← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း ၁၁၃ - စမ်းသပ်ခြင်း ၂

"နှမြောစရာပဲ။"

ချန်လော့သည် သူ၏ အရက်ခွက်ကို ချလိုက်ပြီး သူ၏ မျက်လုံးထဲတွင် နောင်တရိပ် အနည်းငယ် ဖြတ်ပြေးသွား၏။ သူသည် ဟိုဘက်မှ ရန်ပွဲကို အာရုံမစိုက်ဘဲ ချီမိသားစုယွင်ယွင်ကိုသာ အပြည့်အဝ အာရုံစိုက်ထားလေသည်။

မသေမျိုးဆရာသခင် ဝူဝေ သတ်မှတ်ပေးခဲ့သော ဤပစ်မှတ်တွင် ဝိညာဉ်အမြစ်မရှိချေ။

မသေမျိုးဆရာသခင် ဝူဝေ၏ တောင်းဆိုချက်မှာ ဝိညာဉ်အမြစ် ရှိလျှင် ဂိုဏ်းသို့လမ်းညွှန်ခေါ်ဆောင်ခဲ့ပါ၊ ဝိညာဉ်အမြစ် မရှိလျှင်မူ ရေစက်ကုန်ပြီဟု မှတ်ယူလော့ ဟူ၍ ဖြစ်သည်။

ချန်လော့ ဝင်လာကတည်းက ချီမိသားစု ယွင်ယွင်ကို အကဲခတ်နေခဲ့ခြင်းဖြစ်သည်။ သူမတွင် ဝိညာဉ်အမြစ် မရှိပေ။ သူမသည် အတွေ့ရများသော သေမျိုးမျှသာ ဖြစ်သည်။

ဝိညာဉ်အမြစ် ပါရမီဆိုသည်မှာ အလွယ်တကူ မွေးဖွားလာနိုင်သောအရာ မဟုတ်ပေ။ ဓာတ်ကြီးငါးပါးနှင့် ဝိညာဉ်ငါးပါးလုံးပါဝင်သည့် အနိမ့်ဆုံးအဆင့် ဝိညာဉ်အမြစ်ခုနှစ်ခုပင်လျှင် ရှာဖွေရန် ခက်ခဲလှသည်။

ချီမိသားစု၏ ပီလော့ဓားသိုင်းဘိုးဘေးမှာလည်း ထို့အတူပင်။ သူ၏ ဝိညာဉ်အမြစ် မရှိသောကြောင့် မသေမျိုးဆရာသခင် ဝူဝေ က ပီလော့ဓားသိုင်းကို တီထွင်ကာ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် လေးငါးမျိုးဆက်ကြာသည်အထိ သူ၏ အနွယ်အဆက်များထဲတွင် ဝိညာဉ်အမြစ် ရှိသူ တစ်ဦးမျှ ထွက်ပေါ်မလာခဲ့ချေ။

အမှားအယွင်းမရှိစေရန်အတွက် ချန်လော့သည် အနီးသို့ လျှောက်သွားကာ ချီမိသားစု ယွင်ယွင်၏ နဖူးကို ထိကိုင်လိုက်၏။

ဝိညာဉ်ချီများသည် သူ၏ လက်ဖဝါးမှတစ်ဆင့် စိမ့်ဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်း တစ်ပတ် လှည့်ပတ်သွားလေ၏။

ရလဒ်မှာ အတူတူပင်။ အမှန်တကယ်ပင် ဝိညာဉ်အမြစ် မရှိချေ။

ရေစက် ကုန်ဆုံးသွားပြီ ဖြစ်သည်။

"မသေမျိုးဆရာကြီး" ချီမိသားစု ယွင်ယွင်မှာ ဇဝေဇဝါ ဖြစ်သွား၏။

ဒဏ်ရာရသွားသည်မှာ သူမ၏ အဘိုးဖြစ်သော်လည်း မသေမျိုးဆရာကြီးက သူမထံသို့ ဘာကြောင့်လာသနည်းဆိုသည်ကို သူမ နားမလည်နိုင်ချေ။

ချီပေါ်ယွင်သည် မှိုင်တွေသော မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်၏။ မြစ်ပေါင်းစုံနဂါးသုံးဦးကိုပင် အာရုံခံနိုင်သော ထိပ်တန်းဆရာသခင်တစ်ဦးအနေဖြင့် ထိုလူမိုက်နှစ်ဦး၏ ရန်ကို သူ အမှန်တကယ်ခံရမည် မဟုတ်ပေ။

သူ၏ နှလုံးသားကို အေးစက်သွားစေသည်မှာ မသေမျိုးဆရာကြီး ချန်လော့ပင် ဖြစ်သည်။

ဤဘုန်းကံကြီးမားပုံရသော မသေမျိုးသည် လမ်းဘေးမတရားမှုကို တွေ့လျှင် ဝင်ရောက်ကူညီခြင်း မျိုးပြုလုပ်မည် မဟုတ်ဘဲ တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ချေ။

လွန်ခဲ့သောတစ်စက္ကန့်က သူနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ တစ်ပါး၏ရန်ပြုခြင်းခံနေရသည်ကို လျစ်လျူရှုနိုင်လေ၏။

ထိုအေးစက်သော မျက်နှာအမူအရာက သူ၏ ဘိုးဘေးများ မှတ်တမ်းတင်ထားခဲ့သော စကားများကို သတိရစေသည်။

‘မသေမျိုးများသည် တိမ်တိုက်ထက်တွင် နေထိုင်ကာ သတ္တဝါအပေါင်းကိုငုံ့ကြည့်တတ်ကြသည်။ သူတို့၏ ရံဖန်ရံခါကြင်နာမှုကို သာမန်လူတို့၏ ကြင်နာမှုနှင့် မည်သည့်အခါမျှ မမှားပါစေနှင့်။’

စိတ်နေစိတ်ထား။

ဤအေးစက်သော စိတ်နေစိတ်ထားမှာ ကျင့်ကြံသူ အားလုံး၏ တူညီသော လက္ခဏာပင်။ အစောပိုင်းက ကြင်နာမှုမှာ နှုတ်အရ ဖော်ပြချက်မျှသာ ဖြစ်သည်။

မြစ်ပေါင်းစုံနဂါးသုံးဦးကို သတ်ခဲ့ခြင်းမှာလည်း ထိုညီအစ်ကိုများက သူလုပ်မည့် အလုပ်ကို အဟန့်အတား ဖြစ်စေခဲ့သောကြောင့် ဖြစ်တန်ရာ၏။

အရာအားလုံးကို နားလည်သွားသောအခါ ချီပေါ်ယွင်သည် သူ၏ မြေးမလေးကို ကြည့်လိုက်ပြီး လွန်ခဲ့သောအကြိမ်က မြစ်ပေါင်းစုံနဂါးများကို ကိုင်တွယ်စဉ် ချန်လော့ ပြောခဲ့သည်များကို ပြန်လည်အမှတ်ရကာ ချက်ချင်းပင် သဘောပေါက်သွားလေသည်။

‘မသေမျိုးရဲ့ပစ်မှတ်က သူ မဟုတ်ဘူး၊ သူ့မြေးမလေးပဲ။’

အကြောင်းရင်းကို နားမလည်သော်လည်း သူသည် အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။

အခွင့်အလမ်းရောက်လာပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း ရလဒ်မှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဤအခွင့်အလမ်း၏ ပစ်မှတ်မှာ သူ၏ မြေးမလေး ဖြစ်နေသော်လည်း သူ စိတ်မကောင်း ဖြစ်နေရဆဲပင်။

ချီပေါ်ယွင်သည် ဘာမှမရှိသော ဘဝမှ တစ်ကိုယ်တည်းဓားတစ်လက်ဖြင့် ရုန်းကန်ကာ ဘိုးဘေးတို့ ဆုံးရှုံးခဲ့သမျှကို ပြန်လည် သိမ်းပိုက်ခဲ့သူဖြစ်သည်။

သူသည် မူလက အသက်ကြီးမှ မသေမျိုးနှင့် ဆုံစည်းပြီး မသေမျိုးလမ်းစဉ်သို့ လမ်းညွှန်မှု ခံယူကာ ပျံသန်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုအိပ်မက်မှာ မစတင်မီမှာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ငါတို့ မင်းကို ဘာလို့ ကန်လိုက်တာလဲ သိလား ဘာလို့လဲဆိုတော့ မင်းက လမ်းပိတ်နေလို့ပဲ"

