အမြင်ကြည်လင်သူ
Vol. 12 Ch. 114
အဖွားကုသည် ကုယန်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြသွားလေသည်။
“ငါ့မြေးကြီးက မနေ့ကမှ အိမ်ကို စာပို့လိုက်တာလေ... ဒီနေ့တော့ ရောက်နေပြီလား...”
ကုယွင်သည် အနားသို့ အမြန်တိုးလာပြီး ချိုသာစွာ ပြောလိုက်၏။
“အဘွား... သား အဘွားကို လွမ်းနေတာလေ... အိမ်မှာ ခဏလေးတောင် ထပ်မစောင့်နိုင်တော့လို့ပါ...”
ကုယွင်သည် အဖွားကုအနားသို့ ချဉ်းကပ်ကာ ဖားယားနေပြီး သူ၏ ညာဘက်လက်ကို အဖွားကု၏ အင်္ကျီလက်ထဲသို့ ကျွမ်းကျင်စွာ နှိုက်လိုက်လေသည်။ အဖွားကုက သူ၏လက်ကို ပုတ်ထုတ်လိုက်ပြီး ပြောလိုက်၏။
“မင်းက ဘယ်လောက်ကြီးနေပြီလဲ... ငါ့ဆီက လာနှိုက်ပြီး စားချင်နေသေးတာလား... ရှိရင်တောင် မင်းအလှည့် မဟုတ်ဘူး...”
အဖွားကုသည် ထိုသို့ ပြောပြီးနောက် သူမ၏ အင်္ကျီလက်ထဲတွင် ဝှက်ထားသော ဖရုံစေ့တစ်ဆုပ်ကို နျိုနျိုအား ကမ်းပေးလိုက်လေသည်။ နျိုနျိုသည် ဖရုံစေ့များကို ရရှိသောအခါ ကျွမ်းကျင်စွာပင် ပုံနှစ်ပုံ ခွဲလိုက်ပြီး တစ်ဝက်ကို ကုကျောက်အား ပေးလိုက်၏။ ကလေးငယ် နှစ်ဦးမှာ ဖရုံစေ့များကို ကိုက်စားရင်း ကုယွင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြကုန်သည်။
“ကိုကိုယွင်... အစ်မကြီးတာ့ယာနဲ့ အစ်မလေးရှောင်ယာတို့ မပါဘူးလား...”
နျိုနျိုက မေးလိုက်၏။
ကုယွင်က ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ငါ တစ်ယောက်တည်း လာတာပါ... ဒါပေမဲ့ သူတို့က နင်တို့အတွက် ပစ္စည်းတွေ ထည့်ပေးလိုက်တယ်...”
“ကိုကို... သားအတွက်ရော ကောင်းတာတွေ ပါလား...”
ကုကျောက်က မျက်လုံးလေးများ တောက်ပလျက် မေးလိုက်၏။
ကုယွင်သည် အထုပ်ကြီးကို ဖြေလိုက်ပြီး အတွင်းမှ ပစ္စည်းများကို ထုတ်လိုက်လေသည်။
“ဒါက အိမ်က လုပ်ပေးလိုက်တဲ့ အချဉ်ထုပ်လေ... အဘွားနဲ့ ဒုတိယဒေါ်လေးအတွက်ပေါ့... ဒါကတော့ မေမေ ကိုယ်တိုင်လုပ်ထားတဲ့ ဘဲဥငန်တွေလေ... နျိုနျို စားချင်တယ်ဆိုလို့ ထည့်ပေးလိုက်တာ... ဒါကတော့ ပိုးကောင်အိုးလေ... ငါ ဒီမနက်စောစောကမှ ကိုယ်တိုင် ဖမ်းထားတာ... ဒါကတော့ တာ့ယာနဲ့ ရှောင်ယာက နျိုနျိုအတွက် ပေးလိုက်တဲ့ သဲအိတ်လေးတွေ... ပြီးတော့ သစ်အယ်သီး တစ်ထုပ်လည်း ပါသေးတယ်... ဒါက မနှစ်ကတည်းက သား အခြောက်လှမ်း သိမ်းထားတာလေ... ဦးလေးချန်က ထည့်ပေးလိုက်တာ...”
