← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂) - အာမခံခရီး လွှဲပြောင်းခြင်း (အပိုင်း ၃)

~ဟောက်ရန် ကျောင်းတော်၏ စာကြည့်တိုက်တွင် စာအုပ်စာတမ်းပေါင်းများစွာ ရှိနေ၏။ ထိုစာအုပ်များထဲတွင် ယခုကိစ္စနှင့် ပတ်သက်သော မှတ်တမ်းအချို့ ပါဝင်နေသည်။

တရားဝင် သမိုင်းမှတ်တမ်း မဟုတ်သည့်တိုင်၊ စာအုပ်အများအပြားတွင် တူညီသောအကြောင်းအရာကို ရေးသားထားသည် ဆိုပါက ထိုအရာသည် လုပ်ကြံဖန်တီးထားခြင်း သက်သက်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

သို့သော်... အတိတ်က 'ရွှမ်ဟူမျှော်စင်' တွင် မည်သည့် ကပ်ဘေးဆိုးကြီး ကျရောက်ခဲ့သနည်း။ ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။ ထိုအချက်ကိုမူ မည်သည့်စာအုပ်တွင်မှ အတိအကျ ရေးသားထားခြင်း မရှိချေ။

ထိုကပ်ဘေးကြီး ပြီးနောက် ရွှမ်ဟူမျှော်စင်သည် လောကမှ ပျောက်ကွယ်သွားခဲ့သည်။

နောင်နှစ်ပေါင်းများစွာ ကြာသောအခါ 'အဆိပ်နဂါး သားတော်' ဟူသော အမည်ဖြင့် လူတစ်ယောက် သိုင်းလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ လူအများက သူ့နောက်ခံကို စုံစမ်းကြသောအခါမှ သူသည် ရွှမ်ဟူမျှော်စင်မှ ဆင်းသက်လာသူဖြစ်ကြောင်း သိလိုက်ကြရသည်။

သို့သော် လူအများစုက ထိုနောက်ခံကို သိပ်ဂရုမစိုက်ကြ။ အဆိပ်နဂါး သားတော် ချန်ထားရစ်ခဲ့သော ဆေးဝါးများနှင့် ကျင့်စဉ်များကိုသာ စိတ်ဝင်စားကြ၏။

ကောလဟာလများအရ သူသည် တောနက်ထဲသို့ ဝင်ရောက်ပြီး အင်မော်တယ် ကျင့်စဉ်များကို ကျင့်ကြံအားထုတ်သွားသည်ဟု ဆိုကြ၏။

လျိုယွင် စာပေပညာရှင်က စကားကို ခေတ္တရပ်ပြီး ပြုံးလိုက်၏။

“ရွှမ်ဟူမျှော်စင်ကို လူသိနည်းပေမယ့်... ငါတို့ ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကတော့ ဗဟုသုတ နှံ့စပ်သူပီပီ ရွှမ်ဟူမျှော်စင်က ဆရာသခင်တစ်ပါးနဲ့ မိတ်ဆွေဖွဲ့ခဲ့ဖူးတယ်”

“သူတို့က ဆယ်စုနှစ်များစွာ အဆက်အသွယ် မပြတ်ခဲ့ကြဘူး”

“အခု ရွှမ်ဟူမျှော်စင်ရဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက် သိုင်းလောကထဲကို ဝင်ရောက်လာတယ်... သူ့ရဲ့ ပထမဆုံး ခရီးစဉ်က ဟောက်ရန် ကျောင်းတော် ဖြစ်နေတာပဲ”

“ဟောက်ရန် ကျောင်းတော်ရဲ့ စာပေနဲ့ သိုင်းပြိုင်ပွဲနဲ့လည်း တိုက်ဆိုင်နေတော့ သူက ပွဲလာကြည့်ရင်း ရောက်နေတာလေ”

“ပြောရရင်... မင်းတို့ ရောက်လာတဲ့ အချိန်နဲ့ သူ့အချိန်က သိပ်မကွာဘူး... တိုက်ဆိုင်မှုလို့ပဲ ပြောရမလား”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ လက်ဖက်ရည်ဆိုင်တွင် တွေ့ခဲ့ရသော အဖြူရောင်ဝတ် သခင်လေးသည် ဤမျှလောက် နောက်ခံကြီးမားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

လျိုယွင် စာပေပညာရှင်က ထိုလူနှင့် မိတ်ဖွဲ့ထားရန် အဘယ်ကြောင့် တိုက်တွန်းခဲ့သည်ကို ယခုမှ သဘောပေါက်တော့သည်။

ရွှမ်ဟူမျှော်စင်မှ သမားတော်တိုင်းသည် ဆေးပညာတွင်သာမက အဆိပ်ပညာတွင်ပါ ထိပ်တန်း အဆင့်ရှိကြ၏။ အဆိပ်နဂါး သားတော်ကို ကြည့်လျှင် သိသာပေသည်။

ထို့ကြောင့် ဤအဖြူရောင်ဝတ် သခင်လေးသည်လည်း သာမန်မဟုတ်သော ဆေးပညာရှင် တစ်ဦးဖြစ်မှာ သေချာသည်။

သိုင်းလောက ဆိုသည်မှာ တိုက်ခိုက်သတ်ဖြတ်ခြင်း သက်သက်မဟုတ်။ လူမှုဆက်ဆံရေး နယ်ပယ်တစ်ခုလည်း ဖြစ်သည်။

သို့သော် တိုက်ခိုက်ခြင်းကို ရှောင်လွှဲ၍ မရနိုင်။ ဓားနှင့် လှံတွင် မျက်စိမပါချေ။ မည်သူကမျှ မိမိကိုယ်ကို ထာဝရ ဘေးကင်းမည်ဟု အာမခံနိုင်ခြင်း မရှိပေ။

