← Chapters

နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်

Vol. 9 Ch. 886

နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်

Vol. 9 Ch. 886

ထိုအချက်အား တွေးမိသောအခါ ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ လွန်စွာ ရှားပါးသော ဉာဏ်ကြီးရှင်တစ်ယောက်ဟု သတ်မှတ်လိုက်လေသည်။

" ဟုတ်တယ်။ ဒီလူတွေ ကံဆိုးရင်တော့ ငါ အခေါက်တိုင်း ကျရှုံးမှာပဲ။ ဟမ့်၊ ဒီကောင်ကြီးတွေ အပိုင်းပိုင်းအစစဖြစ်သွားအောင်ကို ဖောက်ခွဲပစ်ဦးမယ် "

သူသည် လွန်စွာ စိတ်လှုပ်ရှားနေလျက် ဆက်လက်၍ မီးတောက်ဖန်တီးလိုက်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းရှိလူတိုင်းမှာ စောစောက မြင်လိုက်ရသည့်အရာကြောင့် ဉာဏ်ပွင့်သွားကြပြီး မန္တန်အစီအရင်ထဲသို့ တတ်နိုင်သမျှ အားကုန် ထည့်သွင်းလိုက်ရာ အက်ကြောင်းများက အလိုအလျောက် အလျင်အမြန်ပြန်လည်ကောင်းမွန်သွားသည်။

တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးတို့နှစ်ယောက်မှာ စောစောက ကြုံလိုက်ရသည့် မီးပင်လယ်ကြီးကြောင့် ကြောက်ကြောက်လန့်လန့်ဖြစ်ကာ ချီတုံချတုံဖြစ်နေတော့သည်။

" ခွေးမသား ပိုင်ရှောင်ချန်း "

ချိန်ဟဲ့ထျန်သည် အံတင်းတင်းကြိတ်လျက် မဟာတံတိုင်းမှာရှိစဥ်က ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများအား ပြန်တွေးမိလိုက်သည်။ သူက မျက်မှောင်ကြုတ်လျက် ရှေ့တစ်လှမ်းတက်လိုက်ရာ မန္တန်အစီအရင်ဒိုင်း၏အရှေ့တွင် ပေါ်လာ၏။ သူ့မျက်လုံးများမှာ အေးစက်စက်အလင်းများ တဖျပ်ဖျပ်လက်နေလျက် ဒိုင်းဆီသို့ ချိန်ရွယ်၍ လက်ကို ဝှေ့ယမ်းလိုက်သည်။

ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့နှစ်ယောက်သည်လည်း ရှေ့တက်ကာ မန္တန်အစီအရင်အား တိုက်ခိုက်လိုက်ကြသည်။

တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးမှာ ချက်ချင်းပင် စိုးရိမ်ပူပန်မှုများ လျော့နည်းသွားပြီး ပူးပေါင်းလိုက်ကြ၏။ တခဏအတွင်း နတ်အဆင့်ကျင့်ကြံသူငါးဦးက မန္တန်အစီအရင်ဒိုင်းကာအပေါ်သို့ တိုက်ကွက်များ အဆက်မပြတ် ထုတ်လွှတ်လိုက်ကြသည်။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ရင်ထဲတွင် ပူပန်သောကများ ကြီးထွားလာလေပြီ။ သွေးဘိုးဘေးကြီးနှင့် ဘရူဆာတို့က ဒိုင်းကာဆီပျံတက်လိုက်ကြပြီး တတ်နိုင်သမျှအားအကုန်သုံးကာ အားဖြည့်ပေးလိုက်ကြသည်။

တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းနေသည်။ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံးက အလယ်ပိုင်းနတ်အဆင့်တွင်ရှိပြီး အခြားခေါင်းဆောင်ကြီးနှစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သည်။ သူတို့အားလုံးထုတ်လွှတ်နေသည့်တိုက်ကွက်များက ဧရာမလက်ကြီးများက ဒိုင်းကာကို ဖိနှိပ်လာသည့်အလား ဖြစ်နေတော့သည်။

