အခန်း (၂၄၁၃-၂၄၁၄)
Vol. 182 Ch. 2413-2414
အခန်း(၂၄၁၃)
“ထိုက်ချင်းဘိုးဘေးက ဒီလိုပဲ သေသွားပြီလား”
လူတိုင်းက ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေကြသည်။
အားလုံးက သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင်မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။
ကျန်းချန် ကိုယ်တိုင်ပင်လျှင် အင်မော်တယ်ကျောက်တိုင် ထဲမှ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မဟာယာနအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ထိုက်ချင်းဘိုးဘေးကို အစအနပင် မကျန်ရှိအောင် တစ်ခဏအတွင်း ချေမှုန်းပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသည်က အင်မော်တယ် ကျောက်တိုင်ကို သူရရှိခဲ့သည့် နေ့မှစ၍ ယနေ့သည် ထိုကျောက်တိုင်က သူ့အလိုလို လှုပ်ရှားခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ထို့အပြင် ကျောက်တိုင်၏ သူ့အလိုလို လှုပ်ရှားခြင်းသည် ကျန်းချန်က အင်မော်တယ် ကျောက်တိုင်၏ စွမ်းအားကို လှုံ့ဆော် အသုံးပြုခြင်းထက် ဆယ်ဆကျော် ပို၍ အစွမ်းထက်၏။
မဟာယာနအဆင့်သို့ ခြေတစ်ဖက် လှမ်းထားပြီးသော ထိုက်ချင်းဘိုးဘေး ပင်လျှင် ထိုစွမ်းအား၏ ရှေ့တွင် အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ဤအချိန်တွင် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို လေ့လာသင့်သည်ဟု ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
အကယ်၍ အင်မော်တယ်ကျောက်တိုင် ထံကနေ ထိုက်ချင်းဘိုးဘေးကို သတ်ဖြတ်သကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိသွားခဲ့လျှင် အင်မော်တယ်ကျောက်တိုင်သည် အနှိုင်းမဲ့ လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။
ထိုသို့ဖြစ်လာခဲ့လျှင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူဖြစ်စေ၊ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ဖြစ်စေ အင်မော်တယ်ကျောက်တိုင်၏ ရှေ့တွင် ချေမှုန်းခံရရုံသာ ရှိတော့သည်။
ထိုအချိန်သို့ရောက်လျှင် သူသည် နတ်ဘုရားနယ်မြေထဲတွင် စိတ်ကြိုက် လျှောက်သွားနိုင်လိမ့်မည် ဖြစ်၏။
“မိတ်ဆွေလေးကျန်းချန်ရဲ့ လက်ထဲက ကျောက်တိုင်က အစွမ်းထက်လှချည်လား”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ဝူကျန့်ထျန်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
သူက ထိုက်ချင်းဘိုးဘေးနှင့် အစောပိုင်းလေးတင် တိုက်ခိုက်ခဲ့သူ ဖြစ်၍ မဟာယာနအဆင့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည့် ထိုက်ချင်းဘိုးဘေး၏ ခွန်အားက မည်မျှကြောက်မက်ဖွယ်ရာကောင်းမှန်း မည်သူ့ထက်မဆို ပို၍ သိထားခဲ့သည်။
သို့သော်လည်း ကျန်းချန် အသုံးပြုလိုက်သော ဆန်းကြယ်သည့် ကျောက်တိုင်သည် အထွတ်အထိပ် နတ်စွမ်းအားများကို ထုတ်ဖော်ကာ ထိုက်ချင်းဘိုးဘေး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကိုပါ အလွယ်တကူ သုတ်သင်ပစ်လိုက်၏။
နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီလာ သန္ဓေတာအို နတ်လက်နက်များ ပင်လျှင် ထိုကဲ့သို့သော စွမ်းအားမျိုး ရှိနိုင်ပါ့မလားဟု သူသံသယဝင်မိသည်။
