အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
အပိုင်း ( 697 )
အချိန်မြစ်တွင် လျှောက်လှမ်း၍ ရှေးခေတ်များဆီသို့ လည်ပတ်ခြင်း
သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး၊ ထိုကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
မြေပြင်ပေါ်တွင် ဒူးထောက်ကျနေသည့် ရွှေဖယောင်းမှာလည်း မယုံကြည်နိုင်ဖြစ်နေလျက်ရှိသည်။
“ မဖြစ်နိုင်ဘူး၊ အဲ့တာက မဖြစ်နိုင်ဘူး …………. “
ရွှေဖယောင်းသည် တုန်တုန်ရင်ရင်ဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်ဆိုသည်မှာ အန္တိမ နယ်မြေ၏ အင်အားအကြီးဆုံးသော တည်ရှိမှုများ ဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုများနှင့် ရင်ဆိုင်ရချိန်တွင်၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲတစ်ဖြစ်လဲ၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ပါဖြစ်သည့် သူ၊ ရွှေဖယောင်းကပင် ဦးညွတ်၍ အရိုအသေပေးရလေ့ရှိသည်။
အခုက ဘာတွေဖြစ်နေတာလဲဟ
အန္တိမ အထွတ်အထိပ် ပညာရှင်တွေက အဲ့ကောင်ကို ဆရာလို့ တကယ်ကြီးခေါ်နေတာလား
တစ်ယောက်ထဲတောင် မဟုတ်ဘဲ၊ ရှိသမျှ အန္တိမ အထွတ်အထိပ် ပညာရှင်တိုင်းက သူ့ကို ဆရာအဖြစ် သတ်မှတ်ထားတာလား
ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲဟ
ရွှေဖယောင်းက မယုံကြည်နိုင်ဖြစ်နေသည့် အချိန်တွင်
“ ဘုမ်းးးး “
ယခင်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုမှာ ကြယ်တာရာ T-Rex နတ်ဘုရားထံမှ ပေါက်ထွက်လာခဲ့သည်။
ခရက် ခရက်
အဆိုပါ ဖိအားအောက်၌ မိုင်သိန်းချီဧရိယာအတွင်းရှိ ဟင်းလင်းပြင် ဆုတ်ပြဲသွားခဲ့ပြီး၊ ကြီးမားသော အက်ကွဲကြောင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။
သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံဖြင့် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။
သားရဲတစ်သောင်းဂိုဏ်းမှ လူများသည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
ရွှေဖယောင်းမှာလည်း အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ သူက အန္တိမ အထွတ်အထိပ်ကို တကယ်ကြီး ရောက်သွားတာလား “
ဤအချိန်၌ ရွှေဖယောင်း၏ စိတ်ထဲတွင် အဆုံးမဲ့ နောင်တတို့ဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူကသာ ကြိုသိခဲ့မည်ဆိုလျှင်တောင်မှ၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို သတ်ဖြတ်ခဲ့မည် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ဂိုဏ်းသည် ဤကဲ့သို့သော ကပ်ဘေးမျိုးကို ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
ရွှေဖယောင်းသည် နောင်တတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို စိုက်ကြည့်ကာ၊ မျက်လုံးများ နီရဲသွားခဲ့သည်။
“ ဒီနေ့ကစပြီးတော့ သားရဲတစ်သောင်းဂိုဏ်းက ငါ့အပိုင်ပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အသံသည် ကောင်းကင်ထက်မှ ပျံ့လွင့်လာခဲ့သည်။
သူ၏လေသံက ပေါ့ပါးနေခဲ့သော်လည်း၊ ၎င်းသည် နတ်ဘုရား အမိန့်တော်တစ်ခုကဲ့သို့ တစ်သောင်းဂိုဏ်းတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့ပြီး၊ ၎င်းအား မည်သူကမှ မငြင်းပယ်ရဲကြပေ။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
“ ဘုမ်းးး “
ရွှေဖယောင်းသည် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဘမ်း ဘမ်း ဘမ်း
သူ၏ခန္ဓာကိုယ်နှင့် ခြေလက်များသည် အဆိုပါ ဖိအားကို မည်သို့မျှ တောင့်မခံနိုင်ခဲ့ဘဲ၊ အားလုံး၏ ကြည့်ရှုမှုအောက်မှာပင် သွေးမြူထုအဖြစ် ပေါက်ကွဲသွားခဲ့သည်။
“ မင်းရဲ့ သတ်ဖြတ်လိုစိတ်ကို ငါခံစားမိတယ်၊ ဆိုတော့ မင်းသေသင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့ပြီး၊ လက်ဖျောက်တီးလိုက်သည်။
ဖောက်
ရွှေဖယောင်း၏ ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားပြီး၊ ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်ပါ ချက်ချင်းပြိုကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး သေဆုံးသွားခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူများသည် ကြောက်လန့်တကြားဖြင့် ကတုန်ကရင် ဖြစ်သွားကြသည်။
“ ဂိုဏ်းသခင်၊ ကျေးဇူးပြုပြီးတော့ ဒေါသကို လျှော့ပါ “
ထိုအချိန်၌ မော့မူသည် အလောတကြီး ရှေ့တက်ကာ၊ အော်ပြောလာခဲ့သည် “ ဒီနေ့ကစပြီးတော့ ဆရာ့ကို ကျုပ်တို့ရဲ့ ဆရာသခင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။ ဂိုဏ်းသခင်ရဲ့ အမိန့်တွေကို မေးခွန်းထုတ်ခြင်းမရှိဘဲ အကြွင်းမဲ့ နာခံပါမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို လှည့်ပင်မကြည့်လာခဲ့ပေ။
သူ၏အနေအထားဖြင့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် စကားပြောရခြင်းမှာ သူ့ကိုယ်သူ နှိမ့်ချလိုက်ခြင်းပင် ဖြစ်သည်။
ထိုစဥ် တိကျွမ်းမှ အေးအေးလူလူ စကားဝင်ပြောလာခဲ့သည် “ အထွတ်အထိပ်အဆင့်အထက်က လူတွေအားလုံး၊ မင်းတို့ရဲ့ သွေးအဆီအနှစ်ကို ပေးကြ၊ အဲ့တာဆိုရင် မင်းတို့ကို ချမ်းသာပေးမယ် “