မန္တန်အစီအရင်မှာ တသိမ့်သိမ့်တုန်သွားပြီး ပုံပျက်ရှုံတွကာ လှိုင်းဂယက်များ ပျံနှံ့လာတော့သည်။ အက်ကြောင်းများ ပိုမိုပွင့်ထွက်လာရာ မရေမတွက်နိုင်သော အဏ္ဏဝါခေါ်သံဂိုဏ်းသားများ သွေးများအန်သွားတော့သည်။ ၄င်းမှာ နတ်အဆင့်ကျင့်ကြံသူငါးဦး၏တိုက်ကွက်ကို မန္တန်အစီအရင်မှ ခုခံကာကွယ်နိုင်သမျှအကုန် ဖြစ်ပေသည်။ သိသာထင်ရှားစွာပင် ၄င်းသည်ကား တခဏအတွင်း ပြိုကျပျက်စီးပေတော့မည်။

ပိုင်ရှောင်ချန်းမှာ သီးသန့်အခန်းထဲတွင် ရူးမတတ်ဖြစ်နေသည်။ ယခုအခါ သူ့ထံတွင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ငါးခုနှင့် ဆယ့်နှစ်ရောင်ခြယ်မီးတောက်သုံးခုရှိရာ တွေဝေတွန့်ဆုတ်မနေဘဲ ဒိုင်းအပြင်ဘက်သို့ လှမ်းပစ်လိုက်သည်။

သူက နတ်ဘုရားအာရုံကို ဂရုတစိုက်သုံးကာ ၎င်းတို့အားလုံးကို မတည်မငြိမ်ဖြစ်စေလိုက်ပြီး ချက်ချင်း ပေါက်ကွဲသွားစေလိုက်သည်။

ပြင်းထန်သောပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ဧရာမမီးပင်လယ်ကြီးတစ်စင်း ပျံ့နှံ့လာတော့သည်။ ပထမတစ်ခုနှင့် မယှဥ်နိုင်ပါသော်လည်း အံသြဖွယ်ကောင်းနေသေးသည်။ အမှန်တွင် ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက ပြင်ဆင်ထားခဲ့၍ တိုက်ကွက်ကို ရှောင်တိမ်းနိုင်လိုက်သည်။

" ဟမ့် " ချိန်ဟဲ့ထျန်က အေးစက်စက် နှာမှုတ်လိုက်၏။

“ အချိန်ဆွဲနေတယ်ပေါ့လေ။ ကောင်းပြီ။ မင်းမှာ အဲဒီမီးလုံးတွေဘယ်လောက်ရှိမလဲ ကြည့်ကြတာပေါ့ "

သူက နောက်ထပ်တိုက်ကွက်ထုတ်ရန် ပြင်လိုက်စဥ်မှာပင် သွေးဘိုးဘေးကြီးက ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ဆီသို့ လက်များကို တွန်းထုတ်လိုက်သည်။ ဘရူဆာသည်လည်း ထိုနည်းတူပင်။

အမှန်တကယ်ဆိုရလျှင် ဂိုဏ်းရှိ ဝိညာဥ်သားရဲများအားလုံး အပြေးအလွှားလာကြပြီး ဂိုဏ်း၏ အကာအကွယ်ကို အထောက်အပံ့ပေးရန် အားကုန်သုံးလိုက်ကြသည်။

မီးပင်လယ်ပျောက်ကွယ်သွားသည့်အချိန်မှာပင် မန္တန်အစီအရင်ဒိုင်းကာသည် နောက်တစ်ကြိမ် ပြန်ဆက်သွားပြန်သည်။

ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက လှစ်ခနဲလှုပ်ရှားလိုက်ကြပြီး မန္တန်အစီအရင်အား နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြပြန်သည်။ သို့သော် မန္တန်အစီအရင်မှာ ကြောက်ခမန်းလိလိ တည်ငြိမ်နေခဲ့ပြီး ပိုင်ရှောင်ချန်းက မီးလုံးများအား အဆက်မပြတ် ပစ်ပေါက်နေသည်။

ချိန်ဟဲ့ထျန်၏ ဒေါသများ မြင့်တက်လာပြီး ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့သည်လည်း အလားတူ ဒေါသူပုန်ထနေတော့သည်။ အထူးသဖြင့် လီရှမ်းတောက်။ သူသည် ရောင်စုံမီးတောက်များအား မျက်ဝါးထင်ထင်မြင်နေရသည့်အတွက် အံ့အားသင့်နေသည်။

မြေရိုင်းဒေသတွင် ရှိခဲ့သည့်အတောအတွင်း ပိုင်ရှောင်ချန်းက ရောင်စုံမီးတောက်အမျိုးအစားများစွာကို အောင်မြင်ခဲ့သည်မှာ အတိုင်းထက်အလွန် အံသားသင့်ဖွယ်ကောင်းလွန်းလှ၍ ခေါင်းခဲစရာကြီးတစ်ခု ဖြစ်နေတော့သည်။