“ထိုက်ချင်းဘိုးဘေး.. ကျဆုံးသွားခဲ့ပြီလား”
မုချင်းစန်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့သည်။
သူ၏ မျက်နှာက မိဘသေဆုံးသွားသော သားတစ်ယောက်နှယ် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။
အစောပိုင်းကပင် အင်မော်တယ်တိုက်၏ ပြိုင်ဘက်ကင်းကျင့်ကြံသူ ဖြစ်သည့် ဝူကျန့်ထျန်းကို ပြန်မတိုက်နိုင်အောင် ဖိအားပေးနိုင်ခဲ့သော ထိုက်ချင်းဘိုးဘေးသည် ကျန်းချန်၏ ကျောက်တိုင် လက်ချက်ဖြင့် ဤမျှ အလွယ်တကူ သုတ်သင်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အင်မော်တယ် ကျင့်ကြံသူ အများအပြားသည် ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့ကုန်ကြသည်။
မဟာယာနအဆင့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည့် ထိုက်ချင်းဘိုးဘေးပင်လျှင် ကျန်းချန်၏ ဆန်းကြယ်သော လက်ချက်ဖြင့် သုတ်သင်ခံလိုက်ရပြီ ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါတော့မည်နည်း။
ဤတစ်ခေါက်တွင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကသည် လုံးဝ အဆုံးသတ်သွားခဲ့ချေပြီ။
“ဝူကျန့်ထျန်း ဒီနေ့တိုက်ပွဲမှာ မင်းအနိုင်ရတယ်.. အခုကစပြီး ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက သိုင်းပညာကျင့်ကြံခြင်းလောက ဆီမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်.. မင်းဘယ်လိုသဘောရလဲ”
မုချင်းစန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဝူကျန့်ထျန်းကို အလျင်အမြန် ပြောလိုက်သည်။
ထိုက်ချင်းဘိုးဘေး ကျဆုံးသွားပြီးနောက်တွင် အင်မော်တယ်ကျင့်ကြံခြင်းလောက၌ ကြီးမားသော ဝှက်ဖဲ မရှိတော့သဖြင့် သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
လက်ရှိ အချိန်တွင် သိုင်းပညာ ကျင့်ကြံခြင်းလောကထံ အညံ့ခံမှသာ သူတို့အနေဖြင့် အသက်ရှင်သန်ခွင့် ရရှိမည်ဖြစ်ပြီး တိတ်တဆိတ် အင်အားစုဆောင်းကာ ပြန်လည် ထကြွနိုင်ရန် အခွင့်အရေး ရနိုင်လိမ့်မည် ဖြစ်သည်။
သို့မဟုတ်လျှင် ယနေ့တွင် သူတို့ အင်မော်တယ်ကျင့်ကြံခြင်းလောကသည် လုံးဝ ပျက်စီးသွားပေလိမ့်မည်။
“စိတ်မကောင်းပါဘူး.. အဲဒီအချိန်တုန်းက ငါတို့ သိုင်းပညာ ကျင့်ကြံခြင်း လောကဘက်က ပေါ့ဆပြီး ခင်ဗျားတို့ကို အသက်ရှူဖို့ အခွင့်အရေးပေးခဲ့မိတဲ့ အတွက် ခင်ဗျားတို့တွေ ဒီနေ့အထိ ကြီးထွားလာခဲ့တာပဲ”
ဝူကျန့်ထျန်းက အေးစက်စက် ပြောလိုက်သည်။
“ဒီနေ့ပြီးရင် အင်မော်တယ်တိုက်မှာ အင်မော်တယ် ကျင့်ကြံသူတွေ တစ်ယောက်မှ မရှိစေရဘူး”
တောမီးဆိုသည်မှာ အကုန်အစင် မငြိမ်းသတ်နိုင်လျှင် လေတိုက်သည်နှင့် ပြန်လည် လောင်ကျွမ်းလာတတ်သည်။
ထိုစဥ်က သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အခွင့်အရေးပေးခဲ့မိ၍ အင်မော်တယ် ကျင့်ကြံသူများ ထွန်းကာလာခဲ့ခြင်း ဖြစ်ကာ ထိုအတွက်ကြောင့်ပင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီး အင်မော်တယ် ကျင့်ကြံသူများကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကကို အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်ရာ ယခင် အမှားဟောင်းကို အဘယ်ကြောင့်ထပ်မံ၍ ကျူးလွန်နိုင်ပါမည်နည်း။
