အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
အပိုင်း ( 694 )
အန္တိမ အထွတ်အထိပ် ပညာရှင်ကို အစေခံအဖြစ်သို့ ဖိနှိပ်ခြင်း၊ အန္တိမနယ်မြေ၏ အရှင်သခင် ၂
အသက်နှင့် မရဏ နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ဖြင့် ရောယှက်နေသည့် ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို သယ်ဆောင်ထားသော လက်ဝါးတစ်ခုသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
” ဘုမ်းး ဝုန်းး အုမ်း “
တစ်စက္ကန့်မပြည့်ခင် အချိန်မှာပင် သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားခဲ့သည်။
“ ငါ အရှုံးပေးတယ် “
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့ကာ၊ ဒူးထောက်ကျသွားခဲ့သည်။
မလှမ်းမကမ်းရှိ ထုန်ရင်နှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်တို့မှာလည်း အလောတကြီး အော်ပြောလာခဲ့ကြသည် “ တာအိုရောင်းရင်း၊ ဒီနေ့တိုက်ပွဲမှာ ငါတို့ရှုံးပါတယ် “
သူတို့အားလုံး၏ မျက်နှာများပေါ်တွင် တအံ့တဩဖြစ်နေသည့် အမူအရာများ စွန်းထင်းနေလျက်ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာ အလွန်တရာ အစွမ်းထက်လွန်းနေခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်ရှစ်ဦး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရချိန်မှာပင် အောက်စည်းသို့ ရောက်မသွားခဲ့ပေ၊ သူသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲကိုပင် တိုက်ကွက်တစ်ခုတည်းဖြင့် သုတ်သင်လုနီးပါး ဖြစ်သွားခဲ့သည်။
သူတို့သည် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
“ သူ့ရဲ့ ရုပ်ခန္ဓာကလည်း အန္တိမ အထွတ်အထိပ် နယ်ပယ်ကို ရောက်နေတယ် “
ဤအချိန်၌ လူတိုင်း နားလည်သွားကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ထိုမျှလောက် အစွမ်းထက်နေရခြင်းမှာ သူ၏ နိယာမ စွမ်းအားကြောင့်သာလျှင် မဟုတ်ဘဲ၊ သူ၏ရုပ်ခန္ဓာကပါ အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
၎င်းသည် သက်ရှိအားလုံးကို ငုံ့ကြည့်နိုင်သည့် အမြင့်တစ်နေရာ(သို့) အန္တိမ အထွတ်အထိပ်နယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဟုပင် သတ်မှတ်၍ ရလေသည်။
“ တာအိုရောင်းရင်း၊ ဒီနေ့ဖြစ်ရပ်က ငါတို့ရဲ့ ခဏတာ မိုက်မဲမှုကြောင့် ဖြစ်သွားရတာပါ၊ မင်းကပဲ ငါတို့ကို ခွင့်လွှတ်ပေးပါ “
ထုန်ရင်သည် မည်သို့မျှ မလေးမစား မလုပ်ရဲဘဲ၊ အလောတကြီး စကားထပ်ပြောလာခဲ့သည်။
ထို့နောက်တွင် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကလည်း စိတ်ရင်းအမှန်ဖြင့် တောင်းပန်လာကြသည်။
အကယ်၍ အန္တိမ နယ်မြေအတွင်းရှိ တစ်ခြားလူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ သူတို့သည် လုံးဝကြောက်ရွံ့တုန်လှုပ်သွားကြမည် ဖြစ်သည်။
အန္တိမ နယ်မြေ၏ နတ်ဘုရားသဖွယ် ဖြစ်နေသည့် တည်ရှိမှု ရှစ်ခုက လူတစ်ဦးကို လေးလေးစားစား တောင်းပန်နေခြင်း၊ ၎င်းမှာ စကြာဝဠာတစ်ခုလုံး၏ သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် မြင်တွေ့ရခဲသည့် ကြုံတောင့်ကြုံခဲ ကိစ္စတစ်ခုဖြစ်သည်။
“ ဟမ့် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူများကို လျစ်လျူရှုကာ၊ သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ ကျန်ရှိနေသည့် ကိုယ်တစ်ဝက်ကို ဆွဲကိုင်လိုက်သည်။
သူတို့၏ အဆင့်၌ ပျောက်ကွယ်သွားသည့်/ဖျက်စီးခံလိုက်ရသည့် ကိုယ်တစ်ဝက်မှာလည်း လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်ပေသည်။
သို့သော် သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်တာရာ T-Rex နတ်ဘုရား ချန်ရစ်ထားခဲ့သည့် အန္တိမ နိယာမ၏ စွမ်းအားများ ကျန်ရှိနေသေးသည်၊ ထို့ကြောင့် သူသည် အပြည့်အဝ ပြန်လည်သက်သာ ကောင်းမွန်လာရန်အတွက် နှစ်ပေါင်းများစွာကြာရှည်သည်အထိ အချိန်ယူရနိုင်လေသည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်မှာ မည်သို့မျှ မလျော့ပါးသွားခဲ့ပေ။
သူ၏လက်ကို ဖိညှစ်လိုက်သရွေ့၊ မည်သည့်အရာ၊ မည်သည့်တည်ရှိမှုပင် ဖြစ်နေပါစေ၊ အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်လုံးများ အတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး၊ အဆက်မပြတ် တုန်ရင်နေလျက်ရှိသည်။
အန္တိမ အထွတ်အထိပ်သို့ ရောက်ခဲ့သည့် အချိန်ကတည်းက၊ သူက ထိုကဲ့သို့သော ခံစားချက်များကို ခံစားသွားရစေရန်အတွက် မည်သူကမှ မစွမ်းဆောင်နိုင်ခဲ့ပေ၊ သို့သော် ယနေ့၌ သူသည် ၎င်းတို့ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။
“ မူလနယ်မြေဆီ ဘယ်လိုပြန်ရမလဲဆိုတာကို ငါပြောပြနိုင်တယ် “
