← Chapters

ချန်ရှောင်မန် ပေါ်လာပြီ

Vol. 11 Ch. 163

ချန်ရှောင်မန် ပေါ်လာပြီ

Vol. 11 Ch. 163

ဒိုင်လေးယောက် စင်ပေါ် တက်လာသည်။ ဒိုင်လေးယောက်မှာ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ဖြစ်သည်။ သူတို့သည် အစ်ကို ဟားဟား၊ ဟုန်နာ၊ ယန်ခွန်းနှင့် ဝမ်ချမ်းတို့ ဖြစ်သည်။

သူတို့သည် စင်မြင့်ပေါ်သို့ အထူးသီးသန့်လမ်းမှ တက်လာခြင်း ဖြစ်သည်။ သူတို့ ဝင်လာသည်နှင့် လူအများက လမ်းရှင်းပေးကြပြီး ဝင်ရောက်လာပုံက အတော်လေး အထင်ကြီးစရာပင်။

ထိုသို့သောအချိန်၌ ပရိသတ်များအားလုံး စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်နေသည်။ မရေတွက်နိုင်သော လူများစွာက ဒိုင်လူကြီး လေးယောက်၏ နာမည်ကို အော်ဟစ်၍ အားပေးလာကြသည်။ ပရိသတ်အချို့ဆိုလျင် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျနေကြသည်။ မျက်ရည်ကျနေသော မြင်ကွင်းများကိုလည်း ကင်မရာက အမိအရ ရိုက်ကူးထားသည်။

စိတ်လှုပ်ရှားစွာ အားပေးအော်ဟစ်နေသံများကို ကြားပြီး စင်အနောက်ဘက်မှ ပြိုင်ပွဲဝင်များ ပို၍ စိုးရိမ်တုန်လှုပ် လာကြသည်။

သူတို့ ရင်တဒိန်းဒိန်း ခုန်နေပြီး ဘေးဘီအား စိုးရိမ်တကြီး ကြည့်နေကြသည်။

တင်ဆက်သူက သူတို့ကို သတိပေးလာသည်။

“မင်းတို့ သီဆိုမယ့် သီချင်းကို သေချာ ရွေးထားကြပါ၊ ငါတို့က မင်းတို့အတွက် တီးလုံး ပြင်ဆင်ပေးမယ်၊ မင်းတို့ နာမည် ခေါ်တာနဲ့ စင်ပေါ်ကို တစ်ယောက်ချင်းစီ တက်သွားကြပါ၊ ဒိုင်လူကြီးက မင်းတို့ကို နောက်သီချင်းတစ်ပုဒ် ဆိုဖို့ မပြောခင်အထိ အဲ့လိုပဲ လုပ်သွားမယ်”

ထိုသို့ပြောပြီးသည်နှင့် သူက စင်ပေါ်သို့ ခပ်သုတ်သုတ် ပြေးတက်သွားသည်။

သူသည် စင်ပေါ်မှ ဒိုင်လူကြီးများကို အရင် မိတ်ဆက်ပေးပြီးနောက် ပရိသတ်များကို စိတ်အား တက်ကြွစေမည့် စကားတစ်ချို့ ပြောလေသည်။ ထို့နောက်တွင်မူ ပြိုင်ပွဲ စတင်လေတော့သည်။

“ပြိုင်ပွဲဝင် နံပါတ်တစ် ချန်လီ”

သူ ကြေငြာလို့ ပြီးသည်နှင့် စင်နောက်မှနေ၍ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ယောက် ကြော့ကြော့ မော့မော့ လျှောက်လမ်းလာသည်။ သူမသည် စင်မြင့်အလယ်မှ မိုက်ရှေ့တွင် ရပ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြုံးပြလေသည်။

“မင်္ဂလာပါ ဒိုင်လူကြီးများရှင့်၊ ကျွန်မက ချန်လီပါ၊ အခုလက်ရှိမှာ တက္ကသိုလ် တတိယနှစ်ကို တက်ရောက်နေတဲ့ ကျောင်းသူ ဖြစ်ပါတယ်၊ ကျွန်မက ငယ်ငယ်လေးကတည်းက သီချင်းဆိုရတာကို နှစ်သက်ပါတယ်၊ ကျွန်မအိပ်မက်က အဆိုတော်တစ်ယောက် ဖြစ်လာလို့ပါ၊ ကျွန်မ ကျောင်းရဲ့ ပွဲတိုင်းမှာ ဝင် …”

