အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း (၂၆၅) - ကျားက တောင်ပေါ် ပြန်ရောက်ပြီ (အပိုင်း ၃)
~ထိုစကားကို ကြားလိုက်ရသည့်အခါ ဆိုင်ရှင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူက အသံကို တိုးနိုင်သမျှ တိုး၍ ပြန်ပြောလိုက်၏။
“လော့ရှားတိမ်တိုက် ဝါဂွမ်းက အခုလောလောဆယ် ပစ္စည်းပြတ်နေတယ်... ဒါပေမယ့် မကြာခင် ရောက်လာတော့မှာပါ... အဲ့ဒီလှည်း ဘယ်ရောက်သွားလဲ ဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး”
“အခုချိန်ဆို မြို့တံခါးဝတောင် ရောက်နေလောက်ရောပေါ့... ဆိုင်ရှင်က သွားမကြိုဘူးလား”
ဟူပျောင်းပျောင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ အပြုံး တစ်ခု ဖြစ်သော်လည်း အပြုံးစစ်တော့ မဟုတ်။
ဆိုင်ရှင်၏ မျက်နှာ မည်းမှောင်သွားလေ၏။
“မဟုတ်က ဟုတ်ကတွေ... မင်း ငါ့ကို လာလှောင်နေတာလား”
ဟူပျောင်းပျောင်းက ရုတ်တရက် တဟင်းဟင်း.. ရယ်မောလိုက်ပြီး နောက်လှည့်ထွက်ခွာသွားလေတော့သည်။
ဆိုင်ရှင်က တံမြက်စည်းတစ်ချောင်း ကောက်ယူပြီး သူမနောက်သို့ လိုက်ရိုက်မည့်ဟန် ပြုလိုက်သော်လည်း ဆိုင်အဝင်ဝအရောက်တွင် ရပ်တန့်လိုက်၏။
ထိုအခါ၊ ဆိုင်ထဲတွင် အဝတ်အစား ရွေးနေသော ဖောက်သည်အချို့ ရှိနေသည် ဖြစ်၍ ၊ သူတို့က စနောက်လိုက်ကြသည်။
“ကြည့်ပါဦး... ရုပ်ကလေးက သန့်သန့်ပြန့်ပြန့်နဲ့... ဘာလို့များ အကြောင်းမဲ့ သက်သက် လာစနေရတာလဲ မသိဘူး”
“ဘယ်က အရူးမ လဲ မသိပါဘူးဗျာ”
ဆိုင်ရှင်က ပြုံးလိုက်၏။
“စိတ်ထဲ မထားကြပါနဲ့ဗျာ... ကျွန်တော် အနောက်ဘက်မှာ လုပ်စရာလေး ရှိသေးလို့... လိုတာ ရှိရင် ဆိုင်ဝန်ထမ်းကို ပြောလိုက်နော်”
“ရပါတယ်... ရပါတယ်... သွားလုပ်ပါ ဆိုင်ရှင်... ကျွန်တော်တို့က ဖောက်သည်ရင်းတွေပဲ... နားလည်ပါတယ်ဗျ”
ဆိုင်ရှင်က အပြုံးမပျက် ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။ အတွင်းခန်းထဲသို့ ရောက်သည်နှင့် သူ့မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွား၏။
သူက စာကြည့်ခန်းထဲသို့ ဝင်လိုက်ပြီး စာအုပ်စင်ပေါ်ရှိ မီးအိမ် တစ်ခုကို လှည့်လိုက်၏။
“ဂလောက်...”
စာအုပ်စင်ကြီး ဘေးသို့ ရွေ့သွားပြီး လျှို့ဝှက်လမ်းကြောင်း တစ်ခု ပေါ်လာသည်။
ကွေ့ကောက်နေသော လှေကားထစ်များအတိုင်း ဆင်းသွားလိုက်ရာ အောက်ဘက်တွင် မီးရောင်များ လင်းလက်နေသည်ကို တွေ့နိုင်ပါ၏။
သူ့ခြေသံကို ကြားလိုက်ရသည်နှင့် လျှို့ဝှက်ခန်းထဲတွင် လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
ဆိုင်ရှင်၏ နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်သွားသည်။ တံခါးဝသို့ ရောက်၍ အထဲသို့ ချောင်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ် လူတစ်စု တန်းစီရပ်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူသတ်ချင်သော အငွေ့အသက်များ ထုတ်လွှတ်နေကြ၏။
သို့သော် သေချာကြည့်လိုက်လျှင် ကြမ်းပြင်ပေါ်တွင် မကောက်ရသေးသော ဖဲချပ်အချို့နှင့် ထောင့်နားတွင် မေ့ကျန်ရစ်ခဲ့သော ငွေစအချို့ကို တွေ့ရပေလိမ့်မည်။
အနက်ရောင်ဝတ် လူတစ်ယောက်က မသိမသာ ခြေလှမ်းရွှေ့လိုက်ပြီး ထိုငွေစများကို ခြေထောက်ဖြင့် ဖိနင်းလိုက်၏။ ပြီးမှ သက်ပြင်းချကာ စိတ်အေးသွားသည့် ပုံစံပေါက်သွားသည်။
ဆိုင်ရှင်က မျက်နှာထားမပျက်ဘဲ လူအုပ်ကြားထဲသို့ ဝင်သွားလိုက်၏။
“လော့ရှားမြို့က လူတွေ ထွက်သွားကြပြီ... အခုလောက်ဆို မြို့တံခါးဝနား ရောက်လောက်ရောပေါ့... လူ (၅) ယောက်လောက် သွားပြီး သူတို့ တကယ်သွားမသွား စစ်ဆေးကြည့်လိုက်”
“ဟုတ္ကဲ့”
အနက်ရောင်ဝတ် လူအုပ်ကြီးက ပြိုင်တူ ဖြေလိုက်ကြ၏။
ဆိုင်ရှင်က လက်ညှိုးထိုးပြီး ရွေးချယ်လိုက်၏။
“မင်း... ပြီးတော့ မင်း... မင်း...”
