← Chapters

ကျွန်းပေါ်က မိစ္ဆာနယ်မြေ ( ၁ )

Vol. 10 Ch. 144

ကျွန်းပေါ်က မိစ္ဆာနယ်မြေ ( ၁ )

Vol. 10 Ch. 144

အညိုရောင်ဖျော့ဖျော့အရိုးကျိုးများ အနက်ရောင်ကမ်းခြေ၌ ပျံ့ကျဲနေသည်။ တချို့အရိုးများက အရောင်လွင့်ပျယ်နေပြီဖြစ်ပြီး သဲပွင့်များကဲ့သို့ ကြမ်းတမ်းသည်။ တချို့အလောင်းများက သေသွားသည်မှာ ကြာသေးဟန်မတူဘဲ ပုပ်ပွနေသော အသားစများ ရှိနေသေးသည်။

ပင်လယ်လေပြေက မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ခဲလေးများကို ပွတ်သပ်တိုက်ခတ်သွားသည်။ ထို့နောက် ၎င်းက လူသေအလောင်းများနှင့် သားရဲဦးခေါင်းခွံများပေါ် လှဲကျင်းတိုက်ခတ်သွားကာ အပေါ်သို့ ဝေ့တက်သွားသည်။

ရွှီချင်း၏မျက်လုံးများထဲ ပင်လယ်ဖွတ်ကျွန်းတစ်ကျွန်းလုံး၏ပုံရိပ် ထင်ဟပ်လာသည်။ ထိုကျွန်းက မည်းမှောင်နက်ရှိုင်းပြီး ရက်စက်ကြမ်းကြုတ်ခြင်းအတိ ရှိနေသည်။ ကမ်းခြေပေါ်သို့ အနီရောင်သစ်ရွက်တစ်ရွက် ကြွေကျလာနေသည့်အလား ဝင်လုဆဲ နေမင်းကြီးသည်သာ သူတို့၏ သေဆုံးခြင်းများကို ခေါင်းတလားနှင့် ဖုံးအုပ်ပေးလိုက်ဟန်ရှိသည်။

ကံမကောင်းစွာပင် ထိုခေါင်းတလားအဖုံးသည်လည်း အနီရောင်ဖြစ်နေပေသည်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်ရှိ အရိုးကျိုးများထံမှ အကြည့်လွှဲလိုက်သည်။ လောကကြီး မှောင်မည်းလာသည်နှင့် တောအုပ်ထဲသို့ သူ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။ တောအုပ်အနီးသို့ သူ တဖြည်းဖြည်း ရောက်သွားပြီး ဝင်ရောက်ပျောက်ကွယ်သွားသည်။

တောအုပ်ထဲသို့ သူ ခြေချလိုက်သည့်အခိုက် ညအမှောင်ထုက လက်မည်းကြီးများအလား သူ့ကို ဖုံးအုပ်လာခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်နေပြီး နေမင်းကြီးသည်လည်း မိုးကုတ်စက်ဝိုင်းအောက် ငုပ်လျှိုးသွားခဲ့ပြီ ဖြစ်သည်။

တောအုပ်ထဲ၌ ရွှီချင်းသည် တစ္ဆေတစ်ကောင်အလားပင်။ သစ်ပင်ကြီးများပေါ်တွင် လက်ဖျားခါရလောက်သည့်အမြန်နှုန်းဖြင့် အလွန် လျင်မြန်စွာ သွားလာနေသည်။ သူ၏အကြည့်က ငှက်ကြီးဝံပို၏ အကြည့်ပမာ ဖြစ်ပြီး ရှေ့ဆက်သွားနေရင်း ဘေးဘီဝဲယာကို တည်တည်ငြိမ်ငြိမ်ဖြင့် အကဲခတ်နေသည်။