“ဝူကျန့်ထျန်း.. မင်းတကယ်ပဲ အကုန်လုံးကို သတ်ပစ်မလို့လား”
မုချင်းစန်းသည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ဝူကျန့်ထျန်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
“ငါက အမြစ်ပြတ် သုတ်သင်ချင်တော့ရော မင်း ဘာတတ်နိုင်မှာမို့လဲ”
“မုချင်းစန်း.. ဘာလို့ သူနဲ့ အပိုစကားတွေ ပြောနေတာလဲ.. သူက ခုနက ထိုက်ချင်းဘိုးဘေးကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီးပြီ.. ငါတို့ အားလုံး ပူးပေါင်းလိုက်ရင် သူ့ကို မယှဥ်နိုင်စရာ အကြောင်း ဘာမှမရှိဘူး”
လဲ့ယန်ဘိုးဘေးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“ဝူကျန့်ထျန်း.. မင်းက အင်မော်တယ်လောကကို ဖျက်ဆီးချင်မှတော့ ငါတို့ ဒီနေ့ သေရမယ် ဆိုရင်တောင် မင်းကို ကြီးကြီးမားမား ပေးဆပ်စေမယ်”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
လဲ့ယန်ဘိုးဘေး၏ စကားဆုံးသည်နှင့် မရေမတွက်နိုင်သော အရှိန်အဝါများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
“ဟားဟား.. ပုရွက်ဆိတ်လေးတစ်အုပ်က ငါ့ကို သတ်ချင်နေတယ် ဆိုတော့ မင်းတို့မှာ အရည်အချင်းရှိလို့လား”
ဝူကျန့်ထျန်းက အားပါးတရ ရယ်မောလိုက်သည်။
မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်မှ အားနည်းနေသော အရှိန်အဝါများသည် ကျဆင်းမသွားဘဲ ရုတ်တရက် ပြန်လည် မြင့်တက်လာခဲ့သည်။
ငွေရောင်နဂါးတစ်ကောင် ကဲ့သို့ မိုးကြိုးစွမ်းအားများသည် အရပ်မျက်နှာ အနှံ့ကနေ စုစည်းလာခဲ့ပြီး ဝူကျန့်ထျန်းကို ဝန်းရံလာခဲ့သည်။
ဤအခိုက်အတန့်တွင် ဝူကျန့်ထျန်းသည် မိုးကြိုးနတ်မင်းတစ်ပါး အလားပင် ထင်မှတ်မှားရ၏။
ရုတ်တရက် ဝူကျန့်ထျန်းသည် သူ၏ ရွှေရောင် ဓားရှည်ကို ထုတ်ယူလိုက်ရာ ရွှေရောင်ဓားရှည်ပေါ်တွင် မိုးကြိုးလျှပ်စီးအလင်းတန်းများ တောက်ပလာခဲ့သည်။
“ဝုန်း..”
ဝူကျန့်ထျန်းက အောက်ဘက်ရှိ မုချင်းစန်းနှင့် အခြားသူများဆီသို့ ဓားချက် တစ်ချက်ကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်၏။
ဘုံကိုးပါးမှ နတ်မိုးကြိုး ကဲ့သို့ တောက်ပသော ဓားအလင်းသည် မုချင်းစန်းတို့ဆီ ကျရောက်လာခဲ့သည်။
မုချင်းစန်းတို့ လူစု၏ စုပေါင်း တိုက်ခိုက်ခဲ့သော စွမ်းအားသည် ဝူကျန့်ထျန်း၏ ဓားအလင်း အောက်တွင် မျက်တောင်တစ်ခတ် အတွင်း ချေမှုန်းခံလိုက်ရ၏။
ယင်းနောက်တွင် ကျင့်ကြံသူ ဒါဇင်ပေါင်း များစွာသည် ထိုဓားချက်အောင်တွင် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
မုချင်းစန်းနှင့် အခြား ကပ်ဘေးအဆင့် ကျင့်ကြံသူများပင်လျှင် ဓားချက်ကြောင့် လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရ၏။
ဓားချက်တစ်ချက်၏ စွမ်းအားသည် ဤမျှအထိပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
“ဝူကျန့်ထျန်းရဲ့ ခွန်အားက အရမ်းကို သန်မာလွန်းတယ်.. ငါတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“အားလုံးပဲ လူစုခွဲပြီး ပြေးကြတော့”
