လက်ကိုင်ယပ်တောင်
Vol. 12 Ch. 112
လျူရှောင်ရူသည် နျိုနျိုကို ပွေ့ချီကာ ကုမိသားစု ခြံဝင်းထဲသို့ ဝင်လာခဲ့၏။ အဖွားကုသည် စိတ်အေးသွားဟန်ရှိသော မျက်နှာထားဖြင့် သူမကို အိမ်ထဲသို့ ခေါ်ဆောင်သွားကာ ပြောလိုက်လေသည်။
“ညစာစားဖို့ ပြန်လာမယ်ဆိုလို့ စောင့်နေတာ... တစ်ခုခုကြောင့် နောက်ကျနေတာလားလို့ စိုးရိမ်နေတာ... သားလတ်ကိုတောင် လိုက်ရှာခိုင်းမလို့ပဲ...”
ကျန်းယွင်နန်သည် လက်ထဲမှ အထုပ်အပိုးများကို ချထားလိုက်၏။ လျူရှောင်ရူက ဦးအောင် ပြောလိုက်သည်။
“အဒေါ်ကု... တို့နျိုနျိုက တကယ် တော်တာပဲ... ဒီနေ့ ကံစမ်းတာ ရွှေ သုံးတုံးတောင် ရလာတာလေ...”
ကျန်းယွင်နန် ထိုစကားကို ကြားသောအခါ မျက်နှာလေး ပျက်သွားပြီး အမြန် ပြောလိုက်လေသည်။
“ရှောင်ရူ... လျှောက်မပြောနဲ့ဦး... အဲ့ဒီ သုံးတုံးပေါင်းမှ အလေးချိန် ဘယ်လောက်ရှိမှာလဲ မသိတာ...”
လျူရှောင်ရူသည် ထိုစကားကို မကြားသလိုပင် သူမ၏ ပိုက်ဆံအိတ်ထဲမှ ရွှေယုန်ရုပ်လေးကို ရတနာတစ်ခုလို ထုတ်ပြလိုက်ပြီး ရှင်းလင်းစွာ ပြောလိုက်၏။
“ဒါ နျိုနျိုက ကျွန်မကို ပေးတာလေ... ရွှေထည်လေးတွေ ဆောင်ထားရင် ကံကောင်းတတ်တယ်လို့ ကြားလို့တဲ့... ကလေးက အတင်း ပေးနေတာနဲ့ ယူလိုက်ရတာ...”
သူမ၏ အပြုံးမှာ ဝမ်းသာလွန်းသဖြင့် နားရွက်တက်ချိတ်လုနီးပါး ဖြစ်နေသည်ကို မြင်ရသောအခါ အဖွားကုလည်း ပျော်ရွှင်သွားပြီး ပြောလိုက်လေသည်။
“အို... တို့နျိုနျိုက တကယ် အားကိုးရတာပဲ... ဒီလောက် အရွယ်လေးနဲ့ ရတနာတွေ ရှာနိုင်နေပြီ... တစ်ခါတည်းနဲ့ သုံးခုတောင် ရတာလား...”
လျူရှောင်ရူက ထပ်ပြောလိုက်၏။
“နျိုနျိုက သုံးကြိမ် ကံစမ်းတာ သုံးကြိမ်စလုံး ရွှေရတာလေ... ဆိုင်ရှင်ဆိုရင် မျက်နှာတောင် ပြာသွားတာပဲ...”
အဖွားကုက ချက်ချင်းပင် ပြောလိုက်လေသည်။
“သမီးလေးက အရမ်း တော်တာပဲ... အရည်အချင်း ရှိလိုက်တာ... နောင်ကျရင် ဒီနည်းနဲ့တင် ထမင်းဝမှာပဲ...”
ကျန်းယွင်နန်သည် ထိုစကားများကို မကြားချင်သဖြင့် အမြန် ဝင်ပြောလိုက်၏။
“ဒါလည်း လောင်းကစားတစ်မျိုးပဲလေ... သူ့ကို အများကြီး ပေးမဆော့သင့်ပါဘူး...”