ရွှီချင်းက တောအုပ်နှင့် အစိမ်းသက်သက် မဟုတ်ချေ။

ယင်းသည် ကျွန်းတစ်ကျွန်းသာ ဖြစ်ပြီး တားမြစ်နယ်မြေမဟုတ်ပါသော်လည်း တောအုပ်ထဲတွင် ရှင်သန်ရန် ကြိုးစားခဲ့သည့် အတွေ့အကြုံများက ဤကျွန်းထဲတွင်လည်း အလုပ်ဖြစ်လိမ့်မည်။ အထူးသဖြင့် မြေပြင်ပေါ်ရှိ အပင်ကလေးများပင်။ တချို့အပင်များကို ရွှီချင်း ကောင်းစွာ သိနေ၏။ တချိန်တည်းမှာပင် တောအုပ်ထဲ၌ ရေထဲ ငါးလွှတ်လိုက်သည့်အလား သူသည် မယှဉ်သာလောက်အောင် မြန်ဆန်စွာ သွားလာနေသည်။

တဖြည်းဖြည်းနှင့် တချို့ထူးဆန်းသောနေရာများကိုလည်း သူ တွေ့လာရသည်။

ဤတောအုပ်ထဲ၌ သစ်ပင်အများစု ပြိုလဲနေပြီး ထိုပြိုလဲနေသည့်နေရာများသည်လည်း ပင်လယ်ကြီးနှင့် ထိစပ်နေသည်။

သစ်ပင်များ ပြိုလဲနေသည့်နေရာတစ်ခုသို့ သူ ရောက်နေပြီး သူ့မျက်လုံးများ မှေးနေသည်။ သူက ပထမဦးစွာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သစ်ပင်များ ပြိုလဲနေသည့်နေရာများနှင့် မည်သည့်ဘက်သို့ လဲကျနေသည်ကို ကြည့်လိုက်သည်။ ပြီးသည်နှင့် သူက ခေါင်းငုံ့၍ မြေပြင်တစ်လျှောက်ရှိ ကျိုးပဲ့နေသော သစ်ပင်များကို ကြည့်လိုက်သည်။

“ သစ်ပင်တွေပေါ်မှာ အကြေးခွံစတွေ ရှိနေတာပဲ ”

ရွှီချင်းက မြေပြင်ပေါ်ရှိ အညိုရောင်သစ်သားစတစ်ခုပေါ်မှ လက်တစ်ဝါးအရွယ် အညိုဖျော့ရောင်အစိတ်အပိုင်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုအစိတ်အပိုင်း၌ ငါးညှီနံ့ စွဲကျန်နေ၏။

“ ဒါ ပင်လယ်ဖွတ်တစ်ကောင်ရဲ့ အရေပြားပဲ။ အချိန်နည်းနည်း ကြာနေပြီ ”

ရွှီချင်းက စိတ်ထဲတွင် သုံးသပ်လိုက်သည်။ ပင်လယ်ဖွတ်က ပင်လယ်ထဲမှ တွားသွားတက်လာကာ တောအုပ်ထဲသို့ ဝင်သွားခဲ့သည်မှာ ထင်ရှားသည်။ ၎င်း သွားသည့်နေရာတိုင်း သစ်ပင်များ ပြိုလဲသွားခြင်းသာ ဖြစ်ပေမည်။

“ အဲဒီလိုနေရာတွေ အများကြီး ရှိတယ်။ ဒီတော့ ပင်လယ်ဖွတ်တိုင်းက အရေခွံလဲဖို့ တစ်ကောင်တစ်လမ်းစီ ရွေးချယ်ကြတဲ့သဘောပဲ။ ဒါ သဘာဝကျတယ် ”

“ ပင်လယ်ဖွတ်တွေ နောက်ဆုံးရွေးတဲ့နေရာက အဆင်ပြေသလို ရွေးတဲ့နေရာလား ဒါမှမဟုတ် ဘုံနေရာတစ်ခုလား ”

ရွှီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မကြာသေးခင်က ပင်လယ်ဖွတ် သွားခဲ့သည့်လမ်းကြောင်း အတိုင်း ဆက်လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ဆုံးဖြတ်ချက်ချပြီးနောက် အရှိန်တင်၍ လမ်းကြောင်းပေါ်မှ ခြေရာလက်ရာများအတိုင်း တဟုန်ထိုး ပြေးသွားသည်။