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ အထွတ်အထိပ်အဆင့်အထက်မှ လူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ထိုလူများထွက်သွားသည့် အချိန်တွင် ထွက်ပြေးရန် စဥ်းစားနေခဲ့ကြခြင်း ဖြစ်သည်၊ သို့သော် ယခုတွင်ကား သူတို့အတွက် မည်သည့်လမ်းမှ မရှိတော့သည့်ပုံပင်။
အန္တိမ အထွတ်အထိပ် ပညာရှင်၏ ဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူတို့အားလုံးသည် လေးဖင့်မနေရဲဘဲ၊ သူတို့၏ သွေးအဆီအနှစ်များကို ထုတ်ပေးလာကြသည်။
ရှေးဦးဝိညာဥ်၏ သွေးအဆီအနှစ် အစက်တစ်ရာကျော်သည် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ မျောလွင့်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအချိန်မှသာလျှင် သူ၏ဖိအားကို ရုတ်သိမ်းလိုက်သည်။
သူသည် အောက်တွင် ရှိနေသည့် ဂိုဏ်းကို ကြည့်နေရင်းဖြင့် အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ ဒီနေ့ကစပြီးတော့ သားရဲတစ်သောင်းဂိုဏ်းမှာ တိကျွမ်းဆိုတဲ့ အကြီးအကဲတစ်ယောက်ပဲ ရှိမယ် “
ထိုစကားသည် ယနေ့မှစ၍ သားရဲတစ်သောင်းဂိုဏ်း၏ အဓိကဖြစ်ရပ်အားလုံးကို တိကျွမ်းက အုပ်စိုးမည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့သည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ဂိုဏ်း၏ အတွင်းပိုင်းသို့ ဦးတည်သွားတော့သည်။
ထိုအချိန်မှသာလျှင် သားရဲတစ်သောင်းဂိုဏ်း၏ တပည့်တပန်းအားလုံးသည် အပေါ်သို့ မော့ကြည့်ရဲလာကြသည်။
မော့မူမှာလည်း စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုးဖြင့် ကောင်းကင်ပြင်ကို ကြည့်ကာ၊ ခံစားချက်များ ကသောင်းကနင်း ဖြစ်နေခဲ့သည်။
တစ်ချိန်က သားရဲတစ်သောင်းဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရသည့် လူတစ်ဦးက ဤမျှအနေအထားမျိုးအထိ ကြီးထွားတိုးတက်လာလိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း
ဆရာအဖြစ်ပင် အသိအမှတ်ပြုခဲ့ရလေသည်။
ထိုကဲ့ဆိုလျှင်တောင်မှ မော့မူသည် သူ၏အတွေးထဲမှာပင် ပုန်ကန်လိုသည့် မည်သည့်အတွေးမျိုးကိုမှ မတွေးဝံ့ခဲ့ပေ။
သူသည် ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက၊ ချက်ချင်းသေဆုံးသွားရလိမ့်မည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
“ သားရဲတစ်သောင်းဂိုဏ်း၊ မဟုတ်ဘူး၊ အန္တိမ နယ်မြေတစ်ခုလုံးက ကြီးကြီးမားမား ပြောင်းလဲသွားတော့မှာပဲ “
မော့မူသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
…
သားရဲတစ်သောင်းဂိုဏ်း၏ ရတနာစံအိမ်
ကြယ်တာရာ T-Rex နတ်ဘုရားက ဤနေရာသို့ ပြန်ရောက်လာသည့် အချိန်တွင်၊ ယခင်က မြင်တွေ့ခဲ့ရသည့် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ဖြစ်သူ ကျားဖြူသားရဲကပင် ဝင်ပေါက်အား စောင့်ကြပ်လျက်ရှိသည်ကို မြင်တွေ့သွားခဲ့သည်။
အဆိုပါ ကျားဖြူသည် ဤနေရာတွင်သာ စောင့်ကြပ်နေခဲ့သော်လည်း၊ ဂိုဏ်းအတွင်းရှိ ဖြစ်ရပ်များကို သတိပြုမိနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ချက်ချင်း မတ်တပ်ထရပ်ကာ၊ ဦးညွတ်၍ အရိုအသေပေးလာခဲ့သည် “ ဂိုဏ်းသခင်နှင့် အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ကျားဖြူအပေါ်တွင် အထင်အမြင်ကောင်းများ ရှိနေခဲ့သည်။
ထိုအချိန်က ဤကျားဖြူကသာ သူတို့ကို ဖြတ်သွားခွင့်မပေးခဲ့ဘူးဆိုပါက၊ သူသည် အစစ်အမှန် အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ယောက်ဖြစ်လာရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရဦးမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြုံးဖြင့် စကားပြောလိုက်သည် “ မင်းလုပ်တာကောင်းတယ်။ နောက်မှ ရာထူးနဲ့ လစာတိုးပေးဖို့အတွက် အကြီးအကဲကို ပြောလိုက် “
“ အာ “
“ ကျေး …. ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းသခင် “
ကြယ်တာရာ T-Rex နတ်ဘုရားက ရတနာစံအိမ်အတွင်းသို့ ဝင်သွားသည့် အချိန်တွင် ကျားဖြူသားရဲမှာ ခေါင်းတကုပ်ကုပ်ဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူမသည် ဤဂိုဏ်းသခင် အသစ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး၊ သဘောထားကွဲလွဲမှုအတွက်ပင် လူသတ်တတ်သည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
သူက ငါ့ကို ဘယ်လိုလုပ် နူးနူးညံ့ညံ့ ဆက်ဆံနေရတာလဲဟ
သူမသည် ထိုနေ့က သူမဖြတ်သန်းခွင့်ပေးခဲ့သည့် ရွှေဖယောင်းနှင့် ချန်ခွန်းတို့က တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားဖြစ်သည်ဆိုသည်ကို မသိပေ။
…
ရတနာစံအိမ်အတွင်း၌
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရတနာအားလုံးကို သိမ်းယူလိုက်ပြီး၊ တိကျွမ်းအား ၎င်းတို့ကို ထုတ်ပိုးသိမ်းဆည်းခွင့််ပေးလိုက်သည်။
ထို့နောက်တွင် သူသည် တိကျွမ်းကို စကားပြောလိုက်သည် “ ကမ္ဘာ့မူလကို သန့်စင်နေတဲ့ လူတွေကို သွားပြီးတော့ ကြီးကြပ်ပါ။ ဒီတစ်ခါအဆင့်တက်ပြီးရင် ခင်ဗျားတို့ဆီလာခဲ့မယ် “
