← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း။၁၃၁

စုန်ယန်က စိတ်ရှည်လက်ရှည်ဖြင့်ပင် "မှော်အတတ်တစ်ခုရဲ့ အနှစ်သာရကို နားလည်သွားရင် ကျန်တာတွေအားလုံးက ရှင်းလင်းသွားတာပါပဲ။ ကျွန်တော်က အဆင့်မြင့်မှော်အတတ်တွေက ဘယ်လိုမျိုးလဲဆိုတာကို သိချင်ရုံသက်သက်ပါ" ဟု ပြောလိုက်သည်။

သို့သော် အကြီးအကဲဆန်းက ထိုစကားကို ဂရုမစိုက်သည့်အပြင် "မကြည့်နဲ့တော့ အဲဒီစာအုပ်ကို ပြန်ထားလိုက်" ဟု တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။ ထို့နောက် စိတ်မရှည်သလို ခေါင်းကို အနည်းငယ်မော့ကာ "မှတ်ထား အခြေအနေထက် ပိုပြီး စိတ်ကူးမယဉ်နဲ့။ မင်းနောက်မှာ အကြီးအကဲနှစ်ယောက် ရှိနေတယ်ဆိုပေမဲ့ မောက်မာရိုင်းစိုင်းတာမျိုးတော့ မလုပ်

သင့်ဘူး" ဟု ပြောလိုက်သည်။

စုန်ယန်က အသံတစ်ချက်ပေးကာ သဘောတူလိုက်၏။

အကြီးအကဲဆန်းသည် စုန်ယန်ကို ဆက်လက်စကားမပြောတော့ဘဲ စာကြည့်ဆောင်တံခါးဝသို့ လှမ်းလာသော လှပသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးထံသို့ အကြည့်များ ရောက်သွားသည်။ သူသည် သူ့ရှေ့တွင် ရပ်နေသော စာအုပ်ငှားသူကို မမြင်တော့သကဲ့သို့ ပျော်ရွှင်စွာဖြင့် ထိုအမျိုးသမီးထံသို့ ချဉ်းကပ်သွားပြီး "နတ်သမီးလေးတစ်ပါး ကျွန်တော်တို့ဆီကို ကြွလာလိမ့်မယ်လို့ မထင်ထားမိဘူးဗျာ" ဟု ပြုံးလျက် နှုတ်ဆက်လိုက်သည်။

အမျိုးသမီးကျင့်ကြံသူက သိချင်စိတ်ဖြင့် "ရှင် အကြီးအကဲချုပ်နဲ့အတူ လိုက်သွားလိမ့်မယ်လို့ ကျွန်မ ထင်ထားတာ" ဟု ပြောလိုက်သည်။

အကြီးအကဲဆန်းက ခပ်ဟဟရယ်လိုက်ပြီး "အကြီးအကဲချုပ်က ဂိုဏ်းထဲမှာ အမြဲတမ်း သန်မာတဲ့သူတစ်ယောက် ကျန်ရစ်နေဖို့ လိုတယ်လို့ ပြောတာနဲ့ ကျွန်တော် နေခဲ့တာပါ။ သိတဲ့အတိုင်းပဲလေ... တစ်ယောက်ယောက်ကတော့ ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို ကိုင်တွယ်ပေးဖို့ လိုတာပေါ့ ဒါမှ အများအကျိုးအတွက် ဖြစ်မှာလေ" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးသည် အတူတကွ ပျော်ရွှင်စွာ စကားပြောနေကြတော့သည်။

စုန်ယန်သည် လက်ထဲမှ ကျမ်းစာအုပ်ကို စင်ပေါ်သို့ ပြန်တင်လိုက်သည်။ သူသည် မနက်ဖြန်မှ ထပ်မံကြိုးစားရန်သာ ရည်ရွယ်လိုက်တော့သည်။

...

...

