အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အခန်း ၁၇၇ - မဟာတိုက်ပွဲကြီး ဖြစ်ပွားတော့မည်
“လူသား… မင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ… အကယ်၍ မင်းကိုသာ ငါ သတ်နိုင်ခဲ့ရင် ဒီငရဲလို နေရာကနေ ငါ သေချာပေါက် ထွက်သွားနိုင်မှာပဲ”
သားရဲဘုရင်သည် ဝူယိတောက်ကို မောက်မာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သားရဲဘုရင်သည် ဝူယိတောက်ကို သူ၏ ပြိုင်ဘက် တစ်ယောက်အဖြစ် သတ်မှတ်ထားပုံ မပေါ်ချေ။
အကယ်၍ သူသာ ဝူယိတောက်ကို ဝါးမျိုနိုင်ခဲ့မည်ဆိုပါက ပို၍ တိကျစွာဆိုရလျှင်ဖြင့် ဖရိုဖရဲ ခန္ဓာကိုယ်ကို ဝါးမျိုနိုင်ခဲ့မည်ဆိုပါက သူ၏ ဖရိုဖရဲ သွေးကြောကို သန့်စင်နိုင်တော့မည် ဖြစ်ရာ ၊ သူသည် လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ဖောက်ထွက်၍ ဤဖရိုဖရဲ ကမ္ဘာမှ ထွက်ခွာနိုင်ပေတော့မည်။
ဖရိုဖရဲ သားရဲ၏ စကားများကို ကြားသောအခါ ဝူယိတောက်၏ အမူအရာသည် အလွန် လေးနက်တည်ကြည်သွားသည်။ သူတို့နှစ်ယောက်ကြားတွင် သေရေးရှင်ရေး တိုက်ပွဲတစ်ခုက မလွဲမသွေ ဖြစ်လာတော့မည် ဖြစ်ရာ ၊ သို့ဆိုသော်ငြား ဝူယိတောက်သည် တဖက်လူကို အသက်ရှင်ခွင့် ပေးမည်ဟု မဟုတ်ပေ။
တစ်ဖက်လူ၏လက်သည် မိမိ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များ၏ သွေးများဖြင့် စွန်းထင်းနေပြီ ဖြစ်သည်။ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင် တစ်ယောက်အနေဖြင့် ၊ သူတို့၏ နာကြည်းမှုများကို ကလဲ့စားချေပေးရန် သူ့တွင် တာဝန် ရှိသည် မဟုတ်လော။
ဤသို့ တွေးမိသောအခါ ဝူယိတောက်သည် ဖရိုဖရဲ လှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သားရဲဘုရင်ကလည်း ဝူယိတောက်၏ ရည်ရွယ်ချက်ကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ချေ။ ၎င်း၏ အမြင်တွင် ဝူယိတောက်သည် ရွှေအင်မော်တယ် အဆင့်သို့ ယခုလေးတင်မှ ဖောက်ထွက်ထားခြင်း ဖြစ်သည်။
ဖရိုဖရဲ ခန္ဓာကိုယ်၏ ကောင်းချီးများ ရှိနေလျှင်ပင် ၊ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သော သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။
ထို့ကြောင့် သားရဲဘုရင်သည် သူ့ဆီသို့ ပြေးဝင်လာသော ဝူယိတောက်ကို မြင်သည့်တိုင်အောင် ၊ သူ၏ မျက်လုံးများသည် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သိပ်ပြီး အရေးမစိုက်ခဲ့ပေ။
ဝူယိတောက်၏ ဖရိုဖရဲ လှံသည် ၎င်း၏ လက်ဖျားသို့ ရောက်လာချိန်မှသာ လှံချက်၏ စွမ်းအားကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။
အလွန်တရာ မာကျောသော ခန္ဓာကိုယ်သည် လှံတစ်ချက်တည်းဖြင့် ဖောက်ထွင်းခံလိုက်ရသည်။
“ဘာ… မင်းက ကျားကို စားဖို့ ဝက်ယောင် ဆောင်နေတာပဲ”
