← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

Chapter 83

~

အခန်း ၈၃

~

မြို့အနောက်ဘက်ရှိ ခြံဝင်းတစ်ခုထဲတွင်...

နားထင်တွင် မီးခိုးရောင်အမှတ်အသားရှိသည့် အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ဦးသည် ကျေနပ်အားရနေသော အပြုံးဖြင့် ရပ်နေ၏ ။

ကျန်းလုံသည် မကြာသေးမီက ဟဲရန်မြို့တွင် ဖွဲ့စည်းခဲ့သော ဟုန်ရွှေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည် ။

သူသည် ဟဲရန် မြို့ခံမဟုတ် ။ တခြားဒေသမှ ပြောင်းရွှေ့လာသော အဆင့် ၆ သိုင်းပညာရှင်ဖြစ်၏ ။ အခြေအနေအချို့ကြောင့် ပြောင်းရွေ့လာခဲ့ပြီး ဟဲရန်မြို့တွင် ဟုန်ရွှေဟူသော ဂိုဏ်းငယ်လေးကို ထူထောင်ခဲ့သည် ။ သို့သော်လည်း ဟဲရန်မြို့သည် အင်မော်တယ်များအခြေစိုက်ရာ ဖြစ်သဖြင့် နိမ့်နိမ့်ချချသာ နေခဲ့၏ ။ ယခုအထိ ဂိုဏ်းငယ်လေးတစ်ခုအဖြစ်သာ ရှိနေသေးသည် ။

" မင်းတို့ ဒီမှာ သေချာစောင့်ကြည့်ထား.. အတွင်းခန်းနားကို မသွားနဲ့ ဘယ်သူ့ကိုမှလဲ ဝင်ခွင့်မပေးနဲ့.. "

ကျန်းလုံသည် ဂိုဏ်းသားများကို သေချာစောင့်ကြပ်ရန် အမိန့်ပေးပြီးနောက် အတွင်းခြံဝင်းတံခါးကို ဖွင့်​၍ အထဲသို့ဝင်ကာ တံခါးကို သေချာပြန်ပိတ်လိုက်သည် ။

သူ ခေါင်းလှည့်လိုက်လျှင် မင်ယွဲ့က အတွင်းခြံဝင်းထဲတွင် ပေါ်လာ၏ ။

" အကြီးအကဲ.. "

ကျန်းလုံက လက်နက်ဖက်ဖြင့် အရိုအသေပေးကာ ခေါင်းငုံ့ထားလိုက်သည် ။

" မင်း သေချာစဥ်းစားပြီးပြီလား.."

မင်ယွဲ့က တိုးတိုးလေး မေးလိုက်၏ ။

" အင်မော်တယ်ဂိတ်အတွက် တာဝန်ထမ်းဆောင်ခွင့်ရတာ ကျွန်တော်ဂုဏ်သူ နေရမှာပါ.. "

ကျန်လုံသည် ပျော်ရွှင်မှုကို မနည်းဖိနိပ်ထားရ၏ ။ သူ ဟဲရန်မြို့သို့ ရောက်စဥ်ကတည်းက အင်မော်တယ်ဂိတ် ရွှမ်ထျန်းဂိုဏ်းကို ကြောက်သဖြင့် သူ၏ သိုင်းအဆင့်ကို ဖုံးကွယ်ပြီး ဂိုဏ်းငယ်လေးအဖြစ်သာ လှုပ်ရှားခဲ့သည် ။

ယခုမူ သူကြောက်နေသော ရွှမ်ထျန်းဂိုဏ်း၏ အင်မော်တယ်က မျက်နှာသာ ပေးနေလေပြီ ။

ရွှန်ထျန်ဂိုဏ်းသည် အင်မော်ဂိတ် ကိုးခုအနက်မှ တစ်ခုဖြစ်ပြီး နန်ကျိုးပြည်နယ်ကို လွှမ်းမိုးထား၏ ။ အင်မော်တယ်ဂိတ် တစ်ခုအနေဖြင့် ဂုဏ်သိက္ခာ​​ကြောင့် မလုပ်နိုင်သည်များရှိ၍ သာမန်လူသားဂိုဏ်းများကို အသုံးချလေ့ ရှိကြသည် ။

