← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈) - ဇာတ်လမ်းဆင်ခြင်း (အပိုင်း ၃)

~အစောပိုင်းက ဤကိစ္စ၏ နောက်ကွယ်တွင် မည်သို့သော အလှည့်အပြောင်းများ ရှိနေသနည်းဟု ဆုမို စောင့်ကြည့်ချင်ခဲ့မိ၏။ သို့သော် ရောက်ရောက်ချင်း မြင်လိုက်ရသော မြင်ကွင်းက ထူးဆန်းနေလေသည်။

လျိုယွင် စာပေပညာရှင်သည် ရူးသွပ်စွာ ထွက်ပြေးနေပြီး၊ သူ့နောက်တွင် အနက်ရောင်ဝတ် လူတစ်ယောက်က ထပ်ကြပ်မကွာ လိုက်ပါနေ၏။

အခြေအနေက ဝေဝါးနေဆဲပင်။ သို့သော် ထိုအနက်ရောင်ဝတ် လူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ခြေလှမ်းများမှာ ထျန်းယွီမြို့တွင် တွေ့ခဲ့ရသော လူနှင့် တစ်ထေရာတည်း တူညီနေလေသည်။

'ဒါ သူပဲလား...'

ဆုမို၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာ၏။ ဒီလူ၏ နောက်ခံက ပဟေဠိဆန်လွန်းသည်။ ဒီနေရာတွင် ပြန်ဆုံရလိမ့်မည်ဟု ဆုမို ထင်မှတ်မထားခဲ့ချေ။

သို့သော် ယခုအချိန်တွင် စုံစမ်းနေရန် အချိန်မရှိတော့ပေ။

ထိုလူနှစ်ဦးစလုံးသည် ယန်ရီဇီ ရှိနေသော ခြံဝင်းထဲမှ ထွက်လာကြခြင်း ဖြစ်သည်။ ယန်ရီဇီ တစ်ခုခု ဖြစ်သွားပြီလော။

ကျန်းရှောင်ရှောင်ကို နေရာမှာတင် စောင့်ခိုင်းထားခဲ့ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လေကိုခွင်းလျက် လျင်မြန်စွာ ပျံသန်းသွားကြ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ယန်ရီဇီ၏ အိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားကြတော့သည်။

ခေါင်မိုးအုတ်ချပ် တစ်ချပ်ကို မလိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့နှစ်ဦးလုံး၏ နှလုံးသား ရပ်တန့်သွားသလို ခံစားလိုက်ရလေသည်။

ယန်ရီဇီသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေ၏။ မျက်နှာတစ်ခုလုံး မည်းနက်နေပြီး အသက်ရှူသံ လုံးဝ မရှိတော့ချေ။

ရင်ဘတ်ကို တစ်စုံတစ်ယောက်က ဆွဲဆွတ်လိုက်သကဲ့သို့ ခံစားချက်က ပြင်းထန်လွန်းလှသည်။

ယန်ရှောင်ယွင် အော်မဟစ်နိုင်ခင်မှာပင် ဆုမိုက သူမကို ဆွဲယူပြီး အောက်သို့ ခုန်ဆင်းလိုက်၏။ ပြတင်းပေါက်ကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်ရောက်သွားလေသည်။

“အဖေ... အဖေ... ထပါဦး... သမီးကို မခြောက်ပါနဲ့...”

ယန်ရှောင်ယွင်သည် ယန်ရီဇီ၏ ဘေးတွင် ဒူးထောက်ကျသွားပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ ငိုကြွေးတော့၏။

ယခုအချိန်တွင် သံမဏိသွေး သိုင်းမယ်ဆိုသော ဂုဏ်ပုဒ်များ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သားအဖကြားက သဘောထားကွဲလွဲမှုများ၊ နာကြည်းမှုများ အားလုံးလည်း အငွေ့ပျံသွားခဲ့ပြီ။

“မျက်လုံးဖွင့်ကြည့်ပါဦး... သမီး ရှောင်ယွင်လေ...”

သို့သော် ယန်ရီဇီထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိတော့ပေ။

ဆုမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ယန်ရီဇီ၏ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်၏။

ဒီအာမခံ ခရီးစဉ် ပြီးဆုံးသွားသည့်နောက် ညနေပိုင်းလောက်တွင် ဆုမို၏ 'စနစ်' က လုပ်ဆောင်ချက်များ ပြီးစီးသွားခဲ့သည်။ ရလဒ်အနေဖြင့် အလွန်အစွမ်းထက်သော ကျင့်စဉ်တစ်ခုကို သူ ရရှိခဲ့လေသည်။

ရွှေခေါင်းလောင်း အကာအကွယ်။

ဆုမိုသည် (၁၂) ဆင့်မြောက် 'မဟာပြီးပြည့်စုံခြင်း' အဆင့်သို့ တန်းရောက်သွားခဲ့၏။ သို့သော် အချိန်မရသဖြင့် အပြည့်အဝ မကျင့်ကြံရသေးပေ။

ယခု ယန်ရီဇီ၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ဆုမိုသည် ရွှေခေါင်းလောင်း အကာအကွယ် (၁၂) ဆင့်မြောက်တွင် ပါဝင်သည့် ကုသခြင်း နည်းစနစ်ကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။

အောင်မြင်မည် မသေချာသော်လည်း၊ ကောက်ရိုးတစ်မျှင် ဖမ်းဆွဲသည့် သဘောဖြင့် စမ်းသပ်ကြည့်ရခြင်း ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း အပြင်ဘက်တွင် ရွှမ်ဟူမျှော်စင်မှ ဆေးဆရာ ရှိနေသေးသည် မဟုတ်ပါလော။

သို့သော် အတွင်းအား စီးဆင်းသွားသည်နှင့် ဆုမို ရုတ်တရက် ရပ်တန့်သွား၏။

ယန်ရီဇီသည် သေဆုံးနေပြီဟု ထင်ရသော်လည်း၊ အတွင်းအား ဝင်ရောက်သွားသောအခါ သူ၏ သွေးခုန်နှုန်းက ရုတ်တရက် ခုန်တက်လာသည်ကို တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ဆုမိုသည် အတွင်းအားကို အသုံးပြုပြီး သွေးကြောမကြီး (၈) ခုနှင့် ပင်မသွေးကြော (၁၂) ခုကို လှည့်ပတ်ပေးလိုက်၏။ ယန်ရီဇီ၏ သွေးခုန်နှုန်းက ပိုမို အားကောင်းလာလေသည်။

“ဒါက...”

