← Chapters

အခန်း (၂၄၁၅-၂၄၁၆)

Vol. 182 Ch. 2415-2416

အခန်း (၂၄၁၅-၂၄၁၆)

Vol. 182 Ch. 2415-2416

အခန်း(၂၄၁၅)

“ဟားဟား ရယ်စရာပဲ.. ခင်ဗျားဘာသာ နတ်ဘုရားနယ်မြေကို ဦးဆောင်နိုင်စွမ်းမရှိလို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့လက်ထဲမှ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာကို ရှက်ရကောင်းမှန်းမသိဘဲ သူတစ်ပါးအပေါ် တာဝန်လွှဲချရဲသေးတယ်”

ဖုန်းချီရှန်းက စစ်ခုန်ဟိုင်ကို မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မျက်စိကန်းနေလို့သာ ခင်ဗျားလိုလူကို နတ်ဘုရားနယ်မြေရဲ့ ခေါင်းဆောင် အဖြစ် စေလွှတ်ပြီး ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ရင်ဆိုင်ခိုင်းတာ ဖြစ်ရမယ်”

စစ်ခုန်ဟိုင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဖုန်းချီရှန်း မင်းစကားက ဘာကိုဆိုလိုတာလဲ”

“ကဲပါ ရန်ဖြစ်မနေကြနဲ့တော့.. ဘယ်လိုပဲဖြစ်ဖြစ် ရှီးလင်မြို့ရဲ့ အခြေအနေက အခုအချိန်မှာ စိုးရိမ်ရေမှတ်ကို ရောက်နေပြီ.. ငါတို့အနေနဲ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုပဲ စဥ်းစားသင့်တယ်.. ရှီးလင်မြို့သာ ကျဆုံးသွားရင် အလယ်ပိုင်း ဒေသတစ်ခုလုံး ကပ်ဘေးထဲ ကျရောက်သွားလိမ့်မယ်”

ထိုခဏဝယ် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ ကျန့်ယွမ်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကျန့်ယွမ်ထျန်း၏ စကားကိုကြားလျှင် စစ်ခုန်ဟိုင်နှင့် ဖုန်းချီရှန်းတို့သည် နှာခေါင်းရှုံ့လိုက်ကြပြီး ဘာမှ ဆက်မပြောတော့ပေ။

ခန်းမအတွင်း၌ တစ်ခဏမျှ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

ယခုအခါတွင် ရှီးလင်မြို့ရှိ သူတို့ နတ်ဘုရားနယ်မြေ အင်အားစုများသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ယှဥ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။

အစွမ်းကုန် ခုခံကာကွယ်ရန် ကြိုးစားခြင်းမှ လွဲ၍ မည်သူကမျှ ပို၍ ကောင်းမွန်သော နည်းလမ်းကို မစဥ်းစားနိုင်ကြသေးချေ။

“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို အစွမ်းကုန် ကြိုးစားခုခံပြီး အချိန်ဆွဲထားပါ”

မျက်စိမှိတ်၍ ထိုင်နေသော ကျန်းဝူရက ရုတ်တရက် သူ၏ မျက်လုံးကို ဖွင့်ကာ ပြောလိုက်သည်။

“ငါတို့ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် ပြန်ရောက်လာပြီ.. သူ အခု ရှီးလင်မြို့ဆီကို ဦးတည်ပြီး လာနေတယ်”

“ဟမ့်.. အဲဒီကောင်လေး လာတော့ရော ဘာထူးခြားမှာမို့လို့လဲ.. သူ့ရဲ့ စွမ်းအားလောက်နဲ့ ဒီအခြေအနေကို ကယ်တင်နိုင်မှာမို့လို့လား”

စစ်ခုန်ဟိုင်က အထင်သေးစွာ ခနဲ့လိုက်သည်။

လူသားဧကရာဇ်နန်းတော်မှ ကျန်းချန် ဆိုသည်မှာ နတ်ဘုရင်ပဉ္စမအဆင့်မျှသာ ရှိသေးသည့် အတွေ့အကြုံ မရှိသည့် ကောင်လေး တစ်ယောက်မျှသာ ဖြစ်၏။

ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာထူးခြားပြီး နတ်ဘုရင် အဋ္ဌမအဆင့်နှင့်ပင် ယှဥ်နိုင်သည်ဖြစ်စေကာမူ လက်ရှိ အခြေအနေကို ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ပေ။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

ကျန်းဝူရက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်တွေက အံဖွယ်ကိစ္စတွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ ပြယုဂ်တွေပဲ.. ဒီနှစ်ပေါင်းများစွာ အတွင်း လူသားဧကရာဇ်နန်းတော်မှာ လူသားဧကရာဇ်ရှိနေသရွေ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေကို တစ်ခါမှ ဒုက္ခမပေးနိုင်ခဲ့ဘူး”

စစ်ခုန်ဟိုင်က ကျန်းဝူရကို ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးအရှိန်အဝါများသည် ရှီးလင်မြို့၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ကြသည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ရှီးလင်မြို့ကို မုချ တိုက်ခိုက်လာတော့မည် ဖြစ်၏။

“စစ်ခုန်ဟိုင်.. မြန်မြန်ထွက်လာပြီး အသေလာခံစမ်း”

လူတိုင်း ထိတ်လန့်နေစဥ်မှာပင် ကျယ်လောင်စွာ ကြုံးဝါးလိုက်သော အေးစက်စက် အသံတစ်သံသည် မိုးခြိမ်းသံကဲ့သို့ ရှီးလင်မြို့၏ အထက် ကောင်းကင်ယံတွင် ပေါက်ကွဲထွက်လာခဲ့သည်။

“အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ”

စစ်ခုန်ဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှီးလင်မြို့၏ အထက် ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

စစ်ခုန်ဟိုင်အပေါ် အတော်လေး မကျေမနပ် ဖြစ်နေကြသော ကျန်းဝူရနှင့် အခြားသူများသည်လည်း ရှီးလင်မြို့၏ အထက်ကောင်းကင်ယံတွင် ပေါ်လာကြ၏။

သူတို့ကို စစ်ခုန်ဟိုင်ကို မနှစ်သက်သော်လည်း ယခုအချိန်တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက တိုက်ခိုက်လာပြီ ဖြစ်ရာ သူတို့၏ စိတ်ထဲမှာ အာဃာတများကို ခဏ ဘေးဖယ်ထားပြီး ဟင်းလင်းပြင်နတ်ဆိုးများကို အစွမ်းကုန် တိုက်ခိုက်ရန်သာ ရှိတော့သည် မဟုတ်ပါလော။

“ဒီတစ်ခါ လာတိုက်တဲ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ အင်အားက အရင်အချိန်တွေကထက် အများကြီးပိုအားကောင်းလာပုံပဲ”

ကျန့်ယွမ်ထျန်းက ပေထောင်ချီ အကွာတွင် ဝင့်ကြွားစွာ ရပ်နေသည့် အနက်ရောင်ပုံရိပ်များကို ကြည့်ကာ မျက်နှာအမူအရာပို၍ လေးနက်သွားခဲ့သည်။

ကျန်းဝူရနှင့် အခြားသောသူများ၏ အမူအရာသည်လည်း အလွန်တရာပင် လေးနက်နေခဲ့၏။

ယခုတစ်ကြိမ် ရှီးလင်မြို့ကို တိုက်ခိုက်ရန် ချီတက်လာသော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားသည် သူတို့ထင်ထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။

သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများနှင့် ထိုထပ် အဆင့်မြင့်သည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ အပါအဝင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပေါင်း ရှစ်ဆယ်မှ ကိုးဆယ်ခန့်အထိ ရှိနေခဲ့၏။

ဆိုရလျှင် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားအဆင့်ရှိ ခေါင်း‌ဆောင် ၇၂ပါးနှင့် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့်ရှိ အကြီးအကဲ ၃၆ပါးတို့၏ ကိုးဆယ် ရာခိုင်နှုန်းခန့်သည် ဤနေရာသို့‌ ရောက်ရှိနေကြချေပြီ။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်ပြီး အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားနေခဲ့၏။

“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပုံရတယ်”