“ ကောင်းပြီလေ “ တိကျွမ်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လျင်မြန်စွာ ထွက်သွားတော့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ၊ သားရဲတစ်သောင်းဂိုဏ်း၏ အတွင်းပိုင်းသို့ ဆက်လက်၍ ဦးတည်သွားတော့သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 698 )
အချိန်မြစ်တွင် လျှောက်လှမ်း၍ ရှေးခေတ်များဆီသို့ လည်ပတ်ခြင်း ၂
သူသည် သားရဲတစ်သောင်းဂိုဏ်း၏ အတွင်းပိုင်းတွင် ကြာပန်းစင်မြင့်ကဲ့သို့ နိယာမများကို အဆင့်ထိုးဖောက်ရာတွင် ကူညီပေးနိုင်သည့် ကျင့်ကြံရေး နေရာတစ်ခုရှိနေကြောင်းကို သိရှိထားခဲ့သည်။
တစ်ခဏအကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားမှာ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်အောက်သို့ ရောက်ရှိလာခဲ့သည်။
“ ထိုက်ချူး ဗောဓိသစ်ပင် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ရှေးဟောင်းသစ်ပင်ကို ငေးကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။
ကြယ်ပြာဂြိုဟ်၏ ရှေးခေတ်ကာလတွင် ကောင်းကင်ဘုံထိတိုင်အောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိခဲ့ပြီး၊ ၎င်းသည် နေနှင့်လတို့၏ အဆီအနှစ်များကို စုပ်ယူကာ၊ တာအိုစည်းချက်များကို စုစည်းပေးပြီး၊ ၎င်း၏ အောက်တွင် တရားထိုင်သူ/ကျင့်ကြံသူတိုင်းကို တာအို၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်စေကာ၊ စကြာဝဠာ၏ အမှန်တရားကို မြင်တွေ့သွားစေသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။
ယခုသူ့အရှေ့တွင် ရှိနေသည့် ထိုက်ချူး ဗောဓိသစ်ပင်မှာ ဒဏ္ဍာရီများတွင် ဖော်ပြခဲ့သည့် အဆိုပါ သစ်ပင်နှင့် အမှန်တကယ် တူညီနေခဲ့သည်။
အနားသို့ ချဥ်းကပ်သွားသည်နှစ့်တစ်ပြိုင်နက်၊ မမြင်ရသော အားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် တာအိုစွမ်းအင်တို့အား ဆွဲထုတ်နေသည်ကို ခံစားလိုက်ရသည်။
တစ်ခဏအတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြန့်ကျဲနေသော သူ၏အတွေးများ ပျောက်ကွယ်သွားပြီး၊ သူ၏စိတ်နှလုံးသားမှာလည်း ပိုမိုကြည်လင်လာသည်ဟု ခံစားလာခဲ့ရသည်။
“ ဉာဏ်အလင်းပွင့် သစ်ပင်လို့ ပြောနေကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ တကယ်ကို ထူးခြားလွန်းတယ်။ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ ကြာပန်းစင်မြင့်ထက်တောင် ပိုပြီးတော့ အသုံးဝင်နေတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးနေခဲ့ပြီး၊ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ တင်ပျဥ်ခွေထိုင်လိုက်သည်။
သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ ရတနာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရတနာတစ်ခုချင်းစီတိုင်းမှာ တလက်လက် တောက်ပနေလျက်ရှိသည်၊ ၎င်းတို့အားလုံးက နိယာမ အဆင့်ထိုးဖောက်ရာတွင် ကူညီပေးနိုင်သည့် အထွတ်အထိပ်အဆင့် ရတနာများဆိုသည်ကို ကလေးပင် ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။
၎င်းတို့တစ်ခုချင်းစီတိုင်းမှာ တန်ဖိုးဖြတ်၍ မရလောက်သည်အထိ တန်ဖိုးကြီးလှသည်။ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်အတွင်း၌ ထိုကဲ့သို့သော ရတနာမျိုး တစ်ဒါဇင်ကျော် တည်ရှိနေခဲ့သည်။
သူသည် ထိုရတနာများကို တိကျွမ်းနှင့် မမျှဝေလိုက်ပေ၊ တစ်စိတ်တစ်ပိုင်းမှာ တိကျွမ်းက ၎င်းတို့ကို မလိုအပ်သောကြောင့် ဖြစ်ပြီး၊ ကျန်တစ်စိတ်တစ်ပိုင်းကမူ အချိန်ကပ်နေပြီဖြစ်သောကြောင့်၊ သူ့ကိုယ်ပိုင် တိုးတက်မှုအတွက် ၎င်းတို့အားလုံးကို လိုအပ်သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မူလနယ်မြေသို့ ပြန်ရောက်သွားမည်ဆိုလျှင်တောင်မှ သူသည် အမှောင်နယ်မြေ၏ ပညာရှင်များနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ကျန်နေတဲ့ မူလနိယာမတွေကို ပြီးပြည့်စုံသွားအောင် လုပ်လိုက်ကြတာပေါ့ကွာ “
“ ပြီးတော့ ……. ဖန်တီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမက ပေါင်းစပ်နိုင်မလားဆိုတာကိုလည်း ကြည့်လိုက်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် အလင်းတန်းနှစ်ခု ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ အလင်းတန်းများသည် ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ပင် ဖြစ်သည်။
ယခင်က အဆိုပါ နိယာမနှစ်ခုကို နားလည်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် ၎င်းတို့ထံတွင် အပြန်အလှန် အထောက်အကူ ပြုနေမှုများ ရှိသည်ကို အာရုံခံမိခဲ့သည်။
သို့ရာတွင် ထိုအချိန်က သူ၏နယ်ပယ်က အလွန်တရာ နိမ့်ကျနေခဲ့သောကြောင့်၊ အလောတကြီး မပေါင်းစည်းရဲခဲ့ပေ။
သို့သော် ယခုတွင်ကား အဆိုပါ နိယာမ နှစ်ခု ပေါင်းစည်းသွားနိုင်သည့် အခွင့်အလမ်းက အတော်လေး ကြီးမားသည်ဆိုသည်ကို သူမြင်တွေ့နေခဲ့ရပြီ ဖြစ်သည်။
“ သူတို့ကိုယ်တိုင်ကိုက စကြာဝဠာရဲ့ အဆင့်အမြင့်ဆုံး အန္တိမအဆင့် နိယာမတွေ ဖြစ်နေပြီးသား၊ တကယ်လို့ သူတို့သာ ပေါင်းစည်းသွားမယ်ဆိုရင် ဘယ်လိုနိယာမမျိုး မွေးဖွားလာနိုင်မလဲ “
