← Chapters

မဖြစ်နိုင်တာ

Vol. 12 Ch. 111

မဖြစ်နိုင်တာ

Vol. 12 Ch. 111

ရပ်တန့်သွားသော ဒိုင်ခွက်စက်ဝိုင်းပေါ်တွင် ရွှေတုံးပုံဆွဲထားသည့် နေရာ၌ မြားနှစ်စင်းစလုံးမှာ ထပ်တူကျလျက် သစ်သားပြားတွင် မြဲမြံစွာ စိုက်ဝင်နေလေ၏။

“မဖြစ်နိုင်ဘူး...”

“ဒါ လုံးဝ မဖြစ်နိုင်ဘူး...”

အသံနှစ်သံမှာ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကုန်သည်။ အားလုံးက ချန်ဟယ်ကို အံ့သြတကြီး ကြည့်လိုက်ကြကုန်၏။ ဆိုင်ရှင်မှာမူ မြားသုံးစင်းစလုံး ထိမှန်ပြီး ပထမဆု ပေါက်သွားသဖြင့် ယခုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းမှာ သဘာဝကျသော်လည်း ချန်ဟယ်၏ တုံ့ပြန်မှုကိုမူ မည်သူမျှ နားမလည်နိုင်ကြပေ။ ဘာပဲဖြစ်ဖြစ် လူတိုင်း၏ အမြင်တွင် ချန်ဟယ်နှင့် နျိုနျိုမှာ တစ်ဖွဲ့တည်း ဖြစ်နေကြသည် မဟုတ်ပါလား။

လျူရှောင်ရူသည် ချန်ဟယ်ကို အလွန် မကြည်မလင် ကြည့်လိုက်ပြီး ပြောလိုက်၏။

“နျိုနျို ပစ္စည်းတွေ အများကြီး ရတာကို ရှင်က မပျော်ဘူးလား...”

ချန်ဟယ်သည် ယခုအချိန်တွင် အလွန် နေရခက်နေချေပြီ။ လူအများရှေ့တွင် အကြိမ်ပေါင်း ရာချီအောင် ပစ်သော်လည်း မထိဘဲ အရှက်ကွဲခဲ့ရသည်မှာ လုံလောက်နေပြီ ဖြစ်ရာ ယခုအခါ ကလေးမလေးတစ်ယောက်နှင့် နှိုင်းယှဉ်ခံလိုက်ရသဖြင့် သူ့ကိုယ်သူ ပို၍ အသုံးမကျသလို ခံစားနေရရှာ၏။

“ကလေးမလေး... မြားနှစ်စင်းစလုံးက တစ်နေရာတည်းမှာ စိုက်နေတာဆိုတော့ တစ်ကြိမ်ပဲ ရေတွက်လို့ ရမယ်...”

ဆိုင်ရှင်၏ ပါးစပ်ထဲတွင် ခါးသက်မှုများဖြင့် ပြည့်နှက်နေလေသည်။ နျိုနျိုသည် ဤမျှ ကံကောင်းလိမ့်မည်ဟု သိလျှင် ပထမမြားကို အလျှော့မပေးခဲ့သင့်ဘဲ လည်ပတ်နေသော စက်ဝိုင်းပေါ်သို့ ကလေးလက်သီးဆုပ်ခန့်ရှိသော နေရာကိုသာ တည့်တည့်ပစ်သွင်းလိုက်သင့်သည်ဟု တွေးတောနေမိ၏။ ဆိုင်ရှင်သည် နျိုနျိုနှင့် ကျန်းယွင်နန်တို့ကို ကြည့်လိုက်ရာ အလွန် ထူးချွန်ထက်မြက်သူများနှင့် မတူသဖြင့် ဤအရာအားလုံးမှာ ကံကောင်းခြင်းကြောင့်သာ ဖြစ်ရမည်ဟု ယူဆလိုက်လေသည်။ သို့သော် သူက မသိမသာ လိမ်ညာရန် ကြိုးစားလိုက်သော စကားများကြောင့် ဘေးမှ ကြည့်နေသူများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံလိုက်ရတော့၏။

“ဟေ့ ဆိုင်ရှင်... ကလေးက ပစ်နိုင်တာကို လိမ်ချင်နေတာလား... ရှုံးမှာကို မကြောက်စမ်းနဲ့...”

