← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃ - ဖရိုဖရဲ သားရဲများ

“ကြည့်ရတာ ဖရိုဖရဲလှံကို အင်မော်တယ် မှော်လက်နက် အဆင့်ထိ ရောက်အောင် သန့်စင်ဖို့ လိုနေပြီပဲ “

လင်းကန်းရှင်းကို သတ်ပြီးနောက် ၊ ဝူယိတောက်သည် သူ၏ ဖရိုဖရဲ လှံကို ပြန်လည် ဆွဲနုတ်ယူလိုက်သည်။

မဟာဧကရာဇ် မှော်လက်နက်များအထက်တွင် အင်မော်တယ် မှော်လက်နက်များ ရှိပြီး ပထမအဆင့်မှ နဝမအဆင့်အထိ ခွဲခြားသတ်မှတ်ထားသည်။

အဆင့်ခြောက်နှင့် အထက်ကို အင်မော်တယ်ဘုရင် မှော်လက်နက် ထို့နောက် အဆင့်ခုနစ် အင်မော်တယ် ဧကရာဇ် မှော်လက်နက်၊ အဆင့်ရှစ် အင်မော်တယ် အရှင်မြတ် မှော်လက်နက်နှင့် အဆင့်ကိုး အင်မော်တယ် မဟာဧကရာဇ် မှော်လက်နက် စသဖြင့် သတ်မှတ်ထားသည်။

အဆင့်တိုင်းကို ကနဦး၊ အလယ်အလတ်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ်အဆင့် ဟူ၍ ထပ်မံ ခွဲခြားထားသည်။

လက်နက်တစ်ခုကို အဆင့်မြှင့်တင်ရန် သင့်လျော်သော ပစ္စည်းများ လိုအပ်ပြီး ၊ ထို့နောက် ၎င်းကို ပြန်လည် သွန်းလုပ်ရမည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် အင်မော်တယ် မှော်လက်နက် ဖြစ်လာသည်နှင့် ၊ ဝိညာဉ်တစ်ခု ရှိလာမည် ဖြစ်ကာ တိုက်ပွဲများကို ပိုမို ချောမွေ့စေရန် ကူညီပေးနိုင်လိမ့်မည် ။

ဝူယိတောက်သည် ဖရိုဖရဲ ကမ္ဘာမှ ထွက်ခွာလာပြီးသည်နှင့် ၊ ဖရိုဖရဲ လှံကို အင်မော်တယ် မှော်လက်နက် အဖြစ် အဆင့်မြှင့်တင်ရန် တွေးတောလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူယိတောက်သည် တစ်စုံတစ်ခုကို ခံစားမိကာ ၊ သူ၏ အမူအရာသည် အလွန် လေးနက်သွားပြီး နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဝူယိတောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ၊ ဆယ်မီတာ အရွယ်အစားရှိသော ဧရာမ လက်ကြီး တစ်ဖက်သည် သူ ရပ်နေခဲ့သော နေရာပေါ်သို့ ကျဆင်းလာခဲ့သည်။

အကယ်၍ ဝူယိတောက်သာ နေရာမှ ပျောက်ကွယ်မသွားပါက ၊ ထိုလက်ဝါးရိုက်ချက်ကြောင့် သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ထွက်ခွာလာပြီးနောက် ၊ ဝူယိတောက်သည် သူ့ကို တိုက်ခိုက်ခဲ့သော အရာကို ကြည့်လိုက်သည်။ ၎င်းသည် ခြင်္သေ့ပုံသဏ္ဌာန် ရှိသော သတ္တဝါ တစ်ကောင် ဖြစ်သော်လည်း ၊ ၎င်း၏ သားမွေးများသည် အမှောင်စွမ်းအားများကို ထုတ်လွှတ်နေလေရာ အတော်လေး ထူးခြားဆန်းကြယ်လှသည်။

“ဒါက ဒဏ္ဍာရီလာ ဖရိုဖရဲ သားရဲများလား... သူ့ကို သတ်လိုက်ရင် ဖရိုဖရဲနိယာမကို ရနိုင်တယ်လို့ ပြောကြတယ်... အဲ့လိုဆိုမှတော့ စမ်းကြည့်ရတာပေါ့... သူက စစ်မှန်အင်မော်တယ် အဆင့်ဆိုပေမဲ့ ကနဦးအဆင့်ပဲ ရှိသေးတာဆိုတော့ ငါ ကိုင်တွယ်နိုင်လောက်တယ်”

