ဘယ်သူ ငါ့လောက်မြန်မလဲ
Vol. 9 Ch. 889
ပိုင်ရှောင်ချန်း၏ စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။ အမှန်တွင် သူတို့သုံးယောက်မှာ မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ပြောကြားထားခြင်းမရှိဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလာခြင်းသာ ဖြစ်သည်။
သူတို့ထွက်သွားခြင်းက ရှင်းမြစ်ခေါင်းဆောင်ကြီးကို ပိုင်ရှောင်ချန်းနှင့် သူတို့အကြားတွင် ထားခဲ့သည့်အလား ဖြစ်သွားစေရာ တစ်ဦးတည်း ထီးထီးကြီး ကျန်ရစ်ခဲ့လေသည်။
သူတို့သည် ရှင်းမြစ်ခေါင်းဆောင်ကြီးကို ငါးစာအဖြစ်ထား၍ သူ့ကို မျှားကာ ပိုင်ရှောင်ချန်း မည်မျှသန်မာကြောင်း ကြည့်ရှုပြီးနောက် ပူးပေါင်းတိုက်သင့်၊ မတိုက်သင့်ကို ဆုံးဖြတ်ကြမည်ဖြစ်သည်။
ထို့ပြင် သူတို့က တစ်ဂိုဏ်းတည်းသားများဖြစ်နေသေးသည် ဖြစ်လေရာ သူတို့၏ဂိုဏ်းအတွင်းရှိ အဆင့်အတန်းနှင့်ရာထူးများကြောင့် နိုင်ရန် မသေချာဘဲ တိုက်ခိုက်မည်မဟုတ်ပေ။
ရှင်းမြစ်ခေါင်းဆောင်ကြီးမှာ ဖြစ်ပျက်နေသည်များကို ကြည့်ရှုကာ အနည်းငယ် သဘောပေါက်သွားသည်။ သို့သော် သူလုပ်နိုင်သမျှမှာ လျှာကိုကိုက်၍ သွေးအနည်းငယ် ထွေးထုတ်ပြီး လျှို့ဝှက်မှော်ပညာတစ်ရပ်အား သုံးလျက် ထွက်ပြေးရန်သာ ဖြစ်တော့သည်။
" မင်းတို့ကပဲ မြန်မလား ။ ငါကပဲ မြန်မလား ကြည့်ကြတာပေါ့"
သူ့မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် မျက်စိကျိန်းမတတ် အမြန်နှုန်းဖြင့် အရှိန်တင်လိုက်သည်။
ပိုင်ရှောင်ချန်းက လှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင် ရှင်းမြစ်ခေါင်းဆောင်ကြီးက စူးစူးရှရှအော်ဟစ်ကာ အရှိန်တင်ရန် ကြိုးစားလိုက်သည်။ တချိန်တည်းမှာပင် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့က အေးစက်စက်အလင်းများတောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
" ဒီကောင်က ငယ်လွန်းပြီး အတွေ့အကြုံမရှိပါဘူးကွာ "
ချိန်ဟဲ့ထျန်က အေးစက်စက်နှာမှုတ်ပြီး ပြောသည်။
" စိတ်လိုက်မာန်ပါလုပ်လွန်းတယ် "
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ့ပတ်ပတ်လည်တွင် အနီရောင်အလင်းများ တောက်ပလာပြီး ဧရာသွေးလက်သီးကြီးတစ်လုံး အလျင်အမြန်ဖြစ်တည်လာ၏။
ထိုမီတာ ၃၀၀ လက်သီးကြီးကို သွေးရူးသွေးတမ်း တိုက်ခတ်နေသော ဖျက်စီးခြင်းလေမုန်တိုင်းက ဝန်းရံထား၏။ ၎င်းအတွင်း ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့သော စိတ်စွမ်းအားပမာဏကြီး စီးဝင်နေပြီး မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့်မျက်နှာများက ဒေါသတကြီးအော်ဟစ်လျက် လွင့်မျောနေကြလေသည်။
၄င်းပတ်ပတ်လည်ရှိ လေထုကြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး သွေးညှီနံ့ကြီးက အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လူတိုင်း၏ချီနှင့် သွေးများအား ဆွဲငင်လျက် ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားတော့သည်။