“ကလေးကိုတောင် လိမ်ရဲတယ်ဆိုတော့... ပိုက်ဆံတွေ အများကြီး ရှာထားတာ ဖြစ်မှာပဲ...”

“စောစောက အသုံးမကျတဲ့လူကိုလည်း အကြိမ်ပေါင်း ရာချီအောင် လိမ်ထားတာ ဖြစ်မယ်...”

“ဆိုင်ကို မှောက်လိုက်ကြစို့...”

ချန်ဟယ်မှာမူ အကြောင်းမဲ့သက်သက် ဒူးကို မြားနှင့် အပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူက အသုံးမကျသူ မဟုတ်ကြောင်း သက်သေပြချင်သော်လည်း အသုံးမကျသူဟု အော်ဟစ်ခံနေရသည်ကိုမူ လုံးဝ မလိုလားပေ။ ဆိုင်ရှင်သည် လူအုပ်ကြီး၏ ဒေါသကို မြင်သောအခါ ထပ်မံ မလိမ်ရဲတော့ဘဲ အမြန် ပြောလိုက်ရလေသည်။

“ကောင်းပြီ... ကောင်းပြီ... ရွှေတုံး မဟုတ်လား... ပေးပါ့မယ်... ပေးပါ့မယ်...”

သူသာ ဆက်ပြီး အချိန်ဆွဲနေလျှင် ဤလူအုပ်ကြီးက သူ၏ဆိုင်ကို ဖျက်ဆီးပစ်ကြလိမ့်မည်ဟု ခံစားနေရပေသည်။ နျိုနျိုသည် ရွှေကြွက်ရုပ်နှင့် ရွှေခွေးရုပ်ကို ရရှိသွားသောအခါ မျက်လုံးလေးများ ပိတ်သွားသည်အထိ ပြုံးရွှင်နေ၏။

“ရွှေကြွက်လေးက မေမေ့ရဲ့ နှစ်ဖွားလေးလေ... နျိုနျို မေမေ့အတွက် ဆုတောင်းပေးမယ်...”

ကျန်းယွင်နန်သည် ရွှေကြွက်ရုပ်ကို ယူကာ သူမ၏ ပိုက်ဆံအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။ လျူရှောင်ရူက ကလေးမလေးကို ပွေ့ချီလိုက်ပြီး ချီးကျူးလိုက်၏။

“တို့နျိုနျိုက အရမ်း တော်တာပဲ... အတော်ဆုံးနဲ့ အလိမ္မာဆုံး ကလေးလေးပဲ...”

စည်ကားနေသော ဆိုင်တန်းမှာ ဤအဖြစ်အပျက်ကြောင့် ပို၍ သက်ဝင်လှုပ်ရှားလာသော်လည်း သူတို့ကမူ ဂရုမစိုက်တော့ဘဲ ကလေးကို ပွေ့ချီကာ အိမ်သို့ ပြန်လာခဲ့ကြကုန်၏။ ချန်ဟယ် ပြီးနောက် မည်သူမျှ ထပ်မံ မကစားချင်ကြသော်လည်း နျိုနျိုက ပထမဆု သုံးကြိမ်ဆက်တိုက် ရသွားသည်ကို မြင်သောအခါ နျိုနျို၏ ကံကောင်းခြင်းကို အခွင့်ကောင်းယူလိုကြသဖြင့် ဆိုင်ရှင်ထံသို့ အလုအယက် တိုးဝှေ့သွားကြလေသည်။

“ဆိုင်ရှင်... ရွှေမြင်းရုပ်တွေ ရွှေဝက်ရုပ်တွေ ရှိသေးလား... မြန်မြန် ထုတ်စမ်းပါ... ကျွန်တော် ကံစမ်းချင်လို့...”

“ကျွန်တော် အရင်...”

“ကျွန်တော်... ကျွန်တော်...”

