အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း ၁၇၅ - မိုရှီယွီကို ကယ်တင်ခြင်း
“တောက်… တခြားသူတွေ ဝင်လာတုန်းက သားရဲလှိုင်းလုံးနဲ့ မတွေ့ခဲ့ဘဲနဲ့ ဘာလို့ ငါတို့ ဝင်လာတဲ့ အချိန်ကျမှ တွေ့နေရတာလဲ”
ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော မိုရှီယွီသည် သူမရှေ့က လူသားအင်မော်တယ် အဆင့်ရှိ သားရဲကို ခုခံရန် အသည်းအသန် ကြိုးစားနေပြီး၊ သူမ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။
သူမ၏ ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ် ကနဦးအဆင့်မျှသာ ရှိသေးပြီး သူမ၏ရှေ့က ဖရိုဖရဲ သားရဲသည် လူသားအင်မော်တယ် အလယ်အလတ်အဆင့် ဖြစ်ရာ ၊ သူမအနေဖြင့် ချက်ချင်း ရှုံးနိမ့်မသွားခြင်းကပင် အတော်လေး စွမ်းဆောင်နိုင်သည်ဟု ဆိုရပေလိမ့်မည် ။
သူမသည် အခွင့်အရေး ရရှိရန်နှင့် ပိုမို သန်မာလာစေရန် ဖရိုဖရဲ စမ်းသပ်မှုတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ယခင်က မျိုးဆက်များသည်လည်း ဤဖရိုဖရဲ စမ်းသပ်မှုတွင် ပါဝင်ခဲ့သော်လည်း ၊ မည်သူမျှ ထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ လူတိုင်း သိသိသာသာ တိုးတက်မှုများ ရရှိခဲ့သည် ။ဤအကြောင်းကြောင့်ပင် သူမသည် ဖရိုဖရဲ စမ်းသပ်မှုတွင် ပါဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမတို့သည် နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသော ဖရိုဖရဲ သားရဲ လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
မိုရှီယွီသည် ထူးချွန်သောပါရမီရှင် တစ်ဦးဟု သတ်မှတ်၍ ရနိုင်ပြီး ၊ ဖရိုဖရဲ မြင့်မြတ်နယ်မြေတွင် အတော်လေး နာမည်ကြီးသော်လည်း ဖရိုဖရဲ သားရဲနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။ ထို့အပြင် ဤဖရိုဖရဲသားရဲသည် သူမထက်ပင် အဆင့်တစ်ဆင့် မြင့်နေသေး၏။
မကြာမီ မိုရှီယွီသည် ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ဘဲ ဖရိုဖရဲ သားရဲသည် ၎င်း၏ သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ဟကာ သူမကို ကိုက်ရန် ဟန်ပြင်နေသည်ကို မတတ်သာဘဲ စောင့်ကြည့်နေရတော့သည်။
ထိုအခိုက်အတန့်တွင် ဝူယိတောက်၏ လှံသည် ဖရိုဖရဲ သားရဲ၏ အနောက်ဘက်မှ ထွက်ပေါ်လာပြီး ၎င်း၏ ခေါင်းကို ဖောက်ထွင်းသွားကာ ၊ သားရဲကောင်၏ သွေးများသည် မိုရှီယွီ၏ တစ်ကိုယ်လုံးကို ပေကျံသွားစေသည်။
ဝူယိတောက်သည် သူမဆီသို့ ပြေးလာနေပြီ ဖြစ်သော်လည်း သူမနှင့် စကားမပြောခဲ့ပေ။ သူသည် ဖရိုဖရဲ လှံကို ပြန်ရုပ်သိမ်းပြီးနောက် ရှေ့သို့ ဆက်လက် တိုက်ခိုက်လေသည်။
ရှေ့တွင် ဖရိုဖရဲ သားရဲများ၏ တိုက်ခိုက်မှုကို ခံနေရသော ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့် အများအပြား ရှိနေသေးကြောင်း သူ ခံစားမိသည်။ ဝူယိတောက်သည် အခြားသူများ၏ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းကို စိတ်မဝင်စားသော်လည်း၊ မည်သို့ပင်ဖြစ်စေ သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်ပြီး သူ့အနေဖြင့် တတ်နိုင်သမျှ ၎င်းတို့ကို ကယ်တင်ရန် ကြိုးစားသင့်သည်။
