အခန်း (၂၄၁၉-၂၄၂၀)
Vol. 182 Ch. 2419-2420
အခန်း(၂၄၁၉)
“ကောင်းပြီ မင်းတို့နှစ်ယောက် ကျန့်ဝူရှင်းကို ကူညီဖို့ မြန်မြန်သွားကြ”
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် စစ်ခုန်ဟိုင်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မိုဝူလင်းသည် အစွမ်းထက်သော်လည်း သူတို့ နတ်ဘုရားနယ်မြေမှ အထူးချွန်ဆုံး ပါရမီရှင်သုံးဦးသည်လည်း မည်သူမဆို လွယ်လွယ်ဖြင့် အနိုင်ကျင့်၍ရသော သူများ မဟုတ်ပေ။
ကျန်းရွမ်နှင့် ကူဖုန်းအာသာ ကျန့်ဝူရှင်းနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် မိုဝူလင်းကို ယှဥ်ပြိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“ဟားဟား အချိန်ဖြုန်းမနေကြနဲ့တော့.. နတ်ဘုရားနယ်မြေမှာ ငါ့ကို စိန်ခေါ်ချင်တဲ့ လူငယ်ပါရမီရှင်တွေ ရှိသေးလား.. ရှိရင် အားလုံး အတူတူ တစ်ခါတည်း တက်လာခဲ့ကြ.. ဘယ်သူမှ ရှေ့ထွက်မလာရဲဘူး ဆိုရင်တော့ ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ဆီမှာ အမြန်ဆုံး အညံ့ခံပြီး လက်နက်ချလိုက်ကြတော့”
ထိုအချိန်မှာပင် မိုဝူလင်း၏ အထင်သေးစွာ ရေရွတ်လိုက်သော စကားသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“မိုဝူလင်း.. မင်းသိပ်မောက်မနေနဲ့”
မိုဝူလင်း၏ စကားကြောင့် နတ်ဘုရားနယ်မြေမှ အစွမ်းထက်ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် ပို၍ပင် သုန်မှုန်သွားခဲ့သည်။
“မင်းတစ်ယောက်တည်းနဲ့ ငါတို့ နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်အားလုံးကို ဘယ်လိုစိန်ခေါ်မှာလဲ ဆိုတာ ငါကျန်းရွမ် ကြည့်ချင်သေးတယ်”
ကျန်းရွမ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ကူဖုန်းအာကလည်း ချက်ချင်းဆိုသလိုပင် အနီရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ မိုဝူလင်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“သေစမ်း”
ကျန်းရွမ်၏ မျက်ဝန်းထဲတွင် လျှပ်စီးအလင်းများ လက်ခနဲ ဖြစ်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်ဓားတစ်လက်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ပါရမီရှင် မိုဝူလင်းနှင့် ရင်ဆိုင်နေရ၍ ကျန်းရွမ်သည် သဘာဝကျစွာပင် အနည်းငယ်မျှ ထိမ်ချန်မထားဘဲ လူသားဧကရာဇ်ဓားအတုကို ထုတ်ယူကာ မိုဝူလင်းကို တိုက်ခိုက်လိုက်သည်။
“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်ဓားပါလား.. တကယ်လို့ ဒီဓားသာ လူသားဧကရာဇ်ဓားအစစ် ဆိုရင်တော့ ငါနည်းနည်းလောက် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရလိမ့်မယ်.. နှမြောစရာကောင်းတာက ဒီဓားက ဓားအတု ဖြစ်နေတာပဲ”
မိုဝူလင်းက လှောင်ပြုံး ပြုံးလိုက်ပြီး ကျန်းရွမ်၏ ဓားကို ဖမ်းဆုပ်လိုက်သည်။
“ထန်..”