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် အကယ်၍ သူက လေးဖင့်နေမည်ဆိုပါက၊ လုံးဝအပြတ်ရှင်းခံလိုက်ရမည်ကို စိုးရိမ်သောကြောင့် အလောတကြီး အော်ပြောလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် လျင်မြန်စွာ စကားဆက်ပြောလာခဲ့သည် “ အန္တိမ နယ်မြေရဲ့ ကိုဩဒိနိတ်တွေက အဆက်မပြတ် ပြောင်းလဲနေပင်မဲ့၊ တကယ်လို့ ငါတို့ အန္တိမ အထွတ်အထိပ် ပညာရှင်တွေကသာ အတူတူ ပူးပေါင်းလိုက်မယ်ဆိုရင်၊ အဲ့တာကို ပြောင်းပြန်လှန်နိုင်ဖို့ အခွင့်အရေး နည်းနည်းရှိတယ်၊ အဲ့အချိန်ကျရင် ငါတို့က မူလနယ်မြေဆီကို ပြန်နိုင်ပြီ “
“ အချိန်ဘယ်လောက် ယူရမှာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို စိုက်ကြည့်နေကာ၊ အေးစက်စွာ မေးမြန်းလာခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှ အက်ရှရှအသံနှင့် ပြန်ပြောလာခဲ့သည် “ နှစ်နည်းနည်းလောက်ပဲ ကြာမှာပါ “
“ နှစ်နည်းနည်းလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ အေးစက်သွားကာ၊ ရုတ်တရက် လက်သီးဆုပ်လိုက်သည်။
ဘုမ်း ဝုန်း ဝုန်း
သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ ကျန်ရှိနေသည့် ခန္ဓာကိုယ် တစ်ဝက်မှာ အပြည့်အဝ ပေါက်ကွဲထွက်သွားခဲ့သည်။
အလောင်းပင် မကျန်ခဲ့ချေ။
သို့ရာတွင် အန္တိမ အထွတ်အထိပ်အဆင့် ပညာရှင်တို့၏ ရှင်သန်ရေး နည်းလမ်းများမှာ အလွန်တရာ ပေါများနေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင်၊ ရှေးဦးဝိညာဥ် တစ်ခုသည် ခရမ်းရောင် နန်းတော်အတွင်းမှ ခုန်ထွက်လာခဲ့ပြီး၊ ဤနယ်မြေအတွင်းတွင် ကမ္ဘာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်။
သူတို့၏ အဆင့်တွင် ကမ္ဘာဖန်တီးခြင်း ဆိုသည်မှာ သူတို့လုပ်ဆောင်နိုင်သည့် အတိုင်းအတာ အတွင်းတွင်သာ ရှိနေသေးသည်။
အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ အဆင့်မြင့် နိယာမအားလုံးကို နားလည်ရန် ဖြစ်သည်။
သို့ရာ၌ ဖန်တီးထားသည့် ကမ္ဘာများအကြားရှိ ကွာဟချက်များမှာ အမျိုးမျိုး ကွဲပြားနေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲ ဖန်တီးထားသော ကမ္ဘာသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကမ္ဘာလောက် ပြည့်စုံမနေခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ ကမ္ဘာအသစ်ထဲသို့ သူခုန်ဝင်သွားသည့် အခိုက်အတန့်သည် သူ၏ လွတ်မြောက်ရေးအတွက် အချိန်လုံလောက်နေခဲ့သည်။
ရှေးဦးဝိညာဥ် ရှင်သန်နေသေးသရွေ့၊ ခန္ဓာကိုယ် ပြန်လည်ရရှိရန်အတွက် အချိန်အတိုင်းအတာ တစ်ခုအထိသာ စောင့်ဆိုင်းရမည်ဖြစ်ပြီး၊ သူ၏ယခုလက်ရှိ ကျင့်ကြံရေး အဆင့်ကြောင့် လပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သည်။
၎င်းမှာ အန္တိမ အထွတ်အထိပ်၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်တစ်ခု ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာကမူ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့်အလား ဖြစ်နေသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဖျက်စီး “
သူ၏လက်ကို မြှောက်လိုက်ရာ၊ ကမ္ဘာဖျက် စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲ ဖန်တီးထားသော ကမ္ဘာမှာ ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။
ဝရုန်းးး
“ မဟုတ်ဘူးးးး “
ထိုကမ္ဘာအတွင်းမှ မလိုလားမှုနှင့် စိတ်ပျက်အားလျော့မှုတို့ ပြည့်နှက်နေသည့် အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း အကြီးအကဲ၏ နတ်ဝိညာဥ်မှာ မြူမှုန်အလား ပျောက်ကွယ်သွားခဲ့သည်။
“ အဲ့တာ၊ အဲ့တာက ……… “
“ ဖျက်စီးခြင်း နိယာမမလား “
မလှမ်းမကမ်းရှိ ထုန်ရင်နှင့် တစ်ခြားလူများမှာလည်း အထိတ်တလန့် ဖြစ်သွားကြသည်။
ကမ္ဘာတစ်ခုလုံးကို ချက်ချင်း ဖျက်စီးခြင်းအား ဖျက်စီးခြင်း နိယာမမှတစ်ပါး အခြားသော မည်သည့်အရာကမှ မပြုလုပ်နိုင်ပေ။
သူတို့ကိုယ်တိုင်ကပင် ကမ္ဘာတစ်ခုကို ဖျက်စီးရန်အတွက် အတော်အတန် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။
အကြောင်းအရင်းကား ကမ္ဘာတစ်ခုအတွင်းတွင် အမျိုးမျိုးသော နိယာမများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။
ကမ္ဘာဖျက်စီးခြင်းမှာ အဆိုပါ နိယာမများနှင့် ရင်ဆိုင်ရခြင်းဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ဖျက်စီးခြင်း နိယာမကသာလျှင် နိယာမအားလုံးကို ချက်ချင်းဖိနှိပ်နိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့်ပင် ၎င်းက ဖန်တီးခြင်း နိယာမနှင့် ရင်ဘောင်တန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“ သူက ပြီးပြည့်စုံတဲ့ ဖန်ဆင်းခြင်း နိယာမတင် မဟုတ်ဘဲ၊ ပြီးပြည့်စုံတဲ့ ဖျက်စီးခြင်း နိယာမကိုပါ နားလည်ထားတယ်ပေါ့ “
အန္တိမနယ်မြေမှ အန္တိမ အထွတ်အထိပ် ပညာရှင်တို့၏ အံ့ဩတုန်လှုပ်မှုအား စကားလုံးများဖြင့်ပင် ဖော်မပြနိုင်တော့ပေ။
အဲ့တာက ဘယ်လိုကျင့်ကြံရေးမျိုးလဲဟ
နှစ်သောင်းနဲ့ချီပြီးတော့ ရှင်သန်ခဲ့တဲ့ ငါတို့ကတောင် အဲ့လို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး
ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ထိုလူများကို လှည့်ကြည့်လာခဲ့သည်။