အစ်ကိုဟားဟားက လက်ကာ၍ ချက်ချင်း သူမကို စကားဖြတ်ပြောသည်။

“သီချင်းသာဆိုပါ”

ချန်လီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျွန်မ သီဆိုမယ့် သီချင်းကတော့ စံပယ်ပန်းပါ”

တီးလုံးသံ စတင်ပေါ်ထွက်လာပြီး ချန်လီက လည်ချောင်းရှင်း၍ သီဆိုလေသည်။

“စံပယ်ပန်းတို့ ပွင့်လန်းလာပြီ၊ လှပပြီး ဖြူစင်လှပေတယ်၊ ဒီရာသီလေးက ကျွန်မတို့ ခွဲခွာခဲ့တဲ့ ရာသီလေးပေါ့ …”

သူမအသံက သာယာပါသည်။ သို့သော် စိုးရိမ်နေမှုကြောင့် ဖြစ်မည်ထင်သည်။ သူမအသံက တုန်နေပြီး အချို့သော နေရာများ၌ အသံမကိုက်သလို ဖြစ်နေသည်။ သူမအသံကို ခပ်မြန်မြန် ပြန်ညှိလိုက်နိုင်၍ ကံကောင်းသွားသည်။

သီချင်း ပြီးဆုံးသွားသောအခါ ဖျော်ဖြေမှုက ထူးကဲခြင်းမရှိသဖြင့် ပရိသတ်များက အထင်ကြီးသော တုံ့ပြန်မှုမျိုး မပြချေ။

“မင်းအသံက ကောင်းပါတယ်၊ ဒါပေမဲ့ ပညာကတော့ နည်းနည်း အရောင်တင်ဖို့ လိုနေသေးတယ်”

အစ်ကိုဟားဟားက မှတ်ချက်ပြုပြီး တောက်ပသော အနီရောင် X ခလုတ် လင်းလာပြီး သူမကို အရည်အချင်း မပြည့်မီကြောင်း အဆိုပြုလေသည်။

“အစ်ကိုဟားဟား ပြောတာကို ငါ ထောက်ခံတယ်”

ယန်ခွန်းကလည်း ဝင်ပြောလာပြီး အလားတူ အနီရောင် X ခလုတ် လင်းလာ၏။

ဝမ်ချမ်းက ဘာမှမပြောဘဲ အနီရောင် X ခလုတ်ကိုသာ နှိပ်လေသည်။

“နောက်တစ်ယောက်”

ဟုန်နာက ထိုသို့ပြောပြီး အနီရောင် X ခလုတ်ကို နှိပ်လိုက်သည်။

ပထမ ပြိုင်ပွဲဝင် ပြုတ်သွားလေသည်။ ဒုတိယ ပြိုင်ပွဲဝင်က အမျိုးသား တစ်ယောက် ဖြစ်ပြီး လျန့်လျန့် ဟူသော သီချင်းကို သီဆိုသည်။

ရလဒ်သည် သီချင်းထဲကအတိုင်း ဆုံးရှုံးမှုနှင့် ရင်ဆိုင်လိုက်ရသည်။

တတိယ၊ စတုတ္ထ၊ ပဥ္စမ …

ပွဲစဉ်အတွင်း လက်ခုပ်ဩဘာသံများနှင့် ပြည့်နှက်သွားစေသည်အထိ ထူးချွန်သော ပြိုင်ပွဲဝင်အချို့ ရှိပါသည်။ ထိုသူများက နောက်တစ်ဆင့်သို့ တက်သွားကြသည်။

“အခုပြိုင်ပွဲဝင်ကတော့ လက်ရှိမှာ ရေပန်းစားနေတဲ့ အမျိုးသမီး တေးသံရှင်ပါ၊ သူမက အင်တာနက် ဆယ်လီကနေ ကြယ်ပွင့်အဖြစ် အောင်မြင်စွာ ပြောင်းလဲလာတဲ့သူ ဖြစ်ပါတယ်၊ အားလုံး ဒီအချိန်ကို စောင့်နေကြတယ်လို့ ကျွန်တော် ထင်တယ်ဗျ၊ ကျွန်တော်တို့ရဲ့ နောက်ထပ် ပြိုင်ပွဲဝင်ကတော့ … ချန်ရှောင်ယန် ဖြစ်ပါတယ်ခင်ဗျား”

