← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အပိုင်း ( 700 )

ရှေးခေတ် အမှန်တရားများ၊ လူသားဧကရာဇ်နှင့် တွေ့ဆုံခြင်း ၂

အကယ်၍ ကမ္ဘာ့ကြယ်ကသာ ထိုအချိန်တွင် တိုက်ခိုက်ခဲ့မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ် ပျက်သုဥ်းသွားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

အနီးအနားရှိ ရွှေရောင်မီးလျှံမှာလည်း အမူအရာ လေးနက်သွားကာ၊ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်၊ သူမမှာလည်း ထိုခေတ်က မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို လွန်စွာသိချင်နေခဲ့သည်။

လူသားဧကရာဇ်ခေတ်နောက်ပိုင်းတွင် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့‌သော ဖြစ်ရပ်များ ပေါ်ထွက်လာခဲ့ရသနည်း

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခြေထောက်များအောက်တွင် ရှိနေသည့် အချိန်မြစ်မှာလည်း နောက်တစ်ကြိမ် ထပ်မံ၍ စီးဆင်းသွားခဲ့ပြန်သည်။

သူသည် အတိတ်ကို နက်နက်ရှိုင်းရှိုင်း တူးဆွနေခဲ့သည်။

နောက်သို့ဆက်သွားလေလေ၊ နိယာမ စွမ်းအားကို ပိုမိုသုံးစွဲရလေလေဖြစ်ပြီး၊ သာမန်အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးအတွက်မူ ယခုလက်ရှိ အချိန်တွင် နတ်စွမ်းအား ကုန်ခမ်းသွားခဲ့မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ နတ်စွမ်းအားက အလွန်တရာ ပေါများနေခဲ့ပြီး၊ သူ၏ နတ်စွမ်းအား လည်ပတ်မှုကို ကောင်းစွာ ထိန်းသိမ်းထားနိုင်စဲပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်တစ်သောင်း ကုန်ဆုံးသွားခဲ့သည်။

လွန်ခဲ့သော နှစ်ငါးသောင်းခန့်က ကြယ်ပြာဂြိုဟ်သည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

အန္တိမ အထွတ်အထိပ် ပညာရှင်များသည် ကမ္ဘာကြီးတစ်ခုကို တည်ဆောက်ခဲ့ကာ၊ နိုင်ငံအားလုံးကို ရွှေ့ပြောင်းခဲ့ကြသည်။

“ အန္တိမ နယ်မြေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကမ္ဘာကြီးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

ထိုအချိန်က ကြယ်ပြာဂြိုဟ်သည် နောက်လာမည့် နှစ်တစ်သောင်း အကြာမှ ကြယ်ပြာဂြိုဟ်ထပ် ပိုမိုကြွယ်ဝချမ်းသာနေခဲ့သည်။

သို့သော် ထိုအချိန်က ကြယ်ပြာဂြိုဟ်တွင် အုပ်စုနှစ်စု ကွဲနေခဲ့သည်။

ပထမအုပ်စုမှာ ကြယ်ပြာဂြိုဟ်မှ ထွက်ခွာ၍ အန္တိမ နယ်မြေသို့ ရွှေ့ပြောင်းရန် သဘောတူလက်ခံကြသည်။

ဒုတိယအုပ်စုကမူ ကြယ်ပြာဂြိုဟ်တွင် ဆက်နေကာ၊ သူတို့၏ ဘိုးဘွားပိုင်နယ်မြေကို ကာကွယ်ရန် ထောက်ခံခဲ့ကြသည်။

“ မူလနယ်မြေက ကျိန်စာသင့်နေပြီ၊ နိယာမတွေက အနှေးနဲ့ အမြန်ဆိုသလို ပြိုကွဲသွားမှာပဲ၊ ဒီမှာဆက်နေတာက ပျက်စီးမှုကို အရှိန်မြှင့်ပေးလိုက်သလို ဖြစ်နေလိမ့်မယ် “

“ ဒီနေရာက ငါတို့ဘိုးဘွားပိုင် အမွေအနှစ်နယ်မြေလေ၊ ဘာကိစ္စ လွယ်လွယ်ကူကူ စွန့်ပစ်လိုက်ရမှာလဲ။ တကယ်လို့ မင်းတို့က သွားချင်တယ်ဆိုရင်လည်း သွားကြ၊ ငါတို့ကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး “

“ ငါတို့က ပြောင်းရွှေ့ဖို့ကို စီစဥ်ပြီးသွားပြီ၊ ဒါပင်မဲ့ အဲ့ဒီရတနာတွေကိုတော့ မူလနယ်မြေဆီကနေ ယူသွားရမယ် “

“ အိမ်မက်မက်နေလိုက်။ မင်းတို့က မူလနယ်မြေကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာကြောင့် အဲ့ပစ္စည်းတွေက ငါတို့ဟာတွေ ဖြစ်သွားပြီ “

အုပ်စုနှစ်စုမှာ အခြေအတင် စကားများနေကြတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို ကြည့်ရှုနေရင်းဖြင့် အကျိုးအကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

“ ဆိုတော့ အခုလက်ရှိ ကြယ်ပြာဂြိုဟ်ရဲ့ ပြည်သူပြည်သားတွေက အဲ့ခေတ်တုန်းက ဒီမှာ ဆက်နေဖို့ ထောက်ခံခဲ့ကြတဲ့ လူတွေရဲ့ မျိုးဆက်တွေလား “

“ အန္တိမနယ်မြေရဲ့ လူတွေက ကြယ်ပြာဂြိုဟ်က လူတွေကို အထင်သေးနေတာ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ရန်စလေးတွေ ရှိနေခဲ့တာကိုး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ဒါပင်မဲ့ ………. ကျိန်စာဆိုတာက ဘာကြီးလဲဟ “

သူသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူက ကျိန်စာနည်းစနစ်များကို တစ်ကြိမ်တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးသော်လည်း၊ သူ၏ အဆင့်မျိုးတွင်ကား နည်းစနစ်အားလုံးက အနှစ်သာရတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပုံရသည်။

ကမ္ဘာ့မူလကို တိုက်စားနိုင်ကာ၊ ကမ္ဘာတစ်ခုလုံးကို ဓမ္မအဆုံးသတ်သို့ ရောက်ရှိသွားစေနိုင်သည့် ကျိန်စာတစ်ခု အမှန်တကယ် တည်ရှိပေသည်။

သို့သော် ထိုခေတ်၌ ကြယ်ပြာဂြိုဟ်တွင် အန္တိမ အထွတ်အထိပ် ပညာရှင်များစွာ ရှိနေခဲ့သည့်အတွက်၊ ကြယ်ပြာဂြိုဟ်ကို မည်သူက ကျိန်စာတိုက်နိုင်ပါလိမ့်မည်နည်း။

မည်သူက ကျိန်စာတိုက်ရဲမည်နည်း

“ ရန်သူ့ဘက်က အန္တိမ ပညာရှင်တစ်ယောက်ယောက်က လုပ်လိုက်တာများလား “ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မျက်မှောင်ကြုတ်သွားခဲ့ရသည် “ အဲ့တာက အမှောင်နယ်မြေရဲ့ နောက်ထပ် လှည့်ကွက်တစ်ခုများလား “

ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ အန္တိမ နယ်ပယ်က ပညာရှင်ဆိုရင်တောင်မှ၊ နယ်မြေကျော်ဖြတ်ပြီးတော့ ကျိန်စာတိုက်ဖို့ ကြိုးစားတာက မဖြစ်နိုင်ဘူး၊ ကြယ်ပြာဂြိုဟ်က ပညာရှင်တစ်ယောက်ယောက်ကို ဖမ်းမမိ …….. “

သူမသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ၊ ထိုနေရာတွင် ရပ်တန့်သွားပြီး၊ အမူအရာ မည်းမှောင်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း စကားထပ်မပြောလာတော့ပေ၊ သူသည် ရှေးခေတ် အတိတ်များဆီသို့သာ ဆက်သွားနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် နှစ်သောင်းပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