ဝူယိတောက်သည် အားနည်းချင်ယောင်ဆောင်နေမှန်း တွေ့မြင်သွားပြီး အော်ဟစ်လိုက်သော်လည်း ဝူယိတောက်သည် သူ့ကို လျစ်လျူရှူကာ ဖရိုဖရဲ လှံကို ဆုပ်ကိုင်လျက် ရှေ့သို့ ပြေးဝင်သွားတော့သည်။
အမှန်အားဖြင့် သူသည် ဤဖရိုဖရဲ ကမ္ဘာထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ၊ ပို၍ တိကျစွာ ဆိုရလျှင်ဖြင့် ပထမဆုံး ဖရိုဖရဲ သားရဲကို သတ်လိုက်သည့် အချိန်ကတည်းက ဝူယိတောက်သည် အထက်ရှိ သားရဲဘုရင်၏ ချီအငွေ့အသက်ကို ခံစားမိခဲ့ပြီး ဖြစ်ကာ ၊ သူ၏ ခွန်အားကို တမင်သက်သက် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် ဖရိုဖရဲ သားရဲများကို ဤမျှ နှေးကွေးစွာ သတ်ဖြတ်ရခြင်း အကြောင်းရင်းမှာ သားရဲဘုရင်၏ အကြံအစည်ကို စောင့်ကြည့်ရန် ဖြစ်သော်လည်း ၊ သို့သော် သားရဲဘုရင်သည် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှိ ဖရိုဖရဲ သားရဲကို ကိုယ့်ကိုယ့်ကိုယ်ဖောက်ခွဲရန် ထိန်းချုပ်ခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် ယခုအခါ ဝူယိတောက်၏ စိတ်ထဲတွင် တစ်ဖက်လူ အကြံအစည်မှာ အရေးမကြီးတော့ပေ။ သူ့တွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ဤသည်မှာ သူ့ရှေ့ရှိ သားရဲဘုရင်ကို သတ်ဖြတ်ရန်ပင် ဖြစ်၏။
“ယုတ်မာတဲ့ လူသား… မင်းက သေချင်နေတာပဲ”
သားရဲဘုရင်သည် ဝူယိတောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ဒေါသထွက်သွားသည်။ ထို့နောက် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုးကာ ဝူယိတောက်ဆီသို့ ပြေးဝင်သွားသည်။ အကယ်၍ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် ဝူယိတောက်ကို ထိတွေ့မည်ဆိုပါက ၊ ဝူယိတောက်သည် သေချာပေါက် သေဆုံးမည် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားပေမည်။
သို့သော်လည်း ဝူယိတောက်သည် ဤအခြေအနေကို ရှင်းလင်းစွာ သိရှိထားပြီး ၊ သားရဲဘုရင်ကို သူ့အနားသို့ ချဉ်းကပ်မလာနိုင်စေရန် သူ၏ အရှိန်နှုန်းကို အားသာချက်အဖြစ် အသုံးပြုခဲ့သည်။
သို့သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၊ ဝူယိတောက်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
ဖရိုဖရဲ လှံသည် မဟာဧကရာဇ် မှော်လက်နက် တစ်ခုမျှသာ ဖြစ်ပြီး ၊ သားရဲဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ထားပြီး ဖြစ်သည်။
၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မာကျောမှုသည် အဆင့် ၂ အင်မော်တယ် မှော်လက်နက် တစ်ခုထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အကယ်၍ ဤအတိုင်းသာ အချိန်အကြာကြီး ဆက်သွားနေမည်ဆိုပါက ၊ ဖရိုဖရဲ လှံသည် သားရဲဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြောင့် သေချာပေါက် ကျိုးပဲ့သွားပေလိမ့်မည်။
ဤသို့ တွေးမိသောအခါ ၊ ဝူယိတောက်၏ အမူအရာက အလွန် လေးနက်တည်ကြည်သွားသည်။
