အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
Chapter 85
~
အခန်း ၈၅
~
" ကျားဖြူရဲ့ အမွှေးဆိုတာ သေချာလား.. "
ချောင်မူက ချန်ယင်းရွှယ်ကို သံသယဝင်ဟန်ဖြင့် ကြည့်လိုက်၏ ။ သူ အမှုဖြစ်ပွါးရာ နေရာတွင် ကြောင်ကြီးတစ်ကောင်၏ ပုံရိပ်ကို မြင်ခဲ့ကြောင်း ပြောပြပြီးဖြစ်သည် ။
" ကျွန်မလည်း သေချာမသိဘူး.. ဒါပေမဲ့ ဒီအမွှေးက ထောင်ထဲက ကြောင်နဲ့ မတူတာတော့သေချာတယ်.. "
ချန်ယင်းရွှယ်က တစ်ခုခုကို သိထားသဖြင့် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်သည် ။ ဤမှုတွင် အင်မော်တယ်မင်ယွဲ့ ပါဝင်ပက်သက်နေသည်က သေချာသလောက်ပင် ရှိနေလေပြီ ။
မင်ယွဲ့သာ သာမန်လူဖြစ်ပါက လူဆိုးထိန်းများ လုပ်သင့်သည်မှာ သက်သေအမွှေးနှင့်ရွှမ်ထျန်းဂိုဏ်းသို့ သွားပြီး မွေးထားသော သားရဲများကို စစ်ဆေးရမည်ဖြစ်သည် ။
" ခေါင်းဆောင်ချောင် အတွေးလွန်နေပြီ.."
ချန်ချန်က ချွေးစေးများ စီးကျလာသော ခေါင်းကို အဆက်မပြတ်ခါယမ်းနေပြီး...
" ဝိညာဥ်ဖမ်းသားရဲက အရွယ်အစား ပြောင်းလဲနိုင်တာလည်း ဖြစ်နိုင်တာပဲ.. သူက အကောင်သေးသေးလေးပေမဲ့ အကြီးကြီးအဖြစ် ပြောင်းရင် ပြောင်းနိုင်မှာ.. "
ချောင်မူက ချန်ချန်ဘက်သို့ ရုတ်တရက် ခေါင်းလှည့်ပြီး ...
" လက်ထောက်ချန်... ခြံဝင်းထဲမှာတုန်းက ကြောင်ကြီးကို တကယ်မမြင်လိုက်တာလား.. "
ချန်ချန်က မျက်လုံးပြူးလိုက်ပြီး သေချာစွာဖြင့်...
" မမြင်ပါဘူးဆို... "
" ခေါင်းဆောင်ချောင်.. သံသယစွတ်မဝင်တာ ကောင်းမယ်..အင်မော်တယ် မင်ယွဲ့က အင်မော်တယ်ဂိတ်ကနော်.. ကျုပ်တို့ အင်မော်တယ်ဂိတ်ကို သွားထိလို့မရဘူး.. "
" ပြီးတော့ သက်သေကလည်း ခိုင်မာတာ မဟုတ်ဘူး.. တိရစ္ဆာန် အမွှေးတွေက ဆင်တူတွေပဲကို.. "
ချောင်မူက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း ချန်ယင်းရွှယ်က ဖြတ်ပြောလိုက်၏ ။
" ဒီနေ့ အချိန်လင့်နေပြီ မနက်ဖြန်မှ ဆက်ပြီး ဆွေးနွေးကြမယ်.. လက်ထောက်ချန်လည်း ဒဏ်ရာနဲ့ဆိုတော့ သွားနားတော့လေ.. "
ချန်ချန်သည် စိတ်သက်သာရာ ရသွား၏ ။ လေးလံသည့် ဝန်ထုတ်ဝန်ပိုးတစ်ခုကို လျော့ချလိုက်သကဲ့သို့ သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားတော့သည် ။
သို့ပေသိ ချန်ယင်းရွှယ်က ချောင်မူကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိ ။ ချန်ချန်ထွက်သွားသည်နှင့် တံခါး ထပိတ်လိုက်၏ ။
ချောင်မူ၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး...