သာမန်လူသားများသည် ထာဝရအသက်ရှင်နိုင်ရန် အိမ်မက် မက်နေကြပြီး သာမန်လူသားမျာထက် သန်မာသော သိုင်းပညာရှင်များမှာမူ ပို၍ပင် မျှော်လင့်နေကြသည် ။ အင်မော်တယ်များအား အစေခံရန် ဒူးထောက်ကြသော သိုင်းပညာရှင်များစွာ ရှိနေပေသည် ။

ကျန်းလုံသည်လည်း ထိုသို့ အခွင့်အရေး တစ်ခုရရန် စောင့်ဆိုင်းနေသူဖြစ်၏ ။

' ငါ့ခွန်အားကို သတိထားမိသွားလို့ အခွင့်အရေးပေးတာထင်တယ် .. ငါကံကောင်းတာပဲ.. "

ကျန်လုံက တွေးတောရင်း တည်ငြိမ်စွာဖြင့် အင်မော်တယ်မင်ယွဲ့ အမိန့်ပေးသည်ကို စောင့်ဆိုင်းနေ၏ ။

" ခေါင်းဆောင်ကျန်းလုံ..မင်းက အဆင့် ၆ သိုင်းပညာရှင်ပဲ.. မင်းရဲ့ ခွန်အားက သန်မာတယ်လို့ ထင်ရပေမဲ့ သိုင်းအဆင့်က အတွင်းအားကိုပဲ ပြတာလေ.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိဖို့ စမ်းသပ်ရမယ်.. စိတ်မပူပါနဲ့ ထိခိုက်တဲ့အထိ မလုပ်ပါဘူး.. "

မင်ယွဲ့က တည်ငြိမ်စွာ ပြောလိုက်ပြီး...

" ဒါပေမဲ့ အသံထွက်လို့တော့ မရဘူး.. မင်းက ရွှမ်ထျန်းဂိုဏ်းအတွက် လျှို့ဝှက် အကူအညီ ပေးသူတစ်ယောက် ဖြစ်ချင်ရင် မင်းရဲ့ လုပ်ရပ်တွေကို သတိထားရမယ်.. လက်အောက်ငယ်သားတွေကိုတောင် အသိပေးလို့ မရဘူး.. "

" ကျွန်တော် နားလည်ပါတယ်.."

ကျန်းလုံက ပြုံးလိုက်၏ ။ သူ၏ အသက်မှာ ငါးဆယ်ကျော်လာပြီ ဖြစ်သော်လည်း ခွန်အား မကျဆင်းသေးဟု ယုံကြည်ထား၏ ။ မည်သို့သော စမ်းသပ်မှုမျိုး ဖြစ်ပါစေ အသင့်ဖြစ်နေသည် ။

ထို့နောက် မင်ယွဲ့က ခါးတွင် ချိတ်ထားသော အိတ်ကို လှုပ်လိုက်လျှင် ဧရာမ မျက်လုံးပြာကျားပျံကြီးက ခုန်ထွက်လာလေသည် ။

………………………….

ခဏကြာပြီးနောက်...

' မထိခိုက်စေရဘူးဆို... '

ကျန်းလုံက သွေးအိုင်ထဲတွင် လဲကျနေ​ပြီး မျက်လုံးများ ပြူးကျယ်နေကာ အသက်ငင်နေသည် ။ ကြောက်လန့်စွာ အော်ဟစ်လိုက်ချင်သော်လည်း အသံမထွက်နိုင်တော့ ။

မင်ယွဲ့က အသံလုံ အစီအရင်တစ်ခုကို ကိုင်ထားပြီး ဘေးတွင် ရပ်နေ၏ ။ မျက်လုံးပြာကျားပျံက ကျန်းလုံအား အားရပါးရ ကိုက်နေလေသည် ။

" ကလေး.. စိတ်လျော့ထားဦး.. သူ့ကို ချက်ချင်းသေအောင် ကိုက်မသတ်နဲ့.. သူ အသက်ရှင်နေမှဖြစ်မယ်.. "

မင်ယွဲ့က နူးညံ့ညင်သာစွာ ပြောလိုက်သည် ။

" ဝိညဥ်ဖမ်းသားရဲ က သေလုဆဲဆဲ လူတွေနားကိုပဲ လာတာ.. သေသွားရင် လာမှာ မဟုတ်တော့ဘူး.. "