ဆုမို အံ့ဩသွားမိ၏။ ယန်ရှောင်ယွင်ကို ရှင်းပြနေရန် အချိန်မရှိသဖြင့် သူမကို ဆွဲယူပြီး ချက်ချင်း အဝေးသို့ ပျံထွက်သွားလိုက်၏။

“အဖေ... အဖေ..”

ယန်ရှောင်ယွင်က အော်ဟစ်နေဆဲပင်။ ဆုမိုက သူမ၏ ပါးစပ်ကို အမြန် ပိတ်လိုက်ရ၏။

“ဦးလေးယန် မသေဘူး... တစ်ခုခု မှားနေတယ်”

စိတ်များ ရှုပ်ထွေးနေသော်လည်း ဆုမို၏ စကားကြောင့် ယန်ရှောင်ယွင် အံ့ဩသွားပြီး ဆုမိုကို လှမ်းကြည့်လိုက်လေသည်။

သို့သော် ဆုမိုက အခန်းထဲရှိ ယန်ရီဇီကိုသာ စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမလည်း အမြန် ပြန်လှည့်ကြည့်လိုက်မိ၏။

သူတို့ မြင်လိုက်ရသော မြင်ကွင်းကား...

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ယန်ရီဇီက ရုတ်တရက် အသက်ပြင်းပြင်း ရှူရှိုက်ပြီး ချောင်းများ ဆက်တိုက် ဆိုးလာခြင်းပင်။

ယန်ရှောင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။ စောစောကမှ သေဆုံးနေပြီဟု ထင်ရသော ဖခင်ဖြစ်သူက ရုတ်တရက် ထထိုင်ပြီး အသက်လုရှူနေသည် မဟုတ်ပါလော။

“အဆိပ်သုံးမျိုးမှုန့်က တကယ် ပြင်းတာပဲကွာ... တကယ်လို့သာ ခေါင်းဆောင်ယန် ကြိုမတွေးထားရင် ..တကယ် သေသွားလောက်တယ်”

ထိုစကားသံ ထွက်ပေါ်လာသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ မျက်လုံးများ ထပ်မံ ပြူးကျယ်သွားရပြန်သည်။

ဒါ... ယန်ရီဇီ၏ အသံ မဟုတ်ပေ။

ဟို ဇီယန်ဂိုဏ်းမှ ပညာရှင်ကြီး၏ အသံ ဖြစ်နေလေသည်။

ထိုလူက ခေါင်းငုံ့ပြီး ပါးစပ်ထဲမှ အဖြူအမည်း ဆေးလုံးတစ်လုံးကို ထွေးထုတ်လိုက်သည်ကို သူတို့ တွေ့လိုက်ရ၏။

“ရွှမ်ဟူမျှော်စင်က တပည့်တွေ ပျောက်နေတာ ကြာပြီ... ကံကောင်းလို့ အခု သိုင်းလောကထဲမှာ မျိုးဆက်သစ် တစ်ယောက် ရောက်လာတာ...”

“တကယ့် တိုက်ဆိုင်မှုပဲ... ပြီးတော့ ကံကောင်းချင်တော့ ဘယ်သူမှ ငါ့လှည့်ကွက်ကို ရိပ်မိမသွားကြဘူး”

“ဒါပေမယ့် သံမဏိသွေး အာမခံဌာနနဲ့ ရွှမ်ဟူမျှော်စင်က ဘယ်တုန်းကမှ မပတ်သက်ဖူးဘူး ဆိုတော့... ငါ သိပ်စိတ်ပူစရာ မလိုပါဘူး”

“'ယင်ယန် ပြန်လည်မွေးဖွားခြင်း ဆေးလုံး' က အဆိပ်အားလုံးကို ဖြေနိုင်တယ် ဆိုတာ တကယ်ပဲကိုး...”

“ငါ့ကို ဒီလောက်မြန်မြန် ပြန်နှိုးလာလိမ့်မယ်လို့ မထင်ထားဘူး... မျှော်လင့်ထားတာထက် ပိုမြန်နေတယ်”

“ကံဆိုးတာက လျိုယွင်က ပါးစပ်လုံလွန်းတယ်... ခေါင်းဆောင်ယန် ပြောတာ မှန်တယ်... အဲ့ဒီလို လူစားမျိုးကို နှိပ်စက်ညှဉ်းပန်းလည်း အလကားပဲ... မြွေကို တွင်းထဲက ထွက်လာအောင် မျှားခေါ်တာက အကောင်းဆုံး နည်းလမ်းပဲ”

“ဒီလောက်ထိ ကြိုးစားထားရတာ... အလကား မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့”

ပြောပြီးသည်နှင့် သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး အင်္ကျီထဲမှ နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

“'လောကီစည်း စွန့်ခွာခြင်း (၇) ရက်' ဆေးလုံး... ဟူး... နောက်ထပ် (၇) ရက်လောက် ထပ်သေနေရဦးမယ်... အလုပ်ရှုပ်လိုက်တာကွာ”

ပြောပြီးသည်နှင့် သူက အဖြူအမည်း ဆေးလုံးကို အိတ်ထဲ ပြန်ထည့်ကာ ဆေးလုံးအသစ်ကို မျိုချလိုက်လေသည်။

ခဏအကြာတွင် ခြေလက်များ ဆန့်တန်းပြီး နောက်ပြန် လဲကျသွားပြန်လေသည်။

သူ... ပြန်သေသွားချေပြီ။

“...”

