← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း။ ၁၃၅

နန်ဝူဓားဂိုဏ်း၏ အထက်ကောင်းကင်ယံ၌ နံနက်ခင်း၏ အရုဏ်ဦးနေရောင်ခြည်နှင့်အတူ ပုံပျက်ပန်းပျက်ဖြစ်နေသော မိစ္ဆာချီများသည် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

နေရောင်ခြည်သည် မှေးမှိန်ပျောက်ကွယ်သွားကာ သွေးရောင်အလင်းတန်းများကသာ တစ်ဟုန်ထိုး စိုးမိုးလာခဲ့သည်။ လေထုအတွင်း၌လည်း နားစည်များကို ကွဲအက်စေပြီး ဦးနှောက်ကိုပင် တုန်ခါသွားစေနိုင်သည့် ထူးဆန်းစူးရှသော အသံများနှင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေ၏။

နန်ဝူဓားဂိုဏ်း၏ အစီအရင်အကာအကွယ်ကြီး ပွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိစ္ဆာအရိပ်များမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အဆက်မပြတ် ကျဆင်းလာကြသည်။ ကြည်လင်နေသော အကာအကွယ်အလွှာပေါ်ရှိ လှိုင်းဂယက်များကြောင့် ဓားဂိုဏ်း၏ ကျွန်းစုများသည် သမုဒ္ဒရာကြမ်းပြင်သို့ နစ်မြုပ်သွားသလားဟုပင် ထင်မှတ်ရသည်။ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပါက အပြာရောင်ကောင်းကင်ကို ရှာဖွေ၍ မရနိုင်တော့ပေ။

မြူပင်လယ်၏ အနက်ရှိုင်းဆုံးနေရာရှိ လျှိုရှဝါးကျွန်းပေါ်၌မူ လှပသော အမျိုးသမီးငယ်တစ်ဦးသည် အဝေးမှ ဝရုန်းသုန်းကား မြင်ကွင်းကို ခေါင်းလေးအသာမော့၍ ကြည့်ရှုနေသည်။ သူမသည် မျက်မှောင်ကို အနည်းငယ်ကြုတ်ထားသော်လည်း မလှုပ်မယှက်ဘဲ ဆက်လက်ထိုင်နေဆဲပင်။

သူမသည် အလွန်ပင် ရိုးရှင်းလှသော ကြက်သွေးရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာသွင်ပြင်မှာ အိပ်မက်ဆန်ဆန် လှပလွန်းလှပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း ဆွဲဆောင်မှုအပြည့်ဖြင့် ပြည့်ဖြိုးနေသော်လည်း အမူအရာမှာမူ နှင်းပွင့်များကဲ့သို့ အေးစက်လှသည်။ အမျိုးသားတစ်ဦးသည် သူမ၏ အပြစ်ပြောစရာမရှိသော ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် တပ်မက်ခြင်းစိတ်များ ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။

အချစ်ကို စတင်သိမြင်စအရွယ် လူငယ်လေးများဆိုလျှင် သူတို့၏ စိတ်ကူးယဉ်မှုအားလုံးကို ဖြည့်ဆည်းပေးနိုင်မည့် သူမ၏ ညှို့ယူဖမ်းစားနိုင်သော မျက်နှာလေးကို ငေးကြည့်ရင်း မိန်းမောသွားနိုင်သကဲ့သို့ တိုက်ပွဲပေါင်းစုံကို ဖြတ်သန်းခဲ့သည့် လူကြီးများဆိုလျှင်လည်း သူမ၏ လှပသောကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရှုရင်း အိပ်ရာဝင်တိုင်း စွဲလန်းနေမိမည်ဖြစ်သည်။

သို့သော်လည်း မည်သည့်အမျိုးသားမျိုးမဆို သူမ၏ မိုင်ထောင်ချီ ဝေးကွာနေသကဲ့သို့ အေးစက်လှသော အမူအရာကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် နောက်တွန့်သွားကြမည်ပင်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအချက်ကို သတိမထားမိဘဲ အနားသို့ ချဉ်းကပ်ရန် ကြိုးစားပါက ထိုပန်းလေး၏ ဆူးများက ၎င်းအား ရက်စက်စွာ ထိုးနှက်ဖောက်ထွက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သူမ၌ ဘွဲ့အမည်နှင့် ဂုဏ်ပုဒ်များစွာ ရှိသည်။

နန်ဝူဒေသ၏ အလှဆုံးအမျိုးသမီး၊ ဓားဂိုဏ်းချုပ်၏ သမီးတော်၊ မွေးရာပါ ရေဓာတ်ထူးကဲအမြစ်ပိုင်ရှင်နှင့် ပါရမီထူးချွန်သော အစီအရင်ပညာရှင်စသည်တို့ပင်။

သူမကား ယွီရွှမ်းဝေပင်။

...