" သေစမ်း၊ ရောင်မီးတောက်တစ်ခုကိုတောင် အဖိုးမဖြတ်နိုင်ဘူး။ ဒီကောင် အသုံးအဖြုန်းကြီးတာ ယုံတောင် မယုံနိုင်ဘူးကွာ "

" ဒီကောင် ပိုင်ရှောင်ချန်းက မြေရိုင်းဒေသမှာ ဒီလောက်များတဲ့ ဝိညာဥ်တွေ ဘယ်လိုများရခဲ့ပါလိမ့် "

နတ်အဆင့်ကျင့်ကြံသူများသည် အံသြတုန်လှုပ်နေကြသည်သာမက အဆက်မပြတ်ပေါက်ကွဲမှုများကြောင့် မန္တန်အစီအရင်ထံမှ တွန်းထုတ်ခံနေကြရတော့သည်။ အကျိုးဆက်အနေဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဒိုင်းကာမှာ အချိန်နှင့်အမျှ ဆက်လက်အားကောင်းလာတော့သည်။

နတ်အဆင့်ကျင့်ကြံသူငါးယောက်မှာ အတူတကွပူးပေါင်းသည့်တိုင် အလယ်ပိုင်းဒေသဂိုဏ်းတစ်ဂိုဏ်း၏ မန္တန်အစီအရင်ကို ဖောက်မထွက်နိုင်သည့်အချက်ကြောင့် ဒေါသမီးများ တောက်လောက်လာတော့သည်။

သီးသန့်အခန်းထဲရှိ ပိုင်ရှောင်ချန်းမှာ စိုးရိမ်ပူပန်နေသလို မျှော်လင့်ချက်များလည်း ရှင်သန်လာတော့သည်။ ယခုအခိုက်အတန့်တွင် သူသည် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်အား ဖန်တီးခြင်းနှင့် အပြင်ဘက်ရှိတိုက်ပွဲကို နားစွင့်ကာ ရောင်စုံမီးတောက်များပစ်ပေါက်ခြင်းတို့အကြား စိတ်အာရုံကို ခွဲထားသည်။

သူသည် ရောင်စုံမီးတောက်တစ်ပုံတခေါင်း ဖန်တီးခဲ့သော်လည်း များစွာတောင့်ခံနိုင်မည် မဟုတ်ပေ။ သို့သော် အချိန်ဆွဲရန်အတွက် သူ့မှာ အခြားနည်းလမ်းမရှိချေ။ သူက နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်အားဖန်တီးရန် တတ်နိုင်သမျှအစွမ်းကုန်ကြိုးစားနေပြီး အနှောင့်အယှက်များ ရှိနေပါသော်လည်း ယခုအခါ မီးတောက်ကို ဖိနှိပ်ခြင်းဆောင်ရွက်နေပြီဖြစ်သည်။

၄င်းက ကျုံ့လာစဥ် မီးတောက်ရှိ မရေမတွက်နိုင်သော အရောင်များ ပြင်းပြင်းထန်ထန် ဖျတ်ဖျတ်လူးလာ၏။ ပိုင်ရှောင်ချန်းက အသက်ကိုအောင့်ထားပြီး နောက်ထပ်အရောင်ကို ရှာနေစဥ် ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက မန္တန်အစီအရင်အပေါ် တိုက်ကွက်များ ထပ်မံ ထုတ်လွှတ်လိုက်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ ပါးစပ်မျာမှ သွေးများပန်းထွက်သွားပြီး အများစုမှာ အားနည်းသွားကြလေပြီ။ မန္တန်အစီအရင်ကား သိသိသာသာပင် များစွာတောင့်ခံနိုင်တော့မည်မဟုတ်ပေ။ ပိုင်ရှောင်ချန်းက အော်ဟစ်၍ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် သုံးခုနှင့် ဆယ့်ကိုးရောင်ခြယ်မီးတောက် တစ်ခုအား ပစ်ပေါက်လိုက်သည်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှာ မြင်လိုက်သည်နှင့် အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေပြီး ၄င်းပေါက်ကွဲသွားသောအခါ ထုတ်လွှတ်လိုက်သည့် ပြင်းထန်သော အပူအားများကြောင့် ချိန်ဟဲ့ထျန်နှင့် အခြားသူများမှာ နောက်သို့ဆုတ်ခွာသွားကြသည်။