လူသန်ကြီးမှာ တစ်ချက်ကန်လိုက်ရသဖြင့် ကျေနပ်သွားကာ အဘိုးကြီးကို နောက်တစ်ကြိမ် ပညာပေးရန်ပြုံးဖြီးဖြီးဖြင့် လျှောက်လာလေသည်။

"သေချင်နေတာပဲ"

ချီပေါ်ယွင်၏ မျက်နှာတွင် နှင်းခဲများကဲ့သို့ အေးစက်မှုများ ပေါ်လာ၏။

သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် ကောင်တာအနောက်မှ အေးစက်သော ဓားတစ်လက်လွင့်ထွက်လာခဲ့သည်။

အေးစက်သော ဓားရောင်စဉ် တစ်ချက်ကို မြင်လိုက်ရ၏။

လွန်ခဲ့သော တစ်စက္ကန့်က ယုတ်မာစွာ ပြုံးနေသော လူသန်ကြီးမှာ နောက်တစ်စက္ကန့်တွင်မူ သူ၏ လည်ပင်းကိုအုပ်ကိုင်ထားပြီး သွေးများမှာ ထိန်းမနိုင်သိမ်းမရ ပန်းထွက်နေလေတော့သည်။

ပီလော့ဓားသိုင်း

သူလည်း ဤအရာကို သင်ယူထားခဲ့၏။

ထိုလူကို သတ်ပြီးနောက် ချီပေါ်ယွင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားကာ အခြားလူသန်ကြီး၏အနောက်သို့ ရောက်ရှိသွားသည်။

အေးစက်သော ဓားရှည်မှာ သူ၏ ကျောဘက်မှနေ၍ နှလုံးကို တိုက်ရိုက် ဖောက်ထွင်းသွားလေသည်။

တစ်ချက်တည်းဖြင့် အသေသတ်လိုက်ခြင်းပင်။

ထိုလူကို သတ်ပြီးနောက် ချီပေါ်ယွင်သည် သူ၏ ဓားရှည်ကို ပြန်ရုပ်သိမ်းလိုက်ကာ အဝတ်စတစ်ခုကိုထုတ်၍ ဓားပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် ချန်လော့အား စကားပြောရန် လှည့်လိုက်၏။

"မသေမျိုးဆရာကြီးကို ဒီလို မြင်ကွင်းမျိုး ပြသမိတဲ့အတွက် တောင်းပန်ပါတယ်။"

ဓားကို သိမ်းလိုက်ပြီးနောက် ချီပေါ်ယွင်သည် အပြင်သို့ ပြန်ထွက်လာခဲ့၏။ သူ၏ မျက်နှာမှာ ယခင်အတိုင်း ရိုသေကိုင်းရှိုင်းသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်။

"ကိစ္စမရှိပါဘူး။"

ချန်လော့၏ လက်မှာ ချီမိသားစု ယွင်ယွင်၏ နဖူးပေါ်မှ ပြန်လည်ခွာလိုက်ပြီး ပြုံး၍ ပြန်ဖြေလိုက်သည်။

အစပိုင်းကအတိုင်းပင်။

ချီမိသားစု ယွင်ယွင်တွင် ပါရမီမရှိခြင်းမှာ ချီမိသားစုနှင့် ပတ်သက်သော ကိစ္စများပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရကာ မသေမျိုးဆရာသခင် ဝူဝေ၏ တာဝန်မှာလည်း ပြီးပြည့်စုံစွာ ပြီးဆုံးသွားပြီဟု ယူဆနိုင်သည်။

ခဏမျှစဉ်းစားပြီးနောက် သူသည် အနီးရှိ ကောင်တာသို့ လျှောက်သွားကာ လက်ကို ဝေ့ယမ်းလိုက်ရာ ဗလာစာရွက်တစ်ရွက် ထွက်ပေါ်လာ၏။

အဆောင်ဆွဲရာတွင် အသုံးပြုသော စုတ်တံကို ထုတ်ယူကာ လက်သီးပညာရပ် တစ်ခုကို ရေးသားလိုက်သည်။

ကျားနက်လက်သီး

ဤအရာမှာ သူ၏ အခြေခံ သိုင်းပညာဖြစ်သည်။ ယခု သူရေးသားလိုက်သော လက်သီးပညာရပ်မှာ ဝိညာဉ်ချီဖြင့် အဆင့်မြှင့်တင်ထားသော ဗားရှင်းအသစ်ဖြစ်ပြီး မသေမျိုးဆရာသခင် ဝူဝေက ချီမိသားစု ဘိုးဘေးထံ ပေးအပ်ခဲ့သော ပီလော့ဓားသိုင်းကဲ့သို့ပင် ဖြစ်သည်။

နှစ်ခုစလုံးမှာ ကျင့်ကြံသူတစ်ဦး၏ ရှုထောင့်မှ ပြုစုထားခြင်းဖြစ်သည်။

"ဒီလက်သီးပညာရပ်ကို မင်းကို ပေးပါတယ်။ သေသေချာချာ ကျင့်ကြံပါလို့ မျှော်လင့်တယ်။"

ရေးသားပြီးနောက် ချန်လော့သည် ၎င်းကို ကောက်ယူကာ ချီမိသားစု ယွင်ယွင်ထံသို့ ကမ်းပေးလိုက်၏။ မထွက်ခွာမီတွင် သူသည် ဝိညာဉ်ချီကို အထူးအသုံးပြုကာ ချီမိသားစုယွင်ယွင်၏ သွေးကြောများကို အဆင့်မြှင့်ပေးခဲ့ရာ သူမအနေဖြင့် အနာဂတ်တွင် သိုင်းပညာကျင့်ကြံရန် ပိုမိုလွယ်ကူသွားစေမည် ဖြစ်သည်။

ဤအရာများ ပြုလုပ်ပြီးနောက် ချန်လော့သည် မဆိုင်းမတွဘဲလှည့်ကာ စားသောက်ဆိုင် အပြင်သို့ ထွက်ခွာသွားလေ၏။

"မသေမျိုးဆရာကြီး၊ ခဏလောက် စောင့်ပါဦး။"

ဤသည်ကို မြင်သောအခါ ချီပေါ်ယွင်သည် ခြေလှမ်းနှစ်လှမ်းခန့် အမြန်တက်လာခဲ့သော်လည်း ချန်လော့မှာ သူ့ကို ထပ်မံ အာရုံမစိုက်တော့ဘဲ လမ်းမကြီးပေါ်တွင် ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

သူသည် လေကဲ့သို့ လာပြီး လေကဲ့သို့ ပြန်သွားခဲ့၏။

ရေစက်ရှိလျှင် မသေမျိုး လာရောက်တတ်ပြီး ရေစက်ကုန်လျှင်မူ အရိပ်အယောင်ပင် မကျန်ခဲ့ချေ။

ဤကမ္ဘာကြီးမှာ အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။

"ငါ တကယ်ပဲ မသေမျိုးကျင့်စဉ်ကို မကျင့်နိုင်တော့ဘူးလား..." ချီပေါ်ယွင်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။

"မသေမျိုးဆရာကြီး"

ချီမိသားစု ယွင်ယွင်သည် ချန်လော့ ပေးခဲ့သော ကျားနက်လက်သီးကို ကိုင်ကာ တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ၏။

ချန်လော့ ခုနက ဘာလုပ်သွားသည်ကို သူမ မသိသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းတွင် နွေးထွေးမှုကို ခံစားနေရပြီး အင်အားများ အဆုံးမရှိ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ချန်လော့သည် လမ်းမကြီးပေါ်တွင် တစ်ယောက်တည်း လျှောက်လှမ်းနေခဲ့၏။

သူသည် ချီမိသားစု အဘိုးနှင့် မြေးမလေးအတွက် ရက်အနည်းငယ်အချိန်ပေးခဲ့သော်လည်း ၎င်းမှာ သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ဘဲ သူ၏ ကျင့်ကြံခြင်းမှာလည်း နောက်ကျကျန်ရစ်ခြင်း မရှိပေ။

သူသည် ဤနေရာသို့ ခိုလှုံရန် လာခဲ့ခြင်းဖြစ်ပြီး သူ့တွင် အများဆုံးမှာ အချိန်ပင် ဖြစ်သည်။