မျက်နှာဖြူဖျော့နေသော မုချင်းစန်းက အော်ဟစ် ပြောဆိုလိုက်သည်။
ယနေ့တိုက်ပွဲတွင် သူတို့သည် လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်းလောကသည်လည်း ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် လူစုခွဲ၍ ထွက်ပြေးမှသာ အင်မော်တယ် ကျင့်ကြံခြင်းလောက အတွက် မျိုးဆက် အနည်းငယ် ကျန်ရစ်နိုင်ပေလိမ့်မည်။
အကယ်၍ သူတို့သာ ဆက်လက် အသေခံ တိုက်ပွဲဝင်နေမည် ဆိုလျှင် အမြစ်ပြတ် သုတ်သင်ခံရလိမ့်မည် ဖြစ်၏။
“ထွက်ပြေးမယ်ဟုတ်လား.. မင်းတို့ထဲမှာ တစ်ယောက်မှမလွတ်စေရဘူး”
ဝူကျန့်ထျန်းက အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုအောက်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကဘက်မှ ကျင့်ကြံသူများသည် ပုရွတ်ဆိတ်များသဖွယ် ဖြစ်နေခဲ့သည်။
သူတို့က လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ အလွယ်တကူပင် သုတ်သင်ခံလိုက်ရ၏။
တစ်ခဏ အတွင်းမှာပင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ရှိ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ဝူကျန့်ထျန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
မုချင်းစန်းတို့ ကပ်ဘေးအဆင့် ကျင့်ကြံသူများပင်လျှင် ခက်ခက်ခဲခဲ ခုခံနေကြရ၏။
သို့ရာတွင် သူတို့သည်လည်း ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် ကြာရှည် မခုခံနိုင်ခဲ့ဘဲ အဆုံးသတ်၌ ကျဆုံးသွားခဲ့ကြသည်။
မုချင်းစန်းတို့ကို ရှင်းလင်းပြီးနောက်တွင် ဝူကျန့်ထျန်းသည် ဓားချက် တစ်ချက်ကို ထုတ်ဖော်ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို နှစ်ခြမ်း ပိုင်းဖြတ်ပစ်လိုက်သည်။
ထိုက်ယီအင်မော်တယ် ဂိုဏ်းအတွင်းမှ မရေမတွက်နိုင်သောကျင့်ကြံသူများသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဝူကျန့်ထျန်း၏ ဓားချက်အောင်တွင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြ၏။
အင်မော်တယ် ကျင့်ကြံသူများကို အမြစ်ပြတ် သုတ်သင်မည် ဟူသော ဝူကျန့်ထျန်း၏ စကားသည် အပေါ်ယံစကား သက်သက် မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
သူက အင်မော်တယ် ကျင့်ကြံသူများကို အမှန်တကယ်ပင် အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ထားခြင်းဖြစ်၏။
အခန်း(၂၄၁၃)ပြီး၏။
အခန်း(၂၄၁၄)
ထိုက်ယီအင်မော်တယ်ဂိုဏ်းနှင့် တိုက်ပွဲတွင် မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ထိုက်ချင်းဘိုးဘေးသည် အင်မော်တယ် ကျောက်တိုင်မှ ပေါက်ကွဲထွက်လာသော စွမ်းအားကြောင့် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့်ကျင့်ကြံသူများနှင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာသည် ဝူကျန့်ထျန်း၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း တစ်ခုလုံးသည်လည်း ဝူကျန့်ထျန်းကြောင့် အပျက်အစီးများ အဖြစ် ချေမှုန်းခံလိုက်ရသည်။
ကြီးမာသော အောင်ပွဲ ရရှိပြီးနောက်တွင်လည်း ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောကအပေါ် ထားရှိသည့် သူ၏ အစီအစဥ်ကို လက်မလျှော့ခဲ့ပေ။