နောက်ဆုံးတွင် ငွေစများကို ခြေထောက်ဖြင့် နင်းထားသော လူကို လက်ညှိုးထိုးလိုက်၏။
“မင်း..”
ထိုလူ လန့်ဖျပ်သွားပြီး ခါးကို ကပျာကယာ ဆန့်လိုက်၏။
“ဟုတ်... ဟုတ်ကဲ့.. အား... ဆိုင်ရှင်... ကျွန်... ကျွန်တော့် ဗိုက်က နည်းနည်း နာနေလို့... အား... သေပါပြီဗျာ...”
“ဗိုက်နာတယ် ဟုတ်လား”
ဆိုင်ရှင်က ခေါင်းညိတ်လိုက်၏။
“အဲ့ဒါဆိုရင်တော့ ခရီးထွက်လို့ အဆင်ပြေမှာ မဟုတ်ဘူး... လာစမ်း... မင်းလက်ပေး... ငါ စမ်းသပ်ပေးမယ်”
“ဆိုင်ရှင်... မ... မလိုပါဘူးဗျာ...”
အနက်ရောင်ဝတ် လူ၏ မျက်နှာပေါ်တွင် ချွေးစီးများ ပြန်လာသည်။
ဆိုင်ရှင်က ထိုလူကို အတင်း ဆွဲခေါ်လိုက်၏။
“ဒီကို လာစမ်း..”
“အား...”
အနက်ရောင်ဝတ် လူမှာ နာကျင်စွာ အော်ဟစ်လိုက်သော်လည်း မရုန်းကန်ရဲပေ။ ဆိုင်ရှင်၏ ဆွဲခေါ်ရာ နောက်သို့ ပါသွားတော့သည်။
ဆိုင်ရှင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ငွေစများကို ကောက်ယူလိုက်၏။ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ဟမ်... ဒါ ဘာတွေလဲ... မင်းက ဗိုက်နာတာလား... ငွေစတွေ ဝမ်းသွားတာလား”
“ဒါ... ဒါက...”
အနက်ရောင်ဝတ် လူ၏ မျက်လုံးများ ဂယောက်ဂယက် ဖြစ်ကုန်သည်။ သူ၏ လိမ်ညာမှုကို မည်သို့ ဖုံးဖိရမည် မသိတော့။
ဆိုင်ရှင်၏ လက်ဝါးကြီးက လေကိုခွင်းလျက် ရောက်ရှိလာတော့သည်။
“ဖြောင်း... ဖြောင်း... ဖြောင်း...”
ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
“ငါ မင်းတို့ကို ဒီမှာ အမိန့်စောင့်နေဖို့ ပြောထားတယ်လေ...”
“ဖဲမရိုက်ကြနဲ့လို့ ငါ ပြောထားတယ် မဟုတ်လား...”
“ငွေကြေးလောင်းကစား မလုပ်ကြနဲ့လို့ ငါ ပြောထားတယ် မဟုတ်လား...”
“မင်းတို့ကောင်တွေ... တစ်ယောက်မှ ငါ့စကားကို နားမထောင်ကြဘူးပေါ့လေ”
အနက်ရောင်ဝတ် လူမှာ အရိုက်ခံနေရသော်လည်း မရှောင်တိမ်းရဲပေ။ ဆိုင်ရှင်၏ ဒေါသ အနည်းငယ် ပြေသွားမှသာ သူက တိုးတိုးလေး ပြောလိုက်၏။
“ဂိုဏ်းချုပ်က ပြောတယ်... လူ့ဘဝဆိုတာ တိုတိုလေးတဲ့... ပျော်လို့ရတုန်း ပျော်ထားရမယ်တဲ့...”
အရှိန်ကျသွားပြီ ဖြစ်သော ဆိုင်ရှင်၏ ဒေါသများက ထိုစကားကို ကြားလိုက်သည်နှင့် ပြန်လည် တောက်လောင်လာတော့သည်။ သူက ခုန်လိုက်ပြီး လက်ကို ရွယ်လိုက်ပြန်သည်။
“ပျော်ထားရမယ် ဟုတ်လား...”
“မင်းတို့က သူ့စကား နားထောင်နေကြတုန်းပဲလား... 'လူသားဂိုဏ်း' ဆိုတာ ပျက်သုန်းလုနီးပါး ဖြစ်နေပြီကွ..”
“'မြေကြီးဂိုဏ်း' ဂိုဏ်းချုပ်ကလည်း အခု ဒဏ်ရာအပြင်းအထန် ရထားတယ်...”
“'ကောင်းကင်ဂိုဏ်း' ဂိုဏ်းချုပ်က သူ့ကို ဂိုဏ်းနှစ်ခုလုံး တွဲကိုင်ခိုင်းလိုက်တာ... အခု ဂိုဏ်းနှစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်ပြီ”
“ဒါကို မင်းတို့က သူ့နောက် လိုက်နေကြတုန်းလား... လိုက်နေကြတုန်းလားလို့..”