ယွီရွှမ်းဝေ၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုသိသာထင်ရှားလာသည်။ သူမ၏ မျက်မှောင်ကြုတ်

ဟန်မှာပင် ရှေးဟောင်းအလှနတ်ဘုရားမ ရှိကျိရင်ဘတ်ကို ဖိထားသကဲ့သို့ပင် မြင်တွေ့ရသူတို့၏ နှလုံးသားကို လှုပ်ခတ်စေနိုင်လောက်အောင် လှပလွန်းလှသည်။

အခြေအနေများမှာ သူမ၏ ခန့်မှန်းချက်များထက် များစွာ ကျော်လွန်နေသောကြောင့် သူမ မျက်မှောင်ကြုတ်နေရခြင်းပင်။

အကြီးအကဲချုပ်သည် မထွက်ခွာမီ သူမထံသို့ လာရောက်ကာ "အကယ်၍ နန်ဝူဓားဂိုဏ်းရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေအားလုံး သေသွားကြရင် ဘယ်လိုလုပ်ရမလဲ" ဟူသောအချက်ကို အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ဖူးသည်။

ပထမဦးစွာ သူမသည် သူမ၏နောက်ကွယ်ရှိ တံခါးကိုဖွင့်ကာ သူမ၏ဖခင်ဖြစ်သူ ဓားဧကရာဇ်အသက်ရှင်နေဆဲ ရှိမရှိကို စစ်ဆေးရမည်ဖြစ်သည်။

အကယ်၍ အသက်ရှင်နေပါက ဓားဧကရာဇ် ရွှမ်းပေါ်ကသာ ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိမ့်မည်။

သို့သော်လည်း ထိုမျှော်လင့်ချက်မှာ အမှန်တကယ်ပင် သေးငယ်လွန်းလှသည်။

ဓားဧကရာဇ် ရွှမ်းပေါ်သည် တတိယနန်းတော်ကို အောင်မြင်ရန် အသုံးပြုခဲ့သော သွေးမှာ အလွန်ပင် အန္တရာယ်ကြီးမားလှသည်။ ၎င်းမှာ ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် မိစ္ဆာသွေးပင်။

ဤအတောအတွင်း ဓားဆရာကြီး ကူယဲ့သည် ဝိညာဉ်ကို ပြုပြင်ပေးမည့်နှင့် ဝိညာဉ်အဆိပ်များကို ဖယ်ရှားပေးမည့်ဆေးလုံးနှင့် ဆေးရည်များကို အကြိမ်ကြိမ် စမ်းသပ်ဖော်စပ်ခဲ့ပြီး ဓားဧကရာဇ် ရွှမ်းပေါ် အဆင့်တက်နိုင်မည့် အခွင့်အရေး ပိုမိုရရှိစေရန် ရက်အနည်းငယ်လျှင် တစ်ကြိမ် လျှိုရှဝါးကျွန်းသို့ တိတ်တဆိတ် ပေးပို့ခဲ့ဖူးသည်။

သို့သော်လည်း အခြားသူများ မသိရှိကြသော်လည်း ယွီရွှမ်းဝေမှာမူ ကောင်းစွာ သိရှိထားသည်။ လွန်ခဲ့သော နှစ်ကတည်းကပင် လျှို့ဝှက်ခန်း၏ အစားအစာပို့ဆောင်ရာပေါက်၌ သူမ ထားရှိခဲ့သော ဆေးရည်များမှာ ယနေ့တိုင် တစ်စက်မျှ လျော့ပါးသွားခြင်း မရှိပေ။

တစ်နည်းအားဖြင့်ဆိုသော် ဓားဧကရာဇ် ရွှမ်းပေါ်မှာ ထူးခြားသော အခြေအနေတစ်ရပ်အတွင်း တစ်နှစ်ပတ်လုံး နစ်မြုပ်နေခြင်း ဖြစ်နိုင်သကဲ့သို့ အဆိုးရွားဆုံး အခြေအနေမှာမူ ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်သည်။

ဓားဧကရာဇ် ရွှမ်းပေါ်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်၏။

သို့သော်ငြားလည်း သူမသည် ဤသတင်းကို ပြင်ပသို့ မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ နန်ဝူဓားဂိုဏ်းနှင့် နန်ဝူဒေသတစ်ခုလုံး ယနေ့တိုင် ကြံ့ကြံ့ခံနိုင်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ လျှိုရှဝါးကျွန်းတွင် တံခါးပိတ်ကျင့်ကြံနေသော ဓားဧကရာဇ် ရွှမ်းပေါ်ဟူသော အရှိန်အဝါကြောင့်ပင်။

အကယ်၍ ဓားဧကရာဇ် နတ်ရွာစံပြီဟူသော သတင်းသာ ပေါက်ကြားသွားပါက စစ်သည်တော်တို့၏ စိတ်ဓာတ်မှာ ခဏချင်းအတွင်း ပျက်သုဉ်းသွားမည်ဖြစ်ပြီး တောင်ပြိုသကဲ့သို့ အရှုံးနှင့် ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင်။

ဒုတိယအချက်မှာ သူမသည် ဂိုဏ်းအတွင်းရှိ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် မျိုးစေ့ ကျင့်ကြံသူများကို ဦးဆောင်၍ နန်ဝူဓားဂိုဏ်းမှ အလျင်အမြန် ဆုတ်ခွာရမည်ဖြစ်သည်။ ထို့နောက် တောင်ဘက်အရပ်ရှိ တောရိုင်းမြေရိုင်းများဆီသို့ ဦးတည်ကာ ဓားဂိုဏ်းရာဇဝင်

မှတ်တမ်းတွင် ဖော်ပြထားသော ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်ကို ရှာဖွေရမည်ဖြစ်သည်။

