ်ဆိုကြလေသည်။
ဟောက်ရန် ကျောင်းတော်သည် ထိုမြို့ကြီး၏ အလယ်ဗဟို တည့်တည့်တွင် တည်ရှိနေခြင်း ဖြစ်၏။
ကျောင်းတော်၏ တံခါးမကြီး (၄) ပေါက်လုံးကို ဟင်းလင်းဖွင့်ထားပြီး စာပေပညာရှင်များ ဝင်ထွက်သွားလာနေကြသည်မှာ မပြတ်မလပ် ရှိနေတတ်သည်။
အချို့က သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စကားပြောရင်း လမ်းလျှောက်နေကြ၏။ အချို့က လက်ထဲတွင် စာလိပ်များကို ကိုင်ထားပြီး လမ်းလျှောက်ရင်း စာဖတ်ရန်ပင် မမေ့လျော့ကြပေ။
ဆုမို၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့ သုံးဦး တံခါးဝသို့ ရောက်လာသောအခါ တံခါးဘေးတွင် ထိုင်နေသော ပညာရှင် တစ်ဦးက စာအုပ်ကို ချလိုက်ပြီး သူတို့ကို မော့ကြည့်လိုက်သည်။
“ခဏလောက်.. နေပါဦးဗျာ”
ဆုမိုတို့ ရပ်တန့်လိုက်သောအခါ ထိုပညာရှင်က ပြုံး၍ ပြောလိုက်၏။
“မိတ်ဆွေတို့ (၃) ယောက်က ဟောက်ရန် ကျောင်းတော်က ကျောင်းသားတွေ မဟုတ်ဘူး ထင်တယ်... ဟုတ်ပါသလား... တကယ် အားနာပါတယ်ဗျာ... အခုရက်ပိုင်း ကျောင်းတော်မှာ အရေးကြီးကိစ္စ ရှိနေလို့ ပြင်ပလူတွေကို ယာယီ ဝင်ခွင့်ပိတ်ထားပါတယ်”
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ၊ ယန်ရှောင်ယွင်က အံ့ဩသွားပြီး ပြန်ပြောလိုက်သည်။
“ဟောက်ရန် ကျောင်းတော်ရဲ့ တံခါးမကြီးတွေက အရပ် လေးမျက်နှာလုံးကို ဖွင့်ထားတာပါ... ကျောင်းအုပ်ကြီး ကိုယ်တိုင်က ပညာရေးမှာ ခွဲခြားမှု မရှိစေရဘူး၊ မြို့သူမြို့သားတွေကို ကျောင်းတော်ထဲ ဝင်ခွင့် မပိတ်ပင်ရဘူးလို့ ပြောဖူးတယ်လေ”
“ဒါပေမယ့် အတွင်းစည်း ထဲကို ဝင်ချင်ရင်တော့ အခြေခံ ခိုင်မာဖို့ လိုတာပေါ့လေ”
“ဒီတံခါးမကြီးတွေကို ပိတ်ထားတယ် ဆိုတာကတော့ ကြုံတောင့်ကြုံခဲပါပဲ”
“ဟားဟားဟား”
ပညာရှင်က ရယ်မောလိုက်လေသည်။
“မိန်းကလေး ပြောတာ မှန်ပါတယ်... ကျွန်တော်တို့ ဟောက်ရန် ကျောင်းတော်က တံခါးတွေကို ဘယ်တုန်းကမှ ပိတ်မထားခဲ့ပါဘူး... ပညာ လိုလားတဲ့ သူတိုင်းကို ဝင်ရောက်လေ့လာခွင့် ပြုထားပါတယ်”
“ဒါပေမယ့် အခုချိန်က ကျောင်းတော်မှာ တစ်နှစ် (၂) ကြိမ် ကျင်းပတဲ့ စာပေနဲ့ သိုင်းပညာ ပြိုင်ပွဲ ပြုလုပ်နေတဲ့ ကာလမို့လို့ပါ”
“လူတွေလည်း များ၊ မျက်စိတွေလည်း များနေတဲ့အချိန်မို့ အဆင်မပြေမှုတွေ ရှိလာမှာစိုးလို့ ဧည့်သည်တွေကို ယာယီ လက်မခံတာပါ”
ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ငါတို့ ကံမဆိုးပါဘူး... ဟောက်ရန် ကျောင်းတော်ရဲ့ စာပေနဲ့ သိုင်းပြိုင်ပွဲ ဆိုတာက ဒီကျောင်းရဲ့ အကြီးကျယ်ဆုံး ပွဲတော်လေ... အတော်ပဲ ကြုံကြိုက်သွားတာပေါ့”
