စားသောက်ပွဲသို့
Vol. 12 Ch. 115
နောက်တစ်နေ့ ညနေပိုင်းတွင် ကုမိသားစုဝင် အားလုံးမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ အပြင်ထွက်ရန် ပြင်ဆင်နေကြကုန်၏။ ကုယွင်ပင်လျှင် အဝတ်အစား အသစ်များကို လဲလှယ်ဝတ်ဆင်ထားလေသည်။ ကုမိသားစုမှာ စည်းကမ်းမရှိဘဲ တဲ့ရှန်စားသောက်ဆိုင်သို့ ထမင်းသွားစားကြခြင်း မဟုတ်ပေ။
မနေ့က ညနေပိုင်းတွင် ဆိုင်ရှင်လော်ကိုယ်တိုင် ကုမိသားစုအိမ်သို့ လာရောက်ကာ မိသားစုဝင် အားလုံးကို ဖိတ်ကြားစာဖြင့် လေးလေးနက်နက် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ စိတ်အားထက်သန်မှုမှာ ကုယွင်ကို ဖိတ်ရုံသာမက ကုမိသားစုတွင် ခွေးတစ်ကောင် ရှိနေလျှင်ပင် ထိုခွေးကိုပါ စားသောက်ပွဲသို့ ခေါ်လာရန် ဖျောင်းဖျမည့် ပုံမျိုးပင်။ သူတစ်ပါးက စိတ်အားထက်သန်နေမှတော့ မိသားစုဝင်များကလည်း လေးလေးနက်နက် တုံ့ပြန်ကြရမည်။
အပြင်မထွက်မီ ကျန်းယွင်နန်သည် ကုကျောက်၏ အဝတ်အစားများကို လဲပေးပြီး နျိုနျို၏ ဆံပင်များကို အသစ်ပြန်လည် ပြင်ဆင်ပေးလိုက်၏။
“ပြောရရင် နျိုနျိုက အခုမှ စားသောက်ဆိုင်ကြီးမှာ သွားစားဖူးမှာနော်...”
ကုမင်တာ့က ပြုံးလျက် ပြောလိုက်လေသည်။
နျိုနျိုသည် မိဘများက သူမနှင့် ပတ်သက်လျှင် အလေးထား ဂရုစိုက်ကြသည်ကို အလွန် သဘောကျပေသည်။
“ပထမဆုံး သွားစားရင် ဘာတွေ သတိထားရမလဲဟင်...”
နျိုနျိုက မော့ကြည့်ကာ မေးလိုက်၏။
ကုကျောက်သည် မကောင်းသော အမှတ်တရများကို သတိရသွားသကဲ့သို့ မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်လေသည်။
“ပန်းကန်တွေ မခွဲနဲ့ဦး... ခွဲရင် လျော်ရလိမ့်မယ်... သားရဲ့ နှစ်သစ်ကူး မုန့်ဖိုးတွေတောင် အကုန် ပါသွားပြီလေ...”
ကျန်းယွင်နန်က နျိုနျို၏ ခေါင်းကို ပွတ်ကာ ပြောလိုက်၏။
“ထွေထွေထူးထူး မရှိပါဘူး... ဗိုက်ဝအောင် စားဖို့ပဲ မှတ်ထားလိုက်...”
ကုကျောက်မှာ နားမလည်နိုင် ဖြစ်သွားပြီး မေးလိုက်လေသည်။
“ဘာလို့ သူ့ကိုကျ ပန်းကန်မခွဲဖို့ မသင်ပေးတာလဲ...”
ကျန်းယွင်နန်က သားငယ်၏ ခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်၏။
“နျိုနျိုက မင်းမှ မဟုတ်တာ... သူက ပန်းကန်တွေ ဘယ်ဟာ ပိုမာလဲဆိုပြီး မြေကြီးနဲ့ ရိုက်ခွဲမယ့်လူ မဟုတ်ဘူး...”