ထိုသို့ တွေးမိပြီး ၊ ဝူယိတောက်သည် ဆက်လက် တွန့်ဆုတ်မနေတော့ဘဲ ဖရိုဖရဲ လှံကို ကိုင်ကာ ဖရိုဖရဲ သားရဲဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

သူ့ရှေ့ရှိ လူသား ပုရွက်ဆိတ်လေးသည် ထွက်မပြေးဘဲ သူ့ကို ပြန်လည် တိုက်ခိုက်လာသည်ကို မြင်ပြီး ဖရိုဖရဲ သားရဲသည် ပို၍ ဒေါသထွက်သွားပြီး ဟိန်းဟောက်ကာ ဝူယိတောက်ဆီသို့ တဟုန်ထိုး ပြေးဝင်လေတော့သည်။

တစ်ချိန်တည်းမှာပင် ၊ ဖရိုဖရဲ ကမ္ဘာအတွင်းရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များ အားလုံးသည် ဖရိုဖရဲ သားရဲများနှင့် ရင်ဆိုင်နေကြရပြီး ၊ ဖရိုဖရဲ ကမ္ဘာထဲတွင် မျှော်လင့်မထားသော ကိစ္စများ ဖြစ်ပျက်သွားနိုင်ချေရှိသည်။

“တောက်... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ... ဖရိုဖရဲ သားရဲတွေက ရှားပါးတယ် မဟုတ်ဘူးလား... အခု ဘာဖြစ်လို့ ရာနဲ့ချီပြီး ရှိနေတာလဲ”

“ငါတို့ အရင်ဆုံး ပူးပေါင်းကြစို့... ဖရိုဖရဲ သားရဲက အဆင့်တူမှာဆိုရင် ပြိုင်ဘက်ကင်းပဲ... ငါတို့ တစ်ယောက်ချင်းစီ တိုက်ခိုက်ရင် ၊ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“အဆင့်နိမ့်တဲ့ တပည့်တွေက ဘေးကနေ ပံ့ပိုးပေးပြီး အဆင့်မြင့်တဲ့ တပည့်တွေက ဦးဆောင်ကြ”

ဖရိုဖရဲ သားရဲများသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များကို တိုက်ခိုက်လာကြသဖြင့် အခြေအနေမှာ ပရမ်းပတာ ဖြစ်လို့နေသည်။

သို့သော်လည်း ဤမျှ အရေးကြီးသော အခိုက်အတန့်တွင် ရွှေအင်မော်တယ် ကနဦးအဆင့်သို့ ဖောက်ထွက်ထားသော ကိုယ်ပိုင်တပည့် ဆယ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့ကြသည်။

သူတို့ဆယ်ယောက်က ဦးဆောင် တိုက်ခိုက်နေစဉ် ၊ ကျန်ရှိနေကြသော တပည့်များကလည်း ဖရိုဖရဲ သားရဲများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် စုရုံးလာကြသည်။

“အမ်... ဖရိုဖရဲ သားရဲတွေက တစ်ကောင်တည်းနေတတ်တဲ့ ကောင်တွေ မဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ငါတို့ကို ဝိုင်းပြီး တိုက်ခိုက်နေရတာလဲ “

အပြာရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသော အမျိုးသမီး တစ်ဦးသည် သူတို့ဆီသို့ ပြေးဝင်လာသော ဖရိုဖရဲ သားရဲများကို ကြည့်ရင်း အနည်းငယ် တုန်လှုပ်နေသည်။ သူမ၏ အမည်မှာ လန်ထျန်းယွီ ဖြစ်ပြီး ၊ ထိပ်တန်း ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

“ငါလည်း မသိဘူး... ဒါပေမဲ့ ငါတို့ လှုပ်ရှားလို့ မရသေးဘူး... ဒီသားရဲတွေက ငါတို့ကို တိုက်ခိုက်ဖို့ တစ်စုံတစ်ခုရဲ့ ထိန်းချုပ်မှု ဒါမှမဟုတ် အမိန့်ပေးမှုအောက်မှာ ရှိနေတာ ဖြစ်နိုင်တယ် ..... ငါတို့ အကောင်းဆုံး အခြေအနေမှာ ရှိနေဖို့ လိုတယ်... အဲ့လိုမှမဟုတ်ရင် ပြန်လည် တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး “

