← Chapters

ထွက်ခွာချင်တိုင်း ထွက်သွားလို့ရမယ်ထင်နေတာလား

Vol. 9 Ch. 888

ထွက်ခွာချင်တိုင်း ထွက်သွားလို့ရမယ်ထင်နေတာလား

Vol. 9 Ch. 888

ပိုင်ရှောင်ချန်း၏မျက်နှာကြီးဖြစ်သော အလင်းတန်းကြီးက အဏ္ဏဝါခေါ်သံဂိုဏ်းသားများမြင်ခဲ့ဖူးသမျှထက် ပိုမိုလျင်မြန်သည့် ဖော်ပြခြင်းငှာမစွမ်းသာလောက်အောင် အမြန်နှုန်းဖြင့် ရွေ့လျားသွားလေသည်။

ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံး ရိုးတွင်းခြင်ဆီတိုင်အောင် တုန်လှုပ်သွားကြတော့သည်။ သူတို့ပင် ယင်းကဲ့သို့အရာအား တစ်ခါမျှမမြင်ခဲ့ဖူးပေ။

စူးရှတောက်ပသောအလင်းတန်းကြီးက နိမ့်ဆင်းလာပြီး တာအိုမြစ်ခေါင်းဆောင်ကြီး၏ယင်ယန်ဝိညာဥ် မတုံ့ပြန်နိုင်ခင်မှာပင် ဖောက်ထွက်သွားတော့သည်။ သူ တဆတ်ဆတ်တုန်ရီသွားပြီး မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများပြူးကျယ်လျက် သူ့ရင်ဘတ်သူ ငုံ့ကြည့်လိုက်သည်။

ထိုအချိန် ဝုန်းခနဲပေါက်ကွဲသွားပြီး သူ၏ယင်ယန်ဝိညာဥ်ခန္ဓာကိုယ်ကား အစအနပင် မကျန်အောင် ပေါက်ကွဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း သူ အသတ်ခံလိုက်ရလေပြီ။

စစ်မြေပြင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွား၏။ အဏ္ဏဝါခေါ်သံဂိုဏ်း ၊ ချိန်ဟဲ့ထျန်၊ နတ်အဆင့်ကျင့်ကြံသူများနှင့် အခြားသူများအားလုံးက တာအိုမြစ်ခေါင်းဆောင်ကြီး အသတ်ခံလိုက်ရသည့်နေရာအား ငေးကြည့်နေမိတော့သည်။ လူအားလုံးကို တုန်လှုပ်ခြင်းလှိုင်းလုံးများ ဝင်ဆောင့်သွားသည်။ ထိုစဥ် စောစောက တာအိုမြစ်ခေါင်းဆောင်ကြီး ရှိနေခဲ့သည့်နေရာ နောက်တည့်တည့်တွင် လူတစ်ယောက်ပုံစံဖြစ်တည်လာကြောင်း လူတိုင်း သတိထားမိလိုက်ကြ၏။

ထိုလူက ဖြူဖွေးသော အသားအရေရှိကာ ရိုးရှင်းသော ဝတ်စုံတစ်စုံအား ဝတ်ဆင်ထားပြီး သူ့ဆံပင်ရှည်များက လေထဲတဖျပ်ဖျပ်လွင့်နေသည်။ သူက ကြီးကျယ်မြင့်မြတ်သော လူတစ်ယောက်အသွင် ရှိနေသည့်တိုင် သူ့မျက်လုံးများသည် အထက်ဆုံးသော ဓားသွားလေးများအလား စူးရှပြတ်သားေနသည်။ ထိုလူသည်ကား ပိုင်ရှောင်ချန်းပင်။

" မဖြစ်နိုင်ဘူး "

ချိန်ဟဲ့ထျန် ပင့်သက်ရှိုက်လိုက်သည်။

ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်မှာ ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး ပိုင်ရှောင်ချန်း၏ စွမ်းအားကို မျက်ဝါးထင်ထင်ကြုံတွေ့လိုက်သည့်အတွက် မျက်စိမျက်နှာပျက်သွားကြလေသည်။

"ဒါက...."