မင်ယွဲ့၏ အမြင်အရ ထိုကြောင်သားရဲသည် အကောင်ပေါက်လေးသာဖြစ်၍ ငါးစာအသုံးပြုလျှင် ထောက်ချောင်ဆင်နိုင်မည်ဟု ယုံကြည်ထားသည် ။ သွေးစွမ်းအင် အလွန်များသော အဆင့် ၆ သိုင်းပညာရှင်လောက် ကောင်းသည့်ငါးစာ ရှိမည်မထင် ။

ဟဲရန်မြို့တွင် ယခုအတောအတွင်း ဖြစ်ပွားခဲ့သည် သားရဲတိုက်ခိုက်ခံရသော အမှုများမှာ မင်ယွဲ့၏ ကျူလွန်ခဲ့ခြင်းဖြစ်သည် ။ သာမန်လူများဖြင့် စမ်းသပ်ခဲ့သော်လည်း မအောင်မြင်ခဲ့၍ လူမသိသည့် ပုန်းကွယ်နေသော အဆင့်၆ သိုင်းပညာရှင်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည် ။

သို့သော်လည်း သူမ ထည့်တွက်မထားသည်က ကျားပျံ၏ သားရဲဗီဇကိုပင် ။

သူမ က ရှေ့တစ်လှမ်းတိုးပြီး တားလိုက်လျှင် ကျားပျံက သွေးစွန်းနေသော ခေါင်းကိုလှည့်ကာ သွားဖြဲပြီး ရန်လိုသည့် အမူအရာပြလိုက်၏ ။ ကိုက်ထားသော အသားတစ်ပိုင်းက သွေးများ တစက်စက် စီးကျနေဆဲပင် ။

' ဒီကောင် အစာမာန်တက်နေပြီ..'

မင်ယွဲ့က အနည်းငယ် ထိတ်လန့်သွားပြီး ရှေ့မတိုးရဲတော့ ။ ကျားပျံသာ စိတ်ရိုင်းဝင်သွားလျှင် သူမ တစ်ယောက်တည်း မထိန်းနိုင်ချေ ။

ဝိညာဥ်သားရဲများ၏ သွေးနှင့် အသားသည် သိုင်းပညာရှင်များအတွက် အကောင်းဆုံး အစားအစာဖြစ်ပြီး သားရဲများအတွက်သည်​လည်း သိုင်းပညာရှင်များမှာ အဟာရအပြည့်ဆုံး အစားအစာပင်ဖြစ်သည် ။

ထို့ကြောင့် မျက်လုံးပြာကျားပျံက ပါးစပ်ထဲမှ အစာကို မစွန့်လွှတ်ချင်ပေ ။

' ဒီကောင်... ငါဘယ်လို ထိန်းရမလဲ.. "

မင်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏ ။ သူမ ဤအချိန်တွင် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရနေ၏ ။ လူဆိုးထိန်းများအား မီးအိမ်ပေးထားသဖြင့် သားရဲအား ရှာတွေ့ရန် အချိန်ခဏသာ စောင့်ရတော့မည်ဖြစ်သည် ။

သူမ စောင့်နိုင်သော်လည်း ကျားပျံ က အမဲလိုက်ရန် စိတ်မရှည်တော့၍ လှုပ်ရှားခဲ့ရလေသည် ။ ကျားပျံ စိတ်ရိုင်းဝင်သွားလျှင် သူမကိုပါ ရန်ပြုလာနိုင်၏ ။

' ကံကောင်းတာက.. လူဆိုးထိန်းတွေ သားရဲကို ကြောက်နေသရွေ့ သားရဲအရိပ်အယောင်ရှိနေရင် သူတို့ကိုယ်တိုင် အတင်းဝင်လာမှာ မဟုတ်ဘူး.. ငါ သူတို့ကို အမှုတစ်ခုဖြစ်လာရင် အတင်းမဝင်ဖို့ သတိပေးထားတာပဲ.. ဒီကိစ္စကို သတိထားမိရင်တောင် ငါ့ကိုပဲ အရင်အကြောင်းကြား ကြလိမ့်မယ်.. "

ဟဲရန်မြို့၏ လူဆိုးထိန်းများသည် သာမန်ရာဇဝတ်ကောင်များနှင့် အဆင့်နိမ့်သိုင်းပညာရှင်များကိုသာ ဖမ်းဆီးနိုင်ကြသည် ။ ဝိညာဥ်သားရဲအား ဖမ်းဆီးခိုင်းခြင်းသည် သူတို့တက်နိုင်သည်ထက် ကျော်လွန်နေ၏ ။ ထို့ကြောင့် သားရဲအား ရှာတွေ့လျှင် မင်ယွဲ့ထံသို့သာ အကြောင်းကြား ကြပေမည် ။

သူမ တွေးနေသည့်အခိုက်...