အမှန်တကယ် ဂရုစိုက်ရမည့်အရာမှာ ကျင့်ကြံခြင်းလောက၏ ပြောင်းလဲမှုများ ဖြစ်သည်။

လေလွင့်ကျင့်ကြံသူများ မဟာမိတ်၏ လုပ်ဆောင်ချက်များကြောင့် သူသည် ခရမ်းရွှေနွယ်ပင်ကို ဝယ်ယူ၍ မရတော့ပေ။ မကြာသေးမီက သူ၏ ခရမ်းရွှေနွယ်ပင် လက်ကျန်မှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်ရာ အခြားနည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်သည်။

သို့မဟုတ်ပါက သူ၏ ကျင့်ကြံခြင်း အရှိန်မှာလည်း နှေးကွေးသွားလိမ့်မည် ဖြစ်သည်။

လမ်းလျှောက်နေစဉ် ချန်လော့သည် ရုတ်တရက် ရပ်တန့်လိုက်၏။

လမ်းမကြီး၏ အဆုံးတွင် လူတစ်ဦး ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်ရုံကို အပြည့်အဝ ခြုံထားသော ထူးဆန်းသည့်လူတစ်ဦး ဖြစ်ပြီး အသက်အငွေ့အသက် လုံးဝ မရှိဘဲ အလောင်းတစ်လောင်းကဲ့သို့ ရပ်နေလေသည်။

"ယန်ရှီဂိုဏ်းက အလောင်းရုပ်သေး လား"

ချန်လော့သည် ဤအရာ၏ အရင်းအမြစ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

"နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းရဲ့ ကင်းလှည့်တပည့်တစ်ယောက်ဖြစ်တဲ့အတိုင်းပဲ၊ မင်းရဲ့ တုံ့ပြန်မှုက လောကကြီးကို မမြင်ဖူးသေးတဲ့ တပည့်တွေထက် အများကြီး ပိုအားကောင်းတာပဲ။"

တံခါးတစ်ခု ပွင့်လာပြီး မီးခိုးရောင် ဝတ်ရုံဝတ် လူရွယ်တစ်ဦး အထဲမှ ထွက်လာ၏။

ချန်လော့သည် ရုတ်တရက် ပေါ်လာသော ဤရန်သူကို ကြည့်ကာဘာမှမပြောခဲ့ချေ။

ကင်းလှည့်တပည့်။ အဲဒါက ဘာလဲ။

"နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းက ဒီအခြေအနေထိ ရောက်နေတာတောင် မင်းတို့က ဒီက အရင်းအမြစ်တွေကို လက်မလွှတ်နိုင်သေးဘူးပဲ။ ပိုက်ဆံကို အလွန်အမင်းစွဲလမ်းတဲ့ ဂိုဏ်းဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်။"

ချန်လော့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ မျက်နှာချင်းဆိုင်မှ မီးခိုးရောင်ဝတ်လူမှာ သူသည် တိတ်တဆိတ်သဘောတူလိုက်သည်ဟု ယူဆကာ ဆက်လက် ပြောဆိုလေသည်။

ယခုတစ်ခေါက် သူလာရခြင်း၏ ရည်ရွယ်ချက်မှာ ချန်လော့ကို စမ်းသပ်ရန်ဖြစ်သည်။

သူ၏ အမှန်တကယ် ရည်ရွယ်ချက်ကို ရှာဖွေရန်နှင့် ၎င်းမှာ မဟာမိတ်အဖွဲ့၏ အစီအစဉ်များကို မထိခိုက်စေရန် သေချာစေရန် ဖြစ်သည်။

"သူ့ကို သတ်လိုက်။"

စကားပြောနေစဉ်မှာပင် မီးခိုးရောင်ဝတ် လူသည် အဆောင်သုံးခုကို ထုတ်ယူကာ ချန်လော့ထံသို့ ပစ်ပေါက်လိုက်၏။

ဝူး

ဝိညာဉ်အဆောင်များသည် ပျံသန်းနေစဉ်မှာပင် ချက်ချင်းပေါက်ကွဲသွားပြီး မီးလုံးသုံးလုံးအဖြစ် ပြောင်းလဲကာ ချန်လော့ထံသို့ ပျံသန်းလာလေသည်။

ပေါက်ကွဲခြင်း မီးလျှံအဆောင်

ချန်လော့သည်လည်း ဤကဲ့သို့သော အဆောင်များကိုဆွဲနိုင်ပြီး အတော်များများလည်း ရောင်းချခဲ့ဖူးသည်။

"ဒီလောက်အထိ မိုက်မဲတဲ့ ယန်ရှီဂိုဏ်း တပည့်တွေ ရှိသေးတာလား"

ချန်လော့သည် အနည်းငယ် အံ့အားသင့်သွား၏။

ယန်ရှီဂိုဏ်းဝင်တစ်ဦး ဤမျှ ခေါင်းမာသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင်မှ မီးခိုးရောင်ဝတ် လူတွင်လည်း ပြောမပြနိုင်သော အခက်အခဲများ ရှိနေသည်။ သူသည် အမှန်တကယ် ယန်ရှီဂိုဏ်းမှ မဟုတ်သကဲ့သို့ ဤအလောင်းရုပ်သေးမှာလည်း သူ ကိုယ်တိုင် သန့်စင်ထားခြင်း မဟုတ်ပေ။

အလောင်းရုပ်သေးကို ထိန်းချုပ်ခြင်းမှာ သူ၏ လက်ထဲရှိ ဝိညာဉ်အဆောင်များကိုသာ လုံးဝ အားကိုးနေရခြင်းဖြစ်ပြီး ၎င်းတို့ကို သူ၏ မဟာမိတ်ဖြစ်သူ မသေမျိုး တစ္ဆေအိုကြီးက ပေးထားခြင်း ဖြစ်သည်။

ချန်လော့သည် သူ့ထံသို့ ပြေးဝင်လာသော လူနှင့် အလောင်းကို ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ လှိုင်းထနေလေ၏။ မမြင်ရသော လှိုင်းတစ်ခု ပြန့်နှံ့သွားခဲ့သည်။

နတ်ဝိညာဉ်နည်းစနစ်

ပြေးဝင်လာသော မီးခိုးရောင်ဝတ် လူသည် ရုတ်တရက်လမ်းကြောင်းလွဲသွားပြီး စိတ်လွတ်သွားသကဲ့သို့ အနီးရှိ ကျောက်တိုင်တစ်ခုနှင့် ခေါင်းချင်းတိုက်မိလေသည်။

သူသည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်သွားပြီး နှာခေါင်းမှ သွေးများကို သုတ်ကာ ကျောက်တိုင်ကို စကားပြောလိုက်၏။

"နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းရဲ့ ကင်းလှည့်တပည့်ဆိုတဲ့အတိုင်းပဲ၊ ဒါပေမဲ့ ငါကလည်း အဲဒီလောက်အကိုင်ရလွယ်တဲ့ လူမျိုး မဟုတ်ဘူး။"

သူ ယူလာသော အလောင်းရုပ်သေးမှာမူ မည်သည့် သက်ရောက်မှုမျှမရှိဘဲ ချန်လော့ထံသို့ ဆက်လက် ပြေးဝင်လာခဲ့သည်။ သို့သော် ဤအဆင့်နိမ့် အလောင်းရုပ်သေးကို သူ အလွယ်တကူပင် တားဆီးလိုက်နိုင်၏။

"ငတုံး၊ မင်း ဘာလုပ်နေတာလဲ၊သစ်ပင်ကို ကိုက်နေလို့ ဘာထူးမှာလဲ ဟိုလူကို သွားကိုက်လေ"

မီးခိုးရောင်ဝတ်လူ၏ မျက်လုံးထဲတွင် သူ ယူလာသောအလောင်းရုပ်သေးမှာ သစ်ပင်တစ်ပင်ကို စိတ်ကြွဆေးအထိုးခံထားရသကဲ့သို့ အပြင်းအထန် ဝါးစားနေလေသည်။ ၎င်းက သူ့အား ယန်ရှီဂိုဏ်းမှ မသေမျိုး တစ္ဆေအိုကြီးကို အကြိမ်ကြိမ် ကျိန်ဆဲမိစေသည်။

‘ဒါ မင်း သန့်စင်ထားတဲ့ ရတနာလား ရန်သူ ဘယ်မှာလဲဆိုတာတောင် သူ မခွဲခြားနိုင်ဘူး။’