“သူပဲ…”
အတန်ကြာပြီးမှသာ မိုရှီယွီတစ်ယောက် သတိပြန်ကပ်လာပြီး ဝူယိတောက် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အံ့သြမှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
အံ့အားသင့်စရာကောင်းသည်မှာ ဝူယိတောက်၏ ခွန်အားသည် ကြီးမားလွန်းသဖြင့် သူသည် လူသားအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ အနည်းဆုံးတော့ ဝူယိတောက်၏ ခွန်အားသည် လူသားအင်မော်တယ် နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
သူမကို စိတ်ပျက်စေခဲ့သည်မှာ ဝူယိတောက်သည် သူမကို လုံးဝ လျစ်လျူရှုထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် အလွန် လှပသော မိန်းမချောလေး တစ်ဦး ဖြစ်သည်။ ဝူယိတောက်သည် သူမအပေါ် အမှန်တကယ်ပင် မည်သည့်ခံစားချက်မှ မရှိလေသလော။
ဤသို့ တွေးမိသောအခါ မိုရှီယွီသည် ထွက်ခွာသွားသော ဝူယိတောက်၏ပုံရိပ်ကို ကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
“ဝူယိတောက်… ရှင်က ဒီသခင်မလေးရဲ့ စိတ်ဝင်စားမှုကို ရအောင် ယူနိုင်ခဲ့ပြီပဲ… ဒီသခင်မလေးက ရှင့်ကို သေချာပေါက် ရအောင် ယူပြမယ်”
အခြားတစ်ဘက်တွင် ဝူယိတောက်သည် မိုရှီယွီ၏ စိတ်အခြေအနေကို မသိရှိခဲ့ပေ။ သူသည် ဖရိုဖရဲ သားရဲများအပေါ်တွင်သာ အာရုံစိုက်ထားသည်။ အကယ်၍ သူသာ ၎င်းတို့အားလုံးကို ရှင်းလင်းပစ်နိုင်မည်ဆိုပါက၊ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်နိုင်မည့်အပြင် ဖရိုဖရဲ ကျင့်စဉ်ကို အင်မော်တယ် အရှင်မြတ် အဆင့်အထိ ပြီးပြည့်စုံအောင် လုပ်နိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ထားသည်။
“ဒါပေမဲ့ ဒီနေရာမှာ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲ တစ်ကောင် ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး… အဲ့တာက ငါ့ရဲ့ လက်ရှိ စွမ်းရည်ထက် ကျော်လွန်နေတယ်… ငါ အရင်ဆုံး စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်ဖို့ လိုတယ်… စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်ပြီးတာနဲ့ ငါ့ရဲ့ လျှို့ဝှက် ဖဲချပ်တွေရဲ့ အကူအညီနဲ့ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲကို ကိုင်တွယ်ရမယ်”
ဝူယိတောက်သည် ထိပ်တန်း ရွှေအင်မော်တယ် ကနဦးအဆင့်ရှိ ပါရမီရှင် ဆယ်ဦးကို ကြည့်လိုက်သည်။ သူတို့ကးသည် ဖရိုဖရဲ သားရဲထက် အရေအတွက် ပိုများနေပြီး အသာစီးရနေပုံ ပေါ်သော်လည်း ၊ အမှန်အားဖြင့် သူတို့သည် အရေးနိမ့်နေပြီး မကြာမီ ဖရိုဖရဲ သားရဲ၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်ကြောင်း ဝူယိတောက်သာလျှင် သိသည်။
“ငါ တကယ်ပဲ ကူညီချင်ပေမဲ့ ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဘာမှ လုပ်လို့ မရသေးဘူး… ဒါကြောင့် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို အမြန်ဆုံး ဖောက်ထွက်သင့်တယ်… ဒါ့အပြင် အထက်ကနေ ငါ့ကို စောင့်ကြည့်နေတဲ့ တခြား တစ်ကောင် ရှိနေသေးတာကိုလည်း ငါ ခံစားမိတယ်”