“ဒီမယ်.. မောင်လူချော... ကျွန်မတို့ (၃) ယောက် လာတာက ဟောက်ရန် ကျောင်းတော်မှာ ပညာသင်ဖို့ မဟုတ်ပါဘူး... လူလာရှာတာပါ”
“လူလာရှာတာ ဟုတ်လား”
ပညာရှင်က အနည်းငယ် ကြောင်သွားပြီး ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင်လည်း ရှာချင်တဲ့သူရဲ့ နာမည်ကို ပြောပြပါ... ကျွန်တော် အထဲဝင်ပြီး သွားခေါ်ပေးပါ့မယ်”
“ကျေးဇူးပါပဲရှင်... ကျွန်မတို့က သံမဏိသွေး အာမခံဌာနက ခေါင်းဆောင်ယန်ကို လာရှာတာပါ”
“သံမဏိသွေး အာမခံဌာန... ယန်... ယန်ရီဇီ... စီနီယာယန် လား”
ပညာရှင်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
“ခွင့်ပြုပါ... မိတ်ဆွေတို့ (၃) ယောက်ရဲ့ နာမည်လေးတွေ သိခွင့်ရမလား”
ဆုမိုက လက်သီးဆုပ် ဂါရဝပြုလိုက်၏။
“လော့ရှားမြို့... ဇီယန် အာမခံဌာနက ခေါင်းဆောင် ဆုမို ပါ”
“ဒုခေါင်းဆောင်... ယန်ရှောင်ယွင် ပါ”
ယန်ရှောင်ယွင်ကလည်း သူမ၏ နာမည်ကို မိတ်ဆက်လိုက်သည်။
“ကျန်းရှောင်ရှောင်....”
ကျန်းရှောင်ရှောင်က လက်သီးဆုပ် ဂါရဝပြုရင်း လေတစ်ချက် မှုတ်ထုတ်လိုက်၏။
ပညာရှင်သည် ထိုအမည်များကို ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ 'ကျန်းရှောင်ရှောင်' ဟူသော အမည်က ဤလူကောင်ကြီးနှင့် မလိုက်ဖက်သလို၊ ယုံကြည်ရခက်ပုံ ပေါက်နေသော်လည်း သူက အမြန် သတိကပ်လိုက်ပြီး ရေရွတ်လိုက်၏။
“ယန်ရှောင်ယွင်... ဟုတ်လား”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ကပျာကယာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဒီမှာ ခဏလောက် စောင့်ပေးပါဗျာ”
ပြောပြောဆိုဆိုပင် သူက စာလိပ်ကို ခါးကြားသို့ ထိုးထည့်လိုက်ပြီး ဝင်လာတော့မည့် အခြားပညာရှင် တစ်ယောက်ကို တံခါးစောင့်ခိုင်းလိုက်၏။ ထို့နောက် အလွန်ပါးနပ် ကျွမ်းကျင်သော ကိုယ်ဖော့ပညာကို အသုံးပြု၍ ဟောက်ရန် ကျောင်းတော် အတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားတော့သည်။
သူ၏ အလျင်စလို ပုံစံကို ကြည့်ပြီး ကျန်းရှောင်ရှောင်က ဗိုက်ကို ပုတ်ရင်း ပြောလိုက်၏။
“သူ... အထဲကို ထမင်းသွားစားတာလား”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ပြုံးလိုက်ကြသည်။
ဆုမိုက ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်၏။
“ဟောက်ရန် ကျောင်းတော်က တကယ်ကို ထူးခြားတဲ့ အငွေ့အသက် ရှိတာပဲ... ထင်ထားတာနဲ့ တခြားစီပဲ”
“ဟုတ်တယ်”
ယန်ရှောင်ယွင်ကလည်း ခေါင်းညိတ်