လေထုထဲတွင် သတ္တုချင်း ထိတွေ့သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းရွမ်၏ အစွမ်းကုန် ခုတ်ပိုင်းလိုက်သော ဓားချက်ကို မိုဝူလင်းသည် အသာအယာပင် ဖမ်းဆုပ်ထားခဲ့သည်။
လူသားဧကရာဇ် ဓားအတုက အလွန်တရာ အစွမ်းထက်သော်လည်း မိုဝူလင်း၏ လက်ဖဝါးထဲကနေ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းရွမ်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“ပုရွက်ဆိတ်လေး တစ်ကောင်က ငါ့ကို တိုက်ဖို့ ဘယ်နေရာကနေ သတ္တိရလာတာလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး”
မိုဝူလင်းက ကျန်းရွမ်ကို အထင်သေးစွာ ကြည့်၍ ရေရွတ်လိုက်သည်။
ထို့အပြင် ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေထောင်ချီ အကွာအဝေး အထိ နောက်ပြန် လွင့်ထွက်သွားခဲ့၏။
ထို့နောက်တွင် ကျန်းရွမ်၏ ရွှေရောင်ဓားရှည်ကို ဖမ်းဆုပ်ထားသည့် သူ၏ လက်ကို အနည်းငယ် အားစိုက်လိုက်ရာ ကျန်းရွမ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ဤအချိန်တွင် လေထုထဲရှိ ကျန့်ဝူရှင်းနှင့် ကူဖုန်းအာတို့ ဖြစ်စေ၊ အောက်ဘက်ရှိ နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်စေ၊ အားလုံး၏ မျက်နှာအမူအရာသည် အလွန်တရာပင် လေးနက်သွားခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ပါရမီရှင်သည် အမှန်တကယ်ပင် အစွမ်းထက်လွန်းနေခဲ့၏။
ကျန်းရွမ်၏ ခွန်အားဖြင့် လူသားဧကရာဇ် ဓားအတုကို အစွမ်းကုန် အသုံးပြုခဲ့သည့်တိုင် မိုဝူလင်း၏ ပေါ့ပါးသော တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်ခဲ့ပေ။
“ဒီကောင်က အင်အားကြီးလွန်းတယ်.. အားလုံးအတူတူတိုက်ခိုက်ကြစို့”
ကျန့်ဝူရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ကျန့်ဝူရှင်းသည်ပင် မိုဝူလင်း၏ ပါရမီက သူ့ထက်များစွာ သာလွန်မှန်း ဝန်ခံလိုက်ရ၏။
အကယ်၍ သူတစ်ယောက်တည်း တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
ထို့အပြင် ဤတိုက်ပွဲသည် သူ၏ တစ်ကိုယ်ရည်တိုက်ပွဲ မဟုတ်ဘဲ နတ်ဘုရားနယ်မြေ တစ်ခုလုံး၏ သေရေးရှင်ရေးအခြေအနေနှင့် ဆက်စပ်နေခဲ့၏။
လက်ရှိ အခြေအနေအရ သူတို့သုံးယောက် ပူးပေါင်း၍ မိုဝူလင်းကို အစွမ်းကုန် တိုက်ခိုက်ရုံသာ ရှိတော့သည်။
ကျန့်ဝူရှင်းက စကားဆုံးသည်နှင့် ကြယ်စွမ်းအားများကို ဂလက်စီ ဓားတစ်လက် အဖြစ်သို့ စုစည်းကာ မိုဝူလင်းကို တိုက်ခိုက်လိုက်သည်။
ကျန်းရွမ်ကလည်း သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး လူသားဧကရာဇ် ဓားအတုကို နောက်တစ်ကြိမ်အသုံးပြုကာ မိုဝူလင်းကို တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ကူဖုန်းအာ၏ ခန္ဓာကိုယ်ကနေ အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ဖီးနစ်ငှက်၏ စူးရှသော အော်ဟစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
မကြာခင်မှာပင် မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဖီးနစ်ငှက်ပုံရိပ်သည် ကူဖုန်းအာ၏ ကျောဘက်တွင် စုစည်းသွားခဲ့သည်။
ကူဖုန်းအာ၏ ထိန်းချုပ်မှုအောက်တွင် ဖီးနစ်ငှက်ပုံရိပ်သည် လေထုကိုပင် လောင်ကျွမ်းစေနိုင်သည့် စွမ်းအားကို သယ်ဆောင်ကာ မိုဝူလင်း ဆီသို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့သည်။
“ဟားဟား စပါးစေ့လေးရဲ့အလင်းရောင်ကများ လမင်းကြီးရဲ့တောက်ပမှုကို ယှဥ်ပြိုင်ဖို့ ကြိုးစားရဲတယ်လား”
နတ်ဘုရားနယ်မြေမှ အထူးချွန်ဆုံးပါရမီရှင် သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း မိုဝူလင်း၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ အနည်းငယ်မျှ မရှိခဲ့ပေ။
သူက မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြုံး ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
ထိုအနက်ရောင် နတ်ဆိုး အရှိန်အဝါထဲတွင် မရေမတွက်နိုင်သော ဆန်းကြယ်သည့် သင်္ကေတများ ရှိနေခဲ့၏။
“ဝုန်း..”