လီကျန်ကန်းသည် သူ၏ခါးရှိ ဓားကို ဆုပ်ကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အခြားပါရမီရှင် ရှစ်ဦး၏ အမူအရာများမှာ သိပ်မကောင်းလှပေ။ ဤမျှ များပြားသော လူသားအင်မော်တယ်များနှင့် စစ်မှန်အင်မော်တယ် အဆင့်ရှိ ဖရိုဖရဲ သားရဲများကို လှုံ့ဆော်၍ သူတို့ကို တိုက်ခိုက်ရန် ဦးဆောင်နိုင်သူမှာ အနည်းဆုံး ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ရှိ သားရဲဘုရင် ဖြစ်နိုင်သည်။

သို့သော်လည်း လက်ရှိတွင် အခြေအနေအရ လုပ်ဆောင်ပြီး ရှင်သန်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။ သို့သော်လည်း သားရဲဘုရင်သည် သူတို့ကို အလွတ်ပေးမည်မဟုတ်ချေ။

အခြားတစ်ဘက်တွင် ဝူယိတောက်သည် စစ်မှန်အင်မော်တယ် အဆင့်ရှိ ဖရိုဖရဲသားရဲကို ရင်ဆိုင်ခဲ့ပြီး ၊ အစပိုင်းတွင် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သော်လည်း သို့သော် တိုက်ပွဲနှင့် အလျင်အမြန်ပင် အသားကျသွားပြီး အတော်လေး ကျွမ်းကျင်လာခဲ့သည်။

ငါးရက်တာ ကြာမြင့်သွားပြီးနောက် ဝူယိတောက်သည် အခွင့်အရေး တစ်ခုကို ရှာတွေ့သွားပြီး ၊ သူ့ရှေ့ရှိ ဖရိုဖရဲ သားရဲကို လှံတစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်နိုင်သည်။

ဖရိုဖရဲ သားရဲကို သတ်ဖြတ်ပြီးနောက် ၊ ပျံ့နှံ့ထွက်ပေါ်လာသော ဖရိုဖရဲနိယာမ အချို့သည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဝူယိတောက်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားသည်။ ဤနေရာတွင် ဖရိုဖရဲ နိယာမများကို စုပ်ယူနိုင်ရုံသာမက ၊ ဖရိုဖရဲ သားရဲများကို သတ်ဖြတ်ခြင်းဖြင့်လည်း ဖရိုဖရဲ နိယာမများကို စုပ်ယူနိုင်ပုံရသည်။

ထိုသို့ တွေးမိပြီး ၊ ဝူယိတောက်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာသည်။ သူသည် ယခုအချိန်မှစကာ ဖရိုဖရဲ သားရဲများကို အထင်အမြင်သေးစွာဖြင့် မကြည့်တော့ဘဲ လိုချင်စရာကောင်းသော ကုန်ပစ္စည်း တစ်ခုသဖွယ် သဘောထားခဲ့လေသည်။

“ဒါပေမဲ့ ငါ အရင်ဆုံး စစ်မှန်အင်မော်တယ် အဆင့်ကို ဖောက်ထွက်ဖို့ လိုသေးတယ်... အဲ့လိုမှ မဟုတ်ရင် ဒီထက် သန်မာတဲ့ ဖရိုဖရဲသားရဲကောင်တွေကို ငါ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဝူယိတောက်သည် မနီးမဝေးရှိ ချီအငွေ့အသက်များ၏ တည်ရှိမှုကို ခံစားလိုက်ရပြီး ၊ သူ၏ အမူအရာသည် အလွန် လေးနက်တည်ကြည်သွားသည်။

ဖရိုဖရဲ သားရဲများနှင့် သက်ဆိုင်သော ချီအချက်အလက်များထဲတွင် ၊ ရွှေအင်မော်တယ် အဆင့်ရှိ သားရဲများ၏ အချက်အလက်များလည်း ပါဝင်သည်။ သူ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် ထိုနေရာကို သွားရောက်ခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်မည်။