ထို့ကြောင့် ဆေးပညာရှင် တစ်ဦးနှင့် မိတ်ဆွေဖွဲ့ထားခြင်းသည် အသက်အပို တစ်ချောင်း ရရှိထားခြင်းနှင့် တူပေသည်။

စကားပြောရင်း လျှောက်လာကြရာ မကြာမီ စင်မြင့်ကြီး အနီးသို့ ရောက်ရှိလာကြ၏။

ခြေသံများ... အထူးသဖြင့် ကျန်းရှောင်ရှောင်၏ 'နဂါးလှိမ့်' သကဲ့သို့သော ခြေသံကြီးကြောင့် စင်မြင့်ပေါ်ရှိ လူအများက လှည့်ကြည့်လာကြ၏။

ကျောင်းအုပ်ကြီးက ယန်ရှောင်ယွင်ကို မြင်သောအခါ ပြုံး၍ ခေါင်းညိတ်ပြသည်။

သို့သော် ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီးကမူ ဆုမိုကို စူးစိုက်ကြည့်နေသည်။ သူ၏ တည်ငြိမ်သော မျက်ဝန်းအိမ်ထဲတွင် တစ်စုံတစ်ရာ လှုပ်ခတ်သွားသယောင်။

ယန်ရီဇီကမူ သမီးဖြစ်သူနှင့် ဆုမိုကို မြင်လိုက်သည်နှင့် နှာခေါင်းရှုံ့လိုက်ပြီး နေရာမှ ထထွက်ရန် ပြင်လိုက်၏။

ထိုစဉ် ရွှမ်ဟူမျှော်စင်မှ သခင်လေးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဟာ... ခင်ဗျားတို့ပါလား... ဟောက်ရန် ကျောင်းတော်ကို ပွဲလာကြည့်ကြတာလားဗျ”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပြောစရာ စကားမရှိ ဖြစ်သွားရ၏။

ကျောင်းအုပ်ကြီးက ပြုံးရင်း ဝင်ပြောလာသည်။

“ရှောင်စစ်ထူ ... မင်းက ဒီလူငယ် (၃) ယောက်ကို သိတာလား”

“လမ်းမှာ ဆုံဖူးတယ်ဗျ... မတရားမှုကို ဝင်တားပြီး ကူညီပေးတာ.. တွေ့ခဲ့ရလို့ သဘောကျနေတာ... သူတို့က ကျွန်တော်တို့ လူငယ်တွေအတွက် စံပြပဲဗျ”

သခင်လေးက ရယ်မောရင်း ဆက်ပြောလာသည်။

“လက်ဖက်ရည်ဆိုင်မှာ လမ်းခွဲခဲ့တုန်းကတော့ ဒီမှာ ပြန်ဆုံမယ်လို့ မထင်ခဲ့မိဘူး... တကယ့် တိုက်ဆိုင်မှုပါပဲဗျာ”

“ဟုတ်ပါတယ်... တိုက်ဆိုင်မှုပါပဲ”

ဆုမိုက ပြုံးရင်း လက်သီးဆုပ် ဂါရဝပြုလိုက်၏။ ထို့နောက် ကျောင်းအုပ်ကြီးဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။

“လော့ရှားမြို့... ဇီယန် အာမခံဌာနက ဆုမို ပါ... ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”

“ဇီယန် အာမခံဌာန...”

ကျောင်းအုပ်ကြီး ပြန်မပြောနိုင်ခင်မှာပင် ဘေးနားရှိ ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီးက ခပ်တိုးတိုး ရေရွတ်လိုက်၏။

ထို့နောက် သူ၏ မျက်လုံးများက ဓားသွားပမာ ထက်မြက်လာပြီး ဆုမိုကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ခရမ်းရောင် အလင်းတန်းများ ရှပ်ပြေး သွား၏။

ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ဆုမိုကို လွှမ်းခြုံသွားတော့သည်။

သူ၏ အသံက တည်ငြိမ်သော်လည်း အာဏာစက် ပြင်းထန်လှ၏။

“မင်းက... ဆုထျန်းယန်ရဲ့ သားလား”

ဆုမို မျက်ခုံးပင့်လိုက်မိသည်။ အခြားသူတစ်ယောက်၏ ပါးစပ်မှ ဖခင်၏ အမည်ကို ကြားလိုက်ရသဖြင့် အနည်းငယ် စိမ်းသက်နေမိသည်။

သို့သော် သူက ခေါင်းညိတ်လိုက်ပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။ လေထဲတွင် ဖိစီးနေသော အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ဟုတ်ပါတယ်... ဆုမို က စီနီယာကို ဂါရဝပြုပါတယ်”

ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီး အံ့ဩသွားသည်။ သူ၏ မျက်လုံးထဲတွင် အသိအမှတ်ပြုသော အရိပ်အယောင်များ ပေါ်လာပြီးနောက် ယန်ရီဇီ ဘက်သို့ လှည့်ကြည့်လိုက်၏။

ယန်ရီဇီက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့က ဒီကို ဘာလာလုပ်ကြတာလဲ”

“အဖေ...”