တင်ဆက်သူက ကြေငြာလေသည်။

“သူ့ကို လက်ခုပ်သံလေးနဲ့ ကြိုဆိုလိုက်ရအောင်”

“ချန်ရှောင်ယန် ကြိုးစားထား”

“အား … ချန်ရှောင်ယန် ငါ မင်းကို ချစ်တယ်”

“ငါ ချန်ရှောင်ယန်ကို ချစ်တယ်၊ ငါက မင်းရဲ့ ချန်ကွမ်း (မနက်ခင်း အလင်းရောင်လေး) ပါ …”

ချန်ကွမ်း (မနက်ခင်း အလင်းရောင်) သည် ချန်ရှောင်ယန်၏ ပရိသတ်များကို ခေါ်ဝေါ်သော နာမည် ဖြစ်သည်။ ချန်ရှောင်ယန်၏ သီချင်းက အလင်းအား ဖွေရှာသူ ဖြစ်သောကြောင့် ၎င်းနှင့် လိုက်ဖက်ညီစေရန် ပေးထားသော နာမည် ဖြစ်လေသည်။

ချန်ရှောင်ယန်၏ နာမည်ကို အလင်းများဖြင့် ဆက်ထားသည့် လက်ကိုင် ပိုစတာများကို ပရိသတ်များက မြှောက်ကာ ဘယ်ညာ ယိမ်းပြသည်။ လူတော်တော်များများကလည်း မတ်တပ်ရပ်၍ လက်ထဲမှ အလင်းချောင်း လေးများကို လှုပ်၍ ကျယ်လောင်စွာ အားပေးကြသည်။

ယင်းက သူမ မည်မျှ နာမည်ကျော်သလဲ ပြသနေ၏။

ဒိုင်လူကြီး လေးယောက်ကြောင့် ပွဲလာကြည့်သော ပရိသတ်များမှလွဲ၍ ကျန်လူအားလုံးက ချန်ရှောင်ယန်ကြောင့် ရောက်လာကြခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

“ဟိုးဟိုး ဒီနေ့ ကျွန်တော်တို့ အတော်လေး အလားအလာ ရှိတဲ့ ဂျူနီယာတစ်ယောက်နဲ့ တွေ့ရတော့မယ့်ပုံပဲ”

အစ်ကိုဟားဟားက ပြောလေသည်။ သို့သော် စင်ပေါ်တက်လာသော ချန်ရှောင်ယန်ကိုမြင်သောအခါ သူ ပို၍ ထိတ်လန့်သွားပြီး ရယ်၍ ပြောလိုက်သည်။

“အဲ့ဒါတင် ဘယ်ကဦးမလဲ၊ သူက ရှားပါးတဲ့ အလှလေး တစ်ယောက်လည်း ဖြစ်နေတာကိုး”

“ဆိုတော့ သူက Tik Tok ကနေ တစ်နိုင်ငံလုံးအထိ နာမည်ကျော်နေတဲ့ တစ်ယောက်လား၊ ချန်ရှောင်ယန်ဆိုတာလေ၊ လူငယ်မျိုးဆက်မှာ ထူးချွန်တဲ့သူတွေနဲ့ ပြည့်နေတာပဲ”

ဝမ်ချမ်းကလည်း ဝင်ပြောလေသည်။

“အခုတလော ထူးဆန်းပြီး နာမည်ကျော်နေတဲ့ ဝိုင်က သူ့အတွက် သီချင်းရေးပေးခဲ့တာလေ၊ သူ ကံကောင်းတယ်လို့ ပြောရမယ်”

ယန်ခွန်းသည် သူ့ဘေး၌ တစ်ချိန်လုံး ငြိမ်နေသော ဟုန်နာကို ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“မစ္စနာ၊ သူက ခင်ဗျားပြီးရင် နောက်တက်လာမယ့် ဂီတဘုရင်မ ဖြစ်လာလိမ့်မယ်လို့ အများက ထင်ကြေးပေး နေတဲ့ တစ်ယောက်ပဲ၊ ခင်ဗျားရော ဘယ်လိုထင်လဲ”