“ မကြုံစဖူး ဖြစ်ရပ်ထူးတစ်ခု ဖြစ်နေလောက်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နက်နက်နဲနဲ တွေးတောစဥ်းစားနေခဲ့သည်။
စကြာဝဠာ၏ များပြားလွန်းလှသော ခေတ်ကာလတစ်လျှောက်မှာပင် အန္တိမအဆင့် နိယာမများကို နားလည်ခဲ့သည့် လူများက အတော်လေး ရှားပါးနေခဲ့သည်။
ဖျက်စီးခြင်း(သို့) ဖန်တီးခြင်း နိယာမကဲ့သို့သော အရာကို နားလည်သည့် လူကမူ ပိုမိုရှားပါးနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကဲ့သို့ အဆိုပါ နိယာမနှစ်ခုစလုံးကို တစ်ပြိုင်နက် နားလည်နေသည့် လူမျိုးကမူ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် ထပ်မံ၍ ပေါ်ပေါက်လာရန် မဖြစ်နိုင်လှပေ။
၎င်းတို့နှစ်ခုကို ပေါင်းစည်းခြင်းအတွက်ကမူ ပို၍ပင် ဆိုးရွားနေမည် ဖြစ်သည်။
“ တစ်ဆင့်ချင်းစီပေါ့ကွာ၊ နိယာမတွေကို အဆင့်တက်သွားအောင် အရင်လုပ်ရမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများကို မှိတ်ကာ ဉာဏ်အလင်းရသည့် အခြေအနေအတွင်းတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားလိုက်သည်။
ယခု၌ သူသည် အန္တိမ နိယာမလေးခုကို နားလည်ထားခဲ့ပြီးပြီ ဖြစ်သည်။
ဖန်တီးခြင်း၊ ဖျက်စီးခြင်း၊ အသက်နှင့် မရဏ၊ ဟင်းလင်းပြင်-အချိန်
ပထမနှစ်ခုမှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ နောက်နှစ်ခုကသာလျှင် အဆင့်တက်ရန် ကျန်ရှိနေတော့သည်။
အဆင့်မြင့် နိယာမများအတွက်မူ၊ မည်သည့်အဆင့်မြင့် နိယာမကမှ ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးပေ။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် အန္တိမ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပြီး၊ များပြားလွန်းလှသော ရတနာတို့၏ အကူအညီများကြောင့် အဆိုပါ နိယာမများကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်သွားစေရန်မှာ မြေကြီးလက်ခတ်မလွဲပင်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ဘုံအထက် လေဟာနယ်အတွင်းတွင် တင်ပျဥ်ခွေထိုင်ကာ ကမ္ဘာမူလကို သန့်စင်နေသည့် တိကျွမ်းသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
“ အချိန်ကို စဥ်းစားကြည့်မယ်ဆိုရင် အမှောင်နယ်မြေလမ်းကြောင်းက ဒီနှစ်ရက်အတွင်းမှာပဲ ရောက်လာတော့မှာ “
တိကျွမ်း၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။
သူသည် ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး အလွန်တရာစိုးရိမ်ပူပန်နေခဲ့သည်။
သူနှင့် ကြယ်တာရာ T-Rex နတ်ဘုရားမရှိဘူးဆိုပါက၊ နယ်မြေဖိနှိပ်မှုအောက်တွင် ရှိနေသည့် အမှောင်နယ်မြေ၏ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ယောက်သည် ကြယ်ပြာဂြိုဟ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
နယ်မြေဖိနှိပ်မှုကို ခံရမည်ဆိုလျှင်တောင်မှ အန္တိမ အထွတ်အထိပ် ပညာရှင်၏ စွမ်းအားမှာ သာမန်အထွတ်အထိပ် ပညာရှင်များက ယှဥ်နိုင်သောအရာ မဟုတ်ပေ။
ထို့အပြင် အမှောင်နယ်မြေ၏ အင်အားမှာ အန္တိမနယ်မြေထပ်ပင် ပိုမိုသာလွန်နေလျက်ရှိသည်။
အကယ်၍ ဧကရာဇ် မိသားစုက ကြားဝင်စွက်ဖက်လာမည်ဆိုပါက၊ ပါဝင်ပတ်သက်လာမည့် အန္တိမ အထွတ်အထိပ် ပညာရှင်မှာ တစ်ယောက်ထပ် ပိုနေလိမ့်မည် ဖြစ်သည်။
၎င်းကိုတွေးနေရင်းဖြင့် တိကျွမ်း၏ စိုးရိမ်ပူပန်မှုမှာ ပိုမိုကြီးထွားလာခဲ့သည်။
သူသည် သန့်စင်ခြင်းအလုပ်တွင် ပိုမိုအားစိုက်နေတော့သည်။
ဤကမ္ဘာ့မူလကို မြန်မြန်ဆန်ဆန် သန့်စင်နိုင်မှသာလျှင် ကြယ်ပြာဂြိုဟ်သို့ ပြန်နိုင်မည် ဖြစ်သည်။
…
ဗောဓိသစ်ပင်အောက်၌
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
“ ဗွီ “
သူ့၏ခန္ဓာကိုယ်ထံမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု တိုးထွက်လာခဲ့သည်။
“ ဗွီ ဗွီ ဗွီ “
ချက်ချင်းဆိုသလိုပင် အလင်းတန်းပေါင်းများ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံလည်ပတ်နေခဲ့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှာလည်း အရောင်ကွယ်သွားပြီး၊ လေနှင့် တိမ်တိုက်များ ပြောင်းပြန်တိုက်ခတ်နေတော့သည်။ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် တာအိုပုံစံကွက်များ တလက်လက်တောက်ပကာ လည်ပတ်နေခဲ့ပြီး၊ သူသည် လူသားစကြာဝဠာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
တာအိုပုံစံကွက်တစ်ခုချင်းစီတိုင်းမှာ မူလနိယာမဖြစ်ပြီး၊ အတောက်ပဆုံးဖြစ်နေသည့် ပုံစံကွက်လေးခုကမူ အန္တိမအဆင့် နိယာမများဖြစ်သည်။
“ ဘုမ်းး “
တာအိုဟိန်းဟောက်သံများ အော်မြည်လာခဲ့ပြီး၊ ရှေးဦးဝိညာဥ်ကို တိုက်ရိုက်ထိခတ်သွားစေခဲ့သည်။
၎င်းနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် အံ့ဖွယ်ကောင်းသော အမြင်အာရုံများ ပေါ်လာခဲ့ပြီး၊ ပင်လယ်ပြင်မှ လပေါ်ထွက်လာခြင်း၊ ကြာပန်းသုံးထောင် ပွင့်လန်းခြင်းနှင့် ကောင်းကင်ဘုံကို ဟိန်းဟောက်နေသည့် များပြားလွန်းလှသော နဂါးအရိပ်များ …………..
