လူကယ်ခြင်း
Vol. 12 Ch. 118
ကုမင်တာ့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသားအား ညွှန်ပြကာ ထိုသူကို သိသလား သို့မဟုတ် ဆွေမျိုးတော်စပ်သလားဟု မေးမြန်းလိုက်၏။
“သူက လူကုန်ကူးတဲ့သူပဲ...”
ကောင်လေးက ပြောပြောဆိုဆိုဖြင့် မြေပြင်မှ ထကာ လူကုန်ကူးသူကို ပြင်းပြင်းထန်ထန် လှမ်းကန်လိုက်လေသည်။
သို့သော် အားအင်ကုန်ခမ်းနေသောကြောင့် ထိုသူအား မလှုပ်ရှားစေနိုင်ရုံသာမက မိမိကိုယ်တိုင်ပင် လဲကျတော့မလို ဖြစ်သွားရရှာ၏။
ကုယွင်သည် တုန်တုန်ယင်ယင်ဖြင့် နောက်တစ်ယောက် ထပ်သေသွားပြီလားဟု မေးလိုက်လေသည်။
သူသည် မြို့ဝန်ရုံးတွင် ယာယီဝန်ထမ်းလုပ်ရန် မျှော်လင့်နေသော်လည်း ယခုအခါ ကြောက်ရွံ့လာပေပြီ။ မြို့ကြီးပြကြီးတွင် လူသေမှုများ အလွယ်တကူ ဖြစ်ပွားတတ်သဖြင့် သူ လန့်နေခြင်းပင်။
ကုမင်တာ့သည် ထိုင်ချလိုက်ပြီး လူသုံးဦး၏ နှာခေါင်းဝတွင် အသက်ရှူခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်လိုက်၏။ ထို့နောက် အားလုံး အသက်ရှင်သေးကြောင်းနှင့် သမားတော်ထံ အရင်ပို့ရမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
ကုယွင်သည် လူကြီးကို အရင် ဆွဲယူသွားရန် ပြင်ဆင်လေ၏။
ကုမင်တာ့က သူ့ကို လှမ်းခေါ်လိုက်သည်။ ဒီတူဖြစ်သူမှာ ထက်မြက်သယောင် ရှိသော်လည်း ဦးနှောက်မှာမူ သိပ်မသုံးနိုင်သေးပေ။
“သူ့ခါးပတ်ကို ဖြုတ်လိုက်...”
ကုမင်တာ့က အမိန့်ပေးလိုက်၏။
ကုယွင် ခဏမျှ ကြောင်သွားပြီးမှ သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်လေသည်။
“ဟုတ်တယ်... လူကုန်ကူးတဲ့သူတွေက အရမ်း ရွံစရာကောင်းတာပဲ... ဒီလိုလူမျိုးကို အဝတ်အစားတွေ ချွတ်ပြီး လမ်းပေါ်မှာ ပတ်ပြရမှာ...”
ကုမင်တာ့ သက်ပြင်းတစ်ချက် ရှူလိုက်ပြီး ထိုသူ၏ ခါးပတ်နှင့် ထိုသူ့ကိုပင် ပြန်တုပ်ထားရန် ပြောခြင်းဖြစ်ကြောင်း ရှင်းပြလိုက်ရ၏။
ကုယွင်က အံ့သြစွာဖြင့် မေးလိုက်လေသည်။
“ဗျာ...”
“သူ့ခါးပတ်နဲ့ မချည်ရင် မင်းခါးပတ်ကို ဖြုတ်ပေးမှာလား...”
ကုမင်တာ့က ဆိုလိုက်သည်။
ကုယွင်သည် လူကုန်ကူးသူ၏ ခါးပတ်ကို အလျင်အမြန် ဖြုတ်ယူလိုက်သော်လည်း အထုံးချည်သည့်အခါတွင်မူ ထပ်မံ ကြောင်နေပြန်၏။
ကုမင်တာ့ မတတ်သာတော့ဘဲ ရှေ့သို့တိုးကာ ဝက်သတ်ရာတွင် သုံးသော ဝက်လက်ကွင်း အထုံးဖြင့် ချည်နှောင်လိုက်လေသည်။ ဤနည်းဖြင့် ချည်ထားလျှင် ရုန်းလေလေ တင်းလေလေ ပင် ဖြစ်ချေသည်။
ကုယွင်သည် ဒုတိယဦးလေး၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ပြီး အရာရာကို မည်သို့ သိနေရသလဲဟု မေးလိုက်မိလေသည်။
“အိမ်မှာ ဝက်သတ်တာကို ခဏခဏ ကြည့်ဖူးရင် သိတာပဲလေ...”