ထောက်ခံလိုက်သည်။
“အဖေ ခဏခဏ ပြောဖူးတယ်... ဏ္ဍတုန်းချန်နယ်မြေမှာ ဂိုဏ်းကြီး (၇) ဂိုဏ်းက ထိပ်ဆုံးမှာ ရှိတယ် ဆိုပေမယ့်... တကယ့် ကျားဝပ် ဓားမြှုပ် နေတဲ့ နေရာက ဒီ ဟောက်ရန် ကျောင်းတော် တဲ့”
“ဒီက လူတွေက စာပေလေ့လာလိုက်စားတာကိုပဲ အာရုံစိုက်ပြီး သိုင်းလောကထဲ သိပ်မဝင်ကြလို့သာ နာမည်မကြီးတာ”
သူတို့ စကားပြောနေစဉ်မှာပင် စောစောက ပြေးထွက်သွားသော ပညာရှင်က ပြန်ရောက်လာ၏။
“ဟမ်... စားတာ မြန်လိုက်တာ”
ကျန်းရှောင်ရှောင်က မျက်လုံးပြူးသွားသည်။
သို့သော် ပညာရှင်၏ နောက်တွင် လူရိပ်တစ်ခု ပါလာသည်ကို တွေ့လိုက်ရသည်။ သူသည် သက်လတ်ပိုင်းအရွယ် ပညာရှင်တစ်ဦးကို ခေါ်ဆောင်လာခြင်း ဖြစ်၏။
ထိုသူများ ရပ်တန့်လိုက်သည်နှင့် သက်လတ်ပိုင်း ပညာရှင်က ခေါင်းမော့လာပြီး ယန်ရှောင်ယွင်ကို ကြည့်လိုက်သည်။
“တကယ်ပဲ ဒီတူမလေးလား”
“ဦးလေး... လျိုယွင်”
ယန်ရှောင်ယွင်က ထိုပညာရှင်ကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။
ထို့နောက် သူမက ဆုမိုဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။
“ဒါက ဦးလေး လျိုယွင် တဲ့... အဖေ့ရဲ့ မိတ်ဆွေရင်း ဖြစ်သလို၊ ဟောက်ရန် ကျောင်းတော်ရဲ့ ဒုတိယ ကျောင်းအုပ်ကြီးလည်း ဖြစ်တယ်”
ထိုစကားကို ကြားသောအခါ ဆုမိုက ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြုလိုက်၏။
“ဇီယန် အာမခံဌာနက ဆုမို... စီနီယာ လျိုယွင်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
“ဇီယန် အာမခံဌာန...”
လျိုယွင်က ဆုမိုကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေသည်။
“ဇီယန် ခေါင်းဆောင်... ဟုတ်လား... တကယ်ကို ကြာခဲ့ပြီပဲ... အရင်တုန်းက မင်းအဖေနဲ့ ဦးလေး ခဏခဏ ဆုံဖူးတယ်... အခု မိတ်ဆွေဟောင်းရဲ့ သားကို ပြန်တွေ့ရတော့ အချိန်တွေ ကုန်တာ မြန်လိုက်တာကွာလို့ တွေးမိပြီး လွမ်းဆွတ်မိသလိုတောင် ဖြစ်သွားတယ်”
“ကဲ... လာပါ... အပြင်မှာ ရပ်မနေနဲ့တော့... ခေါင်းဆောင်ယန်နဲ့ သွားတွေ့ကြတာပေါ့”
ပြောရင်းဆိုရင်း သူက ဆုမိုတို့ကို ဦးဆောင်ကာ ဟောက်ရန် ကျောင်းတော် အတွင်းသို့ ခေါ်ဆောင်သွားလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့က သတင်းသွားပို့ပေးသော တံခါးစောင့် ပညာရှင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ကြ၏။
ထိုပညာရှင်က လက်ကာပြလိုက်ပြီး ခါးကြားမှ စာလိပ်ကို ပြန်ဆွဲထုတ်ကာ စာဖတ်ခြင်း ကမ္ဘာထဲသို့ ချက်ချင်း ပြန်လည် စီးမျောသွားလေတော့သည်။
...
...