" တပ်ချုပ်ချန် .. ကျုပ်က အထူးကျင့်စဥ် တစ်ခု လေ့ကျင့်နေတာဆိုတော့ မိန်းမတွေနဲ့ နီးနီးကပ်ကပ် နေလို့မရဘူး.. စိတ်ထိန်းပါအုံး.. "
ချန်ယင်းရွှယ်... " ...."
ချန်ယင်းရွှယ်က ဆွံ့အ သွားသော်လည်း စိတ်ထိန်းကာ...
" ခေါင်းဆောင်ချောင်.. ကျွန်မ ချန်ချန် အကြောင်း ပြောမလို့ပါ.. "
ချောင်မူ၏ မျက်နှာအမူအရာက ပို၍ ထူးဆန်းသွားပြီး...
" တပ်ချုပ်ချန်.. လက်ထောက်ချန်က ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေပြီ.. ပြီးတော့ အိမ်မှာလည်း သမီးလေးတစ်ယောက် ရှိသေးတယ်.. ဒါ..ဒါ.."
ချန်ယင်းရွှယ်က ချောင်မူ၏ ပေါက်တက်ကရ စကားများကို နားမထောင်နိုင်တော့ပဲ အလေးအနက်ပြောလိုက်၏ ။
" ခေါင်းဆောင်ချောင်.. ရှင်က သာမန်လူမဟုတ်ဘူး.. ထူးခြားတဲ့ နောက်ခံရှိတယ်ဆိုတာ ကျွန်မသိတယ်.. "
" ဒါပေမဲ့ ချန်ချန်ရဲ့ နောက်မှာ သူ့ကို မှီခို နေတဲ့ သူတွေပဲ ရှိတယ်.. ကျေးဇူးပြုပြီး သူ့ကို အငြိုးအတေး မထားပါနဲ့.. "
သူမက ပြောပြီးနောက် အမှုတွဲ တစ်ခုကို ထုတ်ပေးလိုက်၏ ။
" ခေါင်းဆောင်ချောင်.. ရှင်ထောင်ကျနေတုန်းက ဘေးအခန်းမှာ သေသွားတဲ့ အဘိုးကြီးကို မှတ်မိလား.. သူက ချန်ချန်ရဲ့ အဖေပဲ.. "
" ဒီ အမှုတွဲထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖြစ်ခဲ့တဲ့ အကြောင်း ပါတယ်.. ဖတ်ကြည့်လိုက်ပါအုံး.. "
ချောင်မူ အံ့အားသင့်သွားပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည် ။
အမှုတွင်တွင် ပါဝင်သော အကြောင်းအရာများက အဘိုးချန်ပြောခဲ့သည်နှင့် အတော်လေး ဆင်တူ၏ ။
အဘိုးချန်သည် ဆင်းရဲသားများကို ကူညီရန် ချမ်းသာသူများ၏ နေအိမ်ကို မကြာခဏ ဖောက်ထွင်းဝင်ရောက်ခဲ့သည် ။ သို့သော်လည်း ဥပဒေအရ မည်သည့် ရည်ရွယ်ချက်နှင့် ခိုးစေကာမူ ခိုးမှုသာ ဖြစ်၏ ။ ဖြောင့်မတ်သော သူခိုးနှင့် ရိုးရိုးသူခိုးကြားတွင် မည်သည့်ကွာခြားချက်မှ မရှိ ။
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အဘိုးချန်သည် မြို့အတွင်းရှိ ချမ်းသာသော လော့မိသားစုထဲသို့ ဝင်ခိုးသည့် အခါတွင် အဖမ်းခံ ခဲ့ရပြီး ထောင်ထဲသို့ ရောက်သွားခဲ့သည် ။
" လော့ မိသားစုလား.. "
ချောင်မူ ရုတ်တရက် သတိရသွား၏ ။
" ဟဲရန်မြို့စားက လော့မျိုးရိုးလေ.."