ကျန်းဝူရက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက သူတို့ရဲ့ ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံတွေကိုတောင် စွန့်လွှတ်လိုက်ကြပြီ.. ဒါကြောင့် အဲဒီနေရာတွေကို ဆက်လက် စောင့်ကြည့်နေဖို့ မလိုတော့ဘူး.. အဲဒီနေရာက အစောင့်အရှောက်တွေ အားလုံးကို ရှီးလင်မြို့ဆီ အမြန်ဆုံးလာရောက် ပူးပေါင်းခိုင်းပြီး အင်အား အပြည့်အဝနဲ့ တိုက်ခိုက်ဖို့ပြင်ဆင်ကြစို့”

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံမှတစ်ဆင့် တိုက်ခိုက်ခြင်း မပြုနိုင်စေရန် အတွက် အစွမ်းထက်ကျင့်ကြံသူ အများအပြားကို အစောင့်အရှောက်အဖြစ် ထားရစ်ခဲ့ကြသည်။

ယခုအခါတွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အစွမ်းထက် ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ဤနေရာတွင် စုစည်းနေပြီ ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံမှတစ်ဆင့် တိုက်ခိုက်ရန် အစီအစဥ် မရှိတော့သည်မှာ ထင်ရှားနေခဲ့၏။

ထိုကြောင့် သူတို့သည်လည်း နတ်ဘုရားနယ်မြေ၏ အင်အားအလုံးစုံကို စုစည်းကာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရလိမ့်မည် မဟုတ်ပါလား။

အကယ်၍ တိုက်ပွဲတွင် အနိုင်ရရှိခဲ့လျှင် သူတို့သည် ယခင်ကဲ့သို့ပင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို နတ်ဘုရားနယ်မြေထဲကနေ မောင်းထုတ်နိုင်ပေလိမ့်မည်။

အကယ်၍ ရှုံးနိမ့်ခဲ့လျှင်မူ နတ်ဘုရားနယ်မြေ တစ်ခုလုံးသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လက်ထဲသို့ လုံလုံးလျားလျား ကျရောက်သွားလိမ့်မည် ဖြစ်၏။

ကျန့်ယွမ်ထျန်းနှင့် တခြားသူများသည် ကျန်းဝူရ၏ စကားကိုကြားပြီးနောက်တွင် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို စောင့်ကြပ်ရန် ထားရှိခဲ့သည့် အစွမ်းထက် ကျင့်ကြံသူများကို စတင် ဆက်သွယ်လိုက်ကြသည်။

ကျန့်ယွမ်ထျန်းနှင့် အခြားသူများသည် ရှီးလင်မြို့သို့ ရောက်ရှိလာကတည်းကပင် မတော်တဆ ဖြစ်ရပ်များ မဖြစ်ပေါ်စေရန်အတွက် အလယ်ပိုင်းဒေသရှိ ထိပ်တန်းအင်အားစုများနှင့် ရှီးလင်မြို့တို့ ကြားတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုကို ငွေကြေး အမြောက်အများ အကုန်အကျခံကာ တည်ဆောက်ထားခဲ့ကြသည်။

ထိုကြောင့် အင်အားစုကြီးများမှ အစွမ်းထက် ကျင့်ကြံသူများသည် သတင်းရရှိသည်နှင့် ရှီးလင်မြို့သို့ ချက်ချင်းဆိုသလို အပြေးအလွှား ရောက်လာကြ၏။

ဇာတ်မြှုပ်နေသည်မှာ ကြာပြီဖြစ်သော မွန်းစတားအိုကြီးများ၊ထျန်းကျီနတ်မျှော်စင်၏ ပိုင်ရှင် အပါအဝင် အားလုံးသည် ရှီးလင်မြို့၏ အထက်ကောင်းကင်ယံတွင် လျင်မြန်စွာ ပေါ်လာကြ၏။

သို့သော် ထိုသို့ ထွက်လာခဲ့သည့်တိုင် ရှီးလင်မြို့တွင် စုစည်းထားသော နတ်ဘုရားနယ်မြေ၏ အင်အားသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုထက် များစွာ အားနည်းနေဆဲပင်။

နတ်ဘုရားနယ်မြေ၏ အဓိက အင်အားစုသည် အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် ပါဝင်သော နတ်ဘုရင် အယောက်တစ်ရာ ဖြစ်သည်။