အလောင်းရုပ်သေး။

ချန်လော့သည် သူ၏ လက်ထဲတွင် ကိုင်ထားသော ဖုတ်ကောင်ကို ကြည့်လိုက်၏။

သူသည် လွန်ခဲ့သောတာဝန်အတွင်း ယန်ရှီဂိုဏ်းမှ ဖုတ်ကောင်များနှင့် ကြုံတွေ့ခဲ့ဖူးပြီး ထိုသံမဏိဖုတ်ကောင်မှာ သူ့အပေါ် အလွန်နက်ရှိုင်းသော အထင်အမြင် ကျန်ရစ်စေခဲ့သည်။

အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော ဖုတ်ကောင်ကို သူ အမှန်တကယ်ပင် ထိတွေ့ပြီး စမ်းသပ်ကြည့်ချင်မိသည်။

အသက်ရှင်နေသော လူတစ်ဦး၏ ဦးနှောက်ကို သူ မထိတွေ့နိုင်သော်လည်း ဖုတ်ကောင်၏ ဦးနှောက်ကိုမူ ရနိုင်လောက်သည် မဟုတ်ပါလား။

စမ်းသပ်ရန် အခွင့်အလမ်းဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူသည် နတ်ဝိညာဉ်နည်းစနစ်၏ သားကောင်ဖြစ်နေသော မီးခိုးရောင်ဝတ်လူကို လျစ်လျူရှုထားပြီး သူ၏ စွမ်းရည်ကို အသက်သွင်းရန် ကြိုးစားကာ ဖုတ်ကောင်၏ နဖူးပေါ်သို့ သူ၏ လက်ဖဝါးကို ဖိကပ်လိုက်သည်။

‘သေဆုံးနေသော ဦးနှောက်လှိုင်းများနှင့် ထိတွေ့မှု၊ ပျက်စီးမှု ၉၉%။ ဖတ်ရှုလိုပါသလား’

"တကယ် ဖတ်လို့ရတာပဲ"

ချန်လော့၏ စိတ်ဓာတ်မှာ အလွန်တက်ကြွသွားပြီး ကမ္ဘာသစ်တစ်ခုမှာ သူ၏ ရှေ့တွင် ချက်ချင်း ပွင့်သွားလေသည်။

"ဖတ်မယ်။"

အားနည်းသော ဦးနှောက်လှိုင်းတစ်ခုမှာ သူ၏ လက်ဖဝါးမှတစ်ဆင့် စီးဝင်လာ၏။

စွမ်းအင်မှာ အလွန်အားနည်းနေပြီး သာမန် သိုင်းပညာရှင်တစ်ဦးလောက်ပင် မကောင်းချေ။ ချန်လော့ခန့်မှန်းသည်မှာ မသေမျိုးဖြစ်စဉ်အတွင်း မကောင်းဆိုးဝါးချီများ၏ အလွန်အကျွံ တိုက်စားခြင်းကို ခံခဲ့ရသောကြောင့် ဦးနှောက်မှာ တိရစ္ဆာန်တစ်ကောင်၏ ဦးနှောက်ကဲ့သို့ ဖြစ်သွားပြီး ဘာမှ သိပ်မကျန်တော့ခြင်း ဖြစ်နိုင်သည်ဟု ဖြစ်သည်။

"ငါ ပိုက်ဆံရတဲ့အခါ..."

ဤအလောင်းရုပ်သေးတွင် ကျန်ရှိနေသော အတွေးမှာ ပိုမိုရိုးရှင်းပြီး တိုက်ရိုက်ကျလှ၏၊ စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်သည်။

ဘုန်း

အတည်ပြုပြီးနောက် လေချီအမြောက်အမြားမှာ ချန်လော့၏ လက်ဖဝါးမှ ပွင့်ထွက်လာ၏။

လေချီ စီးကြောင်းသုံးဆယ်ကျော်မှာ ပေါက်ကွဲထွက်လာပြီး အလောင်းရုပ်သေး၏ နဖူးကို တိုက်ရိုက် ထိမှန်သွားလေသည်။

ဤချီသန့်စင်ခြင်း အစောပိုင်းအဆင့် အလောင်းရုပ်သေးမှာ ပေါက်ကွဲသွားသော လေထိန်းချုပ်ခြင်း နည်းစနစ်ကြောင့် တစ်စစီ ဖြစ်သွားပြီး ဖြတ်တောက်ခံရသော လက်မောင်းများနှင့် ခြေထောက်များမှာ နေရာအနှံ့ ပျံ့လွင့်သွားလေသည်။

အခြားတစ်ဖက်တွင်မူ သူ၏ တိုက်ပွဲအရှိန်တက်နေသော မီးခိုးရောင်ဝတ်လူမှာ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။

သူသည် သူ၏ ရှေ့မှ ကျောက်တိုင်ကို ကြည့်လိုက်ပြီးနောက် ရှင်းလင်းခံလိုက်ရသော အလောင်းရုပ်သေးကို ကြည့်ကာ သူ၏ ခေါင်းမှာ အုန်းအုန်းမြည်သွားလေ၏။

နတ်ဝိညာဉ်နည်းစနစ်၏ သက်ရောက်မှု ပေါ်လာခြင်းဖြစ်သည်။ ယင်းထဲသို့ နက်ရှိုင်းစွာ ကျဆင်းလေလေ၊ နိုးလာသောအခါ ရရှိသော ဒဏ်ရာမှာ ပိုမိုကြီးမားလေလေ ဖြစ်သည်။

"လေလွင့်ကျင့်ကြံသူများ မဟာမိတ်က လူလား"

ချန်လော့သည် ဇဝေဇဝါ ဖြစ်နေသော မီးခိုးရောင်ဝတ် လူ၏ဘေးသို့ လျှောက်သွားကာ သူ၏ ရင်ဘတ်ထဲသို့ လက်နှိုက်၍ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး တစ်ဖက်လူ၏ မျက်လုံးရှေ့တွင် ဝေ့ယမ်းပြလိုက်၏။

"ဧည့်သည်အကြီးအကဲ တိုကင် မင်းက နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းရဲ့ ကင်းလှည့်တပည့် မဟုတ်ဘူးလား" မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ရင်း မီးခိုးရောင်ဝတ်လူမှာ ချန်လော့၏ လက်ထဲရှိ တိုကင်ပြားကို ကြည့်ကာ ခဏမျှဇဝေဇဝါ ဖြစ်သွားလေသည်။

ဤတိုကင်ပြားကို ကိုင်ဆောင်ထားသူများသည် သူတို့၏ လေလွင့်ကျင့်ကြံသူများ မဟာမိတ်၏ အလေးထားရသော ဧည့်သည်တော်များ ဖြစ်ကြပြီး မဟာမိတ်ဖွဲ့ရန်ပစ်မှတ်ထားရမည့်သူများ ဖြစ်ကြသည်။

"မင်းရဲ့နောက်ကွယ်မှာ ရှိတဲ့လူဆီကို ငါ့ကို ခေါ်သွားပေး။"

ခရမ်းရွှေနွယ်ပင် လက်ကျန် ကုန်သွားကတည်းက ချန်လော့သည် လေလွင့်ကျင့်ကြံသူများ မဟာမိတ်နှင့် ဆက်သွယ်ရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

သူသည် ခေါင်းမာသော သစ္စာရှိသူတစ်ဦးမဟုတ်ပေ။ သူ၏ ရှေ့တွင် မဟာတာအိုရှိနေသရွေ့ အရာအားလုံးကို ညှိနှိုင်းနိုင်သည်။

ထို့အပြင် သူနှင့် လေလွင့်ကျင့်ကြံသူများ မဟာမိတ်အကြားတွင်လည်း မည်သည့် ပဋိပက္ခမျှ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် တစ်ကြိမ်ပင် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသေး၏။

အခန်း ၁၁၄ - ကျုပ် ထိကြည့်ချင်တယ်

သန့်ရှင်းနေသော ကျောက်ပြာလမ်းမထက်တွင် ချန်လော့သည် ဇိမ်ခံရထားလုံးတစ်စီးပေါ်၌ ထိုင်ကာ မျက်စိမှိတ်၍ တရားထိုင်နေလေသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် သူ့အားစမ်းသပ်ခဲ့သော မီးခိုးရောင်ဝတ်စုံနှင့် လူ ထိုင်နေ၏။

သူက ဧည့်သည်အကြီးအကဲတိုကင်ကို ထုတ်ပြပြီး တွေ့ဆုံရန် တောင်းဆိုလိုက်ပြီးနောက် တစ်ဖက်လူက ချက်ချင်းပင် သဘောတူခဲ့သည်။