မိုဝူလင်းက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သူ၏လက်သီးချက်နှင့်အတူ ဆန်းကြယ်သာ အနက်ရောင်သင်္ကေတများသည် လေထုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ကျန့်ဝူရှင်းနှင့်ကျန်းရွမ်တို့သည် ယခင်ကတည်းကပင် မိုဝူလင်း၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဖြစ်ရာ ယခုလို အစွမ်းကုန် တိုက်ခိုက်လိုက်သည့် မိုဝူလင်း၏ လက်သီးချက်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
ကျန့်ဝူရှင်း၏ဂလက်စီဓားကြီးဖြစ်စေ၊ကျန်းရွမ်၏ လူသားဧကရာဇ်ဓားအတုဖြင့် အစွမ်းကုန်ခုတ်ပိုင်းလိုက်သည့် ဓားချက်ဖြစ်စေ ဆန်းကြယ်သော အနက်ရောင်သင်္ကေတများ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ချက်ချင်းဆိုသလို အမှုန့်အဖြစ် ပြိုကွဲသွားခဲ့သည်။
ကူဖုန်းအာစုစည်းထားသည့် ဖီးနစ်ငှက်ပုံရိပ်သာလျှင် ထိုဆန်းကြယ်သော အနက်ရောင်သင်္ကေတများကို ခုခံနိုင်ခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ကူဖုန်းအာကိုကြည့်ကာ မိုဝူလင်း၏မျက်ဝန်းထဲ၌ အံ့အားသင့်သောအရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
“မင်းရဲ့ခန္ဓာကိုယ်နဲ့ပါရမီက တကယ်ကို ထူးခြားတာပဲ တကယ်လို့ မင်းရဲ့ကျင့်ကြံခြင်းအဆင့်သာ ငါနဲ့ အဆင့်တူဆိုရင် ငါ့အနေနဲ့ မင်းကို စိုးရိမ်ကောင်းစိုးရိမ်ရလိမ့်မယ် ဒါပေမဲ့ ကံမကောင်းတာက မင်းမှာ အဲလိုအခွင့်အရေးရှိတော့မှာမဟုတ်ဘူး”
မိုဝူလင်းက အေးစက်စက်ရေရွတ်ပြီးသည်နှင့် နောက်ထပ်လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဤတစ်ကြိမ်လက်သီးချက်တွင် အနက်ရောင်သင်္ကေတများ၏ စွမ်းအားသည် ပိုမို၍ အားကောင်းလာခဲ့သည်။
လက်သီးအလင်းက ကူဖုန်းအာ၏ ဖီးနစ်ငှက်ပုံရိပ်ဆီသို့ တန်းတန်းမတ်မတ်ပင် သက်ရောက်သွားခဲ့သည်။
“ဝုန်း..”