တစ်ခါတစ်ရံတွင် ရှေးခေတ်တောင်တန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ဝန်းသော သမုဒ္ဒရာကြီးများအဖြစ် ပြောင်းလဲသွားကာ၊ အဆုံးမဲ့ စီးဆင်းနေတော့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာ့ဖြစ်ရပ်ဆန်းများ ဖြစ်ပွားနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့၏ အလယ်တည့်တည့်တွင် ရှိနေခဲ့ပြီး၊ သူသည် စကြာဝဠာအားလုံး၏ အရှင်သခင်တစ်ဦးကဲ့သို့ မျက်လုံးများ တလက်လက် တောက်ပနေခဲ့သည်။
“ နိယာမ အားလုံး အဆင့်တက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သုံးရက်ကြာကျင့်ကြံခဲ့ပြီးသည့်နောက်တွင်
သူ၏ အဆင့်မြင့် နိယာမခြောက်ခုနှင့် အန္တိမ နိယာမ လေးခုစလုံးမှာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
ယခင်က အတွေ့အကြုံများကြောင့် ဤတစ်ကြိမ် အဆင့်ထိုးဖောက်မှုမှာ ယခင်တစ်ကြိမ်ကထပ် ပိုမိုမြန်ဆန်နေခဲ့သည်။
အဆိုပါ နိယာမဆယ်ခုစလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူကိုယ်တိုင်က ထပ်မံ၍ အသွင်ပြောင်းသွားခဲ့သည်ဟု ခံစားနေခဲ့ရသည်။
သူ၏ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ်၏ ခရမ်းရောင် နန်းတော်နှစ်ခုစလုံးမှာ အဆင့်တစ်ဆင့် ပိုမြင့်သွားခဲ့ပြန်သည်။
“ ဆိုတော့ အန္တိမ အထွတ်အထိပ်မှာတောင်မှ ကွာဟချက်တွေ ရှိနေတယ်ပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သူသည် ယခင်ကတည်းက အန္တိမ အထွတ်အထိပ် ပညာရှင်အများစုထပ် ပိုမိုသန်မာအားကောင်းနေခဲ့ပြီးပြီ ဖြစ်သည်။
ယခုတွင်ကား သူသည် အတိတ်ကသူထပ် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားသည် လွန်ခဲ့သော သုံးရက်က သူ့ကိုယ်သူပင် တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင်ကို ငေးကြည့်နေတော့သည်။
“ ကျွီ ကျွီ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ဤလေဟာနယ်အတွင်းတွင် ပြီးပြည့်စုံသော ကမ္ဘာကြီးတစ်ခု လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။
နိယာမများစွာ ဆင်းသက်လာခဲ့ပြီး၊ ကမ္ဘာမှာ စတင်လည်ပတ်နေတော့သည်။
“ အခုဆိုရင်၊ ငါက နိယာမတွေရဲ့ စွမ်းအားကို မသုံးဘူးဆိုရင်တောင်မှ၊ အတွေးတစ်ခုတည်းနဲ့ တကယ့်ကမ္ဘာတစ်ခု၊ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးနေနိုင်ပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တလက်လက် တောက်ပနေခဲ့သည်။
“ ဘုမ်းးး “
ကျယ်လောင်သော ဆူညံသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ကမ္ဘာကြီးမှာ ချက်ချင်း ပျက်စီးသွားခဲ့ပြီး၊ မည်သည့်အစအနမှပင် ကျန်မနေခဲ့ချေ။
“ ငါ့ကို စိတ်ဝင်တစားဖြစ်သွားစေတဲ့ အရာက ဟင်းလင်းပြင်-အချိန် နိယာမပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ နဂါးငွေ့တန်းကဲ့သို့ တောက်ပရှည်လျားသည့် မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆိုပါ မြစ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ သူ့ခြေထောက်အောက်တွင် စီးဆင်းခဲ့ဖူးသည့် ကောင်းကင်မြစ်တစ်စင်းကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။
အချိန်မြစ်
ယခင်က လူသားဧကရာဇ်သည် ထိုမြစ်ကို ဖန်တီးခဲ့ဖူးပြီး၊ ရှုကျိုးကို လက်ဆင့်ကမ်းပေးမည့် အမွေအနှစ်တစ်ခုကို ချန်ရစ်ထားခဲ့သည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ထိုကဲ့သို့သော နည်းစနစ်မျိုးကို အသုံးပြုနေနိုင်ပြီဖြစ်သည်။
“ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်၊ အကုန်လုံးက ဒီမြစ်ထဲမှာ ရှိတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြစ်ပေါ်သို့ ခြေချလိုက်သည်။
သူ၏ မျက်လုံးများသည် ပြောင်းပြန်စီးဆင်းနေသည့် အချိန်မြစ်ကို ကြည့်နေရင်းဖြင့် ပိုမိုတောက်ပလာခဲ့သည်။
“ ဘုမ်းးး “
မြစ်၏ထောင့်တစ်နေရာတွင် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုမြင်ကွင်း၌ ရှုကျိုးသည် သူ၏ခြံနောက်ဘက်တွင် တင်ပျဥ်ခွေထိုင်ကာ၊ မြေပြင်ပေါ်ရှိ ရွှေရောင်ကြက်ဖကြီးကို ငေးကြည့်နေလျက်ရှိသည်။