သူ၏ နောက်ကွယ်ရှိလူကို ဝိညာဉ်အဆောင်တစ်ခုဖြင့် ဆက်သွယ်ပြီးနောက် မကြာမီမှာပင် ရထားလုံးတစ်စီး ရောက်လာခဲ့၏။ ရထားလုံး၏ ကိုယ်ထည်မှာ အလွန် ခမ်းနားထည်ဝါပြီး ရှဲ့နိုင်ငံ၏ တရားဝင် အမှတ်တံဆိပ်ပင် ရိုက်နှိပ်ထားလေသည်။

ဤသည်မှာ တော်ဝင်နန်းတော်၏ အာဏာကို ကိုယ်စားပြုသော တရားဝင် ရထားလုံးတစ်စီး ဖြစ်သည်။

ရထားလုံးပေါ်သို့ တက်ပြီးနောက် ရထားလုံးသည် မူရှန်းမြို့၏ မြောက်ဘက်ကောင်တီထဲသို့ တောက်လျှောက် မောင်းနှင်သွားလေသည်။

ဤနေရာမှာ မူရှန်းမြို့၏ လူကုံထံ ရပ်ကွက်ဖြစ်ပြီး ဟူမိသားစုမှာလည်း ဤနေရာတွင် ရှိသည်။ ချန်လော့အရင်က ဟူမိသားစုထံ လာစဉ်ကတည်းက ဤနေရာကို အထူးတလည် သတိပြုမိခဲ့၏။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရထားလုံးသည် စံအိမ်ကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။

အဖြူရောင်မျက်နှာဖုံး တပ်ဆင်ထားသော အနက်ရောင်ဝတ် လူနှစ်ဦးက အဝင်ဝတွင် စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။

"ဝမ်တောက် စံအိမ်ငယ်၊ နာမည်ကောင်းလေးပဲ။ ခင်ဗျား နောက်ကွယ်ကလူက မြို့ဝန်ကျိုးများလား။"

ချန်လော့သည် ရထားလုံးပေါ်မှ ဆင်းကာ ခြံဝင်းအဝင်ဝရှိ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်၏။ သူသည် ဂိုဏ်းတူအစ်ကို ဟူချိုးသောက်ထံမှ ဤနေရာအကြောင်းကို သီးသန့် မေးမြန်းထားခဲ့ပြီး ဤနေရာမှာ မြို့ဝန်ကျိုးဖြစ်သူ ကျိုးထျန်ယန်၏ နေအိမ်ဖြစ်ကြောင်း သိထားခဲ့သည်။

မီးခိုးရောင်ဝတ်လူသည် နောက်မှ လိုက်ပါလာပြီး သူ၏ မျက်လုံးများမှာ အနည်းငယ် မှိုင်းရီနေသည်။

နတ်ဝိညာဉ်နည်းစနစ်၏ တိုက်ခိုက်မှုမှ သူ ပြန်လည် မသက်သာသေးပေ။

နားထဲတွင် အသံများအူနေပြီး အမြင်အာရုံများကလည်း တစ်ခါတစ်ရံ နှစ်ထပ်ဖြစ်နေလေသည်။ နတ်ဝိညာဉ်နည်းစနစ်၏ ထိခိုက်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မဟုတ်ဘဲ ဝိညာဉ်ကို ထိခိုက်စေခြင်း ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့်တွင် ဤကဲ့သို့သော ထိခိုက်ဒဏ်ရာမျိုးကို တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းဖြင့်သာ ဖြည်းဖြည်းချင်း ကုသနိုင်လေသည်။

မီးခိုးရောင်ဝတ် လူသည် နတ်ဝိညာဉ်နည်းစနစ်၏ တိုက်ခိုက်မှုကို အပြည့်အဝခံထားရသဖြင့် ပြန်လည် သက်သာလာရန် အနည်းဆုံး နှစ်ဝက်ခန့် အချိန်ယူရပေမည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်.. ကျေးဇူးပြုပြီး အထဲကို ကြွပါ။"

မျက်နှာဖုံးတပ် အစေခံနှစ်ဦးက ရိုသေစွာ ပြောလိုက်၏။ ထိုနှစ်ဦးစလုံးထံတွင် ဝိညာဉ်ချီ လှုပ်ရှားမှုမရှိဘဲ သာမန် သိုင်းပညာရှင်များသာ ဖြစ်ကြသည်။ မူရှန်းမြို့တွင် ကျင့်ကြံသူများ သိပ်မများလှဘဲ ချန်လော့ကို စမ်းသပ်ခဲ့သော မီးခိုးရောင်ဝတ်လူမှာ အဖွဲ့အစည်း၏ ထိပ်တန်း သိုင်းပညာရှင်များထဲမှ တစ်ဦး ဖြစ်နေပြီဖြစ်သည်။

မျက်နှာဖုံးတပ် လူနှစ်ဦးသည် ဘေးသို့ ခွဲထွက်သွားကာ ချန်လော့အတွက် ခြံတံခါးကို ဖွင့်ပေးလိုက်၏။

"ဂုဏ်သရေရှိ ဧည့်သည်တော်က ကျုပ်ရဲ့ အိမ်ငယ်လေးကို အလည်လာတာကို စောစောစီးစီး ထွက်မကြိုမိတဲ့အတွက် တောင်းပန်ပါတယ်။"

ပင်မခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တရားဝင်ဝတ်စုံကို ဝတ်ဆင်ထားသော မြို့ဝန်ကျိုးက ပြုံးရွှင်စွာ ထွက်လာသည်ကို ချန်လော့ မြင်လိုက်ရသည်။

ချန်လော့ထံတွင် ဧည့်သည်အကြီးအကဲ တိုကင်ပြား ရှိနေကြောင်း သတင်းကို သူ ရရှိပြီးဖြစ်သည်။

ရန်သူမဟုတ်ကြောင်း အတည်ပြုပြီးနောက် မြို့ဝန်ကျိုး၏ စိတ်အခြေအနေမှာ ချက်ချင်း ပေါ့ပါးသွားပြီးအထူးသဖြင့် ချန်လော့ထံတွင် ဧည်သည်အကြီးအကဲ တိုကင်ပြား ပါရှိနေသောကြောင့် ဖြစ်သည်။

ဆိုလိုသည်မှာ တစ်ဖက်လူသည် သူတို့၏ လေလွင့်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နှင့် အရောင်းအဝယ် ပြုလုပ်ထားပြီး မဟာမိတ်အဖွဲ့က အသိအမှတ်ပြုကာမိတ်ဆွေဖွဲ့ထားသင့်သော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ပြသနေလေသည်။

"မြို့ဝန်ကျိုး။"

ချန်လော့ကလည်း ပြန်လည် ပြုံးပြလိုက်၏။

တံခါးထဲ ဝင်လိုက်သည်နှင့် တစ်ဖက်လူ၏ အရှိန်အဝါကို သူ အာရုံခံမိပြီး ဖြစ်သည်။

ချီသန့်စင်ခြင်း အဋ္ဌမအဆင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး.. သူက မူရှန်းမြို့၏ မြို့ဝန် ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဟူမိသားစုမှ ဟူသခင်ကြီးကို ဖယ်ထားလိုက်လျှင် မြို့ဝန်ကျိုးဖြစ်သူ ကျိုးထျန်ယန်မှာ ဒေသခံများထဲတွင် အစွမ်းအထက်ဆုံးဟု ယူဆနိုင်သည်။

"သီးသန့် တွေ့ဆုံကြတဲ့အချိန်မှာ တရားဝင် ရာထူးတွေ ခေါ်နေတာက အရမ်း သူစိမ်းဆန်လွန်းနေပါတယ်။"

မြို့ဝန်ကျိုး၏ မျက်နှာတွင် နွေဦးရာသီကဲ့သို့ အပြုံးမျိုး ရှိနေပြီး ချန်လော့ကို အတွင်းခန်းမဆောင်ဆီသို့ ဆွဲခေါ်သွားလေ၏။

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျုပ်လည်း မသေမျိုးဂိုဏ်းကို သွားပြီး ကျင့်ကြံခဲ့ဖူးတယ်။ အဲဒီတုန်းက ကျုပ် ရှင်းတိုတောင်ထွတ်ကို ဝင်ပြီး အစီအရင် ပညာရပ်ကိုသုံးနှစ်လောက် သင်ယူခဲ့သေးတယ်။ ဒါပေမဲ့ တောင်ပေါ်က ဆင်းလာတဲ့အချိန်အထိ အစီအရင်တွေကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ ကျုပ် နားမလည်ခဲ့သေးဘူး။ တကယ်ကို ရှက်စရာကောင်းပါတယ်။"

