နတ်
Vol. 9 Ch. 887
အာကာသရောင်စုံမီးတောက်ကို အာကာသအောက်လမ်းဆရာတစ်ယောက်ကသာလျှင် ဖန်တီးနိုင်၏။ အာကာသမီးတောက်ဖြစ်စေ၊ အာကာသကောင်းကင်အောက်လမ်းဆရာဖြစ်စေ နှစ်မျိုးလုံးက ဒဏ္ဍာရီလာများဖြစ်ပေသည်။
နှစ်သန်းပေါင်းများစွာကြာသည့်တိုင် မြေရိုင်းဒေသတွင် တစ်ခါမှ မပေါက်ပေါက်ခဲ့ဖူးဘဲ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကိုပင် မည်သည့်နေရာတွင်မှ ရှာမရချေ။
ထို့ပြင် ပိုင်ရှောင်ချန်းသည် သူ့တပည့်၏ အကူအညီနှင့် ဝိညာဥ်များစွာကြောင့်သာ ပြုလုပ်နိုင်ခြင်းဖြစ်၏။ ပိုင်ရှောင်ချန်းက အောင်မြင်ပါမည်ဟု လုံးဝ ယုံကြည်နေခြင်းမရှိသည့်တိုင် သူ့ကို မဖြစ်မနေ လုပ်ဆောင်စေရန် တွန်းပို့ပေးနေသည့် အခြေအနေတစ်ခုလည်း ရှိခဲ့သည်။
နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်တွင် ခမ်းနားကြီးကျယ်သော လက္ခဏာရပ်များ ပေါ်ပေါက်လာသည်ဖြစ်ရာ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာ တအံ့တသြပင့်သက်ရှိုက်သွားကြ၏။ သူတို့သည် အချိန်အတော်ကြာထိ အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည့်အတွက် သူတို့အသက်ကိုတော့ တန်ဖိုးထားကြသည်။ ထို့ကြောင့် သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးကြောင့် သူတို့မှာ နောက်ဆုတ်ရန်မှတစ်ပါး ရွေးစရာမရှိဖြစ်သွားတော့သည်။
ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့သည်လည်း ထိုနည်းတူပင်။ သူတို့မှာ မျက်လုံးများပြူးကာ ရင်တဒိန်းဒိန်းခုန်နေလျက် နောက်ဆုတ်လိုက်ကြရ၏။
အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏မျက်ဝန်းများထဲရှိ စိတ်ပျက်အားငယ်နေသည့်အရိပ်အယောင်များနေရာတွင် စူးရှတောက်ပသောအလင်းရောင်များက အစားထိုးဝင်ရောက်လာပြီး သူတို့က ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ကြံရာအခန်းဆီမှ ထွက်လာနေသော ဖိအားများကို ခံစားလိုက်ရရာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" ခေါင်းဆောင်ကြီးပိုင် "
" အဲဒါ ခေါင်းဆောင်ကြီးပိုင်ပဲ "
" ငါတို့မှာ မျှော်လင့်ချက်ရှိပြီကွ။ ခေါင်းဆောင်ကြီးနဲ့သာဆိုရင် ဘယ်သူကများ အဏ္ဏဝါခေါ်သံဂိုဏ်းကို တွန်းလှန်ရဲဦးမလဲ "
ပိုင်ရှောင်ချန်းမှာလည်း ဂိုဏ်းရှိ ကျင့်ကြံသူများနည်းတူ စိတ်လှုပ်ရှားနေတော့သည်။ ယခုလေးတင် သူ ဖန်တီးထားသည့် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ထိုင်ကြည့်နေလျက် သူ့ပတ်လည်ရှိကမ္ဘာကြီးတွင် ဤမျှစွမ်းအားကြီးသော အရာတစ်ခုမရှိနိုင်တော့သည့်အလား ပြင်းထန်သော ခံစားချက်များ ရနေတော့သည်။
သူက ကောင်းကင်ယံရှိ ကမ္ဘာချုပ်နှောင်ပိုက်ကွန်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် သူ့တပည့်က နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်သည် ဤကမ္ဘာအတွင်း ကန့်သတ်ချက်တစ်ခုဟု ထင်သည့်အကြောင်း ပြောကြားခဲ့သည်ကို သတိရလိုက်သည်။
" ဒီကမ္ဘာမှာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ပဲရှိနိုင်တာလား။ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်က မဖြစ်နိုင်ဘူးပေါ့ "
သူသည် လက်ခံရန်ခဲယဥ်းနေပါသော်လည်း နောက်ဆုံးတွင် သဘောပေါက်သွား၏။