ဂိုဏ်းအတွင်းရှိ အထူးရွေးချယ်ထားသော မျိုးဆက်သစ်စာရင်းကို အကြီးအကဲချုပ်ကိုယ်တိုင် သူမထံ အပ်နှံထားခဲ့ခြင်း ဖြစ်၏။

ထိုရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပတ်သက်၍ ပြောရလျှင် အစီအရင်၏ အခြားတစ်ဖက်ခြမ်းမှာ နန်ဝူဓားဂိုဏ်း စတင်မြစ်ဖျားခံရာ ဒေသပင် ဖြစ်သည်ဟု ဆိုကြသည်။ နန်ဝူဓားဂိုဏ်း၏ ပထမဆုံးသော ဂိုဏ်းချုပ်မှာလည်း ထိုအရပ်မှ ရောက်ရှိလာခြင်းဖြစ်သောကြောင့် ထူးကဲဓားကျမ်းနှင့် ချီချူ ဓားအစီအရင်ကဲ့သို့သော နက်နဲဆန်းပြားပြီး ပြည့်စုံသည့် ကျင့်စဉ်များကို သယ်ဆောင်လာနိုင်ခြင်းပင်။

ကံမကောင်းစွာဖြင့် ထိုရွှေ့ပြောင်းခြင်းအစီအရင်မှာ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ နှစ်ပေါင်းများစွာ ပျက်စီးနေခဲ့သည်။ ကံကောင်းသည့်အချက်မှာ အစီအရင်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်အချို့ကို ဓားဂိုဏ်းရာဇဝင်၌ မှတ်တမ်းတင်ထားခြင်းနှင့်၊ ဂိုဏ်းချုပ်မျိုးနွယ်အဆက်ဆက်က နှစ်ပေါင်းများစွာ လေ့လာခဲ့မှုများကြောင့် သူမ၏ လက်ထက်တွင်မူ ၎င်းကို ပြုပြင်နိုင်လိမ့်မည်ဟု သူမ အပြည့်အဝ ယုံကြည်မှု ရှိနေသည်။

သို့သော် အကြီးအကဲချုပ်နှင့် အခြားသူများ ကုန်းလန်တောင်သို့ ချိန်းဆိုချက်အတိုင်း ထွက်ခွာသွားပြီးနောက် ရုပ်သေးဂိုဏ်းက ဤအခွင့်အရေးကို အသုံးချကာ ရုတ်တရက် ကျူးကျော်တိုက်ခိုက်လာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဘယ်လိုဖြစ်လို့လဲ။

အကြီးအကဲချုပ်က အလုပ်လုပ်ရင် အရမ်းသတိကြီးတဲ့သူပဲ။ ကုန်းလန်တောင်မှာ ကြက်သွေးရောင်နန်းတော် အဆင့်ရှိတဲ့ အရှိန်အဝါတွေ အခိုင်အမာရှိနေတာကို အတည်ပြုပြီးမှပဲ သူသွားမှာ... အဲဒီလိုမှမဟုတ်ရင် သူ သွားမှာမဟုတ်ဘူး။

ရုပ်သေးဂိုဏ်းအနေနဲ့လည်း ဒီလို ရုတ်တရက်တိုက်ခိုက်တာက အဓိပ္ပာယ်မရှိဘူးဆိုတာ သိသင့်တယ်။ သူစိမ်းနယ်မြေမှာ လာတိုက်တာက သူတို့ဘက်ကိုပဲ အကျအဆုံးများစေလိမ့်မယ်

ငါတို့ဂိုဏ်းက ရုပ်သေးဂိုဏ်းနဲ့တိုက်ရင် အရှုံးဘက်မှာ ရှိနေတာမှန်တယ်။ ဒါပေမဲ့ လုံးဝဥဿုံ ရှုံးနိမ့်ဖို့ဆိုတာ အချိန်တစ်ခုတော့ လိုဦးမှာပဲ။ ရုပ်သေးဂိုဏ်းက တကယ်ပဲ အနိုင်ရချင်ရုံသက်သက်ဆိုရင် ဒီလောက်အထိ အလျင်စလိုလုပ်စရာ မလိုဘူး။

ဒီလို လှည့်ကွက်တွေသုံးတာက အကျိုးမရှိဘူး။

သို့သော်လည်း ဤယုတ္တိမတန်သော ဖြစ်ရပ်မှာ အမှန်တကယ်ပင် ဖြစ်ပျက်လာခဲ့သည်။

ယွီရွှမ်းဝေသည် အဝေးသို့ ငေးကြည့်ရင်း အလေးအနက် စဉ်းစားနေမိသည်။ သူမအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချမှတ်ရန် အချိန်အနည်းငယ် လိုအပ်နေသည်။

အခု ငါ ဘာလုပ်ရမလဲ... ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ စောင့်ကြည့်နေရမလား။ ဒါမှမဟုတ် မြို့လွတ်ဗျူဟာကို သုံးပြီး ရန်သူကို လှည့်စားမလား။ ရှေ့တန်းကို သွားကူမလား... ဒါမှမဟုတ် အလားအလာရှိတဲ့ တပည့်တွေကို ခေါ်ပြီး တိတ်တဆိတ်ပဲ ဆုတ်ခွါရမလား။

