ရဲစွမ်းသတ္တိဆိုသည်မှာ
Vol. 9 Ch. 890
ဤသည်မှာ ပိုင်ရှောင်ချန်း၏ဘဝတစ်လျှောက် သတ်ဖြတ်ခဲ့သည့် သုံးယောက်မြောက် နတ်အဆင့်ကျင့်ကြံသူ ဖြစ်သည်။
သတ်ဖြတ်မှုတစ်ခုချင်းစီတိုင်းက ပိုမိုမြန်ဆန်တိကျလာခဲ့ပြီး ကြည့်ရှုနေကြသူများ၏နှလုံးအိမ်အတွင်းသို့ အကြောက်တရားများ ရိုက်သွင်းလိုက်သည်။ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့က ငါးစာချခဲ့သော်လည်း ပိုင်ရှောင်ချန်းက တွန့်ဆုတ်တွေဝေနေခြင်းမရှိဘဲ နတ်ဘုရားစွမ်းရည်များကို ဖျက်ဆီးကာ ရှင်းမြစ်ခေါင်းဆောင်ကြီးကို ရိုက်ချပစ်လိုက်သည်။
ကျန်ရှိသော နတ်အဆင့်ကျင့်ကြံသူများမှာ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားကြသည်။ သို့သော် သူတို့အားလုံးက တိုက်ပွဲပေါင်းများစွာ ဆင်နွှဲထားခဲ့ကြဖူးသူများဖြစ်၍ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များအတွင်းသို့ စွမ်းအားများ ပို၍ထည့်သွင်းလိုက်ကြသည်။ ချိန်ဟဲ့ထျန်၏ သွေးလက်ကြီးက တစတစကြီးမားလာကာ ၄င်းအတွင်းရှိ မရေမတွက်နိုင်သော မျက်နှာပေါင်းများစွာက ရက်စက်ကြမ်းကြုတ်စွာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြလေသည်။
အလွှာတစ်သောင်း လျှပ်စီးပိုက်ကွန်သည် ထွက်ပေါက်မှန်သမျှ ပိတ်ဆို့ကာ ပိုင်ရှောင်ချန်းဆီသို့ လေဟုန်ခွင်း၍ ပြေးဝင်လာ၏။
ထို့ပြင် အာကာသစစ်တုရင်ခုံကြီးက ယခင်ကထက်ပို၍ ရုပ်လုံးပေါ်လာသည်။ ကောင်းကင်တပ်သားများနှင့် စစ်သူကြီးများက တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေနိုင်သည့် အားကြီးဖြင့် တိုက်ခိုက်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ ရှေ့နောက်နေရာပေါင်းစုံမှ သေမင်းစွမ်းအားလှိုင်းပေါင်းစုံဖြင့် သည်းသည်းမဲမဲ တိုက်ခိုက်ခြင်း ခံနေရတော့သည်။
နတ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ စောစောက သူတို့သတိလက်လွတ်ပြုမူမိခဲ့ကြောင်း ဝန်ခံရပေမည်။ ထိုမတိုင်ခင်က ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဖြစ်သေးမှန်း သူတို့ တစ်ခါမှ မတွေးထားခဲ့မိပေ။ ထိုသို့ သူတို့၏သတိလက်လွတ်ဖြစ်သွားမှုကြောင့် ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့နှစ်ယောက်ကို စတေးလိုက်ရသည်။ ၄င်းက သူတို့၏ယုံကြည်မှုအပေါ် ပြင်းထန်သော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ထိုအချက်ကို စဥ်းစားမိသောအခါ သူတို့မှာ အစွမ်းကုန်တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ခံစားလိုက်ရ၏။ သူတို့သာ ပိုင်ရှောင်ချန်းကို သတ်ဖြတ်နိုင်ခဲ့လျှင် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အနည်းငယ် သိက္ခာကျရနိုင်သည်။