" ရွှီးးးးးးး...... "

အချက်ပေး မြားတစ်စင်းအား ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ပြီး သားရဲ တွေ့ရှိကြောင်း အချက်ပြသံ ပေါ်ထွက်လာသည် ။

ချက်ချင်းပင် ခြံဝင်း ဝင်ပေါက်မှ ဓားခြင်းထိသံနှင့် အော်ဟစ်သံများ ကြားလိုက်ရ၏ ။

မင်ယွဲ့ မျက်နှာပျက်သွားကာ သားရဲအိတ်ကို ကိုင်ပြီး ရှေ့တိုးလိုက်သည် ။

" ကလေး.. ငါတို့ သွားမှ ရတော့မယ်.. "

ကျားပျံက သူမကို ဂရုမစိုက် ။ ကျန်လုံ၏ အလောင်းကိုသာ အားရပါးရ ကိုက်စားနေလေသည် ။

' အကုန်ရှုပ်ကုန်တော့မှာပဲ.. '

မင်ယွဲ့ တွေးလိုက်မိသည် ။

Chapter 84

~

အခန်း ၈၄

~

ခြံဝင်းဝင်ပေါက်တွင်...

ဂိုဏ်း၏ အဖွဲ့ခေါင်းဆောင် တစ်ယောက်သည် ချောင်မူတို့ လူဆိုးထိန်းများ ပေါ်လာသည်နှင့် သတိထားပြီး မေးလိုက်၏ ။

" မင်း တို့က ဘယ်သူတွေလဲ.. "

" လူဆိုးထိန်းဝတ်စုံကို မမြင်ဘူးလား.. အထဲမှာ သွေးနံ့ရတယ် လမ်းဖယ်ကြ.. "

ချောင်မူက အော်လိုက်၏ ။

" မင်း ပြောတာ ငါမသိဘူး.. ဒါ သီးသန့်ခြံဝင်း .."

အပြစ်ရှိ၍ အဝင်မခံသည်လော ဂိုဏ်းခေါင်းဆောင်က အမိန့်ပေးထား၍ အဝင်မခံလောကို ချောင်မူ မသိသော်လည်း ဂိုဏ်းသားတစ်​ယောက်က ဓားဆွဲထုတ်သည်ကို သူမြင်လိုက်ရ၏ ။

" မင်းတို့က ငါတို့ စစ်ဆေးတာကို ဖီဆန်ရဲတယ်လား.. "

ချောင်မူက ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်လိုက်သည် ။ သူ အကြိုက်ဆုံး လက်နက်မှာ လှံဖြစ်သော်လည်း လူဆိုးထိန်း တစ်ယောက်အနေဖြင့် တစ်ဖက်သွားဓား ကိုင်သည်က ပို၍ အဆင်ပြေသည် ။ လှံရှည်ကိုင်ထားလျှင် မလိုလားအပ်သော အာရုံစိုက်မှုများကို ခံနေရမည်လည်းဆိုး၏ ။

နှစ်ဖက်က ရင်ဆိုင် တွေ့ကြလေတော့သည် ။

လရောင်အောက်တွင် ချောင်မူ ကိုင်ထားသော ဓားက တောက်ပနေပြီး တစ်ချက်လွဲလိုက်တိုင်း လူတစ်ယောက် လဲကျသွား၏ ။ သူ လက်ရှိ အသုံးပြုနေသော ဓားသိုင်းသည် ကုံးယန်ထံမှ ရရှိခဲ့သော အရိပ်ပြောင်းလဲခြင်း ဓားသိုင်း ဖြစ်ပေသည် ။

ကုံးယန်သည် ဒဏ်ရာပြင်းထန်စွာရထားသော်လည်း ဤဓားသိုင်းကို အသုံးပြုပြီး ချောင်မူကို အောက်စည်းသို့ ရောက်အောင် တိုက်ခိုက်နိုင်ခဲ့၏ ။ ဓားသိုင်း၏ လှုပ်ရှားမှုမှာ ရှုပ်ထွေးပြီး လျင်မြန်လှသဖြင့် ဓားရိပ်များက ရေလှိုင်းစီးဆင်းနေသည်နှင့်ပင် တူနေသေးသည် ။

' ထွီ.. ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းတောင် သုံးစရာမလိုဘူး.. သောက်ပေါတွေ..'