ထိုစာရင်းဝင် အသန်မာဆုံး နတ်ဘုရင် အယောက်တစ်ရာထဲတွင် အားအနည်းဆုံးသူပင် နတ်ဘုရင် သတ္တမအဆင့်တွင် ရှိကြသဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဓိက အင်အားစုနှင့် အင်အားချင်း များစွာ မကွာခြားပေ။

သို့သော် ထိုစာရင်းထဲမှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများ၊ လောကထဲသို့ ထွက်မလာသည်မှာ ကြာပြီဖြစ်သော မွန်းစတာအို တချို့နှင့် ကျဆုံးသွားပြီ ဖြစ်သော အစွမ်းထက်ကျင့်ကြံသူများကို ဖယ်ထုတ်လိုက်လျှင် ရှီးလင်မြို့တွင် အသန်မာဆုံး နတ်ဘုရင်စာရင်းမှ ကျင့်ကြံသူ ခြောက်ဆယ်ခန့်သာ ရှိနေခဲ့သည်။

ဤသည်မှာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အဓိကအင်အားထက် သုံးပုံတစ်ပုံခန့် လျော့နည်းနေခြင်းပင်။

ထိုရလဒ်ကြောင့် တိုက်ပွဲ၏ အခြေအနေသည် နတ်ဘုရားနယ်မြေအတွက် စိတ်အေးရမည့် အနေအထား မရှိသေးပေ။

“စစ်ခုန်ဟိုင်.. ခင်ဗျားက နတ်ဘုရားနယ်မြေရဲ့အင်အားတွေကို စုစည်းလိုက်ရုံနဲ့ ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ယှဥ်နိုင်မယ်လို့ ထင်နေတာလား”

ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသည့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ဦးဆောင်လာသော အဘိုးအိုက ရှီးလင်မြို့ကို ငုံ့ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ခင်ဗျားသာ အခြေအနေကို နားလည်မယ်ဆိုရင် အခုချက်ချင်း နတ်ဘုရားနယ်မြေကို ဦးဆောင်ပြီး ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဆီမှာ အညံ့ခံလိုက်ပါ.. ဒါဆိုရင် ခင်ဗျားတို့အတွက် အသက်ရှင်ဖို့ လမ်းစတစ်ခု ချန်ထားပေးမယ်”

ထိုအဘိုးအိုသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အကြီးအကဲ ၃၆ပါးထဲတွင် ခေါင်းဆောင် ဖြစ်သည့် မိုချန်ယွိဖြစ်ပြီး နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးလည်း ဖြစ်သည်။

“မိုချန်ယွိ ခင်ဗျားက စိတ်ကူးယဥ်နေတာပဲ”

စစ်ခုန်ဟိုင်က အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့ နတ်ဘုရားနယ်မြေကို ခင်ဗျားတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက ဘယ်လိုလုပ်ပြီး သိမ်းပိုက်နိုင်မှာလဲ.. အတိတ်တုန်းက ကျုပ်တို့ နတ်ဘုရားနယ်မြေရဲ့ ဘိုးဘေးတွေက ခင်ဗျားတို့ကို မောင်းထုတ်နိုင်သလို ကျုပ်တို့လည်း အဲလို စွမ်းဆောင်နိုင်တယ်”

“သေချာလို့လား.. ဒီနေ့ ငါအကြီးအကဲ စိတ်ကြည်နေလို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ မလုပ်ချင်ဘူး.. ဒါကြောင့် နှစ်ဖက်စလုံးက လူငယ်ပါရမီရှင်တွေကို ယှဥ်ပြိုင်ခိုင်းပြီး အနိုင်အရှုံး ဆုံးဖြတ်လိုက်ရင် ဘယ်လိုသဘောရလဲ”

မိုချန်ယွိက စစ်ခုန်ဟိုင်ကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ ရှုံးရင်တော့ နတ်ဘုရားနယ်မြေက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုဆီမှာ အညံ့ခံရမယ်.. ခင်ဗျားတို့ နိုင်ရင်တော့ ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကနေ ထွက်သွားပေးမယ်.. ဘယ်လိုသဘောရလဲ”

မိုချန်ယွိ၏ စကားကိုကြားလျှင် စစ်ခုန်ဟိုင်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