တကယ်တမ်းတွင် ဆိုင်ရှင်၌ သိုင်းပညာ မရှိပေ။ သူက မောကြီးပန်းကြီး ရိုက်နှက်နေသော်လည်း အနက်ရောင်ဝတ် လူမှာမူ ကျွမ်းတစ်ပတ် ပစ်လိုက်ရုံဖြင့် နာကျင်မှု ပျောက်ကင်းသွားသလိုပင်။
ထိုလူက မောဟိုက်နေသော ဆိုင်ရှင်ကို ဝင်တွဲပေးလိုက်သေးသည်။
ဆိုင်ရှင်က သူတို့ကို စူးစူးရဲရဲ ကြည့်လိုက်၏။
“အခုချက်ချင်း သွားကြစမ်း.. ဒီထက်ပိုပြီး ကြာနေရင် သူတို့ လော့ရှားမြို့ထဲတောင် ပြန်ရောက်နေလောက်ပြီ”
“အဲ့ဒါ ပိုမကောင်းဘူးလား”
အနက်ရောင်ဝတ် လူက အလိုလို ပြန်မေးလိုက်မိသည်။
ဆိုင်ရှင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အရိပ်အယောင်များ လှုပ်ရှားသွားပြီး သူ ရွေးချယ်ပေးလိုက်သော လူ (၄) ယောက်က ပဉ္စမမြောက် လူကို အတင်း ဆွဲခေါ်သွားကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း အခြားတံခါးပေါက်တစ်ခုမှ ပျောက်ကွယ်သွားကြတော့၏။
ဆိုင်ရှင်က နေရာမှာတင် ရပ်ကျန်ခဲ့ပြီး ခြေဆောင့်ကာ ကျိန်ဆဲလိုက်၏။ သို့သော် ဘယ်လောက်ပဲ ဆဲဆဲ သူ၏ ဒေါသက ပြေပျောက်မသွား။
ကျန်ရစ်ခဲ့သော အနက်ရောင်ဝတ် လူများကို လှည့်ကြည့်ပြီး သူက သက်ပြင်းချလိုက်၏။
“နည်းနည်းလောက် တက်ကြွကြစမ်းပါကွာ....”
လူအုပ်ကြီးမှာ အသက်ပြင်းပြင်း မရှူရဲကြပေ။ တရိုတသေဖြင့် ငြိမ်သက်နေကြ၏။
ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး လက်နောက်ပစ်ကာ လျှို့ဝှက်ခန်းထဲမှ ပြန်ထွက်သွားတော့သည်။
သူ ထွက်သွားသည်နှင့် လူအုပ်ကြီး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်က ဖဲချပ်တစ်ခုကို တိတ်တဆိတ် ထုတ်လိုက်ပြီး...
“လာကြ... လာကြ...”
“ဆိုင်ရှင်က ငွေတွေ ယူသွားတယ် ထင်တယ်”
“ဘယ်သူ့ ငွေတွေလဲ”
“ဘယ်သူ့ငွေ ဖြစ်ဖြစ်ကွာ... ငါ့ငွေ မဟုတ်ရင် ပြီးတာပဲ...”
“ခုနက ဘယ်ကောင် ပိုက်ဆံ မရှင်းသွားတာလဲ”
“သူ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားပြီလေ... အပြင်ထွက်သွားပြီ”
“......”
...
...
ညဉ့်နက်လာလေပြီ။
ဟောက်ရန် ကျောင်းတော် အတွင်းတွင် နေ့ဘက်က စည်ကားခဲ့သမျှ ညဘက်တွင် တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင် ထွက်ခွာသွားကတည်းက ယန်ရီဇီသည် အခန်းအောင်းနေခဲ့၏။ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်။
ညနေပိုင်းတွင် အာမခံ သိုင်းသမားများက သူ့ကို အော်ခေါ်ကြသော်လည်း ပြန်ရလိုက်သည်မှာ 'ထွက်သွားကြစမ်း' ဟူသော အသံသာ ဖြစ်သည်။ သို့သော် အသံ ကြားလိုက်ရသဖြင့် သူတို့ စိတ်သက်သာရာ ရသွားကြ၏။
သူတို့လည်း သက်ဆိုင်ရာ နေရာများသို့ သွားရောက် အနားယူကြတော့သည်။
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
သို့သော် ဤအချိန်တွင် တံခါးကို ခပ်ဖွဖွ လာခေါက်သူ တစ်ဦး ရှိနေသည်။
တံခါးစောင့် အာမခံသမားက တံခါးဖွင့်ပေးလိုက်ပြီး အံ့ဩသွား၏။
“စီနီယာ လျိုယွင်... ဘာကိစ္စ ရှိလို့လဲ ခင်ဗျာ”
လျိုယွင် စာပေပညာရှင်က လက်တစ်ဖက်တွင် လင်ပန်းတစ်ခု၊ အခြား လက်တစ်ဖက်တွင် ဝိုင်အိုး တစ်လုံးကို ကိုင်ထားသည်။
“ညစာ မစားရသေးဘူး မဟုတ်လား”
“မစားရသေးပါဘူး ခင်ဗျာ”
အာမခံသမားက သက်ပြင်းချလိုက်၏။
“စီနီယာ ရောက်လာတာ ကောင်းပါတယ်...ခေါင်းဆောင်ကို တစ်ခုခု ဝင်အောင် ကျွေးပေးပါဦးဗျာ”
“အင်း... ငါ့တာဝန် ထားလိုက်ပါ”
လျိုယွင် စာပေပညာရှင်က ခေါင်းညိတ်လိုက်ပြီး အာမခံသမားကို သွားရောက် အနားယူစေလိုက်သည်။ ထို့နောက် တံခါးကို ဖွဖွလေး ခေါက်လိုက်၏။
“အစ်ကိုယန်... အစ်ကိုယန်”
ဧည့်ခန်းထဲမှ ခြေသံများ ကြားလိုက်ရသည်။ ယန်ရီဇီသည် တစ်နေ့ကုန် နေရာမှ မရွေ့ဘဲ ထိုင်နေခဲ့ပုံ ရသည်။
တံခါးပွင့်လာသောအခါ သူက လျိုယွင် စာပေပညာရှင်ကို တစ်ချက် ကြည့်လိုက်၏။
“ဒါ ဘာလုပ်တာလဲ”
“ငါတို့ အတူတူ မသောက်ဖြစ်တာ ကြာပြီလေ... လာပါကွာ... သာယာတဲ့ ညလေးမှာ တစ်ခွက်လောက် မော့ရအောင်”
“ဝင်ခဲ့လေ...”