၎င်းမှာ သူက ဤကမ္ဘာအတွင်းသို့ ဝိညာဥ်ကူးပြောင်းလာခဲ့ပြီး၊ သိပ်မကြာခင် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အရာအားလုံး၏ စမှတ်မှာ ထိုအချိန်ပင် ဖြစ်သည်။
“ အတိတ်ကို ပြန်ကြည့်ရမယ် “
သူသည် အချိန်မြစ်ပေါ်တွင် ရောက်နေသည်ကို နားလည်နေခဲ့သည့်အတွက် ကြည့်ရုံသာ ကြည့်နေခဲ့ပြီး၊ မည်သို့မျှ ကြားဝင်မစွက်ဖက်ခဲ့ပေ။
“ ငါက အန္တိမ နယ်ပယ်ကို မရောက်သေးဘူး၊ ဆိုတော့ အချိန်မြစ်မှာ ဝင်စွက်ဖက်လို့ မရဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားနေခဲ့သည်။
ရွှေရောင်မီးလျှံမှာလည်း စကားစပြောလာခဲ့သည် “ အန္တိမနယ်ပယ်ကို ရောက်နေမယ်ဆိုရင်တောင်မှ၊ အချိန်မြစ်မှာ ကြာဝင်စွက်ဖက်ရင် တန်ဖိုးတစ်ခုခု ပေးချေရတယ်၊ အဲ့တာကလည်း အနာဂတ်မှာပဲ အလုပ်ဖြစ်တယ်၊ ဖြစ်ပြီးသား အတိတ်ကို ပြောင်းလဲဖို့ကတော့ တော်တော်ကြီးကို ခက်တယ် “
( သူမက ပျံမလာတော့ဘူး၊ လက်လျှော့လိုက်ကြတော့ ညိုကီတို့ )
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်။
သမိုင်းကြောင်းက ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ ၎င်းကို ပြောင်းလဲရန်ကြိုးစားခြင်းမှာ ကမ္ဘာကြီးတစ်ခုလုံးကို သက်ရောက်သွားစေမည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် ကြီးမားသော နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရခြင်းတို့ ကြုံတွေ့ရမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
သို့ရာတွင် အနာဂတ်ကမူ မရောက်ရှိလာသေးသောကြောင့် ပြောင်းလဲပြင်ဆင်ရ ပိုလွယ်နေမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ သူ့ခြေထောက်အောက်ရှိ အချိန်မြစ်မှာ အရူးအမူး ပြောင်းပြန်စီးဆင်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အတိတ်သို့ ပြန်သွားကာ၊ တစ်ချို့သော အဖြစ်အပျက်များ၏ အမှန်တရားကို ရှာဖွေနေခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်က ဖြစ်ပွားခဲ့သည့် ကြယ်ပြာဂြိုဟ်၏ ဗီဇပြောင်းလဲမှုနှင့် ပျောက်ဆုံးနေသော ရှေးခေတ်ကာလ …………
လူသားဧကရာဇ် မည်သည့်နေရာတွင် ရှိနေလဲဆိုသည်နှင့် သူတို့က မည်သည့်အတွက်ကြောင့် အစအနရှာမရသည်အထိ ပျောက်ကွယ်သွားရသလဲဆိုသည့် ကိစ္စရပ်များပင် …………
………………………………………………………………………………………………………………………………………….
အပိုင်း ( 699 )
ရှေးခေတ် အမှန်တရားများ၊ လူသားဧကရာဇ်နှင့် တွေ့ဆုံခြင်း
အချိန်မြစ်မှာ လျင်မြန်စွာ ပြောင်းပြန်စီးဆင်းနေလျက်ရှိသည်။
တစ်ခဏအကြာတွင် တောက်ပနေသည့် မြင်ကွင်းများမှာ အချိန်မြစ်အတွင်းတွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ပုံရိပ်များသည် သမိုင်းကြောင်း၏ အဓိက ကွင်းဆက်များ၊ ထိုခေတ်က အဓိကဖြစ်ရပ်ကြီး ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် လွန်ခဲ့သော ရာစုနှစ် အနည်းငယ် ကြယ်ပြာဂြိုဟ်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး၊ ၎င်း၏ အရွယ်အစားက အဆပေါင်းရာနှင့်ချီ၍ ပိုမိုကြီးမားကျယ်ပြန့်လာသည်ကို မြင်တွေ့နေခဲ့ရသည်။
“ အဲ့တာ ……. “
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူသည် လွန်ခဲ့သော ရာစုနှစ်အနည်းငယ်က လပေါ်တွင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ထို့နောက်တွင် မမြင်တွေ့ရသော စွမ်းအင်လှိုင်းတစ်ခုက အဆိုပါ အက်ကွဲကြောင်းအတွင်းမှ ပျံ့လွင့်လာခဲ့သည်။
အဆိုပါ လှိုင်းလုံးကြောင့်ပင် ကြယ်ပြာဂြိုဟ်တစ်ခုလုံးက သိသိသာသာ ပြောင်းလဲသွားရခြင်း ဖြစ်သည်။
“ အဲ့တာက ……. နိယာမ စွမ်းအားလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ တင်းမာသွားခဲ့သည်၊ သူ၏ ယခုလက်ရှိ နယ်ပယ်ကြောင့် အဆိုပါ စွမ်းအင်လှိုင်းက ပြီးပြည့်စုံသော နိယာမတစ်ခု၏ စွမ်းအားဆိုသည်ကို ရှင်းရှင်းလင်းလင်း ခွဲခြားနေနိုင်ခဲ့သည်။
ထို့အပြင် ၎င်းမှာ သာမန်နိယာမတစ်ခု မဟုတ်ဘဲ၊ အန္တိမအဆင့် နိယာမတစ်ခု ဖြစ်နေခဲ့သည်။