သူက တစ်ခဏမျှ တွေးတောလိုက်သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားသည် နတ်ဘုရားနယ်မြေထက် ပိုမိုအားကောင်းသည်။

အကယ်၍ ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုလျှင် နတ်ဘုရားနယ်မြေအတွက် အနိုင်ရရန် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင်။

မိုချန်ယွိက ယခုလိုအချိန်တွင် ဤကဲ့သို့ လောင်းကြေးမျိုးကို ရုတ်တရက် ကမ်းလှမ်းလာမှန်း စစ်ခုန်ဟိုင် အမှန်တကယ် နားမလည်နိုင် ဖြစ်နေမိသည်။

အခန်း(၂၄၁၅)ပြီး၏။

အခန်း(၂၄၁၆)

စစ်ခုန်ဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မိုချန်ယွိကို ချက်ချင်း အဖြေမပေးခဲ့ပေ။

သူက ကျန့်ယွမ်ထျန်းနှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

“မိုချန်ယွိရဲ့ အဆိုပြုချက်အပေါ် ခင်ဗျားတို့ ဘယ်လိုမြင်လဲ”

“မိုချန်ယွိရဲ့ အဆိုပြုချက်က နတ်ဘုရားနယ်မြေနဲ့ သူသေကိုယ်သေ တိုက်ပွဲမဝင်ချင်လို့ ဖြစ်ရမယ်.. ဘယ်လိုပဲဖြစ်ဖြစ် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် ငါတို့ဘက်က အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး.. လက်ရှိအခြေအနေအရတော့ လူငယ်ပါရမီရှင်တွေ အချင်းချင်း ယှဥ်ပြိုင်ခိုင်းတာ သင့်တော်တဲ့ ရွေးချယ်မှုပါပဲ”

ကျန့်ယွမ်ထျန်းက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် အင်အားကြီးမားသော်လည်း သူတို့ကို အမြစ်ပြတ် ချေမှုန်းကြီးလျှင် ကြီးမားသော ပေးဆပ်မှုများကို မဖြစ်မနေ ပြုလုပ်ရပေလိမ့်မည်။

ထို့ကြောင့်ပင် မိုချန်ယွိသည် အပြတ်အသတ် အသာစီးရနေသည့်တိုင် ဤကဲ့သို့ အဆိုပြုချက်မျိုး ပြုလုပ်လာခြင်း ဖြစ်နိုင်လောက်၏။

သို့သော်လည်း ဤကဲ့သို့ စိန်ခေါ်ရဲသည် ဆိုကတည်းကပင် မိုချန်ယွိ၏ စိတ်ထဲတွင် သေချာပေါက် ယုံကြည်ချက် တစ်စုံတစ်ရာ ရှိရပေမည်။

ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်ကြသည် ဖြစ်စေ၊ လူငယ်ပါရမီရှင် အချင်းချင်း ယှဥ်ပြိုင်ကြသည် ဖြစ်စေ၊ သူတို့ဘက်မှ အနိုင်ရရန် အခွင့်အရေး သိပ်မရှိနိုင်သည်မှာ အမှန်တရားပင်။

“သူ့ရဲ့အဆိုပြုချက်ကို လက်ခံလိုက်ပါ.. လူငယ်ပါရမီရှင်တွေကိုပဲ အနိုင်အရှုံး ဆုံးဖြတ်ခိုင်းတာပေါ့”

ထိုခဏဝယ် ကျန်းဝူရသည် ပြတ်သားစွာ ဝင်ပြောလိုက်သည်။

ယခုအခါတွင် နတ်ဘုရားနယ်မြေနှင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားသည် ကွာခြားချက် အလွန်တရာကြီးမား၏။

အကယ်၍ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်မည် ဆိုလျှင် ကျန်းချန် ရောက်ရှိလာလျှင်ပင် နတ်ဘုရားနယ်မြေ အနေဖြင့် အနိုင်ရရန် များများစားစား အခွင့်အရေးမရှိဟု ကျန်းဝူရ ထင်မြင်မိသည်။