ဝူယိတောက်၏ အမူအရာသည် အလွန်ပင် လေးနက်ခဲ့နေသည်။ ဖရိုဖရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူသည် ဖရိုဖရဲ ကမ္ဘာအတွင်းရှိ ချီအငွေ့အသက်များကို အာရုံခံစားလွယ်သောကြောင့် ဤနေရာရှိ အရာအားလုံးကို စောင့်ကြည့်နေပြီး လှုပ်ရှားရန် အခွင့်အရေး စောင့်နေသော အခြား ကြီးမားသော သတ္တဝါ တစ်ကောင် ရှိနေကြောင်းကို သဘာဝကျကျပင် ခံစားမိသည်။
“ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ရွှေအင်မော်တယ် အဆင့်ကို မဖောက်ထွက်နိုင်သရွေ့ အဲ့ကောင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… အဲဒီ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲကို အနိုင်ယူနိုင်မယ့် အခွင့်အရေးကို ငါ ရှာရမယ်… သူ့ကို အဆုံးသတ်လိုက်ရင် ရွှေအင်မော်တယ် အဆင့်ကို ဖောက်ထွက်နိုင်ခွင့် ရလာလိမ့်မယ်”
ဤသို့ တွေးမိပြီးနောက် ဝူယိတောက်သည် တိုက်ပွဲထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ ဝူယိတောက်သည် တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ၊ ဖရိုဖရဲ သားရဲများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
ဤမျှ ကြီးမားသော ဆူညံသံသည် လီကျန်ကန်းနှင့် အခြားသူများ၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်နိုင်ခဲ့သည်။
“ဒီကောင်လေးက ဘယ်သူလဲ… သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားရတာလဲ… သာမန် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးပဲ”
“ဟူး… ဒီလို မဖြစ်သင့်ဘူး… မြင့်မြတ်နယ်မြေမှာ ရှိတဲ့ ထိပ်တန်း စစ်မှန်အင်မော်တယ်တွေ အားလုံးကို ငါ ကြားဖူးပေမဲ့ ဒီတစ်ယောက်အကြောင်း တစ်ခါမှ မကြားဖူးဘူး… ဒါ တကယ်ကို ထူးဆန်းတာပဲ”
“ဆက်လုပ်ကြစို့… လက်ရှိ အခြေအနေအရ အောက်ဘက်က ပါရမီရှင်တွေက ဖရိုဖရဲ သားရဲတွေကို မကြာခင် နှိမ်နင်းနိုင်လောက်တယ်… အဲ့အခါကျရင် အောင်ပွဲက ငါတို့အတွက် ဖြစ်လာမှာပဲ”
ဤသို့ ပြောပြီးနောက် အိုယန်ကျန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ၊ သူသည် ဖရိုဖရဲ သားရဲကို ဧရာမ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ၎င်းသည် ဖရိုဖရဲ သားရဲကို သိပ်ပြီး ထိခိုက်မှု မဖြစ်စေခဲ့ချေ။
တစ်ချိန်တည်းမှာပင် ဖရိုဖရဲ ကမ္ဘာ၏ အထက်တွင် သားရဲဘုရင်သည် ဤမြင်ကွင်းကို ကြည့်နေပြီး ၎င်း၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သာမန် စစ်မှန်အင်မော်တယ် နှောင်းပိုင်းအဆင့်လေးက ဘာဖြစ်လို့ ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုငိဆိုင်ထားရတာလဲ… နေပါဦး… သူက ဖရိုဖရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ”
သားရဲဘုရင်သည် ဝူယိတောက်၏ ဖရိုဖရဲ ခန္ဓာကိုယ်ကို နောက်ဆုံးတွင် သတိပြုမိသွားပြီး ၊ ၎င်း၏ အမူအရာမှာ သိပ်မကောင်းလှပေ။