ဝင်္ကပါထဲက မီးလျှံစမ်းသပ်ပွဲမှာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို သူ မြင်ခဲ့ရသည်။ သို့သော် ယင်းက ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ခဲ့ပြီး ယခု သူ့ရှေ့တည့်တည့်ရှိ မီးတောက်ကတော့ လွန်စွာ စစ်မှန်နေသည်။ ၄င်းထံမှ ထွက်လာနေသော ကြောက်ခမန်းလိလိ အခိုးအငွေ့များကို သူ သိသိသာသာ ခံစားနေရပြီး ၄င်းမှာ ဤကမ္ဘာထဲတွင် နောက်ဆုံးတစ်ခုသာဖြစ်ကြောင်း ပြောနိုင်သည်။ ကမ္ဘာကြီးက မီးတောက်အား ဖိနှိပ်ရန် စွမ်းအားအကုန်သုံးနေရသည့်အလား။
အမှန်တွင် ယခုလေးတင် သူ ဖန်တီးထားသည့် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်မှာ သူ့ ပတ်လည်ရှိ ကမ္ဘာကြီးက ၄င်းအား ငြှိမ်းသတ်ရန် ကြိုးစားနေသည့်အလား ပျောက်ကွယ်တော့မည့် အရိပ်အယောင်များ ပြသနေပြီဖြစ်သည်။
သူ့အတွက် တွေးတောနေရန်ဖြစ်စေ၊ အစီအစဥ်ဆွဲရန်ဖြစ်စေ အချိန်မရှိပေ။ သူက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ရူးသွပ်မှုများနှင့် ပြတ်သားခြင်းများ ပြည့်နှက်နေသည့်် မျက်ဝန်းများနှင့် လိပ်ဒယ်အိုးကို ဆွဲထုတ်လိုက်သည်။ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က လူတစ်ယောက်အား နတ်အဆင့်သို့ ရောက်သွားစေနိုင်သည့်အကြောင်းမှာ ဒဏ္ဍာရီတစ်ခုသာဖြစ်သည့်အပြင် လုပ်ဆောင်ခဲ့ဖူးသူဟူ၍ မရှိပေ။
ပိုင်ရှောင်ချန်းသည်သာလျှင် နှစ်ပေါင်းများစွာတစ်လျှောက် လိုအပ်ချက်များနှင့် ပြည့်စုံသွားသူဖြစ်သည်။ ယခု အဏ္ဏဝါခေါ်သံဂိုဏ်းက အန္တရာယ်နှင့်ကြုံတွေ့နေရသည့်အချိန်၊ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က ငြိမ်းသက်သွားမည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ မည်သို့ပြုလုပ်ရမည်ကို စဥ်းစားတွေးတောနေရန် အချိန်မရှိပေ။
" အချိန်ကျပြီ "
သူက လည်ချောင်းသံကြီးဖြင့် မာန်သွင်းအော်ဟစ်လိုက်သည်။ ဤသို့ စွန့်စားခြင်းမှာ သူ ပုံမှန်လုပ်နေကျမဟုတ်သည့်တိုင် ယခုအခိုက်အတန့်တွင် သူ့မှာ ရွေးချယ်စရာမရှိပေ။
လိပ်ဒယ်အိုးအပြင်ထွက်လာသည်နှင့် သူ့ယင်ယန်ဝိညာဥ်က ၄င်းအထဲသို့ ပျံဝင်လိုက်သည်။ တချိန်တည်းမှာပင် သူက လက်ကိုဝှေ့ယမ်းလိုက်၏။
နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က ဒယ်အိုးထဲ ပျံဝင်သွားပြီး ၄င်းနှင့် ပေါင်းစပ်လိုက်ရာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့သည်။ မျက်စိကျိန်းမတတ်အလင်းတန်းများ ပေါ်ထွက်လာသည့်အတွက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တသိမ့်သိမ့်တုန်ရီသွားပြီး စိတ်စွမ်းအင်များ စုဆုံလာတော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းက ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များအားလုံးကို စုပ်ယူနေသော ဧရာမလေပွေကြီးအလား ဖြစ်လာတော့သည်။
ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မျက်နှာများမှာ အရုပ်ဆိုးသွားပြီး သူတို့၏နှလုံးသားများထဲတွင် မကောင်းသောခံစားချက်များ ပြည့်နှက်လာကာ နောက်သို့ မြန်နိုင်သမျှ မြန်မြန်ဆုတ်ခွာလိုက်ကြသည်။
" တာအိုမြစ်၊ရှင်းမြစ် "
လီရှမ်းတောက်က အော်၏။