လူတိုင်း ကတုန်ကရင် ဖြစ်သွားကြသည်။
“ တာအို …. ရောင်းရင်း “
ထုန်ရင်သည် အံ့ကြိတ်ကာ စကားထပ်ပြောလာခဲ့သည် “ ငါတို့ကြားမှာ အညှိုးအတေးရော၊ အာဃာတရော မရှိဘူးလေ။ ဒီနေ့ကိစ္စက ဒီနေရာမှာတင် ပြီးပြီ၊ အခုအချိန်ကစပြီးတော့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်သင့်တော့ဘူးလေ၊ ဟုတ်တယ်မလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို အေးစက်စွာ စိုက်ကြည့်၍ မေးမြန်းလိုက်သည် “ မူလနယ်မြေဆီကို အချိန်တိုအတွင်း ဘယ်လိုပြန်ရမလဲ “
“ အဲ့တာက ……. “
ထုန်ရင် စိတ်ညစ်သွားတော့သည်။
သို့သော် သားရဲတစ်သောင်းဂိုဏ်းမှ အန္တိမ အကြီးအကဲ အသတ်ခံလိုက်ရသည့် မြင်ကွင်းကို သတိရသွားကာ၊ သူ၏ခန္ဓာကိုယ် တုန်ရင်သွားပြီး၊ အလောတကြီး စကားထပ်ပြောလာခဲ့သည် “ တကယ်တော့ နောက်တစ်နည်းရှိသေးတယ် “
“ တကယ်လို့ မင်းကသာ ဒီနယ်မြေကို သန့်စင်နိုင်ပြီးတော့၊ ဒီဟာရဲ့ နိယာမတွေကို နားလည်နိုင်မယ်ဆိုရင်၊ မူလနယ်မြေဆီ ပြန်လို့ရတယ် “
“ ဒီကမ္ဘာကို သန့်စင်ရမှာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
ဤအန္တိမ နယ်မြေသည် အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦး၏ ဖန်တီးမှု မဟုတ်ဘဲ၊ ရှေးခေတ်မှ အန္တိမ အထွတ်အထိပ် ပညာရှင် အများအပြား၏ စုပေါင်းဖန်တီးမှုဖြစ်သည်။
ဤကမ္ဘာ၏ အကျယ်အဝန်းမှာ စကြာဝဠာတစ်ခု၏ အရွယ်အစားနှင့် ညီမျှနေခဲ့သည်။
၎င်းကိုယ်တိုင်က ပြီးပြည့်စုံနေခြင်း မဟုတ်ဘဲ၊ ၎င်း၏ နိယာမများကပါ ပြီးပြည့်စုံနေခြင်း ဖြစ်ပြီး၊ ဤကမ္ဘာအတွင်းတွင် ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့၏ အရိပ်အငွေ့များကိုပင် မြင်တွေ့နေခဲ့ရသည်။
အဓိကအရာကား နှစ်ပေါင်းများစွာ လည်ပတ်လာခဲ့ပြီးနောက်၌ ဤကမ္ဘာကြီး၏ ကိုယ်ပိုင်အသိစိတ် မွေးဖွားလာခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် ကမ္ဘာအကာအရံကဲ့သို့သော ပစ္စည်းများကို ဖန်တီးပေးနိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုး၌ ဖျက်စီးခြင်း နိယာမကပင် ဤကမ္ဘာကို ဖျက်စီးရာတွင် အခက်အခဲ တစ်ချို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထုန်ရင်ကို ပြန်လှည့်ကြည့်လာခဲ့ကာ၊ အေးအေးလူလူ စကားပြောလိုက်သည် “ ငါ့ကို ဆရာအဖြစ် သတ်မှတ်လိုက်၊ အဲ့လိုမှမဟုတ်ရင် သေရမယ် “
“ ဘာကြီး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အန္တိမ အထွတ်အထိပ် ပညာရှင်အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ဤကမ္ဘာကြီး၏ အရှင်သခင်များသာ ဖြစ်ခဲ့ပြီး၊ မည်သူ့ကိုမှ မခစား/အလုပ်အကျွေး မပြုခဲ့ဖူးပေ။
ငါတို့ကို ကျွန်ဇာတ်သွင်းနေတာလားဟ
သူတို့၏ မပြတ်မသား ဖြစ်နေသော အမူအရာများကို မြင်လိုက်ရသောအချိန်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဖျက်စီးခြင်း နိယာမ၏ စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သူဖန်တီးထားသည့် ကမ္ဘာအတွင်းတွင် ရှိနေကြခြင်း ဖြစ်သောကြောင့်၊ ဖျက်စီးခြင်း နိယာမ၏ စွမ်းအားမှာ ပိုမိုအားကောင်းနေခဲ့ပြီး၊ ထိုလူအားလုံးကို သေချာပေါက် သတ်ဖြတ်နိုင်မည် ဖြစ်သည်။
“ မင်းက ငါ့ရဲ့ဆရာအဖြစ် အလုပ်အကျွေးပြုဖို့အတွက် ဆန္ဒရှိပါတယ် “
ထုန်ရင်၏စိတ်နှလုံးသား တုန်ရင်သွားပြီး၊ အလောတကြီး ရှေ့တက်လာခဲ့ကာ၊ သူ၏လျှာဖျားကို ကိုက်၍၊ သွေးအဆီအနှစ်တစ်စက်ကို ကျဆင်းစေလိုက်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို သူ၏လက်အတွင်းသို့ ဆင့်ခေါ်လိုက်သည်။
၎င်းမှာ သာမန်သွေးစက်တစ်စက် မဟုတ်ဘဲ၊ ရှေးဦးဝိညာဥ်၏ သွေးတစ်စက်ဖြစ်သည်။
၎င်းကို ထိန်းချုပ်လိုက်ခြင်းမှာ တစ်ဖက်လူ၏ အသက်နှင့်ဘဝက သူ့လက်ခုပ်အတွင်းသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
အတွေးတစ်ခုနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ သွေးအဆီအနှစ်ပေါ်တွင် သူ၏ အမှတ်အသားကို ရေးထိုးလိုက်သည်။
ယခုအချိန်မှစ၍ သူသည် တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ကာ၊ သူ၏ သေခြင်းရှင်ခြင်းကိုပင် ဤသွေးစက်မှတစ်ဆင့် ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။
ထိုစဥ် တစ်ခြားသော လူများမှာလည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေကြရင်းဖြင့်၊ တိတ်တဆိတ် သက်ပြင်းချကာ၊ ရှေ့တက်၍ သွေးအဆီအနှစ်များကို ထုတ်ပေးလာခဲ့သည်။
ယနေ့မှစ၍ ဤအန္တိမနယ်မြေက သိသိသာသာ ပြောင်းလဲသွားတော့မည်ဆိုသည်ကို သူတို့အားလုံး သိနေခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 695 )
လက်စားချေခြင်းနှင့် သားရဲတစ်သောင်းဂိုဏ်း၏ အနာဂတ်
ကောင်းကင်ထက်ရှိ မည်းမှောင်နေသော တိမ်တိုက်များမှာ တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့သည်။
တိုက်ပွဲကြီးတစ်ခုမှာ ပြီးဆုံးသွားတော့မည် ဖြစ်သည်။