ပိုင်ကျိမ်းထျန် ပင့်သက်ရှိုက်လိုက်သည်။

" တာအိုမြစ်က ယင်ယန်နတ်ဝိညာဥ်အဖြစ်ရှိနေရင်တောင်မှ အဲဒီတိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့သင့်ပါတယ်။ အဲဒီအမြန်နှုန်းက....ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း "

" ဒီကောင် အရင်က နတ်အဆင့်ကျင့်ကြံသူမဟုတ်ပေမယ့် " လီရှမ်းတောက်က ခပ်တိုးတိုးရေရွတ်သည်။

“ အခုတော့ သေချာပေါက် ဖြစ်သွားခဲ့ပြီပဲ "

ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဖြစ်သေးဘဲ နတ်တစ်ပိုင်းအဆင့်မှာပင် နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်အား ဒဏ်ရာရသွားစေပြီး တစ်ယောက်ကို ဒုက္ခိတဖြစ်သွားစေခဲ့ကာ နောက်ဆုံးတစ်ယောက်ကို သတ်ပစ်ခဲ့သည်။

ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် အကြောင်းခြင်းရာက ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံးကို လုံးလုံးလျားလျား မှင်သက်သွားစေသည်။

ရှင်းမြစ်ခေါင်းဆောင်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ရီနေလေပြီ။ သူ၏ထိတ်လန့်တုန်လှုပ်နေမှုက ချိန်ဟဲ့ထျန်နှင့် အခြားသူများထက် ကျော်လွန်သည်။ ဤသည်မှာ ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အား သတ်သည်ကို သူ ဒုတိယအကြိမ်မြင်ရခြင်း မဟုတ်ပါလော။

အမှန်တွင် ဤတစ်ကြိမ်က ယခင်တစ်ခေါက်ကထက်ပင် လွယ်ကူနေသေးသည်။ စောစောကမြင်ခဲ့သည်အရာအား တွေးလိုက်ရုံနှင့်ပင် သူသည် အတိုင်းထက်အလွန် ကြောက်လန့်တုန်ရီသွားရပြီး တတ်နိုင်သမျှမြန်မြန်ပြေးတော့သည်။ သူ့ရင်ထဲ ကိန်းအောင်းနေသည့် နောက်ဆုံးလက်ကျန် ရဲရင့်သောစိတ်ကလေးသည်ကား အစအနပင် ရှာမရတော့ပေ။ သူသာ လွတ်မြောက်သွားခဲ့လျှင် ပိုင်ရှောင်ချန်းအားရန်စရန်နှင့်ပတ်သက်၍ မည်သို့မျှ လုပ်တော့မည်မဟုတ်ကြောင်း သံန္နိဋ္ဌာန်ချလိုက်တော့သည်။

ရှိရှိသမျှလူတိုင်း အံသြမှင်သက်နေကြချိန် ပိုင်ရှောင်ချန်းက လှမ်း၍ တာအိုမြစ်ခေါင်းဆောင်ကြီးအသတ်ခံခဲ့ရသည့်နေရာကို ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်သည်။

ထိုသို့လုပ်လိုက်သည့်အချိန်တွင် ဝိညာဥ်အရိပ်တစ်ခုပေါ်လာရာ စောင့်ကြည့်နေကြသူများအားလုံး အံအားသင့်သွားလေသည်။ ၄င်းတွင် ခံစားချက်မဲ့နေသော မျက်ဝန်းများရှိပြီး တာအိုမြစ်ခေါင်းဆောင်ကြီးအသွင် ထင်ဟပ်နေသည်။

၄င်းက ပေါ်လာသည်နှင့် မမြင်ရသော ရေဝဲတစ်ခုအတွင်းသို့ ပေါင်းစပ်သွားတော့မည့်အလား အပေါ်မြောက်တက်လာ၏။ ကောင်းကင်တံတားဒေသများတွင် ဝိညာဥ်များ သေဆုံးသောအခါ ဘဝကူးပြောင်းခြင်း သံသရာစက်ဝန်းသို့ ယူဆောင်သွားခံရမည်ဖြစ်သည်။

သို့သော် တာအိုမြစ်ခေါင်းဆောင်ကြီးက ကောင်းကင်ဘုံအတွင်း မြောက်တက်မသွားမီ ပိုင်ရှောင်ချန်းက ဆွဲယူလိုက်၏။