" သွေးမိစ္ဆာလက်သီး "
သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး ပင့်သက်ရှိုက်သွားတော့သည်။ ဤသည်မှာ ချိန်ဟဲ့ထျန်၏ ဝှက်ခဲများအနက် တစ်ခုဖြစ်ပြီး ကြောက်ခမန်းလိလိအစွမ်းထက်သည်။ ၄င်းက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အချိန်နှင့်အမျှ ပို၍စွမ်းအားကြီးလာသည်။
ချိန်ဟဲ့ထျန်က လှုပ်ရှားလိုက်စဥ် ပိုင်ကျိမ်းထျန်က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ့နဖူးမှ အနက်ရောင်ချိုကြီး တိုးထွက်လာ၏။ ၎င်းထွက်လာသည်နှင့် အနက်ရောင်လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာတော့သည်။
အနက်ရောင်အလင်းတန်းကြောင့် ကောင်းကင်နှင့်မြေပြင်တွင် ကြောက်မက်ဖွယ်အလင်းများ ပြိုးပြိုးပြက်ပြက် လက်သွားသည်။ တစ်ဆက်တည်းမှာပင် သူ့ခေါင်းထက်တွင် မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ဖြစ်တည်လာပြီး ဧရာမပိုက်ကွန်ကြီးအလား ပိုင်ရှောင်ချန်းဆီ ဦးတည်သွားလေသည်။
ပိုက်ကွန်ကြီးက ပိတ်လှောင်ခြင်းစွမ်းအားထုတ်လွှတ်လျက် နိမ့်ဆင်းကျလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေတော့သည်။
ပိုက်ကွန်အတွင်းတွင် လမိုက်ညအလား မှောင်မည်းနေနေသည့် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာ ရှိေနသည်။ ထိုမျှသာမက ပိုက်ကွန်ကြီးက ပတ်ပတ်လည်ရှိ လျှပ်စီးများအားလုံးကို စုပ်ယူလိုက်ရာ အလွှာ ဆယ်ထပ် ကွဲအက်သွားသည်။ ထို့နောက် အလွှာ တစ်ရာ၊ အလွှာတစ်ထောင်၊ အဆုံးသတ်၌ အလွှာတစ်သောင်းကျော်သွားလေပြီ။
ဤသည်က ပိုင်ကျိမ်းထျန်နှင့်သက်ဆိုင်သော ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး မလွှဲမရှောင်သာမှသာ သူက ထုတ်သုံးလေ့ရှိသည်။ သို့သော် စောစောက ပိုင်ရှောင်ချန်းကြောင့် သူ မည်မျှတုန်လှုပ်ခဲ့ရသည်ကို ထည့်တွက်လျှင် သူ၏သက်စောင့်သိုင်းကွက်ဖြင့် တိုက်ရမည်ဖြစ်ကြောင်း သူသိသည်။
ဤမျှနှင့်မပြီးသေးပေ။ နောက်ဆုံးကား လီရှမ်းတောက်။ သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေလျက် သူက ပါးစပ်ကို ဖွင့်လိုက်ပြီး အဖြူရောင်အလင်းတန်းတစ်တန်းအား ထွေးထုတ်လိုက်ရာ ၎င်းက တစတစကြီးထွားလာပြီး နောက်ဆုံးတွင် ဧရာမစစ်တုရင်ခုံကြီးအသွင် ဖြစ်တည်လာတော့သည်။
ပုံရိပ်ယောင်စစ်တုရင်ခုံကြီးက တစ်လောကလုံးကို ပြည့်နှက်သွားဟန်တူသည်။ ကောင်းကင်သည် စစ်တုရင်သမားများ၊ မြေပြင်က စစ်တုရင်ခုံ နှင့် လီရှမ်းတောက်၏ မှော်စွမ်းအားများက စစ်တုရင်များအလား ဖြစ်သွားတော့သည်။
အာကာသစစ်တုရင်ခုံကြီးအတွင်း မြင့်မားသောပုံရိပ်များပေါ်လာ၏။ ကောင်းကင်တပ်သားများနှင့် အံသြတုန်လှုပ်ဖွယ် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စစ်သူကြီးများပင်။