သို့သော်လည်း သူ အမြဲ သတိထားနေသည်။

ဤနေရာ၌ ချီစုစည်းခြင်းအဆင့်ထက် သာလွန်သော ကျင့်ကြံသူများ ရှိနေမလား ဆိုသည်ကို သူ မသိပေ။ သူက လမ်းတစ်လျှောက် စူးစမ်းလေ့လာနေခဲ့ပြီး ပင်လယ်ဖွတ်အရေပြားက ဈေးခေါင်ခိုက်နေပါသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူအများစုက သဘောမကျတတ်ကြပေ။

သို့သော် သူ စိတ်ပူနေရမှတစ်ပါး ရွေးချယ်စရာ မရှိချေ။ ရိုးရှင်းသော ဆုံးဖြတ်ချက်လေးတစ်ခုနှင့် ကိစ္စအများစုကို လျစ်လျူရှု၍ မရသည် မဟုတ်ပါလား။

တောအုပ်ထဲမှ လေတိုက်ခတ်လာပြီး ၎င်းနှင့်အတူ ရွက်ကြွေအနံ့များကိုပါ ဆောင်ကြဉ်းလာသည်။ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပါသော်လည်း တခြားမည်သည့်အရှိန်အဝါကိုမျှ အနံ့မခံမိပေ။ သူ မရပ်နားဘဲ ရှေ့ဆက်သွားလိုက်သည်။

တစ်နာရီကြာပြီးနောက် ကောင်းကင်ကြီး တစတစ မှောင်မည်းလာသောအခါ ရွှီချင်းသည် တောင်တန်းအနီးရှိ သစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်၍ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ၏မျက်လုံးများထဲ အလင်းဖျော့ဖျော့ လက်နေပြီး မနီးမဝေးသို့ စူးစိုက်ကြည့်လိုက်သည်။

သူ့ရှေ့တွင် ပင်လယ်ဖွတ်အရေပြားအပိုင်းအစတစ်ခု ရှိနေသည်။ ၎င်းက အညိုရောင်ဖျော့ဖျော့ရှိပြီး အလွန် ခြောက်ကပ်နေသည်။ ၎င်းက တိုက်ပွဲကြောင့် စုတ်ပြဲသွားခဲ့သည့်အလား ထိုနေရာတွင် ၎င်းရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ဟန်တူသည်။

ရွှီချင်းက ကျွန်းသို့ မလာခင်က သတင်းအချက်အလက်များကို လေ့လာခဲ့ပြီး ပင်လယ်ဖွတ်များ၏ အရေပြားများကို ပင်လယ်ဖွတ်များ အရေခွံလဲပြီးပြီးချင်း ယူ၍ အထူးနည်းလမ်းတစ်မျိုးဖြင့် သိမ်းဆည်းထားရသည်ဟု သိခဲ့ရသည်။ ထိုသို့မဟုတ်ပါက ထိုပင်လယ်ဖွတ်အရေပြားများ အချွတ်ခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်၍ ဝိညာဉ်စွမ်းအားများလည်း လွင့်ပျယ်နေမည်ဖြစ်ကာ တန်ဖိုးရှိတော့မည် မဟုတ်ပေ။

ယင်းသည် ပင်လယ်ဖွတ်အရေခွံအတွက် သွေးထွက်သံယို တိုက်ပွဲများ ပေါ်ထွက်လာရသည့်အကြောင်းအရင်းဖြစ်ပြီး ရွှီချင်းကဲ့သို့ ဤကျွန်းကလေးသို့ ရောက်လာသည့်လူအားလုံးက ပင်လယ်ဖွတ်အရေခွံလဲမည့်အချိန်ကို စောင့်၍ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြပေသည်။

ရွှီချင်းက သစ်ပင်ကြီးပေါ်မှ ဆင်းလာပြီးနောက် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့သည်။

သူက တောင်တန်းတစ်ဝိုက် လျှောက်သွားကာ စူးစမ်းလေ့လာနေခဲ့ပြီး ပင်လယ်ဖွတ်အရေခွံများစွာကိုလည်း တွေ့ခဲ့ရသည်။ တချိန်တည်းမှာပင် ပင်လယ်ဖွတ်အရေခွံများ ရှိတတ်သည့် နေရာများမှာ အများအားဖြင့် တောင်တန်းအနီးတဝိုက်တွင်သာ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ယင်းအပြင် တောင်က ပို၍ မြင့်မားလေ အရေခွံအပျက်အစီးများကို ပို၍ တွေ့ရလေဖြစ်ကြောင်းကိုလည်း သူ သိလိုက်ရသည်။