ကူဖုန်းအာ၏ ဖီးနစ်ငှက်ပုံရိပ်သည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ လေထုထဲတွင် အပိုင်းပိုင်းပြိုကွဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကူဖုန်းအာအပါအဝင် နတ်ဘုရားနယ်မြေမှ အထူးချွန်ဆုံးပါရမီရှင်သုံးယောက်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ချီ အကွာအဝေး အထိ နောက်ပြန်လွင့်စင်သွားခဲ့ကြသည်။
“သွားသေလိုက်ကြတော့”
မိုဝူလင်း၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့၏။
သူက ကူဖုန်းအာတို့ သုံးယောက်ကို အသက်ရှုဖို့ပင် အခွင့်အရေး မပေးဘဲ တိုက်ရိုက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
သူ့ရှေ့မှ သုံးယောက်သည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်းပါရမီရှင်များဖြစ်ကြပြီး ပါရမီနှင့် အလားအလာသည် သူ့ထက်များစွာ မနိမ့်ကျပေ။
အကယ်၍ ထိုသုံးယောက်ကိုသာ အချိန်တစ်ခုပေးပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် သူနှင့် ယှဥ်နိုင်သည်အထိ ကြီးထွားလာမည်ဆိုလျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု အတွက် သေချာပေါက် ပြဿနာများ သယ်လာပေလိမ့်မည်။
ကူဖုန်းအာတို့ သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုသည်ပင် မိုဝူလင်း၏ တိုက်ခိုက်မှုကို မတားဆီးနိုင်သည်ကို မြင်လိုက်ရလျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။
ကူဖုန်းအာတို့ သုံးယောက်သည် နတ်ဘုရားနယ်မြေ၏ အထူးချွန်ဆုံး ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ၏။
အကယ်၍ ထိုသုံးယောက်စလုံးသာ မိုဝူလင်း၏ လက်ထဲတွင် ကျဆုံးသွားမည် ဆိုလျှင် ယင်းသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးအတွက် သေချာပေါက် ကြီးမားသော ထိုးနှက်ချက်ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
“ရပ်လိုက်စမ်း”
ကူဖုန်းအာ အန္တရာယ်ထဲ ကျရောက်နေသည်ကို မြင်လျှင် ကျန်းဝူရနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ဘိုးဘေးသုံးယောက်သည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့က ပါရမီရှင်သုံးဦးကို အစွမ်းကုန် ကယ်ဆယ်ရန် ပြင်ဆင်နေသော အချိန်မှာပင် တောက်ပသော ရွှေရောင်ဓားအလင်းတစ်ခုသည် သက်တန့်တစ်ခုနှယ် အဝေးရှိ ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၄၁၉)ပြီး၏။
အခန်း(၂၄၂၀)
ထိုဓားအလင်းသည် အလွန်တရာ တောက်ပပြီး အဆုံးစွန် အစွမ်းထက်၏။
မိုဝူလင်း၏ အနက်ရောင် သင်္ကေတများဖြင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ်လက်သီးချက် ပင်လျှင် ထိုဓားအလင်းကြောင့် ပြိုကွဲသွားခဲ့သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြ၏။
မကြာမီမှာပင် လူတိုင်း၏ အကြည့်သည် ဓားအလင်းထွက်ပေါ်လာသည့် နေရာဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ထိုနေရာတွင် လေထဲ၌ လမ်းလျှောက်လာသော ပုံရိပ်နှစ်ခု ရှိနေခဲ့၏။
ရှေ့ဆုံးက လာနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ၏ မျက်ဝန်းများတွင် အံ့အားသင့် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကြောင်းရင်းမှာ ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အခြားသူ မဟုတ်ဘဲ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ကျန်းချန် ဖြစ်နေသောကြောင့်ပင်။