အဖွားကုသည် လောင်းကစားနှင့် ပတ်သက်လျှင် အမြဲတမ်း တင်းကျပ်သူ ဖြစ်ရာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ဟုတ်တယ်... တခြားနည်းနဲ့ ရှာစားလို့ရရင် အဲ့ဒီနည်းနဲ့ပဲ ရှာရမှာပေါ့... ကံစမ်းတာကတော့ အပျော်သဘောပဲ ဆော့ရမယ်... စွဲလမ်းမသွားစေနဲ့...”
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“နျိုနျို အဘွားစကား နားထောင်ပါ့မယ်...”
အဖွားကု စိတ်အေးသွားရလေသည်။ နျိုနျိုက ထပ်ပြောလိုက်ပြန်၏။
“နှမြောစရာ ကောင်းတာက တခြား နှစ်ဖွား ရုပ်တုလေးတွေ မရှိတော့တာပဲ... အဘိုးအဘွားတွေနဲ့ ကိုကိုတွေကို ကံကောင်းအောင် မလုပ်ပေးရသေးဘူး...”
အဖွားကု၏ စိတ်နှလုံးမှာ အရည်ပျော်မတတ် ဖြစ်သွားရပြီး ပြောလိုက်လေသည်။
“နျိုနျိုလေး ရှိနေတာကပဲ အဘွားအတွက် ကံကောင်းခြင်းပါပဲ... အဘွားအနားမှာ မြေးလေး ရှိနေရင် နေ့တိုင်း ကံကောင်းနေတာပဲ…”
ကျန်းယွင်နန်သည် စကားပြောလျှင် ဓားနှင့် မွှန်းသကဲ့သို့ ပြောတတ်သော သူမ၏ ယောက္ခမသည် ဤမျှ ချိုသာသော စကားများကို ပြောတတ်လိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ဖူးပေ။ သို့သော် လျူရှောင်ရူ၏ ချီးကျူးသံများမှာ ဘေးမှ ပဲ့တင်ထပ်နေဆဲပင်။ နှစ်ယောက်သား နျိုနျိုကို အစွမ်းကုန် ချီးမွမ်းနေကြသဖြင့် ထမင်းတောင် မစားရသေးပေ။
နျိုနျိုသည် ယနေ့ လျူရှောင်ရူကို ထမင်းကျွေးမည်ဟု သိထားပေသည်။ မနက်က အပြင်မထွက်ခင်ကတည်းက အဒေါ်လျူကို ကြက်သားကျွေးချင်သည်ဟု ဆိုကာ အဘိုးကုကို ဆွဲပြီး ကြက်ခြံထဲမှ ကြက်တစ်ကောင်ကို ဖမ်းခိုင်းခဲ့လေသည်။ အဘိုးကု မွေးထားသော ကြက်ခြောက်ကောင်မှာ အမှန်တကယ်တော့ သတ်စားရန် အချိန်တန်နေပြီ ဖြစ်ချေသည်။ ရွာတွင် ရှိစဉ်က အိမ်ကြီးနှင့် တတိယအိမ်ကို မုန်းတီးသော အဘိုးအိုလင်မယားမှာ ကြက်များကို မသတ်ခဲ့ကြပေ။ မြို့ထဲသို့ ရောက်လာသောအခါ ကြက်မ ငါးကောင်မှာ ဥ ဥ ကြလေတော့၏။
ရာသီဥတု အေးနေချိန်တွင် ကြက်မများ ဥ မ ဥ တတ်ကြသော်လည်း ကုမိသားစုမှ ဤငါးကောင်မှာမူ နေ့စဉ် အနည်းဆုံး လေးလုံး၊ အများဆုံး ခုနစ်လုံး၊ ရှစ်လုံးအထိ ဥ ကြလေသည်။ ဥများ အမြဲတမ်း ရနေသဖြင့် ကုမိသားစုဝင်များမှာ မည်သည့်ကြက်ကိုမျှ မသတ်ရက်ကြပေ။
တစ်ခုတည်းသော ကြက်ဖကြီးကိုမူ မသတ်နိုင်သဖြင့် နောက်ဆုံးတွင် နျိုနျိုက တစ်ကောင်ကို ညွှန်ပြလိုက်လေသည်။
ကြက်မကို သတ်ပြီးနောက် အဖွားကုမှာ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
“ဒီ သူခိုးမက တစ်ခါမှ ဥ မ ဥ ဖူးဘူး... နေ့တိုင်း အစာလုစားတာကျတော့ ဘယ်သူ့ထက်မဆို ပိုကြမ်းတယ်...”