သို့သော် နောက်တစ်စက္ကူန့်တွင်မူ သူမ၏ စဉ်းစားခန်းအားလုံးမှာ အနှောင့်အယှက် ခံလိုက်ရသည်။

အကြောင်းမှာ လျှိုရှဝါးကျွန်း၏ အစီအရင်အကာအကွယ် အပြင်ဘက်၌ လူတစ်ဦး ရုတ်တရက် ပေါ်လာသောကြောင့်ပင်။ ထိုသူမှာ တစ်ကိုယ်လုံး နက်မှောင်သော သံချပ်ကာဝတ်စုံကို ဆင်မြန်းထားပြီး မျက်နှာဖုံးကြားမှ သွေးရောင်အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုသူပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏နောက်ကွယ်၌ အရိပ်များ ရှည်ထွက်လာပြီး လေတိုးသံနှင့်အတူ သွယ်လျသော စက္ကူရုပ်များအဖြစ် ပြောင်းလဲသွားကာ အနီရောင်နှင့် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသား၊ အမျိုးသမီးတန်းကြီး ဖြစ်ပေါ်လာသည်။ ထိုစက္ကူရုပ်တန်း၏ ရှေ့ဆုံးတွင်မူ အဖြူရောင်ဝတ်စုံဝတ် အလှပဂေးတစ်ဦး ရှိနေ၏။

သို့သော် ထိုအလှပဂေး၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေသည်။ ၎င်းမှာ စက္ကူရုပ်တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုအချိန်တွင် နက်မှောင်သော သံချပ်ကာနောက်ကွယ်မှ အက်ကွဲကွဲအသံတစ်ခု ထွက်ပေါ်လာသည် "ချစ်လှစွာသော တူမလေး... ဦးလေးက မင်းဆီကို ရောက်လာပြီ။ လောကတည်းဟူသော စစ်တုရင်ခုံပေါ်က ဒီအကွက်ကို အရှုံးပေးဖို့ ရာဇသံလို့ ခေါ်တယ်။ ငါတို့ လက်နက်ချလိုက်ကြရင် မကောင်းဘူးလား"

ယွီရွှမ်းဝေက သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း "ကုဟွမ်ကျီလား" ဟု မေးလိုက်သည်။

ကုဟွမ်ကျီက ဖုံးကွယ်ရန် မကြိုးစားတော့သကဲ့သို့ အချိန်လည်း မဖြုန်းတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်းတို့ ဓားဂိုဏ်းမှာ ဘယ်လို ထူးချွန်တဲ့ မျိုးဆက်သစ်တွေပဲရှိရှိ အကုန်ခေါ်ခဲ့လိုက်။ ငါတို့ တောင်ဘက်ကို ထွက်ပြေးကြမယ်။ အဲဒီ ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင် ဘယ်မှာရှိလဲဆိုတာ ငါ သိပြီးသားပဲ"

အခန်း။ ၁၃၆

ဤရုတ်တရက်ပြောကြားလိုက်သော စကားကြောင့် ယွီရွှမ်းဝေမှာ အနည်းငယ် မှင်တက်သွားရသည်။

သူမသည် ထိုမိစ္ဆာအိုကြီး၏ စကားကို အလုံးစုံယုံကြည်သည်မဟုတ်သော်လည်း ထိုစကားများထဲ၌ ထူးခြားသောအရိပ်အယောင်တစ်ခုကိုမူ အာရုံခံမိလိုက်သည်။

ယွီရွှမ်းဝေက အံ့အားသင့်စွာဖြင့် "ရှင်က ဘာလို့ ထွက်ပြေးချင်နေတာလဲ" ဟု မေးမြန်းလိုက်၏။

"တောင်တန်းနဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်တွေလာနေပြီ။ အခု ရှေ့တန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာတွေက သူတို့ကို အမြင်ကောင်းအောင် ပြနေရုံသက်သက်ပဲ..."

ကုဟွမ်ကျီက အလျင်အမြန်ပြောကြားပြီးနောက် လျှိုရှဝါးကျွန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ အသာအယာလှမ်းကြည့်ကာ လှောင်ရယ်လိုက်သည်။

"ဓားဧကရာဇ် နတ်ရွာစံသွားတာ ကြာလှပြီဆိုတာ ငါ သိပြီးသားပါ။ မင်းနဲ့ငါ အချိန်နဲ့ လူသူအင်အားကို ဖြုန်းမနေကြဘဲ မြန်မြန်သွားကြရအောင်။ လမ်းမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့။ ထာဝရရန်သူဆိုတာ မရှိဘူး။ အခု ငါတို့က မိတ်ဖက်တွေ ဖြစ်သွားပြီ"

ယွီရွှမ်းဝေက "ရှင်က ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေကို ခေါ်ခဲ့ပါလို့ ပြောတာက ကျွန်မ စိတ်အေးသွားအောင်လို့ရယ် အစီအရင်အကာအကွယ်အပြင်ဘက်ကို ထွက်လာအောင် လှည့်စားတာရယ်ပဲ မဟုတ်လား။ ပြီးတော့ ကျွန်မရဲ့ခမည်းတော် နတ်ရွာစံသွားပြီလို့ ပြောတာကလည်း..."