အခြား မည်သူမျှ မမြင်နိုင်ပါသော်လည်း ပိုင်ရှောင်ချန်းသည် ကောင်းကင်ယံတွင် ရေဝဲကြီးတစ်ခု အမှန်တကယ် တည်ရှိကြောင်း မြင်နိုင်သည်။ ခေါင်းဆောင်ကြီး၏ဝိညာဥ်အား သူဖမ်းဆွဲလိုက်သည့်အခိုက်အတန့်တွင် သူ၏ နတ်ဝိညာဥ်အားဆွဲယူရန် ကြိုးပမ်းမှုကို နှောင့်ယှက်လိုသော ရည်ရွယ်ချက် မရှိသည့်အလား ရေဝဲကြီး ပျောက်ကွယ်သွား၏။

သူ့လက်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူက လက်ချောင်းများကို ပိတ်လိုက်ရာ အဝါရောင်သလင်းကျောက်တစ်ခု ပေါ်ပေါက်လာသည်။

ထိုသလင်းကျောက်ထဲအတွင်း ပိတ်လှောင်ထားသည်ကား မြေဓာတ်နတ်ဝိညာဥ်မှတစ်ပါး အခြားမဟုတ်ပေ။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ တုန်လှုပ်သွားကြသည်သာမက စိတ်လှုပ်ရှားသွားကြလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ ပျော်ရွှင်မှုများပြည့်လျှံနေပြီး သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ မျက်လုံးများတွင် တစ်ခါမှမကြုံဖူးသော ရူးသွပ်ခြင်းများဖြင့် တောက်ပနေတော့သည်။

" ခေါင်းဆောင်ကြီးပိုင် "

" ခေါင်းဆောင်ကြီးပိုင် "

အဏ္ဏဝါခေါ်သံဂိုဏ်းမှ မြည်ဟည်းလာသော ဝမ်းမြောက်ဝမ်းသာအော်သံများမှာ အရှေ့ဘက်အလယ်ပိုင်းဒေသတစ်ခွင်လုံး ပြည့်လျှံသွားတော့သည်။

ဘရူဆာသည် ပိုင်ရှောင်ချန်းက မည်မျှ အံသြတုန်လှုပ်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလာခဲ့သည်ကို ကြည့်ရှုကာ ဝမ်းသာအားရဟိန်းဟောက်လိုက်၏။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၊ အခြားနှစ်ဖွဲ့မှ ခေါင်းဆောင်ကြီးများ၊ လီချင်းဟောက်နှင့် ကျိမ်းယွမ်သုန်တို့အားလုံး ဝမ်းမြောက်ကြည်နူးသည်ထက် ပိုပိုကဲကဲ ခံစားလိုက်ကြရလေသည်။

" နောက်ဆုံးတော့ အဏ္ဏဝါခေါ်သံဂိုဏ်း မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့ပြီ "

ဂိုဏ်းရှိ စွမ်းအားကြီးပညာရှင်များအားလုံး ဝမ်းသာလွန်း၍ ထခုန်လုမတတ် ဖြစ်နေကြချေသည်။ သူတို့သည် ယခင်က ပိုင်ရှောင်ချန်း၏စွမ်းအားကြောင့် အံ့သြတုန်လှုပ်ခဲ့ကြပါသော်လည်း ထိုစဥ်က သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မဟုတ်သေးပေ။ ဂိုဏ်းရှိ လူအများစုသည် ထိုအချက်အား သတိမထားမိခဲ့ကြသည့်တိုင် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးကတော့ သတိထားမိသည်။

ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့သော်လည်း ထိုအဆင့်၏ အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း ဂိုဏ်း၏ခေါင်းဆောင်မှုပိုင်းတွင် ရင်မအေးနိုင်အောင် ဖြစ်နေခဲ့ကြရပြီး ယခုတွင် သူ၏စိတ်ဆန္ဒက ကောင်းကင်ဘုံ၏စိတ်ဆန္ဒကို ကျော်လွန်သွားသဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် စွမ်းအားကြီးသော အခိုးအငွေ့များပြည့်နှက်နေလေပြီ။ ထိုအခြင်းအရာကြောင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည်ကို သိသွားကြ၏။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ သူတို့ကိုယ်သူတို့ပင် မထိန်းနိုင်ကြတော့ချေ။ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့သာမက ရှင်းမြစ်ခေါင်းဆောင်ကြီးမှာမူ နတ်ဝိညာဥ်အား ပိုင်ရှောင်ချန်း သိမ်းယူလိုက်သည့်အချက်ကြောင့် တုန်လှုပ်ခြောက်ခြားသွားတော့သည်။