နျိုနျိုသည် အဝတ်စအစုတ်လေးများဖြင့် ချုပ်ထားသော သဲအိတ်ကလေး ခြောက်လုံးကို လက်မှ မချနိုင်အောင် ဖြစ်နေလေသည်။ တန်ဖိုးကြီး ပစ္စည်းများ မဟုတ်သော်လည်း ဝမ်းကွဲအစ်မ နှစ်ဦး အလွန်မြတ်နိုးသော ကစားစရာများ ဖြစ်ကြောင်း သူမ သိနေပေသည်။ အိမ်ထဲရှိ လူကြီးများမှာမူ အိမ်ကြီးဘက်မှ ရုတ်တရက် ရက်ရောလာခြင်းကို သတိပြုမိလိုက်ကြကုန်၏။ ကလေးငယ် နှစ်ဦးမှာမူ နားမလည်နိုင်ကြသေးပေ။
“ဦးလေးချန်က ဘာလို့ သစ်အယ်သီးတွေ ပေးတာလဲ...”
ကုကျောက်က မေးလိုက်၏။
နျိုနျိုကမူ အကြောင်းရင်းကို ဂရုမစိုက်ဘဲ ပြောလိုက်လေသည်။
“ဦးလေးချန်က တကယ် လူကောင်းပဲ...”
ကုယွင်က ပြုံးလျက် ရှင်းပြလိုက်၏။
“ဦးလေးက မေမေ့ကို အမြဲ အလိုလိုက်တာလေ... မေမေ မစဉ်းစားမိတဲ့ ကိစ္စတွေကို ဦးလေးက သေချာ စဉ်းစားပေးတတ်တယ်...”
အဖွားကုသည်လည်း သူမ၏ မောင်အရင်းဖြစ်သူ ဦးလေးချန်မှာ အမြဲတမ်း ကြိုးစားအားထုတ်သူ ဖြစ်ကြောင်း သိထားသဖြင့် ပြောလိုက်လေသည်။
“နင့်ဦးလေးက နင်တို့အပေါ် အရမ်းကောင်းတာ... သူ့ကျေးဇူးကို မှတ်ထားရမယ်နော်...”
ကုယွင် ခေါင်းညိတ်လိုက်၏။ အဖွားကုက ထပ်မေးလိုက်ပြန်သည်။
“နင့်မိဘတွေလည်း ဒီတစ်ခါတော့ ဦးနှောက်နည်းနည်း ရှိလာပုံရတယ်... တစ်ခုခုဖြစ်ရင် နင့်ဦးလေးကို အရင်မေးရမယ်ဆိုတာ သိသွားကြပြီကိုး...”
ကုယွင်က ခေါင်းနောက်ကို ပွတ်ရင်း ပြောလိုက်လေသည်။
“အဘွား... အဘွား အိမ်က မထွက်ခင်မှာ မေမေတို့ကို မှာသွားတယ်လေ... တစ်ခုခုဆို ဦးလေးကို အရင်တိုင်ပင်ပါဆိုတာ... သူတို့ အမြဲ မှတ်ထားကြပါတယ်... မနေ့က စာပို့တဲ့လူ ရောက်လာပြီးနောက်မှာ မေမေတို့နဲ့ ဦးလေးငယ်တို့ အကြာကြီး တိုင်ပင်ကြပြီးမှ သားကို မြို့ထဲ လွှတ်လိုက်တာပါ...”
အဖွားကုက ထပ်မေးလိုက်၏။
“ဦးလေးငယ်က တကယ်ပဲ သဘောတူတာ သေချာလား...”
ကုယွင်က ပြောပြလေသည်။
“ဦးလေးငယ်က အစတော့ သွားချင်နေတာပဲ... ဒါပေမဲ့ ဦးလေးချန်က မြို့ထဲမှာက အရာရာ ပိုက်ဆံပေးဝယ်ရတယ်လို့ ပြောလိုက်တော့မှ... ထားလိုက်ပါတော့ဆိုပြီး ဖြစ်သွားတာ...”
ကုလောဆန်းသည် ကုယွင်နှင့် မတူပေ။ သူ့တွင် ကလေးငယ် နှစ်ဦး ရှိနေသဖြင့် မြို့ထဲသို့ ယာယီဝန်ထမ်း သွားလုပ်မည်ဆိုလျှင် မိသားစုကိုပါ ခေါ်သွားရမည် ဖြစ်ရာ ကုန်ကျစရိတ်များမှာ နေရာအနှံ့ ရှိနေပေလိမ့်မည်။ ကုယွင်မှာမူ လူပျိုပေါက်လေး ဖြစ်သဖြင့် မည်သည့်နေရာတွင်မဆို နေနိုင်ပေသည်။ လူအချို့ စကားပြောနေစဉ်အတွင်း ကျန်းယွင်နန်သည် မီးဖိုချောင်မှ ခေါက်ဆွဲတစ်ပန်းကန် သယ်လာပြီး ပြောလိုက်၏။
“ခရီးပန်းလာမှာပဲ... အရင် တစ်ခုခု စားလိုက်ဦး...”