ထို့ကြောင့် လုံခြုံရေးအတွက် ဝူယိတောက်သည် စစ်မှန်အင်မော်တယ် အဆင့်သို့ အရင်ဆုံး ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ သူသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သလို ၊ ထို့အပြင် ဖရိုဖရဲ သားရဲများကို သတ်ဖြတ်ခြင်းဖြင့် ဖရိုဖရဲ နိယာမ၏ စွမ်းအားများကိုလည်း အများအပြား စုပ်ယူထားပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် စစ်မှန်အင်မော်တယ် အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့ပြီး အနည်းငယ် ကြိုးစားလိုက်ရုံဖြင့် ဖောက်ထွက်နိုင်မည် ဖြစ်သည်

တစ်ချိန်တည်းမှာပင် ၊ အလယ်ပိုင်းဒေသ၌ ဝူယီဖန်၏ ချီအငွေ့အသက်များသည် တဖြည်းဖြည်း ပြင်းထန်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အမှတ်အသားများဖြင့် ဖုံးလွှမ်းနေပြီး ၊ ၎င်းသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်၏ အမှတ်အသားများပင် ဖြစ်သည်။ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်သည် ရွှေရောင်အမှတ်အသားများနှင့် လိုက်ဖက်ပေရာ နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။

ဝူယီဖန်၏ ဘေးတွင် ရပ်နေသော တွမ့်သယ်ခမျာ ဤမြင်ကွင်းကို ကြည့်ရင်း မနာလိုသည့် အမူအရာများကို မဖုံးကွယ်နိုင်အောင် ဖြစ်နေရှာသည်။

“ငါရော ဘယ်တော့များမှ အဲ့လို ခန္ဓာကိုယ်မျိုး ရလာမလဲ မသိဘူး”

တွမ့်သယ်သည် လက်ရှိတွင် စစ်မှန်အင်မော်တယ် အလယ်အလတ်အဆင့်သို့ ဖောက်ထွက်သွားပြီး ဖြစ်သည်။ ဝူယီဖန်သည် သူ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်(၁၂)သို့ မည်သည့်အချိန်တွင် အောင်မြင်စွာ တက်လှမ်းနိုင်မည်ကို စောင့်ကြည့်ရန်အတွက် ကျင့်ကြံမှုမှ ထလာခြင်း ဖြစ်သည်။

သူနှင့် ဝူယီဖန်တို့ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာမည့်နေ့သည် လင်းမိသားစု၏ ဘိုးဘေးကြီးများ ကြောက်ရွံ့တုန်လှုပ်ရမည့် နေ့ပင် ဖြစ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် လင်းမိသားစု ခြံဝင်းအတွင်း၌ လင်းရွှီခွင်၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။ ဝူယီဖန်နှင့် တွမ့်သယ်တို့သည် အတန်ကြာ ငြိမ်သက်နေသဖြင့် ၊ ၎င်းတို့နှစ်ဦးသာ ပုန်းကွယ်နေထိုင်ရန် ဆုံးဖြတ်ထားပါက သူကိုယ်တိုင်ပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။

“တောက်... ဒီနှစ်ကောင် ဘယ်ရောက်သွားတာလဲ... ဆုကြေးငွေ ထုတ်ပြန်လိုက်... အဲဒီ သူခိုးနှစ်ယောက်အကြောင်း သတင်းပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို အင်မော်တယ်ဘုရင် မှော်လက်နက် တစ်ခု ဆုချမယ်... အရှင်ဖမ်းမိရင် အင်မော်တယ် ဧကရာဇ် မှော်လက်နက် ငါးခု ဆုချမယ်... တကယ်လို့ သတ်ပစ်နိုင်ရင် အင်မော်တယ် ဧကရာဇ် မှော်လက်နက် သုံးခု ဆုချမယ်”

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၊ လင်းရွှီခွင်တစ်ယောက် စိတ်မရှည်နိုင်တော့ပေ။ ဤသည်က သူ့အဖေရှေ့တွင် သူ့ကိုယ်သူ သက်သေပြနိုင်မည့် အခွင့်အရေး ဖြစ်သည်။ အကယ်၍ ဤကိစ္စကြောင့် အဖေဖြစ်သူနှင့် လင်းမိသားစု အကြီးအကဲများသည် သူ့ကို စိတ်ပျက်သွားမည်ဆိုပါက၊ ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။