ကောင်းကင်တပ်သားငါးဦးက ရှေ့တန်းတွင် ဖြစ်ပြီး သူတို့နောက်တွင် တောင့်တင်းသန်မာသော စစ်သည်များ။ နောက်တွင် မြင့်မြတ်သောေခါင်းဆောင်များ၊ စစ်မြင်းများနှင့် သွေးဆာနေသော ခြေလျင်စစ်သည်များဖြစ်သည်။ ၎င်းတို့အားလုံးက အလယ်တည့်တည့်ရှိ ကောင်းကင်သခင်အား ကာကွယ်နေကြ၏။
မျက်တောင်တစ်ခတ်စာအတွင်း နတ်အဆင့်ကျင့်ကြံသူများအားလုံးက အစွမ်းထက်ဆံုးသော ဖျက်စီးခြင်းစွမ်းအားများကို ထုတ်လွှတ်၍ ပိုင်ရှောင်ချန်းနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးတို့နှစ်ယောက်လုံးကို အပြင်းအထန်ဒဏ်ရာရစေရန် တိုက်ခိုက်လိုက်ကြသည်။
ရှင်းမြစ်ခေါင်းဆောင်ကြီး၏ မျက်လုံးများ နီရဲသွားပြီး မနည်းအသက်ရှူနေရလေသည်။ ယခု သူ မဆုတ်ခွာနိုင်တော့ကြောင်း သိသည်။ သူနောက်ဆုတ်ခဲ့လျှင် လွတ်ကောင်းလွတ်နိုင်မည်ဖြစ်ပါသော်လည်း ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့က အမျက်ရှမည်မှာ ကြိမ်းသေသည်။
သူ ရွေးချယ်စရာမရှိတော့ပေ။ သူက လှည့်ကာ အခြားနတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ နတ်ဘုရားစွမ်းရည်များက ပိုင်ရှောင်ချန်းကို အချိန်မှီ သတ်နိုင်ရန် မျှော်လင့်ချက်များဖြင့် အနည်းငယ်ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်၏။ ပိုင်ရှောင်ချန်းက လှစ်ခနဲ လှုပ်ရှားလိုက်ပြီး နတ်ဘုရားစွမ်းရည်များက သူ့ထံသို့ နီးကပ်လာလေသည်။ သို့သော် သူက နောက်မဆုတ်ဘဲ အရှိန်တင်လိုက်သည်။
သူ ရွေ့လျားနေစဥ် လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ မရေမတွက်နိုင်သော ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများ သူထံပျံသန်းလာကြပြီး မြင့်မားသော ကျောက်လူကြီးဖြစ်သည့်တိုင်အောင် သူ့ပတ်ပတ်လည်တွင် ပေါင်းစည်းလာကြသည်။
ဤသည်ကား နတ်အဆင့်ကျင့်ကြံခြင်းအခြေခံထောက်ပံ့ပေးထားသော အသက်ဝင်တောင်ဂါထာပင်။
သူက ကျောက်လူကြီးအသွင် ဖြစ်တည်သွားသည်နှင့်တစ်ပြိုင်နက် လျှပ်စီးပိုက်ကွန်ကြီး ချဥ်းကပ်လာ၏။ သို့သော် ပိုက်ကွန်ထဲတွင် ဖျက်စီးခြင်းစွမ်းအားများ မည်မျှများပြားနေသည့်တိုင် ပိုင်ရှောင်ချန်းက လွန်စွာလျင်မြန်လွန်းသည်။ သူ၏ကျောက်လူကြီးအသွင် ပျက်စီးသွားပါသော်လည်း သူက တိုက်ကွက်အများစုကို ရှောင်တိမ်းလိုက်နိုင်ပြီး ရှင်းမြစ်ခေါင်းဆောင်ကြီးထံ ချဥ်းကပ်သွား၏။
ထို့နောက် သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ တောင်ဖြိုသိုင်းအား အသုံးပြုလိုက်သည်။
တောင်ဖြိုသိုင်းက ပိုင်ရှောင်ချန်း၏ အမြန်နှုန်းအား ကြောက်စရာကောင်းလောက်အောင် တိုးတက်သွားစေသည်။ သူက အာကာသစစ်တုရင်ခုံကြီးကို ရှောင်လိုက်ပြီး ကောင်းကင်တပ်သားငါးဦးအား ဝင်တိုက်ကာ ရှင်းမြစ်ခေါင်းဆောင်ကြီးရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ ခေါင်းဆောင်ကြီးက အထိတ်တလန့်အော်လိုက်ချိန် ပိုင်ရှောင်ချန်းက သူ့ကို ဖြတ်ရိုက်ချလိုက်သည်။