လူအုပ်ကြီး၏ လက်ထဲမှ ကြေးပြားများသည် ဆိုင်ရှင်၏ မျက်နှာကို ထိမှန်လုနီးပါး ဖြစ်နေ၏။ ဆိုင်ရှင်မှာမူ ခံစားချက်ပေါင်းစုံ ရောထွေးနေလေသည်။ ချန်ဟယ်ထံမှ ရသမျှ ပိုက်ဆံအားလုံးမှာ နျိုနျိုထံသို့ ပါသွားပြီ ဖြစ်သော်လည်း ယခုအခါ ဆိုင်တွင် လူစည်ကားနေသဖြင့် ပိုက်ဆံအချို့ ပြန်ရနိုင်မည်ဟု တွေးတောနေမိ၏။ သို့သော် နောက်တစ်စက္ကန့်တွင် နျိုနျို၏ နောက်မှ ကံစမ်းသူက ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

“ထိပြီ... ငါ ထိသွားပြီ...”

အကြောင်းစုံ မသိသူသာ ကြားလျှင် ထိုလူ အစိုးရစာမေးပွဲ အောင်မြင်သွားသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။ ဆိုင်ရှင်မှာ မျက်နှာပျက်ပျက်ဖြင့် ရွှေနွားရုပ်လေးကို ထုတ်ယူကာ နျိုနျို၏ နောက်မှ ဖောက်သည်ကို ကမ်းပေးလိုက်ရ၏။ ဖောက်သည်သည် ရွှေနွားရုပ်ကို ယူကာ ပို၍ ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ငါက နွားနှစ်ဖွားလေ...”

သူက ဆက်လက် ကံစမ်းချင်နေသော်လည်း ဘေးမှ ကြည့်နေသူများမှာမူ ယခုအချိန်တွင် ရူးသွပ်နေကြပြီ ဖြစ်သည်။

“တစ်ခါ အမြတ်ရတာနဲ့ မလောက်သေးဘူးလား... သူများတွေကိုလည်း ဟင်းရည်လေးတော့ သောက်ခွင့်ပေးပါဦး...”

“ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော့်အလှည့်ပဲ...”

ရွှေနွားရုပ် ရရှိသွားသော ဖောက်သည်မှာ လူအုပ်ထဲမှ အလျင်အမြန် တွန်းထုတ်ခြင်း ခံလိုက်ရ၏။ သူသည် မလှမ်းမကမ်းတွင် လမ်းလျှောက်ပြန်နေသော ကျန်းယွင်နန်တို့၏ နောက်ကျောကို လှမ်းကြည့်လိုက်ပြီးနောက် လမ်းဘေးဆိုင်တွင် ရောင်းနေသော အနီရောင် ဆံပင်စည်းကြိုးများကို ကြည့်လိုက်လေသည်။

“နေပါဦး... ရှေ့က ကလေးကို ခေါ်သွားတဲ့သူတို့... ခဏလောက် နေပါဦး...”

ကျန်းယွင်နန်တို့သည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက လက်ထဲတွင် အနီရောင် ဆံပင်စည်းကြိုး အထုပ်ကြီးကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ လျူရှောင်ရူသည် နျိုနျိုကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ထိုထူးဆန်းသော အမျိုးသားကို သတိထားသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

“ဒါ ကလေး ကစားဖို့ ပေးတာပါ... ခင်ဗျားတို့ သမီးလေးရဲ့ ကံကောင်းခြင်းသာ မရှိရင် ကျွန်တော် ဒီရွှေနွားရုပ်ကို ရမှာ မဟုတ်ဘူး...”

ထိုအမျိုးသားသည် ပြောပြီးသည်နှင့် အနီရောင် ဆံပင်စည်းကြိုးများကို သူတို့လက်ထဲသို့ အတင်း ထိုးထည့်ပေးကာ ငြင်းဆန်ချိန်ပင် မပေးဘဲ နောက်လှည့် ပြေးထွက်သွားတော့၏။ ကျန်းယွင်နန်မှာ မတတ်သာဘဲ ပြုံးလိုက်မိပြီး ပြောလိုက်သည်။

“ဒါကို ဘယ်လို ခေါ်ရမလဲ... အစက ရွှေကြွက်ရုပ်လေး သီဖို့ အနီရောင်ကြိုးလေးတွေ ဝယ်မလို့ပဲ... အခုတော့ အဲ့ဒီပိုက်ဆံတောင် သက်သာသွားပြီ...”