ညမှောင်ရီ ပျိုးလာသောအခါ အကြီးအကဲဆန်းသည် စာကြည့်ဆောင်တံခါးများကို ပိတ်ကာ သမ်းဝေလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ နောင်တစ်ချိန်တွင် သူ၏ အဆင့်အတန်းမှာ မည်မျှအထိ မြင့်တက်လာနိုင်ပြီး အိပ်ရာထက်တွင် မည်မျှလောက်သော အလှလေးများနှင့် ပျော်ပါးခွင့်ရမည်ကို တွေးတောရင်း ကျေနပ်နေမိသည်။

"ဘာလို့များ အသေအလဲ တိုက်ခိုက်သတ်ဖြတ်နေကြတာလဲ"

"အားလုံး ထိုင်ပြီး အေးအေးဆေးဆေး စကားပြောလိုက်ရင် မပြီးဘူးလား"

"စကားပြောပြီး ညှိနှိုင်းလိုက်တာက ပိုကောင်းပါတယ်။ ဘာလို့ ဒီလောက်အထိ အစွန်းရောက်နေကြတာလဲ"

"ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် အုပ်ချုပ်တာကတော့ အုပ်ချုပ်တာပါပဲ။ နိုင်ငံသုံးနိုင်ငံမှာရှိတဲ့ လူအားလုံးကိုတော့ သတ်ပစ်လို့ မရဘူး မဟုတ်ဘူးလား ဒီလောက်ကြီးမားတဲ့ ကိစ္စရပ်ကြီးကို ဘာလို့များ အသက်နဲ့ရင်းပြီး တိုက်နေကြတာလဲ"

အကြီးအကဲဆန်းသည် ဘာသိဘာသာပင် သူ၏ ပျံသန်းသောဓားပေါ်သို့ တက်ကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။ ဒီညတွင် အခြားကျွန်းများသို့ သွားရောက်ကာ ထိုနေရာရှိ လှပသော အမျိုးသမီးကျင့်ကြံသူလေးများကို လမ်းညွှန်မှုအချို့ ပေးရန် သူ ရည်ရွယ်ထားသည်။ ၎င်းမှာ လူငယ်မျိုးဆက်သစ်များကို ကူညီပေးခြင်းလည်းပင်။

သက်တံ့ရောင် အလင်းတန်းက မြူပင်လယ်ကို ဖြတ်သန်းသွားသည်။

ထိုညတွင် လကွယ်နေသဖြင့် မှောင်မည်းနေပြီး မြူများကလည်း ထူထပ်လှသည်။

အကြီးအကဲဆန်းသည် ညဦးလေပြေကို ခံစားနေစဉ် ရုတ်တရက် သူ၏ မျက်ခွံများ လှုပ်သွားသည်။ သူ၏ ဝိညာဉ်မှာ တစ်စုံတစ်ခုထဲတွင် ပိတ်မိသွားသကဲ့သို့ ဖြစ်ကာ အိပ်ငိုက်လာပြီး သတိမထားမိဘဲ အောက်သို့ အနည်းငယ် နိမ့်ဆင်းသွားမိသည်။

ထို့နောက် နဖူးပေါ်သို့ ရုတ်တရက် နာကျင်မှုတစ်ခု တိုးဝင်လာသဖြင့် သူသည် ပို၍ပင် နိမ့်ဆင်းသွားကာ ရေပြင်နှင့် ထိလုနီးပါးပင်။

ဘာတွေ ဖြစ်နေတာလဲ။

အကြီးအကဲဆန်းသည် သူ၏ ဦးခေါင်းကို အမြန်အုပ်ကိုင်လိုက်သော်လည်း စိတ်ထဲတွင် ဝေဝါးရှုပ်ထွေးနေဆဲပင်။

သို့သော် ခဏချင်းမှာပင် မြူပင်လယ်ထဲမှ ကြက်သွေးရောင် လက်ဝါးကြီးတစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး အရိပ်တစ်ခုလို လျင်မြန်စွာဖြင့် သူ၏ခြေထောက်ကို ဆွဲဖမ်းကာ ရေထဲသို့ ဝူးခနဲ အသံနှင့်အတူ ဆွဲချသွားတော့သည်။

သူ ဘာမှပင် ပြန်မတုံ့ပြန်နိုင်မီမှာပင် လက်ချောင်းတစ်ချောင်းက သူ၏ နဖူးပေါ်သို့ ဖိနှိပ်ထားပြီးသား ဖြစ်နေပြီဖြစ်သည်။

အကြီးအကဲဆန်းသည် အလွန်အမင်း ထိတ်လန့်သွားသော်လည်း သူ၏စိတ်ထဲတွင် ဒုတိယမြောက်အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။

ကောင်စုတ်လေး... မင်းက ကြက်သွေးရောင်နန်းတော်အဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်