ယန်ရီဇီက သက်ပြင်းတိုးတိုး ချလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားလေတော့၏။
အခန်း (၂၆၆) - ဇာတ်လမ်းဆင်ခြင်း
~စားပွဲပေါ်တွင် လင်ပန်း တစ်ချပ်နှင့် ဟင်းပွဲအချို့က သပ်ရပ်စွာ နေရာယူထား၏။
လျိုယွင် စာပေပညာရှင်က ဝိုင်အိုးကို ပေါ့ပေါ့ပါးပါး မယူလိုက်ပြီး အဖုံးဖွင့်လိုက်၏။
“နှစ် (၃၀) သက်တမ်းရှိတဲ့ 'သမီးတော်အနီ' ဝိုင်ပဲ”
လျိုယွင် စာပေပညာရှင်က ယန်ရီဇီကို ပြုံးပြလိုက်၏။
“ဒီဝိုင်ရဲ့ နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်းလေး တစ်ပုဒ် ရှိပေမယ့်... တကယ်ကို ကောင်းတဲ့ ဝိုင်တစ်မျိုးပါပဲ”
“...”
ယန်ရီဇီ၏ မျက်နှာ မည်းမှောင်သွားသည်။
“မင်း ဘာကို ဆိုလိုတာလဲ”
နှစ် (၃၀) သက်တမ်းရှိသော သမီးတော်အနီ...
ဘယ်မိသားစုကများ သမီးတော်အနီ ဝိုင်ကို နှစ် (၃၀) ကြာအောင် သိမ်းထားမှာလဲ။
သဘာဝကျကျ တွေးကြည့်ရင်... သမီးဖြစ်သူက နှစ် (၃၀) ကြာတဲ့အထိ အိမ်ထောင်မကျသေးဘူး ဆိုတဲ့ သဘောပေါ့။
သာမန်အချိန်ဆိုလျှင် ဒီစကားက ဘာမှ မဟုတ်ပေမယ့်၊ အခုအချိန်မှာတော့ ယန်ရီဇီက သူ့ရင်ဘတ်ကို ဓားနှင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
“မင်းကလည်းကွာ... အရာရာကို အလေးအနက် ထားလွန်းနေတယ်”
လျိုယွင် စာပေပညာရှင်က ဝိုင်ပန်းကန်လုံး နှစ်လုံးကို လှန်လိုက်ပြီး၊ ယန်ရီဇီအတွက် တစ်ခွက်ငှဲ့ပေးကာ ကိုယ့်အတွက် တစ်ခွက် ဖြည့်လိုက်၏။
“ပြီးတော့ ငါ နားမလည်တာ တစ်ခုရှိတယ်... မင်း ဘာလို့ ဒီကိစ္စကို ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ... ဆုမိုက ဆုထျန်းယန်ရဲ့ သားလေ... မင်းနဲ့ ဆုထျန်းယန်က ဘယ်လို ပတ်သက်ခဲ့တာမို့လို့လဲ”
“မင်းတို့က ညီအစ်ကိုရင်းတွေလိုပဲ... သွေးသောက်ညီအစ်ကိုတွေ... အသက်နဲ့ရင်းပြီး အတူတူ ဒုက္ခသုက္ခ ခံခဲ့ကြတာလေ.. လက်ဆွဲနှုတ်ဆက်ပြီး ကလေးနှစ်ယောက်ကို စေ့စပ်ပေးခဲ့တာ မင်းကိုယ်တိုင် မဟုတ်ဘူးလား”
“အခုကျမှ ဘာလို့ မျက်နှာပြောင်းပြီး သူ့ကို အသိအမှတ် မပြုချင်တော့တာလဲ”
“ဟေ့... ဟေ့.... စိတ်မဆိုးနဲ့ဦး... ငါ တကယ် နားမလည်လို့ မေးတာပါ... မင်းကို တမင် ရွဲ့ပြောနေတာ မဟုတ်ပါဘူး... မဟုတ်ရင် ငါ ဝိုင်ယူလာပါ့မလား”
ယန်ရီဇီ ဒေါသတကြီး ထရပ်တော့မည့်ဟန် ပြင်လိုက်သည်ကို မြင်သောအခါ လျိုယွင် စာပေပညာရှင်က လက်ကာပြပြီး ပြန်ထိုင်ခိုင်းလိုက်ရသည်။
ယန်ရီဇီက မျက်နှာတည်တည်ဖြင့် သူ့ရှေ့က ပညာရှင်ကို ကြည့်နေသည်။ စကားတစ်ခွန်းမှ မပြော။ ထို့နောက် ဝိုင်တစ်ငုံ မော့လိုက်၏။ အရသာခံလိုက်ပြီးမှ ခေါင်းမော့ကာ တစ်ခွက်လုံး ကုန်အောင် မော့ချလိုက်တော့သည်။
ထိုအချိန်ကျမှ သူက သက်ပြင်းတစ်ချက် ချလိုက်၏။
“ဆုမို... ဟင်း... ဒီနှစ်တွေအတွင်း သူ့အကြောင်းကို ပြောရမှာတောင် ငါ ရှက်တယ်”
“ထျန်းယန် ဆုံးသွားပြီးကတည်းက... ဇီယန် အာမခံဌာနရဲ့ တစ်ဦးတည်းသော မျိုးဆက်အနေနဲ့ အဲ့ဒီကောင် ဘာတွေ လုပ်ခဲ့လဲ မင်း သိလား”
“မသိလို့ မေးနေတာပေါ့... သိရင် မင်း အခုလို ဖြစ်နေတာကို ငါ နားလည်ပေးမှာပေါ့”
လျိုယွင် စာပေပညာရှင်က မျက်လုံး လှန်ကြည့်လိုက်၏။
“အာ...”