ဤအခိုက်အတန့်တွင် အနာဂတ် ပြဿနာများကို ရှင်းလင်းရန်အတွက် ဝူယိတောက်ကို သူကိုယ်တိုင် သတ်ဖြတ်ချင်နေသော်လည်း ၊ သူ၏ စွမ်းအားများကို အပြည့်အဝကို ထုတ်လွှတ်လိုက်မည်ဆိုပါက ၊ သူသည် ဤနေရာမှ ထွက်ခွာရန် မဖြစ်နိုင်တော့ချေ။
သားရဲဘုရင်၏ ခန္ဓာကိုယ်ကို တာအို သံကြိုးများဖြင့် ချည်နှောင်ထားသည်။ ရွှေရောင် အက္ခရာများ ရေးထိုးထားသော ထိုသံကြိုးများသည် သားရဲဘုရင်ကို ဤနေရာတွင် ဖိနှိပ်ထားသော တားမြစ်ချက်ဖြစ်ကြောင်း ထင်ရှားပေသည်။
“တောက်… ငါ အရမ်း နီးစပ်နေပြီလေ… လူသားတွေရဲ့ သွေးစွမ်းအင်ကို နည်းနည်းလေး ထပ်ရနိုင်ရင် ၊ ဒီတားမြစ်ချက်ကို ချိုးဖျက်ပြီး လျိုထျန်းရွှေအင်မော်တယ် အဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ် ..အဲ့ကြရင် ဒီဖရိုဖရဲ လှောင်အိမ်ထဲကနေ ထွက်သွားနိုင်ပြီ”
သားရဲဘုရင်၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူသည် တားမြစ်ချက်ကို မချိုးဖျက်နိုင်သောကြောင့် ၊ ဝူယိတောက်သည် ရွှေအင်မော်တယ် အဆင့်အောက်ရှိ ဖရိုဖရဲ သားရဲများကို သတ်ဖြတ်နေသည့် မြင်ကွင်းကို မတတ်သာဘဲ စောင့်ကြည့်နေခဲ့ရသည်။
ဝူယိတောက်သည် ရွှေအင်မော်တယ် အဆင့်အောက်ရှိ ဖရိုဖရဲ သားရဲများကို သတ်ဖြတ်လိုက်တိုင်း ၊ သူ၏ ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း တိုးတတ်လာကာ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ရွှေအင်မော်တယ် အဆင့်သို့ ဖောက်ထွက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤသည်ကို မြင်သောအခါ ဝူယိတောက်သည် တွန့်ဆုတ်မနေတော့ဘဲ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲများကို တိုက်ခိုက်လေတော့သည်။
သားရဲများကို သတ်ဖြတ်ခြင်းအားဖြင့် သူ၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ် အဆင့်သို့ ဖောက်ထွက်နိုင်မည် ဖြစ်ကာ ၊ ထိုမှသာလျှင် အထက်က သားရဲကောင်ကြီးကို တိုက်ခိုက်ရန် ခွန်အား ရှိမည် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လီကျန်ကန်းနှင့် အခြားသူများမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ ဝူယိတောက်သာ တိုက်ပွဲထဲ ဝင်ရောက်လာမည်ဆိုပါက ၊ သူတို့အတွက် ကိစ္စများသည် ပိုမို လွယ်ကူသွားမည် ဖြစ်ကာ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲကိုလည်း အလျင်အမြန် ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲသည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ နောက်တစ်စက္ကန့်တွင် သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်။
နားစည်ကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ၊ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက်များသည် လီကျန်ကန်းနှင့် အခြားသူများကို လွှမ်းခြုံသွားသည်။ ချီအငွေ့အသက်များ ပျောက်ကွယ်သွားသောအခါ ပါရမီရှင် ဆယ်ဦးထဲတွင် လီကျန်ကန်းနှင့် လန်ထျန်းယွီတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ၊ ကျန်ရှစ်ဦးမှာ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲ၏ ဖောက်ခွဲမှုကို မခံနိုင်ဘဲ သေဆုံးသွားခဲ့ရသည်။