သူက သိုင်းပညာ ကျင့်ကြံခြင်းလောကမှ နတ်ဘုရင်အချို့ကို အဖွဲ့များ ဖွဲ့၍ ဦးဆောင်စေကာ အင်မော်တယ်လောကရှိ ဂိုဏ်းများကို အမြစ်ပြတ် သုတ်သင်ရန် အမိန့်ပေးခဲ့သည်။
ရက်အနည်းငယ် အတွင်းမှာပင် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများ ရှိသော အင်အားစု အားလုံးသည် သိုင်းပညာ ကျင့်ကြံခြင်းလောက၏ ချေမှုန်းခြင်းကို ခံလိုက်ရ၏။
ကျန်ရှိနေသော ကျင့်ကြံသူများကိုလည်း ကျန်းချန်ထံတွင် အညံ့ခံထားသော ဟုန်ထျန်းရန်၏ ဦးဆောင်မှုဖြင့် သိုင်းပညာကျင့်ကြံခြင်း လောကသည် ကျွန်ပြုလိုက်၏။
ဤသို့ဖြင့်ပင် မြောက်ပိုင်းဒေသတွင် ထွန်းကားခဲ့ပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော အင်မော်တယ် ကျင့်ကြံခြင်းလောကသည် သမိုင်းအဖြစ်သို့ လုံးဝ ရောက်ရှိသွားတော့မည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်း တိုက်ပွဲတွင် ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အဓိက အင်အားစုများကို ချေမှုန်းနိုင်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရက်အနည်းငယ်ကြာအောင် တံခါးပိတ် ကျင့်ကြံပြီးမှသာ ပြန်လည်သက်သာလာခဲ့သည်။
တံခါးပိတ်ကျင့်ကြံရာကနေ ဝူကျန့်ထျန်း ထွက်လာသည်ကိုကြားလျှင် ကျန်းချန်သည် ချက်ချင်းပင် သွားရောက်တွေ့ဆုံခဲ့သည်။
“စီနီယာဝူ.. မြောက်ပိုင်းဒေသရဲ့ အန္တရာယ်ကတော့ လုံးဝပြေလည်သွားပြီ.. ဒါပေမဲ့ နတ်ဘုရားနယ်မြေရဲ့ တခြားနေရာတွေမှာတော့ ကြီးမားတဲ့အကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲပဲ.. စီနီယာအနေနဲ့ ကျွန်တော်နဲ့အတူ နတ်ကုန်းမြေတိုက်ကို လိုက်လာပြီး အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယခုအခါတွင် မြောက်ပိုင်းဒေသရှိ ကိစ္စရပ်များက ပြေလည်သွားပြီဖြစ်ရာ ကျန်းချန်သည် ဤနေရာတွင် ဆက်လက်နေထိုင်ရန် အစီအစဥ်မရှိတော့ဘဲ နတ်ကုန်းမြေတိုက်သို့ အမြန်ဆုံး ပြန်သွားရန် ရည်ရွယ်ထားခဲ့သည်။
ဆိုရလျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို အချိန်မရွေး ကျူးကျော်ရန် ချောင်းနေခဲ့၏။
မြောက်ပိုင်းဒေသသို့ ထွက်ခွာလာသည့် အချိန်မှာပင် ထိုနေရာ၏ အခြေအနေသည် စိတ်ချရသည့် အနေအထားတွင် ရှိမနေခဲ့ပေ။
အကယ်၍ စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ စစ်ခုန်ဟိုင်သာ ကျင့်ကြံသူများကို ဦးဆောင်ပြီး ရှီးလင်မြို့ကို ကာကွယ်နေမည်ဆိုလျှင် အချိန်တိုအတွင်း ပြဿနာသိပ်ရှိမည် မဟုတ်ပေ။
သို့သော် စစ်ခုန်ဟိုင်က စိတ်မထိန်းနိုင်ဘဲ ကျင့်ကြံသူများကို ဦးဆောင်ကာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို သွားရောက် တိုက်ခိုက်လျှင် အနည်းငယ်မျှ ပေါ့ဆမိသည်နှင့် နတ်ကုန်းမြေတိုက်သည် ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“မိတ်ဆွေလေးကျန်းချန်.. နတ်ကုန်းမြေတိုက်မှာ ကျင့်ကြံသူတွေ ရှိနေသေးတယ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် ဝူကျန့်ထျန်း၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