လျိုယွင်၏ လမ်းပြမှုဖြင့် သူတို့သည် ကျောင်းတော် အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။
ရံဖန်ရံခါတွင် ကျောင်းသားများ၏ စာအော်ဖတ်သံများကို ကြားနေရသလို၊ တစ်ခါတစ်ရံတွင် ဓားချင်းရိုက်ခတ်သံများကိုပါ ကြားနေရသည်။
အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ရောက်လာလေ၊ ဆုမိုအတွက် မြင်ကွင်းသစ်များ ပိုမို တွေ့လာရလေ ဖြစ်သည်။
ထိုစဉ် လျိုယွင်က စကားစလိုက်၏။
“လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းအဖေ ဟောက်ရန် ကျောင်းတော်ကို ရောက်လာတယ်... သူပြောတာကတော့ 'တိမ်ဖမ်းသမား'ရွှီရော့ရှန် က ဟောက်ရန် ကျောင်းတော် နယ်မြေထဲမှာ အသတ်ခံလိုက်ရတယ် ဆိုလားပဲ... အဲ့ဒါနဲ့ ပတ်သက်ပြီး ရှင်းပြချက် လိုချင်တယ် ဆိုပြီး ကျောင်းအုပ်ကြီးကို လာတွေ့တာလေ...”
“သူ့ပုံစံက တော်တော်လေးကို ပြောရဆိုရ ခက်နေတယ်... မလိုအပ်ဘဲ ပြဿနာတွေ ရှာနေတာ...”
“အခု မင်းတို့ ရောက်လာတာ... သူ့ကို အတင်း ပြန်ခေါ်သွားမလို့တော့ မဟုတ်ပါဘူးနော်”
“...”
ထိုစကားကြောင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ယောက်သား ရယ်ရခက် ငိုရခက် ဖြစ်သွားကြလေတော့၏။
အခန်း (၂၆၁) - အာမခံခရီး လွှဲပြောင်းခြင်း (၂)
~“သူ့သမီးအရင်းဖြစ်တဲ့ ကျွန်မတောင် မနိုင်တာ... ဘယ်သူကများ သူ့ကို နားချနိုင်မှာလဲ... ဦးလေးက သူ့အကြောင်း ပိုတောင် သိဦးမယ်”
ယန်ရှောင်ယွင်၏ အသံတွင် လက်လျော့အရှုံးပေးလိုက်ရသည့် လေသံ ပါဝင်နေ၏။
အထူးသဖြင့် ယန်ရီဇီသည် သူမနှင့် ဆုမိုကို လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားကြောင်း သိလိုက်ရပြီးနောက် ဤခံစားချက်က ပို၍ ထင်ရှားလာသည်။
“အင်း... အဲ့ဒါကတော့ ဟုတ်ပါတယ်လေ...”
လျိုယွင် စာပေပညာရှင်က ပြုံး၍ ပြောလာသည်။
“ဒါပေမယ့် ဦးလေးက စနောက်လိုက်တာပါကွယ်... မင်းအဖေက ဘယ်လိုလူလဲ ဆိုတာ သိသားပဲ... ရွှီရော့ရှန်ကို တိတ်တိတ်လေး လုပ်ကြံခဲ့တဲ့ တရားခံကို မင်းအဖေ ဖမ်းမိထားပြီးပြီ”
“ဒါပေမယ့် ဟောက်ရန် ကျောင်းတော်ရဲ့ စာပေနဲ့ သိုင်းပြိုင်ပွဲ ကျင်းပမယ့်ရက်နဲ့ တိုက်ဆိုင်နေတော့... ကျောင်းအုပ်ကြီးက မင်းအဖေကို ပွဲကြည့်ရင်း အပန်းဖြေဖို့ ဒီမှာပဲ ဆက်နေခိုင်းထားတာပါ”
“သြော်... ဒါကြောင့်ကိုး”
ယန်ရှောင်ယွင် သဘောပေါက်သွားတော့သည်။
ဆုမိုကမူ အာမခံခေါင်းဆောင်ကျန်း နှင့် လီတို့ ပြောခဲ့ဖူးသော စကားများကို ပြန်ကြားယောင်မိပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
ဟောက်ရန် ကျောင်းတော်သည် အလွန် ကျယ်ဝန်းလှပေသည်။ အတွင်းသို့ ဝင်ရောက်လာလေ ပညာရှင် ဦးရေ များပြားလာလေ ဖြစ်၏။