“ ကြည့်ရတာ သားရဲဘုရင်ကို အနိုင်ယူနိုင်မယ့် အားနည်းချက်ကို အမြန်ဆုံး ရှာဖွေရတော့မယ်…. အဲ့လိုမှ မဟုတ်ရင် သားရဲဘုရင်ကို အပေါက်တွေ အများကြီး ဖြစ်အောင် ထိုးနိုင်ရင်တောင်မှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး… “
သားရဲဘုရင်သည် ဝူယိတောက်၏ စွမ်းရည်များကို သိရှိထားသဖြင့် ၊ ဝူယိတောက်နှင့် တိုက်ခိုက်နေစဉ် အတောအတွင်း သူ၏ လျှို့ဝှက်ချက်များကို သေချာစွာ ဖုံးကွယ်ထားခဲ့သည်။ ထို့ကြောင့် ဝူယိတောက်သည် သူ၏ အားနည်းချက် ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။
ထိုစဉ် ၊ ဝူယိတောက်သည် ရူးသွပ်ပြီး ရဲတင်းသော အစီအစဉ်တစ်ခုကို အလျင်အမြန် စဉ်းစားမိသွားသည်။
“သူတော်စင်က အရမ်း မိုက်တာပဲ”
“ဟူး… ဒါဆို ငါတို့ ကယ်တင်ခံရတော့မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား”
“ရှေ့ဆက်သွား သူတော်စင်… သူ့ကို သတ်ပစ်လိုက်”
ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များသည် ဤမြင်ကွင်းကို မြင်ပြီး မယုံနိုင်လောက်အောင် ဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
လန်ထျန်းယွီနှင့် လီကျန်ကန်းတို့ နှစ်ဦးတည်းသာ အလွန် လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။ ဝူယိတောက်၏ လက်ထဲက ဖရိုဖရဲ လှံသည် အဆင့်မြင့် လက်နက်တစ်ခု မဟုတ်ကြောင်း သူတို့ မြင်တွေ့နိုင်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပြီး ဝူယိတောက်သည် ရန်သူကို အလျင်အမြန် မဖယ်ရှားနိုင်ပါက ၊ ဖရိုဖရဲ လှံသည် အချိန်အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ချေ။
ဝူယိတောက်တွင် အခြား လက်နက်များ ရှိ၊ မရှိကို မသိနိုင်သော်လည်း အကယ်၍ ဖရိုဖရဲ လှံသာ ပျက်စီးသွားပါက ဝူယိတောက်အနေဖြင့် ခက်ခက်ခဲခဲ ရယူထားသော အားသာချက်သည် ချက်ချင်း ပျောက်ကွယ်သွားနိုင်သည်။
လူတိုင်း၏ အာရုံသည် ဝူယိတောက်နှင့် သားရဲဘုရင်တို့၏ တိုက်ပွဲအပေါ်တွင် ရှိနေစဉ် ၊ ဝူယိတောက်သည် အငိုက်မိသွားပြီး သားရဲဘုရင်၏ မြေကြီးပေါ်သို့ ရိုက်ချခြင်းကို ခံလိုက်ရကာ သူ၏ အသက်သည် မျှောတော့တော့သာ ကျန်တော့သည်။
လူတိုင်း နေရာတွင်ပင် ကြက်သေသေသွားကြပြီး ၊ အခြေအနေများသည် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်မထားသည်မှာ ထင်ရှားသည်။
သားရဲဘုရင်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော ဝူယိတောက်ကို မြင်ပြီးနောက် သူသည် အခြား ဘာကိုမှ ဂရုမစိုက်တော့ချေ။ နောက်ဆက်တွဲ ကိစ္စများ ဖြစ်မလာစေရန် သူသည် ဝူယိတောက်ကို အရင်ဆုံး သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
ဝူယိတောက် သေဆုံးသွားသည်နှင့် ကျန်ရှိနေသော လူများသည် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။