“ဟုတ်တယ် စီနီယာဝူ”
ကျန်းချန်က ဖုံးကွယ်မထားဘဲ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အခြေအနေကို ရှင်းပြလိုက်သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေသည်ကို ကြားလိုက်ရလျှင် ဝူကျန့်ထျန်းသည် တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေ အခုလို အခက်အခဲဖြစ်နေတာ ငါတို့ သိုင်းပညာ ကျင့်ကြံသူတွေ အတွက် တာဝန်တစ်ခုပဲ...ငါဒီမှာကိစ္စတချို့ စီစဥ်ပြီးတာနဲ့ မင်းနဲ့ အတူလိုက်ခဲ့ပါမယ်”
သုံးရက်ကြာလျှင် ဝူကျန့်ထျန်းသည် အရာအားလုံးကို စီစဥ်ပြီးနောက် ကျန်းချန်နှင့် ထွက်ခွာလာခဲ့သည်။
သူတို့နှစ်ဦးသည် လူသားဧကရာဇ် ကျန်းချင်းထျန်း ချန်ထားရစ်ခဲ့သော နေရာလွတ် လမ်းကြောင်းကို ဖြတ်သန်းကာ နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသ ဆီသို့ ဦးတည်ခဲ့ကြသည်။ဘ
ယခင်က အတွေ့အကြုံရှိထားသည့်အပြင် နတ်ဘုရင် နဝမအဆင့် ဝူကျန့်ထျန်းလည်း ပါနေသဖြင့် ဤတစ်ကြိမ်ခရီးစဥ်တွင် အလွန်တရာ ချောမွေ့ခဲ့ပြီး သိပ်မကြာခင်မှာပင် အလယ်ပိုင်းဒေသသို့ အထိအခိုက်မရှိ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ဒါက အလယ်ပိုင်းဒေသလား.. မြောက်ပိုင်းဒေသနဲ့ ဘာမှကွာခြားပုံလည်း မရပါလား”
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက်တွင် ဝူကျန့်ထျန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ အမြင်အရ နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသသည် နတ်ဘုရားနယ်မြေ၏ ဗဟိုချက် ဖြစ်၍ ဤနေရာ၏ ပတ်ဝန်းကျင်သည် မြောက်ပိုင်းဒေသထက် များစွာ သာလွန်ကောင်းမွန်မည်ဟု ထင်ခဲ့သော်လည်း ရလဒ်ကမူ မြောက်ပိုင်းဒေသနှင့် အတူတူလောက်သာ ဖြစ်နေခဲ့သည်။
“စီနီယာ အံ့ဩနေတယ် မဟုတ်လား”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မြောက်ပိုင်းဒေသရဲ့ ပတ်ဝန်းကျင်က ထာဝရသက်ရှည်တောင်တန်းနဲ့ သက်ဆိုင်သေးတယ်.. ဒီတောင်တန်းရဲ့ တည်ရှိမှုကြောင့် မြောက်ပိုင်းဒေသ တစ်ခုလုံးရဲ့ ပတ်ဝန်းကျင်က အများကြီး တိုးတက်လာခဲ့တာပဲ.. အခုဆိုရင် စီနီယာဝူတို့ မြောက်ပိုင်းဒေသက အလယ်ပိုင်းဒေသထက် မနိမ့်ကျတော့ပါဘူး”
ထိုစကားကိုကြားလျှင် ဝူကျန့်ထျန်းသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းက ထာဝရသက်ရှည်တောင်တန်းရဲ့ မူလအစကို သိနေတယ်လား”
ထာဝရသက်ရှည်တောင်တန်း၏ ဇာစ်မြစ်သည် အလွန်တရာဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲ၏။
ဤနှစ်ပေါင်းများစွာ အတွင်း သိုင်းပညာလောကတွင်ဖြစ်စေ၊အင်မော်တယ် ကျင့်ကြံခြင်းလောကတွင်ဖြစ်စေ၊ ထာဝရသက်ရှည်တောင်တန်း၏ ဇာစ်မြစ်ကို သိသူမှာ မရှိသလောက်ပင်။
“နည်းနည်းပါးပါးတော့ သိထားပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အခု ကျွန်တော် အလယ်ပိုင်းဒေသကနေ ထွက်ခွာလာခဲ့တာ နှစ်ဝက်လောက်တောင် ရှိသွားပြီ အလယ်ပိုင်းဒေသရဲ့အခြေအနေ ဘယ်လိုရှိနေမလဲ မသိဘူး”
ထိုစကားကိုပြောရင်း ကျန်းချန်သည် သူ့ဖခင် ကျန်းဝူရနှင့် ဆက်သွယ်နိုင်သည့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် ကျောက်စိမ်းပြား ထံမှ ကျန်းဝူရ၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
