← Chapters

ပင်လယ်ပြင်၌ ဉာဏ်အလင်းပွင့်ခြင်း ( ၂ )

Vol. 10 Ch. 143

ပင်လယ်ပြင်၌ ဉာဏ်အလင်းပွင့်ခြင်း ( ၂ )

Vol. 10 Ch. 143

၎င်း၏လည်ပင်းက တဖြည်းဖြည်း ရှည်လာပြီး လည်ပင်းပေါ်တွင် ဆူးချွန်များ အစီအရီ ပေါက်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှ ရေယပ်လေးခု ထွက်လာပြီး ရှဲကျင်းလုံနှင့် ပို၍သာ ဆင်တူလာသည်။

၎င်း ပြောင်းလဲသွားသည်နှင့်အမျှ ၎င်းကိုကြည့်ရသည်မှာလည်း ကြောက်စရာကောင်းလာသည်။

ရှဲကျင်းလုံကို မမြင်ခင်က အသေးစိတ်ပြောင်းလဲခြင်းများကို ရွှီချင်း မလုပ်နိုင်ခဲ့ပေ။ သို့သော်လည်း ယခု သူ မြင်ဖူးသွားပြီဖြစ်၍ ရှဲကျင်းလုံ၏ ပုံပန်းသွင်ပြင်က ဝေလနဂါး၏ အရှိန်နှင့် အမြန်နှုန်းသာမက တိုက်ခိုက်နိုင်စွမ်းကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်း သူ ခံစားမိသည်။

တချိန်တည်းမှာပင် ပင်လယ်အသွင်ပြောင်းပညာရပ် လှည့်ပတ်လာသည်နှင့်အမျှ ဝေလနဂါး၏ ပတ်လည်တွင် ဓားငါးနှင့် ငှက်ကြီးဝံပိုများလည်း ပေါ်လာသည်။ ရေစက်များ စုစည်းနေသည့်ကြားတွင် ဧရာမလူရိပ်လေးတစ်ခုသည်ပင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ထို့နောက် ပင်လယ်ရေပြင် တဝုန်းဝုန်း မြည်ဟည်းလာပြီး ရွှီချင်း အသွင်ပြောင်းလိုက်သည့် ဝေလနဂါးက ပင်လယ်ရေပြင်ကို ထိုးခွဲ၍ အပေါ်သို့ ပျံတက်လာသည်။ ၎င်းက လေထဲတွင် ဟိန်းဟောက်လိုက်ပြီး ဓားငါးများသည်လည်း ၎င်းနှင့်အတူ တစ်ပါတည်း လိုက်ပါလာကာ နေရောင်အောက်၌ သက်တန့်များ ပေါ်လာတော့သည်။

ဂိုဏ်းတူအစ်မတင်းနှင့် ကျောက်ကျုံးဟန်တို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သတ္တမမြောက်တောင်ထိပ်၏ ပင်လယ်အသွင်ပြောင်းပညာရပ်မှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို သူတို့ အာရုံခံမိလိုက်ပြီး မှင်သက်သွားကြသည်။

ပင်လယ်အသွင်ပြောင်းပညာရပ်အဆင့်ရှစ်ရောက်သည့် ဂိုဏ်းသားတိုင်း ဝေလနဂါးကို အပြည့်အဝ ပုံမဖော်နိုင်ကြချေ။

ဝေလနဂါးကို ပုံဖော်နိုင်ကြသည့် ဂိုဏ်းသားတိုင်းသည်လည်း ဝေလနဂါးကို လိုသလို ထိန်းချုပ်၍ အသွင်မပြောင်းနိုင်ကြချေ။

ထို့ကြောင့် ဂိုဏ်းတူအစ်မတင်းနှင့် ကျောက်ကျုံးဟန်တို့မှာ တအံ့တသြ ဖြစ်သွားရခြင်း ဖြစ်သည်။

ရှဲကျင်းလုံဖြစ်စေ၊ ဓားငါးများဖြစ်စေ ပင်လယ်အသွင်ပြောင်းပညာရပ်၌ မှတ်တမ်းတင်ထားသည့် မန္တန်များ မဟုတ်ကြဘဲ ယခုတစ်ခေါက် ပင်လယ်ပြင်သို့ ခရီးထွက်ရာမှ ရွှီချင်း သိခဲ့ရသည့် နားလည်ခြင်းများသာ ဖြစ်သည်။