“ပါးစပ်ပိတ်ထားစမ်း”

ယန်ရှောင်ယွင် စကားမဆုံးခင်မှာပင် ယန်ရီဇီက ဒေါသတကြီး အော်ဟစ်လိုက်၏။

“အဲ့ဒီနေ့က သံမဏိသွေး အာမခံဌာနမှာ ငါ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ... မင်း ဒီကောင့်နောက်ကို လိုက်သွားကတည်းက ငါနဲ့ ဘာမှ မပတ်သက်တော့ဘူး... မင်းက ယန်ရီဇီရဲ့ သမီး မဟုတ်တော့ဘူး... အခု သိုင်းမယ်ကြီး ဖြစ်လာမှ ငါ့ကို အဖေ လာခေါ်နေတာလား... ငါက မင်းရဲ့ အဖေ ဖြစ်ရလောက်အောင် မထိုက်တန်ပါဘူးကွာ”

ယန်ရှောင်ယွင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ယန်ရီဇီ၏ တုံ့ပြန်မှုကို ဆုမို ကြိုပြောထားသော်လည်း လူအများရှေ့တွင် ဤမျှ ရက်စက်သော စကားများကို ကြားရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမ ဘာပြောရမှန်းမသိ ဆွံ့အသွားသည်။

ထိုစဉ် ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီးက ဝင်ပြောလိုက်၏။

“ယန်ရီဇီ... ခင်ဗျား ဘာစကား ပြောလိုက်တာလဲ... ဒီကောင့်နောက် လိုက်သွားတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ... ကျွန်တော် သိသလောက်တော့ ဒီကလေး (၂) ယောက်က စေ့စပ်ထားပြီးသား မဟုတ်ဘူးလား... ခင်ဗျားနဲ့ ဆုထျန်းယန် ကိုယ်တိုင် စီစဉ်ပေးခဲ့တာလေ”

“အခု ဆုထျန်းယန် သေသွားပြီ ဆိုတာနဲ့ ခင်ဗျားက ကတိဖျက်ချင်နေတာလား”

“ကျွန်တော့် ဆုံးဖြတ်ချက်က ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ... ဇီယန်ဂိုဏ်းကများ ကျွန်တော့်ကိစ္စကို ဝင်စွက်ဖက်ချင်နေတာလား... အရင်နှစ်တွေတုန်းကကျတော့ ခင်ဗျားတို့ ဘယ်ရောက်နေကြလဲ”

“ဟမ်...”

ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီး စကားများ ဆို့သွားသည်။ သူ ပြန်ပြောချင်သော်လည်း စကားလုံး ရှာမတွေ့တော့သဖြင့် တိတ်ဆိတ်သွားသည်။

ကျောင်းအုပ်ကြီးက ယန်ရီဇီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ဒါ မဟုတ်သေးဘူးလေ ခေါင်းဆောင်ယန်... လူကြီးချင်း ကတိထားပြီးသား ကိစ္စကို အခုမှ ဖျက်တယ် ဆိုတာက သဘာဝ မကျပါဘူး... ခင်ဗျားရဲ့ လုပ်ရပ်က စဉ်းစားစရာ ဖြစ်နေပြီ”

“ဘာလဲ... ကျောင်းအုပ်ကြီးကပါ ကျွန်တော့်ကို ဘဝသင်ခန်းစာ ပို့ချချင်နေတာလား”

ယန်ရီဇီက ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူ၏ ကိုယ်မှ ဒေါသအရှိန်အဝါများ ထွက်ပေါ်လာ၏။

ကျောင်းအုပ်ကြီးက မျက်နှာကို မဲ့လိုက်၏။

“လူဆိုတာ အသက်ကြီးလေ အသိတရား နည်းလေ ဆိုတာ ဟုတ်နေပြီ... ငါ ကြည့်ရသလောက်တော့ ဒီလူငယ်လေးက သာမန် မဟုတ်ဘူး... တကယ်လို့ မင်းရဲ့ သမီးက သူ့ကို လက်မထပ်ချင်ဘူး ဆိုရင်လည်း... ငါ့မှာ မြေးမလေး ရှိမရှိ ပြန်စဉ်းစားကြည့်ရမယ်”

ဒီစကားက တော်တော်လေး လွဲနေသည်။

မြေးမ ရှိရင် ရှိတယ်၊ မရှိရင် မရှိဘူးပေါ့... ရှိမရှိ ပြန်စဉ်းစားကြည့်မယ် ဆိုတာ ဘယ်လို အခြေအနေကြီးလဲ။

လျိုယွင် စာပေပညာရှင်လည်း သားအဖ ပြန်လည်ဆုံတွေ့မှုက ဒီလို အခြေအနေ ရောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထိုစဉ် ဆုမိုက ရှေ့သို့ တစ်လှမ်းတိုးပြီး ယဉ်ကျေးစွာ ပြောလိုက်၏။

“ခေါင်းဆောင်ယန်... စိတ်လျော့ပါဦးဗျာ... ကျွန်တော် ဒီကို လာတာက လမ်းငါးသွယ်ဆုံရပ်ကနေ လက်ခံလာတဲ့ အာမခံ ပစ္စည်းကို လာပို့တာပါ... ခေါင်းဆောင်ယန်ဆီကို အရောက်ပို့ပေးရမယ့် တာဝန်ပါ”

“ဒါက စာရွက်စာတမ်းပါ”

ပြောရင်းဆိုရင်း ဆုမိုက ရင်ဘတ်ထဲမှ စာရွက်စာတမ်းကို ထုတ်ယူလိုက်ပြီး ယန်ရီဇီထံ ကမ်းပေးလိုက်၏။ ထို့နောက် ကျောပေါ်မှ သေတ္တာကို ဖြုတ်ချကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

“ဒါက အာမခံ ပစ္စည်းပါ... ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး... ဒါမှ ကျွန်တော့် တာဝန် ပြီးဆုံးမှာမို့လို့ပါ”

အခန်း (၂၆၃) - ကျားက တောင်ပေါ် ပြန်ရောက်ပြီ

~ဟောက်ရန် ကျောင်းတော်၏ စင်မြင့်ထက်တွင် တပည့်များ၏ သိုင်းပြိုင်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲပင်။

စင်မြင့်ပေါ်တွင် ထိုင်နေသော ယန်ရီဇီ သည် မျက်နှာကို တင်းထားပြီး ဆုမိုကိုသာ စိုက်ကြည့်နေလေသည်။

အချိန်တော်တော်ကြာသည်အထိ မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေပြီးမှ လက်ထဲမှ စာရွက်စာတမ်းကို ယူပြီး မျက်လုံးရှေ့တွင် ဖြန့်ကြည့်လိုက်လေ၏။ သူ၏ အကြည့်သည် စာရွက်ပေါ် ကျရောက်သွားသော တစ်ခဏမှာပင် မျက်ဝန်းများက ရုတ်တရက် ကျုံ့ဝင်သွားလေတော့သည်။

သူသည် ဆုမိုကို ရုတ်တရက် မော့ကြည့်လိုက်လေသည်။

“မင်း ပြောချင်တာက ဒီအာမခံခရီးစဉ်ကို လမ်းငါးသွယ်ဆုံရပ်မှာ လက်ခံခဲ့တာပေါ့...”