သို့သော်လည်း လူငယ်ပါရမီရှင်များကို ယှဥ်ပြိုင်စေပြီး အနိုင်အရှုံး ဆုံးဖြတ်မည်ဆိုလျှင် ကျန်းဝူရသည် ကျန်းချန်အပေါ်တွင် အကြွင်းမဲ့ယုံကြည်ချက် ရှိ၏။

ဤတစ်ကြိမ်တွင်မူ စစ်ခုန်ဟိုင်သည် ကျန်းဝူရနှင့် ငြင်းခုံခြင်း မပြုတော့ပေ။

သူ၏ စိတ်ထဲတွင်လည်း လူငယ်ပါရမီရှင်များကို ယှဥ်ပြိုင်စေပြီး အနိုင်အရှုံး ဆုံးဖြတ်ခြင်းကို ပို၍ လိုလားနေခဲ့၏။

ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လျှင် အနိုင်ရရန် အခွင့်အရေး မရှိသလောက် ဖြစ်သော်လည်း လူငယ်ပါရမီရှင်များ ယှဥ်ပြိုင်မည်ဆိုလျှင်မူ အနိုင်ရရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် စစ်ခုန်ဟိုင်သည် တုံ့ဆိုင်းမနေဘဲ မိုချန်ယွိကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ.. မင်းက လူငယ်တွေကို ယှဥ်ပြိုင်စေပြီး အနိုင် အရှုံးကို ဆုံးဖြတ်ချင်တယ် ဆိုမှတော့ ငါတို့ နတ်ဘုရားနယ်မြေကလည်း မင်းရဲ့ တောင်းဆိုချက်ကို သဘောတူတယ်.. တိုက်ပွဲစည်းမျဥ်းကိုသာ ပြောစမ်းပါ”

“စည်းမျဥ်းတွေက ရိုးရှင်းပါတယ်”

မိုချန်ယွိက အေးစက်စက် ပြောလိုက်သည်။

“အသက်တစ်ထောင်အောက် လူငယ်ပါရမီရှင် ဘယ်သူ့ကိုမဆို စေလွှတ်နိုင်တယ်.. တစ်ဖက်ဖက်က ရင်ဆိုင်တိုက်ခိုက်မဲ့သူ မရှိတော့တဲ့ အထိ တိုက်ရမယ်”

မိုချန်ယွိ၏ စကားကိုကြားပြီးနောက်တွင် စစ်ခုန်ဟိုင်နှင့် အခြားသူများ၏ မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

မိုချန်ယွိ၏ စည်းမျဥ်းက ရိုးရှင်းသော်လည်း အလွန်တရာ ရက်စက်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

“ဘာမှတ်ချက်ပေးစရာရှိသေးလဲ.. မရှိရင် စလိုက်ကြစို့”

မိုချန်ယွိ၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် သာမန်ထွားကျိုင်းသော လူငယ်တစ်ဦးသည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

ထိုလူငယ်က နတ်ဆိုး အလင်းတန်းများ လင်းလက်နေသည့် ကြီးမားသည့် အနက်ရောင် တူတစ်လက်ကို ကိုင်ဆောင်ထား၏။

လူငယ်၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“ငါက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက လီအောက်ပဲ.. ဘယ်သူ ငါနဲ့ ယှဥ်ပြိုင်ချင်လဲ”

သန်မာထွားကျိုင်းသော လူငယ်ကို ကြည့်ပြီး နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူ အများအပြားသည် အနည်းငယ် တုန်လှုပ်သွားကြသည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် စတုတ္ထအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်တွင် ရှိသော လူငယ်ပါရမီရှင်ကို ဦးဆုံး စေလွှတ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် နတ်ဘုရားနယ်မြေ၏ ထိပ်သီးပါရမီရှင် လူငယ်ဆယ်ဦးထဲတွင်ပင် ထိပ်ဆုံးငါးဦး စာရင်းဝင်ရန် လုံလောက်၏။

“မင်းက တော်တော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေတဲ့ပုံပဲ.. ငါ နန်းကုန်းချန် မင်းနဲ့တိုက်မယ်”

ထိုခဏဝယ် ကျန့်ယွမ်ထျန်း၏ အနောက်ကနေ လူငယ်တစ်ဦး ရုတ်တရက် ရှေ့ထွက်လာခဲ့ပြီး သန်မာထွားကျိုင်းသော လူငယ် ထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျန့်ယွမ်ထျန်း၏ မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့၏။