ယောက်ရဲ့ ဝိညာဉ်ကို ရှာဖွေရဲတယ်ပေါ့။

သို့သော် နောက်တစ်စက္ကူန့်တွင်မူ မှောင်မည်းသောအစက်အပြောက်တစ်ခုက သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နေသည်ကို သူ ခံစားလိုက်ရသည်။

ထိုသွေးဆာနေသော သတ္တဝါဆိုးသည် ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်ပြီးနောက် ဝိညာဉ်ကို ဝါးမျိုကာ အကျဉ်းချလိုက်ပြီး ၎င်း၏ နောက်လိုက်အစေအပါးတစ်ဦးအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

ထို့နောက် သူ၏ လက်မောင်းကို တစ်ချက်ခါလိုက်ရာ အလွန်ပြင်းအားကောင်းသော မိစ္ဆာချီများသည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ အကြီးအကဲဆန်း၏ ခန္ဓာကိုယ်ပေါ်သို့ တွားတက်သွားပြီး သူ၏ခန္ဓာကိုယ်စနစ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားကြသည်။

ထိုနည်းဖြင့် အကြီးအကဲဆန်း သေဆုံးသွားခဲသည်။

ထိုသတ္တဝါသည် အောက်သို့ ဒိုင်ဗင်ထိုးဆင်းသွားပြီး ပျံသန်းသောဓားတစ်လက်ကို အသုံးပြုကာ မိစ္ဆာချီများ ဖုံးလွှမ်းနေသော အကြီးအကဲဆန်း၏ အလောင်းကို ရေအောက်ရှိ ကျောက်ဆောင်တစ်ခုတွင် မြဲမြံစွာ စိုက်လိုက်သည်။ ဤသည်မှာ အလောင်းကို အပေါ်သို့ ပေါ်မလာစေရန် တားဆီးထားခြင်းပင်။

အလုပ်ပြီးသွားသောအခါ ထိုသွေးရောင်သတ္တဝါသည် မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

...

...

နောက်တစ်နေ့ နံနက်ခင်း၌ စုန်ယန်သည် စာကြည့်ဆောင်သို့ သွားရန် အလျင်မလိုပေ။ သူသည် ပုံမှန်အတိုင်းပင် စိုက်ခင်းထဲတွင် လမ်းလျှောက်ရင်း လတ်ဆတ်သော ထူးကဲမြက်များနှင့် ပန်းများကို ခူးဆွတ်နေသည်။ ရာသီဥတုကောင်းမွန်စဉ် ၎င်းတို့ကို အခြောက်လှမ်းရန် သူ စီစဉ်ထားခြင်းပင်။

သူ၏ ဝါးအိမ်သို့ ပြန်ရောက်သောအခါ အဝေးမှ အလျင်စလို ပြေးလာကြသော ကျင့်ကြံသူများကို တွေ့လိုက်ရသည်။

လှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် သွေးအလိမ်းလိမ်းဖြစ်နေသော မိန်းကလေးငယ်တစ်ဦးကို ထမ်းစင်ဖြင့် အသည်းအသန် ထမ်းလာကြခြင်းပင်။

"စီနီယာအစ်ကိုဘိုင် စီနီယာအစ်ကိုဘိုင်"

အမျိုးသမီးကျင့်ကြံသူက အသည်းအသန် လှမ်းခေါ်လိုက်သည်။

"သူ့ကို ကယ်ပေးပါဦး မြန်မြန်လုပ်ပေးပါ"

စုန်ယန်သည် ထိုအမျိုးသမီးကို ငုံ့ကြည့်လိုက်ပြီး ခေတ္တမျှ မှင်တက်သွား၏။

ဂျူနီယာညီမလေးကျိုလား။

ဘယ်လောက်တောင် ကြာသေးလို့လဲ။ သူမ ဒဏ်ရာထပ်ရပြန်ပြီလား။ ပြီးတော့ အခြေအနေက အတော်လေး ပြင်းထန်ပုံပဲ။

စုန်ယန်သည် လူများကို အိမ်ထဲသို့ အမြန်ခေါ်သွင်းပြီး ဂျူနီယာညီမလေးကျို၏ ဒဏ်ရာများကို စတင်ကုသပေးကာ ဆေးရည်များကိုလည်း ချက်ချင်းပင် ကျိုချက်တော့သည်။