ကြက်မကို ဗိုက်ခွဲလိုက်သောအခါ အထဲတွင် ဥ တစ်လုံးမျှ မရှိဘဲ သန့်ရှင်းနေလေ၏။ ကြက်မများထဲတွင်လည်း အသုံးမကျသော ကောင်များ ရှိတတ်ပေသည်။ မရိပ်မိဘဲ အချိန်အတော်ကြာ ရောနှောနေနိုင်ခဲ့ခြင်းမှာ အခြားကြက်မများက ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးပေးထားသောကြောင့်သာ ဖြစ်ရမည်။ မျှော်လင့်မထားသည်မှာ ဤအသုံးမကျသော ကြက်မ၏ အသားမှာ အလွန် အရသာရှိနေခြင်း ပင်။ အဖွားကုသည် အရိုးရှင်းဆုံး နည်းလမ်းဖြင့် ချက်ပြုတ်ထားသော်လည်း အသားမှာ တင်းရင်းပြီး ကြက်စွပ်ပြုတ်မှာ ကြည်လင်ကာ ချိုမြိန်လှပေသည်။
“ကျွန်မလို အသက်ကြီးတဲ့သူက ဘာလို့ ကြက်ပေါင် စားရမှာလဲ... ကလေးတွေကိုပဲ ပေးလိုက်ပါ...”
လျူရှောင်ရူသည် အဘွားအိုက သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သော ကြက်ပေါင်ကို အမြန် ပြန်ထုတ်လိုက်၏။ ကုကျောက်သည် မျက်လုံးလေးများ ပြူးကာ ကြည့်နေလေသည်။ ထို့နောက် လျူရှောင်ရူက နျိုနျို၏ ပန်းကန်ထဲသို့ ထိုကြက်ပေါင်ကို ထည့်ပေးလိုက်သည်ကို သူ မြင်လိုက်ရ၏။ နျိုနျို၏ ပန်းကန်ထဲတွင် ကြက်ပေါင် တစ်ချောင်း ရှိနှင့်နေပြီ ဖြစ်သည်။ ကျန်းယွင်နန်က တားရန် ပြင်လိုက်စဉ် နျိုနျိုက ပြောလိုက်လေသည်။
“အဒေါ်လျူ... ဒီကြက်ပေါင်ကို အဒေါ် စားရမယ့် အလှည့်လေ...”
လျူရှောင်ရူမှာ နားမလည်သော မျက်နှာထားဖြင့် ကြည့်နေမိ၏။ နျိုနျိုက ရှင်းပြလိုက်လေသည်။
“သမီးတို့ အိမ်မှာက ဒီလိုပဲလေ... မိသားစုဝင်တွေက ကြက်ပေါင်ကို တစ်လှည့်စီ စားကြတာ... အခု သမီးအလှည့် မဟုတ်ပါဘူး... သမီး ပထမဆုံးအကြိမ် ကြက်ကင်စားတုန်းက ကြက်ပေါင် စားခဲ့ရပြီးပြီလေ... အဒေါ်လည်း သမီးတို့အိမ်မှာ ပထမဆုံးအကြိမ် ကြက်သားစားတာဆိုတော့ အဒေါ် စားရမှာပေါ့...”
ကျန်းယွင်နန်သည် ပြောရန် ပြင်ထားသော စကားများကို ပြန်မျိုချလိုက်ရ၏။ နျိုနျို ပြောသည်မှာ အလွန် မှန်ကန်လှပေသည်။ သူမသည် လျူရှောင်ရူကို မိသားစုဝင်တစ်ယောက်လို အပြည့်အဝ သတ်မှတ်ထားပုံ ရပေသည်။ အဖွားကုကလည်း အမြန် ပြောလိုက်လေသည်။
“ဟုတ်တယ်... ဟုတ်တယ်... သမီးလေး ပြောတာ မှန်တယ်... ရှောင်ရူ... တို့တွေက တစ်မိသားစုတည်းသားတွေပဲ... အားနာမနေနဲ့... ဒီတစ်ခါ နျိုနျိုနဲ့အတူ နင် စားလိုက်... နောက်တစ်ခါကျရင် ငါနဲ့ အဘိုးကြီး အလှည့်ပေါ့...”