ကုကျောက်က ခေါင်းကို ပွတ်ရင်း ပြောလိုက်လေသည်။
“သားက သိချင်လို့ စမ်းကြည့်တာကို...”
ကျန်းယွင်နန်က သူ့ကို ဂရုမစိုက်တော့ဘဲ နျိုနျိုအား မှာကြားလိုက်၏။
“သမီးလေး... သမီးက လက်လေးတွေတိုတယ်လေ... လှမ်းမမီတဲ့ ဟင်းတွေရှိရင် မေမေ့ကို ပြော... အားမနာနဲ့နော်... သိလား...”
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်လိုက်လေသည်။ အဖွားကုကလည်း ကုယွင်အား မှာကြားလိုက်၏။
“မင်းလည်း မကြာခင် မြို့ဝန်ရုံးကို သွားရတော့မယ်... ကလေး မဟုတ်တော့ဘူး... ထမင်းစားရင် ယဉ်ယဉ်ကျေးကျေး စားနော်...”
ကုယွင် ခေါင်းညိတ်လိုက်ပြီး နျိုနျိုကို တစ်ချက်ကြည့်ကာ တိုးတိုးလေး မေးလိုက်လေသည်။
“အဘွား... သားလည်း စားသောက်ဆိုင်ကြီးမှာ ပထမဆုံး စားဖူးတာလေ... တခြား မှာစရာ ရှိသေးလား...”
အဖွားကုက ပြောလိုက်၏။
“အများကြီး ပြောရင်လည်း မင်း မှတ်မိမှာ မဟုတ်ပါဘူး... ယဉ်ကျေးအောင်ပဲ နေ... တခြားဟာ မလုပ်တတ်ရင် နင့်ဒုတိယဦးလေးကို ကြည့်ပြီး လိုက်လုပ်...”
ကုယွင် ခေါင်းညိတ်လိုက်လေသည်။ အဖွားကုက ထပ်ပြောလိုက်၏။
“မင်း မြို့ဝန်ရုံး ရောက်သွားရင် နှစ်ရက် သုံးရက် တစ်ခါ စားသောက်ဆိုင် သွားရမှာပဲ... ကျင့်သားရအောင် နေလိုက်တော့...”
ကုယွင်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာလေသည်။ အဖွားကုက သူ့ကို ရိုက်လိုက်ပြီး ပြောလိုက်၏။
“စားဖို့ပဲ သိတယ်... များများ ဖတ်ပြီး များများ သင်ဦး... မြို့ဝန်ရုံးက လူတွေလို ပြည်သူကို နှိပ်စက်ပြီး နင့်ဦးလေး နာမည်ကို ဖျက်ရင်တော့... ငါ ဘယ်လို ဆုံးမမလဲဆိုတာ တွေးထားလိုက်...”
ကုယွင်က အမြန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“အဘွား... သားအကြောင်း အဘွား သိသားနဲ့... သားက သတ္တိအနည်းဆုံးပါ... အဲ့လိုမျိုးတွေ မလုပ်ရဲပါဘူး...”
တဲ့ရှန်စားသောက်ဆိုင်သို့ ရောက်သောအခါ ဆိုင်ရှင်လော်မှာ တံခါးဝတွင် စောင့်ကြိုနေလေသည်။ ကုမိသားစုဝင်များကို လှမ်းမြင်သည်နှင့် သူက အပြေးအလွှား လာရောက် ကြိုဆိုလေ၏။
“အဘွားအို... ဒီနေ့ ကြည့်လို့ အရမ်းကောင်းနေပါလား... ပညာရှိကု... ခင်ဗျားရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ... ဒီနေ့မှ လူကိုယ်တိုင် တွေ့ရတော့တာပဲ... သခင်ကြီးချန်က ခင်ဗျားအကြောင်း ချီးကျူးတာ မဆုံးဘူးဗျာ...”