ရုတ်တရက် မြင်ကွင်းက ကျယ်လွန်းလာပြီး ဆူညံသံများ ပိုမို ကျယ်လောင်လာသည်။
ထိုနေရာတွင် စင်မြင့်များစွာ ဆောက်လုပ်ထားပြီး၊ စင်မြင့်တစ်ခုစီတွင် ပညာရှင်များ ယှဉ်ပြိုင်နေကြသည်ကို တွေ့ရ၏။
ပွဲကြည့်ပရိသတ်များမှာလည်း အလွန်များပြားပြီး ဆူညံ အုတ်အော်သောင်းနင်း ဖြစ်နေသဖြင့် ပွဲတော်အငွေ့အသက် အပြည့်အဝ ရရှိနေသည်။
ယန်ရှောင်ယွင်က ပြုံးရင်း မေးလိုက်၏။
“ဒီနေ့က သိုင်းပြိုင်ပွဲ ကျင်းပတဲ့ရက်လား”
“ဟုတ်တယ်... စာပေပြိုင်ပွဲက မနေ့က ပြီးသွားပြီ... ဒီနေ့ကစပြီး နောက် (၃) ရက်ဆက်တိုက် သိုင်းပြိုင်ပွဲ ကျင်းပမှာ”
“ဒါနဲ့ ပြောရဦးမယ်... ဟောက်ရန် ကျောင်းတော်ထဲမှာ မင်းအဖေတင် မကဘူး... တခြားလူတွေလည်း ပွဲလာကြည့်နေကြတယ်...”
သူက လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
ထိုအခါ ကွင်းပြင်၏ ဘေးဘက်ရှိ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် လူတစ်စု ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
အလယ်ဗဟိုတွင် ထိုင်နေသူမှာ အသက်အရွယ် ကြီးရင့်သော်လည်း မျက်နှာထား တည်ကြည်ခန့်ညားပြီး သက်လုံကောင်းနေဆဲ ဖြစ်သော ပညာရှင်အိုကြီး တစ်ဦးဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင် တောက်ပသော အရောင်များ ဖုံးကွယ်ထားပြီး စိတ်ဝင်စားစရာ တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ ကွင်းပြင်တစ်ခုလုံးကို လိုက်ကြည့်နေလေသည်။
သူ့ဘယ်ဘက်တွင် ထိုင်နေသူမှာ သက်လတ်ပိုင်းအရွယ် လူတစ်ဦး။ ခရမ်းရောင် သရဖူ ဆောင်းထားပြီး ခရမ်းရောင် ကျောက်စိမ်းဆံထိုး ထိုးထားသည်။ သူ၏ အသက်အရွယ်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း မျက်ဝန်းထဲမှ အလင်းရောင်က သာမန်မဟုတ်ကြောင်း ပြသနေသည်။
ပညာရှင်အိုကြီး၏ ညာဘက်တွင် ထိုင်နေသူမှာ ယန်ရီဇီ ဖြစ်၏။
ဘယ်ဘက်တွင်မူ ထိုင်ခုံလွတ် တစ်လုံး ရှိနေသည်။
ထိုနေရာသည် လျိုယွင် စာပေပညာရှင်၏ နေရာ ဖြစ်တန်ရာ၏။
သို့သော် ယန်ရီဇီ၏ ညာဘက်တွင် ထိုင်နေသော သူကိုမူ ဆုမိုရော ယန်ရှောင်ယွင်ပါ ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ထိုသူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်း မဟုတ်ဘဲ၊ ပျော့ပျောင်းသော ဝေါယာဉ်ငယ်လေး အတွင်း၌ ထိုင်နေခြင်း ဖြစ်သည်။
သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သခင်လေးတစ်ပါးကဲ့သို့ပင်။ လက်ထဲတွင် ဇလုံတစ်လုံး ကိုင်ထားပြီး ပေါက်စီတစ်လုံးကို နှိုက်ယူကာ စိတ်လွတ်လက်လွတ် ကိုက်စားနေလေသည်။
ထိုမြင်ကွင်းကြောင့် ကျန်းရှောင်ရှောင်မှာ သွားရည်ကျမတတ် ဖြစ်သွားရတော့သည်။