ထိုအခြင်းအရာအားလုံးက သူ့ကို အဖြေတစ်ခု ပေးနေ၏။

“ ပင်လယ်ဖွတ်တွေက အထူးနေရာမှာ အရေခွံလဲကြတယ်။ သူတို့ အရေခွံလဲကြတဲ့နေရာက ပိုမြင့်တဲ့နေရာတွေလား ”

ရွှီချင်းက ခေါင်းမော့၍ ပင်လယ်ဖွတ်ကျွန်းပေါ်ရှိ တောင်များစွာအနက် အမြင့်ဆုံးတောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က စူးရှပြတ်သားလာသည်။

“ အဲဒီနေရာက ဒီကျွန်းရဲ့ အစစ်အမှန် ရတနာနယ်မြေ ဖြစ်မယ်။ အစွမ်းထက်တဲ့ ပင်လယ်ဖွတ်တွေပဲ အဲဒီတောင်ကို သွားကြမှာ။ အဲဒီဖွတ်တွေရဲ့ အရေခွံတွေကလည်း သိပ်အဖိုးတန်မှာပဲ ”

ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေတော့ဘဲ အမြင့်ဆုံးတောင်ထိပ်သို့ တဟုန်ထိုး ပြေးသွားသည်။ သူက လမ်းတစ်လျှောက်တွင် ရပ်နားမနေဘဲ သွားနေစဉ် တခြားတောင်ထိပ်များပေါ်မှ လေလွင့်ကျင့်ကြံသူများကိုလည်း သတိထားမိလိုက်သည်။

ထိုလူများသည် အခြေခံအားဖြင့် လေလွင့်ကျင့်ကြံသူများသာ ဖြစ်ကြပြီး သူတို့ကျင့်ကြံခြင်းအဆင့်သည်လည်း ချီစုစည်းခြင်းအဆင့်ငါး ပတ်ခြာလည် ဖြစ်သည်။ သူတို့က အလွန် အစွမ်းမထက်ပါသော်လည်း သူတို့ မျက်လုံးများထဲရှိ ရက်စက်ကြမ်းတမ်းသော အရိပ်အငွေ့များကို အထင်အရှား မြင်နိုင်သည်။

သူတို့က သူတို့အကြောင်းကို သေချာသိထားကြပြီး ပိုနိမ့်သော တောင်များကို ရွေးချယ်ခဲ့ကြသည်။ သူတို့အားလုံး ရွှီချင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေကြပြီး ရွှီချင်း ဖြတ်သွားသည်ကို မြင်သောအခါမှသာ စိတ်ချလက်ချဖြင့် လေပူများ မှုတ်ထုတ်လိုက်ကြသည်။

ရွှီချင်းသည်လည်း ဤနေရာရှိ အဆင့်နိမ့်ကျင့်ကြံသူများကို ကြည့်၍ သူ၏ယူဆချက်မှန်ကန်နိုင်ကြောင်း တွေးကာ သက်ပြင်းချလိုက်သည်။ ဤနေရာ၌ အခြေတည်အဆင့်ကျင့်ကြံသူများကို တွေ့နိုင်ချေ အလွန် နည်းသည်။

သို့သော်လည်း သူ သတိလက်လွတ်မနေပေ။ အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့မည်ဆိုလျှင်လည်း သူ လက်ရှိသွားနေသည့်နေရာ၌သာ ရှိနေပေလိမ့်မည်။

ထိုသို့ဖြင့် မကြာခင် ရွှီချင်းသည် တောင်များစွာကို ကျော်ဖြတ်၍ ပင်လယ်ဖွတ်ကျွန်းရှိ အမြင့်ဆုံးတောင်ထိပ်သို့ နောက်ဆုံးတွင် ရောက်လာသည်။ သူ ရောက်လာသည်နှင့် တောင်ထိပ်မှ ချီစီးကြောင်းများ ချက်ချင်း ပျံထွက်လာပြီး သူ့ကို အာရုံစိုက်လာကြသည်။

All Chapters