ဆိုင်ရှင်လော်သည် စကားတတ်သူ ဖြစ်ရာ လူတိုင်းကို အစွမ်းကုန် ချီးကျူးလေသည်။ ကုယွင်ပင်လျှင် လူရည်ချောလေးဟု ချီးကျူးခံရလေ၏။ လူကြီးများမှာ သူတို့ကို အလေးထား ဆက်ဆံခံရခြင်းကို အကြိုက်ဆုံး ဖြစ်ရာ အဖွားကုသည် ဆိုင်ရှင်လော်၏ အပြုအမူကို အလွန် သဘောကျပြီး ပြုံးပျော်နေလေတော့သည်။
ချန်ဟယ်၏ ချွန်းဖုန်းစားသောက်ဆိုင်မှာ တဲ့ရှန်စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်တွင် ရှိလေသည်။ မျက်နှာချင်းဆိုင်တွင် နှပ်ဟင်းများကို စတင် ရောင်းချနေပြီ ဖြစ်သဖြင့် သူကမူ နောက်ဆုံး မျှော်လင့်ချက်လေး ထားနေဆဲ ဖြစ်၏။ သူ မျှော်လင့်နေသည်မှာ ထိုနှပ်ဟင်းများမှာ ကုမိသားစု၏ နှပ်ဟင်းများ မဟုတ်ပါစေနှင့် ဟူ၍ ပင်။ စားသောက်ဆိုင် ဝန်ထမ်းတစ်ဦး အဝတ်အစားလဲကာ မျက်နှာချင်းဆိုင်မှ နှပ်ဟင်းတစ်ပန်းကန် သွားဝယ်လာလေသည်။
ချန်ဟယ် မြည်းကြည့်လိုက်သောအခါ သူ၏ မျှော်လင့်ချက်များ အကုန် ပျက်သုဉ်းသွားရလေတော့၏။ မနေ့က သူသည် လျူရှောင်ရူ၏ ဆဲဆိုခြင်းကို ခံခဲ့ရသဖြင့် တဲ့ရှန်စားသောက်ဆိုင် ကိစ္စကိုပင် မမေးမြန်းနိုင်ဘဲ ထွက်ပြေးခဲ့ရလေသည်။ သို့သော် တဲ့ရှန်စားသောက်ဆိုင်တွင် နှပ်ဟင်းများ ဘာကြောင့် ဈေးပေါနေရသလဲ ဆိုသည်ကိုမူ သူ စဉ်းစားမရ ဖြစ်နေ၏။ ဈေးနှုန်းမှာ ကုမိသားစု ဆိုင်နှင့် အတူတူပင် ဖြစ်သဖြင့် တဲ့ရှန်စားသောက်ဆိုင်မှာ အမြတ် လုံးဝ ရလိမ့်မည် မဟုတ်ပေ။
“ဒီကောင်မက ဆိုင်ရှင်လော်ကို သဘောကျလို့ ဈေးလျှော့ရောင်းပေးတာလား...”