လူသားဧကရာဇ်ကျန်းချန်သည် ယနေ့ခေတ် နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် အစွမ်းထက်ဆုံး ပါရမီရှင်ဆိုလည်း မမှားပေ။
ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတွင် လူသားဧကရာဇ်ကျန်းချန်သည် ကျန့်ဝူရှင်းကို အနိုင်ယူခဲ့သည်ကို ယခုရောက်ရှိနေသော အစွမ်းထက်ကျင့်ကြံသူများသည် ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။
အကယ်၍ နတ်ဘုရားနယ်မြေတွင် မိုဝူလင်းကို ယှဥ်ပြိုင်နိုင်သူဆိုလျှင် ကျန်းချန်မှလွဲ၍ ဒုတိယ တစ်ယောက် ရှိလိမ့်မည်မဟုတ်ဟု ယူဆထားခဲ့ကြ၏။
“ဒီကောင်လေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”
ကျန်းချန် ပေါ်လာသည်ကိုမြင်လျှင် ကျန်းဝူရသည် စိတ်အေးသွားခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ ပါရမီရှင်သည် အလွန်တရာ အစွမ်းထက်သော်လည်း ကျန်းဝူရသည် ကျန်းချန်အပေါ်တွင် အတိုင်းအတာတစ်ခု အထိ ယုံကြည်မှု ရှိနေခဲ့၏။
အကြောင်းရင်းမှာ ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်သို့ ရောက်ရှိလာကတည်းကပင် မည်သို့သော အခြေအနေမျိုးတွင်မဆို သူ့ကို စိတ်ပျက်စေခဲ့ခြင်း မရှိသောကြောင့်ပင်။
“ညီမဖုန်းအာ.. ဘာဖြစ်သွားသေးလဲ”
မျက်နှာတစ်ခုလုံး ဖြူဖျော့နေသာ ကူဖုန်းအာကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
ကူဖုန်းအာက ခေါင်းခါရမ်းလိုက်ပြီး အလျင်အမြန် ပြောလိုက်၏။
“ဘာမှမဖြစ်ဘူး အစ်ကိုကျန်းချန်.. အစ်ကိုကျန်းချန် သတိထားပါ.. ဒီဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ ပါရမီရှင်က အရမ်းအစွမ်းထက်တယ်”
“စိတ်ချပါ ဖုန်းအာ”
ကျန်းချန်က အေးစက်စက် ပြုံးပြလိုက်ပြီး ချက်ချင်းဆိုသလိုပင် ခြေလှမ်းလိုက်ရာ မိုဝူလင်း၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ”
ရုတ်တရက် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် မိုဝူလင်း၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်ကနေ မိုဝူလင်းသည် အန္တရာယ်ရှိသော အငွေ့အသက်ကို ခပ်ရေးရေးခံစားမိလိုက်၏။
သူ့ရှေ့မှလူသည် သူနတ်ကုန်းမြေတိုက်သို့ ခြေချလာကတည်းကပင် သူ့ကို အန္တရာယ်ရှိသည်ဟု ခံစားရစေသည့် ပထမဆုံးလူသား ဖြစ်သည်။
သိထားရမည့်အချက်မှာ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ တချို့ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိခြင်းပင်။
နတ်ကုန်းမြေတိုက်တွင် ဤကဲ့သို့သော ပါရမီရှင်မျိုး ရှိနေလိမ့်မည်ဟု မိုဝူလင်း ထင်မထားခဲ့ပေ။
“ငါက လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိ လူသားဧကရာဇ်ကျန်းချန်ပဲ”
ကျန်းချန်က မိုဝူလင်းကို တည်ငြိမ်စွာ ကြည့်၍ပြောလိုက်သည်။
“သူတို့ သုံးယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တာ မင်းလား”
“လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိ လူသားဧကရာဇ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် မိုဝူလင်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မိုဝူလင်းသည် နတ်ဘုရားနယ်မြေသို့ မလာမီ အချိန်အထိ တံခါးပိတ်၍ ကျင့်ကြံနေခဲ့သဖြင့် ကျန်းချန်၏အမည်ကို မကြားဖူးသော်လည်း လူသားဧကရာဇ်နန်းတော်နှင့် လူသားဧကရာဇ် ဆိုသည်မှာ သူ့အတွက် စိမ်းလှသည် မဟုတ်ပေ။