ချန်ယင်းရွှယ်က စိတ်ပင်ပန်းဟန်ဖြင့် ပြောလိုက်သည် ။ သူမ ဤရက်ပိုင်းအတွင်း ဝိညာဥ်ဖမ်းသားရဲ အမှုသာမက လွန်ခဲ့သော ဆယ့်ငါးနှစ်က အဘိုးချန်၏ အမှုကိုပါ စုံစမ်းခဲ့၏ ။ ချန်ချန်၏ အဖေဖြစ်သဖြင့် အသေးစိတ်သိရရန် များစွာ ကြိုးစားအားထုတ်ခဲ့သည် ။
ချန်ယင်းရွှယ်က တွန့်ဆုတ်ဟန်ဖြင့် ...
" လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက လော့မိသားစုက အရမ်းချမ်းသာတဲ့ ကုန်သည်မိသားစုလေ.. ဟဲရန်မြို့မှာ အာဏာသိပ်မရှိဘူး.."
" အဲ့တုန်းက အုပ်ချုပ်ရေးမှူး လော့က အဆင့်နိမ့်အရာရှိ ပဲ ရှိသေးတာ.."
" လော့မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့တာက အုပ်ချုပ်ရေးမှူးလော့ကြောင့် မဟုတ်ဘူး.. လော့ယွီရွှယ် ဆိုတဲ့ မိန်းကလေး လွန်ခဲ့တဲ့ ၁၅ နှစ်က ရွှမ်ထျန်းဂိုဏ်းထဲ ဝင်ခဲ့တဲ့ အချိန်ကစပြီး ပြောင်းလဲသွားတာပဲ.. "
" ချန်ချန်ရဲ့ အဖေက ထောင်ထဲမှာ သေတဲ့အထိ ၁၅ နှစ် နေခဲ့ရပေမဲ့ သူ ခိုးယူခဲ့တဲ့ ပစ္စည်းတန်ဖိုးက ဒီလောက်အထိ ကျစရာအကြောင်းမရှိဘူး.. လော့မိသားစုက အင်မော်တယ်ကြောင့်သာ ဒီလောက်ဖြစ်သွားတာ.. "
" အဲ့လော့ယွီ ဆိုတာကို ရှင်မြင်ဖူးတယ်လေ.. သူ အင်မော်တယ်ဂိုဏ်းထဲရောက်တော့ လူနာမည် မသုံးတော့ဘဲ တာအိုနာမည်ပဲ သုံးတော့တာ . အင်မော်တယ် မင်ယွဲ့ဆိုတာ လော့ယွီရွှယ်ပဲ .."
ချောင်မူ လန့်သွားပြီး..
" အဲ့တာဆို ချန်ချန်ရဲ့ အဖေကို ထောင်ထဲကနေ မထွက်နိင်အောင် လုပ်ခဲ့တာ မင်ယွဲ့ပေါ့.. "
ထို့နောက် ချောင်မူ မျက်မှောင်ကြုတ်လိုက်၏ ။ ကျင့်ကြံသူများသည် သာမန်လူများထက် များစွာ အသက်ရှည်ကြသည် ။ အဆင့်တက်လာလေ အသက်ရှည်လာလေ ဖြစ်သဖြင့် ပို၍ နုပျိုလာကြ၏ ။ မင်ယွဲ့၏ ရုပ်ရည်မှာ နုပျိုနေသော်လည်း သူနှင့် အသက်ကွာမည့်ပုံ မပေါ်ချေ ။
" အဲ့လိုတော့ မဟုတ်ဘူး.. "
ချန်ယင်းရွှယ်က ခါးသီးသော အပြုံးဖြင့်...