သူမသည် ရုတ်တရက် ခေါင်းကိုမော့လိုက်ရာ ညှို့ယူဖမ်းစားနိုင်သော မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာပြီး မျက်ဝန်းများမှာလည်း တောက်ပနေလျက် " အိပ်မက်ဆိုးမိစ္ဆာသွေးနဲ့ တတိယနန်းတော်ကို အောင်မြင်ပြီး ငါတို့နန်ဝူဓားဂိုဏ်းရဲ့ ဓားလမ်းစဉ်နဲ့ ပေါင်းစပ်သွားတဲ့အခါ ဘယ်လို အစွမ်းမျိုးရှိမလဲဆိုတာ ရှင်ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါလား" ဟု ပြောလိုက်သည်။

လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

ကုဟွမ်ကျီက ယုတ်မာစွာ ရယ်မောလိုက်ပြီး "ရေသခင် ဓားဧကရာဇ်မှာတော့ သမီးကောင်းတစ်ယောက် ရှိတာပဲ။ ဒီလောက်နဲ့တောင် လှည့်စားလို့မရပါလား။ စမ်းကြည့်ရမှာပေါ့... စမ်းကြည့်ကြတာပေါ့"

စကားဆုံးသည်နှင့် သူ၏ နက်မှောင်သော သံချပ်ကာကြားမှ သွေးရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ယွီရွှမ်းဝေသည် အစီအရင်အလံတစ်ခုကို တိတိကျကျ ညွှန်ပြကာ ထူးကဲကျောက်ဆောင်တစ်ခုကို ထည့်သွင်းလိုက်ရာ အကာအကွယ်အလင်းတန်းမှာ ပိုမိုကြည်လင်ပြတ်သားလာခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကုဟွမ်ကျီသည် ကောင်းကင်ယံမှ နက်မှောင်သော ဥက္ကာခဲကြီးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာကာ ကြက်သွေးရောင် အမြီးတန်းကြီးကို တရွတ်တိုက်ဆွဲလျက် ဝိုင်အိုးခန့်ရှိသော သံလက်သီးကြီးကို မြှောက်၍ ဝုန်းကနဲ အကာအကွယ်အလွှာကို ထိုးနှက်လိုက်တော့သည်။

ကျွိ... ဝုန်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း…

အစီအရင် အကာအကွယ်တစ်ခုလုံးမှာ ပြင်းထန်သော လှိုင်းလုံးများ ထကြွလာပြီး အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားကာ ထူးကဲချီများ ပွင့်ထွက်သွားပြီးနောက် အကာအကွယ်၏ အနက်ရှိုင်းဆုံးအပိုင်းမှာ ပေါ်ထွက်လာခဲ့သည်။

ကုဟွမ်ကျီသည် ချီများ ပြန်လည်စုစည်းလာသည်အထိ မစောင့်ဆိုင်းဘဲ ဆက်လက်ငုပ်လျှိုးကာ လက်သီးဖြင့် အဆက်မပြတ် ရက်ရက်စက်စက် ထိုးနှက်နေပြန်သည်။ ဖုန်းကနဲ ထပ်မံထိုးနှက်လိုက်ရာ စုစည်းနေသော ချီများမှာ ပြန့်ကျဲသွားပြီး အကာအကွယ်၏ အတွင်းဘက်အလွှာမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဤကဲ့သို့သော တိုက်ခိုက်ပုံမျိုးမှာ ယွီရွှမ်းဝေကို အမှန်တကယ်ပင် ခေတ္တမျှ မှင်တက်သွားစေခဲ့သည်။

သူမသည် မျက်မှောင်ကိုအနည်းငယ်ကြုတ်လျက် အစီအရင်အကာအကွယ်ကို ထပ်ခါတလဲလဲ ထိုးနှက်နေသည့် သံချပ်ကာဝတ် ဘီလူးကြီး၏ တိုက်ခိုက်မှုစွမ်းအားကို အာရုံစိုက်ကာ ခွဲခြမ်းစိတ်ဖြာနေမိသည်။

ကုဟွမ်ကျီ၏ စစ်မှန်သောခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အားအင်မှာ အလွန်ပင် ထိတ်လန့်

ဖွယ်ကောင်းလှသော်လည်း သူမ၏ အစီအရင်ကို အချိန်တိုအတွင်း ထိုးဖောက်နိုင်စွမ်းမရှိသည်မှာမူ သေချာလှသည်။

ရှူး...

ယွီရွှမ်းဝေသည် ထူးကဲကျောက်ဆောင်အခုပေါင်းများစွာကို လွှင့်ထုတ်လိုက်ပြီးနောက် အစီအရင်အလံကို ထုတ်ယူကာ အစီအရင်အတွင်း ထပ်ဆင့်အစီအရင်ကို စတင်တည်ဆောက်တော့သည်။

ဤနည်းအားဖြင့် ကုဟွမ်ကျီသည် အပြင်ဘက်အကာအကွယ်ကို ချိုးဖျက်နိုင်ခဲ့လျှင်ပင် ဒုတိယမြောက် အစီအရင်တစ်ခုနှင့် ထပ်မံရင်ဆိုင်ရမည်သာ ဖြစ်၏။