တိုက်ပွဲပြီးဆုံးသွားသည့် အချိန်တွင် အန္တိမနယ်မြေ၏ အဆင့်အမြင့်ဆုံး ပညာရှင် အကုန်လုံးက ကြယ်တာရာ T-Rex နတ်ဘုရားကို အညံ့ခံလိုက်ရလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်၌ အန္တိမ အထွတ်အထိပ်အဆင့် ပညာရှင်ခြောက်ဦးသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အနောက်ဘက်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ အားလုံးသည် အနည်းငယ် ခေါင်းငုံ့နေခဲ့ကာ၊ သူတို့ အားလုံး၏ အမူအရာများမှာ လေးစားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
အားကြီးသူကသာလျှင် အရှင်သခင်ဖြစ်သည်၊ ၎င်းမှာ လောကတိုင်း၏ ဖျောက်ဖျက်၍ မရနိုင်သော၊ ထာဝရတည်တံ့သော စည်းမျဥ်းတစ်ခုဖြစ်သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် သူတို့ထပ် စွမ်းအားကောင်းသည့် ပြိုင်ဘက်ဖြစ်သူနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် အလိုအလျောက် ခေါင်းငုံ့သွားကြရသည်။
ဘေးတစ်ဖက်ရှိ တိကျွမ်းကမူ ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့်၊ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
“ လွန်ခဲ့တဲ့ လဝက်တုန်းကဆိုရင်၊ ဒီလူက အဆင့်၉နယ်ပယ်မှာပဲ ရှိနေခဲ့တာမလား “
“ လဝက်အတွင်းမှာ ဘယ်လိုလုပ် …… ဒီဟာက ……… “
၎င်းကို စဥ်းစားမိသွားသောအခါတွင် သူသည် သူက အိမ်မက်တစ်ခုအတွင်းသို့ ကျရောက်နေသည်ဟုပင် သံသယဖြစ်သွားခဲ့သည်။
လွန်ခဲ့သော လဝက်ခန့်က ကြယ်တာရာ T-Rex နတ်ဘုရားသည် နဝမအဆင့်နယ်ပယ်တွင်သာ ရှိနေခဲ့ပြီး၊ လဝက်အတွင်းမှာပင် အန္တိမ အထွတ်အထိပ် ပညာရှင်ခြောက်ဦးကို သူ၏တပည့်အဖြစ် ခေါ်ယူနိုင်ခဲ့သည်။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် သူစိတ်ပင် မကူးရဲခဲ့သော ကိစ္စတစ်ခုဖြစ်သည်။
ထိုအဆင့်မှ ပညာရှင်တို့မှာ အလွန်တရာ မာနကြီးလှပြီး၊ တစ်ခြားလူတစ်ဦးအတွက် မည်သို့မျှ ခေါင်းငုံ့လိမ့်မည် မဟုတ်ပေ။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ တိကျွမ်းကို လျစ်လျူရှုထားပြီး၊ သူ့အနောက်တွင် ရှိနေသည့် အန္တိမ အထွတ်အထိပ် ပညာရှင်များကို ငေးကြည့်နေခဲ့သည်။
သူ၏ အကြည့်ကို မြင်လိုက်ရသောအခါတွင် လူငယ်မျက်နှာ အကြီးအကဲနှင့် ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးတို့မှာ အနည်းငယ် တုန်လှုပ်သွားပြီး၊ လေးစားမှုများကို ပိုမိုပြသလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးအေးလူလူ စကားပြောလာခဲ့သည် “ မင်းတို့က ငါ့ကို ဆရာအဖြစ် သတ်မှတ်ထားတာကြောင့်၊ သစ္စာဖောက်မဲ့ အတွေးမျိုး မရှိသရွေ့၊ မင်းတို့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး “
“ နောက်တစ်ခုကတော့ ငါက ဒီနယ်မြေသန့်စင်တာကို ကူညီပေးကြ၊ မူလနယ်မြေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ချင်တယ် “
ထိုလူများကို ချမ်းသာပေးခဲ့ခြင်းမှာ သူ၏ သနားညှာတာမှုကြောင့် မဟုတ်ဘဲ၊ အန္တိမနယ်မြေကို သန့်စင်ရာတွင် အကူအညီရရန်အတွက် ဖြစ်သည်။
သူ့ကိုယ်သူနှင့် တိကျွမ်းကိုသာ အားကိုးမည်ဆိုပါက၊ သန့်စင်မှုဖြစ်စဥ်မှာ အလွန်တရာ နှေးကွေးနေမည် ဖြစ်သည်။
ထို့အပြင် ထိုလူများသည် အမှောင်နယ်မြေကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ကြီးမားသော စစ်ကူများ ဖြစ်လာလိမ့်မည် ဖြစ်သည်။
၎င်းတို့အားလုံးမှာ သူတို့၏ သစ္စာရှိမှုအပေါ်တွင်သာ မူတည်နေလျက်ရှိသည်။
သူတို့ထဲမှ မည်သူမဆို သစ္စာဖောက်မည့်အကြောင်းကို တွေးမိမည်ဆိုပါက၊ သူသည် ၎င်းကို ချက်ချင်း အာရုံခံမိမည်ဖြစ်ပြီး၊ သွေးအဆီအနှစ်မှတစ်ဆင့် သူတို့ကို ချက်ချင်းအပြတ်ရှင်းနိုင်မည် ဖြစ်သည်။
“ ဟုတ်ကဲ့ “
ထုန်ရင်နှင့် တစ်ခြားလူများသည် အကြောင်းအရင်းကို နားလည်နေသောကြောင့်၊ သဘောတူညီစွာဖြင့် အလောတကြီး ခေါင်းငြိမ့်ပြလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆက်လက်၍ ညွှန်ကြားနေခဲ့သည် “ ငါ အန္တိမနယ်ပယ်ဆီ အဆင့်ထိုးဖောက်တာကို ကူညီပေးနိုင်မဲ့ အန္တိမနယ်မြေရဲ့ ရတနာအားလုံး ယူလာခဲ့ “
“ အဲ့တာက …….. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ထုန်ရင်နှင့် တစ်ခြားလူများ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အန္တိမအဆင့်သို့ ထိုးဖောက်ရာတွင် ကူညီပေးနိုင်သည့် ရတနာများမှာ သူတို့ဂိုဏ်းများ/ မိသားစုများ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အားလုံးကို တောင်းနေတာလားဟ
ပုံမှန်အခြေအနေများအတိုင်းသာ ဆိုပါက၊ သူတို့သည် မည်သို့မျှ သဘောတူလိုက်မည် မဟုတ်ပေ။
သို့သော် ယခုတွင်ကား သူတို့သည် လေးလေးစားစား ပြန်ပြောလာခဲ့သည် “ ဟုတ်ကဲ့၊ အားလုံးကို အချိန်တိုအတွင်း စုစည်းလိုက်ပါ့မယ် “
“ ကောင်းပြီလေ၊ မြန်မြန်သွားလုပ်ကြတော့ “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ဝေ့ရမ်းပြလာခဲ့သည်။
“ ဟုတ် “
သူတို့အားလုံးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ သက်ဆိုင်ရာ ဂိုဏ်း/မိသားစုများထံသို့ ပြန်သွားကြတော့သည်။