“...”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မည်သို့သော မျက်နှာထားမျိုး လုပ်ရမှန်း မသိတော့ပေ။

သေလိုက် ရှင်လိုက်နှင့် ကစားနေကြခြင်းလော။

စောစောက ဤခြံဝင်းထဲမှ ထွက်ပြေးသွားသော လျိုယွင် စာပေပညာရှင်နှင့် အနက်ရောင်ဝတ် လူကို ပြန်လည် စဉ်းစားမိလိုက်ကြ၏။

ဆုမိုက ယန်ရှောင်ယွင်ကို အလိုလို လှမ်းကြည့်လိုက်မိ၏။

ယန်ရှောင်ယွင်ကလည်း ဆုမိုကို ပြန်ကြည့်လိုက်၏။ သူတို့ နှစ်ယောက်၏ မျက်လုံးများထဲတွင် အဖြေတစ်ခု ပြိုင်တူ ပေါ်လာလေသည်။

“တကယ်ပဲ သူ ဖြစ်နေတာကိုး...”

ဤလူက ယန်ရီဇီ မဟုတ်ဘူး ဆိုပါက... ယန်ရီဇီ အစစ်က ဘယ်ရောက်နေသနည်း။

ဟို အနက်ရောင်ဝတ် လူ၏ ဇာတ်ရုပ်မှာ ယခုမှ ကွင်းကွင်းကွက်ကွက် ပေါ်သွားတော့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့နှစ်ဦး အခန်းထဲသို့ ပြန်ဝင်သွားကြလေ၏။

'ယန်ရီဇီ' ၏ 'အလောင်း' ကို သေချာ စစ်ဆေးကြည့်သောအခါ လုံးဝ သေဆုံးနေသကဲ့သို့ ဖြစ်နေသည်။ အသက်ငွေ့ လုံးဝ မကျန်တော့ချေ။

သို့သော် စောစောက ပြောခဲ့သော 'လောကီစည်း စွန့်ခွာခြင်း (၇) ရက်' ဆိုသည့် စကားအရ ဒါသည် (၇) ရက်ခန့် သေချင်ယောင်ဆောင်နိုင်သော ဆေးစွမ်းကောင်း တစ်မျိုး ဖြစ်တန်ရာ၏။

ခြုံငုံကြည့်လိုက်လျှင်... ဤအကွက်များ အားလုံးကို ယန်ရီဇီ ကိုယ်တိုင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သေချာသွားလေသည်။

“သွားကြစို့...”

ဆုမို အချိန်မဆွဲတော့ပေ။ ယန်ရှောင်ယွင်ကို ဆွဲပြီး အိမ်ထဲမှ ပျံထွက်သွားလိုက်၏။ ခုန်တစ်ချက်ဖြင့် ခေါင်မိုးပေါ်သို့ ရောက်ရှိသွား၏။

ခဏအကြာတွင် ကျန်းရှောင်ရှောင် ရှိသောနေရာသို့ ပြန်ရောက်သွားသည်။ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်ကို တစ်ဖက်စီ ဆွဲပြီး လျိုယွင် စာပေပညာရှင်နှင့် အနက်ရောင်ဝတ် လူ ထွက်ပြေးသွားသော ဘက်သို့ အမြန်ဆုံး လိုက်ပါသွားကြလေတော့သည်။

ယန်ရီဇီသည် လူစားထိုးခြင်း၊ သေချင်ယောင်ဆောင်ခြင်းတို့ကို လုပ်ဆောင်ပြီး အကွက်ကျကျ စီစဉ်ခဲ့သည်မှာ လျိုယွင် စာပေပညာရှင်ကို တွင်းအောင်းရာမှ ထွက်လာအောင် မျှားခေါ်ရန်သာ ဖြစ်၏။

ယခုအချိန်တွင် လျိုယွင် စာပေပညာရှင်သည် သူလိုချင်သော အရာကို ရသွားပြီ ဖြစ်၍ ကျေနပ်နေလောက်ပေပြီ။

ဤလူ (၂) ယောက်နောက်သို့ လိုက်သွားရုံဖြင့် သူတို့၏ ရည်ရွယ်ချက်က ဘာလဲ ဆိုသည်ကို သိရှိရတော့မည် ဖြစ်သည်။

လွန်ခဲ့သော နှစ် (၂၀) က ဇီယန် အာမခံဌာန သယ်ဆောင်ခဲ့သည့် မန်ဒရင်းဘဲစာရင်း ကနေ စတင်၍... ယခု လက်ရှိ ဖြစ်ပျက်နေသော လျှို့ဝှက်ချက်များ အထိ... အနည်းဆုံးတော့ ရှင်းလင်းချက် တစ်ခု ရလာတော့မည်မှာ သေချာလှပေသည်။

အခန်း (၂၆၉) - မင်း ဘယ်သွားမလို့လဲ…

~လျိုယွင် စာပေပညာရှင်နှင့် အနက်ရောင်ဝတ် လူ...

သူတို့နှစ်ဦးစလုံးသည် ကိုယ်ဖော့ပညာ အလွန်ကောင်းမွန်သော သိုင်းပညာရှင်များ ဖြစ်ကြ၏။

သူတို့က လေကိုခွင်းလျက် လျင်မြန်စွာ ပြေးလွှားနေကြရာ သာမန်လူတစ်ယောက်အနေဖြင့် လိုက်မီရန် မလွယ်ကူပေ။

ဆုမို ဘက်တွင်လည်း အခက်အခဲ ရှိနေသည်။ ကျန်းရှောင်ရှောင် သည် သူမ၏ ခန္ဓာကိုယ် အလေးချိန်ကြောင့် ကိုယ်ဖော့ပညာနှင့် လိုက်ပါရန် လုံးဝ မဖြစ်နိုင်ချေ။

သို့သော် ဤဖက်တီးမလေးကို ဟောက်ရန်မြို့တွင် ထားခဲ့ပါက ငတ်သေသွားမှာ စိုးရိမ်ရသည်။ ထို့ကြောင့် သူမကိုပါ အတူတူ ဆွဲခေါ်လာခဲ့ရသည်။