အခန်း ၁၇၆ - ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဝူယိတောက်ပဲ
“ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ… သူတို့ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တယ်လေ… သူတို့သာ နည်းနည်းလေး ထပ်ပြီး တောင့်ခံနိုင်ခဲ့ရင်…. ဘာလို့ ခုလိုတွေ ဖြစ်သွားရတာလဲ”
လန်ထျန်းယွီသည် သူမ၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းကို ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေသည်။ စောနလေးကမှ သူမနှင့်အတူ တိုက်ပွဲဝင်ခဲ့သော သူငယ်ချင်းများသည် သူမ၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့သည်။ သူမ၏ မျက်နှာအမူအရာသည် မယုံနိုင်လောက်အောင် ဖြစ်နေသည်။
လီကျန်ကန်းသည်လည်း ထိုနည်းတူစွာပင် အတော်လေး ကြည့်ရဆိုးနေသည်။ ဖရိုဖရဲ သားရဲသည် သူကိုယ်တိုင် ဖောက်ခွဲပစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဖရိုဖရဲ သားရဲများသည် အသိဉာဏ်မဲ့ကာ သေသည်အထိ တိုက်ခိုက်ရန်သာ သိသော သားရဲများပင် မဟုတ်လော။ အဘယ့်ကြောင့် ကိုယ်တိုင် ဖောက်ခွဲသွားခဲ့သနည်း။
မနီးမဝေးမှ ယခုလေးတင် ရောက်ရှိလာသော ဝူယိတောက်၏ အမူအရာမှာလည်း မကောင်းလှပေ။ သူသည် အခြေအနေကို နားလည်လိုက်သည်။ ယခုလေးတင် ကိုယ်တိုင် ဖောက်ခွဲသွားသော ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲသည် တစ်စုံတစ်ခု၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်မှာ သေချာသည်။ ဤသည်မှာ အထက်က ကောင်ကြီး၏လက်ချက် ဖြစ်နိုင်သည်။
သို့သော်လည်း သူ့အနေဖြင့် ထိုအရာများကို တွေးတောနေရန် အချိန်မရှိပေ။ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲ၏ ဖောက်ခွဲမှုအပြီးတွင် ၊ အထက်မှ ကောင်ကြီးသည် စတင် လှုပ်ရှားလာပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
“သတိထား… မင်းတို့ ဒီနေရာကနေ အမြန် ထွက်သွားကြ… နောက်ထပ် ဖြစ်လာမယ့် ကိစ္စတွေက မင်းတို့ ဝင်စွက်ဖက်လို့ ရတဲ့အရာ မဟုတ်ဘူး”
ဝူယိတောက်၏ အမူအရာသည် အလွန်ပင် လေးနက်လွန်းသည်။ သူသည် လန်ထျန်းယွီနှင့် လီကျန်ကန်းတို့အနားသို့ ချဉ်းကပ်သွားပြီး ၊ သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားသော ဖရိုဖရဲသားရဲမှ ကျန်ရစ်ခဲ့သည့် ဖရိုဖရဲ နိယာမများကို လုံးလုံးလျားလျား စုပ်ယူလိုက်သည်။
“မင်းက ဘယ်သူလဲ… ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ မင်းလိုလူမျိုး ဘာလို့ တစ်ခါမှ မရှိခဲ့တာလဲ”
လန်ထျန်းယွီနှင့် လီကျန်ကန်းတို့သည် သူတို့၏ ဝမ်းနည်းပူဆွေးမှုများကို အလျင်အမြန် ရုတ်သိမ်းလိုက်ပြီး ၊ ဝူယိတောက်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။ ပုံမှန်အားဖြင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေအတွင်းရှိ နာမည်ကြီး ပါရမီရှင်များ အားလုံးကို သူတို့ အနည်းနှင့်အများ သိရှိကြသော်လည်း ၊ ဝူယိတောက်ကိုတော့ တစ်ခါမှ မကြားဖူးခဲ့ကြချေ။
ဝူယိတောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီးနောက် ဖရိုဖရဲ ကမ္ဘာ၏ အထက်ရှိ ကောင်းကင်ယံကို လှည့်ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဝူယိတောက်ပဲ”
“နောက်ထပ် ဖြစ်လာမယ့် ကိစ္စတွေက မင်းတို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး… အမြန်ဆုံး ထွက်သွားကြတော့”
ဝူယိတောက်၏ စကားသံအဆုံးတွင် ၊ ဖရိုဖရဲ ကမ္ဘာ၏ အထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ထိုနေရာတွင် ရှိနေကြသော တပည့်များမှာ ကမ္ဘာပျက်တော့မည့်အလား ကြောက်ရွံ့တုန်လှုပ်မှုနှင့် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရသည်။
“ဘာ… ထပ်ရှိနေသေးတာလား”
လီကျန်ကန်း၏ အမူအရာသည် လုံးလုံးလျားလျား ထိတ်လန့်နေသည်။ အကယ်၍ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲကပင် သူတို့ကို ဤမျှ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့ပါက ၊ နောက်ထပ် ထွက်ပေါ်လာမည့်အကောင်ကို သူတို့ အားလုံး ပေါင်းရင်တောင်မှ ယှဉ်နိုင်မည် မဟုတ်ချေ။
“ဒါ ပုံမှန်ပါပဲ… ပုံမှန် အခြေအနေအောက်မှာ ဖရိုဖရဲ သားရဲ တစ်ကောင်က ဘယ်တော့မှ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲမှာ မဟုတ်ဘူး… အစောက ဖရိုဖရဲ သားရဲက တစ်စုံတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလို့သာ ခုလို ပြတ်ပြတ်သားသား နဲ့ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲသွားတာပဲ “
လန်ထျန်းယွီ၏ အမူအရာမှာလည်း အလွန်ပင် လေးနက်နေသည်။ သူတို့၏ လက်ရှိ အခြေအနေသည် အတော်လေး ဆိုးရွားနေသည်။ နောက်ကွယ်မှ ကြိုးကိုင်သူကို ထည့်မဆိုခင် ၊ နောက်ထပ် ရွှေအင်မော်တယ် ကနဦးအဆင့်ရှိ ဖရိုဖရဲ သားရဲ တစ်ကောင် ထွက်ပေါ်လာခဲ့မည်ဆိုပါက ၊ သူတို့အနေဖြင့် ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူယိတောက်က ထပ်မံ ပြောဆိုလိုက်သည်။
“မင်းတို့ သွားလို့ ရပြီ… ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ တပည့်တွေကို ကာကွယ်ပေးထားကြ… ကျန်တာ ငါ့ကို လွှဲထားလိုက်”
ဝူယိတောက်၏ စကားသံအဆုံးတွင် ၊ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက် တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းသည် မနီးမဝေးတွင် ရှိနေသော လန်ထျန်းယွီနှင့် လီကျန်ကန်းတို့အား မိမိတို့၏ သေးငယ်သော ဖြစ်တည်မှုကို ခံစားရစေသည်။
ထို့အပြင် ဝူယိတောက်၏ ချီစွမ်းအင်သည် ရပ်တန့်မသွားခဲ့ပေ။ ၎င်းသည် အဆက်မပြတ် ပို၍ အားကောင်းလာပြီး ၊ မကြာမီ သူသည် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်၏ ပိတ်ဆို့မှုကို ဖောက်ထွက်ကာ ရွှေအင်မော်တယ် အဆင့်သို့ တရားဝင် ဖောက်ထွက်သွားခဲ့သည်။