ချောင်မူက ထိပ်ဆုံးမှ ဦးဆောင်ပြီး ခြံဝင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည် ။ လက်ထောက်ချန်နှင့် သာမန်လူဆိုးထိန်းများက နောက်မှ ဂိုဏ်းသားများကို ရင်ဆိုင်ရင်း လိုက်ပါလာကြ၏ ။

ဂိုဏ်းသားများထဲတွင် သိုင်းပညာရှင် သိပ်မများပေ ။ ချောင်မူက သိုင်းပညာရှင်များကိုသာ ရွေးချယ်တိုက်ခိုက်နေသည် ။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသဖြင့် ထိုသိုင်းပညာရှင်များမှာ အတွင်းအားသုံးရန်ပင် အချိန်မရလိုက် ။ တစ်ယောက်ပြီး တစ်ယောက် မှောက်သွားကြ၏ ။

သိပ်မကြာလိုက်ဘဲ ချောင်မူက အတွင်းခြံဝင်းတံခါးသို့ ရောက်သွားပြီး ကန်ဖွင့်လိုက်သည် ။

" ဝုန်း..."

ခြံဝင်းထဲမှ မြင်ကွင်းက ချောင်မူ၏ ရှေ့တွင် ပေါ်လာ၏ ။

" ခေါင်းဆောင်ချောင်လား.. "

မင်ယွဲ့က စက္ကူကြိုးကြာကို စီး၍ အောက်သို့ ဆင်းလာပြီး ကြိုးကြာကို ပြန်သိမ်းလိုက်ကာ ချောင်မူကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည် ။

" မင်းတို့ရော ငါရော နည်းနည်း နောက်ကျသွားတယ်.. "

သူမက ခေါင်းလှည့်ပြီး အလောင်းအား စစ်ဆေးကြည့်နေ၏ ။

သေဆုံးသူ၏ အလောင်းမှာ ကြောက်စရာကောင်းလှသည် ။ ထိုသူ၏ ဗိုက်မှာ ချွန်ထက်သော လက်သည်းများနှင့် ဆွဲဖြဲ ခံထားရပြီး အတွင်းအင်္ဂါအချို့ ပျောက်ဆုံးနေ၏ ။

" အင်မော်တယ် မင်ယွဲ့ မြန်မြန်ရောက်လာမယ်လို့ ထင်မထားဘူး .."

ချောင်မူက ဓားကို ကိုင်ရင်း မျက်မှောင်ကြုတ်ကာ တစ်လှမ်းခြင်း လှမ်းလာနေ၏ ။ သူ ကြောင်ကြီးတစ်ကောင်၏ ပုံရိပ်ကို မှုန်ဝါးဝါး မြင်လိုက်မိပေသည် ။

သို့သော်လည်း တံခါးလုံးဝ ပွင့်သွားသည်နှင့် ခြံဝင်းထဲတွင် မင်ယွဲ့တစ်ယောက်သာ ရှိတော့သည် ။

မင်ယွဲ့က ချောင်မူကို ကျောပေးထားပြီး တစ်ချက်မှလှည့်မကြည့် ။

" ဒီသားရဲက အန္တရာယ်ပိုများလာပြီ ..အဆင့် ၆ သိုင်းပညာရှင်တောင် ခုခံနိုင်လိုက်ပုံ မပေါ်ဘူး.. "

မင်ယွဲ့က နောက်သို့ လှည့်လိုက်ပြီး အေးစက်သည့် လေသံဖြင့်...