ကံကောင်းသည်မှာ ဆုမို၏ 'နတ်ဘုရား အသွင်ပြောင်း' ပညာသည် လျှပ်စီးပမာ လျင်မြန်လှ၏။

ကျန်းရှောင်ရှောင်သည် အံ့ဩစရာကောင်းလောက်အောင် လေးလံသော်လည်း၊ ဆုမို၏ ခွန်အားမှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။

ထို့ကြောင့် လက်တစ်ဖက်ဖြင့် ယန်ရှောင်ယွင်ကို ဖက်ထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် ကျန်းရှောင်ရှောင်ကို ဆွဲကာ ပြေးလွှားနေသော ဆုမို၏ ပုံရိပ်သည် အမှောင်ထုထဲတွင် ရေပြင်ညီ မျဉ်းကြောင်းတစ်ကြောင်း ပြေးဆွဲနေသည့်နှယ်။

အစောပိုင်းတွင် အချိန်ကြန့်ကြာခဲ့သော်လည်း ဆုမိုသည် သူတို့သွားရာ လမ်းကြောင်းအတိုင်း ဆက်လက် လိုက်ပါလာခဲ့သည်။ အရုဏ်တက်ချိန် ရောက်မှသာ သူတို့၏ ခြေရာကို ပြန်ကောက်နိုင်ခဲ့ပါ၏။

မြေပုံကို ကြည့်ရင်း ဆက်လိုက်လာခဲ့ရာ နေထွက်ချိန် ရောက်မှသာ အနက်ရောင်ဝတ် လူ၏ လှုပ်ရှားမှုကို ပြန်လည် မြင်တွေ့လိုက်ရသည်။

ယခုအခါ ဆုမိုသည် သူတို့၏ နောက်ကျောဘက် ကပ်လျက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် အနီးကပ် မကပ်ရဲသေးပေ။

အနက်ရောင်ဝတ် လူ၏ ဇာတ်ရုပ်ကို ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အတည်ပြုနိုင်သလောက် ရှိနေပြီ။ သူသည် ယန်ရီဇီ ဖြစ်တန်ရာ၏။

သို့သော် သိလေလေ ပိုသတိထားရလေပင်။

ယန်ရီဇီသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် သမီးဖြစ်သူ ယန်ရှောင်ယွင်ကို စွန့်ပယ်ရန်ပင် ဝန်မလေးခဲ့ပေ။

အကယ်၍ သူတို့က ဝမ်းသာအားရ ပြေးထွက်သွားပြီး အသိအမှတ်ပြုလိုက်လျှင်... ထိုအနက်ရောင်ဝတ် လူသည် ယန်ရီဇီ အမှန်တကယ် ဖြစ်နေပါက... သူသည် အစီအစဉ်အားလုံးကို ဖျက်သိမ်းပြီး ထွက်ပြေးသွားနိုင်သည်။

ထိုသို့ဆိုလျှင် သူတို့၏ ကြိုးစားမှုများ အားလုံး အလဟဿ ဖြစ်သွားမည် မဟုတ်ပါလော။

လီစစ်ယွင်နှင့် ယန်ရီဇီတို့ နှစ်ဦးစလုံးတွင် တူညီသော သဘောတူညီချက် တစ်ခု ရှိနေသည်။

ထိုအရာမှာ ဆုမိုကို ဤကိစ္စထဲသို့ မဆွဲထည့်ရန် ဖြစ်ပါ၏။

သို့သော် အစောပိုင်းက နားလည်မှု လွဲမှားခြင်း တစ်ခုကြောင့် လီစစ်ယွင်သည် ဆုမိုကို ဤအာမခံ ခရီးစဉ်တွင် ပါဝင်စေခဲ့သည်။

သူ့အမှားကို သိလိုက်ရသောအခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန်ပင် ဝန်မလေးခဲ့ပေ။

ယန်ရီဇီသည်လည်း ဟောက်ရန် ကျောင်းတော်တွင် ကြီးကျယ်သော ပြဇာတ်တစ်ပုဒ်ကို ကပြခဲ့သည်။

ယခုအချိန်မှစ၍ ဆုမို အားလုံးကို နားလည်သဘောပေါက်သွားတော့၏။

'ရွှေကျောက်စိမ်းကတော့'ကိစ္စမှ စတင်၍ ယန်ရီဇီသည် ဤအရာများ အားလုံးတွင် ပါဝင်ပတ်သက်နေခဲ့ပုံ ရသည်။

လီစစ်ယွင် ပြောဖူးသည်မှာ ရွှေကျောက်စိမ်းကတော့နှင့် မန်ဒရင်းဘဲစာရင်းသည် ဆက်စပ်နေသည် ဟူ၏။

မန်ဒရင်းဘဲစာရင်း မရှိဘဲ ရွှေကျောက်စိမ်းကတော့ တစ်ခုတည်း ရှိနေခြင်းက အသုံးမဝင်ပေ။

လူအများစုအတွက် ရွှေကျောက်စိမ်းကတော့သည် ကောင်းကင်ဓားဂိုဏ်းတွင် ရှိနေသည် ဆိုသော အချက်မှာ လျှို့ဝှက်ချက် မဟုတ်တော့။

ထို့ကြောင့် မန်ဒရင်းဘဲစာရင်း ရှိသော နေရာကို သိမှသာလျှင် ရွှေကျောက်စိမ်းကတော့ကို လှုပ်ရှားနိုင်မည် ဖြစ်သည်။

ဒါဆို... မန်ဒရင်းဘဲစာရင်း ဘယ်မှာ ရှိနေသလဲ ဆိုတာကို ဘယ်သူ သိနိုင်မည်လဲ။

လွန်ခဲ့သော နှစ် (၂၀) က ဆုထျန်းယန် နှင့် ယန်ရီဇီတို့သည် မန်ဒရင်းဘဲစာရင်းကို ယွီမိသားစု ထံ ပို့ဆောင်ပေးခဲ့ကြ၏။

ထို့နောက်ပိုင်းတွင် အကြောင်းစုံကို မသိရသော်လည်း မန်ဒရင်းဘဲစာရင်းသည် လီစစ်ယွင်၏ လက်ထဲတွင် အမြဲရှိနေခဲ့သည်။

ဆုထျန်းယန်၊ ယန်ရီဇီနှင့် လီစစ်ယွင်တို့ကြားက ရှုပ်ထွေးသော ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့်...