" မင်ယွဲ့က ချန်ချန်ရဲ့ အဖေကို ရှိမှန်းတောင် သိမှာမဟုတ်ဘူး.. ဒီကိစ္စက ရုံးတော်က အရာရှိတွေရဲ့ လက်ချက်ပါ.. သူတို့က လော့မိသားစု ကျေနပ်အောင် တမင် လုပ်လိုက်တာ.. ဟဲရန်မြို့မှာ ရွှန်ထျန်းဂိုဏ်း အခြေချတာက ခြောက်လပဲ ရှိသေးတယ်လေ.. အရင်ကဆို ပိုတောင် လျို့ဝှက်ဆန်းကြယ်တော့ အရာရှိတွေက ကြောက်ကြတယ်.. "
ချောင်မူ မည်သို့ ပြန်ပြောရမည်ကို မသိတော့ ။ ယခုမှသာ ကျင့်ကြံသူများ အကြောင်းကို ပိုနားလည်လာခဲ့၏ ။ ကျင့်ကြံသူများဆိုသည်က မဟာယန်နန်းတော်၏ အထက်တွင် ရှိသော ကောင်းကင်ကြီးလို ဖြစ်နေသည် ။ ကိုင်တိုင် အရေးယူရန်ပင် မလိုအပ်ဘဲ ဘောမများ၏ လက်ချက်ဖြင့်ပင် သာမန်လူများ ခံစားနေရသည် ။
ယခုကိစ္စတွင် ဆိုလျှင် ကျင့်ကြံသူအား ကျေနပ်စေရန် ဆောင်ရွက်ပေးခြင်းပင် မဟုတ်ဘဲ လော့မိသားစုအား ဖားချင်၍ ထောင်ထဲသို့ တစ်သက်လုံး ပို့လိုက်ခြင်းဖြစ်သည် ။
" အဘိုးချန် ထောင်ထဲရောက်တာ ၁၅ ဆိုတော့ ..အဲ့အချိန်တုန်းက ချန်ချန်က အသက် ၂၀ပေါ့.. "
" ဟုတ်တယ်.. "
ချန်ယင်းရွှယ်၏ မျက်လုံးက အနည်းငယ် နီရဲလာ၏ ။ သူမ ဝမ်းနည်းလာမိသည် ။ သူမက ချန်ချန်ထက် အသက်ငယ်ပြီး နှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်ခဲ့သူများဖြစ်သည် ။
သူမ ချန်ချန်၏ အဖေအကြောင်းအား မကြားဖူးသော်လည်း အမှုအားပြန်လည် စုံစမ်းပြီးနောက် ခန့်မှန်းချက်တစ်ခု သိလာရသည် ။
Chapter 86
~
အခန်း ၈၆
~
" ချန်ချန် အရင်တုန်းက ဒီလို မဟုတ်ဘူး.. "
" ဒါပေမဲ့ သူ့အဖေထောင်ကျတော့ လော့မိသားစုကို သွားတောင်းပန်ခဲ့တယ်.. လော့မိသားစုက ငွေစတစ်ထောင်ပေးမှ ကျေအေးပေးမယ်တဲ့ .."
" ရှင်ပဲစဥ်းစားကြည့်လေ.. လူဆိုးထိန်းတစ်ယောက်ရဲ့ လစာက တစ်လကို ငွေခြောက်စပဲ ရှိတာ.. ငွေတစ်ထောင်ပြည့်ဖို့ဆိုရင် ဆယ့်ခြောက်နှစ်လောက် မစားမသောက် စုမှရလိမ့်မယ်.. "
ချောင်မူသည် ငွေစုနိုင်ခဲ့လောဟု တုံးအသည့် မေးခွန်းကို မေးမနေတော့ချေ ။ ဖြစ်ခဲ့သည် ရလဒ်က ထင်ရှားပေသည် ။ လစာနှင့် စုဆောင်းနိုင်သည့် ငွေကြေးမှာ တူညီခြင်းမရှိ ။
ချန်ယင်းရွှယ်၏ မျက်လုံးများက စိတ်ခံစားချက်များ ပြည့်နှက်နေသဖြင့် ရီဝေဝေ ဖြစ်နေ၏ ။
" ခေါင်းဆောင်ချောင်ရဲ့ နောက်ခံက တကယ်အံ့သြစရာပဲ.. ဒီလို ပြစ်မှုအကြီးကြီး လုပ်တာတောင် ထောင်ထဲမှာ အေးအေးဆေးဆေး နေနိုင်တယ်နော်.. "
" ထောင်ထဲက အကျဥ်းသားတွေရဲ့ ဘဝကို ရှင်မသိဘူး.. ဒါပေမဲ့ ချန်ချန်ကတော့ ကောင်းကောင်းနားလည်တယ်.. ဒီ ၁၅ နှစ်လုံးလုံး သူ့အဖေ ထောင်ထဲမှာ သက်တောင့်သက်သာ နေနိုင်အောင်လို့ ပိုက်ဆံ ဘယ်လောက်တောင် သုံးခဲ့ရမလဲ.. "
ချောင်မူ မျက်လုံးမှိတ်ထားလိုက်တော့၏ ။ ထောင်ထဲမှ အကျဥ်းသားများအားလုံးက ထောင်ထဲတွင် အသက်ခြောက်ဆယ်ကျော်အထိ နေရခြင်းမှာ ကံအလွန်ကောင်းသည်ဟု ပြောကြသည့်အခါ သူလည်း ထိုသို့ပင် မြင်ခဲ့ပေသည် ။ ယခုအခါတွင်မတော့ ကံကောင်းသည်ဟုပင် မဆိုနိုင်တော့ချေ ။ နောက်ကွယ်မှ ငွေကြေးအထောက်အပံ့ကြောင့် သာ ထောင်ထဲတွင် အိုမင်းသည်အထိ နေနိုင်ခဲ့သည် ။
ချောင်မူက ခဏစဥ်းစားလိုက်ပြီး...