သူတို့က အသာစီးမရခဲ့လျှင် သူတို့၏ နတ်အဆင့်လက်အောက်ငယ်သားများကို ဆုံးရှုံးရမည်သာမက မျက်နှာပျက်ရပေမည်။ ထို့ပြင် ပိုင်ရှောင်ချန်းက ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်သွားမည့်အရေးနှင့် ရင်ဆိုင်သွားရလိမ့်မည်။
သူတို့သာ အရေးနိမ့်ခဲ့လျှင် သံမဏိသွေးကြောခန်းမခေါင်းဆောင်ကြီးက ထိုအချက်အပေါ် သေချာပေါက် အခွင့်ကောင်းယူလိမ့်မည်။
" သောက်ကျိုးနည်းကွာ "
" ဒီခွေးကောင်ကို ရှင်းရခက်မယ်မှန်း ကြိုသိခဲ့ရင် မလာခဲ့ပါဘူးကွာ "
သို့သော် “ သင်က ကျားပေါ်တက်စီးနေမိမှတော့ ဆင်းရခက်ပေမည် “ ဆိုသော ဆိုရိုးစကားလည်း ရှိသည် မဟုတ်ပါလာ။ ထို့ကြောင့် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့်ပိုင်ကျိမ်းထျန်တို့မှာ အံတင်းတင်းကြိတ်၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူတို့က စတင်တိုက်ခိုက်မိခဲ့ပြီဖြစ်လေရာ ရန်သူအား သေချာပေါက်သတ်ရလိမ့်မည်။ ထိုသည်က အခြေအနေအား ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းပင်။
ပိုင်ရှောင်ချန်းက လှည့်လိုက်သဖြင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီးများ မိုးကောင်းကင်နှင့် မြေပြင်တွင် ပြည့်နှက်သွား၏။ သူက သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်ရာ ရှင်းမြစ်ခေါင်းဆောင်ကြီး၏ဝိညာဥ်ကို သိမ်းယူရန် အချိန်မရှိပေ။
သူက ကောင်းကင်တာအိုနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် သူ၏ပြိုင်ဘက်များက အလယ်ပိုင်းနတ်အဆင့်ရှိ ကျင့်ကြံသူသုံးဦးဖြစ်သည်။ သူ သတိလက်လွတ်နေရန် အချိန်မရှိပေ။ သူ၏ မျက်ဝန်းများထဲတွင် တင်းမာခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ယခုအခိုက်အတန့်တွင် သူက မည်သို့တိုက်ခိုက်ရမည်ကို တွေးတောမနေဘဲ အလိုအလျောက်လှုပ်ရှားနေသည်။ သူက အေးစိမ့်ချီနှင့် အေးစိမ့်အရိပ်ကိုးသွယ်အား ဆင့်ခေါ်၍ ရှေ့တစ်လှမ်းတက်လိုက်သည်။
အရိပ်ကိုးခုက ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ နတ်ဘုရားသိုင်းကွက်များနှင့် ထိပ်တိုက်တွေ့ဆုံသွားသောအခါ ပျက်စီးသွားကြ၏။ သို့သော် သွေးလက်သီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး လျှပ်စီးပိုက်ကွန်ကြီး ပြိုကွဲလာကာ အာကာသစစ်တုရင်ခုံကြီး ပျက်စီးစပြုလာသည်။
ထိုသည်က သူ့ထံရောက်လာသည့် သိုင်းကွက်များကို ဟန့်တားရန် မလုံလောက်သည့်တိုင် အရှိန်လျော့သွားသည့်အတွက် နောက်တစ်ကွက်လှုပ်ရှားရန် အချိန်ရသွားသည်။ သူက လှစ်ခနဲလှုပ်ရှားလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ နတ်အဆင့်စွမ်းအားများ ပေါ်ထွက်လာတော့သည်။
" ခရမ်းရောင်ချီဒယ်ဇောက်အိုးဆင့်ခေါ်ခြင်း "
သူက အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ဧရာမခရမ်းရောင်ဒယ်ဇောက်အိုးကြီးပေါ်လာပြီး ကောင်းကင်ယံတွင် ခရမ်းရောင်အလင်းများ ပြည့်နှက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက ပုံရိပ်ယောင်မှ အကောင်အထည်အဖြစ် ပြောင်းလဲလာတော့သည်။