"ဒါဆိုလည်း ဂိုဏ်းတူအစ်ကိုကျိုး ဖြစ်နေတာပေါ့။"

ချန်လော့က ခေါ်ဝေါ်ပုံကို လိုက်လျောညီထွေ ပြောင်းလဲခေါ်ဆိုလိုက်၏။

"ဟားဟား.. ငါတို့အားလုံးက ဂိုဏ်းတစ်ခုတည်းက ဂိုဏ်းတူအစ်ကိုတွေ ညီတွေပါပဲ။ ဒီနေ့ တွေ့ရတာ ရှားပါတယ်၊ ဂိုဏ်းတူညီလေးကို မိတ်ဆွေတချို့နဲ့ မိတ်ဆက်ပေးမယ်။"

ကျိုးထျန်ယန်မှာ ချန်လော့၏ သဘောထားကို အလွန် ကျေနပ်သွားပြီး သူ၏ စကားများမှာလည်း ပို၍ ရင်းနှီးလာလေသည်။

သူတို့နှစ်ဦးသည် စကားပြောရင်း ရယ်မောရင်း အတွင်းခန်းမဆောင်သို့ ဝင်သွားကြ၏။

သူတို့ ဝင်သွားချိန်တွင် သူတို့၏ အခေါ်အဝေါ်များမှာ အစ်ကို နှင့် ညီလေးဟုပင် ပြောင်းလဲနေပြီဖြစ်သည်။

ဤမြင်ကွင်းကြောင့် သူတို့နောက်မှ မီးခိုးရောင်ဝတ် လူမှာ အနည်းငယ်ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူတို့ ယခုမှ စတင် သိကျွမ်းကြမှန်း သူ သိထား၍သာ၊ အကယ်၍ မသိသောသူ တစ်ယောက်ယောက်ကသာ မြင်တွေ့သွားလျှင် သူတို့ကိုကွဲကွာနေသည်မှာ ကြာပြီဖြစ်သော ညီအစ်ကိုများဟုပင် ထင်မှတ်သွားပေလိမ့်မည်။

အခန်းထဲသို့ ဝင်လိုက်သောအခါ လူတစ်စု ရှိနေပြီးဖြစ်ကြောင်း ချန်လော့ သတိပြုမိလိုက်၏။

သူ ရောက်လာချိန်သည် သူတို့၏ ဖလှယ်ရေး အစည်းအဝေးနှင့် တိုက်ဆိုင်နေသည်။

ယင်းမှာ အရင်းအမြစ်များကို အပြန်အလှန် ဖလှယ်ရန် စုစည်းမှုတစ်ခု ဖြစ်သည်။ ဂိုဏ်းများကို ဖယ်ထားလျှင်၊ လေလွင့်ကျင့်ကြံသူများနှင့် သေးငယ်သောကျင့်ကြံခြင်း မိသားစုများသည် အရင်းအမြစ်များ ရရှိရန် ဤကဲ့သို့သော ဖလှယ်ရေး အစည်းအဝေးများကို အားကိုးကြရသည်။

ကျိုးထျန်ယန်နှင့်အတူ ဝင်လာသော ချန်လော့သည် အခန်းတွင်းရှိ လူအတော်များများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားပြီး နှစ်ယောက်မှာမူ သူ့ကို မြင်သောအခါ အံ့ဩမှင်တက်သွားကြသည်။

"ဂိုဏ်းတူညီလေးချန်"

ချန်လော့ လှမ်းကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွား၏။

သူသည်ကား ဂိုဏ်းတူအစ်ကို ဟူချိုးတောက် ဖြစ်နေလေသည်။

ဟူမိသားစု၏ အရင်းအမြစ်များ ရယူရာ လမ်းကြောင်းမှာလည်း ကျိုးထျန်ယန်မှ တစ်ဆင့်ပင် ဖြစ်သည်။ သို့သော် သူတို့၏ လက်ရှိ ဖလှယ်ရေးပုံစံကို ကြည့်ရသည်မှာ ရိုးရှင်းသော အရင်းအမြစ် ဖလှယ်ခြင်းထက် ပိုနေပုံရသည်။

ဂိုဏ်း၏ သတင်းကို သူ ထုတ်ဖော်ပြောကြားပြီးနောက်၊ ဟူသခင်ကြီးသည် အခြေအနေကို ချိန်ဆကာ လေလွင့်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဘက်ရှိ အင်အားစုများနှင့် စတင် ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ခြေများလေသည်။

"ဂိုဏ်းတူအစ်ကိုဟူ။"

ချန်လော့က ပြုံးကာ လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

ဟူချိုးတောက်မှာ အနည်းငယ် ရှက်ရွံ့သွား၏။

ဤကဲ့သို့ ရန်သူနှင့် လျှို့ဝှက် ပူးပေါင်းခြင်းမှာ သိပ်၍ ဂုဏ်ယူစရာ မကောင်းလှဘဲ ယခုတော့ သူ၏ ဂိုဏ်းတူညီလေးကိုယ်တိုင်ပင် မိသွားပြီဖြစ်သည်။ သို့သော် သူ၏ နောက်ကွယ်ရှိ ဟူသခင်ကြီးကမူ အပြုံးဖြင့်သာ တုံ့ပြန်လေသည်။

မျက်နှာပြောင်တိုက်သည့် ကိစ္စတွင်တော့ ဟူချိုးတောက်မှာ အလွန် အတွေ့အကြုံ နုနယ်နေသေးသည်။

ဟူမိသားစုအပြင် အခြား အဖွဲ့သုံးဖွဲ့ ရှိသေး၏။ ၎င်းတို့ထဲမှ နှစ်ဖွဲ့မှာ ဟူမိသားစုကဲ့သို့ ကျင့်ကြံခြင်း မိသားစုများဖြစ်ပြီး အနီးနားရှိ မြို့ငယ်နှစ်မြို့မှ လာခြင်းဖြစ်သည်။ တတိယအဖွဲ့မှာ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော ထူးဆန်းသည့် လူတစ်စု ဖြစ်သည်။

အရှေ့ဆုံးတွင် ထိုင်နေသူမှာ အလောင်းကောင်ကဲ့သို့ ခြောက်ကပ်နေသောမျက်နှာရှိသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိကာ သူ၏ နောက်တွင်တော့ မိစ္ဆာချီများထွက်ပေါ်နေသော အလောင်းကောင် ရုပ်သေးရုပ် သုံးရုပ် ရပ်နေလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့မှာ ဖြောင့်မတ်သောသူများ မဟုတ်မှန်း သိသာလှ၏။

"ညီလေးက ဟူမိသားစုကိုတော့ သိပြီးသားဆိုတော့... အားလုံးက ဂိုဏ်းတူတွေပဲဆိုတော့ ထပ်ပြီး မိတ်ဆက်ပေးနေစရာ မလိုတော့ဘူးပေါ့။"

ကျိုးထျန်ယန်က သူ့ကို ခန်းမထဲသို့ ခေါ်ဆောင်သွားပြီးနောက် တစ်ဦးချင်းစီကို မိတ်ဆက်ပေးလေသည်။

"ဒီနတ်မိမယ်ကတော့ ရှင်းဟူမြို့က ကွမ်မိသားစုရဲ့ ခေါင်းဆောင် ကျင့်ကြံသူ ကွမ်လင်းပါ။ ဒီဆရာကြီးကတော့ ရှန်းရွေ့မြို့က မင်ယွဲ့မိသားစုရဲ့ ခေါင်းဆောင် အရှင် မင်ယွဲ့တုန်းရွှမ် ဖြစ်ပါတယ်။"

ကျိုးထျန်ယန် မိတ်ဆက်ပေးလိုက်သောအခါ လူအတော်များများက ပြုံး၍ တုံ့ပြန်ကြ၏။

ထိုင်ခုံရရှိထားသူများအားလုံးမှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ သိုင်းပညာရှင်များဖြစ်ပြီး၊ ချီသန့်စင်ခြင်း အစောပိုင်းနှင့် အလယ်အလတ်အဆင့်ရှိ မျိုးဆက်သစ်များမှာမူ နောက်တွင် မတ်တပ်ရပ်နေရကြောင်းကိုလည်း ချန်လော့ သတိပြုမိလိုက်သည်။