ထိုလူများ ထွက်သွားသည့်နောက်တွင်၊ တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ စကားပြောလာခဲ့သည် “ မင်းက နိယာမတွေကို အဆင့်ထပ်တက်အောင် လုပ်မလို့လား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည် “ ပြီးပြည့်စုံတဲ့ အဆင့်ကို မရောက်သေးတဲ့ အန္တိမ နိယာမတစ်ခုနဲ့ အဆင့်မြင့် နိယာမခြောက်ခု ကျန်နေသေးတယ် “
“ … “
တိကျွမ်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
မင်းဆီမှာ အန္တိမ နိယာမနောက်တစ်ခု ရှိနေသေးတာလားဟ
သူကိုယ်တိုင်ကပင် နှစ်ရာနှင့်ချီ၍ ဖြတ်သန်ခဲ့ပြီးသည့်နောက်တွင် အန္တိမ နိယာမတစ်ခုကိုသာ နားလည်ထားခဲ့သည်၊ ၎င်းကပင် ကြယ်ပြာဂြိုဟ် အထွတ်အထိပ်နယ်ပယ်၏ ကြီးမားသော အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ အန္တိမ နိယာမသုံးခုတိတိ နားလည်ထားလေသည်။
“ မင်းး …. အင်း၊ မင်းက တကယ်ကြီးကို ထူးဆန်းတာပဲ “ အန္တိမ အထွတ်အထိပ်သို့ တက်လှမ်းသွားခြင်းကြောင့် ရရှိလာခဲ့သည့် တိကျွမ်း၏ ပျော်ရွှင်မှုများမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အဆင့်ထိုးဖောက်မှု အောင်မြင်သွားတာနဲ့၊ ဒီကမ္ဘာကြီးကို သန့်စင်မဲ့ ငါ့ရဲ့စွမ်းရည်က သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ ငါယုံကြည်တယ် “
တိကျွမ်းမှ သံသယတို့ဖြင့် ပြန်မေးလာခဲ့သည် “ မင်းက ဒီလောက်တောင် သေချာနေတာလား။ ပြီးပြည့်စုံတဲ့ အန္တိမ နိယာမလေးနောက်တစ်ခု ထပ်တိုးလာတာက ကွာဟချက် ကြီးကြီးမားမား မဖြစ်သွားစေသင့်ဘူးလေ၊ ဟုတ်တယ်မလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်ကာ၊ အသေးစိတ် မပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ အခုအတွက်ကတော့ သားရဲတစ်သောင်းဂိုဏ်းဆီကို ထပ်သွားလိုက်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလျက်ရှိသည်။
ဤခရီးစဥ်၌ သူသည် လူတစ်ချို့နှင့် အကြွေးများရှင်းရန် ကြံရွယ်ထားခဲ့သည်။
…
တစ်ချိန်တည်းမှာပင်
သတင်းတစ်ပုဒ်သည် အန္တိမနယ်မြေအနှံ့သို့ ပျံ့နှံ့လာခဲ့ပြီး၊ တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
အကြောင်းအရင်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် အန္တိမ အထွတ်အထိပ် ပညာရှင် ခုနစ်ဦး၏ တိုက်ပွဲက ထုတ်လွှတ်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းကြောင့် ဖြစ်သည်။
အန္တိမ နယ်မြေအတွင်းရှိ ပညာရှင်တော်တော်များများမှာ အဆိုပါ စွမ်းအင်လှိုင်းကို အာရုံခံမိသွားခဲ့သည်။
ထို့ကြောင့် အားလုံးသည် အန္တိမ အထွတ်အထိပ် ပညာရှင်များကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဆိုသည်ကို သိနေကြသည်။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ နှစ်သောင်းနှင့်ချီ၍ တည်တံ့နေခဲ့သည့် အန္တိမ နယ်မြေ၏ သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် အလွန်တရာ ရှားပါးနေခဲ့သည်။
အန္တိမ နယ်မြေ၏ ထိပ်တန်းပညာရှင်များသည် တိုက်ပွဲကို မဆိုထားနှင့်၊ လူအများရှေ့သို့ လူလုံးထွက်ပြသည်ကပင် လွန်စွာရှားပါးနေခဲ့သည်။
ဤတစ်ကြိမ်တွင်ကား အန္တိမ အထွတ်အထိပ် ပညာရှင် အများအပြား တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ အန္တိမ နယ်မြေ၏ မကြုံစဖူး ဖြစ်ရပ်ထူးဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ကမ္ဘာတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီး၊ များပြားလွန်းလှသော လူများက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
သို့ရာတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကပင် အန္တိမ အထွတ်အထိပ် ပညာရှင်တို့၏ တိုက်ပွဲကို မည်သို့မျှ မမြင်နိုင်ခဲ့ပေ။
တိုက်ပွဲအစမှ အဆုံးအထိ သူတို့သည် ကောင်းကင်ယံတွင် လင်းလက်နေသည့် ရောင်ခြည်များကိုသာ မြင်တွေ့ခဲ့ရသည်။
တိုက်ပွဲ၏ အဆုံးသတ်/ ရလဒ်ကိုကား မည်သူမှ သိကြပေ။
…
သားရဲတစ်သောင်းဂိုဏ်း
ရှေးခေတ်ကတည်းက မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ရပ်တည်နေခဲ့သည့် သားရဲတစ်သောင်းဂိုဏ်းသည် အလွန်တရာ မြင့်မားသော အဆင့်အတန်းတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။
သို့သော် ယနေ့၌ သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံး၏ လေထုမှာ လေးလံမှုန်မှိုင်းနေလျက်ရှိသည်။
ကျန်နေခဲ့သည့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင် လေးဦးကမူ မည်းမှောင်နေသော အမူအရာများဖြင့် ခန်းမအတွင်းတွင် ထိုင်နေကြသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ သားရဲတစ်သောင်းဂိုဏ်း၏ ဘိုးဘေးက တိုက်ပွဲတွင် ပါဝင်ရန် ထွက်ခွာသွားခဲ့သောကြောင့် ဖြစ်သည်။
ရှေးခေတ်ကတည်းက ယနေ့ခေတ်အထိ ရှင်သန်နေထိုင်ခဲ့သည့် သားရဲတစ်သောင်း၏ အကြီးအကဲသည် အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးသာဖြစ်နေခဲ့သော်လည်း၊ တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များထပ် အဆပေါင်းများစွာ အသက်ပိုကြီးနေခဲ့သည်။