ယန်ရီဇီက သက်ပြင်းချလိုက်ပြီး ဆုမို၏ တန်ဖိုးမရှိသော အတိတ်ဇာတ်ကြောင်းများကို တစ်ခုမကျန် အသေးစိတ် ပြန်ပြောပြလေတော့သည်။
မိဘပိုင် စည်းစိမ်တွေ ဖြုန်းတီးတာ... ပြည့်တန်ဆာအိမ်တွေမှာ ပျော်ပါးတာ... ယန်ရှောင်ယွင်ရဲ့ ရိုက်နှက်မှုကို လူလယ်ခေါင်မှာ ခံရတာ... နောက်ဆုံး ဝန်ထမ်းတွေ ထွက်ပြေးကုန်ပြီး အာမခံဌာနကြီး ပျက်စီးလုနီးပါး ဖြစ်သွားတာတွေ အကုန်ပေါ့။
လျိုယွင် စာပေပညာရှင်က မျက်လုံးပြူးပြီး နားထောင်နေသည်။ ယန်ရီဇီ ပြောပြီးသည်နှင့် သူက စားပွဲကို 'ဒုန်း' ခနဲ ထုလိုက်၏။
“ကမ်းကုန်တာပဲ.. ဆုထျန်းယန်က နာမည်ကြီး မဟုတ်ပေမယ့် တကယ့် လူရဲကောင်းတစ်ယောက်ပါ... အခုတော့ သူ့သားက ဒီလို ဖြစ်နေတာ... တကယ့်ကို သိက္ခာကျစရာပဲ”
“'ဖခင်ခြေရာ နင်းတယ်' ဆိုတဲ့ စကားက ဒီကောင်နဲ့ကျမှ လွဲနေပါရောလား”
“အေးလေ... အဲ့ဒါ ပြောတာပေါ့”
ယန်ရီဇီက အမြည်းတစ်ဖတ်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်၏။
“သူ့မှာသာ သူ့အဖေရဲ့ သတ္တိတစ်ဝက်လောက် ရှိရင်တောင် ငါ သူ့ကို သမက်အဖြစ် လက်ခံပေးဦးမယ်... အခုတော့... ငါ လုံးဝ လက်မခံနိုင်ဘူး”
“ဒါပေမယ့်...”
လျိုယွင် စာပေပညာရှင်က မျက်မှောင်ကြုတ်လိုက်၏။
“ဒီနေ့ ငါ မြင်လိုက်ရတာတော့... မင်း ပြောသလောက် မဆိုးပါဘူး... သူ့အပြုအမူတွေက တည်ငြိမ်ပါတယ်... သူ့သိုင်းပညာကလည်း မင်းထက်တောင် သာနေသလိုပဲ... မင်းတောင် သူ့ကို မယှဉ်နိုင်ဘူး မဟုတ်လား”
“ဒီကောင်လေး ဘယ်ကနေ ဘယ်လို အောက်လမ်းနည်းတွေ တတ်လာမှန်း ဘယ်သူ သိမလဲကွာ”
ယန်ရီဇီက ချက်ချင်း ဒေါသထွက်သွားသည်။
“သူက သရုပ်ဆောင် တော်တော်ကောင်းတာပဲ... လူတွေ သူ့ကို လူကောင်းပြန်ဖြစ်လာပြီ ထင်အောင် လုပ်ပြနေတာ... ငါ့သိက္ခာတွေတော့ ကျကုန်ပါပြီကွာ... တောက်..”
“ကဲပါ... ကဲပါ... မင်းလည်း ငယ်တော့တာ မဟုတ်ဘူး... ဘာလို့ ဒီလောက် စိတ်ကြီးနေရတာလဲ”
လျိုယွင် စာပေပညာရှင်က သူ စိတ်လှုပ်ရှားနေသည်ကို မြင်တော့ လက်ကာပြပြီး နှစ်သိမ့်လိုက်၏။
ယန်ရီဇီ၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်၏။
“ဒီကောင်လေး ပြည့်တန်ဆာအိမ်မှာ ဘာနည်းလမ်းတွေ တတ်လာလဲ မသိပါဘူးကွာ... ရှောင်ယွင်လေးတောင် သူ့စကားဆို တစ်ခွန်းမခံဘူး... အခု ငါ့စကားတောင် နားမထောင်တော့ဘူး”
“အဲ့ဒီကောင်နောက်ပဲ တကောက်ကောက် လိုက်နေတာ”
“ဟား ဟား ဟား”
လျိုယွင် စာပေပညာရှင်က ရယ်မောလိုက်၏။
“ရှောင်ယွင်လေးကို အပြစ်မတင်ပါနဲ့ကွာ... မိန်းကလေးဆိုတာ ဒီလိုပါပဲ... ဒါပေမယ့် မင်း သူ့အကြောင်း သိသားပဲ... သူက သာမန် မိန်းကလေး မဟုတ်ဘူး... ယောကျ်ားလေး တစ်ယောက်ရဲ့ ချိုချိုသာသာ စကားလောက်နဲ့ အရည်ပျော်မယ့်သူ မဟုတ်ဘူး”
“ငါ့အမြင် ပြောရရင်... ဆုမိုမှာ တစ်ခုခုတော့ ရှိလို့ နေမှာပါ... မဟုတ်ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”
“ဟမ်...”