ချန်ဟယ်သည် စိတ်ထဲမှ ထိုသို့ ထင်ကြေးပေးနေမိလေသည်။
နောက်တစ်စက္ကန့်တွင်မူ ချန်ဟယ် မျက်လုံးများ ပြူးကျယ်သွားရ၏။ သူသည် ချွန်းဖုန်းစားသောက်ဆိုင်၏ ပြတင်းပေါက်မှနေ၍ မျက်နှာချင်းဆိုင် လမ်းမပေါ်သို့ လှမ်းကြည့်လိုက်ရာ ဆိုင်ရှင်လော်က ကုမိသားစုဝင်များကို တဲ့ရှန်စားသောက်ဆိုင်ထဲသို့ ဖိတ်ခေါ်နေသည်ကို မြင်လိုက်ရလေသည်။ ဆိုင်ရှင်လော်၏ ဘေးတွင် ရပ်နေသော လျူရှောင်ရူသည် ပန်းရောင် နွေဦးအင်္ကျီကို ဝတ်ဆင်ထားပြီး နျိုနျိုကိုလည်း အရောင်တူ ဝတ်စုံလေးဖြင့် ပွေ့ချီထားလေသည်။
ပြင်ပလူများသာ မြင်လျှင် သူတို့အား မိသားစု သုံးဦးဟု ထင်မှတ်ကြပေလိမ့်မည်။
ချန်ဟယ်သည် ဒေါသကြောင့် တစ်ကိုယ်လုံးရှိ သွေးများ ခေါင်းသို့ ဆောင့်တက်လာသလို ခံစားလိုက်ရ၏။ သူသည် ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။ သူသည် လျူရှောင်ရူအတွက် အများကြီး ရင်းနှီးခဲ့ရပြီး ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား။ ယခုကဲ့သို့ အဖြစ်အပျက်မှာ သူ့ကို နောက်ကျောမှ လက်သီးဖြင့် အထိုးခံလိုက်ရသလို ခံစားရစေလေသည်။
သူသည် လူများကို ဆုံးမရန် အကြံအစည်များ ထွက်ပေါ်လာပြီး စားသောက်ဆိုင် တာဝန်ခံကို ခေါ်ကာ ပြင်ဆင်ခိုင်းလေတော့သည်။
သို့သော် တာဝန်ခံက ပြောပြလေသည်။
“သခင်ကြီး... မေ့သွားပြီလား... နှပ်ဟင်းဆိုင်ရဲ့ နောက်ကွယ်မှာ ခေါင်းဆောင်ချန် ရှိနေတာလေ... လူအမျိုးမျိုးက နှုတ်ဆက်ထားကြတော့... တို့တွေ လွယ်လွယ်နဲ့ လှုပ်ရှားလို့ မရဘူး... ဆိုင်ရှင်လျူက အခုလို လုပ်လိုက်တော့... ခေါင်းဆောင်ချန်ကို ရန်စမိသလို ဖြစ်သွားနိုင်တယ်...”
ချန်ဟယ် အနည်းငယ် စိတ်အေးသွားပြီးမှ သူသည် ဘာကြောင့် အစကတည်းက အတင်းအကျပ် မလုပ်ဘဲ လျူရှောင်ရူကို
ချစ်ပြရန် ဟန်ဆောင်ခဲ့ရသလဲ ဆိုသည်ကို သတိရသွားလေသည်။
“အဲ့ဒီကောင်မက ငါ့ဆီက ပစ္စည်းတွေ အများကြီး ယူထားတာပဲ... ဒါကို ဒီအတိုင်း မထားနိုင်ဘူး...”
ချန်ဟယ်က ရက်စက်စွာ ပြောလိုက်လေသည်။
တာဝန်ခံသည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့ကာ မသိချင်ယောင် ဆောင်နေလိုက်၏။ သူ စိတ်ထဲမှ ကဲ့ရဲ့မိသည်မှာ စားသောက်ဆိုင် မီးဖိုချောင်မှ လုပ်ထားသော မုန့်အချို့ကို ပေးထားရုံနှင့် ငွေကုန်ကြေးကျ အများကြီး ရှိလှသည်ဟု ဟန်ဆောင်နေခြင်းကိုပင်။
“ဒီအတိုင်းတော့ အပြီးမခံနိုင်ဘူး...”
ချန်ဟယ်သည် ဒေါသထွက်နေဆဲ ဖြစ်သော်လည်း လူအများကို မရန်စရဲသဖြင့် ပြောလိုက်လေသည်။
“သူ့ရဲ့ နာမည်ကို ဖျက်ဆီးပစ်ရမယ်... နောက်ကျရင် သူ ဘယ်လို နောက်အိမ်ထောင်ပြုမလဲ ကြည့်ရသေးတာပေါ့... ငါ့ကို မယူဘဲနဲ့ အဲ့ဒီ လော် မျိုးရိုးနဲ့လူကို ယူဖို့တော့ စိတ်ကူးမယဉ်နဲ့...”