သူ၏ ခေတ်ပြိုင် ပညာရှင်များ သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 696 )
လက်စားချေခြင်းနှင့် သားရဲတစ်သောင်းဂိုဏ်း၏ အနာဂတ် ၂
ဤတစ်ကြိမ်၌ သားရဲတစ်သောင်းဂိုဏ်းသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးဦး ဆုံးရှုံးထားခဲ့ပြီးပြီ ဖြစ်ပြီး၊ သူတို့၏ ဘိုးဘေးဖြစ်သူကိုပါ လက်လွှတ်လိုက်ရမည်ဆိုပါက၊ ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင် လေးဦးစလုံး၏ အမူအရာများ တင်းကြပ်သွားခဲ့သည်။
“တကယ်လို့ ဘိုးဘေးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် “
မော့မူသည် ရွှေဖယောင်းကို ငေးကြည့်ကာ အသံပို့လွှတ်လိုက်သည် “ ငါက အဲ့ဒီအဆင့်ကို အတင်းအကြပ် ချိုးဖျက်လိုက်မယ်။ တကယ်လို့ ငါကျရှုံးသွားမယ်ဆိုရင်၊ မင်းက ဂိုဏ်းကို တာဝန်ယူရမယ် “
ရွှေဖယောင်း၏ အမူအရာ ပြောင်းလဲသွားကာ၊ အသံပြန်ပို့လာခဲ့သည် “ အကြီးအကဲမော့၊ ဒီကိစ္စကို သေချာစဥ်းစားပါဦး “
မော့မူသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည် “ ရွှေဖယောင်း၊ မင်းက အန္တိမ အထွတ်အထိပ်ကို ရောက်ဖို့အတွက် အလားအလာ အကောင်းဆုံးပဲ၊ ဘိုးဘေးရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေနဲ့ “
“ … “
ရွှေဖယောင်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်တော် နားလည်ပါပြီ “
သူသည် လက်သီးဆုပ်လိုက်ပြီး၊ နှမြောတသဖြစ်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့သည် “ ဒီလိုဖြစ်မယ်ဆိုတာကိုသာ သိခဲ့ရင်၊ အဲ့ဒီအချိန်တုန်းက မူလနယ်မြေရဲ့ လူတွေအကုန်လုံးကို သွေးစတေးခြင်း နည်းစနစ်နဲ့ ယဇ်ပူဇော်ခဲ့ပါတယ်ကွာ “
“ အဲ့လိုဆိုရင် အန္တိမ အထွတ်အထိပ်ကို အဆင့်တက်ဖို့က ငါ့အတွက် ရာခိုင်နှုန်းပိုများလာမှာပဲ “
သို့သော် ယခုတွင်ကား သူသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ထပ်ရတော့မည် မဟုတ်ပေ။
ရွှေဖယောင်းက ထိုကိစ္စကို တွေးတောစဥ်းစားကာ နောင်တရနေသည့် အချိန်တွင်
“ ခရက် “
သားရဲတစ်သောင်းဂိုဏ်း၏ အထက်တွင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် လူနှင့် သားရဲပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် သားရဲတစ်သောင်းဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် မတ်တပ်ရပ်နေကြသည်။
“ ဝေါင်း ဝေါင်းးး “
သားရဲပုံရိပ်မှ ပေါ်ထွက်နေသည့် အရှိန်အဝါကို ခံစားလိုက်ရသောအချိန်၌၊ ဂိုဏ်းအတွင်းရှိ သားရဲများမှာ ကျယ်လောင်စွာ ဟိန်းဟောက်လာကြသည်။
သားရဲမျိုးနွယ်စုသည် သူတို့မျိုးနွယ်စု၏ အရှိန်အဝါကို ပိုမိုခံစားသိမြင်နိုင်ကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏အရှိန်အဝါကို မထုတ်လွှတ်ထားသော်လည်း၊ ၎င်းတို့သည် သူ့ထံမှ ပေါ်ထွက်နေသည့် သွေးမျိုးဆက် ဖိနှိပ်မှုနှင့် ဆင်တူသည့် ဖိအားတစ်ခုကို ခံစားနေရသေးသည်။
တစ်ချိန်တည်းမှာပင်
ပုံရိပ်များသည် ကောင်းကင်ထက်သို့ တစ်ခုပြီးတစ်ခု ပျံတက်လာကြသည်။
“ မင်းတို့က ဘယ်သူတွေလဲ “
“ ငါတို့ သားရဲတစ်သောင်းဂိုဏ်းထဲကို ကျူးကျော်လာရဲတယ်ပေါ့။ သေချင်နေတာပဲ “
အသံများစွာ ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် အံ့ဖွယ်ကောင်းသည် ဖိနှိပ်မှု စွမ်းအင်လှိုင်းများစွာ ပျံ့လွင့်လာခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ အထွတ်အထိပ်အဆင့် အရှိန်အဝါများသာ ဖြစ်နေခဲ့သည်။
တိကျွမ်းသည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့သည် “ ဒီသားရဲတစ်သောင်းဂိုဏ်းက အန္တိမ နယ်မြေရဲ့ အုပ်စိုးသူတွေထဲက တစ်ယောက်ဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တာပဲ။ အထွတ်အထိပ် ပညာရှင်အယောက်တစ်ရာကျော်တောင် ရှိနေတယ် “
“ အဲ့အချိန်တုန်းက ငါတို့က ရုပ်ဖျက်ထားခဲ့တာ တော်တော်ကံကောင်းတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတို့က အဲ့အချိန်ကတည်းက ပျောက်ကွယ်သွားလောက်တယ် “
ကြယ်ပြာဂြိုဟ်တစ်ခုလုံးမှာပင် အထွတ်အထိပ် ပညာရှင် တစ်ဒါဇင်ခန့်သာ ရှိကြောင်းကို အမှတ်ရကြရမည် ဖြစ်သည်။
သူနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးတို့အပ ကျန်လူအားလုံးမှာ အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်များသာ ဖြစ်နေခဲ့သည်။
သို့သော် သားရဲတစ်သောင်းဂိုဏ်းတွင်မူ အလယ်အလတ် အထွတ်အထိပ် ပညာရှင်ကပင် အယောက်နှစ်ဆယ်ကျော်အထိ ရှိနေခဲ့သည်။
သူတို့သည် သားရဲတစ်သောင်းဂိုဏ်း၏ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးဦးကို ယခင်တစ်ကြိမ်က သတ်ခဲ့သော်လည်း၊ သူတို့ထံတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင် လေးဦးအထိ ကျန်ရှိနေသေးသည်။
၎င်းမှာ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည်။