ဟုန်နာ၏ မျက်နှာက ခံစားချက် ကင်းမဲ့နေသည်။

“အဲ့ဒါက‌ သူ့ရဲ့ တိုက်ရိုက် ဖျော်ဖြေမှုပေါ်မှာပဲ မူတည်တယ်”

ချန်ရှောင်ယန်က စင်မြင့်ပေါ်တွင် အသင့်ဖြစ်နေပြီး ပရိသတ်များကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လေသည်။ သူမ ပရိသတ်များကို ဝေ့ကြည့်လိုက်ပြီးနောက် ဝိုင်ကို ရှာမတွေ့သဖြင့် အနည်းငယ် တုန်လှုပ်ချောက်ချားသွားဟန် ပေါ်လာသည်။

“အားလုံးရဲ့ ချစ်ခင်အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ သီဆိုဖျော်ဖြေမယ့် သီချင်းကတော့ အလင်းအား ဖွေရှာသူပါ”

သူမစကားကြောင့် အားလုံး အလန့်တကြား ဖြစ်သွားလေသည်။

*ပထမ သီချင်းမှာတင် သူ့မှာရှိတာ အားလုံး ထုတ်ပြတော့မလို့လား*

အလင်းအား ဖွေရှာသူသည် ချန်ရှောင်မန်၏ ဝှက်ဖဲ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ၎င်းသည် မူပိုင်သီချင်း ဖြစ်သည်။ လူအများစုဆိုလျင် ယင်းကို ဖိုင်နယ်အတွက် ချန်ထားလေ့ ရှိသည်။ သို့သော် သူမက အကြိုပွဲစဉ်မှာတင် ထုတ်သုံးနေ၏။ ဤသည်က မဆင်ခြင်ရာ ကြပေသည်။

ထိုသီချင်းကို ရွေးရသည့် အကြောင်းရင်းကို ချန်ရှောင်ယန်သာလျင် သိပေသည်။ အကြောင်းမှာ ထိုလူကို သူမ ပြသချင်သောကြောင့်ပင်။

ထိုသီချင်းက သူမအတွက် သူ ရေးပေးထားသော သီချင်း ဖြစ်သည်။ သူက ဤနေရာ၌ ရှိနေသဖြင့် မည်သို့သော အကျိုးဆက်များ ဖြစ်လာပါစေ သူမ ထိုသီချင်းကို ဆိုပြပေမည်။

“မင်းက ကမ်းခြေ မီးပွားလေးဆိုရင် ကိုယ်က လှိုင်းလုံးထဲက ရေမြှုပ်လေးပါ,

မင်းရဲ့အလင်းကသာ ကိုယ့်ကို ရုတ်တရက် ထွန်းလင်းပေးလာတာပါ,

မင်းက ကျယ်ပြောတဲ့ နဂါးငွေ့တန်းဆိုရင် …”

အလွန် သိမ်မွေ့နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသောအခါ ပရိသတ်များအားလုံး တဖြည်းဖြည်း ငြိမ်ကျ သွားပြီး ချန်ရှောင်ယန်၏ အသံတစ်ခုတည်းကိုသာ ကြားနေရတော့သည်။

ပရိသတ် အများစုအတွက် ဤသီချင်းက ပထမဆုံးအကြိမ် နားထောင်ဖူးခြင်း မဟုတ်သော်လည်း ငြီးငွေ့သွားခြင်း မရှိပေ။ ထိုအစား သီချင်းထဲ၌ လျင်မြန်စွာ နစ်မျောသွားကြသည်။

အချို့ဆိုလျင် မျက်ရည်များ ဝေ့လာပြီး ရေတံခွန် စီးကျနေသကဲ့သို့ ငိုကြွေးလာကြသည်။ တိုက်ဆိုင်စွာပင် ထိုမြင်ကွင်းကို ကင်မရာသမားက မြင်သွားပြီး အနီးကပ် ရိုက်ပြတော့သည်။

နောက်ဆုံးတွင် သီချင်းသံ ပြီးဆုံးသွားသည်။

“ကျွန်မရဲ့ သီချင်းလေး ပြီးသွားပါပြီ၊ ကျေးဇူးတင်ပါတယ်”