ဝူယိတောက်ထံမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး နေရာအနှံ့ လွင့်စဉ်ရိုက်ခတ်သွားကာ ၊ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်လာစေသည်။
ဤအခိုက်အတန့်တွင် လန်ထျန်းယွီနှင့် လီကျန်ကန်းတို့သည် ဝူယိတောက်၏ အဆင့်အတန်းကို ကြားသိပြီးနောက် ရှုပ်ထွေးနေကြသည်။
သို့သော်လည်း လီကျန်ကန်းနှင့် လန်ထျန်းယွီတို့သည် အံကြိတ်ကာ ရှေ့သို့ တိုးလာကြသည်။
“သူတော်စင်… အရှင်က ဒီဖရိုဖရဲ သားရဲကောင်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး… ကျွန်တော်တို့ကို ကူညီခွင့် ပြုပါ”
“မလိုဘူး… မင်းတို့သာ ဝင်ပါလာရင် သေချာပေါက် သေရလိမ့်မယ်… ကျန်တဲ့တပည့်တွေကိုသာ ကာကွယ်ပေးထား”
ဝူယိတောက်သည် စကားဆုံးသည်နှင့် ၊ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လန်ထျန်းယွီနှင့် လီကျန်ကန်းတို့မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ကျန်တပည့်များ ရှိရာ နေရာဆီသို့ လွင့်ထွက်သွားကြသည်။
ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ကျန်တပည့်များသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ၊ သူတို့၏ စိတ်နှလုံးသားများမှာ လေးလံသွားသည်။ သူတို့သည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း ၊ စကားတစ်ခွန်းမျှ မဟနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ၊ အိုယန်ကျန်းနှင့် အခြားသူများသည် သူတို့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့ကြသည် မဟုတ်လော။
“ကောင်းပြီ… အားလုံးပဲ… စိတ်မဓာတ် မကျကြနဲ့… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ… အခု ငါတို့ လုပ်နိုင်တာက သူတော်စင် အရှင်သခင်ကို အားပေးဖို့ပဲ”
လီကျန်ကန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ ထိုနေရာရှိ လူတိုင်းကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
ကျန်ရှိနေကြသော တပည့်များသည် လီကျန်ကန်း၏ စကားကြောင့် အံ့အားသင့်သွားကြပြီး ၊ ဝူယိတောက်၏ အဆင့်အတန်းကို သိရှိသွားကြသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူတော်စင် ဖြစ်ဖို့ဆိုရင် ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်အောင် လုပ်ရမှာ မဟုတ်ဘူးလား…မြင့်မြတ် အရှင်သခင်တောင်မှ ရှစ်ကြိမ်ပဲ မြည်အောင် လုပ်နိုင်ခဲ့တာလေ… ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်အောင် လုပ်နိုင်တဲ့သူ တကယ်ပဲ ရှိနေတာလား”
“ဟူး… အကယ်၍ တစ်ဖက်လူက သူတော်စင် ဆိုရင်တော့ ငါတို့အတွက် မျှော်လင့်ချက် ရှိနိုင်တယ်”
“ငါတော့ မထင်ဘူး… သူတော်စင်က အခုလေးတင်မှ ရွှေအင်မော်တယ် အဆင့်ကို ဖောက်ထွက်ထားတာ… နောက်ကွယ်က ကြိုးကိုင်သူက ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲကိုတောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲအောင် ထိန်းချုပ်နိုင်တယ်ဆိုတော့ သူ့ရဲ့ ခွန်အားက ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲထက် အများကြီး ပိုမြင့်မှာ သေချာတယ်”