အစီအရင်အတတ်သည် လျင်မြန်စွာ ရွေ့လျားနိုင်စွမ်းကို လုံးဝစွန့်လွှတ်ထားရသော်လည်း တောင်နှင့်မြစ်တို့၏ သဘာဝချီကို အမှီပြု၍ အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်သည်။

ယွီရွှမ်းဝေနှင့် ကုဟွမ်ကျီတို့အကြား စွမ်းအားကွာဟချက်မှာ ကြီးမားလှသော်လည်း သူမသာ လိပ်ခွံကဲ့သို့ အလွှာလိုက်အကာအကွယ်များကို တစ်ခုပြီးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ထားပါက ကုဟွမ်ကျီအနေဖြင့် အခြေအနေအရပ်ရပ် မပြောင်းလဲမီအထိ ဤနေရာ၌သာ အင်အားကုန်ခမ်းရင်း အချိန်ဖြုန်းနေရမည် ဖြစ်သည်။

ဤသို့ အချိန်ဆွဲထားနိုင်သရွေ့ အပြောင်းအလဲတစ်ခုမှာ အမြဲတမ်း ပေါ်ပေါက်လာတတ်သည်သာ။

ထိုအခိုက်အတန့်သည်ပင် အလှည့်အပြောင်း ဖြစ်လာပေလိမ့်မည်။

ဤနေရာမှာ နန်ဝူဓားဂိုဏ်း၏ အိမ်ကွင်းဖြစ်သောကြောင့် ထိုအလှည့်အပြောင်းက ကောင်းကျိုးတစ်ခု ဖြစ်လာမည်ဟု ယွီရွှမ်းဝေက ယုံကြည်ထားသည်။ သူမသည် တည်ငြိမ်သော မျက်ဝန်းများဖြင့် အကာအကွယ်ကို ထိုးနှက်နေဆဲဖြစ်သော ကုဟွမ်ကျီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဒုတိယမြောက် အစီအရင်အလံများကို အလျင်အမြန် ဖမ်းကိုင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ပင် သူမ၏ မျက်ခုံးများမှာ ရုတ်တရက် တုန်ယင်သွားကာ နှလုံးသားထဲသို့ ထိတ်လန့်တကြားဖြစ်မှုများ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းတို့က သူမ၏ စိတ်ဝိညာဉ်ကို ဆူးချွန်များဖြင့် ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

ယွီရွှမ်းဝေသည် ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားတော့သည်။

မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုမှာ သူမ၏ မြင်ကွင်းထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် စက္ကူရုပ်အလှလေးမှာ တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခုအဖြစ် လျင်မြန်စွာ ကွဲထွက်သွားပြီး ခဏချင်းအတွင်းမှာပင် စက္ကူရုပ်ပေါင်း အခုပေါင်းများစွာ ပျံ့နှံ့သွားခဲ့သည်။

စက္ကူများကို အထပ်ထပ် ပြုလုပ်၍ ရသည်မှန်သော်လည်း စက္ကူရုပ်များကိုပါ အထပ်ထပ် ပြုလုပ်နိုင်လိမ့်မည်ဟု ယွီရွှမ်းဝေ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

ယခုအခါတွင်မူ ကွဲထွက်သွားသော စက္ကူရုပ်များသည် အစူးရှဆုံးသော ဆူးချွန်များအလား သူမ ဒုတိယအစီအရင်ကို တည်ဆောက်ရန် အာရုံပျံ့လွင့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အစီအရင်၏ အားအနည်းဆုံးနေရာကို စုပေါင်း၍ ရက်စက်စွာ ထိုးနှက်လိုက်ကြတော့သည်။

ဂလောက်….

စူးရှသော အသံတစ်ခု ယွီရွှမ်းဝေ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ လျှိုရှဝါးကျွန်းကို လွှမ်းခြုံထားသည့် ကြည်လင်သော အစီအရင် အကာအကွယ်ပေါ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

ဤဗျူဟာမှာ ကလေးငယ်နှစ်ဦး တိုက်ခိုက်နေသည်နှင့် တူလှသည်။ ကလေးတစ်ဦးက လက်သီးတိုင်းကို အားပါပါ ထိုးနေချိန်တွင် အခြားတစ်ဦးကမူ ဘယ်လက်သီးဖြင့် အယောင်ပြလိုက်ပြီး ရန်သူ၏အာရုံ စောင်းသွားသည့်အခါမှ အားအပြည့်သွင်းထားသော ညာလက်သီးဖြင့် ပြင်းထန်စွာ လွှဲရိုက်လိုက်ခြင်းပင်။

အစီအရင် အကာအကွယ်ပေါ်တွင် ဝပ်နေသော ကုဟွမ်ကျီသည် ခုန်တက်လိုက်ပြီး အက်ကြောင်း၏ အလယ်ဗဟိုတည့်တည့်သို့ ဆင်းသက်ကာ လက်သီးဖြင့် တစ်ချက် ထပ်မံထိုးနှက်လိုက်ရာ ဂွမ်းကနဲ အသံနှင့်အတူ သူ၏လက်မှာ အက်ကြောင်းအတွင်းသို့ တိုးဝင်သွားတော့သည်။ သူ၏လက်နှစ်ဖက်ဖြင့် အက်ကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ကို မြဲမြံစွာဆုပ်ကိုင်ကာ အင်အားသုံး၍ ဆွဲဖြဲလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ထိုသံချပ်ကာ မျက်နှာဖုံးနောက်ကွယ်မှ သွေးရောင်လွှမ်းသော မျက်လုံးအစုံမှာ လှောင်ပြုံးပြုံးနေသကဲ့သို့ပင်။