သူတို့၏ အရှေ့တွင် ကြီးမားသော ဧရာမ ဂြိုဟ်တစ်လုံး ရှိနေခဲ့ပြီး၊ ၎င်းမှာ လွန်ခဲ့သော နှစ်ရှစ်သောင်းအကြာက ကြယ်ပြာဂြိုဟ်ဖြစ်ပြီး၊ အံ့ဖွယ်ကောင်းလောက်သည်အထိ ကြီးမားကျယ်ဝန်းနေခဲ့သည်။

ကြယ်ပြာဂြိုဟ်ပေါ်တွင် မျိုးနွယ်စုတစ်သောင်း ယှဥ်ပြိုင်ခဲ့ကြပြီး၊ ထိပ်တန်း အင်အားစုတစ်ခုချင်းစီတိုင်းမှာ ဂုဏ်ယူဝင့်ကြွားစွာ အာဏာတည်မြဲခဲ့ကြသည်။

ထိုခေတ်က ကြယ်ပြာဂြိုဟ်သည် အစောပိုင်း အချိန်များအတွင်းက သူမြင်တွေ့ရသည့် လွန်ခဲ့သော နှစ်ငါးသောင်းအကြာမှ ကြယ်ပြာဂြိုဟ်ထပ်ပင် ပိုမိုစည်ပင်ဝပြောနေခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်များကို နေရာတိုင်းတွင် မြင်တွေ့နေခဲ့ရသည်။

ကြယ်တာရာ T-Rex နတ်ဘုရားကပင် ကြယ်ပြာဂြိုဟ်၏ ထိုခေတ်မှ ပညာရှင်များ ထုတ်လွှတ်နေသည့် စွမ်းအင်များကို ခံစားနေခဲ့ရပြီး၊ ၎င်းတို့အနက်မှ တော်တော်များများသည် သူကျောချမ်းသွားစေလောက်သည်အထိ အားကောင်းပြင်းထန်နေခဲ့သည်။

“ လူသားဧကရာဇ် ခေတ်အလွန်ပဲ “

ရွှေရောင်မီးလျှံသည် ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့ကာ၊ အမူအရာ ပြောင်းလဲသွားသည်။

“ နင်သိတာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမကို ကြည့်နေတော့သည်၊ သူသည် လူသားဧကရာဇ် ထွက်ခွာသွားခဲ့နောက်တွင်၊ ဤမီးတောက်သေးသေးလေးက ကမ္ဘာ့ကြယ်၏ ရှေးဟောင်း အပျက်အစီးနယ်မြေတွင် မြှုပ်နှံခံလိုက်ရပြီး၊ ကြယ်ပြာဂြိုဟ်သို့ တစ်ကြိမ်တစ်ခါမှ ပြန်မရောက်လာနိုင်ခဲ့ဘူးဆိုသည်ကို မှတ်မိနေခဲ့သည်။

ရွှေရောင်မီးလျှံမှ သူမ၏ ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ ငါကိုယ်တိုင် မမြင်ခဲ့ဖူးပင်မဲ့၊ ဆရာက ကြယ်ပြာဂြိုဟ်ဆီမှာ လူသားဧကရာဇ်ခေတ်အလွန်လို့ ခေါ်တဲ့ ဒီလိုကြွယ်ချမ်းသာတဲ့ အချိန်မျိုး ရှိလာနိုင်တယ်လို့ ခန့်မှန်းခဲ့ဖူးတယ် “

“ အဲ့ဒီခေတ်တုန်းက ကြယ်ပြာဂြိုဟ်မှာ ပြင်ပရန်သူမရှိခဲ့ဘူးလေ၊ အဲ့တာကြောင့် အေးအေးချမ်းချမ်း ကြီးထွားတိုးတက်နိုင်ပြီးတော့၊ သိပ်မကြာခင် အချိန်မှာပဲ ပါရမီရှင် အများကြီး ပေါ်ထွက်လာခဲ့ပြီး၊ သူတို့တွေက ပြိုင်ဘက်ကင်း တည်ရှိမှုတွေ ဖြစ်သွားကြတယ် “

“ လူသားဧကရာဇ်ခေတ်အလွန်မှာ စွမ်းအားကြီး ပညာရှင် အများကြီး ပေါ်လာခဲ့တယ်၊ တစ်ယောက်ချင်းစီတိုင်းကလည်း ခေတ်တစ်ခုချင်းစီတိုင်းရဲ့ ဇာတ်လိုက်တွေဖြစ်ဖို့ လုံလုံလောက်လောက် အစွမ်းထက်ကြတယ်၊ ဒါပင်မဲ့ သူတို့တွေက တစ်ခေတ်တည်းမှာ မွေးဖွားလာခဲ့ကြတာပေါ့၊ ပြိုင်ရင်းဆိုင်ရင်းနဲ့ အဲ့ခေတ်က သမိုင်းကြောင်းရဲ့ အတောက်ပဆုံး ခေတ်တစ်ခေတ်လို့ ပြောရလောက်တဲ့အတိ ဖြစ်လာခဲ့တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အချိန်မြစ်ကို လှမ်းကြည့်လိုက်သည်။

ရွှေရောင်မီးလျှံ ပြောခဲ့သည့်အတိုင်းပင် လွန်ခဲ့သော နှစ်ရှစ်သောင်းအကြာက ကြယ်ပြာဂြိုဟ်မှာ အလွန်တရာ အားကောင်းနေခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်တို့မှာလည်း များစွာပေါများနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုခေတ်က ကြယ်ပြာဂြိုဟ်ထံတွင် ယခုလက်ရှိ သူနှင့် ယှဥ်နိုင်သည့် ပညာရှင် တော်တော်များများရှိနေသည်ကိုပင် အာရုံခံမိနေခဲ့သည်။

၎င်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။

ယခု၌ သူသည် အန္တိမ အထွတ်အထိပ်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ကာ၊ အန္တိမနယ်ပယ်နှင့်လည်း ခြေတစ်လှမ်းမျှသာ ကွာဟနေတော့သည်။

သို့သော် လွန်ခဲ့သော နှစ်ရှစ်သောင်းက ကြယ်ပြာဂြိုဟ်ထံတွင် သူကဲ့သို့သော ပညာရှင်များစွာ ရှိနေခဲ့လေသည်။

“ လူသားဧကရာဇ်လိုမျိုး မျိုးနွယ်စုတစ်သောင်းလုံးကို ဖိနှိပ်နိုင်တဲ့ လူမျိုး ထပ်မပေါ်လာခဲ့တာက တော်တော်နှမြောဖို့ကောင်းတာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အချိန်မြစ်ကို ကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အဲ့ဒီနောက်မှာ ကြယ်ပြာဂြိုဟ်က ပြည်တွင်းရေး ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရပြီးတော့ အခြေခံအုတ်မြစ်ကိုပါ ထိခိုက်သွားစေခဲ့တာပဲ “

အကယ်၍ ကြယ်ပြာဂြိုဟ်က လွန်ခဲ့သော နှစ်ရှစ်သောင်း အကြာကအတိုင်းသာ ဆက်ရှိနေခဲ့မည်ဆိုပါက၊ အန္တိမနယ်ပယ်မှ ပညာရှင်၏ ကျိန်စာတိုက်မှုကပင် အလွယ်တကူ အောင်မြင်ခဲ့မည် မဟုတ်ပေ။

သို့သော် နှစ်ကာလပေါင်းများစွာ ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်တွင် ကြယ်ပြာဂြိုဟ်၏ ခွန်အားမှာ အဆမတန် ယုတ်လျော့သွားခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ဆယ်ဂဏန်းမျှသာ ကျန်ရှိနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုခေတ်က ကြယ်ပြာဂြိုဟ်ကို ဆက်ကြည့်မနေတော့ဘဲ၊ သူ၏ခရီးစဥ်ကိုသာ ဆက်လက်၍ ပြုလုပ်နေခဲ့သည်။

အကယ်၍ သူကသာ ဆက်ကြည့်နေဦးမည်ဆိုပါက၊ ထိုခေတ်က အစွမ်းထက် ပညာရှင် တစ်ဦးဦးက သူ့ကို သတိပြုမိသွားနိုင်ပြီး၊ လိပ်ပြာသက်ရောက်မှုကို ဖြစ်ပေါ်သွားစေနိုင်သည်။