" အဲဒီကိုသွားပြီး သူတရားကျင့်ကြံနေတဲ့အခန်းကို ဖွင့်လိုက်ကြစမ်း "
တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးတို့မှာ ထောင်းခနဲ ဒေါသထွက်လာပါသော်လည်း အမိန့်ကို မလွန်ဆန်ဝံ့ပေ။ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့က မည်သည့်ညွှန်ကြားချက်မှ မပေးသည်ကို မြင်သောအခါ သူတို့က အံတင်းတင်းကြိတ်ပြီး ပိုင်ရှောင်ချန်း၏သီးသန့်အခန်းဆီသို့ တဟုန်ထိုး ဦးတည်လိုက်သည်။
ဘရူဆာက စိုးရိမ်တကြီးဟိန်းဟောက်လိုက်ပြီး သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက တားဆီးရန် ဘရူဆာနှင့်အတူ သွေးဘိုးဘေးကြီးကိုပါ လွှတ်လိုက်သည်။ သူတို့က နတ်အဆင့်မဟုတ်ပါသော်လည်း အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်သည်။
နတ်အဆင့်ခေါင်းဆောင်ကြီးနှစ်ဦးက ဘရူဆာနှင့် သွေးဘိုးဘေးကြီးအား လမ်းမှ ဖယ်ထုတ်လိုက်ကြသဖြင့် ထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် သူတို့က စိတ်စွမ်းအင်အမြောက်အမြားပေါ်ထွက်နေသည့် တရားကျင့်ကြံရာအခန်းနှင့် နီးကပ်သွားလေသည်။
" ဖွင့်စမ်း "
တာအိုမြစ်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လျက် လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်ဖော်ကာ ဓားအလင်းစီးကြောင်းထောင်ပေါင်းများစွာကို စေလွှတ်လိုက်သည့်အတွက် ဧရာမဓားကြီးအသွင်ြဖင့် တဟုန်ထိုး ဦးတည်သွားလေသည်။
ဓားကြီးက တရားကျင့်ကြံရာအခန်းကို ခုတ်ပိုင်းချလိုက်စဥ် အံသြတုန်လှုပ်ဖွယ်စွမ်းအင်များ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားတော့သည်။ ရှင်းမြစ်ခေါင်းဆောင်ကြီးကလည်း တူညီသော ဖျက်စီးခြင်းတိုက်ကွက်အား ထုတ်လိုက်သည်။
" နက္ခတ်အစုံ ခင်းကျင်း ကြယ်စစ်တလင်း "
ရှင်းမြစ်ခေါင်းဆောင်ကြီးပတ်ပတ်လည်တွင် ကြယ်ပျံများ ဖြစ်တည်လာပြီးနောက် ပိုင်ရှောင်ချန်း၏ တံခါပိတ်ကျင့်ကြံရာအခန်းဆီသို့ ရွာချလာသည့်အတွက် မရေမတွက်နိုင်သော အဏ္ဏဝါခေါ်သံကျင့်ကြံသူများ၏ ဒေါသတကြီးအော်ဟစ်သံများနှင့်အတူ နားကွဲလုမတတ် ထစ်ခြုန်းသံများ ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားတော့သည်။
ဤအရာအားလုံးအား ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်ပါသော်လည်း အမှန်တွင် တခဏလေးအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်ပျံများ ကျဆင်းလာပြီး ဓားကြီးကခုတ်ပိုင်းလိုက်ရာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံရာအဆောင်လေးမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွား၏။ ကျောက်တုံးကျောက်ခဲများ အရပ်မျက်နှာအနှံ့ ဖွာခနဲပျံထွက်သွားပြီးနောက်ဆုံးတွင် ပြာဖြစ်သွားတော့သည်။
တရားကျင့်ကြံရာအခန်းပင် ပျက်စီးသွားလေပြီ။
" ရှောင်ချန်း "
စုန့်ကျင်းဝမ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ဘရူဆာက ဟိန်းဟောက်လိုက်စဥ် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံးက အဏ္ဏဝါခေါ်သံဂိုဏ်းထံ တဟုန်ထိုး ဦးတည်လာကြသည်။
သို့သော် တခဏကြာသော် သူတို့၏ မျက်နှာများတွင် ခံစားချက်အရိပ်အယောင်မျိုးစုံ ထင်ဟပ်လာ၏။
" နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဆန္ဒ "