ယန်ရီဇီက မျက်လုံးကို ကျဉ်းမြောင်းပြီး လျိုယွင် စာပေပညာရှင်ကို စိုက်ကြည့်လိုက်၏။
“ကြည့်... အခုဆို မင်းက သူများ ပြောတာတောင် နားမခံနိုင်တော့ဘူး”
လျိုယွင် စာပေပညာရှင်က သက်ပြင်းချလိုက်၏။
“ထားလိုက်ပါတော့ကွာ... ဒီအကြောင်း ဆက်မပြောကြရအောင်... ဒါနဲ့ မင်း တပည့်ကိစ္စက ဘယ်လို ဖြစ်တာလဲ... သူ့သေဆုံးပုံက တော်တော် ထူးဆန်းတယ်နော်”
“အင်း... ကံဆိုးတဲ့ သူခိုးတစ်ယောက် လက်ချက်နဲ့ သေသွားတာပါ... သိုင်းလောကမှာတော့ ဒီလို အကြမ်းဖက် ခံရတာတွေက ရှောင်လွှဲလို့ မရပါဘူး”
“အဲ့ဒါလည်း ဟုတ်တာပဲ... ဆုထျန်းယန် သေတုန်းကလည်း ဒီလိုပဲ ထူးထူးဆန်းဆန်း ဖြစ်ခဲ့တာ မဟုတ်လား... နေပါဦး... သူ ဘယ်လို သေသွားတာလဲ”
“အဲ့ဒီတုန်းက မင်းတို့က မိတ်ဆွေရင်းတွေလေ... ငါလည်း သူ့ကို (၂) ခါ (၃) ခါလောက် တွေ့ဖူးတယ်... ပြီးတော့ ရုတ်တရက်ကြီး ပျောက်သွားတာ... စဉ်းစားလို့ကို မရဘူး”
ထိုစကားကို ကြားသောအခါ ယန်ရီဇီ ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်၏။
“တံခါး ပိတ်လိုက်”
လျိုယွင် စာပေပညာရှင်က ခေါင်းညိတ်လိုက်၏။ လျှို့ဝှက်ကိစ္စ တစ်ခုခု ပြောတော့မည်ကို သဘောပေါက်လိုက်သဖြင့် တံခါးနှင့် ပြတင်းပေါက်များကို အမြန် ပိတ်လိုက်၏။ ထို့နောက် ယန်ရီဇီ၏ လျှို့ဝှက်ချက်ကို နားထောင်ရန် ဝင်ထိုင်လိုက်၏။
သို့သော် ယန်ရီဇီက ဝိုင်ထပ်ငှဲ့နေရုံသာ။
ခဏကြာမှ သူ စကားစပြောလာသည်။
“ငါ မသိဘူး”
“...”
လျိုယွင် စာပေပညာရှင်က နှုတ်ခမ်းမဲ့လိုက်၏။
“မင်း ငါ့ကို နောက်နေတာလား”
“အာ...”
ယန်ရီဇီက သက်ပြင်းချလိုက်၏။
“ငါ မင်းကို မနောက်ပါဘူး... ငါ တကယ် မသိတာပါ... ထျန်းယန်က အာမခံ ခရီးတစ်ခု ထွက်သွားတယ်... ပြီးတော့ ရုတ်တရက် သိုင်းလောကထဲမှာ အသတ်ခံလိုက်ရတယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနှစ်တွေ အတွင်း ငါ အများကြီး စုံစမ်းခဲ့ပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး”
“ဘယ်သူက အာမခံ အပ်တာလဲ... ဘယ်သူက အာမခံ လိုက်တာလဲ... ဘယ်သူက ခြုံခိုတိုက်ခိုက်တာလဲ... ဘာမှ မသိရဘူး”
အခန်း (၂၆၇) - ဇာတ်လမ်းဆင်ခြင်း (အပိုင်း ၂)
~“အရာရာတိုင်းက ဗလာသက်သက်ပဲ... သဲလွန်စ ဆိုလို့ တစ်စိုးတစ်စိမှ မကျန်ခဲ့ဘူး”
“တစ်ယောက်ယောက်က အသေးစိတ် အချက်အလက်တွေ အကုန်လုံးကို သုတ်သင်ပစ်လိုက်သလိုပဲ”
ယန်ရီဇီ မျက်မှောင်ကြုတ်လိုက်၏။ သူ့အသံတွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေသည်။
“တကယ်ကြီးလားကွ”
လျိုယွင် စာပေပညာရှင်၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“မင်းတောင် မသိဘူးဆိုတော့... တော်တော်လေး လျှို့ဝှက်နက်နဲပုံပဲ”
“ဟင်း...”
ယန်ရီဇီက ခေါင်းခါလိုက်၏။
“ငါသာ သိရင် ထျန်းယန်အတွက် လက်စားချေပေးပြီးတာ ကြာပြီပေါ့ကွာ”
“ဟုတ်သားပဲ... မင်းတို့ သံယောဇဉ်က နက်ရှိုင်းတာကိုး... ဒါပေမယ့် ဒီလိုသာ ဆိုရင်တော့ ဆုထျန်းယန် အသတ်ခံရတဲ့ ကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိနေမှာ သေချာတယ်”
ယန်ရီဇီက နှာခေါင်းရှုံ့လိုက်၏။
“ဘယ်သူပဲ ဖြစ်ဖြစ်ကွာ... ငါ သဲလွန်စ ရှာမတွေ့အောင်သာ ဆုတောင်းထားပေတော့... မဟုတ်ရင် ငါ့အသက်နဲ့ လဲရပါစေ... သူတို့ကို အလွတ်မပေးဘူး”
“မင်း... မင်းကတော့ တကယ်ပါပဲကွာ”
လျိုယွင် စာပေပညာရှင်က ခေါင်းခါလိုက်၏။
“မင်းက ဆုထျန်းယန်အပေါ်မှာကျတော့ အရမ်းကောင်းပြီး... သူ့သားကျတော့ ဘာလို့ ဒီလောက်တောင်...”