လျူရှောင်ရူသည် နျိုနျိုကို ပွေ့ဖက်ကာ ပြောလိုက်၏။

“တို့နျိုနျိုကတော့ နတ်ဘုရားတွေက စောင့်ရှောက်နေတာပဲ... တို့တွေ ဘာကို စိတ်ပူနေရဦးမှာလဲ...”

ချန်ဟယ်သည် လူတိုင်းတွင် ဆုလက်ဆောင်ကိုယ်စီ ရှိနေသည်ကို မနာလိုစွာ ကြည့်နေပြီး နျိုနျိုကို ကြည့်သော သူ၏မျက်လုံးများမှာ ပို၍ မှောင်မိုက်လာလေသည်။ လျူရှောင်ရူသည် လှည့်ကြည့်လိုက်ရာ ထိုအကြည့်နှင့် တည့်တည့် တိုးလေ၏။ ချန်ဟယ်သည် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်သော ပုံစံသို့ အလျင်အမြန် ပြောင်းလဲလိုက်ပြီး ဦးအောင် ပြောလိုက်လေသည်။

“အချိန်တွေ အတော် ကြာသွားပြီဆိုတော့... အိမ်မှာလည်း ထမင်းဟင်းတွေ ကျန်မှာ မဟုတ်တော့ဘူး... ဗိုက်ဆာနေမှာစိုးလို့ ချွန်းဖုန်းစားသောက်ဆိုင်ကို သွားပြီး ကြိုက်တာ စားကြရအောင်... ပြောရရင် ခင်ဗျားတို့ ဒီလိုနေရာကောင်းမျိုးကို တစ်ခါမှ ရောက်ဖူးမှာ မဟုတ်ဘူး...”

လျူရှောင်ရူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ သူမသည် ဆိုင်ရှေ့တွင် ရှိစဉ်က သတိမထားမိသော်လည်း ယခုအခါ ချန်ဟယ်၏ စကားများမှာ သေချာစဉ်းစားကြည့်လျှင် အဆင်မပြေမှန်း သိလိုက်ရသည်။ ဥပမာ ယခု စကားများမှာ သူတို့အား လောကအကြောင်း မသိသော တောသားများကဲ့သို့ ခွဲခြားဆက်ဆံနေသယောင် ရှိနေပေသည်။

ချန်ဟယ်သည် စီးပွားရေးသမားဖြစ်ပြီး စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ရာ လျူရှောင်ရူ၏ အမှတ်သညာထဲတွင် သူသည် အမြဲတမ်း စကားပြောဆိုရာတွင် အမှားအယွင်း မရှိသူ ဖြစ်၏။ ယခုကဲ့သို့ ပြုမူခြင်းမှာ သူသည် သူတို့အား စိတ်ထဲမှ အထင်သေးနေသောကြောင့်သာ ဖြစ်ရမည်ဟု ယူဆနိုင်ပေသည်။

လျူရှောင်ရူမှာ သည်းမခံတတ်သူ ဖြစ်ရာ တည့်တိုးပင် ပြောလိုက်လေသည်။

“ဟုတ်ပါရဲ့... ချွန်းဖုန်းစားသောက်ဆိုင် ဆိုတာ ကျွန်မတို့လို တောသားတွေ သွားရမယ့်နေရာမျိုး မဟုတ်ပါဘူး... ရှင့်ရဲ့ နယ်မြေကို မနှောင့်ယှက်တော့ပါဘူး...”

ချန်ဟယ်သည် ထိုစကားကို ကြားသောအခါ ကြောင်သွား၏။ သူသည် နှပ်ဟင်းချက်နည်းကို လိုချင်နေသေးသဖြင့် ယခုအချိန်တွင် လျူရှောင်ရူနှင့် ရန်မဖြစ်နိုင်ပေ။ သူသည် မိမိ၏ ပါးစပ်ကို မိမိ ဖွဖွလေး ရိုက်လိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော့်အပြစ်ပါ... စကားပြောတာ မှားသွားလို့ပါ...”