( လိပ်ပြာသက်ရောက်မှုက mcu စကားနဲ့ပြောရင် branch တစ်ခုထွက်လာတာမျိုးပေါ့၊ အတိတ်မှာ သက်ရောက်မှုတစ်ခုခုဖြစ်သွားလို့ အနာဂတ် ပြောင်းလဲသွားတာမျိုးပါ )

ယခုလက်ရှိ သူကပင် ထိုကဲ့သို့သော သက်ရောက်မှုမျိုးကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ ဝေါ “

အချိန်မြစ်သည် အရူးအမူး နောက်ပြန်စီးဆင်းနေခဲ့သည်။

ဤတစ်ကြိမ်၌ သူသည် လွန်ခဲ့သော နှစ်တစ်သိန်းကျော်အကြာသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏နိယာမ နတ်စွမ်းအားက ကုန်ဆုံးတော့မည်ဟု စတင်၍ ခံစားလာခဲ့ရသည်။

အတိတ်၏ နှစ်တစ်သိန်းကျော်အကြာအထိ လည်ပတ်ခြင်းသည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ အမှန်တရား တော်တော်များများကို သိရှိခဲ့ရသည်။

တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကမူ နှစ်တစ်သောင်း(သို့) နှစ်သောင်းကျော်ကြာအထိ သွားရုံဖြင့်ပင် စွမ်းအားများ ကုန်ဆုံးသွားခဲ့မည် ဖြစ်သည်။

ဤတစ်ကြိမ်၌ အချိန်မြစ်အတွင်းတွင် မြင်ကွင်းအသစ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ငေးကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပသွားခဲ့သည်။

၎င်းမှာလည်း ရှေးခေတ်အခါက ကြယ်ပြာဂြိုဟ်သာလျှင် ဖြစ်နေခဲ့သည်။

သို့သော် ယခုမြင်တွေ့နေရသည့် ကြယ်ပြာဂြိုဟ်မှာ ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းမနေဘဲ၊ ကမ္ဘာမြေပြိုကွဲသွားစေနိုင်သည့် တိုက်ပွဲများမှာ မကြာခဏ ဖြစ်ပွားနေခဲ့သည်။

ကောင်းကင်ပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး၊ တစ်ခြားကမ္ဘာတစ်ခုမှာ ကြယ်ပြာဂြိုဟ်ကို ကျူးကျော်တိုက်ခိုက်နေခဲ့သည်။

သို့သော် ကြယ်ပြာဂြိုဟ် မပြိုလဲသွားခဲ့ပေ၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်ခေတ်အလွန်က ပညာရှင်တို့ထပ် ပိုမိုအစွမ်းထက်သည့် အရှိန်အဝါ အများအပြားကို အာရုံခံမိနေခဲ့သည်။

“ လူသားဧကရာဇ်ခေတ်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမျှော်လင့်တောင့်တနေခဲ့သည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရွှေရောင်မီးလျှံမှာလည်း သူမ၏ ဆရာဖြစ်သူကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရရန် မျှော်လင့်မိနေတော့သည်။

“ ဟိုမှာ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်မှာ ကောင်းကင်ထက်သို့ ရောက်ရှိသွားခဲ့သည်။

ကမ္ဘာအထက်တွင် ငါးရောင်ခြယ် နတ်ကျောက်တုံးဖြင့် ပြုလုပ်ထားသော ခမ်းနားထည်ဝါသည့် ကောင်းကင်ဘုံခုံရုံးတစ်ခု ရှိနေပြီး၊ ကျောက်တုံးတစ်ခုချင်းစီတိုင်းထံတွင် တအိုပုံစံကွက်များ ရေးထိုးထားကာ၊ တာအိုစည်းချက်များကို ထုတ်လွှင့်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ခုံရုံးအတွင်းတွင် ဖျော့တော့သော အရှိန်အဝါတစ်ခု ရှိနေသည်ကို အာရုံခံမိနေခဲ့သည်၊ သို့သော် သူသည် ၎င်းကို မည်သို့မှ ထွင်းဖောက်မကြည့်နိုင်ခဲ့ပေ။

“ ဟမ်။ တကယ်ကြီးကို တစ်ခုထပ် ပိုရှိနေတာပဲ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရင်ခုန်သံ မြန်ဆန်လာခဲ့သည်။

သူသည် အဆိုပါ ခုံရုံးအတွင်းတွင် သူ့ကို ရင်တုန်ပန်းတုန် ဖြစ်သွားစေသည့် အရှိန်အဝါ တစ်ခုထပ် ပိုရှိနေကြောင်းကို သတိပြုမိနေသောကြောင့် ဖြစ်သည်။

၎င်းသည် ထိုခုံရုံးအတွင်းတွင် အန္တိမ ပညာရှင်တစ်ယောက်ထပ် ပိုရှိနေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ထိုအဆင့်သို့ မရောက်သေးဘူးဆိုလျှင်တောင်မှ၊ သူတို့သည် အန္တိမ အထွတ်အထိပ်ထပ် များစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။

“ ဒီဗိုလ်ချုပ်ကို ဘယ်ကောင်က ချောင်းကြည့်နေရဲတာလဲကွ “

ထိုအချိန်၌ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ တာအိုစွမ်းအင်လှိုင်းများက အဖော်ပြုလိုက်ပါလာခဲ့ပြီး၊ လေဟာနယ်အတွင်းရှိ များပြားလွန်းလှသော ကမ္ဘာငယ်လေးများ တစ်ပြိုင်နက် ဖျက်စီးခံလိုက်ရသည့်အလား ခံစားသွားရစေခဲ့သည်။

အချိန်မြစ် အတွင်းရှိ ကြယ်တာရာ T-Rex နတ်ဘုရားကပင် ၎င်း၏ သက်ရောက်မှုကို ခံလိုက်ရလုမတတ် ဖြစ်သွားခဲ့သည်။

ရွှေရောင်မီးလျှံမှာ ထိုအသံကို မှတ်မိနေခဲ့သည် “ အဲ့တာက ဗိုလ်ချုပ်အောင်းချန်ပဲ “

“ အောင်းချန်လား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သူ၏ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖက်ခြင်း နည်းစနစ်က အောင်းချန်၏ အမွေအနှစ်ဖြစ်သောကြောင့် သူသည် ထိုလူကို ရင်းရင်းနှီးနှီး သိနေခဲ့သည်။

“ အောင်းချန်က အဲ့အဆင့်ကို တကယ်ကြီး ရောက်ခဲ့တာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ သူ၏ယခုလက်ရှိ စွမ်းအားနှင့်ပင် ထိုပုဂ္ဂိုလ်၏ အရှေ့တွင် သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

“ ဟမ့်။ ဆက်ပြီးတော့ ချောင်းကြည့်နေရဲတယ်ပေါ့၊ တကယ်ကို သေချင်နေတာပဲ “

အောင်းချန်၏ အသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်၊ သူ ဒေါသထွက်နေပုံရသည်။

ထိုအချိန်တွင် ငြင်သာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ သူတို့ကို မခြောက်ပါနဲ့၊ သူက ငါ့ရဲ့ ဆက်ခံသူပါ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ အချိန်မြစ်အတွင်းတွင် ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 701 )

ဖြစ်နိုင်ခြေ အမျိုးမျိုးကို စမ်းကြည့်ခဲ့ပြီးပြီ၊ သဲလွန်စ ရှာမတွေ့ခဲ့ဘူး

ထိုလူများအနက် လူတစ်ဦးသည် ခရမ်းရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ကျောက်စိမ်းသရဖူကို ဆောင်းထားခဲ့ကာ၊ ဓားကဲ့သို့ မည်းနက်၊ ချွန်မြိနေသည့် မျက်ခုံးမွှေးတစ်စုံကို ပိုင်ဆိုင်ထားပြီး၊ အလွန်တရာ ချောမောနေခဲ့ကာ၊ သူ၏မျက်လုံးများမှာလည်း နတ်အလင်းတန်းတို့ဖြင့် တလက်လက် တောက်ပနေခဲ့သည်။