ယန်ရီဇီသည် မန်ဒရင်းဘဲစာရင်း ရှိရာနေရာကို သိနေနိုင်ခြေ (၉၀) ရာခိုင်နှုန်းခန့် ရှိပေသည်။

သို့မဟုတ်ပါက အဖြစ်အပျက်များ ပြီးဆုံးပြီးနောက် လီစစ်ယွင်သည် မန်ဒရင်းဘဲစာရင်းကို ယန်ရီဇီလက်ထဲသို့ ထည့်ပေးလိုက်မည် မဟုတ်ချေ။

သူ့အတွက် ယန်ရီဇီသည် အလွန် ယုံကြည်ရသော သူတစ်ယောက် ဖြစ်နေ၍သာ ဤမျှ အရေးကြီးသော ကိစ္စကို လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။

သည်အချက်က တုန်လှုပ်ဖွယ်ရာ ဖြစ်နိုင်ခြေတစ်ခုကို ဖော်ပြနေလေ၏။

မန်ဒရင်းဘဲစာရင်း ရှိနေသော နေရာကို ယန်ရီဇီ ကိုယ်တိုင် သတင်းဖြန့်ခဲ့ခြင်း ဖြစ်နိုင်သည်။

ရည်ရွယ်ချက်ကတော့ မန်ဒရင်းဘဲစာရင်းကို ရယူပြီး ယနေ့ညကဲ့သို့ ဗျူဟာခင်းရန်ပင်။

ဟောက်ရန် ကျောင်းတော်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး၊ ရွှမ်ဟူမျှော်စင် မှ တပည့်များနှင့် ဇီယန်ဂိုဏ်း မှ ပညာရှင်များကို နယ်ရုပ်များအဖြစ် အသုံးချကာ...

မန်ဒရင်းဘဲစာရင်းကို ငါးစာအဖြစ် သုံးပြီး ငါးမျှားတံ တစ်ချောင်းကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူသည် လျိုယွင် စာပေပညာရှင်ကို မျှားခေါ်နိုင်ခဲ့သည်။

ယခုအခါ ယန်ရီဇီသည် ငါးကြီး၏ အမြီးကို ဖမ်းမိထားပြီ ဖြစ်သည်။

သို့တိုင်၊... ဒီဇာတ်လမ်းက သူ ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ဆုမို ခံစားနေရပါသည်။

အကယ်၍ တန်ဖိုးကြီးသော ငါးစာတစ်ခုကို ရှာဖွေရုံသက်သက် ဆိုပါက... မန်ဒရင်းဘဲစာရင်း အကြောင်း ကောင်းကောင်း သိနားလည်ထားသော ယန်ရီဇီ အနေဖြင့်...

မန်ဒရင်းဘဲစာရင်း အတုတစ်ခုကို လွယ်ကူစွာ ဖန်တီးနိုင်သည်သာ။

အစစ်နှင့် ခွဲမရအောင် တူသော အတုကို သုံးပြီး လျိုယွင် စာပေပညာရှင်ကို လှည့်စားကာ ဖမ်းဆီးနိုင်သည် မဟုတ်ပါလော။

ဘာကြောင့်များ အစစ်ကို ထုတ်သုံးပြီး စွန့်စားရသနည်း။

ယခု လျိုယွင် စာပေပညာရှင် နောက်သို့ လိုက်နေခြင်းသည် သုံးပါးအစွန်းရောက်ဂိုဏ်း ကို ရှာဖွေရန် သက်သက်ပဲလား။

ဒီကိစ္စမှာ ဆုမိုအတွက် မရှင်းလင်းသော အချက် (၃) ချက် ရှိနေသေးသည်။

ပထမအချက် - လွန်ခဲ့သော နှစ် (၂၀) က မန်ဒရင်းဘဲစာရင်း၊ ယွီမိသားစု၊ ဆုထျန်းယန်နှင့် ထုန်းယွင် တို့ကြားတွင် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

ဒီအချက်အတွက် အဖြေက မကြာခင် ပေါ်လာတော့မည်။

ဒုတိယအချက် - ရွှီရော့ရှန် ၏ သေဆုံးမှု။

ရွှီရော့ရှန်သည် ဟောက်ရန် ကျောင်းတော် နယ်မြေဖြစ်သော တုန်းချန်တွင် သေဆုံးခဲ့ရသောကြောင့် ယန်ရီဇီက ဟောက်ရန် ကျောင်းတော်တွင် အခြေချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ ဒီလူရဲ့ သေဆုံးမှုက တိုက်ဆိုင်မှု သက်သက်ပဲလား။

ယန်ရီဇီက ဒီလိုကိစ္စအတွက်နှင့် ယုံကြည်ရသော လက်ရုံး တစ်ယောက်ကို သတ်ပစ်လိမ့်မည်ဟု ဆုမို မယုံကြည်နိုင်ပေ။

ဒီကိစ္စ၏ နောက်ကွယ်တွင် ပိုမို နက်ရှိုင်းသော လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။

တတိယအချက် - ဝူတောက်ယို။

လူတိုင်း သိထားကြသည်မှာ ယန်ရီဇီသည် လော့ရှားမြို့ မှ တုန်းချန်သို့ လာရောက်ခြင်းသည် ဝူတောက်ယိုနှင့် တုန်းချန် ဂိုဏ်းများကို မိတ်ဆက်ပေးရန် ဖြစ်သည်။

ဤနည်းအားဖြင့် လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ အရှေ့ဘက် နယ်မြေချဲ့ထွင်မှုကို လမ်းကြောင်းသစ် တစ်ခု ဖွင့်ပေးရန် ရည်ရွယ်၏။

သို့ရာတွင်၊ ဘာလို့ ဝူတောက်ယိုကို ဟောက်ရန် ကျောင်းတော်မှာ မတွေ့ရသနည်း။

ဒီလူ ဘယ်ရောက်သွားသနည်း။

ကြည့်ရတာ သာမန်ကိစ္စဟု ထင်ရသော်လည်း၊ ရည်မှန်းချက် ကြီးမားသော ယန်ရီဇီ အနေဖြင့် အဓိပ္ပာယ်မရှိသော လုပ်ရပ်များကို မလုပ်နိုင်ပေ။

ထို့ကြောင့် ယန်ရီဇီ၏ ခရီးစဉ်သည် ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ဆုမို ခံစားနေရခြင်း ဖြစ်သည်။

...