“အတိအကျပါပဲ”

ဆုမိုက ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါဆို ဒီပစ္စည်းကို မင်းလက်ထဲ အပ်လိုက်တဲ့သူ အခု ဘယ်ရောက်နေလဲဆိုတာ မင်း သိလား”

ယန်ရီဇီက ရုတ်တရက် ထမေးလိုက်၏။ မေးခွန်းက လက်ရှိ အခြေအနေနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။

အာမခံ ပစ္စည်းအပ်နှံသူက ဘယ်ရောက်နေသလဲ ဆိုတာကို လိုက်စုံစမ်းနေသော အာမခံသမား ဆိုသည်မှာ ဘယ်နှစ်ယောက်များ ရှိလို့နည်း။

ဆုမိုသည် ယန်ရီဇီကို တစ်ချက်ကြည့်ပြီး ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်လေသည်။

“ကျွန်တော် မသိပါဘူး”

ယန်ရီဇီသည် ဆုမိုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ စကားဆက်ပြောလေသည်။

“ငါ့နောက် လိုက်ခဲ့”

ပြောပြီးသည်နှင့် သူသည် ရွှမ်ဟူမျှော်စင် မှ သခင်လေးကိုရော၊ ဇီယန်ဂိုဏ်း မှ ပညာရှင်ကိုပါ ဂရုမစိုက်တော့ဘဲ ထထွက်သွားလေ၏။ ဟောက်ရန် ကျောင်းတော်၏ ကျောင်းအုပ်ကြီးကိုပင် လှည့်မကြည့်တော့ချေ။

ဘယ်သူ့ကိုမှ ဂရုမစိုက်သော မာနကြီးသည့် ပုံစံမျိုးပင်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း အခြားနည်းလမ်း မရှိတော့သဖြင့် ကျန်ရစ်ခဲ့သော လူကြီးများကို လက်သီးဆုပ် ဂါရဝပြု နှုတ်ဆက်လိုက်ရလေသည်။ ကျောင်းအုပ်ကြီးက ပြုံးပြီး ပြောရှာ၏။

“အလေးအနက်ထားရမယ့် ကိစ္စတွေ ပြီးသွားရင် ဟို ယန်မျိုးနွယ်ကို ဂရုစိုက်မနေနဲ့... မင်းတို့ (၃) ယောက် ဒီပြန်လာပြီး ပွဲစည်စည်ကားကား လာကြည့်ကြနော်”

“ငါတို့ ဟောက်ရန် ကျောင်းတော်ရဲ့ ပြိုင်ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာကွ”

ရွှမ်ဟူမျှော်စင်မှ သခင်လေးသည် ကျောင်းအုပ်ကြီး ပြောတာကို သဘောတူသည့်အနေဖြင့် ခေါင်းများ တဆတ်ဆတ် ညိတ်ပြနေလေသည်။

ဇီယန်ဂိုဏ်းမှ ပညာရှင်ကမူ ဆုမိုကို တိတ်တဆိတ် လှမ်းကြည့်နေပြီးမှ အကြည့်လွှဲကာ ပြိုင်ပွဲဘက်သို့ အာရုံပြန်စိုက်သွားလေတော့သည်။

...

...

ယန်ရီဇီသည် ရှေ့မှနေ၍ တိတ်တဆိတ် ဦးဆောင်သွားလေသည်။

ဆုမို၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့ကလည်း သူ့နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြ၏။

ကွေ့ကောက်သော လမ်းများကို ဖြတ်ကျော်ပြီးသည့်နောက် သူတို့သည် ပြိုင်ပွဲကွင်းနှင့် ဝေးရာသို့ ရောက်ရှိလာပြီး ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်လာကြလေသည်။

ယန်ရီဇီသည် တံခါးကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်ပြီး ဝင်သွားလိုက်၏။ အထဲတွင် ရှိနေသော အာမခံ သိုင်းသမားများက သူ့ကို မြင်သည်နှင့် ချက်ချင်း ဂါရဝပြုကြလေသည်။

ပြီးတော့ သူတို့က ခေါင်းမော့ကြည့်လိုက်သောအခါ ယန်ရှောင်ယွင်နှင့် ဆုမိုကို တွေ့လိုက်ရလေသည်။

သူတို့၏ စိတ်ထဲတွင် အလိုလို ရင်ခုန်စိတ်လှုပ်ရှားသွားကြ၏။ သို့သော် သံမဏိသွေး အာမခံဌာနတွင် ဖြစ်ခဲ့သော ကိစ္စများကို ပြန်သတိရသွားပြီး မည်သူမှ အသံထွက်ပြီး မကြိုဆိုရဲကြပေ။

ထိုအစား သတိထားပြီး နှုတ်ဆက်ကြလေသည်။

ဆုမိုသည် ပတ်ဝန်းကျင်ကို စပ်စုသလို ကြည့်လိုက်၏။

ယန်ရီဇီသည် ဝူတောက်ယိုနှင့် အတူတူ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယခု 'တိမ်ဖမ်းသမား' ရွှီရော့ရှန်သည် အကြောင်းအရင်းမရှိ သေဆုံးသွားသဖြင့် ယန်ရီဇီက ဤကိစ္စကို စုံစမ်းရန် ဟောက်ရန် ကျောင်းတော်တွင် ကျန်နေခဲ့သည် ဆိုပါစို့... ဒါဆို ဝူတောက်ယိုက ဘယ်ရောက်သွားသနည်း။