ယွီရွှမ်းဝေသည် ဒုတိယအစီအရင်အလံများကို အလျင်အမြန် စွန့်ပစ်လိုက်ပြီး အကာအကွယ်ကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် အာရုံစိုက်ရတော့သည်။ သို့မဟုတ်ပါက နောက်တစ်ခဏ၌ ကုဟွမ်ကျီသည် အထဲသို့ တိုးဝင်လာတော့မည် ဖြစ်သည်။ ဤရုပ်သေးဂိုဏ်းချုပ်နှင့် တိုက်ရိုက်ရင်ဆိုင်ရပါက သူမအနေဖြင့် တစ်ကွက်မျှပင် ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သူမကိုယ်တိုင် သိရှိထားသည်။

သို့သော် ထိုအခိုက်အတန့်၌ပင် ကုဟွမ်ကျီ၏ အထဲသို့ တိုးဝင်နေသော လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားသည်ကို ယွီရွှမ်းဝေ ခံစားလိုက်ရသည်။ သွေးနံ့နံသော ထိုသံချပ်ကာဝတ် ဘီလူးကြီးသည် တစ်ဖက်သို့ လှည့်လိုက်ပြီး သူ၏ ကိုယ်ဟန်ကို အလျင်အမြန် ပြင်ဆင်ကာ လေထဲသို့ ပြန်လည်ပျံတက်သွားသည်။ သူသည် သူ၏နောက်ကွယ်မှ အဖြူရောင်ဝတ်စုံဝတ် စက္ကူရုပ်အလှလေး အခုသုံးဆယ်ကျော်နှင့်အတူ တန်းစီရပ်လျက် အခြားအရပ်မျက်နှာတစ်ခုသို့ ဦးတည်ကာ ရင်ဆိုင်လိုက်တော့သည်။

ခေတ္တမျှ ကြုံတွေ့လိုက်ရသော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ယွီရွှမ်းဝေမှာ ချွေးအေးများ ထွက်နေခဲ့ရပြီး အစီအရင်ကို အသည်းအသန် ပြုပြင်နေရင်းပင် အဝေးသို့ လှမ်းကြည့်လိုက်မိသည်။

နန်ဝူဓားဂိုဏ်းရဲ့ ကြက်သွေးရောင်နန်းတော်မှာ ကျန်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ကုဟွမ်ကျီလို လူမျိုးကိုတောင် ရန်သူကြီးတစ်ယောက်လို သတိထားပြီး ယှဉ်တိုက်နိုင်မယ့်သူ ဘယ်သူရှိဦးမှာလဲ။

မိုးကုပ်စက်ဝိုင်းဆီတွင် လူရိပ်တစ်ခုသည် တဖြည်းဖြည်း နှေးကွေးသွားပြီး ပေတစ်ထောင်ခန့်အကွာ၌ ပေါ်ပေါက်လာသည်။ သူ၏ ကျင့်ကြံသူဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေပြီး ဆံနွယ်နက်များမှာလည်း ဝေ့ဝဲနေ၏။ ရိုးရှင်းသော မျက်နှာထားဖြင့် သူသည် အစီအရင် အကာအကွယ်ရှိရာသို့ မျက်နှာမူထားသည်။

လတ်တလောတွင် နိုင်ငံသုံးနိုင်ငံ၏ နံပါတ်တစ် အလိုရှိဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သောကြောင့် ယွီရွှမ်းဝေမှာ သူ၏ ပုံတူပန်းချီကို မြင်ဖူးသည်မှာ ကြာလှပြီဖြစ်သည်။

"စုန်ယန်"

ယွီရွှမ်းဝေမှာ အံ့အားသင့်ကာ တိုးတိုးလေး ရေရွတ်မိလိုက်သည်။

သို့သော် ယွီရွှမ်းဝေကို ပို၍အံ့အားသင့်စေသည်မှာ စုန်ယန်သည် မည်သည့်ရုပ်ဖျက်မှုကိုမျှ မပြုလုပ်ဘဲ သူ၏မျက်နှာအစစ်အမှန်ကို လူတိုင်းမြင်နိုင်ရန် ဗြောင်ကျကျ ထုတ်ဖော်ပြသထားခြင်းပင်။

နိုင်ငံကြီး သုံးနိုင်ငံရဲ့ အင်အားစုအားလုံးက သူ့ကို ကမ္ဘာပတ်ပြီး အသည်းအသန် ရှာနေကြတာလေ။ အဲဒီလို လူမျိုးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ဒီလောက်တောင် ဂရုမစိုက်တာလား။ ဒါက သက်သက်မဲ့ လူလုံးထွက်ပြနေတာပဲ မဟုတ်လား။ သူ တကယ်ပဲ ဘာကိုမှ မကြောက်တာလား ဒါမှမဟုတ် တမင်ပဲ စိန်ခေါ်နေတာလား။