ပင်လယ်က တာအိုဆရာတစ်ယောက်ကဲ့သို့ ဖြစ်သည်။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်ကာ သဘာဝလွန်ဆန်သောဖြစ်ရပ်များလည်း ရှိသည်။ ပင်လယ်ပြင်ဘေး၌ ရှိသည့်အခါ ထိုးထွင်းဉာဏ်ရှိသောလူများမှာ တိတ်တဆိတ် ဉာဏ်အလင်းပွင့်သွားနိုင်သည်။

ထိုနည်းအားဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကျောက်ကျုံးဟန်မှာ ပို၍ ခါးသီးနာကြည်းကာ စိတ်ဓာတ်ကျနေသည်။ အနှီရွှီချင်းကို သူ အပြစ်လုပ်၍ မဖြစ်ကြောင်း ကောင်းစွာ နားလည်သဘောပေါက်လာပြီဖြစ်သည်။ နောင်တချိန်တွင် အခြေတည်အဆင့်သို့ ရွှီချင်း ရောက်ရှိနိုင်စွမ်းက အလွန် မြင့်မားသည်။ အခြေတည်အဆင့်သို့ ရွှီချင်း ရောက်သွားသည်နှင့် သူ ရွှီချင်းကို တလေးတစား နှုတ်ဆက်ရမည်သာ ဖြစ်သည်။

သူ့အဘိုးကိုလည်း သူ မပြောဝံ့တော့၍ သူ့အဘိုးအား အကူအညီတောင်းရန် အတွေးပင် မရှိချေ။ ယခင်ကလည်း အလားတူ အခြေအနေမျိုးကို သူ ကြုံတွေ့ခဲ့ဖူးပြီး တစ်ဖက်လူ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်သွားခဲ့ပါက သူသည်လည်း ထပ်တူ ခံစားခဲ့ရသည်။ ထိုစဉ်က သူ၏အဘိုးက သူ့အား အသက်သေသည်အထိ ရိုက်နှက်ပစ်မည်လားဆိုသည်ကိုပင် သူ တွေးနေမိခဲ့သည်။

သို့ဖြစ်၍ ဤခရီးစဉ် မြန်မြန်ပြီးဆုံးသွားပြီး ရွှီချင်း ထွက်သွားရန်သာ သူ ဆုတောင်းနိုင်သည်။

သူ၏ဆုတောင်းများ ပြည့်ဝလာသည့်အလားပင် နောက်ရက်များ၌ ပင်လယ်ပြင်က ငြိမ်သက်နေခဲ့ပြီး သူတို့သုံးယောက်သား အန္တရာယ်တစ်စုံတရာ မကြုံတွေ့ခဲ့ရချေ။ လှေကလေးက အနောက်ဘက်ကျောက်တန်းကျွန်းစုနှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့ပြီး ကျွန်းစုကို မြင်နိုင်သည့် အကွာအဝေးသို့တိုင်အောင် ရောက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ဂိုဏ်းတူအစ်မတင်း၏ စိတ်အားထက်သန်မှုများသည်လည်း ဆက်လက်၍ တိုးပွားလာခဲ့သည်။ လှေကလေးပေါ် ရောက်ကတည်းက အသိပညာဗဟုသုတအတွက် သူမ ပေးခဲ့သည့် ပစ္စည်းများမှာ ဝိညာဉ်ကျောက်တုံးသုံးရာကျော် တန်ကြေး ရှိနေပြီဖြစ်သည်။

သို့ဖြစ်၍ ဂိုဏ်းတူအစ်မတင်း၏ အသိပညာငတ်မွတ်စိတ်ကို ရွှီချင်း မြင်လာရသည။ ဂိုဏ်းတူအစ်မတင်းက လူကောင်းတစ်ယောက်ဟု သူ ခံစားလာရသည်။ အကယ်၍ သူ၏ ပင်လယ်ပြင်ခရီးစဉ်က သူ တွေးထားသည့်အတိုင်း အဆင်မပြေခဲ့သည်ရှိသော် ဂိုဏ်းတူအစ်မတင်းထံမှ ပစ္စည်းများစွာ သူ ရရှိထားခဲ့ပြီ မဟုတ်ပါလား။