သားရဲဘုရင်သည် ဝူယိတောက်ဆီသို့ ပြေးဝင်သွားစဉ် ၊ ဝူယိတောက်၏ သေချာစွာ ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းကို လုံးဝမှ သတိမထားမိခဲ့ချေ။
သားရဲဘုရင်သည် ဝူယိတောက်၏ အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဝူယိတောက်ထံမှ အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ၊ အဆိုပါ အလင်းတန်းများသည် သားရဲဘုရင်ကို ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။
မူလက မြေကြီးပေါ်တွင် လဲကျနေသော ဝူယိတောက်သည် ရေမြှုပ်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ ပျောက်ကွယ်သွား၏။
“ဘာ… မင်းက အစီအရင်ကို ဘယ်တုန်းက တပ်ဆင်လိုက်တာလဲ”
သားရဲဘုရင်၏ အမူအရာသည် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ၊ သို့သော် သူ့တွင် ထိုအရာများ တွေးတောနေရန် အချိန်မရှိချေ။ မျက်စိတမှိတ်အတွင်းမှာပင် ၊ အလင်းတိုင်များထဲမှ သံကြိုးများစွာ ထွက်ပေါ်လာပြီး သူ့ဆီသို့ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် သားရဲဘုရင်မှာ တွေးတောနေရန် အချိန်မရှိတော့ဘဲ အလျင်အမြန် ရှောင်တိမ်းရုံသာ တတ်နိုင်တော့၏။ ထိုသံကြိုးများပေါ်တွင် ၎င်းကို ချုပ်နှောင်နိုင်သော စွမ်းအားတစ်ခု ရှိနေကြောင်းကို သူ ခံစားမိသည်။ အကယ်၍ သူသည် ထိုအရာ၏ ချည်နှောင်မှုကို ခံလိုက်ရမည်ဆိုပါက လုံးလုံးလျားလျား ပိတ်မိသွားမည် ဖြစ်သည်။
လန်ထျန်းယွီနှင့် အခြားသူများသည်လည်း သူတို့၏ စိုးရိမ်ပူပန်မှုသည် အမှန်အားဖြင့် ဝူယိတောက် ဆင်ထားသော ထောင်ချောက်တစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း ဝူယိတောက် အဆင်ပြေနေသည်ကို မြင်ပြီးနောက် သူတို့အားလုံး စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်သွားသည်။ ထို့နောက် သူတို့သည် အစီအရင်ကို ကြည့်ကာ ဝူယိတောက်သည် ၎င်းကို မည်သည့်အချိန်က တပ်ဆင်ခဲ့သည်ကို အတော်လေး စပ်စုချင်စိတ် ဖြစ်သွားကြသည်။ အကြောင်းမှာ သူတို့သည်ပင် သတိမထားမိခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဝူယိတောက်အနေဖြင့် ရှင်းပြရန် အချိန်မရှိပေ။ ဤအခိုက်အတန့်တွင် သူသည် အစီအရင်ထဲ၌ ရပ်နေပြီး ဟိုဘက်ဒီဘက် ရှောင်တိမ်းနေသော သားရဲဘုရင်ကိုသာ စူးစိုက်ကြည့်နေသည်။
ထို့နောက် ဝူယိတောက်သည် ၎င်းဆီသို့ ပြေးဝင်သွားပြီး ၊ ၎င်းတို့ နှစ်ဦး ထပ်မံ တိုက်ခိုက်ကြတော့သည်။ သို့သော်လည်း ဤနေရာသည် ဝူယိတောက်၏ နယ်မြေ ဖြစ်သဖြင့် ၊ ဝူယိတောက်အတွက် အားသာချက်များ ရှိနေခဲ့သည်။ အစီအရင်၏ အကူအညီဖြင့် သားရဲဘုရင်သည် မကြာမီအတွင်း သံကြိုးများဖြင့် ချည်နှောင်ခံလိုက်ရကာ လုံးဝ ရုန်းထွက်၍ မရနိုင်တော့ချေ။
အခန်း ၁၇၈ - သားရဲဘုရင်ကို သတ်ဖြတ်ခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ နိယာမ