“ အဲ့ဒီစွမ်းအားက ရင်းနှီးနေတဲ့ပုံ၊ လူသားဧကရာဇ်များလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်း၏အရင်းအမြစ်ကို လျင်မြန်စွာ ခြေရာခံကြည့်နေခဲ့သည်။
“ ဟုတ်တယ်၊ အဲ့တာက ဆရာချန်ထားခဲ့တဲ့ နိယာမပဲ “
ရွှေရောင်မီးလျှံသည် သူ၏စိတ်အတွင်းမှ ခုန်ထွက်လာခဲ့ကာ၊ အဆိုပါ ဟင်းလင်းပြင် အက်ကွဲကြောင်းကို စိုက်ကြည့်နေတော့သည်။
“ အဲ့တာက ဆရာ့ရဲ့ အရေးပေါ် အစီအစဥ်တစ်ခု ဖြစ်နေနိုင်တယ်။ တကယ်လို့ ကြယ်ပြာဂြိုဟ်ကသာ ဓမ္ဓခေတ်အဆုံးကို ရောက်မယ်ဆိုရင်၊ အဲ့ဒီအစီအစဥ်က သိုင်းပညာကို အသက်ပြန်သွင်းနိုင်တယ် “
ရွှေရောင်မီးလျှံမှ ထပ်ဖြည့်ပြောလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သမိုင်းမှတ်တမ်းများသည် ရှေးခေတ်မှ ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ အချိန်အထိ၊ စွမ်းအားကြီး သိုင်းပညာရှင်များ မပေါ်ထွက်လာခဲ့သည့် ကာလရှည်တစ်ခု ရှိခဲ့ကြောင်းကို ညွှန်ပြနေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သားရဲမျိုးနွယ်စုနှင့် ရှေးဟောင်း မျိုးနွယ်စုတစ်စု ရှိနေစဲဖြစ်သည်။
“ ကြယ်ပြာဂြိုဟ်က ဓမ္ဓခေတ်ရဲ့ အဆုံးကို ဘာလို့ ရောက်လာရတာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခြေတစ်လှမ်းထပ်လှမ်းလိုက်ရာ၊ အချိန်မြစ်မှာ လျင်မြန်စွာ နောက်ပြန်စီးဆင်းလာခဲ့ပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သောင်းနှင့်ချီ၍ ကျော်လွန်သွားခဲ့သည်။
ထိုကာလအတွင်း၌ ကြယ်ပြာဂြိုဟ်မှာ ကျုံ့နေသည့် အခြေအနေအတွင်း၌သာ ရှိနေစဲဖြစ်သည်။
အချိန်မြစ်မှာ အဆက်မပြတ် နောက်ပြန်စီးဆင်းနေလျက်ရှိသည်။
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် အထွတ်အထိပ်အထက်မှ ပညာရှင်တစ်ချို့ကို စတင်၍ မြင်တွေ့လာခဲ့ရသည်။
ထိုလူများမှာ ဆယ်ဂဏန်းထပ် ကျော်လွန်နေခဲ့သည်။
သို့သော် ညတစ်ညတွင် အဆိုပါ ပညာရှင်အားလုံး ရုတ်တရက် သေဆုံးသွားခဲ့ကာ၊ သူတို့၏ ခန္ဓာကိုယ်များပင် ကျန်မနေခဲ့ပေ။
“ လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက ကြယ်ပြာဂြိုဟ်ပေါ်မှာ ပျက်စီးမှုတစ်ခု ပေါ်လာခဲ့တယ်။ အထွတ်အထိပ် ပညာရှင် အားလုံးက တစ်နေ့တည်းမှာ ကျဆုံးသွားခဲ့ပြီး၊ သိုင်းပညာလည်း တိမ်ကောသွားခဲ့တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲဟ
ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုးက ဘယ်လိုလုပ် ပေါ်လာရတာလဲ
ရှေ့ဆက်သွားလိုက်ရာ အချိန်မြစ်မှာလည်း အတိတ်သို့ ဆက်သွားနေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နှစ်တစ်သောင်း ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် တစ်ခြားသော အရေးကြီး ကွင်းဆက်တစ်ခု ရောက်ရှိလာခဲ့ပြန်သည်။
“ ဘုမ်း “
လွန်ခဲ့သော နှစ်လေးထောင်ခန့်က ကြယ်ပြာဂြိုဟ်၏ အရွယ်အစားမှာ ကီလိုမီတာ ထရီလီယံနှင့်ချီ၍ အဆမတန် ကြီးမားလာခဲ့ပြီး၊ ယခုလက်ရှိ ကြယ်ပြာဂြိုဟ်ထပ် အဆပေါင်းများစွာ ပိုမိုကြီးမားနေခဲ့သည်။
သိုင်းပညာရှင်တို့မှာလည်း မရေမတွက်နိုင်လောက်သည်အထိ များပြားနေခဲ့ကာ၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကပင် အယောက်ငါးဆယ်ကျော် ရှိနေခဲ့သည်။
အဆင့်နိမ့် အထွတ်အထိပ် ပညာရှင် အယောက်သုံးရာကျော် ရှိနေခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်ကမူ ဆယ်ယောက်နီးပါး ရှိနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက အချိန်မြစ်မှတစ်ဆင့် ကြယ်ပြာဂြိုဟ်၏ ထိုနှစ်များကို ကြည့်ရှုနေစဥ် အချိန်တွင်
ထိုခေတ်မှ အန္တိမ အထွတ်အထိပ် ပညာရှင်များကလည်း သူ့ကို အာရုံခံမိသွားခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားရှိရာ အဆုံးမဲ့ ဟင်းလင်းပြင်-အချိန်ကို ငေးကြည့်လာခဲ့သည်။
“ အနာဂတ်က ဧည့်သည်၊ မင်းက ငါတို့ကို ချောင်းကြည့်နေတာလား “
အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးမှ အပြုံးဖြင့် စကားပြောလာခဲ့သည်၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် ကြယ်ပြာဂြိုဟ်အကြားတွင် ရှိနေသည့် ရင်းနှီးသော စိတ်စွမ်းအားကို ခံစားမိနေသောကြောင့် ရန်လိုမနေခဲ့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားပြန်ပြောလိုက်သည် “ ငါက အတိတ်ကို ခြေရာခံပြီးတော့ အမှန်တရားတွေ ရှာဖွေဖို့ ကြိုးစားနေတာပါ “