...

ဆုမို၏ သံသယများ မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပင်။

လျိုယွင် စာပေပညာရှင်သည် 'အဓိက အစီအရင်' ရှိရာသို့ ဦးတည်မသွားဘဲ၊ မန်ဒရင်းဘဲစာရင်းကို မည်သူ့ထံမှလည်း သွားမပေးပေ။

ထိုအစား သူသည် ခရီးတစ်လျှောက်လုံး အဝတ်အစားများ လဲလှယ်ရင်း တရကြမ်း ပြေးလွှားနေတော့သည်။

အခန်း (၂၇၀) - အခန်း (၁၅၈) - မင်း ဘယ်သွားမလို့လဲ (အပိုင်း ၂)

လျိုယွင် စာပေပညာရှင် သည် ခေါင်းပေါ်မှ ပညာရှင်ဦးထုပ်ကို ဖြေချလိုက်၏။ ရှည်လျားသော ဆံပင်ရှည်များကို နောက်သို့ သပ်တင်လိုက်ပြီး သပ်ရပ်သော ဆံထုံးတစ်ခု ထုံးလိုက်၏။ ထို့နောက် ကျောက်စိမ်းသရဖူကို ဆောင်းလိုက်ပြီး ကျောက်စိမ်းဆံထိုးဖြင့် သေချာစွာ ထိုးလိုက်သည်။

ပညာရှင်ဝတ်ရုံ၏ အောက်တွင် သပ်ရပ်လှပသော သိုင်းဝတ်စုံတစ်စုံကို ကြိုတင် ဝတ်ဆင်ထားပြီး ဖြစ်သည်။

သူသည် ပညာရှင်ဝတ်ရုံကို နှင်းပုံထဲသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်ပြီး၊ အင်္ကျီလက်ကြားထဲမှ ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူကာ ခါးတွင် ချိတ်ဆွဲလိုက်လေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် စာပေပညာရှင် တစ်ယောက်အဖြစ်မှ သူရဲကောင်း သိုင်းသမား တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

သူသည် မြေကြီးနှင့် မထိသည့်နှယ် လျင်မြန်သော ခြေလှမ်းများဖြင့် အစွမ်းကုန် ပြေးလွှားနေသည်။

ယန်ရီဇီဟု သံသယရှိရသော အနက်ရောင်ဝတ် လူသည်လည်း အလွန်နက်ရှိုင်းသော အတွင်းအားကို ပိုင်ဆိုင်ထား၏။ အထူးသဖြင့် ကိုယ်ဖော့ပညာတွင် ထူးခြားပြောင်မြောက်လှသည်။

ခရီးတစ်လျှောက်လုံးတွင် လျိုယွင် စာပေပညာရှင် နားပြီး တရားထိုင်ချိန်၌ သူသည်လည်း နားပြီး တရားထိုင်လေ့ ရှိသည်။ လျိုယွင် စာပေပညာရှင် ခရီးဆက်လျှင် သူသည်လည်း ချက်ချင်း ထလိုက်လေ့ ရှိ၏။

သို့သော် တရားထိုင်ချိန်မှာ ခဏလေးသာ ဖြစ်ပြီး၊ ခရီးဆက်ရသည့် အချိန်က ပိုများသည်။

ပြောရလျှင် သူတို့သည် လုံးဝ မအိပ်၊ မနားသလောက်ပင် ဖြစ်နေ၏။

နောက်ဆုံးတွင် ဆုမို ရှိနေသည်။

ရှေ့က လူနှစ်ယောက်လုံးသည် သိုင်းလောက ဝါရင့်များ ဖြစ်ကြ၏။ ဆုမိုမှာ ယန်ရှောင်ယွင် နှင့် ကျန်းရှောင်ရှောင် တို့ကိုပါ ခေါ်ထားရသေးသည်။

ထို့ကြောင့် သဘာဝကျကျပင် သူသည် အနီးကပ် မကပ်ရဲပေ။

သိုင်းလောက ကျွမ်းကျင်သူများ၏ အာရုံခံစားမှုသည် အလွန်ထက်မြက်လှသည်။ သတိလက်လွတ် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သံသယဝင်သွားနိုင်သည်။

ဆုမို၏ အတွင်းအားမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်၍ သူ မပူပေ။

သို့သော် ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့မှာမူ လိုအပ်ချက်များ ရှိနေသေး၏။

ထို့ကြောင့် ဆုမိုသည် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလိုက်၏။ ဤသို့ဖြင့် (၃) ရက် တိတိ ကြာမြင့်သွားလေသည်။

ဆုမို ကိုယ်တိုင်မှာမူ အားအင်များ ပြည့်ဝနေဆဲပင်။ မည်သည့် အနှောင့်အယှက်မှ မဖြစ်သည့်အပြင်၊ ဤမျှ လိုက်လံဖမ်းဆီးနေသည့် ကာလအတွင်း သူ၏ ခန္ဓာကိုယ်ထဲရှိ (၁၂) ဆင့်မြောက် 'ရွှေခေါင်းလောင်း အကာအကွယ်' ကိုပင် ပေါင်းစပ် ကျင့်ကြံနိုင်ခဲ့လေသည်။

သူ၏ အတွင်းအားမှာ ချက်ချင်းဆိုသလိုပင် ပိုမို ခိုင်မာလာပြီး၊ မကုန်ခန်းနိုင်သော မြစ်ရေအလား စီးဆင်းနေတော့သည်။