“သူ့အဖေက သူ့အဖေ... သူက သူပဲ... ဒီနှစ်ယောက်ကို ရောထွေးပြီး မစဉ်းစားနဲ့”
ယန်ရီဇီ၏ မျက်နှာ မည်းမှောင်သွားသည်။
“နှမြောစရာပဲကွာ...”
လျိုယွင် စာပေပညာရှင်က ရုတ်တရက် သက်ပြင်းချလိုက်၏။
“မင်းမှာ အဲ့ဒီအခွင့်အရေး မရှိတော့ဘူး”
“ဟမ်...”
ယန်ရီဇီ လန့်ဖျပ်သွားသည်။
“ဘာအခွင့်အရေးလဲ”
“သဲလွန်စ ရှာမယ့် အခွင့်အရေးပေါ့”
လျိုယွင် စာပေပညာရှင်က အေးစက်စက် ပြုံးလိုက်၏။
“ဘာလို့လဲ ဆိုတော့... မင်းက မကြာခင် ဒီနေရာမှာပဲ သေရတော့မှာမို့လို့လေ”
“သေရမယ်...”
ယန်ရီဇီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ရှေ့တွင် ထိုင်နေသော မိတ်ဆွေရင်းကို နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။
“မင်း... မင်း ဘာစကား ပြောတာလဲ”
သူက စကားပြောရင်း အတွင်းအားကို တိတ်တဆိတ် လှည့်ပတ်လိုက်၏။ သို့သော် သူ၏ အစစ်အမှန်ချီများ ပြန့်ကျဲနေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရ၏။ သွေးပုပ်များက သူ့နှလုံးဆီသို့ တရကြမ်း တိုးဝင်လာနေသည်။
“ဝေါ့...”
ယန်ရီဇီ ပါးစပ်ဟလိုက်သည်နှင့် သွေးနီရဲရဲများ အန်ထွက်လာတော့သည်။
“မင်း... ဝိုင်ထဲမှာ အဆိပ်ခတ်လိုက်တာလား... မင်း ဘယ်သူလဲ”
“ငါလား”
လျိုယွင် စာပေပညာရှင်က ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။
“ငါက လျိုယွင်လေ... ဒီနာမည်က အစကတည်းက မပြောင်းလဲပါဘူး... ဒါပေမယ့် ငါ လျိုယွင် မဖြစ်လာခင်တုန်းကတော့ တခြား နာမည်တစ်ခု ရှိခဲ့တာပေါ့”
သူက မတ်တတ်ထရပ်လိုက်ပြီး ယန်ရီဇီကို ငုံ့ကြည့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေသည်။
“အစ်ကိုကြီးယန်... ငါတို့ ခင်လာတာ အနှစ် (၂၀) နီးပါး ရှိပြီနော်... ရိုးရိုးသားသား ပြောရရင် ငါ မင်းကို ဒီလို မလုပ်ချင်ပါဘူး”
“တကယ်တော့ ဒီကိစ္စကို ရွှီရော့ရှန်က ရှင်းရမှာ... ဒါဆို ငါ့ရဲ့ ဒီဇာတ်ရုပ်ကို စွန့်လွှတ်စရာ မလိုတော့ဘူးပေါ့... ဒါပေမယ့် သူက သောက်သုံးမကျဘဲ သေသွားတော့... လူတိုင်းက မင်း လုပ်တာလားဆိုပြီး သံသယ ဝင်ကုန်ကြတယ်လေ”
“ရွှီရော့ရှန်... သူကလည်း မင်းလူပဲလား”
ယန်ရီဇီ၏ မျက်လုံးများထဲတွင် ဒေါသအငွေ့အသက်များ တောက်လောင်လာသည်။
“မင်းတို့ကောင်တွေ... ဒီလောက်ထိ စနစ်တကျ အကွက်ချပြီးတော့... နောက်ဆုံးကျ ဘာကို လိုချင်နေကြတာလဲ”
“အခုချိန်ကျမှ ဘာတွေ နားလည်ချင်နေတာလဲကွာ... ပြီးတော့... မင်းက ဘာမှလည်း မသိဘဲနဲ့ မဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ပါချင်နေတာကိုး... ဘာလို့ ကိုယ့်ဒုက္ခ ကိုယ်ရှာရတာလဲ”
သူက ယန်ရီဇီ အနားသို့ တိုးသွားပြီး ရင်ဘတ်ထဲသို့ လက်နှိုက်ရန် ပြင်လိုက်၏။
ယန်ရီဇီက လက်ဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း လျိုယွင် စာပေပညာရှင်က ပုတ်ထုတ်လိုက်၏။ နောက်တစ်ခဏမှာပင် သူ့လက်က ယန်ရီဇီ၏ ရင်ဘတ်ထဲသို့ ရောက်ရှိသွားပြီး 'မန်ဒရင်းဘဲစာရင်း' ကို ဆွဲထုတ်လိုက်တော့သည်။
မီးရောင်အောက်တွင် စာရင်းကို တစ်ချက် ကြည့်လိုက်၏။
“မင်း... မင်း လိုချင်တာက မန်ဒရင်းဘဲစာရင်းလား”
ယန်ရီဇီ၏ မျက်လုံးများ ကွဲထွက်မတတ် ဖြစ်သွားသည်။
“ဒီစာရင်းထဲမှာ ဘာလျှို့ဝှက်ချက်တွေ ပါနေလို့လဲ... လွန်ခဲ့တဲ့ အနှစ် (၂၀) တုန်းကလည်း လူတစ်ယောက်က ဒါကို လိုချင်လို့ လုပ်ကြံခဲ့တယ်... အခု အနှစ် (၂၀) ကြာတော့လည်း...”