ကုယွင်သည် ခေါက်ဆွဲပန်းကန်ကို ယူလိုက်ပြီးနောက် အနံ့ခံကြည့်ကာ ပြောလိုက်လေသည်။
“ဒုတိယဒေါ်လေး ချက်တဲ့ ခေါက်ဆွဲက အရမ်းမွှေးတာပဲ... မေမေချက်တာက ဘာအရသာမှ မရှိဘူး...”
ကျန်းယွင်နန်၏ လက်ရာမှာ ထူးထူးခြားခြား မဟုတ်သော်လည်း ဟင်းချက်လျှင် ဆီနှင့် ဆားကို ရက်ရက်ရောရော သုံးတတ်ပေသည်။ ချန်ချွန်းဟွာမှာမူ အလွန် ချွေတာသူ ဖြစ်ရာ သူမ၏ သားအရင်းမှာပင် ဆီမပါ ဆားမပါသော လက်ရာကို ငြီးငွေ့နေရရှာ၏။
“နင့်မေမေက ဘယ်သူ့အတွက်နဲ့ ဒီလောက် ချွေတာနေရလဲဆိုတာကိုလည်း စဉ်းစားဦးလေ...”
ကျန်းယွင်နန်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။
ကုယွင်က ပြုံးလျက် ပြောလိုက်၏။
“ဒုတိယဒေါ်လေး ပြောတာက မေမေ ပြောတဲ့ စကားနဲ့ တစ်ပုံစံတည်းပဲ...”
အဖွားကုက ကျန်းယွင်နန်အား ပြောလိုက်လေသည်။
“ယွင်နန်... နျိုနျိုနဲ့ အားကျောက်တို့ အိပ်ချင်နေကြပြီ... သူတို့ကို သွားသိပ်လိုက်ဦး...”
ကျန်းယွင်နန်သည် အဘွားအိုမှာ ကုယွင်အား ပြောစရာရှိသည်ကို သိသဖြင့် ကလေးနှစ်ဦးနှင့် လျူရှောင်ရူကိုပါ ခေါ်ကာ အပြင်သို့ ထွက်လာခဲ့၏။ အဖွားကုသည် အခန်းထဲရှိ အဘိုးကုကို ကြည့်လိုက်ရာ အဘိုးကုသည်လည်း နားလည်စွာဖြင့် လက်ထဲမှ ပစ္စည်းကို ကိုင်ကာ အပြင်သို့ လိမ္မာစွာ ထွက်သွားလေသည်။
“နင့်မိဘတွေကို ပိုက်ဆံပြင်ခိုင်းလိုက်တာ... သူတို့ ပေးလိုက်ရဲ့လား...”
အဖွားကုက ခေါက်ဆွဲစားနေသော မြေးကြီးအား မေးလိုက်၏။
ကုယွင်သည် စားနေသည်ကို ရပ်လိုက်ပြီး သူ၏ အဝတ်စုတ်ကလေးများထဲမှ ငွေ ငါးတုံးကို ထုတ်ပေးလိုက်လေသည်။
“ဘာလို့ ဒီလောက် အများကြီး ရလာတာလဲ... နင့်မေမေ စိတ်ဓာတ်တွေ ပြောင်းသွားလို့လား...”
အဖွားကုမှာ အံ့သြသွားရချေပြီ။
သူမ မူလက တွေးထားသည်မှာ ဤနေရာလွတ်ကို ကိုယ့်လူကို ပေးသင့်သော်လည်း အိမ်ကြီးဘက်မှ အလကား အမြတ်ထုတ်မည်ကို မလိုလားသဖြင့် မြို့ဝန်ရုံး ယာယီဝန်ထမ်း နေရာအတွက် ငွေ နှစ်တုံး ပေးရမည်ဟု စာပို့လိုက်ခြင်း ဖြစ်ပေသည်။
အစ်ကိုကြီးကုနှင့် ညီလေးကုတို့မှာ အိမ်ထောင်ဦးစီးများ ဖြစ်ကြသဖြင့် မြို့ထဲသို့ လာရန် မသင့်တော်သော်လည်း ၁၅ နှစ်အရွယ် ကုယွင်မှာမူ အခြေအနေအရ သင့်တော်သည့်အပြင် မိသားစု ဝန်ထုပ်ဝန်ပိုးလည်း ကင်းဝေးသူ ဖြစ်လေသည်။ အဖွားကု မျှော်လင့်ထားသော အဆိုးဆုံး အခြေအနေမှာ ကုယွင် လက်ဗလာဖြင့် ရောက်လာခြင်းသာ ဖြစ်သော်လည်း ယခုအခါ အိမ်ကြီးဘက်မှ အသိဉာဏ် ရှိလာသည်ကို သူမ မထင်ထားခဲ့ပေ။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူမ အထင်ကြီးလွန်သွားကြောင်း သိလိုက်ရ၏။
“ဦးလေးက မေမေ့ကို ဆူလိုက်တာလေ... နောက်တစ်ခါ ထပ်ပြီး ကပ်စေးနည်းနေဦးမယ်ဆိုရင်... မောင်နှမ အဆက်အသွယ် ဖြတ်မယ်လို့ ပြောလိုက်တာ...”