အဖြူရောင်ဝတ် သခင်လေးသည် စိတ်ဝင်စားစရာ တစ်စုံတစ်ရာကို မြင်လိုက်ရသဖြင့် ယန်ရီဇီအား တစ်ခုခု ကပ်ပြောလိုက်၏။
ယန်ရီဇီ၏ မျက်နှာထားက သံဖြူပြား တစ်ချပ်ကဲ့သို့ မာကျောနေပြီး မည်သည့်စကားကိုမှ မကြားသကဲ့သို့ တုံ့ပြန်ခြင်း မရှိပေ။
ဆုမို အံ့ဩသွားသည်။
'ဒီလူက... ဟောက်ရန် ကျောင်းတော်မှာ ဒီလူတွေနဲ့ တစ်ဝိုင်းတည်း ထိုင်ခွင့်ရလောက်တဲ့အထိ ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ'
အစွန်ဆုံးတွင် ထိုင်နေရသည် ဆိုသော်လည်း၊ ဤနေရာတွင် ထိုင်ခွင့်ရခြင်းက သာမန် အဆင့်အတန်း မဟုတ်ကြောင်း ပြသနေသည်။
ထိုစဉ် လျိုယွင် စာပေပညာရှင်၏ အသံထွက်ပေါ်လာသည်။
“ဟိုဘက်က ခရမ်းရောင်ဝတ်စုံနဲ့... ပင်လယ်ရေမှော်ပန်းလို လှပနေတဲ့သူက ဇီယန်ဂိုဏ်းကပဲ”
“သူ့ရဲ့ ဂုဏ်ဒြပ်က တကယ်ကို မြင့်မြတ်ပါတယ်... ကျောင်းအုပ်ကြီးက သူ့ကို ထိပ်ဆုံးနေရာ ပေးမလို့ လုပ်ပေမယ့်... သူက အိမ်ရှင်ကို ကျော်ပြီး နေရာမယူသင့်ပါဘူး ဆိုပြီး ဘယ်ဘက် ပထမခုံမှာပဲ ဝင်ထိုင်လိုက်တာ”
သူက ဆုမိုကို တစ်ချက်ကြည့်ရင်း မေးလိုက်၏။
“ခေါင်းဆောင်ဆု... သူ့ကို သိလား”
ဆုမိုက ခေါင်းခါရင်း ပြုံးလိုက်၏။
“အဖေ ဆုံးသွားပြီးကတည်းက ဇီယန် အာမခံဌာနက နှစ်အတော်ကြာအောင် မှေးမှိန်နေခဲ့တာပါ... ကျွန်တော်ကလည်း ငယ်သေးတော့ အတွေ့အကြုံ မရှိခဲ့ဘူး... အခုမှ ဂုဏ်သတင်း ပြန်ဆယ်ဖို့ ကြိုးစားနေရတာ ဆိုတော့ ဇီယန်ဂိုဏ်းနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပါပြီ”
“သြော်... ဒါကြောင့်ကိုး”
လျိုယွင် စာပေပညာရှင်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို မသိတာ မဆန်းပါဘူး... ဒါပေမယ့် ကြည့်ရတာ သူက မင်းအဖေရဲ့ မိတ်ဆွေရင်း ဖြစ်ပုံ ရတယ်... သူ လော့ရှားမြို့ကို မလာဘူးလား”
ဆုမိုက ခါးသက်သက် ပြုံးလိုက်၏။
“အဲ့ဒါကတော့... တကယ်ပဲ မလာခဲ့ဖူးဘူးဗျ”
“အင်း... ဇီယန်ဂိုဏ်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ မသိရဘူး... ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ သိုင်းလောကထဲ သူတို့ ဂိုဏ်းသားတွေ လှုပ်ရှားတာ သိပ်မတွေ့ရတော့ဘူး”
“သူတို့မှာလည်း အခက်အခဲတွေ ရှိရင် ရှိမှာပေါ့လေ... နားလည်ပေးလို့ ရပါတယ်”
လျိုယွင် စာပေပညာရှင်က ခေါင်းညိတ်လိုက်ပြီး အဖြူရောင်ဝတ် သခင်လေးကို လက်ညှိုးထိုးပြရင်း ပြောလာသည်။
“ဟိုလူက ငယ်ရွယ်ပုံ ပေါက်ပေမယ့် သူ့ရဲ့ နောက်ခံက သာမန် မဟုတ်ဘူးနော်... တော်ကြာ တွေ့ဆုံတဲ့အခါကျရင် သူ့ကို မိတ်ဆွေဖွဲ့ထားတာ ကောင်းလိမ့်မယ်... အနာဂတ်အတွက် အကျိုးရှိနိုင်တယ်”
“ဟေ...”