ဤအတွေးက ခေါင်းထဲတွင် ရိပ်ခနဲ ဖြတ်ပြေးသွားသော်လည်း သူ သိပ်ပြီး အလေးအနက် မထားလိုက်ချေ။

ဒီအချိန်မှာပင် ယန်ရီဇီသည် အခန်းတစ်ခန်း၏ တံခါးကို ဖွင့်လိုက်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို အထဲဝင်ရန် လက်ပြလိုက်လေသည်။

“ရှောင်ရှောင်... ဒီမှာပဲ စောင့်နေနော်”

ဟု ဆုမိုက လှမ်းပြောလိုက်လေသည်။

“ဟုတ်ပါပြီ”

ကျန်းရှောင်ရှောင်က ခေါင်းညိတ်လက်ခံလိုက်၏။ ပြီးတော့မှ ဆုမိုနှင့် ယန်ရှောင်ယွင် အခန်းထဲ ဝင်သွားကြလေသည်။

အခန်းထဲ ရောက်သည်နှင့် လက်နောက်ပစ်ပြီး ရပ်နေသော ယန်ရီဇီက ရုတ်တရက် လှည့်ကြည့်ပြီး အမိန့်ပေးလိုက်လေသည်။

“တံခါး ပိတ်လိုက်”

ယန်ရှောင်ယွင်က ဆုမိုကို အလိုလို လှမ်းကြည့်လိုက်မိ၏။

ယန်ရီဇီက ချက်ချင်းပင် မဲ့ပြုံး ပြုံးလိုက်လေသည်။

“ဘာလဲ... ငါ့စကားက မင်းရဲ့ ချစ်လှစွာသော လင်တော်မောင်ရဲ့ မျက်လုံးတစ်ချက်လောက်တောင် အရာမရောက်တော့ဘူးလား”

“...”

ယန်ရှောင်ယွင်၏ မျက်နှာ မည်းမှောင်သွားလေသည်။ သူမသည် တံခါးကို လှည့်ပိတ်လိုက်ပြီး ယန်ရီဇီကို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်၏။

သို့သော် ယန်ရီဇီကမူ ဆုမိုကိုသာ အေးစက်စက် စိုက်ကြည့်နေလေသည်။

“စောစောက မင်း ငါ့ကို လိမ်ပြောလိုက်တာ မဟုတ်လား”

“အို...”

ဆုမိုက ပြုံးလိုက်လေသည်။

“ခေါင်းဆောင်ယန်က ဘာကို ဆိုလိုတာလဲဗျ... အာမခံ ပစ္စည်းမှာ ပြဿနာ တစ်ခုခု ရှိနေလို့လား”

ယန်ရီဇီက ဘာမှ ပြန်မပြောဘဲ သေတ္တာကို တိတ်တဆိတ် ဖွင့်လိုက်လေ၏။ ပစ္စည်းများကို တစ်ခုချင်း စစ်ဆေးနေပြီး နောက်ဆုံးတွင် မန်ဒရင်းဘဲစာရင်းကို ထုတ်ယူကာ သူ့လက်ဖဝါးပေါ် တင်လိုက်လေသည်။

သူ့အကြည့်များက ပိုပြီး အေးစက်လာ၏။

“အခုထိ အမှန်တိုင်း မပြောသေးဘူးလား”

“ခေါင်းဆောင်ယန် ဆိုလိုရင်းကို ကျွန်တော် နားမလည်ဘူးဗျာ”

ဆုမိုက ပြုံးစစဖြင့် ပြောလိုက်လေသည်။

“ဒီအာမခံ တာဝန်က အခု ခေါင်းဆောင်ယန် လက်ထဲကို အပြည့်အဝ ရောက်ရှိသွားပါပြီ... တကယ်လို့ ပစ္စည်းတွေထဲမှာ တစ်ခုခု လိုအပ်နေတယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ ခေါင်းဆောင်ယန်”

ယန်ရီဇီသည် ဆုမိုကို ရုတ်တရက် စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဆုမိုဆီမှ အကြည့်မခွာတော့ချေ။

ဆုမိုကလည်း သူ့အကြည့်ကို ရှောင်ဖယ်မသွားဘဲ တည်ငြိမ်စွာ ပြန်ကြည့်နေလေသည်။ သူ့မျက်နှာပေါ်တွင် နေရခက်သော အရိပ်အယောင် တစ်ချက်မှ မတွေ့ရပေ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း စစ်ခင်းနေကြ၏။ အခြေအနေက တင်းမာနေပြီ ဖြစ်သည်။

“တော်ကြပါတော့”

ယန်ရှောင်ယွင် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

“ရှင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ”

ဆုမိုနှင့် ယန်ရီဇီ နှစ်ယောက်လုံး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ခဏကြာသောအခါ ဆုမိုသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

“ခေါင်းဆောင်ယန်... အာမခံ ပစ္စည်းတွေ အကုန် ပြည့်စုံရဲ့လားဗျ”

“အကုန် ပြည့်စုံပါတယ်... ခေါင်းဆောင်ဆုက တကယ်ပဲ နာမည်နဲ့လိုက်အောင် တာဝန်ကျေပွန်တာပဲ”

ယန်ရီဇီက အေးစက်စက် ပြောလိုက်လေသည်။

“ကောင်းပါပြီ”