" ငါ နင်တို့ကို ခြေရာခံလက်နက် ပေးထားပြီး တွေ့တာနဲ့ ချက်ချင်း အချက်ပေးဖို့ ပြောမထားဘူးလား.. ခု နင်တို့ ဇွတ်အတင်းဝင်တော့ သားရဲ လန့်ပြေးသွားပြီ.. နင်တို့ လူဆိုးထိန်းတွေ နောက်တစ်ခါကျရင် သတိထားပြီး လုပ်ပါ.. ခု ငါပြေးလာရတာ အလကား ဖြစ်သွားပြီ.. "

မင်ယွဲ့က ချောင်မူကို စကား ပြောခွင့်မပေးဘဲ စက်သနတ်ပစ်သလို ဆူပူလိုက်ပြီး စက္ကူကြိုးကြာကို ထုတ်ကာ ပျံသန်းသွားသည် ။

ချောင်မူက စကားတစ်လုံးမှ ပြန်မပြောဘဲ ဓားကိုင်ပြီး အမူအရာမဲ့စွာ ရပ်နေ၏ ။

ထိုအချိန်တွင် အပြင်ဘက်မှ တိုက်ပွဲလည်း ပြီးဆုံးသွားသည် ။

" ခေါင်းဆောင်ချောင်.. အင်မော်တယ်မင်ယွဲ့က ဘာလို့ မြန်မြန်ထွက်သွားတာလဲ .. လူတစ်ယောက်သေနေတာတောင် ဂရုမစိုက်ဘူး.. "

လက်ထောက်ချန်က ခါးနှင့် ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ရထားသဖြင့် လက်ဖြင့် အုပ်ကိုင်ကာ လျှောက်လာ၏ ။ ဒဏ်ရာက သိပ်မနက်သော်လည်း သွေးထွက်နေဆဲပင် ။

ချန်ချန်၏ နောက်တွင် လိုက်လာသော လူဆိုးထိန်း လူငယ်က မျက်နှာ သွေးဆုတ်နေပြီး ဓားကိုင်ထားသောလက် တုန်ရီနေ၏ ။ ဤသည်က သူ၏ ပထမဆုံး လူသတ်ရခြင်းဖြစ်သလို ဓားနှင့် အခုတ်ခံရမလိုပင် ဖြစ်ခဲ့သေးသည် ။

" ကျေးဇူးတင်ပါတယ် ဆရာချန်.."

သူက လက်ထောက်ချန်၏ ဒဏ်ရာကို ကြည့်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက် ၏ ။ သူ ကြောက်ရွံ့ပြီး တွေဝေ သွားသည့်အချိန်တွင် လက်ထောက်ချန်က ထိုဓားချက်ကို ဝင်ခံ ခဲ့ခြင်းပင် ။

" ရပါတယ်ကွာ.. မင်းက ငါ့နောက်လိုက်ပဲ.. ငါက ရွှေခေါင်းလောင်းဒိုင်း လေ့ကျင့်ထားတာ ဆို​တော့ ဒီဒဏ်ရာလောက်က အသေးအဖွဲပါ.. "

ချန်ချန်က တည်ကြည်စွာ ပြောလိုက်သော်လည်း လက်က လက်မနှင့် လက်ညိုးကို ပွတ်ပြနေသည် ။

လူငယ်က သဘောပေါက်သွား​ပြီး ငွေစအနည်းငယ် ထုတ်ပေးလိုက်ကာ...

" ဆရာချန်က ကျုပ်အတွက် ဒဏ်ရာ ရသွားတာ.. ဒါလေးတော့ လက်ခံပေးပါ.. မဟုတ်ရင် ကျွန်တော် စိတ်မသက်မသာ ဖြစ်နေရလိမ့်မယ်.."

' အင်း..ဒီကလေး မဆိုးဘူးဘဲ.. '

ချန်ချန်က မိန့်မိန့်ကြီး ပြုံးကာ ခေါင်းညိတ်လိုက်၏ ။ ရုတ်တရက် ချောင်ပိုင်ဖူက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏ ။

ချောင်မူသည် ချန်ချန်၏ အနစ်နာခံမှုကို အနည်းငယ်အထင်ကြီးသွားသည် ။ လက်အောက်ငယ်သား၏ ကိုယ်စား ဓားရှေ့သို့ ဝင်တိုးရဲသည်ကပင် နည်းသည့်သတ္တိမဟုတ် ။ သူက မေးလိုက်၏ ။

" လက်ထောက်ချန်.. ခုနလေးက ကြောင်ကြီးတစ်ကောင်ရဲ့ အရိပ်ကို မြင်လိုက်သေးလား.. "

ချန်ချန်က မျက်လုံးမှိတ်ကာ သေချားစဥ်းစားကြည့်လိုက်ပြီးမှ...