အလုပ်ပြီးသွားသောအခါ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဂျူနီယာညီမလေးကျိုကို ထပ်မံကြည့်ရှုလိုက်သည်။ သူမ၏ နဂိုကတည်းက ရိုးရိုးရှင်းရှင်းလေးနှင့် လှပသောမျက်နှာလေးပေါ်တွင် ယခုမူ ပါးပြင်ကို ဖြတ်လျက် အမာရွတ်သစ်အချို့ ထင်ကျန်နေခဲ့ပြီဖြစ်သည်။

သို့သော် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခြင်းမှာ အဓိကစိုးရိမ်စရာ မဟုတ်ပေ။ ဂျူနီယာညီမလေးကျို၏ ခန္ဓာကိုယ်မှာ ပေါက်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ အားနည်းနေပြီး နေရာအနှံ့တွင် ဒဏ်ရာပေါင်းစုံဖြင့် ပြည့်နှက်နေသည်။

သူ့ဘေးတွင် စိုးရိမ်တကြီး ရပ်ကြည့်နေသော ကျင့်ကြံသူနှစ်ဦးကို ကြည့်ကာ စုန်ယန်က "သူ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ဒါက မိစ္ဆာဂိုဏ်းရဲ့ လက်ချက်ပဲ... မိစ္ဆာချီတွေ ပါနေတယ်" ဟု ပြောလိုက်သည်။

လှပသော အမျိုးသမီးကျင့်ကြံသူက သက်ပြင်းချကာ "အဓိကကတော့ အဲဒီ အရိပ်ရုပ်သေးတွေပဲ။ တစ်ခုချင်းစီက ရူးသွပ်နေတဲ့ မိစ္ဆာသားရဲတွေလိုပဲ။ သူတို့ရဲ့ မိစ္ဆာချီတွေက ကျွန်မတို့ရဲ့ ထူးကဲချီတွေကိုတောင် ဝါးမျိုနိုင်တယ်။ အဲဒီ အရိပ်ရုပ်သေးတွေရဲ့ တိုက်ခိုက်မှုကို ခံရရင် ဒဏ်ရာတွေက ကျက်ဖို့ အရမ်းခက်တယ်" ဟု ရှင်းပြသည်။

အမျိုးသားကျင့်ကြံသူမှာမူ နောင်တများဖြင့် ပြည့်နှက်နေပြီး လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးများ နီမြန်းလျက် "ဂျူနီယာညီမလေးကျိုက ကျွန်တော့်ကို ကာကွယ်ရင်း ဒဏ်ရာရသွားတာပါ။ အဲဒီတိုက်ခိုက်မှုကို ကျွန်တော်ပဲ ခံသင့်တာ... အားလုံးက ကျွန်တော့်အပြစ်တွေပါ" ဟု ပြောလိုက်သည်။

စုန်ယန်က "မိစ္ဆာချီဆိုတာ တကယ်ကို ကြောက်စရာကောင်းတာပဲ" ဟု ရေရွတ်လိုက်၏။

"ဟုတ်ပါတယ် အဲဒီ အရိပ်ရုပ်သေးတွေ တိုက်ပွဲထဲ မဝင်ခင်တုန်းက မိစ္ဆာကျင့်ကြံသူတွေက ကျွန်မတို့ရှေ့မှာ ပေါ်တောင်မလာရဲကြဘူး။ အခုတော့ အခြေအနေတွေ ပြောင်းကုန်ပြီ... ဟူး..." အမျိုးသမီးကျင့်ကြံသူက ပြောလိုက်သည်။

စုန်ယန်က "ဂျူနီယာညီမလေးကျိုကို ဒီမှာပဲ ခဏထားခဲ့လိုက်ပါ။ သူ့ခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မိစ္ဆာချီတွေက အများကြီးပဲ။ အဲဒါတွေကို ဂရုတစိုက် ဖယ်ရှားပေးဖို့ လိုတယ်။ ပြီးတော့ သူ... အခုလောလောဆယ် လှုပ်ရှားလို့ မရသေးဘူး" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူနှစ်ဦးစလုံး ဝမ်းသာသွားကြသည်။ အရင်က ဂျူနီယာညီမလေးကျိုနှင့် စီနီယာအစ်ကိုဘိုင်တို့အကြား အငြင်းပွားမှုများ ရှိခဲ့သည်ကို သူတို့ ကြားဖူးထားရာ ယခုကဲ့သို့ စုန်ယန်၏ ပြုမူပုံကို မြင်သောအခါ သူ တကယ်ပင် ပြောင်းလဲသွားပြီဟု မတွေးဘဲ မနေနိုင်ကြတော့ပေ။