အခန်း ၁၇၄ - တိုက်ပွဲထဲ ဝင်ပါလာသော ဝူယိတောက်

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ဝူယိတောက်သည် စစ်မှန်အင်မော်တယ် အဆင့်သို့ စတင် ဖောက်ထွက်လိုက်သည်နှင့် ၊ သူ၏ ချီအငွေ့အသက်သည် ဆက်တိုက် တုန်ခါနေသည်။ ကီလိုမီတာ အနည်းငယ် အချင်းဝက်အတွင်းရှိ ဖရိုဖရဲ သားရဲများ အပါအဝင် မည်သူမဆို ဝူယိတောက်၏ ချီအငွေ့အသက်များကို ခံစားနိုင်သည်။

မရေမတွက်နိုင်သော လူသားအင်မော်တယ် အဆင့်ရှိ ဖရိုဖရဲ သားရဲများသည် ဝူယိတောက်၏ တည်ရှိမှုကို အာရုံခံမိလိုက်ကြသည်။ ၎င်းတို့သည် အမည်မသိ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ၊ ဟိန်းဟောက်၍ ဝူယိတောက်ဆီသို့ ပြေးဝင်လာကြသည်။

ဝူယိတောက်သည် ဖရိုဖရဲ သားရဲ တစ်ဝက်ကို ဆွဲဆောင်သွားသောကြောင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များအပေါ် ကျရောက်နေသော ဖိအားသည် အတော်လေး လျော့ကျသွားခဲ့သည်။

“ဒါ ဘာတွေ ဖြစ်နေတာလဲ... ဘာဖြစ်လို့ ဖရိုဖရဲ သားရဲတွေ အားလုံး က အဲ့ဘက်ကို ဦးတည်သွားနေတာလဲ”

ထိပ်တန်း ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော ချင်ဇစ်ယန်သည် ဖရိုဖရဲ သားရဲများ ထွက်သွားရာ အရပ်ဆီသို့ ငေးကြည့်ရင်း ၊ သူမ၏ နှလုံးသားထဲတွင် စိတ်မသက်မသာ ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်နေကြောင်း သူမ ကြိုတင် ခံစားမိနေသည်။

“ငါလည်း မသိဘူး... ဒါပေမဲ့ အခုချိန်မှာ ငါတို့ အားလုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တောင် အချိန်မရဘူး ....ဒီနေရာက သားရဲတွေကို အရင် ရှင်းပစ်ကြတာပေါ့”

လီကျန်ကန်းသည် မျက်မှောင်အနည်းငယ် ကြုတ်ကာ ၊ ဖရိုဖရဲ သားရဲများနှင့် တိုက်ခိုက်နေဆဲ ဖြစ်သော တပည့်များကို မှာကြားလိုက်သည်။

ပါရမီရှင် ဆယ်ဦး၏ အမိန့်ပေးမှုအောက်တွင်၊ လက်ရှိ သေဆုံးသွားသော ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့် အရေအတွက်မှာ ရာဂဏန်း အနည်းငယ်ခန့်သာ ရှိပြီး အားလုံးက အတွင်းတပည့်များ ဖြစ်ကြသည်။ ဤဆုံးရှုံးမှုသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေအတွက် အရေးမပါလှချေ။

တစ်ချိန်တည်းမှာပင် အခြားတစ်ဘက်၌ ဖရိုဖရဲ နိယာမများသည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ဝူယိတောက်၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာကာ သူသည် ဟိန်းဟောက်လိုက်သည်။

“စစ်မှန်အင်မော်တယ်... အောင်မြင်ပြီ”

ထိုအခိုက်အတန့်တွင် လှိုင်းလုံးများကဲ့သို့ တိုးဝင်လာသော ဖရိုဖရဲ သားရဲများကလည်း ဝူယိတောက်၏ ရှေ့သို့ ရောက်ရှိလာကြပြီး ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူယိတောက်သည် သားရဲလှိုင်းလုံးကြီးထဲသို့ နစ်မြုပ်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ဖရိုဖရဲ သားရဲ အရေအတွက်သည် တဖြည်းဖြည်း လျော့နည်းလာသည်နှင့်အမျှ ရွှေအင်မော်တယ် အဆင့်ရှိ ဖရိုဖရဲ သားရဲ တစ်ကောင်သည် နောက်ဆုံးတွင် ငြိမ်မနေနိုင်တော့ဘဲ တိုက်ပွဲထဲသို့ ပါဝင်လာခဲ့သည်။