“ဒီကိစ္စက အရမ်း အရေးကြီးတယ်... မင်း သေခါနီး ဖြစ်နေရင်တောင် ငါ တစ်လုံးမှ ဟမပြောနိုင်ဘူး”
လျိုယွင် စာပေပညာရှင်က ယန်ရီဇီကို တည်ငြိမ်စွာ ကြည့်လိုက်၏။
“ပြီးတော့... မင်း ကံဆိုးရင် ခဏလောက် ခံစားရဦးမယ်... ကံကောင်းရင်တော့ မြန်မြန် သေရတာပေါ့ကွာ”
“... မင်း... ဘာအဆိပ် ခတ်လိုက်တာလဲ”
ယန်ရီဇီ ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့သော် ထိုသို့ အော်ဟစ်လိုက်ခြင်းက အဆိပ်ပြန့်ပွားမှုကို ပိုမြန်ဆန်စေ၏။ သူ့မျက်လုံးများ နီရဲလာပြီး နဖူးတစ်ခုလုံး မည်းနက်သွားသည်။
“အဆိပ်သုံးမျိုးမှုန့် ”
လျိုယွင် စာပေပညာရှင်က ပြုံးလိုက်၏။
“ကောင်းကင်ဂိုဏ်းချုပ် ဦးဆောင်တဲ့ သုံးပါးအစွန်းရောက်ဂိုဏ်းက သာမန်ပါပဲ... ဒါပေမယ့် ဒီအဆိပ်ကတော့ တကယ့်ရှယ်ပဲ... အစ်ကိုကြီးယန်... ဒီတစ်ခါ လမ်းခွဲပြီးရင် နောက်တစ်ခါ ပြန်ဆုံဖို့ မရှိတော့ဘူး... ငါ မင်းအပေါ် အကြွေးတင်ခဲ့တာ ရှိရင် သေမှပဲ ပြန်ဆပ်တော့မယ်”
ပြောပြီးသည်နှင့် သူက မန်ဒရင်းဘဲစာရင်းကို ရင်ဘတ်ထဲ ထိုးထည့်ကာ လှည့်ထွက်သွားတော့သည်။
ယန်ရီဇီက သူ့ကို လှမ်းတားရန် လက်ဆန့်ထုတ်လိုက်သော်လည်း သွေးများ အဆက်မပြတ် အန်ထွက်လာသဖြင့် စကားမပြောနိုင်တော့ရှာ။
“ဘုန်း...”
နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ငြိမ်သက်သွားလေတော့သည်။
လျိုယွင် စာပေပညာရှင်က တံခါးဝတွင် ရပ်ရင်း နောက်လှည့်ကြည့်လိုက်၏။ ထို့နောက် တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်၏။
အာမခံသမား တစ်ယောက် ရောက်လာပြီး ကပျာကယာ မေးလိုက်၏။
“ခေါင်းဆောင် စားပြီးပြီလား ခင်ဗျ”
“စားပြီးပြီ... စားပြီးပြီ”
လျိုယွင် စာပေပညာရှင်က ပြုံးပြလိုက်၏။
“နည်းနည်း များသွားလို့ အိပ်ပျော်သွားပြီ... မနှောင့်ယှက်ကြနဲ့တော့”
“ဟုတ်ကဲ့... ကျေးဇူးပါပဲ ခင်ဗျာ”
အာမခံသမားက ပြုံးရွှင်စွာဖြင့် လျိုယွင် စာပေပညာရှင်ကို လိုက်ပို့ပေးလိုက်၏။
ခြံဝင်းတံခါး ပိတ်သွားသည်နှင့် လျိုယွင် စာပေပညာရှင်သည် မှောင်မိုက်နေသော ညဉ့်နက်ထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ ထို့နောက် ရုတ်တရက် ခုန်တက်လိုက်ပြီး ခေါင်မိုးပေါ်သို့ ရောက်သွား၏။ ဆက်တိုက်ဆိုသလို ခုန်ပျံကျော်လွှားရင်း ဟောက်ရန်မြို့ အပြင်ဘက်သို့ ဦးတည်ပြေးလွှားသွားတော့သည်။
သို့သော် သူ့နောက်တွင် အရိပ်မည်းတစ်ခု တိတ်တဆိတ် လိုက်ပါသွားသည်ကို သူ လုံးဝ သတိမထားမိပေ။
“သူလား...”
ဟောက်ရန် ကျောင်းတော်၏ ခေါင်မိုးတစ်ခုပေါ်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မတ်တတ်ရပ်နေကြ၏။ အမှောင်ထုထဲတွင် သူတို့နှစ်ဦးသည် ထွက်ပြေးသွားသော လူရိပ်နှစ်ခုကို ငေးကြည့်နေကြ၏။
ကျန်းရှောင်ရှောင်ကမူ အောက်ဘက် နံရံကပ်လျက် ရပ်နေရှာသည်။ သူသာ ခေါင်မိုးပေါ် တက်လိုက်လျှင် ပြိုကျသွားမည် စိုးသဖြင့် မတက်ရဲရှာ။
သူတို့၏ ခရီးစဉ်က မလွယ်ကူလှပေ။ ဟောက်ရန် ကျောင်းတော်မှ ထွက်လာပြီးကတည်းက နောက်ယောင်ခံ လိုက်သူများ ရှိနေခဲ့သည်။ နေဝင်ချိန်ရောက်မှ ထိုလူများကို မျက်ခြေဖြတ်နိုင်ခဲ့ပြီး ဟောက်ရန် ကျောင်းတော်သို့ တိတ်တဆိတ် ပြန်လှည့်လာခဲ့ကြခြင်း ဖြစ်သည်။