အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
Chapter 81
~
အခန်း ၈၁
~
မှောင်မိုက်နေသော အကျဥ်းထောင်အတွင်း အနံ့အသက်က ဆိုးရွားလှချေသည် ။
သေးငယ်သော ပြတင်းပေါက်များမှ ဖြာဆင်းကျနေသော နေရောင်အလင်းတန်းများထဲတွင် မြူမှုန်လေးများ မျောလွင့်နေ၏ ။
မကြာသေးမီက ထောင်မှထွက်လာသော ချောင်မူသည် ယခင်ထောင်အခန်းထဲသို့ ပြန်လာခဲ့လေသည် ။ ထောင်အတွင်း မြင်ကွင်းမှာ မည်သည့် ပြောင်းလဲမှုမှမရှိ ။
ချောင်မူ ထောင်အခန်းထဲသို့ ဝင်လိုက်လျှင် အကျဥ်းသားများက အံ့သြသွားကြသည် ။
" ချောင်ပိုင်ဖူ ဘာလို့ ပြန်ရောက်လာတာလဲ.. "
" သူ ဧကရာဇ်ကို ကျိန်ဆဲပြန်ပြီလား.. "
အကျဥ်းသားများ အပြင်းအထန် ဆွေးနွေးရန် ပြင်လိုက်ကြသော်လည်း ချောင်မူ၏ နောက်တွင် ပါလာသော လူဆိုးထိန်းများနှင့် တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် မင်ယွဲ့ကို မြင်သွားပြီး အသံမထွက်ရဲတော့ ။
" ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်နတ်သမီးလား.. "
" ချောင်ပိုင်ဖူက နတ်သမီးကိုတောင် ထောင်ထဲ ထည့်ရဲတယ် ရဲရင့်လိုက်တာ.. "
အကျဥ်းသားများက စိတ်ထဲတွင် တွေးလိုက်မိကြ၏ ။
ထောင်စောင့်တစ်ယောက် က သံတိုင်များကို လိုက်ခေါက်ပြီး အသံမထွက်ရန် သတိပေးလိုက်သည် ။
ချောင်မူက သူအရင်နေခဲ့သော အခန်းထဲသို့ ခေါ်ဆောင်သွားလိုက်၏ ။
" အဲ့ သားရဲနဲ့ ဒီအခန်း ထဲမှာ တွေ့တာ.. "
ချောင်မူက ဖြစ်ခဲ့သည်များကို ပြန်ရှင်းပြလိုက်သည် ။
" ဒါပေမဲ့ နတ်ဆိုးကြောင်က လူကို ဘာမှ မလုပ်ဘူးနော်.. တပ်ချုပ် တခြားအမှုတွေမှာ ဒဏ်ရာဒဏ်ချက်ရှိလား .."
ချန်ယင်းရွှယ်က မျက်ခုံးများတွန့်ကွေးကာ စဥ်းစားနေပြီး ပြန်မဖြေ ။ အနားရှိ ပါးနပ်သော လူဆိုးထိန်းတစ်ဦးက အမြန် ဝင်ဖြေလိုက်သည် ။
" ခေါင်းဆောင်ချောင် ..ဒီဝိညာဥ်ဖမ်းသားရဲ ကဒဏ္ဍာရီထဲက ဖြူမည်းညီနောင် တွေလိုပဲ လူတွေရဲ့ ဝိညာဥ်ကို နှုတ်ယူနိုင်တယ်.. "
" ဒီ သားရဲ သတ်လိုက်တဲ့ တချို့အလောင်းတွေက မြင်သာတဲ့ ဒဏ်ရာ မရှိပေမဲ့ တချို့အလောင်းတွေမှာတော့ ကျားလို သတ္တဝါ တိုက်ခိုက်ထားတဲ့ လက်သည်းရာတွေရှိတယ်.. "
ဤ အကြောင်းများအား တပ်ချုပ်ချန်ယင်းရွှယ် မကြာခဏ ရှင်းပြပေးသော်လည်း အစည်းအဝေးတွင် ချောင်မူက လုပ်ချင်ရာလုပ်နေသည့်အတွက် မကြား ။ ယခု ထုတ်မေးနေသဖြင့် သူ အာရုံမစိုက်ခဲ့ကြောင်း ပေါ်လွင်နေသည် ။ ထို့ကြောင့် ပါးနပ်သည့် လူဆိုးထိန်းက ချန်ယင်းရွှယ် စိတ်မဆိုးစေရန် ဝင်ပြောလိုက်ခြင်းပင် ။
သို့သော်လည်း ချောင်မူ က ခေါင်းမာဆဲ ။
" တကယ်ဖြစ်နိုင်တာက.. ဒီသားရဲက လူတွေကို သတ်တာ မဟုတ်ဘဲ သေခါနီးလူတွေရဲ့ အရှိန်အဝါကြောင့် လာတာလဲ ဖြစ်နိုင်တာပဲ.. တိုက်ဆိုင်သွားလို့ အထင်လွဲခံရတာများလား.. "
ချောင်မူက အမှုများအကြောင်း မသိသဖြင့် သူ၏ ကိုယ်ပိုင်အမြင်ကို ထုတ်ပြောလိုက်သည် ။
ထိုစကားကို ကြားလျှင် လူဆိုးထိန်းများက အံ့သြသွားကြ၏ ။
တပ်ချုပ်ချန်ယင်းရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး...