" လခွမ်းတဲ့မှပဲ "

ပိုင်ကျိမ်းထျန်က အော်ဟစ်လိုက်သည်။

" ဒီကောင်မှာ ဒီလောက်များတဲ့ ရောင်စုံမီးတောက်တွေ ဘယ်လိုလုပ်ရှိနေရတာတုံး "

" ဒီ မန္တန်အစီအရင်ကို ချိုးနှိမ်ပစ်လိုက်စမ်း " ချိန်ဟဲ့ထျန်က ကြိမ်းမောင်း၏။

" သူ့လက်ထဲ ရောင်စုံမီးတောက်တွေ ရှိနေရင်တောင်မှ ဂိုဏ်းထဲမှာတော့ သုံးရဲမှာ မဟုတ်ဘူး"

" ဒီအစီအရင်ကို ဖျက်စီးပစ် "

လီရှမ်းတောက်က အော်ဟစ်လိုက်၏။

ထို့နောက် နတ်အဆင့်ကျင့်ကြံသူသုံးယောက်က တွေဝေတွန့်ဆုတ်မနေဘဲ ရှင်းမြစ်ခေါင်းဆောင်ကြီး၊ တာအိုမြစ်ခေါင်းဆောင်ကြီးတို့နှင့်အတူ မန္တန်အစီအရင်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားသည်။

သူတို့က ပြင်းထန်သော အပူလှိုင်းများအား ရဲဝင့်စွာရင်ဆိုင်၍ အနီးကပ်သွားကာ ဒိုင်းထဲသို့ စွမ်းအားကြီးနတ်ဘုရားစွမ်းရည်များ ပို့လွှတ်လိုက်သည်။

ပေါက်ကွဲသံများ မြည်ဟည်းသွားပြီး ဒိုင်းကာမှာ ထပ်မံ မတောင်ခံနိုင်တော့ဘဲ ပျက်စီးသွားလေသည်။

အဆင့်နိမ့် ဂိုဏ်းသားများမှစ၍ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် ဘရူဆာ တိုင်အောင် အဏ္ဏဝါခေါ်သံဂိုဏ်းတပ်ဖွဲ့အားလုံး၏ ပါးစပ်များမှ သွေးများ ပန်းထွက်လာတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသာများ၏ နှလုံးသားများထဲတွင် စိတ်ပျက်အားငယ်ခြင်းများ လွှမ်းမိုးသွားစဥ် တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးက ဂိုဏ်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လာကြလေသည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက မီးပင်လယ်ထဲမှာ အရောင်အသစ်အား တွေ့လိုက်ရသည်။ သူက အတွင်းထဲသို့ နတ်ဘုရားအာရုံများ ကပျာကယာပို့လွှတ်ပြီး နှစ်ဆယ်တစ်ခုမြောက် အရောင်ကို ဖမ်းဆုပ်ခြင်း အောင်အောင်မြင်မြင်ပြီးဆုံးသွား၏။

ထို့နောက် မီးပင်လယ်ထဲမှ အရှိန်အဝါကြီးမားသော အငွေ့အသက်များ ထွက်ပေါ်လာရာ မိုးကောင်းကင်မှာ မှေးမှိန်သွားပြီး လေပြင်းများ တိုက်ခတ်လာတော့သည်။ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို ရယူထားခဲ့သည့် နတ်အဆင့်ကျင့်ကြံသူငါးယောက်၏ စိတ်ဆန္ဒမှာ ရုတ်တရက် ဧရာမလက်ကြီး၏တွန်းထုတ်ခြင်းခံလိုက်ရသည့်အလား နောက်သို့လွင့်ထွက်သွားသည်။

ရောင်စုံမီးတောက်များက ညအမှောင်ထုအတွင်း ထွန်းလင်းတောက်ပလာသည့်အလား ဖြစ်လာရာ နတ်အဆင့်ကျင့်ကြံသူများမှာ ပြင်းထန်သော သေစေနိုင်သည့် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်ပြီး မျက်နှာပျက်သွားတော့သည်။