လမ်းမှားရောက်နေရာက လမ်းမှန်ပေါ် ပြန်ရောက်လာတဲ့ သားမိုက်၊ ရုတ်တရက် အမှန်တရားကို သိမြင်သွားသူဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်လှသည်။

ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် ကျင့်ကြံသူနှစ်ဦး ထွက်ခွာသွားကြသည်။

စုန်ယန်သည် မိစ္ဆာချီဆေးကြောသည့် ဆေးရည်အချို့ကို ထပ်မံကျိုချက်ကာ ပန်းကန်လုံးထဲ ထည့်ပြီး ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

သူသည် ဂျူနီယာညီမလေးကျိုကဲ့သို့ မိန်းကလေးမျိုးကို သဘောကျမိသည်။

သူ့ပတ်ဝန်းကျင်ကလူတွေက ဂျူနီယာညီမလေးကျိုလိုမျိုး သိပ်ပြီး မကောက်ကျစ်ဘဲ အနည်းငယ် နုံအအလေး ဖြစ်နေကြဖို့ သူ မျှော်လင့်မိသည်။ ၎င်းက သူ၏ဘဝကို ပိုမို သက်သောင့်သက်သာ ဖြစ်စေသည်။

အခန်း။ ၁၃၂

ဂျူနီယာညီမလေးကျိုသည် ခဏအကြာတွင် သတိပြန်လည်လာပြီး ပတ်ဝန်းကျင်ကို အားနည်းစွာ ကြည့်ရင်း မေးလိုက်သည်။

"ကျွန်မ... အသက်ရှင်နေသေးတာလား"

ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်း အသက်ရှင်နေပါသေးတယ်"

ဂျူနီယာညီမလေးကျို ခေါင်းကို လှည့်ကြည့်လိုက်သောအခါ အမျိုးသားတစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည်။

"ဘိုင်... အစ်ကိုဘိုင်လား"

"အင်း"

"အစ်ကို... ကျွန်မကို ထပ်ပြီး ကယ်လိုက်ပြန်ပြီပဲ။ ကျေးဇူးတင်ပါတယ်..."

ဂျူနီယာညီမလေးကျိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်မကတော့ သေပြီလို့တောင် ထင်နေတာ"

စုန်ယန်က "သေချင်ဇော ဒီလောက်တောင် ကြီးနေတာလား" ဟု မေးလိုက်၏။

"အဲလိုတော့လည်း မဟုတ်ပါဘူး"

ဂျူနီယာညီမလေးကျိုက ပြန်ဖြေသည် "စီနီယာ အစ်ကို၊ အစ်မတွေ အများကြီး သေကုန်ကြပြီဆိုတော့... ကျွန်မလည်း သေသင့်တယ်လို့ ထင်မိသွားလို့ပါ"

စုန်ယန်က အနားသို့ တိုးသွားပြီး သူမ၏ နဖူးကို လက်ချောင်းဖြင့် တစ်ချက်မျှ ခပ်ဆတ်ဆတ်လေး တောက်လိုက်ကာ "ဘာတွေ လျှောက်ပြောနေတာလဲ" ဟု ပြောလိုက်သည်။

ဂျူနီယာညီမလေးကျိုမှာမူ သူဘာပြောလိုက်သည်ကို မကြားလိုက်ရဘဲ နဖူးကို ရုတ်တရက် အတောက်ခံလိုက်ရသည့်အတွက်ကြောင့် မှင်တက်ကာ တိတ်ဆိတ်သွားတော့သည်။ ထို့နောက် သူမ မျက်လုံးများကို မှိတ်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုဘိုင်... ကျွန်မက လူတွေ ဒီလို ပေါ့ပျက်ပျက် လုပ်တာကို မကြိုက်ဘူး။

ပြီးတော့... ကျွန်မ အစ်ကို့ကို မုန်းတယ်"

"ရှင်က လူသတ်သမားပဲ။ ရှင် စီနီယာအစ်မ ထန်ယွီ၊ စီနီယာအစ်ကို ယွင်ရင်၊ စီနီယာအစ်ကို ဇီဟိန်း... တို့ကို သတ်ခဲ့တာ...."