လျူရှောင်ရူမှာ ခဏတာ ကြောင်သွားရ၏။ ကျန်းယွင်နန်နှင့် နျိုနျိုတို့က သူမအား မိသားစုဝင်လို သတ်မှတ်ထားမှန်း သိသော်လည်း အဖွားကုကပါ ထိုသို့ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျန်းယွင်နန်သည် နျိုနျို၏ ပန်းကန်ထဲမှ ကြက်ပေါင်ကို လျူရှောင်ရူ၏ ပန်းကန်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။
လျူရှောင်ရူသည် ခေါင်းငုံ့ကာ တစ်လုပ်ပြီးတစ်လုပ် စားနေမိ၏။ သူမ၏ မိဘများ ရှိစဉ်က အိမ်တွင် ကြက်သတ်တိုင်း သူမနှင့် သူမ၏အစ်ကိုတို့မှာ ကြက်ပေါင် တစ်ယောက်တစ်ချောင်းစီ ရခဲ့သည်ကို ပြန်လည် သတိရသွားမိလေသည်။ သို့သော် မိဘများ မရှိတော့သည့်နောက်တွင် မည်သူမျှ သူမအား ကြက်ပေါင် စားရန် တမင်တကာ ဖယ်မပေးခဲ့ကြဖူးပေ။
ထမင်းစားပြီးနောက် မိသားစုဝင်များ စုံစုံလင်လင်နှင့် စကားပြောဖြစ်ကြပြီး လျူရှောင်ရူသည် ယနေ့ ဝယ်လာခဲ့သော လက်ဆောင်များကို ထုတ်ပြလိုက်လေသည်။ အဖွားကုသည် သူမအတွက်လည်း လက်ဆောင်ပါလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုလက်ဆောင်မှာ လက်ကိုင်ယပ်တောင်တစ်ခု ဖြစ်၏။ ပန်းရောင် လက်ကိုင်ယပ်တောင်လေးပေါ်တွင် နွေဦးရာသီ၏ မက်မွန်ပန်းလေးများကို ပန်းထိုးထားလေသည်။ ယပ်တောင်ပေါ်မှ ပန်းထိုးလက်ရာမှာ အလွန်အမင်း လက်ရာမမြောက်သော်လည်း ယခုအခါ နွေဦးရာသီ စတင်ရုံသာ ရှိသေးပြီး ရာသီဥတုမှာ အေးနေဆဲ ဖြစ်သော်လည်း ရာသီဥတုနှင့် မကိုက်ညီသော ဤလက်ဆောင်ကို အဖွားကုက လက်ထဲတွင် ကိုင်ကာ အကြိမ်ကြိမ် ပွတ်သပ်နေမိလေသည်။
“အရမ်း လှတာပဲ... ငါလည်း ဒီလို အနုစိတ်တဲ့ ပစ္စည်းမျိုး သုံးခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
အဖွားကု၏ မျက်နှာပေါ်တွင် အမှတ်တရများ ပေါ်လာပြီး ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကျန်းကျားကျွမ်း က မြေပိုင်ရှင် အဘွားကြီးဆီမှာ ဒီလို ယပ်တောင်မျိုး ရှိတာ မြင်ဖူးတယ်... တို့တွေဆိုရင် ထိတောင် မထိရဘူး...”
ရှိနေသူ အားလုံးမှာ ပုံမှန်အားဖြင့် စိတ်ကြီးသည်ဟု ထင်ရသော အဖွားကုတွင် ဤမျှ နူးညံ့သော မိန်းကလေးစိတ် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ကုမင်တာ့၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လာ၏။ သူသည် ဇနီးသည်၏ နှစ်သက်မှုနှင့် သားသမီးများ၏ ဝါသနာကို မှတ်မိနေသော်လည်း မိခင်ဖြစ်သူ ဘာကို ကြိုက်နှစ်သက်သလဲ ဆိုသည်ကိုမူ တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးပေ။ အဖွားကုသည် လျူရှောင်ရူ၏ လက်ကို ကိုင်ကာ လေးနက်စွာ ပြောလိုက်လေသည်။
“သမီးလေး... ကျေးဇူးတင်ပါတယ်နော်...”