" မဖြစ်နိုင်ဘူး "

ချိန်ဟဲ့ထျန်က အသက်ပြင်းပြင်းရှူလိုက်သည်။ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့မှာ အထိတ်တလန့် ပင့်သက်ရှိုက်လိုက်ကြသည်။ နတ်အဆင့်ကျင့်ကြံသူသုံးဦး၏ ကြောက်ရွံထိတ်လန့်ခြင်းများကား ဖော်ပြ၍ပင် မရနိုင်တော့ပြီ။

စောစောက ပိုင်ရှောင်ချန်း ပြုလုပ်ခဲ့သည့်အရာက သူတို့၏အတွင်းစိတ် အနက်ရှိုင်းဆုံးနေရာအထိ တုန်လှုပ်သွားစေသည်။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီးနောက် ထိုလူ၏ဝိညာဥ်အား ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းဆီသို့ မဝင်ရောက်စေရန် တားဆီးနိုင်သူမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေသည်။

ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်တို့အနက် မည်သူကမျှ ထိုကဲ့သို့ မလုပ်ဆောင်နိုင်ကြပေ။ သို့ရာတွင် ပိုင်ရှောင်ချန်းက သူတို့မျက်မှောက်ရှေ့တည့်တည့်တွင် လုပ်ဆောင်ပြလိုက်လေပြီ။

ရလဒ်အနေဖြင့် သူတို့မည်မျှတုန်လှုပ်ခြောက်ခြားသွားကြောင်း ဖော်ပြရန် မဖြစ်နိုင်သလောက်ပင်။

အံအားသင့်ဖွယ်ကောင်းစွာ ပိုင်ရှောင်ချန်းသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား သူအလိုရှိသလို ခြယ်လှယ်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားဟန်တူသည်။

အမှန်ဆိုရလျှင် နတ်အဆင့်ကျင့်ကြံသူအများစုအတွက် နတ်ဝိညာဥ်အား ကောင်းကင်နှင့်မြေကြီး၏ ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းထဲသို့ ဝင်ရောက်ခြင်းမှ ဟန့်တားရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာမူ အားစိုက်ထုတ်စရာမလိုသလောက်ပင်။ မည်သို့ပင်ဆိုစေ ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းသည် မြေအောက်ကမ္ဘာမြစ်၏ အစိတ်အပိုင်းဖြစ်ပြီး သူ့တပည့်က လက်ရှိငရဲဧကရာဇ်ဖြစ်သည်မဟုတ်ပါလော။ သူက နတ်ဝိညာဥ်ကို လိုချင်လျှင် မြေအောက်ကမ္ဘာမြစ်မှာ သူ့အား မည်သို့ အံတုနိုင်ပါမည်နည်း။

ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများသာမက မည်သူမျှ မပြောနိုင်ပါသော်လည်း တာအိုမြစ်ခေါင်းဆောင်ကြီးအား ပိုင်ရှောင်ချန်း တိုက်ခိုက်သတ်ဖြတ်သွားသည်ကိုကြည့်ရသည်မှာ သူသည် ရှားမှရှားသော ကောင်းကင်တာအို နတ်တစ်ပါးဖြစ်ကြောင်း သိသာထင်ရှားပေသည်။

ထိုမျှသာမက သူက သူ၏ယင်ယန်ဝိညာဥ်အပေါ်တွင် နှစ်ဆယ့်တစ်ဆစိတ်စွမ်းအင်မြှင့်တင်ခြင်းဆောင်ရွက်၍ အာကာသရောင်စုံမီးတောက်ကို အသုံးပြုလျက် အဆင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုအရာများအားလုံးကြောင့် အစောပိုင်းနတ်အဆင့်ကျင့်ကြံသူများအားလုံးကား သူ့အတွက် အစွမ်းနိမ့်ကျသေးသည်ထက်ပင် နိမ့်နေသေးသည်။ အလယ်ပိုင်းနတ်အဆင့်ကျင့်ကြံသူများပင်လျှင် သူ့နောက်မှာသာရှိ၏။