၎င်းမှာ လူသားဧကရာဇ်ပင် ဖြစ်သည်။

တစ်ခြားတစ်ဦးကမူ အနက်ရောင် နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ နီရဲသော အသားအရည်ကို ပိုင်ဆိုင်ထားသည့် သက်ကြီးပိုင်းလူတစ်ဦး ဖြစ်နေခဲ့သည်။ သူက မည်သည့်အရှိန်အဝါကို မထုတ်လွှတ်ထားသော်လည်း၊ ထိုနေရာတွင် ရပ်နေရုံနှင့်တင် အားကောင်းသော သတ်ဖြတ်လိုစိတ်များကို ထကြွလာစေခဲ့သည်။

ဗိုလ်ချုပ်အောင်းချန်

အောင်းချန်သည် ဘိုးဘေးနဂါး မျိုးနွယ်စုဝင်တစ်ဦးဖြစ်သော်လည်း၊ ထိုကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိနေခဲ့သောကြောင့်၊ လူသားပုံစံအဖြစ် အသွင်ပြောင်းခြင်းမှာ သူ့အတွက် လွယ်ကူသည်ဆိုထပ်ပင် ပိုနေခဲ့သည်။

ဤအချိန်၌ သူတို့သည် မီတာ တစ်သောင်းရှည်လျားသည့် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် ရပ်နေခဲ့ကာ၊ အလွန်တရာ သေးငယ်နေပုံရသော်လည်း၊ သူတို့၏ အမူအရာများမှာ အလွန်တရာ ပေါ့ပါးတည်ငြိမ်နေခဲ့သည်။

“ ဟားဟားဟား “

အောင်းချန်သည် ရုတ်တရက် ရယ်မောကာ စကားစပြောလာခဲ့သည် “ ချန်ရွှမ်း၊ မင်းရဲ့ အမွေဆက်ခံသူက ဘာလို့ နဂါးမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေရတာလဲ “

သူသည် ပျော်ရွှင်မှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့ပြီး၊ ယခင်က ဖြစ်ပေါ်ခဲ့ရသည့် ဒေါသတရားတို့မှာလည်း လုံးဝပျောက်ကင်းသွားပုံရသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူတို့က ငါ့ကို တကယ်ကြီး မြင်နေရတာလားဟ

ဤခရီးစဥ်တစ်လျှေက်လုံးတွင် သူ၏တည်ရှိမှုကို အာရုံခံမိခဲ့သည့် ပညာရှင် တစ်ချို့ရှိသော်လည်း၊ သူတို့သည် သူ၏ အသံကို မည်သို့မျှ မကြားနိုင်ခဲ့ပေ။ ယခုကဲ့သို့ သူ့ကို မြင်တွေ့နေရသည့် လူအား တစ်ယောက်တစ်လေပင် မမြင်တွေ့ခဲ့ရချေ။

ဤသည်မှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးက သူ့ကို မြင်တွေ့သွားခဲ့သည့် ပထမဦးဆုံး အကြိမ်ဖြစ်သည်။

“ မဂ်လာပါ ဆရာ၊ မဂ်လာပါ၊ ဗိုလ်ချုပ်အောင်းချန် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူနှစ်ဦးကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး၊ ထို့နောက်တွင် ရှုကျိုး၏ပုံစံအဖြစ် အသွင်ပြန်ပြောင်းလိုက်သည်။

“ ကျွန်တော့်ရဲ့ မူလကိုယ်က လူသားပါ “ ဟုရှုကျိုးမှ စကားပြောလိုက်သည်။

“ အို့ “

ထိုအချိန်၌ အောင်းချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး၊ တအံ့တဩ ပြောဆိုလာခဲ့သည် “ ခန္ဓာတစ်ခု ဝိညာဥ်နှစ်ခုလား။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုထူးဆန်းတဲ့ ဖွဲ့စည်းပုံမျိုး ရှိနေရတာလဲ “

သူ၏နယ်ပယ်ဖြင့် သူသည် တစ်ချက်မျှ ငေးကြည့်ရုံနှင့် ရှုကျိုး၏ မူလကို မြင်တွေ့နေခဲ့ရသည်။

“ နှမြောစရာပဲ “ အောင်းချန်သည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ အသာအယာ သက်ပြင်းချနေတော့သည် “ ချန်ရွှန်းရဲ့ အနာဂတ် အမွေဆက်ခံသူက ငါတို့ နဂါးမျိုးနွယ်စုက ဖြစ်နေမယ်လို့ ထင်နေခဲ့တာ၊ အဲ့လိုဆိုရင် ငါ့ရဲ့အမွေအနှစ်ကို မင်းဆီကို လက်ဆင့်ကမ်းပေးလို့ရတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

“ စီနီယာအောင်းချန်၊ ကျွန်တော်က လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကိုပဲ ရခဲ့တာ မဟုတ်ဘူး “

ထိုစကားကို ပြောလိုက်ပြီးသည့်နောက်တွင် သူသည် မူလကိုယ်ပွား တစ်သောင်းကို ထုတ်ဖော်ပြသလိုက်သည်။

အောင်းချန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

“ မင်းရဲ့ ကံတရားက ကောင်းကင်ဘုံကို တကယ်ကြီး ဆန့်ကျင်နေတာပဲ “ သူသည် မအောင့်ထားနိုင်တော့ဘဲ၊ မှတ်ချက်ပေးလာခဲ့သည်။

“ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ကံတရား မရှိဘူဆိုရင်၊ ကျွန်တော်က လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ဘယ်လိုလုပ် အရယူနိုင်ခဲ့မှာလဲဗျ “ ဟုရှုကျိုးမှ ပြန်ပြောလိုက်သည်။

“ ဟားဟားဟား၊ ပြောတာကောင်းတယ် “

သူတို့ဘေးနားတွင် ရှိနေသည့် ခရမ်းရွှေရောင် ဝတ်စုံနှင့် လူသားဧကရာဇ်သည် အူလှိုက်သည်းလှိုက် ရယ်မော၍ ကျယ်လောင်စွာ ပြောဆိုလာခဲ့သည် “ ငါ၊ ချန်ရွှမ်းရဲ့ အမွေဆက်ခံသူက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ကံကြမ္မာမျိုး ပိုင်ဆိုင်ထားတဲ့ တစ်မိုးအောက်တစ်ယောက်ဖွား၊ ရှားပါးတဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ် “

ရှုကျိုးသည် သူ၏ကိုယ်ပွားများကို ပြန်သိမ်းလိုက်ကာ၊ အနည်းငယ် ကြောင်အသွားခဲ့သည်။

အေးစက်ကာ မောက်မာလိမ့်မည်ဟု သူထင်မှတ်ထားခဲ့သည့် အန္တိမ ပညာရှင်နှစ်ဦးက ချဥ်းကပ်ရ လွယ်ကူကာ၊ ဖော်ရွေနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အကယ်၍ တစ်ခြားလူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ သူသည် ရှုကျိုးနှင့် စကားပြောဆိုနေသည့် လူများက သူတို့ လိုက်လံရှာဖွေနေခဲ့သည့် အန္တိမနယ်ပယ်မှ ပညာရှင်များဖြစ်သည်ဆိုသည်ကို သံသယဝင်သွားကြမည် ဖြစ်သည်။

သူအတွေးနက်နေသည့် အချိန်တွင် ရွှေရောင်မီးလျှံမှာ လူသားဧကရာဇ်ထံသို့ ပျံသန်းသွားခဲ့သည်။

“ ဆရာ “

“ ကျွန်မကို မှတ်မိသေးလား “

ရွှေရောင်မီးလျှံသည် တုန်တုန်ရင်ရင်ဖြင့် စကားပြောနေခဲ့သည်။

သူမသည် လူသားဧကရာဇ်ကို နှစ်တစ်သိန်းကျော်ကြာ မမြင်တွေ့ခဲ့ရသည့်အတွက် အလွန်တရာ လွမ်းမောနေခဲ့သည်။

သူမကို မြင်လိုက်ရသော အချိန်၌ လူသားဧကရာဇ်သည် အနည်းငယ် တုံ့ဆိုင်းသွားကာ၊ စကားပြန်ပြောလာခဲ့သည် “ နောင်အနာဂတ်မှာ မင်းက ငါ့ဘေးမှာ မရှိတော့ဘဲ၊ အမွေဆက်ခံမှုအတွက် ကျန်နေခဲ့ပုံရတယ် “