လျူရှောင်ရူမှာမူ အပြစ်ရှိသလို ခံစားလိုက်ရ၏။ ဤလက်ဆောင်မှာ အမှန်တကယ်တော့ နျိုနျို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် အဖွားကု၏ ပုံစံကို ကြည့်ရင်း သူမသည် နောင်တများဖြင့် ပြည့်နှက်နေသော မိန်းကလေးတစ်ဦးကို မြင်တွေ့နေရသလို သို့မဟုတ် ထင်း၊ ဆန်၊ ဆီ၊ ဆား တို့နှင့်အတူ နစ်မြုပ်ခဲ့ရသော ဘဝတစ်ဝက်ကို မြင်တွေ့နေရသလို ခံစားလိုက်ရလေသည်။ အဖွားကုသည် ပန်ကာကို သေတ္တာထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
ကုကျောက်က လက်လှမ်းပြီး ထိရန် ကြိုးစားသော်လည်း အဖွားကု၏ ရိုက်နှက်ခြင်းကို ခံလိုက်ရလေသည်။
ကုကျောက်သည် ခေါင်းနောက်ကို ပွတ်ကာ ပြောလိုက်၏။
“အဘွား... အဲ့ဒီ မြေပိုင်ရှင် အဘွားကြီးက အဘွားကို ယပ်တောင် မထိခိုင်းတာကို အခုထိ မှတ်မိနေတာလေ... အခု အဘွားက သားကို မထိခိုင်းရင်လည်း သားက အနှစ်အစိတ်လောက် မှတ်မိနေမှာပေါ့...”
အဖွားကုမှာ ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်သွားကာ ပြောလိုက်လေသည်။
“ဒီ ဝက်ပုတ်လေး... ဒီနေ့ ငါ နင့်ကို ရိုက်လိုက်တာကိုလည်း ဆယ်စုနှစ်နဲ့ချီပြီး မှတ်ထားလိုက်စမ်း...”
ချန်ဟယ်သည် လျူရှောင်ရူ၏ ငြင်းပယ်ခြင်းကို ခံရပြီး ချွန်းဖုန်းစားသောက်ဆိုင်သို့ ပြန်ရောက်သည်နှင့် လူခြေကုပ်ရန် တာဝန်ယူထားသော ကောင်လေး ပြေးလာလေသည်။
“သခင်ကြီး... တဲ့ရှန်စားသောက်ဆိုင် က ဆိုင်ရှင်လော် ကလည်း ဒီနေ့ နှပ်ဟင်းဆိုင်ကို သွားခဲ့ပါတယ်...”
ကောင်လေးက တုန်တုန်ယင်ယင်နှင့် ပြောလိုက်၏။ ချန်ဟယ်က အမှုမထားသလို ပြောလိုက်လေသည်။
“လော် မျိုးရိုးနဲ့လူတွေက ဟိုကို ခဏခဏ သွားနေကြတာပဲ မဟုတ်လား... သူတို့ကို ဂရုမစိုက်ပါနဲ့... စိတ်ထဲ ထားမနေနဲ့...”
ကောင်လေးက ပြောလိုက်၏။
“သူ ဒီနေ့ နှစ်ခါ သွားတာပါ... ဒုတိယအကြိမ် ပြန်ထွက်လာတော့ အရမ်း ပျော်နေတဲ့ ပုံပဲ...”
ချန်ဟယ်မှာ ကြောင်သွားရလေသည်။ ထိုအချိန်တွင် စားသောက်ဆိုင် တာဝန်ခံပြေးလာပြီး ပြောလိုက်လေသည်။
“သခင်ကြီး... မျက်နှာချင်းဆိုင်က တဲ့ရှန်စားသောက်ဆိုင် မှာ ကြော်ငြာတစ်ခု တင်ထားတယ်... မနက်ဖြန်ကစပြီး အကောင်းဆုံး နှပ်ဟင်းတွေကို ရောင်းမယ်တဲ့...”