" ခေါင်းဆောင်ချောင်.. ဘာလို့ ဒီသားရဲဘက်က လိုက်ပြောနေတာလဲ.. လူသတ်တဲ့ တောရိုင်းဝိညာဥ်သားရဲဆိုတာ ပုံမှန်ပဲလေ.. "
ချောင်မူက ပြန်ငြင်း၏ ။
" အဲ့တာဆို ကျင့်ကြံသူတွေ မွေးထားတဲ့ ဝိညာဥ်သားရဲတွေကရော လူသားမစားဘူးလား ..သူတို့နဲ့ တောရိုင်းဝိညာဥ်သားရဲနဲ့ ဘယ်နေရာကွာနေလို့လဲ.. ဒါမှမဟုတ် သူတို့မှာက နောက်ခံကောင်းကောင်း ရှိနေလို့လား.. "
ထိုစကားများ ထွက်လာသည်နှင့် ထောင်ထဲတွင် ရှိနေသူများအားလုံး ချမ်းစိမ့်စိမ့် ခံစားမိလိုက်ကြသည် ။
အနှီချောင် က ကျင့်ကြံသူ မင်ယွဲ့ကို ဘေးနားတွင် ထားပြီး ကျင့်ကြံသူများမကောင်းကြောင်း ပြောနေ၏ ။
'' မင်း.. စကားပြောတာ သတိထားပါ.. "
မင်ယွဲ့က အေးစက်စက်ကြည့်ပြီး သတိပေးလိုက်သည် ။
" မသေမျိုး တွေနဲ့ သေမျိုးတွေကြားထဲမှာ ကွာခြားချက်တွေ အများကြီရှိတယ်.. ငါတို့ အင်မော်တယ်ဂိုဏ်းက လေ့ကျင့်ထားတဲ့ သားရဲက ဘယ်လိုလုပ်ပြီး တောရိုင်းသားရဲတွေနဲ့ ယှဥ်လို့ရမှာလဲ .."
ကျင့်ကြံသူ မင်ယွဲ့၏ ရုပ်ရည်မှာ အသက်၂၀ ခန့်သာထင်ရသော်လည်း သူမ၏ အသက်အစစ်အမှန်မှာ လေးဆယ်နီးပါး ဖြစ်သည် ။ သူမ ၏ စကားများသည် လူကြီးမှ ကလေးတစ်ယောက်အား ဆူနေသည်နှင့်ပင် တူနေ၏ ။
မင်ယွဲ့သည် ချောင်မူကို အစပိုင်းတွင် မမှတ်မိဘဲ ယခုမှသာ သူမအား မေးခွန်းထုတ်ပြီးနောက် စစ်သည်များ ဖမ်းသွားသော လူဆိုးထိန်းမှန်း မှတ်မိသွားသည် ။
ပတ်ဝန်းကျင် တစ်ခုလုံးကို တင်းမာနေသော လေထုက ဖုံးလွှမ်းသွားပြီး အကျဥ်းသားများဆိုလျှင် တုန်ရီနေကြ၏ ။
ကျင့်ကြံသူ မင်ယွဲ့သည် မာနကြီးပြီး ဒေါသထွက်လွယ်သူ ဖြစ်သဖြင့် နောက်ဆုတ်မည့်ဟန် မရှိ ။
' စပြီ...စပြီ..'