သို့သော်လည်း သူ၏ကျင့်ကြံခြင်းအချိန်များတွင် ဂိုဏ်းတူအစ်မတင်းကို ဆေးပင်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည့်အပြင် လမ်းတစ်လျှောက်တွင်လည်း ကာကွယ်ပေးခဲ့သည့်အတွက်ကြောင့် သူ ရင်ထဲတွင် အကျိုးနှင့်အပြစ်ကို ချိန်ဆကြည့်လိုက်ပြီး အခကြေးငွေတောင်းသည်မှာ အလွန် သင့်တော်သည်ဟု သူ ခံစားရသည်။

ကျန်နေ့ဝက်တာအတောအတွင်း ဂိုဏ်းတူအစ်မတင်း၏ မေးခွန်းများကို သူ စိတ်ရှည်စွာ ဖြေပေးပါသော်လည်း ဂိုဏ်းတူအစ်မတင်းထံမှ နောက်ထပ်ပစ္စည်းများ လက်မခံတော့ပေ။ ဂိုဏ်းတူအစ်မတင်း၏ သင်ယူရန် စိတ်အားထက်သန်သည့်စိတ်ကို သူ လေးစားသည့်အတွက် ဖြစ်ပေသည်။

ထိုမြင်ကွင်းကို ကျောက်ကျုံးဟန်မြင်သောအခါ စိတ်ဓာတ်ကျသွားရသည်။ အပျော်ရည်းစားလေးက ငွေမယူတော့သည်မှာ ဂိုဏ်းတူအစ်မတင်းအပေါ် မေတ္တာသက်ဝင်လာသည့်အတွက်ကြောင့်သာ ဖြစ်မည်ဟူ၍ သူ ခံစားမိနေသည်။

အဝေးရှိ အနောက်ဘက်ကျောက်တန်းကျွန်းစုကို သူ ကြည့်၍ ပင်လယ်ခရီးမြန်မြန် အဆုံးသတ်ကာ ရွှီချင်း ထွက်သွားရန် သူ မျှော်လင့်နေတော့သည်။

ထိုသို့ဖြင့် ဆည်းဆာချိန်သို့ ရောက်လာသည်။ သူတို့သုံးယောက်သား ရွက်လွှင့်လာကြရင်းဖြင့် မည်မျှပင် ဂိုဏ်းတူအစ်မတင်း လှေပေါ်မှမဆင်းချင်ဖြစ်နေစေကာမူ အနောက်ဘက်ကျောက်တန်းကျွန်းစုက သူတို့မြင်ကွင်းထဲ ရှင်းလင်းသည်ထက် ရှင်းလင်းလာသည်။

ဂိုဏ်းတူအစ်မတင်း၏ ခရီးစဉ်ပန်းတိုင်သို့ ရောက်သွားသောအခါ ကျောက်ကျုံးဟန်မှာ ဝမ်းသာရွှင်မြူးသွားရပြီး ဂိုဏ်းတူအစ်မတင်းကို မျှော်လင့်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဂိုဏ်းတူမောင်လေးရွှီ၊ အစ်မတို့နဲ့အတူတူ လိုက်ခဲ့ပါလား။ အစ်မက ဒီနေရာက အကြီးအကဲတစ်ယောက်ဆီ လာလည်တာ။ အဲဒီအကြီးအကဲက အစ်မအဒေါ်လေ။ သူ့ကျင့်ကြံခြင်းက နက်ရှိုင်းသလို လူငယ်တွေကို လမ်းညွှန်ပေးရတာကိုလည်း သူက သဘောကျတာ။ မောင်လေး လိုက်ခဲ့ရင် အကျိုးကျေးဇူးတွေအများကြီး ရမှာ သေချာတယ် ”

ဂိုဏ်းတူအစ်မတင်းက လှေပေါ်မှ မဆင်းခင် ရွှီချင်းကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

ကျောက်ကျုံးဟန်မှာ ဒိန်းခနဲ ရင်ခုန်သွားရသည်။ သူ၏နှလုံးသားက လည်ချောင်းဝတွင် တစ်ဆို့လာသည့်အလား ရွှီချင်း လက်ခံလိုက်မည်ကို စိုးရိမ်ပူပန်စိတ်ဖြင့် ရွှီချင်းအား မမှိတ်မသုန် ကြည့်လိုက်သည်။

“ ကျနော် မလိုက်တော့ပါဘူး။ တခြားလုပ်စရာတွေ ကျန်သေးလို့ပါ။ ဂိုဏ်းတူအစ်မတင်း၊ ဂရုစိုက်ပါ ”