သို့သော်လည်း တားဆီးရန်မှာ နောက်ကျသွားခဲ့ချေပြီ။

နန်းကုန်းချန်သည် သူတို့ ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ ထူးချွန်သောပါရမီရှင်တစ်ဦး ဖြစ်ပြီး နတ်ဘုရင်တတိယအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ကာ အလယ်ပိုင်းဒေသ လူငယ်ပါရမီရှင် စာရင်းတွင် အဆင့်၁၂နေရာ၌ ရှိပြီး ထိပ်သီးပါရမီရှင်ဆယ်ဦး၏ အောက်တွင် ရှိသည်။

သို့သော်လည်း တစ်ဖက်မှ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လူငယ်ပါရမီရှေ့တွင် မလုံလောက်သေးသည်မှာ ထင်ရှားနေခဲ့၏။

“နတ်ဘုရင်တတိယအဆင့်က အမှိုက်ကများ ငါ့ကို စိန်ခေါ်ရဲတယ်.. သေဖို့သာပြင်ထားလိုက်တော့”

နန်းကုန်းချန်က သူ့ထံသို့ ပျံသန်းလာသည်ကို မြင်လျှင် လီအောက်ဟု အမည်ရသော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူငယ်ပါရမီရှင်သည် သူ၏လက်ထဲမှ ဧရာမ အနက်ရောင်တူကြီးဖြင့် နန်းကုန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

လေထုက အေးခဲသွားခဲ့ပြီး နေရာလွတ်များ ပြိုကျသွားခဲ့သည်။

ဤတိုက်ကွက်အောက်တွင် နန်းကုန်းချန်သည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့၏။

နတ်ဘုရင် တတိယအဆင့်ရှိ နန်းကုန်းချန်သည် တူ တစ်ချက်တည်းဖြင့်ပင် အသေသတ်ခြင်း ခံလိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူအများအပြားသည် စိတ်ပျက်အားငယ်သွားကြ၏။

ကျန့်ယွမ်ထျန်းက သုန်မှုန်သော မျက်နှာဖြင့် ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေက ပါရမီရှင်တွေအားလုံး နားထောင်ကြစမ်း.. ငါတို့ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ လွယ်လွယ်နဲ့ထွက်တိုက်ခွင့် မရှိဘူး”

စင်စစ် ကျန့်ယွမ်ထျန်းပင် ပြောနေစရာ မလိုတော့ဘဲ နန်းကုန်းချန်ထံမှ သင်ခန်းစာကြောင့် မည်သည့် နတ်ဘုရားနယ်မြေမှ လူငယ်ပါရမီရှင်မှ လွယ်လွယ်နှင့် ထွက်မတိုက်ရဲတော့ပေ။

နန်းကုန်းချန်သည် သူတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ဆိုလျှင် တစ်ဖက်မှ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူငယ်ပါရမီရှင်ကို အလယ်ပိုင်းဒေသရှိ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ ပုဂ္ဂိုလ်များသာ ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။

“အဲဒီကောင်က စတုတ္ထအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးပဲ.. နတ်ဘုရင်စတုတ္ထအဆင့်အောက်ကလူတွေ လုံးဝ ထွက်တိုက်ဖို့ မစဥ်းစားနဲ့”

စစ်ခုန်ဟိုင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူထဲက ဘယ်သူထွက်တိုက်မလဲ”

“ကျွန်‌တော် သွားလိုက်မယ်”

ထိုခဏဝယ်‌ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှ လုံကျိုးဟန်က ရှေ့ထွက်လာခဲ့သည်။

လုံကျိုးဟန်သည် မူလကပင် အလယ်ပိုင်းဒေသ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကျန်းချန်ကို ရှုံးနိမ့်ပြီးကတည်းကပင် လုံကျိုးဟန်သည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသို့ ပြန်သွားပြီး အပြင်းအထန် ကျင့်ကြံခဲ့ရာ ခွန်အားများ အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ယခုအခါတွင် သူသည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။

လုံကျိုးဟန်က ရှေ့သို့ လှမ်းထွက်လိုက်ပြီး နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