ချောင်မူက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်နေသည် ။ သူ ကျင့်ကြံသူများ၏ ပုံပြင်ကို ကြားနေရသည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့်အကောင် နှင့်မျှ မတိုက်ခိုက်ဖူးချေ ။
' သူ့ကို ဆွပေးဖို့ ဘယ်လို ဘလိန်းရင် ကောင်းမလဲ.. "
ချောင်မူက လေးလေးနက််နက် စဥ်းစားလိုက်သည် ။ သူ သူရဲကောင်းမဟုတ်သော်လည်း သက်ရှည်သော့ကြောင့် လူအများ၏ အမြင်တွင် သူရဲကောင်း ဖြစ်နေရပေမည် ။
ချောင်မူက သူမည်သို့ သေရမည်ကို အပြင်းအထန် စဥ်းစားနေ၏ ။
တခြားသူများ၏ အမြင်တွင်မူ မင်ယွဲ့ နှင့် ချောင်မူတို့ နှစ်ယောက်လုံး စကားဆက်မပြောကြဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသဖြင့် အသံတိတ်တိုက်ပွဲဟု ထင်နေကြသည် ။
ရုတ်တရက်...
" အင်မော်တယ် မင်ယွဲ့.. "
ကြည်လင်သော အမျိုးသမီး အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏ ။
ချန်ယင်းရွယ်က ကြောင်မွှေးအနည်းငယ်ကို ကိုင်ပြီး နှစ်ယောက်ကြားတွင် ဝင်ရပ်နေလိုက်သည် ။
" ဒီ ကြောင်မွှေးတွေကို ဒီအခန်းထဲက တွေ့တာ.. ထောင်ထဲကို တခြားတိရစ္ဆာန်တွေ လာမှာ မဟုတ်တော့ ကြောင်သားရဲ ဆီက ကျခဲ့တာပဲ ဖြစ်ရမယ်.. "
ချန်ယင်းရွှယ်၏ စကားကြောင့် မင်ယွဲ့အာရုံ ပြောင်းသွား၏ ။
" အမ်... ကောင်းတယ်.."
မင်ယွဲ့၏ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းပသွား၏ ။
" မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်.. "
" ဒီအမွှေးနဲ့ဆို တိကျတဲ့ ခြေရာခံ လက်နက်တစ်ခု ဖန်တီးပေးဖို့ သူတော်စင်မကို တောင်းဆိုလို့ရတယ်.. ပြီးရင်တော့ အဲ့သားရဲကို ဖမ်းဖို့ မခက်တော့ဘူး.. "
မင်ယွဲ့က ဝမ်းသာလုံးဆို့သွားသဖြင့် ချောင်မူကို မေ့သွားပြီး လှည့်ထွက်သွား၏ ။
ကြောင်တောင်တောင် အတွေးလွန်နေသော ချောင်မူသည်တော့ ရုတ်တရက် သတိမထားမိလိုက် ။
Chapter 82
~
အခန်း ၈၂
~
' ဟမ်..ဘယ်ရောက်သွားတာလဲ.. '
' ပြေးသွားပြီလား..'
ချောင်မူလှည့်ကြည့်လိုက်ပြီး နဖူးတွင် အနက်ရောင်အရေးအကြောင်းများ ပေါ်လာ၏ ။
သူ့နားတွင် ရပ်နေသော ချန်ယင်းရွှယ် ကိုကြည့်ပြီး နားလည်သွားသည် ။
' ဟူးးး..ငါ သူနဲ့ ဝေးဝေးနေဖို့ တွေးထားတာ မှန်တာပဲ.. ခုတော့နတ်သမီးညီမလေး ထွက်ပြေးသွားပြီ.. '
ချန်ယင်းရွှယ်က ချောင်မူ စိုက်ကြည့်နေသည်ကို သိသော်လည်း သတိမထားမိဟန်ဖြင့် လက်ရှိအမှုအား ဆက်လက်ဆွေးနွေးနေသည် ။
" ခေါင်းဆောင်ချောင်.. သားရဲကြောင့် သေဆုံးခဲ့သူက ဟိုဘက်အခန်းမှာ နေတာလား.. "
ချန်ယင်းရွှယ်က အခန်းလွတ်ကို လက်ညိုးထိုးပြီး မေးလိုက်၏ ။
" ဟုတ်ပါတယ်.. "
ချောင်မူ ခေါင်းညိတ်ပြလိုက်လျှင် ချန်ယင်းရွှယ်က ဘေးနားတွင် ရပ်နေသော ထောင်စောင့်တစ်ယောက်ကို အမိန့်ပေးလိုက်၏ ။
" အဲ့ အကျဥ်းသားရဲ့ အမှုတွဲကို ငါ့ဆီယူလာခဲ့.."