သူ့ဘေးနားရှိ အောင်းချန်မှာလည်း တအံ့တဩဖြင့် စကားဝင်ပြောလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက မင်းရဲ့ တာအိုကို အရင်းအမြစ်အဖြစ် သုံးပြီး၊ ကောင်းကင်ဘုံ စိတ်ဝိညာဥ်ကို ကိုယ်ထည်အဖြစ် သုံးခဲ့တဲ့ မီးတောက်လေးပဲ၊ သူက ကိုယ်ပိုင် အသိစိတ်ကို မွေးဖွားပေးခဲ့တယ်ပေါ့၊ အဲ့တာက အန္တိမ အခွင့်အရေးလေ၊ မင်းက ဘာလို့ မယူသွားခဲ့ရတာလဲ “

“ အန္တိမ အခွင့်အရေးလား “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားကာ၊ ရွှေရောင်မီးလျှံကို ငေးကြည့်နေတော့သည်။

သူသည် ဤကိစ္စကို မည်သို့မျှ သတိမပြုမိခဲ့ပေ။

အောင်းချန်သည် ရှုကျိုးကို ပြန်ကြည့်လာခဲ့ပြီး၊ လေးစားမှုတို့ဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် ” ချန်ရွှမ်းက သူ့ရဲ့ အမွေဆက်ခံသူဖြစ်တဲ့ မင်းကို တကယ်ကြီး မျက်နှာသာပေးခဲ့တာပဲ၊ ဒီလိုအခွင့်အလမ်းမျိုးကိုတောင် မင်းအတွက် ချန်ထားပေးခဲ့တယ်။ တကယ်လို့ သူကသာ အဲ့တာကို ယူသွားခဲ့မယ်ဆိုရင်၊ အဲ့တာက အရေးကြီးအခိုက်အတန့်မှာ သူ့အသက်ကို ကယ်နိုင်တယ် “

လူသားဧကရာဇ်သည် အပြုံးဖြင့် စကားဝင်ပြောလာခဲ့သည် “ အဲ့တာက သင့်တော်တဲ့ အမွေဆက်ခံမှု ကိုယ်ထည်မရှိခဲ့တာကြောင့်ပါ “

သူသည် ရှုကျိုးကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ကောင်လေး၊ ငါနဲ့တွေ့ဖို့အတွက် မင်းက အတိတ်ကို ဘယ်နှနှစ်ပြန်လာခဲ့ရတာလဲ “

“ နှစ်ပေါင်း တစ်သိန်းသုံးသောင်းပါ “ ဟု ရှုကျိုးမှ ပြန်ဖြေလိုက်သည်။

“ နှစ်တစ်သိန်းသုံးသောင်းလား “ လူသားဧကရာဇ်သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ နှစ်ပေါင်းတစ်သိန်းကျော် ကြာခဲ့ပြီးတဲ့နောက်မှ ငါ့ရဲ့ အမွေဆက်ခံသူ ပေါ်ထွက်လာခဲ့တာလား “

ရွှေရောင်မီးလျှံမှာလည်း တုန်တုန်ရင်ရင်ဖြင့် စကားထပ်ပြောလာခဲ့သည် “ ဆရာ၊ ရှင်ထွက်သွားခဲ့ အချိန်ကစပြီးတော့၊ ရှင့်ကို နှစ်တစ်သိန်းသုံးသောင်း ကြာတဲ့အထိ မတွေ့ခဲ့ရဘူး၊ ရှင်ဘယ်တွေ ရောက်နေခဲ့တာလဲ “

လူသားဧကရာဇ်သည် သူ၏ဦးခေါင်းကို ကူရာကယ်ရာမဲ့စွာဖြင့် ခါရမ်းနေတော့သည် “ မိုက်မဲ့တဲ့ ကလေးမ၊ နှစ်တစ်သိန်းသုံးသောင်းဆိုတာက ငါ့ရဲ့ခန့်မှန်းချက်တွေထပ် ကျော်လွန်နေတယ်၊ ကိန်းရှင်တွေ အများကြီးတွေပဲ “

ရှုကျိုးသည် လွန်ခဲ့သော နှစ်တစ်သိန်းသုံးသောင်းအကြာမှ လူသားဧကရာဇ်နှင့် စကားပြောဆိုနေခြင်း ဖြစ်သည်။

၎င်းကို နားလည်သွားသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ထုတ်ပြောလာခဲ့သည် “ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဆရာ့ရဲ့ ခြေရာလက်ရာတွေ မရှိတော့ဘူး၊ လူသားဧကရာဇ်ဆိုတဲ့ နာမည်ကလည်း တိမ်ကောသွားခဲ့တာ ကြာနေပြီ “

“ ရှေးဟောင်းဂိုဏ်းတစ်ချို့မှာပဲ ပြန့်ကျဲနေတဲ့ မှတ်တမ်းတွေ ရှိတယ် “

ထို့နောက်တွင် သူသည် ကောင်းကင်ဘုံ ခုံရုံးကို ငေးကြည့်လိုက်ပြီး၊ အတွင်းမှ ပေါ်ထွက်လာသည့် အားကောင်းသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားခဲ့သည်။

ရှုကျိုးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ဆရာ၊ ဗိုလ်ချုပ်အောင်းချန်၊ ဆရာတို့က အမှောင်နယ်မြေကို ဆန့်ကျင်ဖို့အတွက် အစီအစဥ်ဆွဲနေတာလား “

လူသားဧကရာဇ်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

သူ့ဘေးနားရှိ ရွှေရောင်မီးလျှံမှာလည်း တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောလာခဲ့သည် “ ဆရာ့၊ နှစ်ပေါင်းတစ်သိန်းသုံးသောင်း ကြာတဲ့အချိန်အထိ ရှင့်အကြောင်း ဘာကိုမှ မကြားခဲ့ရဘူး၊ ရှင်က အမှောင်နယ်မြေက တိုက်ပွဲမှာ ကျဆုံးသွားမှာကို ကျွန်မ ကြောက် …. ကြောက်တယ် “

လူသားဧကရာဇ်သည် သူမကို ငေးကြည့်လာခဲ့သည်၊ ထို့နောက်တွင် ရှုကျိုးကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ငါ့ကို ဒီစကားတွေ ပြောပြနေလို့ သမိုင်းကြောင်းကို ထိခိုက်သွားပြီး၊ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုခုကို နှိုးဆွမိသွားမှာကို မကြောက်ဘူးလား “

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ စီနီယာတို့က ဒီလိုအမြင့်မျိုးအထိ ရောက်နေပြီးတော့၊ မျိုးနွယ်စုတစ်သောင်းကို အမိန့်ပေးနေနိုင်တာကြောင့်၊ အလွယ်တကူ လမ်းလွဲသွားမှာ မဟုတ်ဘူး၊ တကယ်လို့ ကျွန်တော်က ဒါတွေကို ပြောရင်တောင်မှ၊ ဘာကိုမှ ပြောင်းလွဲသွားစေမှာ မဟုတ်ဘူး “

လူသားဧကရာဇ်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ ထို့နောက်တွင် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။

“ ငါ့ရဲ့ အမွေဆက်ခံသူ ဖြစ်ထိုက်ပါပေတယ်၊ ကောင်းတယ်၊ မင်းကငါ့ကို နားလည်နေတာပဲ “

သူသည် ကျေနပ်အားရနေသည့် အမူအရာမျိုးဖြင့် ရှုကျိုး၏ ပခုံးတစ်ဖက်ကို ပုတ်လာခဲ့သည်။

………………………………………………………………………………………………………………………………………….