ဆုမို ပြုံးလိုက်လေသည်။

“ဒါဆိုရင် ကျွန်တော်တို့လည်း ဆက်ပြီး နှောင့်ယှက်မနေတော့ပါဘူး... ခေါင်းဆောင်ယန်ရဲ့ အရေးကြီး ကိစ္စတွေကို ကြန့်ကြာစေမှာ စိုးလို့ပါ... ကျွန်တော်တို့ လော့ရှားမြို့ကို ပြန်ကြတော့မယ်... ဒီစာရွက်ပေါ်မှာ တံဆိပ်တုံးလေး တစ်ချက်လောက် ထုပေးပါဦး ခေါင်းဆောင်ယန်”

ခဏလောက် တိတ်ဆိတ်သွားပြီးမှ ယန်ရီဇီသည် ရင်ဘတ်ထဲမှ တံဆိပ်တုံးကို ထုတ်လိုက်လေ၏။ အတွင်းအား သုံးပြီး မင်အိုးထဲမှ မင်များကို ပျံ့သွားအောင် လုပ်လိုက်ကာ စာရွက်ပေါ်တွင် 'ဒုန်း' ခနဲ ထုနှိပ်ပေးလိုက်လေသည်။

“ကျေးဇူးပါပဲဗျာ”

ဆုမိုသည် လက်နှစ်ဖက် ဆန့်ထုတ်ပြီး စာရွက်ကို လှမ်းတောင်းလိုက်၏။

ယန်ရီဇီသည် သူ့ကို တိတ်တဆိတ် ကြည့်နေပြီးမှ စားပွဲပေါ်မှ စာရွက်ကို ယူပြီး ကမ်းပေးလိုက်လေသည်။

“စာရွက် ရပြီဆိုရင် ငါ့မျက်စိရှေ့ကနေ ထွက်သွားကြတော့”

“အဟဲ၊ ခေါင်းဆောင်ယန် ပြောတာကလည်း အကျိုးအကြောင်း မဆီလျော်လိုက်တာဗျာ”

ဆုမိုက ရယ်မောရင်း ပြောလိုက်လေသည်။

“သိုင်းလောကကြီး တစ်ခုလုံးမှာ ခေါင်းဆောင်ယန် ရှိတဲ့နေရာဆိုရင် ကျွန်တော်တို့အတွက် နေစရာ နေရာ မရှိတော့ဘူးလား”

“ဟမ်...”

ယန်ရီဇီသည် ဆုမိုကို ရှုတည်တည် ကြည့်ချလိုက်လေ၏။

“မင်းက ငါ့ကို ဒီလို လေသံနဲ့ ပြောရလောက်အောင် တန်လို့လား”

ဆုမိုက လေသံအေးအေးဖြင့် ပြန်ပြောလိုက်လေသည်။

“ခေါင်းဆောင်ယန်... သံမဏိသွေး အာမခံဌာနထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကို မေ့သွားပြီလား”

“ကျွန်တော် ခေါင်းဆောင်ယန်ကို ရှင်းရှင်းလင်းလင်း သိစေချင်တာ တစ်ခုရှိတယ်... ကျွန်တော် ဘယ်နေရာမှာပဲ ရှိရှိ၊ ကျွန်တော့်သဘောနဲ့ ကျွန်တော် လာချင်လာမယ်၊ နေချင်နေမယ်... အရင်တုန်းက ခေါင်းဆောင်ယန် ကျွန်တော့်အစား ဆုံးဖြတ်ပေးနိုင်ခဲ့တာက... ခင်ဗျာ့ကို လူကြီးတစ်ယောက် အနေနဲ့၊ အစ်မ ရှောင်ယွင်ရဲ့ အဖေအနေနဲ့၊ ပြီးတော့ ငယ်ငယ်ကတည်းက ကျွန်တော် ခေါ်လာခဲ့တဲ့ 'ဦးလေးယန်' ဆိုတဲ့ သံယောဇဉ်ကြောင့် လေးစားမှု ပေးခဲ့လို့ပဲ”

အခန်း (၂၆၄) - ကျားက တောင်ပေါ် ပြန်ရောက်ပြီ(အပိုင်း ၂)

~“ဒါပေမယ့် အခုချိန်မှာတော့... ခေါင်းဆောင်ယန် အနေနဲ့ ကျွန်တော့်အစား ဆုံးဖြတ်ပေးဖို့ အရည်အချင်း မရှိတော့ဘူးလို့ ထင်တယ်”

“မိုက်ရိုင်းလှချည်လားကွ......”

ယန်ရီဇီ၏ ဒေါသသံက မိုးခြိမ်းသံလို ဟိန်းထွက်လာ၏။ သူ၏ ကိုယ်ရိပ်က မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ဆုမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ လက်ဝါးတစ်ချက်က လေထုကို ခွင်းလျက် ပစ်ဝင်လာ၏။

ဆုမိုက အမူအရာ လုံးဝမပျက်။ ပေါ့ပါးစွာပင် လက်ဝါးတစ်ချက် ပြန်လည် ရိုက်ထုတ်လိုက်၏။

“ဝုန်း...”

လက်ဝါးချင်း ထိရိုက်လိုက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လေပြင်းမုန်တိုင်းတစ်ခုက အခန်းကျဉ်းလေးထဲတွင် လှည့်ပတ်တိုက်ခတ်သွားပြီး တံခါးပေါက်နှင့် ပြတင်းပေါက်များကို 'ဒုန်း' ခနဲ ပွင့်ထွက်သွားစေ၏။

ယန်ရီဇီသည် နှစ်စက္ကန့်မျှသာ တောင့်ခံနိုင်လိုက်၏။

“အ...”