ထောင်စောင့်က အံ့သြသွားပြီး စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် ပြုံးလိုက်၏ ။
" ဆရာ.. ဒီသေဆုံးသူက အခုအမှုနဲ့ ဘာမှ မဆိုင်လောက်ပါဘူး.. ပြီးတော့ သူ့အမှုက နှစ်ပေါင်းများစွာကြာပြီဆိုတော့ ရှာဖို့က.. "
" နင်မသွားရင် ငါသွားယူရမလား.. "
ချန်ယင်းရွှယ်က ခပ်တင်းတင်းပြောလိုက်သည် ။
ထောင်စောင့်က မြန်မြန်ပြေးထွက်သွားပြီး အချိန်အတော်ကြာမှ အချိန်၏တိုက်စားမှုကြောင့် ဝါထိန်နေသော အမှုတွဲကို ကိုင်ပြီး ပြန်ရောက်လာသည် ။
ချန်ယင်းရွှယ်က အနည်းငယ် ဖတ်ကြည့်ပြီးနောက် ကြောင်အသွားကာ မေးလိုက်၏ ။
" လက်ထောက်ချန်က ဒီနေ့ ဗိုက်အောင့်လို့ဆိုပြီး ခွင့်တိုင်ထားတာမှတ်လား.. "
" ဟုတ်ပါတယ် .."
အနားတွင် ရှိသော လူဆိုးထိန်းတစ်ယောက်က ဖြေလိုက်သည် ။
ချန်ယင်းရွှယ်က ခဏကြာအောင် စဥ်းစားပြီး အမှုတွဲကို သိမ်းလိုက်ကာ ပြောလိုက်၏ ။
" အင်း အမှုတွဲထဲမှာ ထူးဆန်းတာ မရှိဘူး.. ဒီကိစ္စနဲ့ မဆိုင်တာ သေချာသွားပြီ.. "
" မင်းတို့ အားလုံး ပြန်ပြီး နားလိုက်ကြတော့.. အင်မော်တယ်မင်ယွဲ့ လက်နက်ပို့မှ ငါတို့အားလုံးစုပြီး အမဲလိုက်ကြတာပေါ့.. "
လူဆိုးထိန်းများအားလုံး ထွက်သွားပြီးနောက် ချန်ယင်းရွှယ်က အမှုတွဲကို ပြန်ဖွင့်ကြည့်ပြီး ဂရုတစိုက် ဖတ်နေတော့သည် ။ သူမ ၏ စင်ယော်တောင် မျက်ခုံးလေးများက ရံဖန်ရံခါ ပင့်တက်သွား၏ ။
…………….
နှစ်ညအကြာတွင်...
ရုံးတော်အဝင်ဝတွင် ချန်ယင်းရွှယ်ပေးသော အစိမ်းရောင်မီးအိမ်များကို ချောင်မူတို့ အဖွဲ့ခေါင်းဆောင်များက လက်ခံရယူလိုက်ကြ၏ ။
" ကြောင်သားရဲအမွှေးတစ်ချောင်းစီနဲ့ သူတော်စင်မက ခြေရာခံဖို့ အထူးလက်နက်တွေ လုပ်ထားတယ်.. "
ချန်ယင်းရွှယ်က ရှင်းပြနေသည် ။
" ဒီ အစိမ်းရောင် မီးအိမ်ရဲ့ မီတာတစ်ရာ ပတ်လည်အတွင်း သားရဲ ပေါ်လာရင် မီးတောက် မတည်မငြိမ်ဖြစ်ပြီး တည်နေရာကို လိုက်သွားလိမ့်မယ် .."