သူ၏ အသွင်အပြင်က ဘုံကိုးပါးမှ ဆင်းသက်လာသော နဂါးတစ်ကောင် ကဲ့သို့ ခန့်ညားနေခဲ့၏။

“ဒီတစ်ကြိမ်တော့ အတော်လေး အဆင့်ရှိတဲ့သူတစ်ယောက် ရှေ့ထွက်လာတာပဲ”

လီအောက်က လုံကျိုးဟန်ကို စိုက်ကြည့်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့ကာ သူ၏ အနက်ရောင် ဧရာမတူဖြင့် လုံကျိုးဟန်ကို တိုက်ခိုက်လိုက်၏။

လုံကျိုးဟန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ နတ်စွမ်းအားများသည် နဂါးပုံသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုနဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လီအောက်၏ ဧရာမတူကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကမ္ဘာကြီးက ပြိုလဲမတတ် ဖြစ်သွားခဲ့ပြီး လေထုသည်ပင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။

စွမ်းအင်လှိုင်းများကြောင့် ပရမ်းပတာဖြစ်နေသော နေရာကနေ ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းမှာပင် လွင့်စင်လာခဲ့သည်။

နှစ်ဦးစလုံးသည် သူတို့၏ ခန္ဓာကိုယ် ဟန်ချက်ကို အစွမ်းကုန်ပြန်လည် ထိန်းချုပ်လိုက်ရ၏။

ထို့နောက်တွင် တိုက်ကွက်များကို ထုတ်ဖော်ကာ နောက်တစ်ကြိမ် ပြန်လည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

နှစ်ဦးသားက လေထဲတွင် ဆက်လက် တိုက်ခိုက်နေကြပြီး တစ်ခဏအတွင်းမှာပင် တိုက်ကွက်ဆယ်ကွက် ကျော်သွားခဲ့သည်။

နှစ်ဦးစလုံးက ဒဏ်ရာများ ပြည့်နှက်နေခဲ့ပြီး မျက်နှာများသည်ပင် ဖြူဖျော့နေခဲ့၏။

အထူးသဖြင့် လုံကျိုးဟန်၏ နှုတ်ခမ်းထောင့်တွင် သွေးစများစီးကျနေခဲ့သည်။

သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် နှစ်ဦးစလုံးသည် အနည်းငယ်မျှပင် နောက်ဆုတ်သွားခြင်း မရှိဘဲ အစွမ်းကုန်တိုက်ခိုက်နေခဲ့ကြသည်။

အဆုံးသတ်တွင် လုံကျိုးဟန်သည် လီအောက်၏ ရိုက်ချက်ဖြင့် လွင့်ထွက်သွားခဲ့ပြီး လီအောက်၏ ခန္ဓာကိုယ်သည်လည်း လုံကျိုးဟန်၏ အစွမ်းထက် တိုက်ကွက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရပြီး လက်ထဲမှ ဧရာမတူကိုပင် မကိုင်နိုင်တော့ပေ။

နှစ်ဦးစလုံးသည် ထပ်မံ တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ပေ။

ဤပြင်းထန်သော တိုက်ပွဲတွင် နှစ်ဖက်စလုံး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး မည်သည့်ဘက်ကမှ အသာစီးမရခဲ့သည်မှာ ထင်ရှားနေခဲ့၏။

နှစ်ဖက်စလုံးမှ အစွမ်းထက် ကျင့်ကြံသူများသည် တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားသော နှစ်ဦးကို အသီးသီး ပြန်လည် ခေါ်ဆောင်သွားခဲ့ကြသည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဘက်မှ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် သုန်မှုန်သောမျက်နှာထားရှိသည့် လူငယ်တစ်ဦးသည် ပျံသန်း၍ ထွက်လာခဲ့သည်။

သူ၏ အေးစက်စက် ကြုံးဝါးသံက ကောင်းကင်နှင့်မြေကြီးအနှံ့ တိုက်ရိုက်ဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“ငါက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက မင်ကူပဲ.. ငါနဲ့ ယှဥ်ရဲတယ်ဆိုရင် ရှေ့ထွက်လာခဲ့ပါ”

အခန်း(၂၄၁၆)ပြီး၏။

All Chapters