ထို့အပြင် ဖျက်ဆီး၍ မရနိုင်သော ရွှေခန္ဓာကိုယ်၊ ရေမီးဒဏ် ခံနိုင်ခြင်းနှင့် အဆိပ်ပေါင်းတစ်ထောင်ကို ဖြေနိုင်ခြင်း စသည့် ထူးခြားသော စွမ်းရည်များကိုပါ ရရှိလာခဲ့သည်။

ထိုအရာများကြောင့်ပင် သူသည် (၃) ရက် ၊ (၃) ည လုံးဝ မနားဘဲ ပြေးလွှားနေသော်လည်း ပင်ပန်းနွမ်းနယ်ခြင်း မရှိပေ။

အစပိုင်းတွင် ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့မှာ အလွန်ပင်ပန်းပြီး မခံမရပ်နိုင် ဖြစ်ခဲ့ကြရ၏။

သို့သော် ဆုမိုသည် ပြေးလွှားနေရင်းမှ သူ၏ အတွင်းအားကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးပြီး သူတို့၏ အတွင်းသက်ရှူမှုကို မောင်းနှင်ပေးလိုက်သည်။

အစပိုင်းတွင် သူတို့နှစ်ဦးစလုံး မိမိတို့၏ အတွင်းသက်ရှူမှု ပိုမို အားကောင်းလာသည်ကို ခံစားလိုက်ရသည်။

နောက်ပိုင်းတွင် တည်ငြိမ်သွားပြီး၊ ဆုမို၏ အတွင်းအား စီးဆင်းနေသရွေ့ ဗိုက်ဆာခြင်းကိုပင် မခံစားရတော့ပေ။

တဖြည်းဖြည်းနှင့် သူတို့လည်း အသားကျသွားကြ၏။

ဆုမိုသည် ဤအခွင့်အရေးကို အသုံးချပြီး ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့ကို 'ချီစီးဆင်းမှု' လေ့ကျင့်ရန် သတိပေးလိုက်သည်။

ယန်ရှောင်ယွင်က ဤသို့လုပ်ခြင်းဖြင့် ဆုမို ပင်ပန်းသွားမည်ကို စိုးရိမ်ခဲ့သော်လည်း၊ သူ အမှန်တကယ် အားအင်ပြည့်ဝနေသည်ကို မြင်သောအခါမှ စိတ်အေးသွားရ၏။

သူမသည် 'တာ့ရှန် ရွှမ်ထင်း သိုင်းကျမ်း'ကို တိတ်တဆိတ် ကျင့်ကြံလိုက်ရာ၊ သူမ ကိုယ်တိုင် သတိမထားမိဘဲ အတွင်းအားများ တစ်ဟုန်ထိုး တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။

ပုံမှန်အားဖြင့် အတွင်းအား တိုးတက်ရန်အတွက် ငြိမ်သက်စွာ ထိုင်ပြီး၊ မိမိ ဂိုဏ်း၏ အတွင်းအား သင်ကြားမှုများနှင့်အညီ 'လှည့်ပတ်ခြင်း' ကို ပြုလုပ်ရ၏။

လူတစ်ဦးချင်းစီအလိုက်၊ ဂိုဏ်းအသီးသီးတွင် ကိုယ်ပိုင် နည်းလမ်းများ ရှိကြသည်။

ဂိုဏ်းတစ်ခုစီတွင် ထူးခြားသော ချီစီးဆင်းမှု လမ်းကြောင်းများ ရှိပြီး ရလဒ်များလည်း ကွဲပြားကြ၏။

ကမ္ဘာပေါ်တွင် သိုင်းပညာပေါင်း မြောက်မြားစွာ ထွန်းကားနေပြီး၊ တစ်ခုစီတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြရာ 'လှည့်ပတ်ခြင်း' နည်းလမ်းများကို ယေဘုယျ သတ်မှတ်၍ မရနိုင်ပေ။

သို့သော် မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ 'ဖြောင့်မတ်သော လမ်းစဉ်'အား လိုက်စားသူတိုင်းသည် အဆင့်ဆင့် ကျင့်ကြံရမည် ဖြစ်ပြီး၊ တစ်ခါတည်း အဆင့်ကျော်၍ မရနိုင်ပေ။

ဤအထဲတွင် အကယ်၍ ဆရာသခင် တစ်ပါးက မိမိ၏ အတွင်းအားဖြင့် တပည့်၏ လှည့်ပတ်မှု အရှိန်ကို တွန်းပို့ပေးပါက၊ တစ်ကိုယ်တည်း ကျင့်ကြံခြင်းထက် များစွာသာလွန်သော ရလဒ်ကို ရရှိစေနိုင်သည်။

ဒါပေမယ့်... ဒီလို လုပ်ဖို့က လက်တွေ့မှာ အလွန် ခက်ခဲလှသည်။

အဓိက အကြောင်းရင်းမှာ ဤသို့ ပြုလုပ်နိုင်ရန် အတွင်းအား အလွန်နက်ရှိုင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။

ထို့အပြင် တွန်းပို့ပေးသူဘက်မှ ပေးဆပ်ရမှုက ကြီးမားလွန်းသည်။ ရလဒ်က နည်းပါးပြီး၊ လှည့်ပတ်မှု အနည်းငယ် လုပ်ရုံဖြင့် မိမိ၏ အတွင်းအားများ ကုန်ခန်းသွားနိုင်သည်။

မိမိ၏ အခြေခံအုတ်မြစ် ကိုလည်း ထိခိုက်စေနိုင်သည်။

ထိုသို့ ဖြစ်မည့်အစား ကိုယ့်ဘာသာ ကျင့်ကြံခိုင်းတာက ပိုကောင်းပေသည်။

ထို့ကြောင့် ဆရာနှင့် တပည့်ကြားတွင်ပင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုံးဝ မကြားဖူးသလောက် ရှားပါးလှ၏။