" တစ်ယောက်ယောက် နတ်အဆင့်တက်ပြီး ကောင်းကင်ဘုံနဲ့ ပေါင်းစပ်တဲ့အခါမှပဲ ဒီလို ဖြစ်တာလေ။ ပိုင်ရှောင်ချန်းက အရင်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သေးဘူးလား "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူတို့သုံးယောက်လုံးမှာ အထိတ်တလန့်အော်လိုက်ကြပြီး ကပျာကယာနောက်ဆုတ်လိုက်သည်။ ထိုစဥ် စောစောကဖျက်စီးခံလိုက်ရသော ကျင့်ကြံရာအဆောင်အပျက်စီးပုံမှ အံ့ဩတုန်လှုပ်ဖွယ် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာ၏။
၄င်းမှာ အလွန် စွမ်းအားကြီးလှသဖြင့် ကောင်းကင်ဘုံနှင့် ပေါင်းစပ်သွားသည်တွင် မိုးကောင်းကင်ကြီး တသိမ့်သိမ့်တုန်သွားတော့သည်။ ယခင်က လှိုင်းဂယက်များအားလုံး၊ မိုးခြိမ်းသံများအားလုံး၊ တိမ်တိုက်များအားလုံး ချက်ချင်း ဖိနှိပ်ခံလိုက်ရတော့သည်။
ယခင်က ပတ်ဝန်းကျင်အား ပိတ်လှောင်ထားသည့် ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများ၏ စိတ်ဆန္ဒများ ချက်ချင်း နှင်ထုတ်ခံလိုက်ရလေပြီ။
ယခုအခါ စိတ်ဆန္ဒတစ်ခုတည်းသာ ကျန်ရစ်ခဲ့၏။ ၎င်းသည်ကား အခြားကျင့်ကြံသူများအားလုံး၏ စိတ်ဆန္ဒများအားလုံးကို နောက်ဆုတ်သွားစေသည့် သြဇာအာဏာကြီးမားလှသော စိတ်ဆန္ဒတစ်ခုဖြစ်ပေသည်။
ကောင်းကင်ယံတွင် ဧရာမမျက်နှာကြီး ဖြစ်တည်လာ၏။ မျက်လုံးများ ပိတ်ထားလျက်၊ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် မျက်နှာကြီးတစ်ခု၊ အဏ္ဏဝါခေါ်သံဂိုဏ်းရှိလူတိုင်း၏ နှလုံးသားများအား ပြင်းပြသော စိတ်လှုပ်ရှားမှုများဖြင့် တုန်လှုပ်သွားစေသည့် မျက်နှာကြီးတစ်ခုဖြစ်သည်။ ယင်းကား... ပိုင်ရှောင်ချန်းပင်။
ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်၊ တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးတို့အားလုံး ရှုံ့မဲ့သွားကြပြီး
နောက်နှစ်ယောက်မှာမူ ယခင်က ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ခဲ့ရစဥ် ခံစားခဲ့ရသော အရာမှန်သမျှထက် ကျော်လွန်နေသော ကျရောက်အံ့ဆဲဆဲ သေခြင်းတရားအငွေ့အသက်အား ခံစားလိုက်ကြရသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီး၏ မျက်လုံးများ ပွင့်လာသည်။ မျက်လုံးများက တာအိုမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်ဝိညာဥ်ပေါ်သို့ စူးစိုက်ကြည့်နေရာ တစ်ဆက်တည်းမှာပင် ကမ္ဘာပေါ်ရှိ အရောင်များအားလုံးကို မှေးမှိန်သွားစေတော့သည်။
လေပြင်းများ တဝေါဝေါတိုက်ခတ်လာပြီး လျှပ်ပန်းလျှပ်နွယ်များ ကခုန်လာကာ ၎င်းတို့အားလုံးက တုန်လှုပ်ချောက်ချားဖွယ်အသံကြီးတစ်သံအဖြစ် ပေါင်းစည်းသွားလေသည်။
" ပျက်စီးစေ "
ပိုင်ရှောင်ချန်း၏ မျက်နှာကြီးက ရှုံ့တွသွားပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားပြီး တာအိုမြစ်ခေါင်းဆောင်ကြီးဆီ ပြေးဝင်သွား၏။ ၄င်းက အလွန်လျင်မြန်စွာ ရွေ့လျားသွားသည့်အတွက် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာ မတုံ့ပြန်နိုင်လိုက်ပေ။
တာအိုမြစ်ခေါင်းဆောင်ကြီးမှာ တုန်လှုပ်သွားပြီး သနားစဖွယ်မအော်ဟစ်နိုင်ခင်မှာပင် အလင်းတန်းကြီးက သူ၏ယင်ယန်ဝိညာဥ်ကို ထိုးဖောက်သွားတော့သည်။