" မမြင်လိုက်ဘူးနော်.. "

" ရပါတယ် ကိစ္စ မရှိဘူး.. "

ချောင်မူက အလောင်းဘေးသို့ လျှောက်သွားကာ သေချာ စစ်ဆေးကြည့်လိုက်သည် ။ သို့သော်လည်း လူဆိုးထိန်း ဖြစ်သည်မှာ မကြာသေးသဖြင့် စစ်ဆေးသည့် ကိစ္စရပ်များကို ဘာမှမသိ ။ စုံထောက်ဇာတ်ကားများကို စဥ်းစားကာ မြေပြင်ပေါ်တွင် သဲလွန်စ ရှိမရှိ လိုက်ရှာလိုက်သည် ။

ချောင်မူ သိပ်မရှာလိုက်ရ ။ အလောင်း၏ အနီးတွင် အဖြူရောင် အမွှေးအချို့ တွေ့လိုက်ရ၏ ။

" ဝိညာဥ်ဖမ်းသားရဲက ကြောင်ပေါက်လေးလေ.. ဒီအမွှေးအဖြူတွေက သူ့ဟာ မဖြစ်နိုင်ဘူး.. "

ချောင်မူ သေချာစဥ်းစားနေ၏ ။

…………….

နာရီဝက်ကြာသောအခါ ...

ချောင်မူနှင့် လက်ထောက်ချန်တို့ ရုံးတော်တွင် တပ်ချုပ်ချန်နှင့် တွေ့နေကြ၏ ။

ချန်ချန်က ခါးတွင် ပတ်တီးစည်းထားပြီးဖြစ်၍ အေးဆေးဖြစ်နေသည် ။

ချန်ယင်းရွှယ်က လက်ထောက်ချန်၏ ဒဏ်ရာကို ကြည့်ပြီး ရုတ်တရက် မေးလိုက်၏ ။

" ဘာလို့ ဆေးနံ့မရတာလဲ.. ဆေးမလူးဘဲ ပတ်တီးပဲစည်းထားတာလား.. "

ချန်ချန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ရင်ဘက်ကို ပုတ်ကာ...

" ကျုပ်က အဆင့် ၈ အပြင်သိုင်းပညာရှင် အဆင့်အထိ ရောက်ဖူးတယ်လေ.. ခု ခွန်အားကျလာပေမဲ့ ရွှေခေါင်းလောင်းဒိုင်းလေ့ကျင့်ထားတော့ ဒီဒဏ်ရာလောက်က သူ့ဟာသူ ပျောက်တယ်.. ဆေးမလိုဘူး.. "

အမှန်တော့ ငွေကုန်မည်ဆိုးသဖြင့် ဆေးမဝယ်ခြင်းပင် ။ ဒဏ်ရာက သိပ်မနက်သဖြင့် သူ၏အတွေ့အကြုံအရ သူ့ဟာသူပျောက်ရန် အချိန်အနည်းငယ်သာ ကြာမည်ကို သိ၏ ။ အိမ်သို့ ပြန်ရောက်ပါမှ ရှာဖွေထားသော ဆေးပင်များကို ကြိတ်ချေ၍ အုံရပေမည် ။

" တပ်ချုပ်ချန်.. ကျုပ် အရေးကြီး သက်သေအထောက်အထား ရှာတွေ့ခဲ့တယ်.. "

ချောင်မူက အဝတ်အိတ်ငယ်လေးထဲမှ အဖြူရောင်အမွှေးအချို့ကို ထုတ်ယူရင်း ပြောလိုက်၏ ။ သူ မည်သို့ စုံစမ်းစစ်ဆေးရမည်ကို မသိသဖြင့် ကျွမ်းကျင်သူများ ထံသို့သာ လွဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည် ။

' ဒီတစ်ခါတော့ မြောက်ပိုင်းက ရွှမ်ထျန်းဘုရားကျောင်းကို အမွှေးတိုင်ထွန်းဖို့ သွားသင့်ပြီ ထင်တယ်.. '

ချောင်မူ တွေးလိုက်၏ ။

All Chapters