ရွှေအင်မော်တယ် အဆင့်ရှိ သားရဲသည် တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် ၊ စစ်မှန်အင်မော်တယ် အဆင့်ရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များမှာ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလိုက်ရသည်။ ဤသည်ကို မြင်သောအခါ ထိပ်တန်း ပါရမီရှင် ဆယ်ဦးမှာ ငြိမ်မနေနိုင်တော့ချေ။

“ငါ့ကို လွှဲထားလိုက်... မင်းတို့ အားလုံး ဘေးကနေ စောင့်ကြည့်နေကြ... အခြေအနေ ဆိုးလာမှပဲ ဝင်ပါတော့”

ထို့နောက် ဧရာမ ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော ပါရမီရှင် တစ်ဦးသည် တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အခြားသူ မဟုတ်ဘဲ ထိပ်တန်း ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော အိုယန်ကျန်းပင် ဖြစ်သည်။

မကြာမီ အိုယန်ကျန်း၏ ဓားကြီးသည် ဖရိုဖရဲ သားရဲ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သော်လည်း ၊ ပွတ်တိုက်မှုကြောင့် မီးပွားများသာ ထွက်ပေါ်လာသည်။

အိုယန်ကျန်းသည် ထိုမြင်ကွင်းကို သိပ်ပြီး အံ့ဩသွားပုံမချေ။ ဖရိုဖရဲ သားရဲများသည် တိုက်ခိုက်ရေး နည်းလမ်းများ မရှိကြသော်လည်း ၊ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်သည် အလွန်တရာ မာကျောလှပြီး ထက်မြက်သော လက်သည်းများနှင့် သွားများက ၎င်းတို့၏ ကြောက်မက်ဖွယ် အကောင်းဆုံး လက်နက်များ ဖြစ်ကြသည်။

“ဖရိုဖရဲ သားရဲရဲ့ အားနည်းချက်ကို ငါတို့ ရှာဖို့ လိုတယ်... အဲ့လိုမှ မဟုတ်ရင် ငါတို့က သူ့ပြိုင်ဘက် မဟုတ်နိုင်ဘူး”

ဖရိုဖရဲ သားရဲ၏ တိုက်ခိုက်မှုများကို ကာကွယ်နေစဉ် ၊ အိုယန်ကျန်းသည် ဖရိုဖရဲ သားရဲ၏ ခန္ဓာကိုယ်ပေါ်ရှိ အားနည်းချက်ကို လျှို့ဝှက်စွာဖြင့် ရှာဖွေနေခဲ့သည်။

သို့သော်လည်း ဖရိုဖရဲ သားရဲသည် အတော်လေး ကြီးမားပြီး ၊ ဖရိုဖရဲ ဟူသည်စကားအတိုင်း အမြဲတမ်း ပြောင်းလဲနေသကဲ့သို့ ဖရိုဖရဲ သားရဲ၏ အားနည်းချက်များကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။

ထို့အပြင် ဖရိုဖရဲ သားရဲ၏ အားနည်းချက်သည် လက်ဖဝါး တစ်ဖက်စာထက် မကြီးမားချေ။ အကယ်၍ ဖရိုဖရဲ သားရဲ၏ အားနည်းချက်ကို ရှာမတွေ့နိုင်ပါက ၊ နောက်ဆုံးတွင် သေချာပေါက် သေဆုံးရမည့်သူမှာ သူသာလျှင် ဖြစ်လိမ့်မည်။

အခြားတစ်ဘက်တွင် ၊ သားရဲလှိုင်းလုံးထဲ နစ်မြုပ်နေခဲ့သော ဝူယိတောက်သည် ဖရိုဖရဲ လှံကို ကိုင်ဆောင်ကာ ထွက်ပေါ်လာခဲ့သည်။ ယခုအခါ ဝူယိတောက်သည် စစ်မှန်အင်မော်တယ် အဆင့်သို့ ဖောက်ထွက်သွားပြီ ဖြစ်ရာ ၊ ဖရိုဖရဲ သားရဲများကို ထည့်မဆိုခင် ၊ သာမန် လူသားအင်မော်တယ်များ ပင်လျှင် သူ၏ လှံတစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်။