“ဘာ… မင်းက တကယ်တန်း ဘယ်သူလဲ… ငါ မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး ခုလို ကြောက်မက်ဖွယ်ကောင်းတဲ့ အစီအရင်ကို လုပ်နိုင်ရတာလဲ”
ဤအခိုက်အတန့်တွင် သားရဲဘုရင်သည် ဝူယိတောက်၏ ခွန်အားနှင့် ထူးခြားဆန်းကြယ်သော စွမ်းရည်များကို နောက်ဆုံးတွင် နားလည်သွားပြီး ၊ ၎င်း၏ လူပုံသဏ္ဌာန် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာတော့၏။
သို့သော်လည်း ဝူယိတောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီး ၊ သားရဲဘုရင်၏ ရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ တစ်ဖက်လူ၏ အားနည်းချက်ကို လှံတစ်ချက်တည်းဖြင့် ပြတ်သားစွာ ဖောက်ထွင်းပစ်လိုက်သည်။
တကယ့်အားနည်းချက်ကို ထိမှန်သွားသဖြင့် သားရဲဘုရင်၏ ကြီးမားလှသော နာကြည်းမှုနှင့် ဒေါသများသည် ပြာအဖြစ်သာ ပြောင်းလဲသွားနိုင်တော့သည်။
သားရဲဘုရင် သေဆုံးသွားသည်နှင့် ၊ ဖရိုဖရဲ ကမ္ဘာထဲတွင် တစ်စုံတစ်ခုသည် သိမ်မွေ့စွာ ပြောင်းလဲနေကြောင်းကို ဝူယိတောက် ခံစားလိုက်ရသည်။
ဝူယိတောက်အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်၊ မှုန်ဝါးနေသော အလင်းလုံး တစ်လုံးသည် ဖရိုဖရဲ ကမ္ဘာ၏ အနက်ရှိုင်းဆုံး နေရာမှ ပျံသန်းလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ ဝူယိတောက်၏ ခန္ဓာကိုယ် မျက်နှာပြင်သည် တစ်လက်မချင်း အက်ကွဲလာပြီး ၊ အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။
“သူတော်စင်”
ဤအခိုက်အတန့်တွင် လန်ထျန်းယွီနှင့် အခြားသူများသည် ဝူယိတောက်၏ အနားသို့ ရောက်ရှိလာကြပြီး စိုးရိမ်ပူပန်မှုသော အမူအရာများဖြင့် ရှိနေကြသည်။
အကယ်၍ ဝူယိတောက်သာ ဤနေရာတွင် အန္တရာယ် တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ၊ သူတို့ အားလုံး အပြင်သို့ ထွက်သွားနိုင်ခဲ့မည်ဆိုတောင် အခြေအနေ ကောင်းနိုင်မည် မဟုတ်ချေ။
သို့သော်လည်း၊ ဝူယိတောက်သည် လက်ကာပြကာ သူတို့ကို စိတ်မပူရန် ပြန်ပြောလိုက်သည်။
“မင်းတို့ အရင် ထွက်သွားကြ… ငါ အဲ့တာကို သန့်စင်ဖို့ လိုတယ်”
ထိုသို့ ပြောပြီးနောက် ၊ ဝူယိတောက်သည် ချက်ချင်းပင် နေရာ၌ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ၊ အခြား ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ ဖရိုဖရဲ နိယာမကို စတင် သန့်စင်တော့သည်။
မှန်၏။ စောနက ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သောအရာမှာ ဖရိုဖရဲ ကမ္ဘာမှ ဖရိုဖရဲ နိယာမစွမ်းအားများပင် ဖြစ်သည်။
ဝူယိတောက် မျှော်လင့်မထားခဲ့သည့် အချက်မှာ သားရဲဘုရင်ကို သတ်ဖြတ်ပြီးနောက် ဤမျှများပြားသော ဖရိုဖရဲ နိယာမစွမ်းအားများကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်က ဝူယိတောက်အတွက် ပြီးပြည့်စုံသော ဖရိုဖရဲ နိယာမတရားကို နားလည်သဘောပေါက်ရန် လုံလောက်လောက်ပေသည်။ သို့သော်လည်း အင်မော်တယ် ဧကရာဇ် တစ်ပါးသာလျှင် ဤကဲ့သို့ ပြီးပြည့်စုံသော နိယာမတစ်ခုကို ထိန်းချုပ်နိုင်ကြောင်း သင် သိထားရမည်။