ကုမင်တာ့က ပြန်ဖြေလိုက်၏။
ကုယွင်သည် ဒုတိယဦးလေးမှာ ကုမိသားစုတွင် အားကိုးရဆုံးသူ ဖြစ်ရခြင်းမှာ ပညာရှိ တစ်ယောက်ဖြစ်သော်လည်း ဝက်သတ်နည်းကအစ အကုန်လေ့လာထားသောကြောင့် ဖြစ်မည်ဟု တွေးတောနေမိလေသည်။
ကုမင်တာ့သည် ကုယွင်အား ထိုအမျိုးသားကို ဆွဲခေါ်ခိုင်းပြီး သူကမူ လူကို ထုခဲ့သော ဆန်အိတ်နှင့် ကေးနှစ်ဦးကို ပွေ့ချီလိုက်၏။
“နောင်ကျရင် ဒီလိုအခြေအနေမျိုးနဲ့ တွေ့ရင် လူကယ်ဖို့က အရေးကြီးပေမဲ့ ကိုယ့်လုံခြုံရေးကိုလည်း အလေးထားရမယ်... လက်နက် တစ်ခုခု ဆောင်ထားတာ အကောင်းဆုံးပဲ... အရေးကြီးရင် အသက်ကယ်နိုင်တယ်... သိလား...”
ကုမင်တာ့က နူးညံ့စွာ မှာကြားလိုက်လေသည်။
ကုယွင်မှာ ခေါင်းကို တွင်တွင်ညိတ်လိုက်၏။ သူ မြို့ထဲ မလာခင်က ဦးလေးဖြစ်သူက တစ်ခုခုဆို ဒုတိယဦးလေး စကားကို နားထောင်ရန် မှာကြားထားခဲ့သည် မဟုတ်ပါလား။
မိသားစုဝင်များနှင့် ပြန်ဆုံသောအခါ အားလုံး ဝိုင်းကူပြီး လူသုံးဦးကို သမားတော်ထံ ပို့ဆောင်လိုက်ကြကုန်၏။
သမားတော်သည် ထိုမြင်ကွင်းကို မြင်သောအခါ လန့်သွားပြီး ဘာတွေဖြစ်ကုန်တာလဲဟု မေးမြန်းရှာလေသည်။
လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်မှာ သတိမေ့နေပြီး နှစ်ယောက်မှာ သွေးချင်းချင်းနီနေသဖြင့် ညဘက်တွင် မြင်ရသူတိုင်း ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ကုမိသားစုဝင်များသည် ရုန့်ရင်းကြမ်းတမ်းသော ပုံစံမျိုး မဟုတ်သဖြင့်သာ သမားတော်က တံခါးဖွင့်ပေးခဲ့ခြင်းပင်။
“ဒီလူက လူကုန်ကူးတဲ့သူပါ... ကလေးနှစ်ယောက်ကို သူက လုပ်လိုက်တာ...”
ကုမင်တာ့က အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။
သမားတော်သည် ထိုစကားကို ကြားသောအခါ စိတ်အေးသွားပြီး ကလေးနှစ်ဦးကို အရင် ကုသပေးလိုက်၏။ ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာများမှာ မပြင်းထန်လှပေ။
ကလေးနှစ်ဦးကို ဆေးထည့်ပေးပြီးနောက် လူကုန်ကူးသူကို မလိုလားဟန်ဖြင့် ကြည့်ကာ မည်သို့သောသူမျိုးမို့ ကယ်နေရတာလဲဟု မေးမြန်းလေသည်။
ကုမင်တာ့က မြို့ဝန်ရုံးမှလူများ လာရောက်စစ်ဆေးနိုင်ရန် အသက်ရှင်နေဖို့ လိုအပ်ကြောင်း ရှင်းပြလိုက်ရ၏။
သမားတော်သည် လူကုန်ကူးသူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ခဏတဖြုတ်တော့ မသေသေးကြောင်း ပြောလိုက်လေသည်။
သမားတော်သည် ဆေးဖော်စပ်ပေးသော ကောင်လေးအား မီးဖိုထဲမှ ပြာများကို ယူခိုင်းကာ လူကုန်ကူးသူ၏ မျက်နှာပေါ်သို့ ဖြစ်သလို ဖြူးခိုင်းလိုက်၏။
သူသည် အပ်ဖြင့်လည်း မထိုး၊ ဆေးလည်း မဖော်ပေးဘဲ ကံတရားအတိုင်းသာ ထားလိုက်လေသည်။ ဘေးတွင် လူများသာ ကြည့်မနေလျှင် လူကုန်ကူးသူ၏ မျက်နှာကို တံတွေးနှင့်ပင် ထွေးပစ်ချင်နေပေလိမ့်မည်။
“ဒါ စာဂျပိုးလေးနဲ့ သူ့နောက်လိုက်လေးပဲ...”