" လူဆိုးထိန်းလစာက မလောက်ရင် သူဘာလို့ အရာရှိဖြစ်အောင် မကြိုးစားတာလဲ.."
" ချန်ချန်က အသက် ၂၈ နှစ်မှာ အဆင့် ၈ အထိရောက်ခဲ့တဲ့ အပြင်သိုင်းပညာရှင် လေ.. သာမန်သိုင်းပညာရှင်တွေထက်တောင် ပိုအားကောင်းသေးတယ်.. မဟာယန်ရဲ့ ဥပဒေအရ အရာရှိတွေက လစာအတွက် အခွန်ဆောင်စရာ မလိုပေမဲ့ လူဆိုးထိန်းတွေက အခွန်ဆောင်ရတယ်.. "
" သူသာ အရာရှိ ဖြစ်နိုင်ခဲ့ရင် အဆင့် ၈ အရာရှိလစာနဲ့ အခွန်လည်း ဆောင်စရာ မလိုတော့ဘူး.. ငွေစတစ်ထောင် စုမိဖို့က အလွယ်လေးပေါ့ ..ဟူး.."
ချန်ယင်းရွှယ်က သက်ပြင်းချလိုက်ပြီး ...
" အဓိက အကြောင်းရင်းက.. နောက်ခံ ကြောင့်ပဲ.. အဖေက ရာဇဝတ်သားဆိုတော့ သားက အရာရှိ မဖြစ်နိုင်တော့ဘူးလေ.. ပြီးတော့ အာဏာရှိတဲ့ လော့မိသားစုကို စော်ကားမိတာဆိုတော့ အရာရှိလုံးဝ မဖြစ်နိုင်တော့တာပေါ့.. "
" ချန်ချန်က အသက် ၂၈ နှစ်မှာ အဆင့် ၈ကို ရောက်ခဲ့ပေမဲ့ အပြင်အား ကျင့်ကြံဖို့ အရင်းအမြစ်တွေ မတက်နိုင်တော့ အသက် ၃၂ နှစ်ရောက်တော့ အဆင့် ၉ ကို ပြန်ကျသွားတယ်.. ခု အသက် ၃၅ နှစ်မှာ ငယ်ငယ်ကရခဲ့တဲ့ ဒဏ်ရာဟောင်းတွေ ကြောင့် သာမန်အဆင့်၉ တွေလောက်တောင် မသန်မာတော့ဘူး.. "
" သူ ငယ်ငယ်က ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တော့ ဟဲရန်မြို့မှာ နာမည်တစ်လုံး ရခဲ့တာပေါ့.. ဒါပေမဲ့ သူ့နောက်ခံကြောင့် အရာရှိမဖြစ်တော့ဘူး.."