နောက်ဆုံးသို့ ရောက်သောအခါ ကျိုးထျန်ယန်၏ စကားပြောနှုန်းမှာ အနည်းငယ် မြန်ဆန်သွားသည်။

သူက ယန်ရှီဂိုဏ်း၏ အမည်ကို အတိုချုပ်သာ ပြောပြခဲ့သော်လည်း တိကျသော အမည်ကိုမူ မပြောခဲ့ပေ။

"ဟီး ဟီး။"

တာအိုဆရာ ကန်းရှီက ရယ်မောလိုက်ရာ သူ၏ အသံမှာ မိစ္ဆာခေါင်းဆောင်တစ်ဦးကဲ့သို့ ထွက်ပေါ်လာ၏။ သူက ချန်လော့ကို အလွန် စိတ်ဝင်စားနေသည့်အလား အကဲခတ်ကြည့်နေလေသည်။

"အရမ်း ကောင်းပါတယ်။"

ချန်လော့ကလည်း ပြုံးလိုက်သော်လည်း သူ၏ အကြည့်မှာ တာအိုဆရာ ကန်းရှီ နောက်ရှိ အလောင်းကောင် ရုပ်သေးရုပ် သုံးရုပ်အပေါ်တွင်သာရှိနေပြီး အထူးသဖြင့် အလယ်မှ တစ်ရုပ်ပင် ဖြစ်သည်။ ထိုအရာပေါ်ရှိ မိစ္ဆာချီများကို ဖုံးကွယ်ထား၍ မရတော့ဘဲ သံမဏိအလောင်းကောင်အဆင့်သို့ တက်လှမ်းမည့် အရှိန်အဝါမျိုး သဲ့သဲ့လေး ထွက်ပေါ်နေလေသည်။

"ဒီတာအိုမိတ်ဆွေနားမှာပဲ ကျွန်တော် ထိုင်ပါ့မယ်။ ကျွန်တော်တို့က မြင်မြင်ချင်း ရေစက်ပါလာတာ သိသာပါတယ်။"

ယန်ရှီဂိုဏ်းသားများကို ကျော်ဖြတ်ပြီးနောက် ချန်လော့သည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ဘေးရှိ ခုံလွတ်ကို လက်ညှိုးထိုးပြလိုက်၏။

ထိုလုပ်ရပ်ကြောင့် ကျိုးထျန်ယန်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"လွတ်လွတ်လပ်လပ် နေပါ။ အားလုံးက သီးသန့် ဖလှယ်ဖို့ ရောက်လာကြတာပဲ။ ကြိုက်တဲ့နေရာမှာ ထိုင်ပါ။"

စကားပြောပြီးနောက် ကျိုးထျန်ယန်သည် ပင်မထိုင်ခုံသို့ ပြန်သွားလေသည်။

"ဒါကတော့ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး ချန်လော့ပါ၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိတဲ့ စွမ်းအားကြီးကျင့်ကြံသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ညီလေးချန် ပါဝင်လာတာနဲ့ ကျုပ်တို့ရဲ့ ဖလှယ်ရေး အစည်းအဝေးအတိုင်းအတာက ပိုမို ကျယ်ပြန့်လာပါပြီ။ ဒီနှုန်းအတိုင်းသာ ဆက်လက် တိုးတက်သွားမယ်ဆိုရင် အနာဂတ်မှာ အရင်းအမြစ်တွေ ပိုမိုရရှိနိုင်ပြီး တာအိုမိတ်ဆွေတွေကို ပိုပြီး စုစည်းနိုင်မှာ အသေအချာပါပဲ။"

လူတစ်စုက ထောက်ခံစကားများ ပြောဆိုကာ ကြိုဆိုကြောင်း ပြသကြသည်။

မည်မျှအထိ ရိုးသားမှု ရှိသည်ဆိုသည်ကိုတော့ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။

"ကျုပ်တို့ အများစုက မသေမျိုးဂိုဏ်းကို သွားမှာပါ၊ အခုလို စုစည်းကြတာကလည်း မသေမျိုးဂိုဏ်းကို ထိခိုက်နစ်နာစေမယ့် ဘယ်အရာကိုမှ လုပ်ဖို့ မဟုတ်ပါဘူး။"

"တာအိုမိတ်ဆွေကျိုး ပြောတာ မှန်ပါတယ်။"

မင်ယွဲ့မိသားစုမှ အဘိုးအိုသည် သူ၏ ဆိတ်မုတ်ဆိတ်မွေးကို သပ်ကာ စိတ်လှုပ်ရှားမှု အပြည့်ပါသော မျက်နှာဖြင့် ပြောလိုက်သည်။

"မသေမျိုးဂိုဏ်းက ကျဆင်းလာနေပြီဆိုတော့၊ ကျုပ်တို့ စုစည်းကြတာကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သက်သက်ပါပဲ။ အခုလို အခြေအနေမျိုးအောက်မှာ ကျုပ်တို့လို လေလွင့် ကျင့်ကြံသူတွေအတွက်ကတော့ ခက်ခဲပါတယ်။"

"တာအိုမိတ်ဆွေမင်ယွဲ့ ပြောတာက ကျုပ် တွေးထားတာနဲ့ ကွက်တိပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ကျုပ်တို့ ကွမ်မိသားစုက ဂိုဏ်းကို အခွန်ပေးပို့တာကို ယာယီရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပြီး၊ ဂိုဏ်းအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ လုံခြုံအောင် သိမ်းဆည်းပေးထားမှာပါ။ ဂိုဏ်းက ပြန်လည် တည်ငြိမ်လာပြီးတဲ့အခါမှ ကျုပ်တို့က အကြွေးဆပ်သလို ပြန်လည် ပေးသွင်းသွားမှာပါ။ ဒါက သယ်ယူပို့ဆောင်ရေးလုပ်နေချိန်မှာ သူခိုးတွေ လုယက်ခံရလို့ မလိုအပ်ဘဲ ဆုံးရှုံးရတာတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။"

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သဘောတူညီကြောင်း ထောက်ခံသံများ ညံသွားပြီး ဟူမိသားစုမှ ဟူသခင်ကြီးကပင် သဘောတူလိုက်လေသည်။

ချန်လော့သည် သူ၏ ထိုင်ခုံတွင် ထိုင်ကာ သူတို့ အပြန်အလှန် မြှောက်ပင့်နေကြသည်ကို နားထောင်နေလိုက်၏။ သူတို့အားလုံးမှာ မျက်နှာပြောင်တိုက်တတ်သော အဘိုးကြီးများသာ ဖြစ်ကြသည်။

ဤကဲ့သို့ လေလုံးထွားမှုများက လောကကြီးအကြောင်းမသိသေးသော ဟူချိုးတောက်ကဲ့သို့ လူငယ်များကိုသာ လှည့်စားနိုင်ပေလိမ့်မည်။

သူကတော့ ထိုစကားများကို တစ်ခွန်းမှ မယုံကြည်ပေ။ မျက်နှာပြောင်တိုက်မှုနှင့် ပတ်သက်လျှင် ဤလူစုမှာ ဦးလေးစန်းထက် တစ်ပန်း နိမ့်နေသေးသည်ဟု သူ ခံစားလိုက်ရသည်။ ဦးလေးစန်းက လမ်းကြားရှိ ပြည့်တန်ဆာအိမ်များတွင် ပိုက်ဆံမပေးဘဲ အရက်သောက်လေ့ရှိစဉ်က ပြောခဲ့သော စကားကြီးစကားကျယ်များမှာ ဤလူများ၏ စကားများထက် နားထောင်လို့ ပိုကောင်းသေးသည်။

"ဒီတာအိုမိတ်ဆွေက ကျုပ်ရဲ့ သေမင်းတမန်ကို အရမ်း စိတ်ဝင်စားနေပုံပဲ"

ဘယ်ဘက်မှ တာအိုဆရာ ကန်းရှီက ရုတ်တရက် ချန်လော့ကို စကားပြောလိုက်ရာ သူ၏ အသံမှာ အလွန်အက်ကွဲနေပြီး နားထောင်ရ အလွန် ဆိုးဝါးလှသည်။

"ဒီလို စွမ်းအားကြီးတဲ့ သေမင်းတမန်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ သဘာဝကျကျပဲ နည်းနည်း သိချင်စိတ်ဖြစ်မိသွားတာပါ။"