သို့ရာတွင် ထိုလူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ စကားသံကို မကြားရသည့်အလား မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။
ရွှေရောင်မီးလျှံမှ စကားဝင်ပြောလာခဲ့သည် “ နင်က အနာဂတ်က ဧည်သည့်လေ၊ အတိတ်က လူတွေက နင့်ရဲ့ အသံကို မကြားနိုင်ဘူး “
ထိုအချိန်မှသာလျှင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက သမိုင်းကြောင်းအား ကြားဝင်စွက်ဖက်၍ မရဘူးဆိုသည်ကို ပြန်၍ အမှတ်ရသွားခဲ့သည်။
သူက သူတို့၏ ပြောစကားများကို ကြားနိုင်သော်လည်း၊ သူ၏အသံကမူ အတိတ်သို့ ရောက်မလာနိုင်ပေ။
“ အဲ့လူက အနာဂတ်က ရောက်လာတဲ့ လူကိုတောင် အာရုံခံနိုင်တယ်ဆိုတော့၊ သူ့ရဲ့ ဟင်းလင်းပြင်-အချိန် နားလည်မှုက ငါ့ထပ် ပိုပြီးတော့ အဆင့်မြင့်နေမှာ သေချာတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူကို ကြည့်နေရင်းဖြင့် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
အရင်ခေတ်က ကြယ်ပြာဂြိုဟ်က ဒီလောက်တောင် အစွမ်းထက်တဲ့ဟာကို ဘယ်လိုလုပ် တစ်ညတည်းနဲ့ ရုတ်တရက်ကြီး ကျဆုံးသွားခဲ့ရတာလဲ
“ ဘုမ်းးး “
ရုတ်တရက်ဆိုသလိုပင် လွန်ခဲ့သော နှစ်လေးထောင်မှ ကြယ်ပြာဂြိုဟ်သည် ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။
ထို့နောက်တွင် ကြယ်ပြာဂြိုဟ်၏ အရွယ်အစားသည် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် စတင်၍ သေးကျုံ့၊ ပျက်စီးလာခဲ့သည်။
တောင်များပြိုကျကာ ပင်လယ်များ ခမ်းခြောက်သွားခဲ့သည်။
နှစ်ပေါင်းသောင်းနှင့်ချီ၍ ကွာခြားနေသော်လည်း ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
“ ဘာတွေ ဖြစ်နေတာလဲ၊ တာအိုပြိုကွဲသွားပြီ “
“ ငါ့ရဲ့ မူလနိယာမ ……. ငါအဲ့တာကို သုံးလို့မရတော့ဘူး “
ထိုခေတ်မှ ပညာရှင်တို့မှာ ထိတ်လန့်တကြား အော်ဟစ်နေခဲ့ကြသည်။
မထင်မှတ်ထားသော ရုတ်တရက် ပြောင်းလဲမှုတစ်ခု …..
ကြယ်ပြာဂြိုဟ်တစ်ခုလုံး အထိတ်တလန့် ဖြစ်သွားကြသည်။
အန္တိမ အထွတ်အထိပ် ပညာရှင်တို့၏ အမူအရာများမှာလည်း ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ နိယာမ ပြိုကွဲသွားတာလား “
ထိုခေတ်မှ ကြယ်ပြာဂြိုဟ်မှာ ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်လောက်သည်အထိ အခြေအနေ ဆိုးရွားလွန်းလှသော နိယာမပြိုကွဲမှုနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ထို့ကြောင့်ပင် ကြယ်ပြာဂြိုဟ်သည် နှစ်သောင်းချီအကြာတွင် ဓမ္ဓအဆုံးသတ်သို့ ရောက်ရှိသွားရခြင်း ဖြစ်သည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအို ထိခိုက်ပျက်စီးသွားမည်ဆိုလျှင်တောင်မှ ၎င်းက ကိုယ်တိုင်ပြန်လည်ပြင်ဆင်နိုင်ပြီး၊ နှစ်ထောင်ဂဏန်းအတွင်းမှာပင် အပြည့်အဝ ပြန်ကောင်းသွားနိုင်သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။
အထူးသဖြင့် အန္တိမ အထွတ်အထိပ် ပညာရှင်များစွာ ရှိနေသည့် ကမ္ဘာတစ်ခုတွင်ဖြစ်ပြီး၊ အပြည့်အဝပြန်ကောင်းရန်အတွက် ရာစုနှစ်အနည်းငယ်မျှပင် အချိန်ယူရသင့်ပေသည်။
သို့သော် ကြယ်ပြာဂြိုဟ်ကမူ အလွန်တရာ ဆုတ်ယုတ်သွားခဲ့ပြီး၊ သိုင်းပညာပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။
ထိုခေတ်က မည်သည့်ကိစ္စများ ဖြစ်ခဲ့သောကြောင့်၊ ဤကဲ့သို့သော ကပ်ဘေးကြီးတစ်ခု ပေါ်လာရသနည်း
“ ခုနတုန်းက တွေ့ခဲ့ရတဲ့ နှစ်သုံးထောင်အကြာက ဖြစ်ရပ်က ဓမ္ဓအဆုံးသတ်ခေတ်ကို ခုခံတိုက်ခိုက်ခဲ့ကြတဲ့ အန္တိမ အထွတ်အထိပ် ပညာရှင်တွေက သူတို့ရဲ့ ကျင့်ကြံရေး ဆုံးရှုံးသွားပြီးတော့၊ အရှုံးပေးလိုက်ရတဲ့ အချိန် ဖြစ်နေနိုင်တယ် “
မည်မျှ စိတ်ပျက်ဖွယ်ကောင်းလိုက်သနည်း
ကြယ်ပြာဂြိုဟ်၏ သိုင်းပညာဆုတ်ယုတ်မှုကို မြင်တွေ့နေရသော်လည်း၊ မည်သို့မှ အကူအညီ မပေးနိုင်ခြင်းမှာ သူ့အား စွမ်းအားကင်းမဲ့နေသည်ဟု ခံစားသွားရစေခဲ့သည်။