ဤသည်က ဟဲရန်မြို့မှာ ရှိသော သာမန်လူဆိုးထိန်းတစ်ဦး၏ ကိုယ်ရေးအကျဥ်းလေးသာဖြစ်သည် ။ အသက် ၂၈ နှစ်တွင် အဆင့်၈ အပြင်သိုင်းပညာရှင်ဖြစ်ခဲ့သော်လည်း ကျင့်ကြံသူများနှင့် ယှဥ်လျှင်ပုရွတ်ဆိတ်သာ ဖြစ်နေသေး၏ ။
ကျင့်ကြံသူ မင်ယွဲ့က ချန်ချန်တို့ မိသားစုကို မသိသော်လည်း ထိုအတွက် ၁၅ နှစ်လုံးလုံး တစ်မိသားစုလုံး ပေးဆပ်ခဲ့ရလေသည် ။
" ချန်ချန်က ဗိုက်နာလို့ဆိုပြီး နားနေတဲ့ရက်မှာ ဖြစ်သွားတာဆိုတော့ သူ့အဖေဆုံးတာ သူ မသိလောက်သေးဘူး.. "
ချန်ယင်းရွှယ်က စကားပြောပြီးလျှင် သူမ၏ ဖီးနစ်မျက်လုံး လှလှလေးများနှင့် ချောင်မူ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေ၏ ။
" အဲ့တာကြောင့် အင်မော်တယ်ဂိတ်နဲ့ ပက်သက်တဲ့ အမှုမှာ ချန်ချန်ကို မပါခိုင်းချင်ဘူး.. သူ့မှာ အဖေမရှိတော့ပေမဲ့ သမီးလေးတစ်ယောက် ရှိနေသေးတယ်.. "
" ခေါင်းဆောင်ချောင်က ကြင်နာတက်ပြီး ကျိုးကြောင်းဆီလျော်တဲ့သူလို့ ကျွန်မယုံကြည်တယ်.. ရှင်နဲ့ ချန်ချန်တို့အကြား ဖြစ်ပျက်ခဲ့တာကို မေ့ထားလိုက်ပါတော့နော်.. "
ချောင်မူက ယခုမှသာ နားလည်သွား၏ ။ ချန်ယင်းရွှယ်က သူ့အား ခေါ်ထားခြင်းမှာ ချန်ချန်ကို အခဲမကျေ ဖြစ်နေမည်စိုးခြင်းနှင့် အမှုမှ ဖယ်ထုတ်ထားလိုသည့်အတွက်ပင် ။
ချောင်မူ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ..
" ကျုပ်နားလည်ပြီ ..တပ်ချုပ်က ဒီလိုပြောတာဆိုတော့ ဒီအမှုအတွက် နောက်ဆက်တွဲ လုပ်မှာတွေ ရှိနေပြီပေါ့.. "
" မှန်တယ်.."
ချန်ယင်းရွှယ်က ဗီရိုထဲမှ အနက်ရောင်နှင့် အဝါရောင် ကြောင်မွေးအတိုလေးများ ထည့်ထားသော အိတ်ကို ထုတ်ယူလိုက်၏ ။ သူမ ထောင်ထဲတွင် ရှာတွေ့ခဲ့သော ကြောင်မွေးများကို မင်ယွဲ့ထံသို့ အကုန်မပေးဘဲ အချို့ကို ဖွက်ထားခဲ့သည် ။
ဤကြောင်အမွေးများနှင့် ကျားဖြူ၏ အမွေးများကို ယှဥ်ကြည့်လျှင် ကွာခြားချက်က သိသာလှပေသည် ။
ချောင်မူက ချန်ယင်းရွှယ်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်ကာ ...