ချန်လော့က ချက်ချင်းပင် လေယူလေသိမ်းကို နှိမ့်ချလိုက်ကာ ရိုးသားစွာ ပြောလိုက်၏။

"ဒါ သဘာဝပါပဲ။ ကျုပ်ရဲ့ သေမင်းတမန်က ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ တူးဖော်ရရှိခဲ့တာပါ။ အဲဒီတုန်းက သူ့ကို ပြန်လည် သန့်စင်ဖို့အတွက် အရင်းအမြစ်တွေ ဘယ်လောက်တောင်ကုန်ကျခဲ့ရသလဲဆိုတာ ကျုပ်ကိုယ်တိုင်တောင် မသိတော့ပါဘူး။"

သူ၏ သေမင်းတမန်အကြောင်း ပြောလိုက်သောအခါ တာအိုဆရာ ကန်းရှီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သူ အကျေနပ်ဆုံးအရာမှာ သူ၏ သေမင်းတမန်ပင် ဖြစ်သည်။ ၎င်းတွင် ကြီးမားသော အလားအလာရှိပြီး သံမဏိအလောင်းကောင်အဆင့်သို့ တက်လှမ်းရန် အလားအလာ အလွန် မြင့်မားလေသည်။

"ဩော် ရှေးဟောင်း အပျက်အစီးနယ်မြေကနေ တူးဖော်ရရှိခဲ့တာလား။"

ချန်လော့မှာ ပို၍ပင် စိတ်ဝင်စားသွားလေ၏။

အကယ်၍ သူသာ ဤအဆင့်ရှိ အလောင်းကောင် ရုပ်သေးရုပ်၏ ဦးနှောက်ကို ထိတွေ့ခွင့်ရမည်ဆိုလျှင်၊ တန်ဖိုးရှိသော အရာအချို့ကို ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ပါလား။

"ဒီလို သေမင်းတမန်မျိုးက တကယ်ကို ရတနာပါပဲ။ တာအိုမိတ်ဆွေအနေနဲ့ ခင်ဗျားရဲ့ သေမင်းတမန်ကို အနီးကပ် လေ့လာခွင့်ပေးနိုင်မလား မသိဘူး။ ကျွန်တော်သာ ထိကြည့်ခွင့်ရမယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်။"

ချန်လော့သည် ခေါင်းလှည့်ကာ တာအိုဆရာ ကန်းရှီအားရိုးသားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာအိုဆရာ ကန်းရှီမှာ မှင်တက်သွားလေ၏။

ဘာ... မင်း ဘာပြောလိုက်တယ်။

တာအိုဆရာ ကန်းရှီ၏ အနောက်တွင် ရပ်နေသော အနက်ရောင်ဝတ် လူအချို့မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

အလောင်းကောင် ရုပ်သေးရုပ်ကို ထိချင်တယ်။

ထိုကဲ့သို့ ထူးဆန်းသော ဝါသနာမျိုးကို သူတို့ ယခင်က တစ်ခါမှ မကြားဖူးကြပေ။

"ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."

ချန်လော့အပေါ် ထားရှိသော တာအိုဆရာ ကန်းရှီ၏ အကြည့်မှာလည်း ပြောင်းလဲသွားလေ၏။

ဤကောင်လေးက သူ့ထက်ပင် ပို၍ မူမမှန်ပုံရသည်။

"ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် တာအိုမိတ်ဆွေ။"

ချန်လော့သည် ချက်ချင်း မတ်တပ်ရပ်ကာ လက်ကိုဆန့်ထုတ်လိုက်ပြီး တာအိုဆရာ ကန်းရှီ၏ အနောက်မှ သေမင်းတမန်အား ထိတွေ့ရန် ပြင်လိုက်သည်။

"နေဦး။"

တာအိုဆရာ ကန်းရှီက ချန်လော့ကို တားဆီးလိုက်သည်။

"ကျုပ်ကလည်း အလောင်းမြှုပ်နှံသူတွေရဲ့ ရှေးဟောင်း နည်းစနစ်တွေကို အရမ်း စိတ်ဝင်စားတယ်။ တာအိုမိတ်ဆွေအနေနဲ့ အဲဒါတွေကို ကျုပ်ကို သင်ပေးနိုင်မလား မသိဘူး။"

အလောင်းမြှုပ်နှံသူ

ရှေးဟောင်း နည်းစနစ်

ချန်လော့လည်း ခေတ္တမျှ တုံ့ဆိုင်းသွား၏။ သို့သော် သူ ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ရင်ဘတ်ကိုပုတ်ကာ အာမခံချက် ပေးလိုက်လေသည်။

"ပြဿနာမရှိပါဘူး။"

ဦးလေးစန်း၏ လက်ရာကို အမှန်တကယ်ပင် ဆက်လက်သယ်ဆောင်သွားရန် လိုအပ်လေသည်။ စိတ်ဝင်စားသူနှင့် တွေ့ဆုံရခြင်းမှာ ရှားပါးလှသဖြင့် သေချာပေါက် ပိုမို ဖလှယ်ရန် လိုအပ်ပေသည်။

ထို့ကြောင့် တာအိုဆရာ ကန်းရှီ၏ အရှေ့တွင်ပင် ချန်လော့က အလွတ်ဖြစ်နေသော ဝိညာဉ်ပေလွှာတစ်ခုကို ထုတ်ယူကာအလောင်းမြှုပ်နှံသူများ၏ လက်ရာများကို ရေးသားလိုက်လေသည်။

ကြိုတင် ကာကွယ်ရမည့် အချက်များနှင့် ပြင်ဆင်ရမည့် ကိရိယာများ အားလုံးကို ရှင်းလင်းစွာ ဖော်ပြထား၏။

"ရက်ရောလိုက်တာ"

တာအိုဆရာ ကန်းရှီက ဝိညာဉ်ပေလွှာကို ယူကာ တစ်ချက် ကြည့်လိုက်ပြီး ပါဝင်သော အကြောင်းအရာများ၏ မှန်ကန်မှုကို ချက်ချင်း အတည်ပြုလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ နောက်မှ သေမင်းတမန်သည် အရှေ့သို့တက်တက်ကြွကြွ လှမ်းလာပြီး ချန်လော့၏ လက်နားသို့ ချဉ်းကပ်လာလေသည်။

ကျောချမ်းဖွယ်ရာ မိစ္ဆာချီများ ချဉ်းကပ်လာရာ ပတ်ဝန်းကျင်ရှိ အပူချိန်ကို အနည်းငယ် ကျဆင်းသွားစေသည်။

ဖုံးကွယ်ထားမှုကို ဖယ်ရှားပြီးနောက် ဤသေမင်းတမန်ထံမှ အေးစက်မှုကို ချန်လော့ ရှင်းလင်းစွာ အာရုံခံနိုင်လေသည်။ ၎င်း၏ အနက်ရောင်အမွေးများ ဖုံးလွှမ်းနေသော မျက်လုံးများမှာ သားရဲတစ်ကောင်၏ မျက်လုံးများနှင့် တူပြီး သွေးဆာနေသော အေးစက်မှုများ ထွက်ပေါ်နေသည်။

မိစ္ဆာချီများမှာ သံမဏိအပ်များကဲ့သို့ပင် သူ၏ လက်ဝါးကို ထုံကျင်သွားသည်အထိ ထိုးဆွနေလေ၏။

ချန်လော့သည် သူ၏ လက်ဝါးသို့ ဝိညာဉ်ချီများကို လှည့်ပတ်စေကာ မိစ္ဆာချီများကို ကာကွယ်လိုက်ပြီးနောက်၊ လက်ကို ဆန့်ထုတ်၍ သေမင်းတမန်၏ ခေါင်းပေါ်သို့ ဖိချလိုက်လေသည်။

'သေဆုံးသူ၏ ဦးနှောက်လှိုင်းများနှင့် အဆက်အသွယ်ရရှိသည်၊ ပျက်စီးမှု ၉၉%။ သင် ဖတ်ရှုလိုပါသလား။'

"ဖတ်မယ်"

ရင်းနှီးနေသော တုံ့ပြန်ချက်ကို မြင်လိုက်ရသောအခါ ချန်လော့သည် တုံ့ဆိုင်းမနေဘဲ ဖတ်ရှုရန် ရွေးချယ်လိုက်လေ၏။

All Chapters