← Chapters

တပည့်ခံခြင်း

Vol. 12 Ch. 119

တပည့်ခံခြင်း

Vol. 12 Ch. 119

နျိုနျိုသည် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မသိလိုက်ပေ။ သမားတော်အိမ်မှ မှိန်ပျပျ ဖယောင်းတိုင်မီးနှင့် စာဂျပိုးလေး၏ မျက်ရည်စများနှင့် အိပ်ပျော်နေသော မျက်နှာကိုသာ နောက်ဆုံး မှတ်မိနေတော့၏။

သူမ နိုးလာသောအခါ အပြင်ဘက်တွင် မိုးလင်းနေချေပြီ။ ခြံဝင်းထဲတွင်လည်း နှပ်ဟင်းနံ့များ အမြဲ သင်းပျံ့နေလေသည်။

မိဘများမှာ စောစောစီးစီး နိုးနေကြပြီဖြစ်ရာ သူမသည် မည်သူ့ကိုမျှ မခေါ်တော့ဘဲ အဝတ်အစားများကို ကိုယ်တိုင် ဝတ်ဆင်လိုက်လေသည်။

ကုတင်ပေါ်မှ ဆင်းကာ ခြံထဲသို့ လျှောက်လာသည်နှင့် ဟားဟားဟားဟား ဆိုသော အသံများကို ကြားလိုက်ရ၏။

နျိုနျို မျက်လုံးကို ပွတ်ကာ ကြည့်လိုက်ရာ မြို့ဝန်ရုံး ဝတ်စုံ ဝတ်ထားသော ကျောပြင်တစ်ခုကို တွေ့လိုက်ရလေသည်။

ထိုသူသည် လက်ထဲတွင် ဓားတစ်စင်းကို ကိုင်ကာ အားပါပါ ဝှေ့ယမ်းနေပြီး နောက်လှည့်ကြည့်လိုက်သောအခါ ဆံပင်ဖရိုဖရဲနှင့် ဖြစ်နေသော နျိုနျိုကို မြင်သွားလေသည်။

“အဘွား... နျိုနျို နိုးပြီ...”

ကုယွင်က အိမ်ထဲသို့ လှမ်းအော်လိုက်၏။

အဖွားကုသည် ချက်ချင်း ပြေးထွက်လာကာ နျိုနျို၏ လက်ကို ဆွဲပြီး ပြောလိုက်လေသည်။

“မေမေက ဆိုင်ကို စောစော သွားနှင့်ပြီလေ... အဘွားက မြေးလေးအတွက် ကြက်ဥစွပ်ပြုတ် လုပ်ပေးထားတယ်... ခဏနေရင် ဆံပင်စည်းပေးမယ်နော်...”

နျိုနျိုသည် အဖွားကုနောက်သို့ လိမ္မာစွာ လိုက်သွားလေသည်။

အဖွားကုက ကုယွင်ကို လှည့်ပြီး ဆဲဆိုလိုက်ပြန်၏။

“အခုပဲ အပြင်ထွက်ရတော့မှာကို... မနက်စောစောစီးစီး ဘာတွေ အော်နေတာလဲ... ချွေးတွေ ထွက်ကုန်ရင် ဘယ်လိုလုပ်မလဲ...”

ကုယွင်က ရယ်လျက် ခေါင်းနောက်ကို ပွတ်နေမိလေသည်။

ကုကျောက်ကမူ ထောင့်တစ်နေရာမှ ပြေးထွက်လာပြီး ဓားကြီးကို သူလည်း ကစားချင်ကြောင်း အော်ဟစ်နေတော့၏။

ကုယွင်သည် ဓားကို အမြန် အိမ်ထဲ ပြန်ထည့်လိုက်ရလေသည်။

“ဒါ ကလေးကစားစရာ မဟုတ်ဘူး... နောက်ကျရင် ကိုကို သစ်သားဓား လုပ်ပေးမယ်လေ...”

ကုယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ကုကျောက်ကမူ အစစ်နှင့်သာ ကစားချင်ကြောင်း ပြောနေလေသည်။

ကုယွင်သည် ကုကျောက်၏ နဖူးကို ဖွဖွလေး တောက်လိုက်ပြီး ပြောလိုက်လေသည်။

“မင်းက ငါ့လောက် အရွယ်ရောက်မှ ကလေး မဟုတ်တော့မှာလေ...”

ကုကျောက်က စိတ်ဆိုးမာန်ဆိုးဖြင့် နောက်ဆို အတူတူ မဆော့တော့ကြောင်း ပြောလိုက်လေသည်။

ကုမင်တာ့သည် အချိန်တန်ပြီ ဖြစ်သဖြင့် အိမ်ထဲမှ ထွက်လာကာ ကုယွင်ကို ခေါ်လိုက်၏။

ကုယွင်က လမ်းသိသဖြင့် တစ်ယောက်တည်း သွားနိုင်ကြောင်းနှင့် ဒုတိယဦးလေး၏ စာကျက်ချိန်ကို မနှောင့်ယှက်လိုကြောင်း ပြောသော်လည်း ကုမင်တာ့ကမူ ထင်သလောက် မရိုးရှင်းကြောင်း ပြောလိုက်လေသည်။

ကုယွင် အဝတ်အစား ပြင်ဆင်နေစဉ် ကုမင်တာ့ မီးဖိုချောင်ထဲသို့ ဝင်လာ၏။

နျိုနျိုသည် သူ့ကို မြင်သည်နှင့် မနေ့က ကလေးနှစ်ယောက်ကို ကူညီပေးနိုင်ခဲ့သလားဟု မေးမြန်းလိုက်လေသည်။

ကုမင်တာ့ ခေါင်းညိတ်ပြလိုက်ရာ နျိုနျိုက ဖေဖေသည် အတော်ဆုံး ဖြစ်ကြောင်း ချီးကျူးလိုက်လေသည်။

ကုမင်တာ့သည် နှိမ့်ချစွာဖြင့် ပြောသော်လည်း သမီးဖြစ်သူ၏ ချီးကျူးစကားများကြောင့် အလွန် ပျော်ရွှင်နေမိ၏။

“နျိုနျိုလည်း တော်တာပါပဲ... နျိုနျိုရဲ့ နားက စူးရှလို့ပေါ့... မဟုတ်ရင် တို့တွေ တွေ့မှာ မဟုတ်ဘူး...”