" ကျုပ်တို့မှာ သက်သေ အခိုင်အမာ ရှိပြီဆိုတော့ ရွှမ်ထျန်ဘုရားကျောင်းကို တန်းသွားလို့ရပြီ.. "
တပ်ချုပ်ချန်သည် အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်မှန်းကို ချောင်မူသိ၏ ။ ယခု ချန်ချန်အား ဖယ်ထုတ်ထားချင်သည်ဟု ဆိုနေ၍ ဤကိစ္စအား သူမကိုယ်တိုင် စုံစမ်းတော့မည်ဖြစ်သည် ။ အင်မော်တယ်ဂိတ် ပါဝင်နေသည့် ကိစ္စအား စုံစမ်းရဲသည်လော ။ သူမ တွင် အသက်အပိုမရှိ ။ ရဲတင်းလှသော မိန်းမပျို ပင်ဖြစ်ချေသည် ။
ချောင်မူသည် ဤလောကသို့ ရောက်ပြီးနောက် ဤသို့ ရဲရင့်သည့်သူ မမြင်ဖူး၍ လေးစားသော အကြည့်ဖြင့် အားရပါးရ စိုက်ကြည့်နေမိ၏ ။
သို့သော်လည်း ချောင်မူ၏ စကားကို ကြားလျှင် ချန်ယင်းရွှယ်က အံ့အားသင့်သွားပြီး...
" ခေါင်းဆောင်ချောင်.. ကျွန်မတို့က လူဆိုးထိန်းတွေလေ.. လူဆိုးထိန်းတွေက မဟာယန်ရဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ်.. ရွှမ်ထျန်းဘုရားကျောင်းက မဟာယန်ရဲ့ဥပဒေအောက်မှာ မရှိဘူးဆိုတော့ ဒီကိစ္စကို အထက်ကို တင်ပြရမှာပေါ့.. "
ချောင်မူက ခဏတာ ဆွံ့အသွားပြီး မေးလိုက်၏ ။
" အထက်ကို အစီရင်ခံပြီး အရှင်လော့ကို ဆုံးဖြတ်ချက် ချခိုင်းမှာပေါ့.. "
" ဟုတ်တယ်လေ.. "
ချန်ယင်းရွှယ်က ထိုသို့ ဖြစ်သင့်သည်ဟုသာ ထင်သဖြင့် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည် ။
ချောင်မူသည် ဤအဖြေကို ရလျှင် တိတ်ဆိတ်သွားတော့၏ ။ ယခင် ယန်မြို့ခံ များသည် ကုံးယန်ဟူသော မြို့စားကို ယုံကြည့်ခဲ့ကြသည် ။ ယခု မြို့စား လော့ ပေါ်လာပြန်ပြီလော ။
…………..
တစ်ချိန်တည်းမှာပင်...
မြို့အတွင်းရှိ စံအိမ်ကြီး တစ်လုံးတွင် ယုံဟဲဧကရာဇ်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး အစောင့်ချူး၏ အစီရင်ခံစာကို နားထောင်နေ၏ ။
လက်ဖက်ရည်ဆိုင်တွင် ချောင်မူနှင့် တွေ့ဆုံပြီးနောက် ချောင်မူကို အမြင်တစ်မျိုးဖြင့် မြင်မိသဖြင့် ငါးပျံအစောင့်များအား ချောင်မူ၏ နောက်သို့လိုက်ရန် စေလွှတ်ထားသည် ။
ယနေ့ည လူသတ်မှုတွင် ချောင်မူသည် ခြေတစ်လှမ်းနောက်ကျသွား၍ မင်ယွဲ့လူသတ်နေသည်ကို မမြင်လိုက်ရသော်လည်း ငါးပျံ အစောင့်၏ အမြင်အာရုံမှ မလွတ်ခဲ့ပေ ။ ထိုအချိန်က ချူးရှင်းကိုယ်တိုင် လိုက်ကြည့်နေခြင်းဖြစ်သဖြင့် ဖြစ်စဥ်အစအဆုံးအား မြင်တွေ့ခဲ့သည် ။
" အရှင်မင်းကြီး ..ဒီကိစ္စမှာ လူသတ်သမားက ရွှမ်ထျန်းဂိုဏ်း ရဲ့ သူတော်စင်မ မွေးထားတဲ့ ဝိညာဥ်သားရဲပါ.."
အစောင့်ချူးက တင်ပြလိုက်သော်လည်း ဧကရာဇ်က အချိန်အတော်ကြာသည်အထိ မတုန့်ပြန်ဘဲ အတော်လေးကြာမှ စိတ်ပင်ပန်းနွမ်းနယ်နေသော အသံဖြင့်...
" ငါ.. နားလည်ပါတယ်.. "