“ချန်အာ.. မင်းအလယ်ပိုင်းဒေသကို ပြန်ရောက်ပြီလား”
ကျန်းချန်က သူ့ကို အရင်ဆက်သွယ်လာသည်အား မြင်လျှင် ကျန်းဝူရ မျက်ဝန်းများ၌ ဝမ်းသာသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် အဖေ.. ကျွန်တော် အလယ်ပိုင်းဒေသကို အခုလေးတင် ပြန်ရောက်လာတာပါ.. အခု အလယ်ပိုင်းဒေသရဲ့အခြေအနေက ဘယ်လိုရှိလဲ”
“စိတ်အေးရတဲ့ အခြေအနေတော့ မဟုတ်ဘူး”
ကျန်းဝူရက အလယ်ပိုင်းဒေသ၏ လက်ရှိ အခြေအနေကို ကျန်းချန်ထံ အလျင်အမြန် ရှင်းပြလိုက်သည်။
ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ အစည်းအဝေး ပြီးသည့်နောက်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ဒသမမြောက်အကြီးအကဲ စစ်ခုန်ဟိုင်သည် ရှီးလင်မြို့ကို စတင် ကာကွယ်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက ရှီးလင်မြို့ကို အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ပြီးနောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့သဖြင့် စစ်ခုန်ဟိုင်နှင့် နတ်ဘုရားနယ်မြေရှိ သိုင်းပညာ အင်အားစုများသည် ယုံကြည်မှုလွန်ကဲလာကြပြီး ဟင်းလင်းပြင်နတ်ဆိုးများကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။
ထို့ကြောင့် လွန်ခဲ့သော တစ်လခန့်တွင် စစ်ခုန်ဟိုင်သည် ရှီးလင်မြို့မှ အင်အားများကို စုစည်းပြီး ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို သွားရောက်တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု အကြိမ် အနည်းငယ် ရှုံးနိမ့်ခဲ့သည်မှာ စစ်ခုန်ဟိုင်ကို လာရောက်တိုက်ခိုက်ရန် အတွက် တမင်တကာ ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်မှန်း နောက်ကျမှ သိရှိခဲ့ရသည်။
ရလဒ်အနေဖြင့် စစ်ခုန်ဟိုင်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရပြီး အရှက်တကွဲရှုံးနိမ့်ကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ယခုအခါတွင် ကျန်းဝူရတို့သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခုခံရန် ရှီးလင်းမြို့သို့ သွားရောက်နေကြရပြီဖြစ်ရာ ရှီးလင်မြို့သည် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေချေပြီ။
“စီနီယာဝူ.. ကျွန်တော်တို့ အချိန်မဆွဲဘဲ ရှီးလင်မြို့ကို ချက်ချင်းသွားကြစို့”
အလယ်ပိုင်းဒေသရှိ အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဝူကျန့်ထျန်းနှင့် အတူ ရှီးလင်မြို့သို့ တိုက်ရိုက်ပင် အပြေးအလွှား သွားရောက်ခဲ့သည်။
ရှီးလင်မြို့သည် အလယ်ပိုင်းဒေသရှိ ကျော်ကြားသော ရှီးလင်ရှေးဟောင်းလမ်း၏ အပြင်ဘက်တွင် တည်ရှိပြီး အနောက်ဘက်ဒေသကနေ အရှေ့ဘက် ဒေသသို့ သွားလာရာတွင် တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက အနောက်ပိုင်းဒေသကို သိမ်းပိုက်ပြီးကတည်းကပင် ရှီးလင်မြို့သည် အလယ်ပိုင်းဒေသနှင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတို့၏ အဓိကစစ်မြေပြင်ဖြစ်လာခဲ့၏။