“ အတင့်ရဲလွန်းတဲ့ မိစ္ဆာကောင်တွေ လက်နက်မချဘူးလား “
ထိုအချိန်၌ နောက်ထပ် အထွတ်အထိပ် ပညာရှင် ဆယ်ယောက်ကျော်မှာ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းထံသို့ ပျံသန်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် လေထုအတွင်းသို့ မှော်ရတနာများ ပျံတက်လာခဲ့သည်၊ ၎င်းတို့အားလုံးမှာ နဝမအဆင့်နှင့် ၎င်း၏အထက်မှ ရတနာများဖြစ်နေခဲ့ပြီး၊ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေသည့် အဆင့်နိမ့် အထွတ်အထိပ် ရတနာတစ်ချို့ပင် ပါဝင်နေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများ၏ တိုက်ခိုက်ရေး ဗီဇက အလွန်တရာ ထက်မြက်သည်ဟု ဝန်ခံရမည် ဖြစ်သည်။
တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့က ဤနေရာသို့ ရောက်လာခဲ့ကာ၊ ထိုလူများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည့် အချိန်အထိ စက္ကန့်ဝက်မျှပင် မကြာခဲ့ချေ။
မည်သည့်အဆင့်မြင့် အထွတ်အထိပ် ပညာရှင်မဆို တန်ကြေးတစ်ခု ပေးဆပ်ရပြီးမှသာလျှင် ထွက်ခွာသွားနိုင်မည် ဖြစ်သည်။
သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားကမူ တည်ငြိမ်မြဲတည်ငြိမ်နေစဲ ဖြစ်ပြီး၊ သူ၏လက်ကို မြှောက်ကာ အသာအယာ ဝေ့ရမ်းလိုက်သည်။
“ ဘုမ်း “
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် လက်ဝါးကြီးတစ်ခု နိမ့်ဆင်းလာခဲ့ကာ၊ မှော်ရတနာသော်လည်းကောင်း၊ ကျင့်ကြံသူများသော်လည်း၊ အရာအားလုံးကို သုတ်သင်ရှင်းလင်းသွားခဲ့သည်။
ဘမ်း ဘမ်း ဘမ်း
မျက်စိတစ်မှိတ်အတွင်းမှာပင် အထွတ်အထိပ် ပညာရှင် တစ်ဒါဇင်မှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့ထဲတွင် အလယ်အလတ် အထွတ်အထိပ် ပညာရှင်နှစ်ဦးပါ ပါဝင်နေခဲ့ပြီး၊ သူတို့ကပါ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သွေးမြူထုများကပင် ပြာအဖြစ် ပြောင်းလဲသွားကာ၊ သူတို့၏ ဝိညာဥ်များ ပြိုကွဲသွားခဲ့သည်။
“ ဝှစ် “
အဝေးမှ ပြေးတက်လာနေသည့် သားရဲတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူတစ်စုမှာ ထိုမြင်ကွင်းကို မြင်တွေ့သွားပြီး၊ နေရာမှာတင် ရပ်တန့်သွားခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း တစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်သွားခဲ့သည်။
“ အတင့်ရဲချက် “
တစ်ခဏအကြာတွင် ကြိမ်းမောင်းသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ထက်သို့ ရွှေရောင်ပုံရိပ်တစ်ခု ပျံတက်လာခဲ့ပြီး၊ မီးတောင် ပေါက်ကွဲမှုကဲ့သို့သော ဖိနှိပ်မှု စွမ်းအားလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရွှေဖယောင်း၏ အကြည့်များ လင်းလက်နေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကို မြင်လိုက်ရသောအခါတွင် သူ၏အမူအရာ အေးခဲတောင့်တင်းသွားသည်။
“ မင်းတို့လား “
သူသည် ထိုလူနှစ်ဦးကို မည်သို့မျှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်က သူသဘောအကျရဆုံး တပည့်မှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တွင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော်လည်း၊ တိကျွမ်း၏ တားဆီးမှုကို ခံခဲ့ရသည်။
သူသည် ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားက နဝမအဆင့်တွင်သာ ရှိနေသေးသည်ကို မှတ်မိနေခဲ့သည်။
အခုသူက အထွတ် အထိပ်အဆင့်ကို ရောက်သွားပြီလား
ရန်ကြွေး အသစ်နှင့် အဟောင်းများ စုပြုံလာခဲ့ကာ၊ သူ၏ မျက်လုံးများ ချက်ချင်း နီရဲသွားတော့သည်။
“ မင်းက ငါ့တပည့်ကို သတ်ခဲ့ပြီးတော့၊ အခု ငါ့ဂိုဏ်းရဲ့ တပည့်တပန်းကို သတ်နေပြန်ပြီပေါ့၊ မင်းတို့နှစ်ကောင်လုံး အသက်ရှင်လျက် ထွက်သွားလို့ရမယ်လို့ မထင်နဲ့ “
အဆုံးမဲ့ ဒေါသတို့ဖြင့် ပြည့်နှက်နေသည့် သူ၏အသံမှာ ကောင်းကင်ထက်သို့ပင် ပျံ့လွင့်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ အရှိန်အဝါမှာ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ အဆင့်မြင့် အထွတ်အထိပ်၏ အကန့်အသတ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ကာ၊ အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ရွှေဖယောင်း လှုပ်ရှားတော့မည့် အချိန်တွင်
“ မောက်မာချက် “ အေးစက်စက် အသံတစ်သံသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာခဲ့သည်။
သို့သော် ထိုစကားကို ပြောလာခဲ့သူမှာ ကြယ်တာရာ T-Rex နတ်ဘုရားမဟုတ်သကဲ့သို့၊ တိကျွမ်းလည်း ဟုတ်မနေခဲ့ပေ။
တစ်ခဏ အကြာ၌ အန္တိမ အထွတ်အထိပ် အရှိန်အဝါကို သယ်ဆောင်ထားသည့် ကြက်သွေးရောင် လက်တစ်ဖက်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး၊ ရွှေဖယောင်းကို တိုက်ရိုက်ဖိနှိပ်လာခဲ့သည်။
“ ဘုမ်းးး “
အန္တိမ အထွတ်အထိပ် ပညာရှင်၏ တိုက်ခိုက်မှုအား မည်သည့်အဆင့်မြင့် အထွတ်အထိပ် ပညာရှင်က တောင့်ခံနိုင်မည်နည်း