ရွှီချင်း၏မျက်နှာပေါ်တွင် ယဉ်ကျေးသော အပြုံးတစ်စ ပေါ်လာသည်။ ဂိုဏ်းတူအစ်မတင်းက လှေပေါ်မှ တဖြည်းဖြည်း ဆင်းသွားပြီး ရွှီချင်းကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသည်။ ရွှီချင်း၏ လှေက တရွှီရွှီမြည်သံပေး၍ ဆုတ်ခွာသွားပြီး လမ်းကြောင်းပြောင်းကာ အဝေးသို့ ရွက်လွှင့်သွားသည်။

သူ့နောက်ရှိ ဆိပ်ကမ်းပေါ်၌ ဂိုဏ်းတူအစ်မတင်း၏ တာအိုဝတ်ရုံနှင့် ဆံပင်ရှည်များက လေထဲ တဖျပ်ဖျပ် လွင့်နေသည်။ သူမက လှပသောမျက်နှာလေးကို မော့၍ စူးရှတောက်ပသော မျက်ဝန်းများဖြင့် လှေပေါ်ရှိ ရွှီချင်းကို ကြည့်ကာ ရုတ်တရက် အော်ပြောလိုက်သည်။

“ မောင်လေးရွှီ၊ ဂရုစိုက်ဦး၊ ဒီပင်လယ်ခရီးစဉ်ပြီးလို့ ဂိုဏ်းကို ပြန်ရောက်ရင် မောင်လေးဆီကနေ ဆက်ပြီး သင်ဦးမှာနော် ”

ကျောက်ကျုံးဟန်မှာ ဒိန်းခနဲ ရင်ခုန်သွားရပြန်ပြီး မျက်နှာ ရှုံ့မဲ့သွားရသည်။

ရွှီချင်းက ခေါင်းကို ညိတ်ပြလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် မှော်လှေကို ထိန်းချုပ်၍ ပင်လယ်ပြင်ထဲ ဆက်လက်ရွက်လွှင့်သွားလိုက်သည်။

သူ ကျွန်းလေးမှ ထွက်ခွာပြီး မှော်လှေ ပြန်လည်ငြိမ်သက်လာသည်နှင့် သူ၏အမူအရာသည်လည်း စူးရှပြတ်သားလာသည်။

လှေပေါ်တွင် ရပ်နေသည့်သူ့ပုံစံက ဓားအိမ်မှ ဆွဲမထုတ်ရသေးသည့် စူးရှချွန်ထက်သော ဓားတစ်လက်အသွင် ရှိသည်။ သူက ကျွန်းစုနောက်ရှိ တားမြစ်ပင်လယ်ကြီးကို အေးတိအေးစက် ကြည့်လိုက်သည်။

ထိုနေရာသည် သူ၏ပန်းတိုင်ဖြစ်သော ပင်လယ်ဖွတ်ကျွန်းတည်နေရာ ဖြစ်သည်။

သူ၏လက်ရှိအမြန်နှုန်းဖြင့်ဆိုပါက အလွန်ဆုံးနှစ်ရက်အတွင်း ထိုနေရာသို့ ရောက်မည် ဖြစ်သည်။ ပင်လယ်ဖွတ်အရေပြားများကို လူတိုင်း ယူဆောင်နိုင်ခွင့်ရှိသောနေရာဖြစ်၍ လူသတ်ပွဲများနှင့် တိုက်ပွဲများ ရှိနေပေလိမ့်မည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ ပင်လယ်ထဲသို့ ရက်ပေါင်းများစွာ သွားလာခဲ့ပြီးနောက် တားမြစ်ပင်လယ်နှင့် သူ ပို၍ အသားကျလာပြီဖြစ်သည်။ တချိန်တည်းမှာပင် သူ လှုပ်ရှားရန်လည်း အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ငါ ပိုပြီး သတိထားရမယ် ”

ရွှီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် မှော်လှေက ရွှီခနဲ မြည်၍ ပင်လယ်ရေပြင်ပေါ် တဟုန်ထိုး ရွေ့လျားသွားသည်။ ရေကြောင်းပြမြေပုံအရ ပင်လယ်ဖွတ်ကျွန်းနှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