" သားရဲကို ရှာတွေ့တာနဲ့ အင်မော်တယ်မင်ယွဲ့ကို ချက်ချင်းအချက်ပြလိုက်ပါ .."
ညွှန်ကြားချက်များ ပေးပြီးနောက် ချန်ယင်းရွှယ်က လူဆိုးထိန်းများအား အဖွဲ့ ရှစ်ဖွဲ့ ခွဲကာ မြို့၏ လေးဘက်လေးတန်သို့ စေလွှတ်လိုက်၏ ။
လက်ထောက်ချန်နှင့် ချောင်မူက မြို့အနောက်ဘက်ကို တာဝန်ယူလိုက်ရသည် ။
ချောင်မူက ကင်းလှည့်ရင်း မကျေမနပ် ဖြစ်နေ၏ ။
' ငါ့ နတ်သမီးလေးက ဘာလို့ ကိုယ်တိုင်မပေးဘဲ ချန်ယင်းရွှယ်နဲ့ ပေးရတာလဲ.. '
' သူ ပေါ်မလာတော့ ငါဘယ်လိုလုပ်ပြီး ပြဿနာ ရှာရတော့မလဲ.. '
လက်ထောက်ချန် တွေးနေသည်ကမူ...
' တပ်ချုပ်ချန်က အမျှော်အမြင်ရှိလိုက်တာ.. ခေါင်းဆောင်ချောင်နဲ့ အင်မော်တယ် ထိပ်တိုက်တွေ့မှာစိုးလို့ သေချာစဥ်းစားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာခြင်း မဆိုင်အောင် ထားထားတာပဲ.. ညဏ်ကောင်းလိုက်တာ.. '
" ဟူး... ဘာလို့ မြို့အနောက်ဘက်မှာ တာဝန်ကျရတာလဲ.. တကယ်ဆို မြောက်ဘက်မှာ တာဝန်ကျရင် ရွှမ်းထျန်းဘုရားကျောင်းထဲဝင်ပြီး အမွှေးတိုင်လေးဘာလေး ပူဇော်လို့ရတာပေါ့.. "
" ခေါင်းဆောင်ချောင်က ဟာသ အပြောကောင်းတာပဲ.. ဟီးဟီးဟီး..."
ချန်ချန်၏ နှာဖူးမှ ဇောချွေးများ အဆက်မပြတ်စီးကျလာ၏ ။ သူက အားတင်း၍ ပြုံးလိုက်ပြီး...
" မြို့မြောက်ဘက် တဝက်လောက်က ရွှမ်းထျန်းဂိုဏ်းအပိုင်ဆိုတော့ လူဆိုးထိန်းတွေ ဝင်ပြီး စစ်ဆေးဖို့ မလွယ်ဘူး.. "
ခေါင်းဆောင်ချောင်သည် ဧကရာဇ်အား ကျိန်ဆဲရဲသူဖြစ်၏ ။ သူသာ ရွှမ်ထျန်းဘုရားကျောင်းသို့ သွားရပါမူ အတင်းဝင်ရန် ဖြစ်နိုင်ချေများသည် ။
နှစ်ယောက်သား အေးဆေးစကားပြောနေစဥ် ရုတ်တရက် ကြောင်အသွားကြ၏ ။
သူတို့ကိုင်ထားသော မီးအိမ်၏ မီးတောက်များက ပြင်းထန်စွာ တုန်ခါလာသည် ။
" ဘာဖြစ်တာလဲ.. တပ်ချုပ်ချန်ပြောတော့ သားရဲရှိတဲ့နေရာကို မီးတောက်က သူ့ဟာသူ သွားမှာဆို.. ခုဘာလို့ မသွားတာလဲ.. "
" မြောင်...."
သူတို့နှစ်ယောက် ရှုပ်ထွေးနေစဥ် မနီးမဝေးမှ ကြောင်အော်သံ ထွက်ပေါ်လာ၏ ။
မှောင်ရိပ်ထဲမှ ဝိုးတဝါးသာ မြင်ရသော ကြောင်ပေါက်လေး တစ်ကောင်က ခုန်ပေါက်ပြီး သူတို့ဆီသို့ ပြေးလာ၏ ။
" ဒါ.. အရင်က ပြောထားတာနဲ့ မတူဘူးလေ.. ကြောင်သားရဲ ထွက်ပြေးတာနဲ့ အဖွဲ့တွေ အားလုံးက ဝိုင်းပြီး ပိတ်ဆို့ရမှာဆို.. "
ချန်ချန် ဆွံ့အ နေ၏ ။ သူ၏ ဆွံ့အနေသည့် အကြည့်အောက်မှာက ကြောင်ပေါက်လေးက ပြေးလာပြီး ချောင်မူ၏ ခြေရင်းတွင် ပတ်ခြာလည် ပတ်ပြေးကာ ပျော်ရွှင်နေသည် ။
" ဒီ ငတုံးလေးက တကယ်ရယ်ရတယ်.."