သူမသည် နာမည်တစ်ခုချင်းစီကို ရွတ်ဆိုနေတော့သည်။ ဤနာမည်များသည် ဘိုင်ရှို့ဟု၏ သူရဲဘောကြောင်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ကျင့်ကြံသူများ၏ အမည်များပင်။

သူမသည် စိတ်ယောင်မှားနေပုံရပြီး ရှေ့မှအခြေအနေကို နားမလည်နိုင်ဘဲ မေ့ပျောက်နေလောက်ပြီဖြစ်သော ထိုနာမည်များကိုသာ ခေါင်းမာစွာ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။ အစ်ကိုဘိုင်က သူမကို "အခုချက်ချင်း ထွက်သွားတော့" ဟု အော်ဟစ်မောင်းထုတ်လိုက်မည်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

စုန်ယန်မှာမူ သူမပြောသမျှကို နားထောင်ပြီးနောက် ပို၍ပင် စိတ်ဝင်စားသွားမိသည်။ သူမ၏ လုပ်ရပ်တိုင်းမှာ သူနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမ လုပ်မည့်အရာမှန်သမျှကို သူကတော့ မည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။

ထို့ကြောင့် သူမ မည်မျှပင် ပြင်းထန်စွာ ပြောဆိုနေပါစေ သူ ဒေါသမထွက်မိပေ။ အကြောင်းမှာ သူမ၏ အတွေးများမှာ အလွန်ပင် ရှင်းလင်းပြီး စင်ကြယ်လွန်းသောကြောင့် ကြားရသည်မှာ စိတ်သက်သာရာရစေသည်။ သူ ဘာမှ ခန့်မှန်းနေစရာမလိုသလို စုံစမ်းနေစရာလည်းမလိုပေ။ ထောင်ချောက်ဆင်နေစရာလည်း မလိုဘဲ အရာအားလုံးက ထင်ရှားကာ တည့်မတ်လွန်းနေသည်။

ထို့ကြောင့် စုန်ယန်သည် ဂျူနီယာညီမလေးကျို စကားပြောပြီးသည်အထိ စောင့်ဆိုင်းနေလိုက်ပြီးမှ ကုတင်ခေါင်းရင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"မိစ္ဆာချီဆေးကြောတဲ့ ဆေးရည်ပဲ။ ဘယ်ဘက်ကဟာကို သောက်လိုက် အပြင်ဘက်ကဟာကိုတော့ ဒဏ်ရာပေါ်မှာ လိမ်းလိုက်ပါ။ မိစ္ဆာချီဆိုတာ တစ်ကြိမ်တည်းနဲ့ ဆေးကြောလို့ မရဘူး အကြိမ်ကြိမ် လုပ်ဖို့ လိုလိမ့်မယ်"

မှာကြားပြီးနောက် စုန်ယန်သည် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ဂျူနီယာညီမလေးကျိုက "ရှင် ဘယ်သွားမလို့လဲ" ဟု မေးလိုက်၏။

"စာကြည့်ဆောင်ကို"

စုန်ယန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်ပြီး "ငါ့ရဲ့ ဝါးအိမ်ကို ကူကြည့်ပေးထားဦး။ တကယ်လို့ နောက်မှ စီနီယာအစ်ကိုတွေ ရောက်လာရင် ထိုင်စောင့်နေဖို့ ပြောလိုက်။ ငါ ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။

ယခုအချိန်တွင် အကြီးအကဲဆန်းမှာ သေဆုံးသွားပြီဖြစ်ရာ စာကြည့်ဆောင်တွင် စုန်ယန်အား တားဆီးမည့်သူ မရှိတော့ပေ။ သူသည် ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ်ကို ရယူရန် အကောင်းဆုံး အခွင့်အရေးကို ရရှိသွားပြီ ဖြစ်သည်။

"ကျွန်မ..."

ဂျူနီယာညီမလေးကျိုမှာ စကားစပ်ရန် ကြိုးစားသော်လည်း ထစ်ငေါ့နေခဲ့သည်။ စုန်ယန်ကမူ တံခါးအပြင်သို့ ရောက်နှင့်နေပြီဖြစ်သည်။

...

...