သူက နတ်အဆင့်ကျင့်ကြံသူများအားလုံးအနက် အစွမ်းထက်ဆုံးဟု မသတ်မှတ်နိုင်ပါသော်လည်း ထိုသို့သတ်မှတ်နိုင်သည့် လက်တစ်ဆုပ်စာလူထဲတွင်ပါသည်။ ကုန်လွန်သွားခဲ့သည့် နှစ်များတစ်လျှောက် ကောင်းကင်တာအိုနတ်အဆင့်ကျင့်ကြံသူဖြစ်လာခဲ့သည့် တစ်ဦးတည်းသောသူကား ကောင်းကင်ဧကရာဇ်ဟု ထင်ရှားကျော်ကြားသော ကောင်းကင်တံတားတာအိုပင်ဖြစ်ပေသည်။

ယခု ပိုင်ရှောင်ချန်းကား ဒုတိယမြောက်ပင်။

သို့သော် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်မလုပ်ခဲ့သည့် အရာတစ်ခုအား လုပ်ဆောင်ခဲ့သည်။ သူက ကမ္ဘာပေါ်တွင်ရှိသမျှအနက် ထိပ်ဆုံးအဆင့်မီးတောက်အား အသုံးပြု၍ သူ၏ ယင်ယန်ဝိညာဥ်အပေါ် နှစ်ဆယ့်တစ်ဆစိတ်စွမ်းအင်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းတောက်လျှောက် သူတစ်ယောက်တည်းသာ ထိုသို့ လုပ်ဆောင်ခဲ့သူဖြစ်သည်။

ထိုသို့ဖြစ်လာရခြင်းအကြောင်းအရင်းမှာ ကံကြမ္မာက မျက်နှာသာပေးခြင်းကြောင့်ဖြစ်သလို ပိုင်ရှောင်ချန်း၏ ကြိုးစားအားထုတ်မှုကြောင့်လည်း ဖြစ်သည်။ ထိုသို့ ကံတရားနှင့် ဇွဲလုံ့လတို့ အတူတကွ ပေါင်းစပ်သွားေသာအခါတွင် လက်ခံယုံကြည်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်သော အံ့ဖွယ်သရဲဖြစ်ရပ်ကြီး ပေါ်ထွက်လာတော့သည်။ အမှန်တွင် သူ အရဲစွန့်လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ သူသည် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က သူ့အား နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာစေလိမ့်မည်ဟု တထစ်ချမယုံကြည်ခဲ့ပေ။

ပိုင်ရှောင်ချန်း၏စွမ်းအင်ကို အာရုံခံမိပြီးနောက် ချိန်ဟဲ့ထျန်၊ လီကျန်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့သုံးယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ဒရောသောပါး ထွက်ပြေးကြလေရာ ရှင်းမြစ်ခေါင်းဆောင်ကြီးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

ကြောက်လန့်တုန်ရီနေသော ရှင်းမြစ်ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းက သူ့ကိုမဟုတ်ဘဲ တာအိုမြစ်ခေါင်းဆောင်ကြီးအား သတ်ပစ်ရန် ရွေးချယ်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေလျက် အလျင်အမြန် ဆုတ်ခွာလိုက်သည်။

နတ်အဆင့်ကျင့်ကြံသူလေးယောက် နောက်ဆုတ်သွားကြချိန် ပိုင်ရှောင်ချန်းက ခေါင်းလှည့်လိုက်ပြီး သူ့မျက်လုံးများမှာ လျှပ်စီးအလား လက်သွားတော့သည်။

" မင်းတို့ကောင်တွေ အဏ္ဏဝါခေါ်သံဂိုဏ်း ကို ကျုးကျော်ခဲ့ပြီးတော့ လျော်ကြေးမပေးဘဲ ထွက်သွားနိုင်မယ်ထင်နေတာလား “

သူ့အသံထဲရှိ အေးစက်မှုနှင့် အမျက်ဒေါသများကား သိသာထင်ရှားနေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ သေရေးရှင်ရေး အခြေအနေသို့ ကျရောက်ခဲ့ရပြီး သူသာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခဲ့လျှင် ရလဒ်များကား စိတ်ကူးနှင့်ပင် မှန်းဆ၍ရနိုင်မည် မဟုတ်ကြောင်း လူတိုင်း သိထားကြသည်။

All Chapters