ဤနှစ်ပေါင်းများစွာအတွင်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်ထဲတွင်သာ နေထိုင်ခဲ့ရပြီး ကျူးကျော်စစ်ဆင်နွှဲရာတွင် မအောင်မြင်ခဲ့ရခြင်းမှာ လူသားဧကရာဇ်နန်းတော်နှင့် လူသားဧကရာဇ်တို့ကြောင့် ဖြစ်သည်။
ဆိုရလျှင် လူသားဧကရာဇ်နန်းတော်၏ မျိုးဆက်တိုင်းသည် အံ့ဩဖွယ် အစွမ်းထက်၏။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မရေမတွက်နိုင်သော နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား များသည် လူသားဧကရာဇ်နန်းတော်၏ မျိုးဆက် အစဥ်အဆက် လူသားဧကရာဇ်များ လက်ထဲတွင် ကျဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။
သူ့ရှေ့မှ လူသည် လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ် ဖြစ်နေလိမ့်မည်ဟု မိုဝူလင်း ထင်မထားခဲ့ပေ။
မိုဝူလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ချက်ချင်းဆိုသလို လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ မင်းတို့နတ်ဘုရားနယ်မြေက သဘောတူညီမှ ရယူပြီးမှ ဒီပြိုင်ပွဲကို ယှဥ်ပြိုင်ခဲ့တာပဲ.. ငါလည်း ဘာမှမတတ်နိုင်ဘူး.. သူတို့ ကိုယ်တိုင်က အမှိုက်တွေ ဖြစ်နေတာကိုပဲ အပြစ်တင်ရလိမ့်မယ်”
“ကျန်းချန်.. အဖေနဲ့သား အဆက်အသွယ်ရပြီး မကြာခင်မှာပဲ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက ရှီးလင်မြို့ကို ရုတ်တရက်တိုက်ခိုက်လာခဲ့တယ်.. ဒါပေမဲ့ သူတို့က ရှီးလင်မြို့ကို အင်အားသုံးပြီး တိုက်ခိုက်မဲ့အစား လူငယ်ပါရမီရှင်တွေ အချင်းချင်း ယှဥ်ပြိုင်ပြီး အရှုံးအနိုင်ဆုံးဖြတ်ဖို့ ကမ်းလှမ်းခဲ့တယ်.. မင်းရောက်လာတဲ့အထိ အချိန်ဆွဲနိုင်ဖို့ အတွက် အဖေတို့က သူတို့ရဲ့ကမ်းလှမ်းချက်ကို သဘောတူလိုက်တာပဲ.. အခု မင်းနဲ့ ရင်ဆိုင်ရမဲ့ မိုဝူလင်းက သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးပဲ.. သူ့ရဲ့ခွန်အားက ခန့်မှန်းလို့မရလောက်အောင် နက်ရှိုင်းတယ်.. သား သတိထားပါ”
ထိုခဏတွင် ကျန်းဝူရသည် ကျန်းချန်ကို အသံလှိုင်း ပို့လွှတ်၍ အခြေအနေကို ရှင်းပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။
“မင်းတို့က လူငယ်တွေ အချင်းချင်း ယှဥ်ပြိုင်စေပြီး စစ်ပွဲရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ချင်နေတာကိုး.. တကယ်လို့ မင်းတို့ဘက်က ရှုံးရင် နတ်ကုန်းမြေတိုက်ကနေ ထွက်သွားမှာလား”
“ဟုတ်တယ်.. ငါတို့ရှုံးရင် နတ်ကုန်းမြေတိုက်ကနေ ထွက်သွားမယ်.. တကယ်လို့ မင်းတို့ နတ်ကုန်းမြေတိုက်က ရှုံးရင်တော့ ငါတို့ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုထံမှာ အညံ့ခံရလိမ့်မယ်”
မိုဝူလင်းက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် တိုက်ခိုက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိ လူသားဧကရာဇ်.. မင်းငါနဲ့ တိုက်ရဲလားဆိုတာ ငါသိချင်တယ်”
“မင်းက ငါနဲ့ ကစားချင်နေမှတော့ ငါက မင်းကို အဖော်လုပ်ပေးရတာပေါ့.. မင်းတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက အလိုရှိသရွေ့ ငါတို့ နတ်ကုန်းမြေတိုက်က အဆုံးအထိ ယှဥ်ပြိုင်ပေးသွားမယ်.. ဒီလိုပြောရရင် ဒီနတ်ကုန်းမြေတိုက်က မင်းတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု လက်လှမ်းမီနိုင်တဲ့အရာ မဟုတ်ဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။