ချက်ချင်းဆိုသလိုပင် ရွှေဖယောင်းသည် မြေပြင်ပေါ်သို့ ဖိကပ်ခံလိုက်ရကာ၊ ဒူးများ ပြိုကွဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းတစ်ခုသည် မီတာသောင်းနှင့်ချီ၍ ကျယ်ဝန်းသည့် တွင်းပေါက်တစ်ခုကို မြေပြင်ပေါ်တွင် ဖန်တီးလိုက်သည်။
သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံးမှာ ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်ပဲ၊ အဲ့တာက ဘယ်သူလဲဟ
ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းသည် ဆံပင်ဖြူများနှင့် ကလေးကဲ့သို့သော ရုပ်သွင်ကို ပိုင်ဆိုင်ထားကာ ဖိနှိပ်မှု အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် ပုပြတ်ပြတ် ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။
သူသည် တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ ဘိုးဘေးပင် ဖြစ်သည်။
“ ဝှစ် “
မော့မူသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ပြီး၊ ကလေးမျက်နှာ အကြီးအကဲကို မည်းမှောင်နေသော အမူအရာဖြင့် ကြည့်ကာ၊ လေးလေးနက်နက် စကားလှမ်းပြောလိုက်သည် “ စီနီယာ၊ ဒီနေရာမှာ ဘယ်သူမှ မရှိသလိုမျိုး ကျုပ်တို့ကို အရှက်ခွဲနေတာလား “
ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ ကလေးမျက်နှာ အကြီးအကဲသည် သူ့ကို တစ်ချက်မျှ ငေးကြည့်ကာ အေးစက်စွာ ပြန်ပြောလိုက်သည် “ မင်းတို့ကို အရှက်ခွဲတယ်ဆိုတော့ရော ဘာဖြစ်လဲ “
မော့မူသည် စကားထပ်မပြောလိုက်ပေ။
သူ၏ မျက်နှာ ပြာနှမ်းသွားကာ၊ သူ၏ စိတ်နှလုံးသားလည်း လေးလံသွားခဲ့သည်။
တစ်ဖက်လူက သားရဲတစ်သောင်းဂိုဏ်းအတွင်းသို့ ပေါ်ပေါ်တင်တင် ဝင်ရောက်လာခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် သံသယတစ်ခုကို သူ၏စိတ်ထဲတွင် မွေးဖွားလာစေခဲ့သည်။
သူသည် တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ ဘိုးဘေးဖြစ်သူက မူလနယ်မြေမှ ထိုလူနှစ်ဦးနှင့် မည်သည့်အတွက်ကြောင့် အတူတူ ရပ်နေရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
ထိုစဥ် သားရဲတစ်သောင်းဂိုဏ်း၏ ကောင်းကင်ထက်တွင် များပြားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင် ကျောက်စိမ်းအပျိုစင်ဂိုဏ်း၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များ ပေါ်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် မော့မူ၏ အမူအရာမှာ ပိုမိုပျက်ယွင်းသွားခဲ့သည်။
သူသည် အံကြိတ်ကာ စကားထပ်ပြောလာခဲ့သည် “ အားလုံးပဲ ……… ခင်ဗျားတို့က ဘာလုပ်ချင်နေတာလဲ “
သို့သော် ဤတစ်ကြိမ်တွင်ကား မည်သူကမှ သူ့ကို အာရုံစိုက်မနေခဲ့ပေ။
သူတို့သည် အဆင့်အတန်း မြင့်မားသော အန္တိမ အထွတ်အထိပ် ပညာရှင်များ ဖြစ်သောကြောင့်၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် စကားပြောရမည်ကို စက်ဆုပ်ရွံ့ရှာကြသည်။
ထိုအချိန်၌ ကလေးမျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် မတ်တပ်ရပ်လာကြသည်။
“ ဆရာ၊ ဆရာလိုချင်တဲ့ အထွတ်အထိပ် ရတနာအားလုံးက ဒီမှာပါ “
ကလေးမျက်နှာ အကြီးအကဲသည် စကားပြောဆိုရင်နေရင်းဖြင့်၊ တလက်လက် တောက်ပနေသည့် ရတနာများကို ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ပေးပို့လာခဲ့သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကလည်း သူတို့၏ ရတနာများကို ထုတ်ပေးလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်စွမ်းအားဖြင့် ၎င်းတို့အားလုံးကို လက်ခံကာ၊ ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းတယ် “
ကျောက်စိမ်းအပျိုစင်ဂိုဏ်း၏ အမျိုးသမီးမှ တီးတိုးပြောဆိုလာခဲ့သည် “ ဆရာ၊ ဒီပုရွတ်ဆိတ်လေးတွေကို ရှင်းဖို့ နိမ့်ကျတဲ့ ဒီအစေခံက ကူညီပေးရမလားရှင့် “
သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားက ဤသားရဲတစ်သောင်းဂိုဏ်းအား ရန်လိုနေသည်ကို ခံစားမိနေခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ မလိုပါဘူး၊ ကမ္ဘာ့မူလကို သန့်စင်တာက ပိုအရေးကြီးတယ်၊ အခုပဲ သွားကြမယ် “
“ ဟုတ်ကဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့သည်။
တစ်ခဏ အကြာတွင် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်
သားရဲတစ်သောင်းဂိုဏ်း တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလှသည်အထိ ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ရပြန်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားနှင့် အန္တိမ အထွတ်အထိပ် ပညာရှင်တို့အကြားရှိ စကားဝိုင်းကို မဖုံးကွယ်ထားသောကြောင့်၊ ဤနေရာတွင် ရှိနေသည့် လူတိုင်းမှာ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားသိခဲ့ကြရသည်။
ထို့ကြောင့်ပင် သားရဲတစ်သောင်းဂိုဏ်း တစ်ခုလုံးက အလွန်တရာ အံ့ဩ တုန်လှုပ်သွားရခြင်း ဖြစ်သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်တွေက အဲ့သားရဲကောင်ကို ဆရာလို့ ခေါ်ခဲ့တာလား
ငါတို့ နားကြားမှားတာလား