ထူးဆန်းမှု၊ နက်နဲမှုနှင့် အမည်မသိနိုင်မှုတို့က ယွီရွှမ်းဝေ၏ နှလုံးသားထဲတွင် လှိုင်းလုံးများပမာ ရိုက်ခတ်လာသည်။ စုန်ယန်ဟု အမည်ရသော ဤအမျိုးသားကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းမှာပင် သူမအနေဖြင့် လုံးဝဖောက်ထွင်းမြင်နိုင်စွမ်းမရှိသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"ဆရာကြီး... မတွေ့တာ ကြာပြီနော်"

စုန်ယန်က ပြုံးလျက် ကုဟွမ်ကျီကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ဒီနေရာ... ဒီအချိန်မျိုးမှာ စုန်ယန်က ဘယ်လိုနည်းနဲ့မှ ပေါ်မလာသင့်သလို ပေါ်လာနိုင်စရာ အကြောင်းလည်း မရှိဘူး။ ဒါပေမဲ့ အခုတော့ သူက ရှေ့တည့်တည့်မှာ ရပ်နေပြီ။ စုန်ယန်က ဘယ်လိုလုပ်ပြီး ဒီအကွက်ကို ကြိုမြင်ပြီး ရောက်လာရတာလဲဆိုတာကို ငါ လုံးဝ စဉ်းစားလို့မရဘူး။

သို့သော်လည်း လောကဓံလှိုင်းတံပိုးပေါင်းစုံကို ဖြတ်သန်းခဲ့သူဖြစ်ရာ သူကလည်း ရယ်မောလျက် "ခေတ်တွေက ပြောင်းလဲသွားပြီ။ မြေခွေးဝံပုလွေတွေ ကျူးကျော်လာနေပြီ။ မင်းနဲ့ငါ ဆရာတပည့်နှစ်ဦး ပူးပေါင်းပြီး သွေးလမ်းကြောင်းတစ်ခု ဖောက်ကြရအောင်"

"မြေခွေးဝံပုလွေတွေ ကျူးကျော်လာတယ် တောင်တန်းနဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်တွေလား အဲဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ ဘာပဲဖြစ်ဖြစ် ဆရာကြီးမှာ အကြံရှိမှတော့ တပည့်ကလည်း သဘောတူရမှာပေါ့"

ထိုသို့ သဘောတူညီနေစဉ်မှာပင် စုန်ယန်က သူ၏လက်မောင်းများကို အသာအယာလှုပ်ရှားလိုက်ပြီး လက်ချောင်းများဖြင့် အရိပ်ရုပ်သေးဆယ်ခုကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်သည်။

ကုဟွမ်ကျီ၏ သွေးရောင်မျက်လုံးများမှာ ထိုအရိပ်ရုပ်သေးဆယ်ခုကို စိုက်ကြည့်ရင်း ကျဉ်းမြောင်းသွားတော့သည်။ အရိပ်ရုပ်သေးတောင်ထိပ်၏ အရေပြားထိန်းချုပ်မှုအတတ်သည် အများဆုံး နှစ်ခုကိုသာ ထိန်းချုပ်နိုင်သည်။

တကယ်ကြီး သူဆယ်ခု ထုတ်လိုက်တာလား။

"နောက်မျိုးဆက်တွေက တကယ်ကို အထင်ကြီးစရာပဲ"

ကုဟွမ်ကျီ၏ အသံမှာ ချီးကျူးသံများဖြင့် ဟိန်းထွက်လာသည်။

သို့သော်လည်း သူတို့နှစ်ဦးမှာ ရင်းနှီးဖော်ရွေဟန်ဖြင့် စကားပြောဆိုနေကြသော်လည်း တစ်ဖက်သားပြောသမျှကို တစ်လုံးတစ်ပါဒမျှ ယုံကြည်ကြမည်မဟုတ်ပေ။ စကားလုံးတိုင်းမှာ နားတစ်ဖက်မှဝင်ပြီး နောက်တစ်ဖက်မှ ပြန်ထွက်သွားကြသည်သာ။

ယွီရွှမ်းဝေကမူ ထိုစကားများကို စဉ်းစားနေမိကောင်း နေမိနိုင်သော်လည်း စုန်ယန်ကမူ ကုဟွမ်ကျီ၏ စကားများကို သူ၏ဦးနှောက်ထဲ၌ပင် အလုပ်ပေးမခံပေ။

"တပည့်က သဘောတူပါတယ်" ဆိုသည်ဖြစ်စေ "နောက်မျိုးဆက်တွေက အထင်ကြီးစရာပဲ" ဆိုသည်ဖြစ်စေ အားလုံးမှာ လှည့်ဖြားမှုများသာဖြစ်ပြီး တစ်ဖက်သား၏ သတိကို လျှော့ချရန် ရည်ရွယ်ခြင်းသာ။

ရုပ်သေးဂိုဏ်း၏ ယဉ်ကျေးမှုအရ ဤကဲ့သို့သော လှည့်စားစကားလုံးများမှာ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင်။

နှစ်ဦးစလုံးမှာ ဤအချက်ကို ကောင်းစွာသိရှိထားသဖြင့် တစ်ဦး၏ ဖဲချပ်များ၊ ဝှက်ဖဲများနှင့် စစ်မှန်သော စွမ်းအားကို တစ်ဦးက ဖောက်ထွင်းမြင်နိုင်ရန် အပြန်အလှန် စောင့်ကြည့်နေကြသည်။

All Chapters