ချန်ရှောင်ယန်က ထပ်၍ ဦးညွှတ်လေသည်။

“အား … သိပ်ကောင်းတာပဲ၊ တိုက်ရိုက် နားထောင်ရတာက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး၊ သိပ်ကောင်းတယ်”

“အဟင့် ဟင့် ဟင့် … သီချင်းလေးက သိပ်ကောင်းတာပဲ၊ ငါ အငိုရပ်လို့မရတော့ဘူး”

“ဒီသီချင်းက ချန်ရှောင်ယန်အတွက် ကွက်တိ ရေးထားသလိုပဲ၊ အသံလေးက သာယာလိုက်တာ”

“ဘာလို့ အခု ဆိုလိုက်ရတာလဲ၊ ဖိုင်နယ်အတွက်သာ ချန်ထားလိုက်ရင် သေချာပေါက် ပထမ ရမှာ”

…

ပရိသတ်များသည် ချန်ရှောင်ယန်ထံ၌ ညှို့ယူဖမ်းစားခံလိုက်ရလေပြီ။ ဤသည်က ထိပ်တန်းအဆင့် အဆိုတော်များသာ စွမ်းဆောင်နိုင်သော အရာ ဖြစ်ပေသည်။

“ကောင်းတယ်၊ သူ နာမည်ကြီးလာတာ အကြောင်းပြချက် ရှိတဲ့ပုံပဲ”

အစ်ကို ဟားဟားက အနီရောင် အမှန်ခြစ် ခလုတ်လေးကို နှိပ်လိုက်သည်။ အောင်သွားလေပြီ။

“ငါတို့ အိုလာပြီလို့ ခံစားလိုက်ရတယ်၊ နောက်မျိုးဆက်တွေက အရင်မျိုးဆက်နေရာမှာ ဝင်နေရာယူ လာမယ်ဆိုတာ မှန်တာပဲ”

ဝမ်ချမ်းကလည်း မှတ်ချက်ပေး၍ အနီရောင် အမှန်ခြစ် ခလုတ်ကို နှိပ်လိုက်သည်။

“မင်းမှ မအောင်ရင် ဒါက အဓိပ္ပာယ် မရှိတော့ဘူး”

ယန်ခွန်းကလည်း အနီရောင် အမှန်ခြစ်ကို နှိပ်လိုက်သည်။ ထို့နောက် သူက ဆက်မှတ်ချက်ပြုသည်။

“မင်းအသံက လူအတိုင်း လှတယ်၊ ပြီးတော့ မင်းပညာကလည်း အတော်လေး ကောင်းတယ်၊ နောက်ဆိုရင် …”

“ပညာကောင်းတယ် ဟုတ်လား၊ ငါတော့ အဲ့လိုမထင်ဘူး”

သဘောမတူသော အသံတစ်သံက ယန်ခွန်း၏ စကားကို ဖြတ်ပြောလာသည်။

ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်က ဟုန်နာထံ ကျရောက်လာ၏။

“ဒီသီချင်းက အတော်လေး ကောင်းတယ်ဆိုတာ ငါ ဝန်ခံတယ်၊ ဒါပေမဲ့ သီချင်းပဲ ကောင်းတာ”

ဟုန်နာ၏ မျက်နှာတွင် တင်းမာခက်ထန်မှုတို့ ပြည့်နှက်နေပြီး မောက်မာဟန် ပေါ်လွင်နေသည်။ ထို့နောက် သူမက ဆက်ပြောသည်။

“ဒီသီချင်းက သူ့အပိုင်လေ၊ သူနဲ့ လိုက်တာ အသေအချာပဲ၊ အခုချိန်ထိ သူ အခြားသီချင်း ဆိုကြည့်တာကို ငါ မကြားဖူးသေးဘူး၊ ဒါတစ်ခုတည်းနဲ့ သူ့ပညာကို ငါ မဆုံးဖြတ်နိုင်ဘူး၊ ဒါပေမဲ့ သူ့အကောင်းဆုံး သီချင်းနဲ့ စပြိုင်တယ် ဆိုတော့ သူ ယုံကြည်မှု နည်းနေသလို ခံစားနေရတယ်လို့ ပြနေတာပဲ မဟုတ်လား”

…

All Chapters