ယန်ရှောင်ယွင် အံ့ဩသွားသည်။
“ဦးလေးလျိုယွင်တောင် ဒီလောက် ချီးကျူးနေမှတော့... သူက ဘယ်သူများလဲဟင်”
“'ရွှမ်ဟူမျှော်စင်' ကို သိကြလား”
လျိုယွင် စာပေပညာရှင်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် မေးလိုက်၏။
“...”
ဆုမို တွေဝေမနေဘဲ ခေါင်းခါပြလိုက်၏။
ဒီနာမည်ကို သူ တစ်ခါမှ မကြားဖူးပေ။
ယန်ရှောင်ယွင်က သေချာ စဉ်းစားသော်လည်း အဖြေမပေါ်သဖြင့် ခေါင်းခါလိုက်၏။
“ကျွန်မလည်း တစ်ခါမှ မကြားဖူးဘူး”
“မဆန်းပါဘူးလေ...”
လျိုယွင် စာပေပညာရှင်က သက်ပြင်းချလိုက်၏။
“ရွှမ်ဟူမျှော်စင်ကို စတင်တည်ထောင်ခဲ့သူက 'ဆေးအိုးဆွဲပြီး လောကကို ကယ်တင်မယ်' ဆိုတဲ့ မဟာကတိသစ္စာ ပြုခဲ့တဲ့သူပဲ... အဲ့ဒါကြောင့်လည်း 'ရွှမ်ဟူ' (ဆေးအိုးဆွဲသူ) ဆိုပြီး နာမည်တွင်ခဲ့တာ”
“အစောပိုင်း ကာလတွေတုန်းက ရွှမ်ဟူမျှော်စင်က သမားတော်တွေ အကုန်လုံး လောကအနှံ့ ခရီးသွားပြီး သာမန်ပြည်သူတွေရော၊ သိုင်းလောကသားတွေကိုပါ ကုသပေးခဲ့ကြဖူးတယ်”
“နောက်ပိုင်းကျတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ ရွှမ်ဟူမျှော်စင်က အသံတိတ်သွားပြီး ပုန်းအောင်းနေခဲ့ကြတယ်... သိုင်းလောကထဲမှာ သူတို့လူတွေ သွားလာလှုပ်ရှားတာ သိပ်မတွေ့ရတော့ဘူး”
“ရွှမ်ဟူမျှော်စင်ကို မသိရင်တောင်... တစ်ယောက်ကိုတော့ မင်းတို့ သိရမှာပေါ့...”
သူက စကားကို ခဏရပ်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်၏။
သူတို့နှစ်ဦးမှာ ရုတ်တရက် ဆိုင်းငံ့ခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားကြ၏။
သူတို့၏ အမူအရာကို မြင်သောအခါ လျိုယွင် စာပေပညာရှင်က သက်ပြင်းချလိုက်ပြီး ပြောလာသည်။
“'အဆိပ်နဂါး သားတော်'...”
အဆိပ်နဂါး သားတော်။
ဆုမိုရော ယန်ရှောင်ယွင်ပါ ထိတ်လန့်သွားကြ၏။
“အဆိပ်နဂါး သားတော်က ရွှမ်ဟူမျှော်စင်ကလား”
ဆုမို အံ့ဩတကြီး မေးလိုက်မိသည်။
“မှန်တယ်”
လျိုယွင် စာပေပညာရှင်က ခေါင်းညိတ်လိုက်၏။
“ရွှမ်ဟူမျှော်စင်ရဲ့ သမိုင်းကြောင်းက နက်ရှိုင်းတယ်... တာ့ရွှမ်မင်းဆက် ရှိနေသေးတဲ့ အချိန်ကတည်းက တည်ရှိခဲ့တာ... နှစ်ပေါင်း ရာနဲ့ချီပြီပေါ့ကွာ…”