အတွင်းအားကို စတင် သင်ကြားပေးချိန်တွင်သာ ဆရာက မိမိ၏ စွမ်းရည်ဖြင့် တပည့်ကို ပထမဆုံးအကြိမ် လမ်းကြောင်းပြသပေးလေ့ ရှိသည်။ ၎င်းသည် 'ချီစီးဆင်းမှု နည်းစနစ်' ကို မှတ်မိစေရန် ဖြစ်သည်။

ထို့နောက်ပိုင်းတွင်မူ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရသည်သာ ဖြစ်သည်။

နောက်ထပ် အရေးကြီးသော အချက်တစ်ချက် ရှိသေးသည်။ တစ်စုံတစ်ယောက်က အတွင်းအား လှည့်ပတ်မှုကို ကူညီပေးသောအခါ၊ ထိုသူ၏ သိုင်းပညာ လျှို့ဝှက်ချက်များကို ချက်ချင်း သိမြင်သွားနိုင်သည်။

အကယ်၍ ဂိုဏ်းတူချင်း ဖြစ်ပါက သည်းခံနိုင်ကောင်းသည်။

သို့သော် ပြင်ပလူတစ်ယောက်က ရုတ်တရက် ဤနည်းလမ်းကို သုံးလာပါက၊ ထိုသူ၏ ရည်ရွယ်ချက်ကို လေးလေးနက်နက် စဉ်းစားရပေမည်။

အဘယ်ကြောင့်ဆိုသော် ဤသို့ လုပ်ဆောင်လိုက်သည်နှင့် 'ချီစီးဆင်းမှု နည်းစနစ်' ၏ လျှို့ဝှက်ချက်များ အားလုံး ပေါက်ကြားသွားမည် ဖြစ်သောကြောင့် ဖြစ်၏။

တစ်ဖက်တွင် ကူညီပေးသူ၏ အတွင်းအားများ ကုန်ခန်းပြီး အခြေခံအုတ်မြစ် ပျက်စီးနိုင်သလို၊ အခြားတစ်ဖက်တွင် ဂိုဏ်းစွဲ အယူအဆများကြောင့် ဤနည်းလမ်းကို ကျင့်သုံးသူ မရှိသလောက် ရှားပါးခြင်း ဖြစ်သည်။

သို့သော် ဤကမ္ဘာကြီးတွင် ဆုမို ကဲ့သို့သော ခြွင်းချက် လူသား တစ်ယောက် ရှိနေခဲ့လေသည်။

သူ၏ အတွင်းအားမှာ စိတ်ကူး၍ မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။

သူသည် (၃) ရက်လုံးလုံး အရူးအမူး ပြေးလွှားနေရင်း၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့၏ အတွင်းအားကို မြှင့်တင်ပေးနေသော်လည်း မည်သည့် ဝန်ထုတ်ဝန်ပိုးမှ မခံစားရပေ။

ယန်ရှောင်ယွင်၏ အတွင်းအားမှာ သဘာဝကျကျပင် လျင်မြန်စွာ တိုးတက်လာသည်။

ကျန်းရှောင်ရှောင်ကမူ ပို၍ပင် အကျိုးထူး ခံစားရ၏။

သို့သော် ယန်ရှောင်ယွင်သည် သူမဘက်မှ ဆုမိုအား ဖုံးကွယ်ထားစရာ မရှိဟု ခံယူထားသည်။ 'တာ့ရှန် ရွှမ်ထင်း သိုင်းကျမ်း' ၏ အင်္ဂါရပ်များ အားလုံးကို ဆုမို သိရှိသွားခြင်းအပေါ် ..သူမ ဂရုမစိုက်ပေ။

ကျန်းရှောင်ရှောင်ကမူ လုံးဝ ဂရုစိုက်ပုံ မရချေ။ သူမ၏ အမြင်တွင် ဆုမိုသည် သူမ၏ ဗိုက်ကို ပြည့်အောင် ကျွေးနိုင်သူ ဖြစ်သောကြောင့် အလွန် ယုံကြည်ရသူ ဖြစ်ပါသည်။

ချီလှည့်ပတ်ပေးခြင်းလောက်က အသေးအဖွဲသာ။ သူမ၏ 'ချီစီးဆင်းမှု နည်းစနစ်' ကို ဆုမို အပြည့်အဝ သိသွားလည်း ပြဿနာ မရှိဟု ယူဆထားပုံ ရ၏။

ဆုမို၏ အတွင်းအားက မိန်းမငယ်လေး၏ သွေးကြောကွက်များထဲသို့ ဝင်ရောက်သွားသော အခါမှသာ၊ သူမ အရင်က ပြောခဲ့ဖူးသော စကားများ မှန်ကန်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူမ ကျင့်ကြံထားသော သိုင်းပညာသည် တကယ်ပင် ထူးခြားဆန်းပြားလွန်းလှသည်။

သူမ၏ အတွင်းအားထဲတွင် 'အဖုအထစ်'များ ရွေ့လျားနေသကဲ့သို့ ရှိနေသည်။ သာမန်လူများ၏ ချီစီးဆင်းမှုသည် မျဉ်းကြောင်းတစ်ကြောင်း ကဲ့သို့ ဖြစ်လျှင်၊ သူမ၏ ချီစီးဆင်းမှုသည် ပုလဲဆွဲကြိုးတစ်ကုံး ကဲ့သို့ ဖြစ်နေသည်။

ကြီးလိုက် ငယ်လိုက် ဖြစ်နေသော အဖုအထစ်များသည် အစစ်အမှန်ချီ၏ ဆွဲငင်မှုကြောင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ လှည့်ပတ်နေကြ၏။

ထို့အပြင်... ဆုမို တွေ့ရှိလိုက်ရသည့် အရာမှာ... မိန်းမငယ်လေး၏ သွေးကြောကွက်များထဲတွင် မယုံကြည်နိုင်လောက်အောင် များပြားလှသော 'အစစ်အမှန်ချီ' များ သိုလှောင်ထားခြင်းပင် ဖြစ်တော့သည်။

All Chapters