သူ၏ ကိုယ်ခန္ဓာကြီးမှာ စက္ကူစွန် လွင့်ပါးသွားသကဲ့သို့ နောက်သို့ လွင့်စင်သွားပြီး နံရံကပ် ကုလားထိုင်ပေါ်သို့ 'ဘုန်း' ခနဲ ပြုတ်ကျသွားလေသည်။

သူ ပြန်ထရန် ကြိုးစားလိုက်သော်လည်း အသက်ရှူသံများ မမှန်တော့။ အတွင်းအား စီးဆင်းမှုများလည်း ကမောက်ကမ ဖြစ်ကုန်၏။

သူ မော့ကြည့်လိုက်သောအခါ ဆုမိုကို တွေ့လိုက်ရသည်။ ဆုမိုသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရပ်နေ၏။ ထို့နောက် သူက ယန်ရှောင်ယွင်၏ လက်ကို ဆွဲယူလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ခေါင်းဆောင်ယန်... ကျွန်တော် 'ဆု' က အရင်ကလို လူမျိုး မဟုတ်တော့ဘူး... ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ပြီး အရှက်မကွဲပါစေနဲ့လို့ပဲ သတိပေးပါရစေ”

“မင်း..”

ယန်ရီဇီက ပြန်ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းဝမှာတင် တစ်ဆို့သွားသည်။

“အဟွတ်... အဟွတ်...”

ပြင်းထန်သော ချောင်းဆိုးသံများနှင့်အတူ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သို့သော် သူ၏ မျက်ဝန်းများကမူ ဆုမိုကို စိမ်းစိမ်းကြီး စိုက်ကြည့်နေဆဲ။

ဆုမိုက ဘာမှ ဆက်မပြောတော့။ သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်လိုက်ပြီးနောက် ယန်ရှောင်ယွင်နှင့်အတူ ဝယ်လာခဲ့သော ကျောက်စိမ်းဆွဲပြားကို စားပွဲပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်၏။

ပြီးဆုံးသည်နှင့် သူက ယန်ရှောင်ယွင်၏ လက်ကို ဆွဲကာ အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။

အခန်းထဲမှ ဆူညံသံများကြောင့် အာမခံ သိုင်းသမားများ ဝိုင်းအုံရောက်ရှိလာကြပြီ ဖြစ်၏။

အခြားစကားများကို သူတို့ မကြားလိုက်သော်လည်း ဆုမို၏ နောက်ဆုံးစကားကိုမူ ကြားလိုက်ကြ၏။ ယခုအခါ သူတို့အားလုံးက တံခါးဝကို ပိတ်ဆို့ထားပြီး ဆုမိုကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

“ဖယ်ကြ”

ဆုမိုက လေသံအေးအေးဖြင့် ပြောလိုက်သည်။

“ခေါင်းဆောင်ဆု... ခုနက စကားက နည်းနည်း လွန်မနေဘူးလား”

“ခေါင်းဆောင်ယန်က ခင်ဗျားရဲ့ လူကြီးသူမလေဗျာ...”

“သခင်မလေး...”

လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသည်။ ဆုမို၏ မျက်နှာထားက ရုတ်ချည်း မည်းမှောင်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။

“ဝူး...”

ပြင်းထန်သော လေအဟုန်ကြောင့် ရှေ့ဆုံးမှ ပိတ်ရပ်နေသော အာမခံသမားများမှာ ယိုင်နဲ့သွားကြသည်။

“ငါ့ရှေ့မှာ မင်းတို့ကများ မိုက်ရိုင်းရဲတယ်ပေါ့...”

ဆုမိုက သူတို့ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

“ရှောင်ရှောင်... သွားမယ်”

“ဟုတ်ကဲ့...”

ကျန်းရှောင်ရှောင်က ကြေးနီတူကြီးကို ကောက်ကိုင်လိုက်ပြီး ရှေ့သို့ တိုးထွက်လာသည်။ သူတို့သုံးဦးသား ခြံဝင်းတံခါးဝဆီသို့ ဦးတည်ထွက်ခွာလာကြ၏။

တစ်စုံတစ်ယောက်က တမင်သက်သက် တံခါးကို ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ဆုမိုက အဝေးမှနေ၍ လက်ကို ဝှေ့ယမ်းလိုက်၏။

“ဝုန်း...”

တံခါးမကြီး နှစ်ချပ်လုံး ပွင့်ထွက်သွားသည်။

အပြင်ဘက်တွင် ရပ်နေသူမှာ လျိုယွင် စာပေပညာရှင် ဖြစ်နေ၏။ ဆုမို၏ တည်တင်းနေသော မျက်နှာကို မြင်သောအခါ သူက ကပျာကယာ ပြုံးပြလိုက်ပြီး စကားပြောရန် ပြင်လိုက်၏။

“စီနီယာ လျိုယွင်... ဒီလူငယ်ကို ခွင့်လွှတ်ပါ... အခုတော့ နှုတ်ဆက်ပါရစေ... တကယ်လို့ ပစ်မှားမိတာ ရှိရင် နောက်တစ်ခါ တုန်းချန်ကို လာတဲ့အခါ ကိုယ်တိုင်လာပြီး တောင်းပန်ပါ့မယ်”

လျိုယွင် စာပေပညာရှင် ပါးစပ်မဟရသေးခင်မှာပင် ဆုမိုက ဖြတ်ပြောလိုက်ခြင်းပါ။

“ဒါ... အာ... ကောင်းပါပြီကွာ”

လျိုယွင် စာပေပညာရှင်က ကပျာကယာ ပြောလိုက်၏။

“ဒါဆို ဦးလေး လိုက်ပို့ပေးမယ်”

သူက ဆုမိုတို့ကို ဟောက်ရန် ကျောင်းတော်၏ တံခါးဝအထိ လိုက်ပို့ပေးသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မြင်းပေါ်တက်ကာ ထွက်ခွာသွားကြသည်ကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ဒါတွေအားလုံးက ဘာအတွက်များလဲကွာ...”