ဝူယိတောက်သည် လက်ရှိတွင် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိထားပြီး ၊ ပြီးပြည့်စုံသော နိယာမ တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခဲ့မည်ဆိုပါက သူ၏ အနာဂတ်တွင် မပြောပြနိုင်သော အောင်မြင်မှုများက ဆီးကြိုနေပေတော့မည်။
ဝူယိတောက်သည် ကျင့်ကြံခြင်းကို စတင်လိုက်သည်ကို မြင်သောအခါ လန်ထျန်းယွီနှင့် လီကျန်ကန်းတို့သည် ဝူယိတောက်၏ ဘေးတွင် ရပ်ကာ အစောင့်အရှောက်အဖြစ် နေပေးခဲ့ကြသည်။
“မင်းတို့ လုပ်စရာ ရှိတာ သွားလုပ်ကြ… သူတော်စင်ရဲ့ အစောင့်အရှောက် တာဝန်ကို ငါတို့ ယူထားလိုက်မယ်… ဒါ့အပြင် ငါတို့ အပြင်ထွက်သွားတဲ့အခါ သူတော်စင်ရဲ့ အကြောင်းကို ထုတ်မပြောကြနဲ့… နားလည်လား”
လီကျန်ကန်းသည် ထိုနေရာရှိ လူအားလုံးကို အလွန် လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
သူတို့သည် တုံးအသူများ မဟုတ်ချေ။ အထဲသို့ မဝင်လာမီက ၊ သူတော်စင်၏အကြောင်းကို သူတို့ အဘယ့်ကြောင့် မသိရှိခဲ့သနည်း။ သူတော်စင်သည် လူအများကြား မပေါ်လွင်စေရန် နေထိုင်လိုခြင်း ဖြစ်ကြောင်း သူတို့ နားလည်လိုက်သည်။ သို့မဟုတ် သူတော်စင်သည် တိတ်တဆိတ် ကျင့်ကြံအားထုတ်ရင်း ၊ သန်မာလာသည့် တစ်နေ့ အထက်ကမ္ဘာ တစ်ခုလုံးကို အံ့အားသင့်သွားစေရန် ထွက်ပေါ်လာမည် ဖြစ်ပြီး ၊ ထို့ကြောင့် မြင့်မြတ်နယ်မြေသည် သူတော်စင်၏ တည်ရှိမှုကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ၊ အပြင်သို့ ထွက်သွားသည်နှင့် သူတော်စင်၏ တည်ရှိမှုကို ထုတ်မပြောသင့်ကြောင်း သူတို့ အားလုံး နားလည်လိုက်သည်။
“ နားလည်ပါပြီ .. ငါတို့ ဒီထဲဝင်လာတာ အန္တရာယ်တွေဘာတွေ မရှိဘူးပဲ”
“ဟင်… ဪ ဟုတ်သားပဲ… ဒီဖရိုဖရဲ စမ်းသပ်မှုက ဒီလောက်ထိ ဘေးကင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး… ဖရိုဖရဲ သားရဲ တစ်ကောင်တောင် မပေါ်လာဘူး… တကယ် ကောင်းတာပဲ”
“အဟမ်း… တကယ်တော့ ငါက မျက်စိကန်းပြီး မကြာခဏ သတိမေ့တတ်တဲ့ ရောဂါ ရှိတယ်… ဖရိုဖရဲ စမ်းသပ်မှုအတွင်း ဖြစ်ခဲ့တာတွေ အားလုံးကို ငါ မေ့သွားပြီ… ဘာမှလည်း မမြင်ခဲ့ဘူး”
မကြာမီ ထိုနေရာတွင် ရှိနေသော ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များသည် ချောင်းဟန့်ကာ ထွက်ခွာသွားကြတော့သည်။
မိုရှီယွီ တစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်နေခဲ့ပြီး ၊ ဝူယိတောက်ကို ကြည့်နေသော သူမ၏ မျက်ဝန်းတစ်စုံ၌ နှလုံးသား နာကျင်နေသော အရိပ်အယောင်များကို မြင်တွေ့ နေရသည်။
“မင်းက ဒီနေရာမှာ ဘာလုပ်နေတာလဲ”
လန်ထျန်းယွီသည် မိုရှီယွီကို ကြည့်လိုက်ကာ ရန်လိုစွာဖြင့် ပြောလိုက်သည်။