မူလက စစ်ခုန်ဟိုင်သည် အလယ်ပိုင်းဒေသရှိ အစွမ်းထက်ကျင့်ကြံသူများကို ခေါ်ယူကာ ရှီးလင်မြို့ကို ကာကွယ်ခဲ့ပြီး ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ထိုနယ်နိမိတ်အား ကျော်ဖြတ်ခွင့်မပေးခဲ့ပေ။
သို့သော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်က စစ်ခုန်ဟိုင်က အလယ်ပိုင်းဒေသမှ ကျင့်ကြံသူ အများအပြားကို ဦးဆောင်ကာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို သွားရောက်တိုက်ခိုက်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သဖြင့် ရှီးလင်မြို့၏ အခြေအနေသည် အလွန်တရာ စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိသွားခဲ့ရသည်။
ကျန်းဝူရသည်လည်း လူသားဧကရာဇ်နန်းတော်မှ အင်အားစုများကို ဦးဆောင်ကာ ရှီးလင်မြို့သို့ လာရောက် ကူညီခဲ့ရ၏။
သို့သော်လည်း လွန်ခဲ့သော တစ်လခန့်က တိုက်ပွဲတွင် အလယ်ပိုင်းဒေသရှိ အင်အားစုများသည် ဆုံးရှုံးမှုကြီးမားခဲ့ပြီး နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ဆယ်ဦးထက်မနည်း ကျဆုံးခဲ့သည်။
ထို့ကြောင့် ကျန်းဝူရက ရှီးလင်မြို့သို့ ရောက်ရှိလာခဲ့သည့်တိုင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ထိုးစစ်ကို ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်နေခဲ့၏။
ရှီးလင်မြို့၏ မြို့စားစံအိမ် အစည်းအဝေးခန်းမတွင် စစ်ခုန်ဟိုင်သည် အလယ်ပိုင်းဒေသရှိ အင်အားစုများမှ အစွမ်းထက်ကျင့်ကြံသူဒါဇင်ပေါင်းများစွာနှင့်အတူ အစည်းအဝေးလုပ်နေခဲ့သည်။
ခန်းမအတွင်းရှိ လေထုသည် အလွန်တရာ လေးနက်နေခဲ့၏။
“အားလုံးပဲ.. ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ထိုးစစ်က တအားကို ပြင်းထန်လာခဲ့ပြီ.. ဒီအတိုင်းဆိုရင် ရှီးလင်မြို့က တောင့်ခံနိုင်တော့မှာ မဟုတ်လောက်ဘူး.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ခုခံဖို့ ခင်ဗျားတို့ဆီမှာ ဘယ်လိုနည်းလမ်းတွေ ရှိကြလဲ”
စစ်ခုန်ဟိုင်သည် ခန်းမအတွင်းမှ ကျင့်ကြံသူများကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“သူသေကိုယ်သေ တိုက်ခိုက်ဖို့က လွဲပြီး တခြား ဘာနည်းလမ်းရှိဦးမှာလဲ”
ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှ ဘိုးဘေးဖုန်းချီရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ခင်ဗျားသာ ခင်ဗျားရဲ့သဘောထားအတိုင်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို သွားမတိုက်ဘဲ အလယ်ပိုင်းဒေသရဲ့အင်အားစုတွေကို အထိနာအောင် မလုပ်ခဲ့ရင် အခုလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါ့မလား”
“ဖုန်းချီရှန်း.. ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေထက် သိပ်မသာပါဘူး.. တကယ်လို့ ခင်ဗျားသာ ကျန်းချန်ကို မယုံကြည်ဘဲ ငါနဲ့အတူ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ငါတို့တွေ ရှုံးနိမ့်မှာမဟုတ်ဘူး”
စစ်ခုန်ဟိုင်က မျက်နှာပျက်သွားသော်လည်း ဖုန်းချီရှန်းကို အပြစ်တင် ပြောဆိုလိုက်သည်။
“နတ်ဘုရားနယ်မြေ အခုလို အခြေအနေမျိုး ရောက်သွားတာက ခင်ဗျားတို့ကြောင့်ပဲ”
အခန်း(၂၄၁၄)ပြီး၏။