ကုကျောက်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။
စောစောက မျက်နှာတွင် သွေးများ ပေနေသဖြင့် မမှတ်မိသော်လည်း ယခုအခါ မျက်နှာ သန့်ရှင်းသွားသဖြင့် ခွဲခြားရ လွယ်ကူသွားခြင်း ပင်။
ကုမင်တာ့က ထိုကလေးနှစ်ဦးကို သိသလားဟု မေးလိုက်၏။
ကုကျောက်က ခေါင်းညိတ်ပြပြီး စာဂျပိုးလေးမှာ အလွန် နားငြီးဖို့ကောင်းကြောင်းနှင့် ညီမလေးကိုလည်း အနိုင်ကျင့်ခဲ့ကြောင်း ပြောပြလေသည်။
ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ သတိမေ့နေသော ကောင်လေးကို မကြည်မလင် ကြည့်လိုက်မိ၏။
နျိုနျိုကမူ သူ အနိုင်ကျင့်ခြင်း မဟုတ်ဘဲ အယူအဆ မတူရုံသာ ဖြစ်ကြောင်းနှင့် သူ တကယ် အနိုင်ကျင့်ခဲ့သူမှာ သူ့ညီလေးသာ ဖြစ်ကြောင်း အမြန် ဝင်ပြောပေးလိုက်လေသည်။
ကောင်လေးသည် နျိုနျိုကို ဆဲဆိုခဲ့ခြင်း မဟုတ်ဘဲ ငြင်းခုံခဲ့ခြင်းသာ ဖြစ်ပေသည်။ နောက်ပိုင်းတွင် ကုကျောက်ကိုသာ ဆဲဆိုခဲ့ခြင်း ဖြစ်၏။
ကုကျောက်က ရင်ကော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
“သူ ဆဲတာ ဘာထူးမှာလဲ... ငါက ယဉ်ကျေးတဲ့သူလေ... သူပြောတာတွေကိုလည်း နားမလည်တော့... ငါ့ကို ဆဲတယ်လို့တောင် မသတ်မှတ်ဘူး...”
ကုကျောက်၏ ထူးခြားသော အတွေးအခေါ်ကြောင့် ရှိနေသူအားလုံးမှာ ဆွံ့အသွားကြရလေတော့သည်။
“သူက တဲ့ရှန်စားသောက်ဆိုင်က ဧည့်သည်ဆိုတော့... မနက်ဖြန်ကျရင် သူ့မိဘတွေကို ရှာရတာ မခက်လောက်ပါဘူး...”
ကုမင်တာ့သည် ပြောပြီးနောက် မိသားစုဝင်များကို သမားတော်အိမ်တွင် စောင့်ခိုင်းထားခဲ့ကာ သူနှင့် ကုယွင်တို့မှာ မြို့ဝန်ရုံးသို့ ထွက်လာခဲ့ကြကုန်၏။
ထူးဆန်းသည်မှာ အမြဲတမ်း တိတ်ဆိတ်နေတတ်သော မြို့ဝန်ရုံးမှာ ယနေ့ညတွင် မီးများ လင်းထိန်နေခြင်း ပင် ဖြစ်လေသည်။
ကုမင်တာ့သည် အထဲသို့ ဝင်လိုက်သည်နှင့် လူဖမ်းရန် အလျင်အမြန် ထွက်လာသော ခေါင်းဆောင်ချန်နှင့် တိုးလေတော့၏။
“ညီလေးကု... ညဉ့်နက်ကြီး ဘာကိစ္စရှိလို့လဲ... တစ်ခုခု ဖြစ်လို့လား...”
အေးစက်လှသော နွေဦးဦးပိုင်း ညဉ့်အခါတွင် ခေါင်းဆောင်ချန်မှာ အလွန် အလုပ်ရှုပ်နေသဖြင့် ချွေးများပင် ထွက်နေရှာ၏။ သို့သော် ကုမင်တာ့အား စိုးရိမ်သဖြင့် စိတ်ရှည်စွာ ရပ်မေးလေသည်။
ကုမင်တာ့သည် သူ့နောက်မှ ကုယွင်အား ညွှန်ပြလိုက်၏။
“ဒါ ကျွန်တော့်တူ ကုယွင် ပါ...”