သူက ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်ပြီး တံခါးဝမှ ခေါင်းပြူကြည့်နေသော စာပေပညာရှင် တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“စာကိုပဲ အာရုံစိုက်စမ်းပါကွာ... သူများကိစ္စ စပ်စုမနေနဲ့”

ပြောပြီးသည်နှင့် လျိုယွင်က ကျောင်းတော်ထဲသို့ ပြန်ဝင်သွားလေ၏။

ထိုပညာရှင်က တဟားဟား ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ စာဆက်ဖတ်နေသည်။ ထို့နောက် လက်ညှိုးကို တံတွေးဆွတ်လိုက်ပြီး စာရွက်ပေါ်တွင် တစ်စုံတစ်ရာကို ရေးခြစ်လိုက်၏။ ပြီးသည်နှင့် ထိုစာရွက်ကို ဆွဲဖြဲကာ လုံးချေပစ်လိုက်သည်။

'ရွှပ်...'

သူက စာရွက်လုံးကို အဝေးသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်၏။

ထိုအချိန်တွင် ဆော့ကစားနေသော ကလေး တစ်ယောက်က ရုတ်တရက် သူ့အဖော်များကို ထားပစ်ခဲ့ပြီး ထိုစာရွက်လုံးကို ကောက်ယူလိုက်သည်။ ဘယ်သူမှ သတိမထားမိခင်မှာပင် ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်၏။

ခြေလှမ်းသွက်သွက်ဖြင့် လမ်းကြားလေးတစ်ခုထဲသို့ ကွေ့ဝင်သွားသည်။

'ဂလောက်... ဂလောက်...'

သူ့ခန္ဓာကိုယ်ထဲမှ အရိုးများ ချိုးဖဲ့သံကဲ့သို့ အသံများ ထွက်ပေါ်လာ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် (၈) နှစ်၊ (၉) နှစ် အရွယ် ကလေးဘဝမှ အရပ် (၅) ပေ (၆) လက်မခန့် ရှိသော လူကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။

သူက မျက်နှာပေါ်မှ လူရေခွံ မျက်နှာဖုံးကို ခွာချလိုက်၏။

နုနယ်ချောမောသော မျက်နှာလေး ပေါ်လာ၏။

အကယ်၍ ဆုမိုသာ ရှိနေပါက ထိုအမျိုးသမီးကို ချက်ချင်း မှတ်မိပေလိမ့်မည်။

သူမကား အဘိုးအိုရှီဟန်၏ တပည့်၊ ဆုမို သတ်လိုက်သော အနက်ရောင်ဝတ် ဓားသမား၏ အပေါင်းအပါ... ဟူပျောင်းပျောင်းပင် ဖြစ်ချေသည်။

သူမက ရင်ဘတ်ထဲမှ စာရွက်ကို ထုတ်ယူပြီး ဖြန့်ကြည့်လိုက်၏။

စုတ်ပြဲနေသော စာရွက်၏ အလယ်တွင် စာလုံး (၄) လုံးကို ထင်ရှားစွာ တွေ့လိုက်ရသည်။

[ကျားက တောင်ပေါ် ပြန်ရောက်ပြီ]

ဟူပျောင်းပျောင်းက သက်ပြင်းတစ်ချက် ချလိုက်၏။ ကလေးဝတ်စုံကို ဆွဲဖြဲလိုက်ရာ အောက်မှ အပြာရောင် ဝတ်စုံလေး ပေါ်လာသည်။

ဦးထုပ်ကို ချွတ်လိုက်ပြီး ဆံပင်ကို ပြန်ပြင်ကာ ကျောက်စိမ်းဆံထိုးဖြင့် ထိုးလိုက်၏။

ထို့နောက် လမ်းကြားလေးထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာသည်။

လမ်းထိပ်တွင် စောစောက ကလေး တစ်ယောက် လိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။

အမျိုးသမီးတစ်ဦးက ထိုကလေး၏ လက်ကို ဆွဲလိုက်၏။

“ဟဲ့... ကောင်စုတ်လေး... ဘာတွေ လျှောက်ပြေးနေတာလဲ”

“အမေကလည်း... သားက ဟိုတစ်ယောက်နဲ့ ဆော့နေတာ... သူ ရုတ်တရက် ထွက်ပြေးသွားလို့ လိုက်ရှာနေတာပါ”

“တွေ့ပြီလား”

“မတွေ့ဘူး”

“နောက်ဆို မသိတဲ့လူတွေနဲ့ မဆော့နဲ့... အိမ်ပြန်ပြီး စာကျက်တော့... မင်းကို ဟောက်ရန် ကျောင်းတော်မှာ ကျောင်းထားပေးမယ်... စာရော သိုင်းရော တော်အောင် လုပ်... ဒါမှ မိဘမျက်နှာ အားရမှာ”

သားအမိ နှစ်ယောက် စကားပြောနေစဉ် ဟူပျောင်းပျောင်းက သူတို့ဘေးမှ ဖြတ်လျှောက်သွားသည်။

သူမက ပြုံးလိုက်ပြီး အဝတ်အထည်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်၏။

ဆိုင်ရှင်က မော့ကြည့်လိုက်ပြီး မျက်နှာချိုသွေးလိုက်သည်။

“မိန်းကလေး... ဘာများ အလိုရှိပါသလဲခင်ဗျာ... ကျွန်တော်တို့ ဆိုင်မှာ ပုံစံမျိုးစုံ ရပါတယ်... ကြိုက်တာ ရွေးပါ”

“ကောင်းကင်ပိုးချည် နှစ်ပေါင်၊ လော့ရှားတိမ်တိုက် ဝါဂွမ်း သုံးလိပ် ယူမယ်... ပြီးတော့ အပေါ်ဝတ်ရုံ တစ်ထည် ချုပ်ပေး... ဖုန်မှုန့်နီ ရေ ငါးပုံး ပြင်ဆင်ထား... သန်းခေါင်ယံကျရင် အိမ်တိုင်ရာရောက် လာပို့ပေးပါ”

All Chapters