အပိုင်း ( 702 )

ဖြစ်နိုင်ခြေ အမျိုးမျိုးကို စမ်းကြည့်ခဲ့ပြီးပြီ၊ သဲလွန်စ ရှာမတွေ့ခဲ့ဘူး ၂

ထို့နောက်တွင် သူသည် သူ၏အပြုံးကို ရုတ်သိမ်းလိုက်ကာ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ အမှောင်နယ်မြေကို တိုက်ခိုက်ဖို့အတွက် လူထုကို ငါဦးဆောင်သွားမှာ။ ငါဆုံးဖြတ်ချက်ချပြီးသွားပြီ “

ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် “ ဘာလို့လဲ “

ဘာလို့ အမှောင်နယ်မြေနဲ့ တိုက်ကိုတိုက်ရမှာလဲ

လူသားဧကရာဇ်ရဲ့ စွမ်းအားနဲ့ဆိုရင် ကြယ်ပြာဂြိုဟ်ကို အားဖြည့်ပေးလိုက်တာက ပိုကောင်းတယ်မဟုတ်ဘူးလား

လူသားဧကရာဇ်သည် အဝေးသို့ ငေးကြည့်နေကာ၊ ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ အမှောင်နယ်မြေမှာက ရှေးခေတ် ဘိုးဘေးတစ်ယောက် နိုးထလာနေတယ် “

“ ရှေးခေတ် ဘိုးဘေးလား “

ရှုကျိုးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူ့ဘေးနားရှိ အောင်းချန်သည် သူဇဝေဇဝါ ဖြစ်သွားသည်ကို သတိပြုမိသွားကာ ပြောပြလာခဲ့သည် “ အမှောင်နယ်မြေ ဘယ်လိုဖြစ်ပေါ်လာခဲ့လဲဆိုတာကို မင်းမသိသေးဘူးမလား “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။

အောင်းချန်မှ ရှင်းပြလာခဲ့သည် “ တော်တော်ကြီးကို ရှေးကျတဲ့ခေတ်တုန်းက၊ သူ့ကိုယ်သူ တာအိုအဖြစ် အသွင်ပြောင်းပြီးတော့၊ ကမ္ဘာအများကြီးနဲ့ ကိုယ့်ကိုကိုယ့် ပေါင်းစပ်ခဲ့တဲ့ တည်ရှိမှုတစ်ခု ရှိခဲ့ဖူးတယ်။ နောက်တော့ သူက စကြာဝဠာရဲ့ ငြင်းပယ်မှုကို ခံလိုက်ရပြီးတော့၊ ဒီနေ့ခေတ် ကမ္ဘာတွေရဲ့ အမှောင်ခြမ်းဖြစ်တဲ့ အမှောင်နယ်မြေ ဖြစ်လာခဲ့တာပဲ “

“ တာအိုအဖြစ် အသွင်ပြောင်းတာလား။ ကိုယ့်ကိုကိုယ် ကမ္ဘာတွေနဲ့ ပေါင်းစပ်လိုက်တာလား “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

အစပိုင်းတွင် သူသည် အမှောင်နယ်မြေက သဘာဝအလျောက် ပေါ်ထွက်လာခြင်း(သို့) အစွမ်းထက် ပညာရှင်တစ်ဦး၏ ဖန်တီးမှုဖြစ်နေမည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။

သူ၏ ယခုလက်ရှိ လုပ်နိုင်စွမ်းနှင့်သာဆိုပါက စကြာဝဠာတစ်ခု ဖန်ဆင်းရန်မှာ ခက်ခဲသော အလုပ်တစ်ခု ဟုတ်မနေခဲ့ပေ။

သို့သော် တာအိုအဖြစ် အသွင်ပြောင်းရန်ကမူ လုံးဝကွဲပြားသော ကိစ္စတစ်ခု ဖြစ်သည်။

တာအိုအဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ဘုံတာအိုအဖြစ် ပေါင်းစည်းသွားခြင်းမှာ စကြာဝဠာ အပြင်ဘက်မှ အုပ်စိုးသူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုနေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် ယခုလက်ရှိ နိယာမစည်းမျဥ်း အားလုံးကို ဖိနှိပ်နိုင်ပြီး၊ စကြာဝဠာ နိယာမတို့၏ တရားစီရင်ပိုင်ခွင့်မှ လွတ်မြောက်နေကာ၊ စကြာဝဠာ အပြင်ဘက်တွင် မတ်တပ်ရပ်၍၊ အချိန်မြစ်ကို စောင့်ကြည့်နေတတ်သည်။

ဘီလီယံ(သို့) ထရီလီယံနှင့် ချီသော နှစ်များကဲ့သို့သော အချိန်ကပင် ထိုပုဂ္ဂိုလ်အတွက် တစ်ခဏခန့်သာ ဖြစ်နေမည် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သော တည်ရှိမှုမျိုးကသာ အမှန်တကယ် တည်ရှိနေမည်ဆိုပါက၊ အန္တိမနယ်ပယ် ပညာရှင်ကပင် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

အန္တိမ နယ်ပယ်က မည်မျှပင် သန်မာအားကောင်းနေပါစေ၊ ၎င်းသည် ဤစကြာဝဠာ၏ နိယာမများကို အသုံးပြုနေခြင်းသာလျှင် ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော တည်ရှိမှုမျိုးကမူ တစ်ခဏအတွင်းမှာပင် စကြာဝဠာ တစ်ခုလုံးကို ဖျက်စီးနိုင်ပေသည်။

၎င်းအား မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း

ရှုကျိုးတုန်လှုပ်နေသည့် အချိန်တွင်၊ အောင်းချန်မှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့ဒီတည်ရှိမှုက တာအိုအဖြစ် အမှန်တကယ် အသွင်မပြောင်းနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ စကြာဝဠာက သူ့ကို ငြင်းပယ်ခဲ့ပြီးတော့ အမှောင်ဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ရလို့ပဲ “

“ အမှောင်နယ်မြေက သူ့ကြောင့် တည်ရှိလာတာဆိုတော့၊ သူက အမှောင်နယ်မြေရဲ့ ဘိုးဘေးလို့ သတ်မှတ်ခံထားရတယ်၊ ဧကရာဇ် မိသားစုတွေကတောင် သူ့အောက်မှာပဲ ရှိတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အပြည့်အဝ နားလည်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် သူ့ထံတွင် သံသယများ ရှိနေသေးသည် “ ရှေးခေတ် ဘိုးဘေး နိုးထလာတယ်ဆိုတာက ဘာကိုပြောတာလဲဗျ “

အောင်းချန်မှ ပြောပြလာခဲ့သည် “ တာအိုအဖြစ် အသွင်းပြောင်းဖို့ ကြိုးစားခဲ့လို့ အမှောင်နယ်မြေရဲ့ ဘိုးဘေးက အိပ်မောကျသွားခဲ့သည်၊ ဒါပင်မဲ့ သိပ်မကြာခင် နှစ်တွေကတော့ သူနိုးထလာတော့မဲ့ အရိပ်အယောင်တွေ မြင်လာရတယ် “

“ ချန်ရွှမ်းနဲ့ငါက သူနိုးမလာခင် အချိန်မှာ ပုန်းကွယ်နေတဲ့ အဲ့ဒီအန္တရာယ်ကြီးကို ရှင်းဖို့အတွက် ဒီတိုက်ပွဲကို တိုက်ရတာပဲ “

ရှုကျိုး၏ စိတ်နှလုံးသား လေးလံသွားခဲ့သည်။

ထိုစကားလုံးများကို နားထောင်ရုံနှင့်တင် တိုက်ပွဲက မည်မျှခက်ခဲကြမ်းတမ်းမလဲဆိုသည်ကို သူသိနေခဲ့သည်။

ရှေး‌ခေတ်ဘိုးဘေးကို သတ်ဖြတ်ရန် ရန်သူ့ခံတပ်အတွင်းသို့ ထိုးဖောက်ခြင်း ……

ထိုကဲ့သို့သော လုပ်ရပ်မျိုးသည် အမှောင်နယ်မြေ၏ တော်ဝင်မိသားစုနှင့် ဧကရာဇ် မိသားစု အကုန်လုံးကို စည်းလုံးညီညွတ်သွားစေရန် လှုံ့ဆော်လိုက်ခြင်းပင် ဖြစ်သည်။

ယခုလက်ရှိ ကြယ်ပြာဂြိုဟ်သည် အမှောင်နယ်မြေ ဧကရာဇ် မိသားစုတစ်ခုအနက်မှ တစ်ခုနှင့်ပင် ကျဥ်းထဲကြပ်ထဲရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုခေတ်က လူသားဧကရာဇ်ကမူ အမှောင်နယ်မြေမှ ရှိသမျှ အင်အားစုတိုင်းနှင့် ရင်ဆိုင်ခဲ့လေသည်။

ပို၍ အရေးကြီးသော အရာမှာ ကြယ်ပြာဂြိုဟ်မှ ပညာရှင်များက အမှောင်နယ်မြေသို့ ရောက်ရှိသွားသည့် အချိန်တွင်၊ နယ်မြေဖိနှိပ်မှုကို မလွဲမသွေ ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။