"သခင်... သခင်ကြီး ကျွန်တော်... ကျွန်တော် သေပြီးတဲ့နောက်မှာ စန်းစု... စန်းကြီးကြပ်ရေးမှူးက ကျွန်တော့်နေရာကို ဆက်ခံပါလိမ့်မယ်။ သူက စည်းကမ်းလိုက်နာတဲ့သူမို့လို့ သခင်ကြီးအနေနဲ့ အမိန့်ပြားကို ပြလိုက်ရုံနဲ့ အဲဒီမှော်ကျမ်းစာနှစ်အုပ်ကို ငှားခွင့်ပြုပါလိမ့်မယ်"

စုန်ယန်၏ ဝိညာဉ်အာရုံထဲတွင် အကြီးအကဲဆန်း၏ ဝိညာဉ်မှာ ဒူးထောက်လျက် ကြောက်ရွံ့ရိုသေစွာဖြင့် အစီရင်ခံနေခြင်းပင်။

"မင်းလိုမျိုး ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ကိုယ်လွတ်ရုန်းချင်တဲ့သူတွေ ဂိုဏ်းထဲမှာ အများကြီးရှိလား"

"သခင်ကြီး... သိပ်မရှိပါဘူး။ ဓားဂိုဏ်းတစ်ခုလုံးမှာ ငြိမ်းချမ်းရေးလိုလားသူသိပ်မရှိပါဘူး။ အရင်တုန်းက ဂိုဏ်းချုပ်က ဂိုဏ်းထဲမှာ အမြင်နှစ်မျိုးရှိစေချင်လို့ ကျွန်တော့်ကို တမင်တကာ ရာထူးနဲ့ အာဏာပေးထားခဲ့တာပါ။ ရန်သူအင်အား အရမ်းကြီးမားလာတဲ့အခါ ဓားဂိုဏ်းအတွက် နောက်ထပ်လမ်းကြောင်းတစ်ခု ချန်ထားပေးချင်ရုံသက်သက်ပါ"

စုန်ယန်သည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

အကြီးအကဲဆန်းလို လူမျိုးတောင်မှ ငြိမ်းချမ်းရေးသမားတွေရဲ့ ခေါင်းဆောင်လို့ ဆိုနိုင်ရင် အလုပ်လုပ်ရတာ သူ့အတွက် ပိုလွယ်ကူသွားပြီဖြစ်သည်။

စာကြည့်ဆောင်သို့ ရောက်သောအခါ ကျင့်ကြံသူများစွာ စုရုံးနေကြပြီး တီးတိုးပြောဆိုနေကြသည်။ ခဏအကြာတွင် တည်ကြည်သောမျက်နှာထားနှင့် ကျင့်ကြံသူတစ်ဦး ရှေ့သို့ထွက်လာကာ "လူကြီးမင်းတို့... ဒီနေ့ အကြီးအကဲဆန်းက အလုပ်ကိစ္စလေးတစ်ခု ရှိနေလို့ စာကြည့်ဆောင်ကို ခေတ္တခဏ ကျွန်တော် ကြီးကြပ်ပေးမှာပါ။ ကျမ်းစာငှားချင်သူတွေအနေနဲ့ ပုံမှန်စည်းကမ်းအတိုင်း ဝင်ရောက်နိုင်ပါတယ်" ဟု ကြေညာသည်။

စုန်ယန်သည် အခြားတပည့်များနှင့်အတူ အထဲသို့ဝင်ခဲ့ပြီး မနေ့ကအတိုင်း ဝတ်ရုံစလက်အတွင်းက စကြာဝဠာနှင့် ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ်တို့ကို ယူလိုက်သည်။

အမှန်တကယ်ပင် ထိုကျင့်ကြံသူသည် ဘာမှမမေးဘဲ အမိန့်ပြားကို မြင်သည်နှင့် ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ်သေတ္တာကို တိုက်ရိုက် သော့ဖွင့်ပေးလိုက်သည်။ ထို့နောက် "တူတော် ရှို့ဟု... သတ်မှတ်ထားတဲ့နေရာမှာပဲ သွားဖတ်ပါ။ ဒီကျင့်စဉ်နှစ်ခုက အရမ်းတန်ဖိုးရှိလို့ မိတ္တူကူးတာ ဒါမှမဟုတ် အပြင်ကို ယူသွားတာမျိုးတော့ တားမြစ်ထားတယ်" ဟု မှာကြားသည်။

စုန်ယန် ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကားဆိုပြီး ကျင့်စဉ်နှစ်ခုကို ကိုင်လျက် ဘေးသို့ ထွက်ခဲ့တော့သည်။

All Chapters