အမှန်တွင် ခရမ်းရောင်ချီဒယ်ဇောက်အိုးကြီးတစ်လုံးသာ ပေါ်ထွက်လာခြင်းမဟုတ်ဘဲ ဒယ်ဇောက်အိုးတစ်ရာကျော် ဖြစ်တည်လာကာ ၎င်းတို့က တစ်လုံးနှင့်တစ်လုံးထပ်လျက် စူးရှတောက်ပသောခရမ်းရောင်ဒိုင်းကြီးတစ်လုံးကို ဖန်တီးလိုက်တော့သည်။
ဒိုင်းကြီးပေါ်လာသည်နှင့် ချိန်ဟဲ့ထျန်၏သွေးလက်သီးကြီးက လျှပ်စီးပိုက်ကွန်၊ စစ်တုရင်ခုံကြီးနှင့်အတူ ရောက်ရှိလာ၏။
ဝုန်း
ပိုင်ရှောင်ချန်းသည် ခရမ်းရောင်ဒယ်ဇောက်အိုးတစ်ရာကျော် တစ်လုံးပြီးတစ်လုံး ပျက်စီးလာသဖြင့် တစ်ကိုယ်လုံးတုန်ယင်သွားပြီး ပြင်းထန်သောအခိုးအငွေ့များ တလိပ်လိပ်ထွက်ပေါ်လာတော့သည်။ သူက နောက်ဆုတ်လိုက်ပြီး အသက်ဝင်တောင်ဂါထာကိုသာမက အေးစိမ့်အရိပ်ကိုးသွယ်အား အသုံးပြုလိုက်သည်။
ချိန်ဟဲ့ထျန်၏သွေးလက်ကြီးမျက်နှာပြင်ပေါက်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းလာပြီး လက်ချောင်းတစ်ချောင်းမှာ အပိုင်းပိုင်းပြတ်ထွက်သွားလေပြီ။ လျှပ်စီးပိုက်ကွက်ကြီးသည်လည်း ပုံပျက်နေပြီး အလွှာ ၇၀၀၀ သာ ကျန်ရှိတော့သည်။ အာကာသစစ်တုရင်ခုံကြီးအတွင်းရှိ ကောင်းကင်တပ်သားငါးဦးမှာလည်း ပျက်စီးလုနီးပါးဖြစ်နေပြီး နောက်ရှိ ကောင်းကင်စစ်သူကြီးများနှင့် ထိကပ်လာတော့သည်။
သို့သော် အပြင်ဘက်မှ တိုက်ပွဲကို ကြည့်ရှုနေကြသူများအတွက် နတ်ဘုရားအတတ်သုံးမျိုးလုံးက ခမ်းနားကြီးကျယ်လွန်းနေပြီး ပိုင်ရှောင်ချန်းကို ချေမှုန်းပစ်တော့မည့်အလား ဖြစ်နေသည်။
သူသာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခဲ့လျှင် သက်စောင့်သိုင်းကွက်တိုင်းကို တရစပ် ထုတ်ဖော်သည့်တိုင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ သူ၏ထာဝရဧကရာဇ်လက်သီးကပင် သူ့ကို ကယ်တင်ရန် လုံလောက်မည်မဟုတ်ပေ။
သို့သော် ယခုတွင် အလုံးစုံ ခြားနားသွားလေပြီ။ သူ့မျက်ဝန်းများတွင် ထူးဆန်းသောအလင်းများဖြင့် တဖျပ်ဖျပ်လက်လာပြီး လက်ကို အပေါ်သို့ မြှောက်ပြီးနောက် အောက်ချလိုက်သည်။
" ရွှယ်ကျဲကော်တု "
အခြားကမ္ဘာမှလာသည့်အလား ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်လာပြီး တစ်လောကလုံး ပြည့်နှက်သွားတော့သည်။ တချိန်တည်းမှာပင် ရေခိုးရေငွေ့များ ပြည့်နှက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။
တည်ရှိသောနေရာကြီးမှာ ယခင် ရွှယ်ကျဲကော်တုထုတ်ခဲ့သည့်အချိန်က မြင်ခဲ့သောအရာထက် အတိုင်းထက်အလွန် ကြီးမားလေသည်။ ကောင်းကင်မှာ မှေးမှိန်သွားပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာကာ မို့မောက်နေသော တောင်တန်းများ မြင့်တက်လာ၏။ တောင်တန်းများကား မကြာမီ လက်သည်းများဖြစ်လာပြီး ဧရာလက်ကြီးတစ်ဖက်အသွင်ဖြစ်လာသည်အထိ ကြီးမားလာတော့သည်။