အဆုံးမရှိသောလှိုင်းဂယက်များနှင့်အတူ ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်သွား၏။ ရှင်းမြစ်ခေါင်းဆောင်ကြီးမှာ နောက်သို့လွင့်စဥ်သွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်လာသည်။ တချိန်တည်းမှာပင် ချိန်ဟဲ့ထျန်၏ ဝှက်ဖဲဖြစ်သော ဧရာမသွေးလက်သီးကြီး ရောက်ရှိလာသည်။
ရှင်းမြစ်ခေါင်းဆောင်ကြီးက နောက်လွင့်သွားစဥ် ပိုင်ရှောင်ချန်းက ရှေ့သို့ပြေးတက်လာပြီး ဧရာမကျောက်လက်ကြီးကို ဆန့်ထုတ်လိုက်ကာ သူ၏လက်မနှင့်လက်ညှိုးတို့မှ အနက်ရောင်အလင်းများဖြာထွက်လာသည်။ ၄င်းသည်ကား..... လည်မျိုဖမ်းဆုပ်ကွက်ပင်။
ပိုင်ရှောင်ချန်း၏ လည်မျိုဖမ်းဆုပ်ကွက်က ရှင်းမြစ်ခေါင်းဆောင်ကြီးထံ တိုးဝင်သွားသဖြင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီး မြည်ဟည်းသွား၏။ လည်ပင်းအစ်နေသောအော်သံကြီး ထွက်ပေါ်လာပြီး ခေါင်းဆောင်ကြီး၏ အပြင်ခန္ဓာကိုယ် တစစီစုတ်ပြတ်သွားတော့သည်။ သူ၏ ယင်ယန်ဝိညာဥ်က ထိတ်လန့်အားငယ်သော အမူအရာဖြင့် ပျံထွက်လာ၏။ သူသည် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်တို့နှင့် ပူးပေါင်းရန်အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်ကာ ထွက်ပြေးတော့သည်။
ထိုအချိန်တွင် ချိန်ဟဲ့ထျန်၏ ဧရာမလက်သွေးလက်ကြီးက ရှင်းမြစ်ခေါင်းဆောင်ကြီးနောက်သို့ ပိုင်ရှောင်ချန်း မလိုက်စေရန်အတွက် တားဆီးလာ၏။
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ တခဏလေး ရပ်လိုက်ရုံနှင့်ပင် နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ နတ်ဘုရားစွမ်းရည်များနှင့်မှော်အတတ်များက သူ့အပေါ် ကျရောက်လာတော့မည်။ သို့ရာတွင် သူက တွေဝေတုံ့ဆိုင်းနေခြင်းအလျဥ်းမရှိပဲ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ အေးစိမ့်ချီများက အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
ပိုင်ရှောင်ချန်းက သွေးလက်သီးကြီးထံ ပြေးဝင်သွားစဥ် အေးစိမ့်အရိပ်ကိုးရိပ်ထွက်ပေါ်လာကာ သူ့ကို အထပ်ထပ်ခြံရံလိုက်ကြသည်။
အေးစိမ့်အရိပ်ကိုးရိပ်က လက်သီးကြီးနှင့် ထိသွားသည့်အခါ ၎င်းတို့မှာ တဝုန်းဝုန်းပေါက်ကွဲလျက် ကြေမွသွားကြသည်။ သို့သော် သွေးလက်ကြီးသည်လည်း တခဏကြာရပ်တန့်သွား၏။
ထိုရပ်သွားသည့်တခဏတာအချိန်က ပိုင်ရှောင်ချန်းလိုအပ်သော အချိန်ဖြစ်သည်။ သူက ထာဝရပြုစားခြင်းသိုင်းကိုသုံး၍ ချက်ချင်းရှေ့တက်လိုက်၏။ သူက စစ်မြေပြင်ကိုဖြတ်၍ ဧရာမပိုက်ကွန်ကြီးအား ထိုးဖောက်သွားသဖြင့် ကျောက်လူကြီးပုံစံ ပျက်စီးသွားပြီး ထွက်ပြေးနေသော ရှင်းမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်ရှေ့တည့်တည့်တွင် ပြန်ပေါ်လာတော့သည်။
တာအိုမြစ်ခေါင်းဆောင်ကြီးကို သတ်ခဲ့သည့်အတိုင်း ထပ်တူကျစွာ သူက အလင်းတန်းတစ်တန်းအသွင်ဖြင့် ရှင်းမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်အား ထိုးဖောက်သွားတော့သည်။
မချိတင်ကဲ အော်သံတစ်သံ ထွက်ပေါ်လာပြီး ရှင်းမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်ကား အပိုင်းပိုင်းအစစ ပျက်စီးသွားတော့သည်။