ရှုကျိုး၏ စိတ်နှလုံးသား ပိုမိုလေးလံလာခဲ့ပြီး၊ လူသားဧကရာဇ်၏ ကံကြမ္မာကို စတင်၍ တွက်ချက်မှန်းဆနေတော့သည်။

အမှောင်နယ်မြေ၏ ဘိုးဘေးကိစ္စက ရှင်း၊ မရှင်းဆိုသည်မှာ မသေချာသေးပေ။

လူသားဧကရာဇ်သည် သူ၏ အမူအရာကို သတိပြုမိသွားကာ၊ အေးအေးလူလူ စကားပြောလာခဲ့သည် “ ငါ့ကို စိတ်မပူပါနဲ့။ ဒီနေ့မင်းရောက်လာတာက အကြောင်းပြချက်တစ်ခုပဲ၊ ငါက အရေးပေါ် အစီအစဥ်တွေ အများကြီး ပြင်ဆင်ထားလောက်တယ် “

“ ဒီနေ့ မင်းရောက်လာတာက ငါ့ရဲ့ အောင်မြင်မှုကို ညွှန်ပြနေတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင်၊ အနာဂတ်က နှစ်ပေါင်းတစ်သိန်းသုံးသောင်းအထိ ငြိမ်းချမ်းနေခဲ့မှာ မဟုတ်ဘူး “

ထို့နောက်တွင် သူသည် ပြုံးပြလာခဲ့သည် “ နှစ်ပေါင်းတစ်သိန်းသုံးသောင်းအထိ ကြာခဲ့ပြီးတဲ့နောက်မှာတော့၊ မူလနယ်မြေက တော်တော်ကြီးကို ကြီးပွားတိုးတက်နေသင့်ပြီလေ “

ရှုကျိုး တိတ်ဆိတ်သွားခဲ့သည်။

လူသားဧကရာဇ်သည် ၎င်းကို မြင်တွေ့သွားကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည် “ ငါပြောတာ မှားသွားတာလား “

“ မဟုတ်ဘူး၊ ဆရာ၊ မင်းပြောတာ မှန်ပါတယ် “ ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အခုလက်ရှိ မူလနယ်မြေက တော်တော်ကြီးကို စည်ပင်ဝပြောနေပါတယ် “

“ ဟားဟား၊ အဲ့လိုပဲ ဖြစ်နေရမှာပေါ့ “

လူသားဧကရာဇ်သည် အလွန်တရာ စိတ်ကျေနပ်သွားခဲ့သည် “ တကယ်လို့ ငါ့ရဲ့ ကြိုးစားအားထုတ်မှု တစ်ဝက်ပဲ အောင်မြင်မယ်ဆိုရင်တောင်မှ၊ နောင်လာနောင်သားတွေက အမှောင်နယ်မြေရဲ့ ကျန်ခဲ့တဲ့ အရှုပ်အထွေးတွေကို ကောင်းကောင်းကြီး ဖြေရှင်းနိုင်မှာပဲ “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ ထပ်မပြောတော့ပေ။

ထိုအကြောင်းကို ဆက်ပြောနေခြင်းသည် ကြောင်းကျိုးဆက်စပ်မှုများကို ပိုမိုဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး၊ အနာဂတ်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည့် အချိန်မုန်တိုင်းတစ်ခုကိုပင် ဖြစ်ပေါ်သွားစေနိုင်သည်။

ရှုကျိုးသည် နောင်တစ်ချိန်တွင် ဤအချိန်ကာလအတိုင်း ခြေရာခံကာ လူသားဧကရာဇ်၏ သမိုင်းကြောင်းကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

သူသည် လူသားဧကရာဇ်ကဲ့သို့သော တည်ရှိမှုမျိုးက တိတ်တဆိတ် ကျဆုံးသွားသင့်သည်ဟု မယုံကြည်ပေ။

နောင်လာနောင်သားတို့၏ ရှာဖွေတွေ့ရှိခြင်းကို စောင့်ဆိုင်းနေသည့် အရေးပေါ် အစီအစဥ်တစ်ချို့ ကျန်ရှိနေနိုင်သေးသည်။

သို့သော် ၎င်းကို သူတွေးတောစဥ်းစားနေစဥ်အချိန်တွင်

လူသားဧကရာဇ်သည် သူ၏အတွေးများကို သတိပြုမိသွားပုံရကာ၊ အေးအေးလူလူ ပြောဆိုလာခဲ့သည် “ ငါ့ရဲ့ သမိုင်းကြောင်းကို လိုက်မကြည့်နဲ့၊ အမှောင်နယ်မြေရဲ့ အစွမ်းထက် ပညာရှင်တွေက သတိပြုမိသွားနိုင်တယ်၊ အဲ့လို အခြေအနေမျိုးက တော်တော်ကြီးကို အန္တရာယ်များတယ် “

ရှုကျိုးသည် အံ့ဩတကြီးဖြစ်သွားခဲ့ကာ၊ ယခင်က သူ၏အတွေးများကို စွန့်လွှတ်လိုက်သည်။

ထို့နောက်တွင် လူသားဧကရာဇ်မှ စကားဆက်ပြောလာခဲ့သည် “ မင်းပြန်သင့်နေပြီ။ ငါက အမှောင်နယ်မြေမှာ အရေးပေါ် အစီအစဥ်တွေ ချန်ထားခဲ့မယ်၊ အန္တိမ နယ်ပယ်ကို ရောက်တဲ့အချိန်မှ ပြန်ဝင်လာခဲ့၊ အဲ့တာဆိုရင် မင်းနားလည်သွားလိမ့်မယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် ထွက်မသွားခင် အချိန်တွင် သူသည် အလောတကြီး မေးမြန်းလာခဲ့သည် “ ဆရာ၊ အန္တိမနယ်ပယ်ဆီ မြန်မြန်သွားနိုင်မဲ့ နည်းလမ်းတစ်ခုခုများရှိလား “

“ အန္တိမနယ်ပယ်ဆီ မြန်မြန်ဆန်ဆန် အဆင့်တက်ဖို့လား “

လူသားဧကရာဇ်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြန်ပြောလာခဲ့သည် “ အန္တိမနယ်ပယ်ကို ရောက်ဖို့အတွက် မင်းက ကိုယ်ပိုင်တာအိုကို ဖန်တီးရမယ်။ အရေးအကြီးဆုံး အရာကတော့ အခွင့်အလမ်းပဲ၊ အဲ့တာက အခါအခွင့်သင့်မှ ရမှာ လိုက်ရှာနေလို့ မရနိုင်ဘူး။ တကယ်လို့ မင်းက အဆင့်ထိုးဖောက်ဖို့အတွက် စိတ်အားထက်သန်နေမယ်ဆိုရင်၊ မင်းက နိယာမတွေကို ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်ဖို့ ကြိုးစားကြည့်နိုင်တယ်၊ အတွေးအမြင်အသစ်တွေ ရလာနိုင်တယ် “

ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလာခဲ့သည် “ ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်တာလား။ အဲ့တာက အသွင်ပြောင်းသွားတာ မဟုတ်ဘူးလား “

လူသားဧကရာဇ်မှ သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ တစ်ခုက တာအိုနိယာမကို ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်တာ၊ နောက်တစ်ခုက ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်လိုက်တာ၊ လုံးဝမတူဘူး “

“ ကျွန်တော်နားလည်ပြီ၊ ကျေးဇူးတင်ပါတယ်၊ ဆရာ “

ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားအဖြစ် ချက်ချင်း အသွင်ပြန်ပြောင်းလိုက်သည်။

သူ၏နိယာမ နတ်စွမ်းအား ကုန်ဆုံးသွားတော့မည် ဖြစ်သောကြောင့်၊ ပြန်ရတော့မည် ဖြစ်သည်။

ခွဲခွာချိန်၌ ရွှေရောင်မီးလျှံမှာ အလွန်တွန့်ဆိုင်းနေခဲ့ပြီး၊ လူသားဧကရာဇ်ကို ကြည့်ကာ မေးမြန်းလိုက်သည် “ ဆရာ၊ ကျွန်မတို့ ထပ်တွေ့ရဦးမှာလား “