ကုယွင်က ပြောပြလေသည်။ အဘွားအို သက်ပြင်းချလိုက်မိ၏။
“ဦးလေးက မေမေ့ကို စာရင်းတွက်ပြတယ်လေ... သား မြို့ဝန်ရုံးမှာ ခြေကုပ်ရချင်ရင် ဒီငွေ နှစ်တုံးကို ပေးကို ပေးရမယ်တဲ့... ပြီးတော့ ကျန်တဲ့ သုံးတုံးကိုလည်း ဒုတိယဦးလေးကို ပေးရမယ်တဲ့... ပထမအချက်က ကိစ္စတွေကို စီစဉ်ပေးတဲ့အတွက် ဒုတိယဦးလေးကို ကျေးဇူးတင်တဲ့အနေနဲ့ပေါ့... ဒုတိယအချက်က သား ဒုတိယဦးလေး အိမ်မှာ နေရမှာဆိုတော့ အလကား စားပြီး အလကား နေလို့ မဖြစ်ဘူးလေ... အလုပ်တွေကိုလည်း ဝိုင်းလုပ်ပေးရမယ်လို့ မှာလိုက်တယ်...”
အဖွားကုက ညင်သာစွာ မေးလိုက်၏။
“အားယွင်... နင့်ဦးလေး ပြောတာ မှန်တယ်လို့ ထင်လား...”
ကုယွင်က ပြောလိုက်လေသည်။
“အဘွား စိတ်မပူပါနဲ့... သားက မေမေ့လို မဟုတ်ပါဘူး... ဒုတိယဦးလေးက သားရဲ့ ဦးလေးအရင်းမို့လို့ သားအပေါ် ကောင်းတာပါ... ဒါပေမဲ့ ရွာထဲမှာ ဦးလေးနဲ့ တူ ရန်သူလို ဖြစ်နေကြတာတွေ အများကြီး ရှိတာပဲ... ဒုတိယဦးလေးက သားအပေါ် ဘာမှ အကြွေးမတင်ပါဘူး... သူက သားအပေါ် ကောင်းမှတော့ သားကလည်း သူ့အပေါ် ပိုပြီး ကျေးဇူးဆပ်ရမှာပေါ့...”
ကုယွင်သည် ရွာတွင် ရှိစဉ်က တစ်နေကုန် အပြင်မှာသာ နေတတ်သဖြင့် ချန်ချွန်းဟွာ၏ လွှမ်းမိုးမှုကို အနည်းငယ်သာ ခံခဲ့ရပေသည်။ မိသားစု ခွဲပြီးနောက်တွင်လည်း သူသည် လူမှုဆက်ဆံရေး၏ အေးစက်မှုများကို ခံစားခဲ့ရဖူးလေသည်။ ကုမိသားစု ခွဲဝေရာတွင် ဒုတိယအိမ်မှာ ပိုင်ဆိုင်မှု ဘာမှ မရရှိခဲ့သဖြင့် အကြောင်းစုံ မသိသူများက အိမ်ကြီးနှင့် ဒုတိယအိမ် ဆက်ဆံရေး အလွန်ဆိုးရွားသည်ဟု ထင်ခဲ့ကြ၏။ အိမ်ကြီးဘက်မှ မိဘများကိုပင် မလုပ်ကျွေးသဖြင့် ရွာသားများ၏ ကဲ့ရဲ့ခြင်းကိုလည်း ခံခဲ့ရပေသည်။
မူလက ချန်ချွန်းဟွာသည် ကုယွင်အတွက် မိန်းကလေးတစ်ဦးကို သဘောကျထားသော်လည်း ထိုမိသားစုကလည်း ချက်ချင်းပင် မျက်နှာလွှဲသွားခဲ့လေသည်။ ကုယွင်သည် သူ့မိဘများထက် ဒုတိယဦးလေး၏ အရေးပါမှုကို ပို၍ ရှင်းလင်းစွာ သိမြင်ထားသူ ဖြစ်ပေသည်။
အဖွားကုသည် သူမ၏ မြေးကြီးမှာ အမြင်ကြည်လင်သူ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားပြီး ပြောလိုက်လေသည်။
“တော်ပါသေးရဲ့... မင်းက နင့်ဦးလေးနဲ့ တူလို့...”