ချောင်မူက မီးအိမ်ကိုင်မထားသောလက်ဖြင့် ဖမ်းရန် ပြင်လိုက်၏ ။
သို့သော်လည်း ထိုသည်ကို ကြောင်ပေါက်လေးက လန့်သွားပြီး ဗီဇအရ နောက်သို့ ခုန်ထွက်ကာ ရှောင်တိမ်းလိုက်သည် ။
ထို့နောက် ချောင်မူကို တစ်ချက်မော့ကြည့်ကာ လှည့်ပြေးတော့သည် ။ ကြောင်ပေါက်လေး၏ အရွယ်အစားက သေးငယ်သော်လည်း လျင်မြန်လှချေ၏ ။
ချောင်မူ၏ အမြင်အာရုံဖြင့်ပင် အနက်ရောင်မှုန်ဝါးဝါး အရိပ်တစ်ခုကိုသာ မြင်နေရသည် ။
" လိုက်လိုက်..."
ချောင်မူက ရှေ့ဆုံးမှ ဦးဆောင်ပြီး ပြေးလိုက်သွားသည် ။
" ကျုပ်တို့ အင်မော်တယ် မင်ယွဲ့ကို အကြောင်းကြားရအုံးမယ်လေ.. "
ချန်ချန်လည်း ခဏတုန့်ဆိုင်းနေပြီးမှ နောက်လိုက်တစ်ယောက်အား အင်မော်တယ်မင်ယွဲ့ထံသို့ အကြောင်းကြားရန်လွှတ်လိုက်ပြီး ချောင်မူ၏နောက်သို့ ပြေးလိုက်သွားသည် ။
ထူးဆန်းသည်က ကြောက်ပေါက်လေးသည် မြန်ဆန်သော်လည်း ချောင်မူတို့၏ လက်မှ လွတ်အောင်မပြေးဘဲ အကွာအဝေးတစ်ခု ထိန်းထား၏ ။
ချောင်မူတို့အဖွဲ့ လိုက်ရင်း လိုက်ရင်းဖြင့် လမ်းကြားလေးတစ်ခုဆီသို့ ရောက်လာကြသည် ။
" ခေါင်းဆောင်ချောင်.. တစ်ခုခုမှားနေသလိုပဲနော်.. "
ချန်ချန်က သံသယ ဖြစ်ဟန်ဖြင့် ပြောလိုက်ပြီး...
" ဒီကြောင်က ကျုပ်တို့ကို မျှားခေါ်နေသလိုပဲ.. "
ချောင်မူက ခဏစဥ်းစားကာ...
" ခင်ဗျားပြောတာက ကြောင်ပေါက်လေးက ကျုပ်တို့ကို ဒီအထိမျှားခေါ်လာ ..ပြီးရင် ကြောင်အကောင်တစ်ရာလောက် ပေါ်လာပြီး သူ့တို့ကျောကို ကုတ်ပေးဖို့ ဝိုင်းအော်နေလိမ့်မယ်ပေါ့.. ဟားဟားဟား.."
ချန်ချန်က ပြန်မဖြေသလို ချောင်မူ၏ ရယ်သံကလည်း ရပ်သွား၏ ။
လေထဲတွင် သွေးနံ့က လွင့်ပျံလာသည် ။ ချန်ချန်သည် လူဆိုးထိန်းလုပ်လာသည်မှာ နှစ်များစွာ ကြာပြီဖြစ်၍ သွေးနံ့အား အလွန်နှာခေါင်းယဥ်၏ ။
ချောင်မူသည်လည်း အဆင့်၆ သိုင်းပညာရှင် ဖြစ်သဖြင့် ချန်ချန်ထက်အရင် သွေးနံ့ရလိုက်သည် ။