ဖရိုဖရဲ သားရဲတစ်ကောင်၏ အလွန်ပင် မာကျောလှသော ခန္ဓာကိုယ်သည် ဝူယိတောက်၏ ဖရိုဖရဲ လှံဖြင့် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရပြီးနောက် ဖရိုဖရဲနိယာမ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် နိယာမ၏ စွမ်းအားများသည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

“ကြည့်ရတာ ဖရိုဖရဲ ကျင့်စဉ်ကို အင်မော်တယ် မဟာဧကရာဇ် အဆင့်အထိ ပြီးပြည့်စုံအောင် လုပ်နိုင်လောက်တယ်”

ဝူယိတောက်သည် စိတ်ထဲတွင် ထိုသို့ တွေးလိုက်ပြီးနောက် ၊ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များကို တိုက်ခိုက်နေသော ဖရိုဖရဲ သားရဲများဆီသို့ အကြည့်ရောက်သွားသည်။

ထို့နောက် လှံကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များ ရှိရာ အရပ်ဆီသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

ဝူယိတောက် ဖြတ်သွားသည့် လမ်းတစ်လျှောက်ရှိ ဖရိုဖရဲ သားရဲများ အားလုံးသည် လေဆင်နှာမောင်း တိုက်ခတ်သွားသကဲ့သို့ အသတ်ခံလိုက်ရသည်။ ဝူယိတောက်၏ ဖရိုဖရဲ ကျင့်စဉ် ၊ ဖရိုဖရဲ ခန္ဓာကိုယ်နှင့် ကျင့်ကြံမှုသည် အဆက်မပြတ် ပို၍ သန်မာလာပြီး ပို၍ ပြီးပြည့်စုံလာသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဘက်၌ ဖရိုဖရဲ သားရဲနှင့် သုံးရက်သုံးညတိုင်အောင် တိုက်ခိုက်ပြီးနောက် ၊ နောက်ဆုံးတွင် အိုယန်ကျန်းသည် ဖရိုဖရဲ သားရဲ၏ အားနည်းချက်ကို ရှာတွေ့သွားခဲ့သည်။

သူ၏ ဧရာမ ဓားကြီးသည် ဖရိုဖရဲ သားရဲ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းနိုင်ခဲ့ပြီး ၊ ဖရိုဖရဲ သားရဲသည် နာကြည်းစွာဖြင့် ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေတော့သည်။ သို့သော်လည်း နိယာမစွမ်းအားများသည် အိုယန်ကျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာခဲ့ပေ။

ဖရိုဖရဲ သားရဲကို သတ်ပြီးခါစဖြစ်သော အိုယန်ကျန်းမှာ အသက်ဝဝရှူရန်ပင် အချိန်မရလိုက်ချေ။ သူ၏ အနောက်ဘက်မှ သေမင်းတမန်ကဲ့သို့ ချီအငွေ့အသက် တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အိုယန်ကျန်းသည် ဘာမှတွေးမနေတော့ဘဲ သူ၏ ဓားကို ဝှေ့ယမ်းကာ နောက်သို့ ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း သူသည် အလွန်တရာ မာကျောသော ခံစားချက်ကို ခံစားလိုက်ရပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော တုံ့ပြန်အားကြောင့် အိုယန်ကျန်းမှာ နောက်သို့ လွင့်ထွက်သွားကာ သွေးများ အန်ကျလေသည်။

ဤသည်ကို မြင်သောအခါ အခြား ကိုးယောက်မှာ ဆက်၍ ငြိမ်မနေနိုင်တော့ချေ။ လီကျန်ကန်းသည် အိုယန်ကျန်း၏ နောက်တွင် ပေါ်ထွက်လာပြီး သူ၏ ခွန်အား အားလုံးကို အသုံးပြုကာ အိုယန်ကျန်းကို ထိန်းထားနိုင်ခဲ့သည်။

ယခုမှသာ စောနက အိုယန်ကျန်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော သတ္တဝါကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲ တစ်ကောင် ဖြစ်သည်။