ခေါင်းဆောင်ချန်က ကုယွင်ကို ခေါင်းညိတ်ပြကာ မြို့ဝန်ရုံးတွင် ယာယီဝန်ထမ်းလုပ်မည့် ကောင်လေး မဟုတ်လားဟု မေးမြန်းလိုက်လေသည်။ သူက မနက်ဖြန်မှ ပြန်လာရန်နှင့် ယနေ့ညတွင်မူ အရေးကြီးသော ရုံးကိစ္စရှိသဖြင့် မြို့ဝန်မင်းနှင့် တွေ့ပေးရန် အချိန်မရှိကြောင်း ပြောပြ၏။
ခေါင်းဆောင်ချန်၏ နောက်ကွယ်မှ အိမ်ထိန်းပုံစံနှင့် လူလတ်ပိုင်း အမျိုးသားမှာမူ ခေါင်းဆောင်ချန် ရပ်စကားပြောနေသည်ကို မကျေမနပ် ဖြစ်နေပြီး လူရှာရန်မှာ ပိုအရေးကြီးကြောင်း တိုက်တွန်းနေလေသည်။
ခေါင်းဆောင်ချန်မှာ မျက်နှာပျက်သွားရရှာ၏။
ကုမင်တာ့က ပြောလိုက်လေသည်။
“အစ်ကိုချန်... အလုပ်က ပိုအရေးကြီးပါတယ်... တခြားလူနဲ့ တွေ့လည်း ရပါတယ်... ဒါပေမဲ့ ကျွန်တော့်တူက လူကုန်ကူးတဲ့သူကို ဖမ်းမိပြီး ကလေးနှစ်ယောက်ကို ကယ်ထားလို့ပါ...”
ခေါင်းဆောင်ချန်သည် ထိုစကားကို ကြားသည်နှင့် ထွက်ခွာရန် ပြင်ထားသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကုမင်တာ့၏ လက်ကို တင်းကျပ်စွာ ဆွဲကာ ကလေးများ ဘယ်မှာလဲဟု အသည်းအသန် မေးမြန်းလေတော့၏။
အိမ်ထိန်းဖြစ်သူကလည်း ကလေးများသည် မည်မျှအရွယ်လဲ၊ ပုံစံက မည်သို့လဲ၊ မည်သည့်အဝတ်အစားများ ဝတ်ထားသလဲဟု ထပ်မံ မေးမြန်းပြန်လေသည်။
ကုယွင်မှာမူ ထိုမေးခွန်းများကြောင့် ခေါင်းထဲ ဗလာ ဖြစ်သွားရရှာ၏။ ကလေး မည်သည့်အရာ ဝတ်ထားသလဲ ဆိုသည်ကို ထားလိုက်ဦး၊ မျက်နှာကိုပင် သေချာ မမှတ်မိတော့ချေ။
ကုမင်တာ့ကမူ တည်ငြိမ်စွာဖြင့် ပြောပြလိုက်လေသည်။
“ကလေး နှစ်ယောက်ပါ... တစ်ယောက်က ခြောက်နှစ် ခုနစ်နှစ်လောက် ရှိပြီး... နောက်တစ်ယောက်က ဆယ်နှစ်ဝန်းကျင်ပါ... အငယ်လေးက အသားဖြူပြီး ဘယ်ဘက်မျက်လုံးအောက်မှာ မှဲ့ပါပါတယ်... ဝါးပင်ပုံစံ ပန်းထိုးထားတဲ့ အဝတ်အစားတွေ ဝတ်ထားပါတယ်... ပိတ်သားကတော့ ပွင့်ရိုက် ပိုးထည် ဖြစ်ရပါမယ်...”
“သူပဲ... ကျွန်တော့် သခင်လေးပဲ...”
အိမ်ထိန်းဖြစ်သူမှာ ဝမ်းသာလွန်းသဖြင့် ငိုရှာလေတော့သည်။
ကုယွင်သည် ဒုတိယဦးလေးအား အံ့သြတကြီး ကြည့်နေမိ၏။ ဒုတိယဦးလေးက ခဏတာအတွင်းမှာပင် ထိုမျှ အသေးစိတ်ကျလှသော အချက်အလက်များကို မည်သို့ မှတ်မိသွားသလဲ ဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေရလေတော့သည်။