လမ်းတစ်လျှောက်၌ ဓားမြှောင်ကို သိုဝှက်ထားလိုက်ပြီး လက်ဝှေ့အိတ်များကို စွပ်လိုက်သည်။ မည်းန်တောက်ပြောင်သော သံတုတ်လေးကိုလည်း စူးရှချွန်ထက်အောင်လုပ်၍ အဆိပ်များကိုလည်း စစ်ဆေးလိုက်သည်။

တစ်ရက်၊ နှစ်ရက် …

သုံးရက်မြောက်နေ့၌ ကောင်းကင်ယံ၌ ပုစွန်ဆီရောင်လဲ့နေပြီး တိမ်မည်းများကို ဖောက်ထွင်း၍ လင်းရောင်ခြည်များက ပင်လယ်ရေပြင်ကို ဖြာကျလာသည်။ ရွှီချင်း၏ရှေ့သို့ ကျွန်းကလေး ပေါ်လာသည်နှင့် ပင်လယ်လေပြေသည်လည်း ကြမ်းတမ်းစွာ တိုက်ခတ်လာသည်။

ကျွန်းထဲတွင် ရက်စက်ကြမ်းတမ်းသော သတ္တဝါများ ပုန်းအောင်းနေသည့်အလား၊ တိမ်မည်းများက ကျွန်းကြီးကို ကွယ်ဝှက်ထားသည့်ပမာ တစ်ကျွန်းလုံး မည်းမှောင်နေသည်။ ကျွန်းပတ်လည်က ဆွေးမြေ့ပြီး စိုစွတ်နေသည့်အတွက်ကြောင့် သေမင်းအငွေ့အသက်များ လွင့်ပျံနေသည်။

ဘေးပတ်ဝန်းကျင်တွင် လှေရာနှင့်ချီ၍ မျောနေသည်။ လှေတစ်လှေချင်းစီက ပုံစံအမျိုးမျိုး ရှိကြပါသော်လည်း သတ္တမမြောက်တောင်ထိပ်မှ မှော်လှေများ မဟုတ်ပေ။

ကမ်းခြေ၌ မည်သည့်အချိန်ကတည်းက သေနေသည် မသိရသော လူ့အလောင်းများနှင့် သားရဲအသေကောင်အနည်းအကျဉ်းလည်း ရှိနေပြီး အေးစက်စက်ခံစားချက်တစ်မျိုးကို ပေးနေသည်။

ဆက်လက်ကြည့်ရှုမည်ဆိုပါက မည်းနက်နေသော တောအုပ်နှင့် တောင်များက ကျွန်းကြီးကို ဝန်းရံထားသည်ကို မြင်ရမည်ဖြစ်သည်။ လေထဲရှိ လူသတ်ငွေ့များက ဖိအားများကို ဆောင်ကြဉ်းလာပြီး ဆည်းဆာချိန်ရှိ တိမ်မည်းများကဲ့သို့ ပတ်ဝန်းကျင်ကို မွန်းကြပ်သွားစေသည်။

ရွှီချင်း၏မှော်လှေက နီးကပ်လာသည်နှင့်အမျှ တောင်တန်းများနှင့် တောအုပ်ထဲတွင် ပုန်းကွယ်နေသော မျက်လုံးများစွာ ပွင့်လာပြီး ရွှီချင်းကို အေးတိအေးစက် စိုက်ကြည့်လာကြသည်။

ရွှီချင်းက ရန်လိုသောအကြည့်များကို ကောင်းစွာ အာရုံခံမိလိုက်ပြီး မျက်လုံးများ မှေးသွားသည်။ သူ့ပုံစံက တည်ငြိမ်နေဟန် ရှိပါသော်လည်း သူ၏ခန္ဓာကိုယ်မှ ဓားတစ်လက်ပမာ စူးရှအေးစက်သော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်။

သူက ရက်စက်ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်အလား ပြောင်းလဲသွားဟန်တူပြီး ထိုအကြည့်ပိုင်ရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် အကြည့်လွှဲသွားကြသည်။

ရွှီချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် လှစ်ခနဲ လှုပ်ရှား၍ ကမ်းပေါ်ခြေချကာ မှော်လှေကို သိမ်းဆည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး တောအုပ်ထဲ လျှောက်သွားသည်။ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများဘေးမှနေ၍ သူ ဖြတ်သွားသောအခါ အောက်သို့ ငုံ့ကြည့်လိုက်သည်။

All Chapters