အကြေးခွံများနှင့် မည်းနက်နေသော လက်ကြီးက ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ နတ်ဘုရားစွမ်းရည်များအပေါ် နိမ့်ဆင်းလာပြီး ပြေးဝင်လာရာ နတ်အဆင့်ကျင့်ကြံသူများ၏ မျက်နှာများ အရုပ်ဆိုးသွားတော့သည်။
" အဲဒါ ဘာကြီးတုံး "
သူတို့က အထိတ်တလန့်အော်ဟစ်လိုက်ကြသည်။ သူတို့မတုံ့ပြန်နိုင်ခင်မှာပင် ဧရာမလက်သည်းရှည်ကြီးများနှင့် လက်ကြီးက နတ်ဘုရားစွမ်းရည်များကို ခုတ်ပိုင်းပစ်လိုက်လေ၏။
သွေးလက်သီးကြီးပေါ်ရှိ လက်ချောင်းသုံးချောင်း ထပ်မံဖျက်စီးခံလိုက်ရရာ တစ်ချောင်းသာ ကျန်ရစ်ခဲ့တော့သည်။ လက်ဖဝါးပင်လျှင် လုံးဝအစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတော့သည်။
လျှပ်စီးပိုက်ကွန် အလွှာ၇၀၀၀လုံး ဖျက်စီးခံလိုက်ရသည့်အလား ကျယ်လောင်သော စုတ်ပြဲသံကြီးများ ထွက်ပေါ်လာကာ အလွှာ ၂၀၀၀ သာ ကျန်ခဲ့တော့၏။ စစ်တုရင်ခုံကြီးအပေါ်ရှိ စစ်သည် ၈၀ရာခိုင်နှုန်းနီးပါး ပြာဖြစ်သွားကြပြီး စစ်တုရင်ခုံကြီးမှာ ဆိုးဆိုးရွားရွားထိခိုက်သွားလေသည်။
ဤအရာအားလုံးအား ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သည်းရှည်လက်ဝါးကြီး ပျောက်ကွယ်သွားပြီး နတ်ဘုရားစွမ်းရည်များကား အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ လျှော့ချခံလိုက်ရသည်။ ၎င်းတို့အားလုံး လုံးလုံးလျားလျားမပျက်စီးသွားခဲ့သော်လည်း သိသိသာသာအားနည်းသွားပြီး ပိုင်ရှောင်ချန်းအပေါ် ကျဆင်းလာစဥ် သူက မရှောင်တော့ပေ။ ထိုအစား သူက ညာလက်ကို ဆန့်ထုတ်လိုက်သည်။
လေပြင်းမုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး သွေးလက်သီးကြီးမှ ကျန်ရှိသော လက်ချောင်းကို ဝင်တိုက်လိုက်ရာ ပိုင်ရှောင်ချန်းတစ်ကိုယ်လုံး တုန်ရီသွား၏။ထို့နောက် လေမုန်တိုင်းက လျှပ်စီးပိုက်ကွန်ကို ထိသွားပြီး သူက အသက်ပြင်းပြင်းရှူ၍ ရှေ့တစ်လှမ်းတက်လိုက်သည်။ နောက်ဆုံးတွင် သူမော့ကြည့်လိုက်သည့်အခါ လေမုန်တိုင်းက စစ်တုရင်ခုံကြီးနှင့် ၄င်း၏တပ်ဖွဲ့အား ဝင်တိုက်လိုက်တော့သည်။
လက်သီးကြီးပျက်စီးကာ ပိုက်ကွန်ကြီးစုတ်ပြဲ၍ စစ်တုရင်ခုံကြီး ပေါက်ကွဲသွားသဖြင့် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းမှာ နောက်သို့ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရပြီး ပါးစပ်မှ သွေးများစီးကျတော့သည်။ သို့သော် သူက အပြင်းအထန်တော့ ထိခိုက်မသွားပေ။ သူသည် ထာဝရအရိုးအား ပိုင်ဆိုင်ထားသဖြင့် သူ၏မျက်လုံးများ ဝင်းလက်တောက်ပနေတော့သည်။ သူ၏စွမ်းအားများ တလိပ်လိပ်ထွက်လာပြီး သက်ရှိသက်မဲ့ဟူသမျှ တဆတ်ဆတ်တုန်ရီသွားကြရလေသည်။ သူ၏ ဧရာမပုံရိပ်ယောင်မျက်နှာကြီးက မိုးကောင်းကင်ထက်တွင် ပေါ်လာပြီး ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အား ကြောက်မက်ဖွယ်ကောင်းစွာ ငုံ့ကြည့်လိုက်သည်။
" ဒါက ခင်ဗျားတို့မှာရှိသမျှအကုန်လား။ ကောင်းပြီ အခု ကျုပ်အလှည့်ပဲ "