သို့သော်လည်း မိုရှီယွီသည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီးနောက် ဝူယိတောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မ ဘာမှ မလုပ်ပါဘူး… ဒီမှာပဲ နေပြီး ဝူယိတောက်ကို စောင့်ကြည့်ပေးမယ်… သူ အဆင်ပြေဖို့က အရေးကြီးဆုံးပါပဲ”
လီကျန်ကန်းနှင့် လန်ထျန်းယွီတို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မိုရှီယွီ ဘာလုပ်ချင်သည်ကို သူတို့လည်း မသိကြပေ။
သို့သော်လည်း မိုရှီယွီသည် ဝူယိတောက်ကို အနှောင့်အယှက် မပေးသည်ကို ထည့်သွင်းစဉ်းစားကာ မိုရှီယွီကို နှင်မထုတ်ခဲ့ပေ။
မိုရှီယွီသည် မနီးမဝေးတွင် ဆောင့်ကြောင့်ထိုင်ကာ ဖရိုဖရဲ နိယာမကို ကြိုးကြိုးစားစား သန့်စင်နေသော ဝူယိတောက်ကို ကြည့်ရှုနေလေ၏။
အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို ဝူယိတောက် မသိရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည် သူ၏ ကိုယ်ပိုင် အသိစိတ် ကမ္ဘာထဲသို့ ၊ သို့မဟုတ် စစ်မှန်သော ဖရိုဖရဲ ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ မြူခိုးများကို ကြည့်ကာ ဝူယိတောက်၏ အမူအရာသည် အလွန် လေးနက်နေသည်။သူသည် လှမ်း၍ ပတ်ဝန်းကျင်ကို ညင်သာစွာ ထိတွေ့လိုက်ရာ ၊ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ နိယာမများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ကျင့်ကြံမှုကို ပို၍ မြင့်မားအောင် အထောက်အကူပြုနေသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါဆို… ဒါက စစ်မှန်တဲ့ ဖရိုဖရဲ ကမ္ဘာပေါ့”
ဤသို့ တွေးမိရင်း ဝူယိတောက်သည် တွန့်ဆုတ်မနေတော့ဘဲ ဖရိုဖရဲ နိယာမများကို ရူးသွပ်စွာ စတင် စုပ်ယူလိုက်သည်။ ဖရိုဖရဲ နိယာမများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာသည်နှင့်အမျှ ဝူယိတောက်၏ ကျင့်ကြံမှုသည် ဆက်တိုက် မြင့်တက်လာခဲ့သည်။
ရွှေအင်မော်တယ် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်၊ ထို့နောက် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားကာ ထို့နောက် ရပ်တန့်သွားတော့သည်။
အပြင်ဘက်ရှိ လန်ထျန်းယွီ၊ လီကျန်ကန်းနှင့် မိုရှီယွီတို့သည်လည်း ဤမြင်ကွင်းကြောင့် မေးရိုးများပင် ပြုတ်ကျမတတ် အံ့အားသင့်သွားကြသည်။
“သူက တကယ်ပဲ လူရော ဟုတ်ရဲ့လား”
ဤမျှ တိုတောင်းသော အချိန်အတွင်း ၊ ဝူယိတောက်သည် ရွှေအင်မော်တယ် ကနဦးအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားခဲ့သည်။ မကြာမီကမှ ရွှေအင်မော်တယ် ကနဦးအဆင့်ကို ဖောက်ထွက်ခဲ့ခြင်း ဖြစ်သော်လည်း ၊ သေချာ တွက်ချက်ကြည့်မည်ဆိုပါက ဝူယိတောက်သည် အထဲသို့ ဝင်ရောက်လာပြီးကတည်းက အဓိက နယ်ပယ်အဆင့်ကြီးနှစ်ခုကို ဖောက်ထွက်ခဲ့ပြီး ဖြစ်သည်။