လူသားဧကရာဇ်မှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ တွေ့မှာပေါ့၊ အခုအချိန်ကနေစပြီးတော့ သူ့ကို မင်းရဲ့ဆရာအသစ်အဖြစ် သတ်မှတ်လိုက် “

ရွှေရောင်မီးလျှံသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်အတွင်းသို့ ပြန်ဝင်သွားတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်နှင့် အောင်းချန်တို့ကို ကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် ထွက်ခွာသွားတော့သည်။

ဘုမ်းး

အချိန်မြစ်သည် လျင်မြန်စွာ နောက်ပြန်စီးဆင်းသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ကာလပေါင်းများစွာကို ကျော်ဖြတ်သွားခဲ့သည်။

ကောင်းကင်ခုံရုံး

လူသားဧကရာဇ်သည် အောင်းချန်ကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ မင်းမထွက်သွားခင် အချိန်မှာ မူလနယ်မြေမှာ မျိုးစေ့တွေ ပိုချန်ထားခဲ့ဦး “

အောင်းချန်မှာလည်း သူ့ကို ပြန်ကြည့်လာခဲ့ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ကြည့်ရတာတော့ အနာဂတ်က အခြေအနေက သိပ်မကောင်းဘူးထင်တယ် “

သူတို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် အတွေးတစ်ခုတည်းဖြင့် အရာအားလုံးကို နားလည်ရန် ဖြစ်နိုင်ပေသည်။

ရှုကျိုးက ကောင်းစွာဖုံးကွယ်ထားခဲ့သော်လည်း၊ သူတို့သည် သူ၏အတွေးများကို ထွင်းဖောက်မြင်နေနိုင်ခဲ့သည်။

“ လာမဲ့နှစ်တွေအတွင်းမှာ အန္တိမနယ်ပယ်က ပညာရှင်အသစ်တစ်ယောက် မပေါ်လာတာများလား “

အောင်းချန်မျက်မှောင်ကြုတ်သွားခဲ့သည်။

အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက အမှောင်နယ်မြေကို ယှဥ်နိုင်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ထိုအချိန်၌ အောင်းချန်သည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ မင်းရဲ့ ဒီဆုံးဖြတ်ချက်က နောင်လာနောင်သားတွေကို မထိခိုက်သွားစေဘူးလား “

“ နောင်အနာဂတ်မှာ အန္တိမအဆင့် ပညာရှင် မပေါ်လာဘူးဆိုရင်တော့၊ အခု မင်းချန်ခဲ့တဲ့ မျိုးစေ့တွေကနေ၊ အနည်းဆုံး တစ်ယောက်လောက် မွေးထုတ်ပေးနိုင်တယ်၊ အဲ့တာက ကိစ္စတော်တော်များများကို ပြောင်းလဲသွားစေနိုင်တယ် “

“ တကယ်လို့ အဲ့လိုဖြစ်လာမယ်ဆိုရင် အချိန်မုန်တိုင်း ဖြစ်လာပြီးတော့၊ အဲ့နောက်မှာ ဖြစ်ပေါ်လာမဲ့ ဖြစ်ရပ်တွေကလည်း တော်တော်ကြီးကို မှန်းဆရခက်နေလိမ့်မယ် “

လူသားဧကရာဇ်သည် သူ့ကို ကြည့်ကာ ပြန်ပြောလာခဲ့သည် “ တကယ်လို့ အဲ့ဒီဆုံးဖြတ်ချက်က သတ်မှတ်ထားပြီးသား ဖြစ်နေတယ်ဆိုရင်‌ရော။ ရှုကျိုးရောက်လာတာက အကြောင်း၊ ငါ့ရဲ့ ဆုံးဖြတ်ချက်က အကျိုးပဲ၊ ကြောင်းကျိုးဆက်စပ်မှုက အမြဲ ရှိနေတယ် “

အောင်းချန်မှ ငြင်းခုန်လာခဲ့သည် “ အဲ့ဒီကြောင်းကျိုးဆက်စပ်မှုက သတ်မှတ်ထားခဲ့ပြီးပြီလို့ မင်းဘယ်လိုသိတာလဲ။ သူရောက်လာတာက အရာအားလုံးကို ပြောင်းလဲဖို့လည်း ဖြစ်နိုင်တာပဲ “

လူသားဧကရာဇ်သည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် “ အစတုန်းကတော့ ငါက အမှောင်နယ်မြေကို သွားတိုက်မဲ့ စစ်ပွဲမှာ မီးတာအိုကို ယူသွားဖို့ ဆုံးဖြတ်ထားခဲ့တာ၊ ဒါပင်မဲ့ ငါ့ရဲ့ အမွေဆက်ခံသူ ရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ အဲ့တာကို မူလနယ်မြေမှာ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီကြောင်းကျိုးဆက်စပ်မှုက တကယ်ရှိတာပေါ့ကွ “

ထို့နောက်၌ သူ၏လက်ထဲတွင် မီးတောက်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ရှုကျိုး၏ စိတ်ထဲတွင် ရှိနေသည့် ရွှေရောင်မီးလျှံပင် ဖြစ်သည်။

သို့သော် ယခုလက်ရှိ ရွှေရောင်မီးလျှံမှာ အလွန်သေးငယ်နေကာ လူသားဧကရာဇ်၏ လက်ထဲတွင် တလက်လက်တောက်ပနေခဲ့သည်။

ထို့အပြင် သူမ၏ ကံတရားကိုလည်း ကြယ်တာရာ T-Rex နတ်ဘုရား၏ ဤယာယီခရီးစဥ်က ပြန်လည်ပြင်ဆင် ‌ရေးသားလိမ့်မည် ဖြစ်သည်။

သို့ရာတွင် အောင်းချန်သည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ ဆက်လက်၍ ငြင်းခုန်လာခဲ့သည် “ အဲ့တာက ကြိုတင်သတ်မှတ်ထားပြီးသား အနာဂတ်လေ၊ အဲ့တာက ဖြစ်ပျက်ခဲ့ပြီးပြီဆိုတော့ ကြောင်းကျိုးဆက်စပ်မှုလို့ ယူဆလို့ မရဘူး “

အဆုံး၌ သူတို့၏ စကားနိုင်လုပွဲသည် လူသားဧကရာဇ်ကို မပြတ်မသား ဖြစ်သွားစေခဲ့သည်။

ငါက မူလနယ်မြေမှာ မျိုးစေ့တွေ ချန်ထားခဲ့ရမှာလား၊ မချန်ထားခဲ့ရဘူးလား

“ တွက်ချက်ကြည့်လိုက်ဦးမယ်ကွာ “

လူသားဧကရာဇ်၏ မျက်လုံးများ တောက်ပသွားကာ၊ သူ၏အရှေ့တွင် အချိန်မြစ် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အချိန်မြစ်ကို ကြည့်၍ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ နှစ်ပေါင်းတစ်သောင်းကျော်ကို ကျော်ဖြတ်သွားခဲ့သည်။

တစ်ခဏ အကြာတွင်

လူသားဧကရာဇ် ပြန်ရောက်လာခဲ့ပြီး၊ သူ၏ အမူအရာမှာလည်း စိတ်ရှုပ်နေသည့်အလား ဖြစ်နေခဲ့သည်။

“ ဘာဖြစ်တာလဲ “ သူ၏ အမူအရာကို မြင်လိုက်ရသောအခါတွင် အောင်းချန်သည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။

လူသားဧကရာဇ်သည် အံ့အားသင့်မှု အရိပ်အငွေ့များ စွန်းထင်းနေသည့် မျက်လုံးများနှင့် သူ့ကို ပြန်ကြည့်လိုက်သည် “ နှစ်ပေါင်းဘီလီယံနဲ့ ချီတွက်ချက်ပြီးတော့ ဖြစ်နိုင်ခြေ အများကြီးကို ရှာခဲ့ပင်မဲ့၊ ဘယ်အနာဂတ်မှာမှ အဲ့ဒီဆက်ခံသူရဲ့ ပုံရိပ်ကို မတွေ့ခဲ့ရဘူး “

“ သူက ဘယ်သူလဲ “

“ တကယ်ပဲ အနာဂတ်ကနေ လာခဲ့တာလား “

All Chapters