“ပါးစပ်ပိတ်ထားစမ်း…. အခု ငါတို့ လုပ်နိုင်တာက သူတော်စင်အရှင်သခင်ကို အားပေးဖို့ပဲ… လိုအပ်ရင် သူ့ကို သွားကူညီပေးမယ်”
“ဒီကနေ ထွက်သွားစမ်း… မင်းရဲ့ အဆင့်နိမ့်တဲ့ ကျင့်ကြံမှုနဲ့ သူတော်စင်ကို ဘာများ ကူညီပေးနိုင်မှာလဲ “
ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များသည် ဝူယိတောက်ကို စိုးရိမ်ပူပန်သော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။ မိုရှီယွီ တစ်ယောက်တည်းသာ ဝူယိတောက်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူမ ပထမဆုံးအကြိမ် ချစ်မိသွားသောသူမှာ သူတော်စင် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့သလို ၊ သူတော်စင်သည် ယခုအခါ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး သူမအနေဖြင့် ဘာတစ်ခုမှ အကူအညီမပေးနိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ဤသို့ တွေးမိပြီး ၊ မိုရှီယွီသည် ဝူယိတောက်၏ ကျောပြင်ကို ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်သည် ။
“သူတော်စင် အရှင်သခင်… အကယ်၍ အရှင်သာ နိုင်ခဲ့ရင် ကျွန်မ အရှင့်ရဲ့ ကျွန်အဖြစ် အစေခံဖို့ ဆန္ဒရှိတယ်”
သို့သော်လည်း ဝူယိတောက်သည် အောက်ဘက်ရှိ အခြေအနေများကို မသိရှိခဲ့ချေ။ ဤအခိုက်အတန့်တွင် သူ၏ အမူအရာသည် အလွန် လေးနက်နေပြီး ၊ သူ၏ မျက်လုံးများက ဖရိုဖရဲ ကမ္ဘာ၏ အထက်ရှိ ကောင်းကင်ယံကိုသာ စိုက်ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် ဖရိုဖရဲ ကမ္ဘာ၏ အထက်ရှိ တိမ်တိုက်များသည် ဖြည်းညင်းစွာ ကွဲထွက်သွားပြီး ၊ ဝူယိတောက်နှင့် အခြားသူများ ယခင်က ကြုံတွေ့ခဲ့ရသော ဖရိုဖရဲ သားရဲများနှင့် မတူညီသည့် သားရဲတစ်ကောင်သည် သူတို့၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။
သူသည် အခြား ဖရိုဖရဲ သားရဲများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ချီအငွေ့အသက်နှင့် မတူဘဲ ၊ ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေကာ လူတိုင်း၏ အမြင်ထဲတွင် အတော်လေး မြင့်မြတ်ပုံပေါ်သည်။
သို့သော်လည်း ဝူယိတောက်၏ မျက်လုံးထဲတွင် ထိုသို့ မဟုတ်ချေ။ ဝူယိတောက်၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် ကြီးမားသော ခြိမ်းခြောက်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
“ စောနက ဖရိုဖရဲ သားရဲကို ဖောက်ခွဲအောင် ကြိုးကိုင်ခဲ့တာ မင်း ဖြစ်ရမယ်”
ဖရိုဖရဲ လှံကို ကိုင်ဆောင်ထားသော ဝူယိတောက်သည် သူ့ရှေ့ရှိ သားရဲဘုရင်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ဖရိုဖရဲ သားရဲသည် စကားပြောနိုင်သည်ကို မြင်ပြီး လူတိုင်း မယုံကြည်နိုင်ဖြစ်နေသော်လည်း၊ ဝူယိတောက်သည် သူ့ရှေ့က သားရဲဘုရင်ကို ကြည့်ကာ ထူးဆန်းသော ခံစားချက် တစ်ခု ရရှိနေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံရှိ သားရဲဘုရင်သည် ဝူယိတောက်ကို မောက်မာသော အကြည့်ဖြင့် ကြည့်ကာ စကားပြောလာသည်။