ချွန်းဖုန်းစားသောက်ဆိုင်၏ အပြင်အဆင်မှာ ခမ်းနားထည်ဝါမှုကို ဦးစားပေးသော်လည်း တဲ့ရှန်စားသောက်ဆိုင်မှာမူ ကျန်းနန်ပုံစံဖြစ်ပြီး အတွင်းပိုင်း အပြင်အဆင်မှာ အနုစိတ်ကာ ပို၍ လွတ်လပ်မှု ရှိလေသည်။ စားသောက်ဆိုင် ခန်းမဆောင် ရှိသော်လည်း စားပွဲဝိုင်းများ မရှိဘဲ သီးသန့်ခန်းများသာ ရှိလေသည်။ အဝင်ဝ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ငါးကန်ကြီးများ ရှိပြီး ကလေးအများအပြားမှာ ကူးခတ်နေသော ရွှေငါးလေးများကို စိတ်ဝင်တစား ကြည့်နေကြကုန်၏။ နျိုနျိုနှင့် ကုကျောက်တို့သည်လည်း ငါးကန်ဘေးတွင် ကပ်ကာ အထဲသို့ ငေးကြည့်နေကြလေသည်။
“နင်က အရမ်း လှတာပဲ...”
နျိုနျိုက ငါးကန်ထဲမှ ရွှေငါးလေးကို ကြည့်ကာ ရေရွတ်လိုက်၏။ ရွှေငါးလေးမှာ သူ၏အမြီးကို လှပစွာ လှုပ်ခါပြလေသည်။ နျိုနျိုက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
“သူ သမီးကို ပြန်ထူးနေတာ...”
“ရွှေငါးက နင့်ကို ပြန်ထူးနေတာ မဟုတ်ဘူး... ငါ ကျွေးတဲ့ အစာကို စားရလို့ ပျော်နေတာ...”
ထိုအသံကို ကြားသဖြင့် နျိုနျို မော့ကြည့်လိုက်ရာ ကုကျောက်ထက် ခေါင်းတစ်ဝက်ခန့် ပုသော ကောင်လေးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုကောင်လေးသည် ဖြူစင်နုနယ်သော အသားအရေနှင့် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားပြီး နျိုနျိုကို မကြည်မလင် မျက်နှာထားဖြင့် ကြည့်နေလေသည်။
နျိုနျို ဘာမှ မပြောရသေးမီ ကုကျောက်က ညီမလေးရှေ့မှ ကာကွယ်ပြီး ပြောလိုက်လေသည်။
“ငါ့ညီမလေးက လူချစ်လူခင် အပေါဆုံးပဲ... ရွှေငါးက သူ့ကို ပြန်ထူးနေတာ မှန်တယ်...”
ထိုကောင်လေးမှာ မျက်မှောင်ကြုတ်လိုက်ပြီး ကုကျောက်ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။
“မင်းက ငါးမှ မဟုတ်တာ... ငါးက ပျော်နေတယ်ဆိုတာ မင်း ဘယ်လို သိမှာလဲ...”
ဤ စာအုပ်ကြီးအတိုင်း ပြောဆိုမှုများမှာ ကုကျောက်၏ နားထဲတွင် နားမလည်နိုင်သော စကားများသာ ဖြစ်ပေသည်။ သူသည် စိတ်ထဲမှ နေလို့မကောင်းသော အရာများကို မကြားချင်ဟန် ဆောင်လိုက်ပြီး နျိုနျိုအား လှည့်ပြောလိုက်လေသည်။
“သူ့နား မကပ်နဲ့... အဘွား ပြောဖူးတယ်... ငတုံးတွေနဲ့ အတူမဆော့ရဘူးတဲ့...”