ထိုကပ်ဘေးကြီး၏ အရင်းခံက အဏ္ဏဝါခေါ်သံဂိုဏ်း၏ တံခါးပိတ်ကျင့်ကြံရာအခန်းတစ်ခုဆီမှ ဖြစ်သည်။ ယင်းအခန်းသည်ကား ပိုင်ရှောင်ချန်း မီးတောက်ဖန်တီးနေသည့်နေရာက လွဲ၍ တခြားမဟုတ်ပေ။ နတ်အဆင့်ကျင့်ကြံသူများမှာ နောက်မဆုတ်ချင်သော်လည်း ထိုနေရာမှ ဖြန့်ကျက်လာသည့် ပြိုးပြိုးပြက်ပြက်အလင်းရောင်များကြောင့် သူတို့ရင်ထဲတွင် အန္တရာယ်အငွေ့အသက်ကြီး ပြည့်နှက်နေတော့သည်။

ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးက အလွန်အမင်း တုန်လှုပ်သွားပြီး ချက်ချင်းနောက်ဆုတ်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် အဆန်းကြယ်ဆုံးနှင့် မုန်ယိုေနသည့်စွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။

ဂျိန်းးးးးးး

" ဒါက ဘာကြီးလဲ "

" ဒီကောင် ပိုင်ရှောင်ချန်း ဘာလုပ်နေတာတုံး "

" ဒီခံစားချက်…. ဘုရား ဘုရား၊ ကောင်းကင်နဲ့ မြေကြီး ပျက်စီးသွားတော့မယ့် အတိုင်း ခံစားရတယ် "

နတ်အဆင့်ကျင့်ကြံသူများ လုံးလုံးလျားလျား တုန်လှုပ်နေကြစဥ် ကောင်းကင်ယံတွင် ဧရာမပိုက်ကွန်ကြီးအလား တစ်စုံတစ်ခု ပေါ်ပေါက်လာ၏။ ထိုပိုက်ကွန်၏ အခြားတစ်ဖက်တွင် မည့်သည့်အရာရှိကြောင်း ဖော်ပြရန် မဖြစ်နိုင်ပါသော်လည်း ထိုသည်က မြေရိုင်းဒေသတွင် ရင်သပ်ရှုမောဖွယ် တိုက်ပွဲအတောအတွင်း သူမြင်ခဲ့ရသည့် ကမ္ဘာချုပ်နှောင်ခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။

ပိုင်ရှောင်ချန်းမှာ သီးသန့်အခန်းထဲတွင် ရင်ခုန်သံများ ဆူဝေနေပြီး သူ့နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကား အဖြူရောင်အခိုးအငွေ့များအဖြစ် ချက်ချင်းပြောင်သွားတော့သည်။ ယခုအခါ သူသည် မီးပင်လယ်အပေါ်၌ အပြည့်အဝ အာရုံစူးစိုက်နေသည်။

" အတူတကွပေါင်းစည်းသက်ရောက် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် "

ဂျိန်းးးးးးးး

မီးပင်လယ်ကြီးက သူ့လက်အတွင်း ကျုံ့လာစဥ် လေထဲတွင် နားကွဲလုမတတ် ထစ်ခြုန်းသံကြီးများ ပြည့်နှက်သွားသည်။ သို့သော် ထူးဆန်းစွာပင် ပြစ်ဒဏ်ပေးသည့်လက္ခဏာတစ်ခုမှ မရှိပေ။

ဖြစ်စဥ်ကား အသက်ရှူချိန်အနည်းငယ်မျှသာ ကြာလိုက်သည်။ တဟုန်းဟုန်းတောက်လောင်နေသော မီးညွန့်များ ထိပ်ဆုံးရောက်သောအခါ ပိုင်ရှောင်ချန်းက မီးပင်လယ်ပတ်ပတ်လည်တွင် သူ့လက်များကို ပိတ်လိုက်သည်။

သူသည် ရင်တဒိန်းဒိန်းခုန်နေလျက် တရစပ် အသက်ရှူရှိုက်လိုက်ပြီးနောက် လက်များကို ပြန်ဖွင့်လိုက်သည်။ ရွှန်းလဲ့တောက်ပသော အလင်းများ ပေါ်ထွက်လာရာ မိုးကောင်းကင် တသိမ့်သိမ့်တုန်သွားပြီး မြေငလျင်တို့ လှုပ်ခတ်လာတော့သည်။ သူ့လက်အလယ်ဗဟိုတွင်ကား နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်တစ်ခု ငွားငွားစွင့်စွင့် ဖြစ်တည်နေလေသည်။

အာကာသမီးတောက်။

All Chapters