လျူရှောင်ရူသည် သူမ မကြိုက်သော လူများနှင့် တွေ့လျှင် အမြဲတမ်း ပြတ်သားတတ်သူ ဖြစ်ရာ ပြောလိုက်၏။

“ခြင်တစ်ကောင် ပုတ်သလိုပဲ... အားမပါလိုက်တာ...”

ချန်ဟယ်၏ မျက်နှာမှာ တင်းမာသွားလေသည်။ လျူရှောင်ရူက ထပ်ပြောလိုက်၏။

“ဆိုင်ရှင်ချန်... မနက်ဖြန်ညကျရင် ကျွန်မ ကိစ္စရှိလို့... ရှင်နဲ့အတူ ဘုရားပွဲ လာလို့ ရမှာ မဟုတ်တော့ဘူး...”

ချန်ဟယ်မှာ စိတ်လောသွားရချေပြီ။ သူ၏ မူလ မျှော်လင့်ချက်အရ လျူရှောင်ရူနှင့် တစ်ကြိမ် နှစ်ကြိမ်လောက် ဆုံပြီးလျှင် လက်ထပ်ရန် စကားကမ်းလှမ်းနိုင်မည် ဖြစ်၏။ အကယ်၍ ချက်ပြုတ်နည်းကို ကြိုတင် ရလိုက်လျှင် တဖက်လူမှာ သူ့အတွက် မယားငယ် အဆင့်သာ ရှိပေလိမ့်မည်။ သို့သော် ယခုအခါ မည်သည့်နေရာတွင် မှားယွင်းသွားသည် မသိရဘဲ လျူရှောင်ရူမှာ ရုတ်တရက် မျက်နှာလွှဲသွားခဲ့ပြီ ဖြစ်သည်။

“ရှောင်ရူ... ကျွန်တော် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး... ခင်ဗျားအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ စိတ်ရင်းကို ယုံကြည်ပေးပါ...”

ဤရွံရှာဖွယ် စကားများကို လျူရှောင်ရူက ချက်ချင်း ဖြတ်ပြောလိုက်ပြီး နျိုနျို၏ နားကို လက်ဖြင့် ပိတ်ကာ ဆဲဆိုလိုက်လေသည်။

“ကလေးကို အကျင့်ပျက်အောင် သင်ပေးနေတာ မကြောက်ဘူးလား...”

ချန်ဟယ်သည် လုပ်လေ မှားလေ ဖြစ်နေတော့၏။ လျူရှောင်ရူသည် သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ ကျန်းယွင်နန်ကို ခေါ်ကာ ကလေးကို ပွေ့ချီလျက် အိမ်သို့ ပြေးဝင်သွားလေသည်။ ကုမိသားစု အိမ်ရှေ့သို့ ရောက်သောအခါ လျူရှောင်ရူသည် နျိုနျိုကို မြေကြီးပေါ် ချပေးလိုက်ပြီး ပြန်ရန် ပြင်လိုက်၏။

“ဘာလို့ ပြေးနေတာလဲ...”

ကျန်းယွင်နန်က သူမ၏ အင်္ကျီလက်ကို ဆွဲထားလိုက်သည်။

“ထမင်းစားချိန်တောင် ကျော်နေပြီလေ... ပြန်သွားတော့မို့လေ အစ်မတို့ဆီမှာ နှောင့်ယှက်မနေတော့ပါဘူး...”

“မနက်က ထွက်သွားတုန်းက အမေက နင့်ကို နေ့လယ်စာအတွက် ခေါ်လာခဲ့ဖို့ မှာထားတာလေ... နျိုနျိုကလည်း ကြက်တစ်ကောင်တောင် ထည့်ပေးလိုက်သေးတာ... သူတို့ရဲ့ စေတနာကို နင် မငြင်းသင့်ပါဘူး...”

နျိုနျိုသည် ပါးလေးကို လျူရှောင်ရူ၏ ပါးနှင့် ကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“ဦးလေးချန် ပြောတာ မှားနေတာ... ဘယ်လောက်ပဲ နောက်ကျကျ အိမ်မှာ ထမင်းရှိတယ်... တကယ်လို့ မေ့ပြီး မချန်ထားမိရင်တောင် အသစ်ပြန်ချက်ပေးလို့ ရတာပဲကို...”

All Chapters