ကုမင်တာ့က ပြုံးလျက် ပြောလိုက်လေသည်။

နျိုနျိုသည် သူမက လူဆိုးကို မရိုက်နိုင်ခဲ့သဖြင့် အတော်ဆုံး မဟုတ်ကြောင်း ပြောသော်လည်း ကုမင်တာ့ကမူ ကလေးတစ်ယောက်အနေဖြင့် မိဘကို ချက်ချင်း အသိပေးခြင်းမှာပင် အတော်ဆုံး ဖြစ်ကြောင်း နှစ်သိမ့်လိုက်၏။

နျိုနျိုသည် အားတက်သွားပြီး အရပ်ရှည်အောင် ထမင်းများများ စားမည်ဟု ကတိပေးလိုက်လေသည်။

ကုမင်တာ့သည် သမီးဖြစ်သူကို အားပေးပြီးနောက် ဘာစားချင်လဲဟု မေးမြန်းလိုက်၏။

နျိုနျိုကမူ အိမ်တွင် ဟင်းများ အများကြီး ရှိသဖြင့် ဝယ်မစားရန်နှင့် ဖေဖေ စာအုပ်ဝယ်ရန် ပိုက်ဆံစုထားရန် လိမ္မာစွာ ပြောရှာလေသည်။

သမီးဖြစ်သူ၏ လိမ္မာပုံကို ကြည့်ပြီး ဖခင်ဖြစ်သူမှာ ကြည်နူးမဆုံး ဖြစ်နေရ၏။

ဆန့်ကျင်ဘက် အနေဖြင့် ကုကျောက်ကမူ စားချင်သည်များကို တတွတ်တွတ် မှာနေတော့၏။

ကုမင်တာ့သည် သားငယ်၏ သွားမကောင်းသဖြင့် အချိုများ မစားရန် တားမြစ်လိုက်လေသည်။

နောက်ဆုံးတွင် ကုကျောက်သည် မြင်းခွာကိတ် စားချင်ကြောင်း အော်ဟစ်ကျန်ရစ်ခဲ့လေတော့သည်။

ယနေ့ မြို့ဝန်ရုံးမှာမူ အလွန် တိတ်ဆိတ်နေလေ၏။

ခေါင်းဆောင်ချန်သည် မျက်ကွင်းညိုညိုကြီးများဖြင့် ကုမင်တာ့အား မနေ့က မြို့ဝန်မင်းက လူကုန်ကူးသူကို တစ်ညလုံး စစ်ဆေးခဲ့ကြောင်းနှင့် ထိုသူမှာ အပြင်းအထန် နှိပ်စက်ခံထားရသဖြင့် ယခုအခါ အသက်ငင်နေပြီ ဖြစ်ကြောင်း ပြောပြလိုက်လေသည်။

ဤစကားများထဲတွင် အချက်အလက်များစွာ ပါရှိပေသည်။ လူကုန်ကူးသူကို ဖမ်းမိထားမှတော့ ဝန်ခံခိုင်းရန် မခက်ခဲလှပေ။ သို့သော် အပြင်းအထန် နှိပ်စက်ခြင်းမှာမူ ထိုကလေးနှစ်ဦး၏ နောက်ခံမှာ မသေးလှကြောင်း ဖော်ပြနေပေသည်။

ကုမင်တာ့က ထိုကလေးနှစ်ဦးမှာ မည်သည့်မိသားစုမှလဲဟု မေးမြန်းလိုက်ရာ ခေါင်းဆောင်ချန်က သူ့နားနားသို့ ကပ်၍ တိုးတိုးလေး ပြောပြလိုက်၏။

ကုမင်တာ့ ထိုစကားကို ကြားသောအခါ အလွန် အံ့သြသွားရလေသည်။ ထိုကလေးများသည် ထိုမျှအထိ နောက်ခံကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ခေါင်းဆောင်ချန်သည် ပင်ပန်းနေသော်လည်း ကလေးနှစ်ဦးကို ပြန်ရှာတွေ့ခဲ့သဖြင့် ဝမ်းသာနေလေသည်။

ကုယွင်မှာမူ သူတို့ပြောနေသည်များကို နားမလည်ဘဲ ကြောင်ကြည့်နေမိ၏။

ခေါင်းဆောင်ချန်က ကုယွင်အား ဝတ်စုံနှင့် ကြည့်ရသည်မှာ သူတို့လို လူအိုကြီးများထက် ပို၍ တက်ကြွလှကြောင်း ချီးကျူးလိုက်လေသည်။

ကုမင်တာ့က နှိမ့်ချစွာ ပြန်ပြောပြီးနောက် ခေါင်းဆောင်ချန်အား ကုယွင်ကို တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုလိုက်လေသည်။

ကုယွင်သည် ချက်ချင်းပင် ဒူးထောက်ကာ ဆရာအဖြစ် ရိုသေစွာ ဂါရဝပြုလိုက်လေတော့သည်။

All Chapters