“လူကြီးမင်းတို့... ငါတို့ အတူတူ တိုက်ခိုက်ဖို့ လိုမယ် ထင်တယ်... တစ်ယောက်ချင်းစီ တိုက်ခိုက်နေရင် ဒီဖရိုဖရဲသားရဲရဲ့ ချက်ချင်း သတ်ဖြတ်တာကို ခံရပြီး တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

လန်ထျန်းယွီသည် ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာပြီး စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောလိုက်သည်။

အခြား ပါရမီရှင် ရှစ်ဦးသည် တိတ်ဆိတ်နေသော်လည်း ၊ အချင်းချင်း နားလည်မှုရှိကာ သူတို့၏ လက်နက်များကို အတူတူ ဆွဲထုတ်လိုက်ကြသည်။

အိုယန်ကျန်းသည်လည်း တွန့်ဆုတ်မနေခဲ့ချေ။ သူ၏ သိုလှောင်ကွင်းထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မြိုချလိုက်ပြီး ဒဏ်ရာများကို ကုသလိုက်ကာ ၊ လီကျန်ကန်းနှင့် အခြားသူများ၏ ရှေ့တွင် ရပ်လိုက်သည်။

စကားတစ်ခွန်းမျှ မဆိုဘဲ နောက်တစ်စက္ကန့်တွင် အိုယန်ကျန်းနှင့် လီကျန်ကန်းတို့သည် အရင်ဆုံး ရှေ့သို့ ပြေးဝင်သွားကြသည်။ ရွှေအင်မော်တယ် ကနဦးအဆင့် ဆယ်ဦးသည် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲ တစ်ကောင်ကို တိုက်ခိုက်ကြပေတော့မည်။

သို့သော်လည်း သူတို့ သတိမထားမိခဲ့သည့် အချက်မှာ ဖရိုဖရဲ ကမ္ဘာ၏ အထက်တွင် မျက်လုံးတစ်စုံက သူတို့ကို စောင့်ကြည့်နေပြီး ထိုမျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

အကယ်၍ အိုယန်ကျန်းနှင့် အခြားသူများသာ ဤအရာကို မြင်တွေ့ခဲ့မည်ဆိုပါက ၊ သူတို့အားလုံး သေချာပေါက် အံ့အားသင့်သွားနိုင်သည်။ ထိုအရာသည် ဖရိုဖရဲ သားရဲများနှင့် မသက်ဆိုင်သော အရာတစ်ခု ဖြစ်သည်။ ၎င်းမှာ ဉာဏ်ရည်ဉာဏ်သွေးပင် ဖြစ်သည်။

“ဟားးဟားး.. မိုက်မဲတဲ့ လူသား ပါရမီရှင်တွေ... မင်းတို့ အားလုံးကို သန့်စင်လိုက်မယ်ဆိုရင် လျိုထျန်းရွှေအင်မော်တယ် အဆင့်ကို ငါ တက်လှမ်းနိုင်ပြီပဲ... ငါ လျိုထျန်းရွှေအင်မော်တယ် အဆင့်ကို ဖောက်ထွက်နိုင်တဲ့ အချိန်ကြရင် ၊ ဒီဖရိုဖရဲ လှောင်အိမ်ထဲကနေ ထွက်လာနိုင်တော့မယ် “

တစ်ချိန်တည်းမှာပင် အခြားတစ်ဘက်၌ ၊ ဝူယိတောက်သည် စစ်မြေပြင်အလယ်သို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲများ ကြားတွင် ၊ သူ၏ ကျင့်ကြံမှုသည် စစ်မှန်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ပင် ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။

ဖရိုဖရဲ နိယာမသည် အခြားသူများအတွက် ကျင့်ကြံမှု၏ အရှိန်ကို မြှင့်တင်ပေးနိုင်သော အရာတစ်ခုမျှသာ ဖြစ်နိုင်သော်လည်း ဖရိုဖရဲ ခန္ဓာကိုယ်အတွက် ၎င်းသည် အလွန် ကြီးမားသော ဖြည့်စွက်စာဟု ဆိုနိုင်သည်။၎င်းသည် ကျင့်ကြံမှုကို တည်ငြိမ်စေရုံသာမက ဖရိုဖရဲ ခန္ဓာကိုယ်၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာစေသည်။

“ဟင်... ဒါက မိုရှီယွီ မဟုတ်လား”

All Chapters