သူ၏ အေးစက်စက် စကားသံသည်ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ကောင်းပြီလေ. ဒီလိုဆိုမှတော့ ငါမိုဝူလင်းက လူသားဧကရာဇ်ရဲ့ ခွန်အား ဘယ်လောက်အထိ သန်မာလဲ ဆိုတာ စမ်းကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် မိုဝူလင်း၏ မျက်ဝန်းထဲမှ ဆန်းကြယ်သော အနက်ရောင် အလင်းတန်းများ ပို၍ တောက်ပလာခဲ့သည်။
ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ကမ္ဘာကြီးကိုပင် လွှမ်းခြုံသွားခဲ့သည်။
ဤအခိုက်အတန့်တွင် လေထုထဲရှိ မိုင်ပေါင်းသောင်းချီ ဧရိယာသည် အေးခဲသွားသကဲ့သို့ပင် ဖြစ်သွားခဲ့၏။
သို့ရာတွင် မိုဝူလင်း၏ လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အလွန်ပင် တည်ငြိမ်နေခဲ့သည်။
သူ့ကိုယ်ပေါ်သို့ မည်သည့်စွမ်းအား သက်ရောက်မှုမျှ မရှိခဲ့ပေ။
သူက မိုဝူလင်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ တကယ့်စွမ်းရည်အစစ်အမှန်ကိုသာ ထုတ်သုံးစမ်းပါ.. ဒီစွမ်းအားလောက်နဲ့တော့ ငါ့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး”
သူက သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားစွမ်းအားကို အစွမ်းကုန် ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှု မရှိသည်ကိုမြင်လျှင် မိုဝူလင်း၏မျက်ဝန်းများသည် ပို၍ပင် လေးနက်လာခဲ့၏။
သူ့ရှေ့မှ လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ်သည် သူထင်ထားသည်ထက်ပင် များစွာ အစွမ်းထက်နေခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ပြီး နတ်ဘုရင် နဝမအဆင့်နှင့်ပင် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသဖြင့် မိုဝူလင်းသည် သဘာဝကျစွာပင် တုန်လှုပ်ခြင်း မရှိခဲ့ပေ။
သူက အနက်ရောင်သင်္ကေတများ ပါဝင်နေသော လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် ထိုးနှက်လိုက်သည်။
“ဝုန်း..”
ထိုလက်သီးချက်သည် ကျန်းချန်၏ ရှေ့ရှိ နေရာလွတ်ကို ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
၎င်းသည် ရှေးဟောင်းသားရဲကြီး တစ်ကောင်က ကျန်းချန်ကို ဝါးမျိုရန် ပါးစပ်ကို ဖြဲထားသကဲ့သို့ပင် ထင်ရ၏။
“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။
သို့ရာတွင် ထိုဓားချက်သည် မိုဝူလင်း၏ လက်သီးချက်ကို အကုန်အစင် မချေမှုန်းနိုင်ခဲ့ပေ။
လက်သီးချက်၏ ကျန်ရှိသော စွမ်းအားအချို့သည် ကျန်းချန်ကို လေထဲတွင် နောက်သို့ ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်ခွာသွားစေခဲ့၏။
ကျန်းချန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ပြန်လည် ဖိနှိပ်လိုက်သည်။
ထို့နောက်တွင် သူက သူ့ရှေ့မှ မိုဝူလင်းကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်၏။
သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့်ကို ရောက်ရှိနေသော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ ပါရမီရှင်သည် အလွန်အမင်း အစွမ်းထက်သည်။
ဤလူ၏ ခွန်အားသည် နတ်ဘုရင် နဝမအဆင့်ရှိ ကျင့်ကြံသူများနှင့်ပင် ယှဥ်နိုင်လောက်၏။
ကံကောင်းထောက်မစွာဖြင့် သူ ယခုတစ်ကြိမ် မြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့စဥ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် များစွာ တိုးတက်လာခဲ့ပြီး နတ်ဘုရင် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့မဟုတ်လျှင် သူ့ရှေ့မှ ဤလူကို ရင်ဆိုင်ရာ၌ အနိုင်ရရန် အခွင့်အရေး လုံးဝ ရှိမည်မဟုတ်ပေ။
အခန်း(၂၄၂၀)ပြီး၏။