လူသားအင်မော်တယ် နှောင်းပိုင်းအဆင့်မှ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်အထိ ဖောက်ထွက်သွားခဲ့ပြီး ၊ ယခုတွင်မူ လျိုထျန်းရွှေအင်မော်တယ် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဝူယိတောက်သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားသည်နှင့်အမျှ ၊ မူလက အက်ကွဲနေသော သူ၏ ခန္ဓာကိုယ် မျက်နှာပြင်သည် ပြန်လည် ကောင်းမွန်လာပြီး ပို၍သန့်စင်ကာ သန်မာလာပုံရသည် ။
ဝူယိတောက်သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားသည့် အခိုက်အတန့်မှာပင်၊ ဝူဟောက်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဆက်လက် ဖိနှိပ်ထား၍ မရနိုင်တော့ချေ။ သူ့ဘေးတွင် အိပ်ပျော်နေသော စူးချောင်ရန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝူဟောက်သည် နေရာကနေ ပျောက်ကွယ်သွားတော့သည်။
သူ ပြန်ပေါ်လာချိန်တွင် ဖန်လိုင် အင်မော်တယ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ယခင်က ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် ဖွဲ့စည်းပုံ အစီအရင် အလွှာပေါင်းများစွာကို တပ်ဆင်ထားခဲ့သည်။
အကယ်၍ သူသည် ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် အင်မော်တယ် မဟာဧကရာဇ်အဆင့်ကို တတ်လှမ်းသွားမည်ဆိုတောင် ၊ အထက်ကမ္ဘာ တစ်ခုလုံးသည် သူ၏ တည်ရှိနေမှုကို ထောက်လှမ်းနိုင်မည် မဟုတ်ပေ။
ဝူဟောက်သည် ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊ ကျင့်ကြံနေသော ဝူလီသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး မျက်လုံးများကို ဖွင့်ကာ အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
“ထူးဆန်းတယ်… ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်လာတော့မယ့်အတိုင်း ဘာလို့ စိတ်မသက်မသာ ဖြစ်နေမိတာလဲ”
ဝူလီသာမက ဖန်လိုင် အင်မော်တယ်ကျွန်း၏ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်နေသော ဝူချီလုံ ပင်လျှင် ဤချီအငွေ့အသက်ကို ခံစားမိပြီး အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော်လည်း သူ့ခမျာ ဤကိစ္စကို တွေးတောရန် အချိန်ပင်မရလိုက်ချေ။ နောက်တစ်စက္ကန့်တွင် ဖန်လိုင် အင်မော်တယ်ကျွန်း၏ အထက်ရှိ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးများ ဖြစ်ပေါ်လာတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို မြင်ပြီး ၊ ဝူချီလုံနှင့် ဝူလီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဖြစ်စဉ်သည် မည်သူ၏ အဆင့်တတ်လှမ်းမှု ဖြစ်မည်နည်း။
သူတို့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ ကောင်းကင်ယံ၌ ရှိနေသော ဝူဟောက်ကို မြင်တွေ့လိုက်ရပြီး ၊ နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးများသည် အောက်သို့ ကျဆင်းလာကာ ဝူဟောက်၏ ပုံရိပ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။