ကျွန်းပေါ်က မိစ္ဆာနယ်မြေ ( ၂ )
Vol. 10 Ch. 145
ရွှီချင်း၏ ခြေလှမ်းများ ရပ်သွားသည်။ သူ သေသေချာချာ အာရုံခံကြည့်ပြီးနောက် သူ၏အမူအရာ အနည်းငယ် ထူးဆန်းသွားသည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်မျိုး သူ ရှာမတွေ့သေးချေ။
ထို့ကြောင့် သူ တည်ငြိမ်စွာ ရှေ့ဆက်သွားလိုက်သည်။ တချိန်တည်းမှာပင် ထိုတောင်ထိပ်၌ ပင်လယ်ဖွတ်အရေခွံ အများအပြား ရှိနေသည်ကို သူ သတိထားမိလိုက်သည်။
ထိုပင်လယ်ဖွတ်များ၏ အရေခွံများမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက အနိမ့်ဆုံး ချီစုစည်းခြင်းအဆင့် ငါး သို့မဟုတ် အဆင့်ခြောက်၌ ရှိသည်။ ပင်လယ်ဖွတ်များ အရေခွံလဲသည့်အခါတွင် ပို၍ မြင့်သော နေရာများသို့ သွားတတ်သည်ဆိုသော သူ၏ယူဆချက် မှန်သွားသည်။
သူ့ကို စူးစမ်းနေသော အရှိန်အဝါများနှင့်ပတ်သက်၍လည်း ရွှီချင်း စိတ်အနှောင့်အယှက် မဖြစ်ချေ။ သူ တောင်ထိပ်သို့ တန်းတန်းမတ်မတ် တက်သွားပြီး မကြာခင် သူ၏ပန်းတိုင်သို့ ရောက်သွားသည်။
တောင်ထိပ်၌ သစ်ပင်များ ဝိုင်းရံထားသည့် ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ရှိသည်။ ဘေးပတ်လည်တွင် ကျင့်ကြံသူများစွာ ရှိသည်။ သူတို့ကျင့်ကြံခြင်းအဆင့်များက တခြားတောင်ထိပ်များမှ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည်။ သူတို့ထဲမှ အများစုက ချီစုစည်းခြင်းအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ ရောက်နေကြပြီး ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေကြသည့် ကျင့်ကြံသူအနည်းအကျဉ်းပင် ရှိသည်။
ထိုနေရာ၌ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ရှိမနေချေ။
ထိုနေရာရှိ ကျင့်ကြံသူများ၏အကြည့်များက သွေးအေးရက်စက်သောအကြည့်များ ဖြစ်ကြပြီး လူဆိုးများ ဖြစ်ကြသည်မှာ ထင်ရှားသည်။
သို့သော်လည်း ထိုနေရာ၌ လူသားများသာ ရှိသည်မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် လူသားမဟုတ်သော တခြားမျိုးနွယ်ဝင်များသာ အများစု ရှိနေသည်။ ထိုမျိုးနွယ်စုထဲတွင် တစ်ကိုယ်တည်းသမားများလည်း ရှိကြပြီး အုပ်စုလိုက်နေကြသူများလည်း ရှိသည်။
ပင်လယ်အနံ့များ ထောင်းလမောင်းထနေသော လူတချို့လည်း ရှိသည်။ သူတို့က နှစ်ပေါင်းများစွာ တစ်လျှောက် ပင်လယ်ပြင်၌ ကျက်စားနေခဲ့ကြသော ပင်လယ်ဓားပြများဖြစ်မှန်း သိသာသည်။
သူတိ့ုအားလုံး ရွှီချင်းကို မမှိတ်မသုန် ကြည့်နေကြသည်။
ရွှီချင်းက လျှောက်နေရင်း လှည့်ပတ်ကြည့်လိုက်သည့်အခါ ဝရမ်းစာရင်းထဲတွင် ရှိနေသော လူလေးယောက်၊ ငါးယောက်ခန့်ကို ချက်ချင်း မှတ်မိလိုက်ပြီး သူ့မျက်လုံးများထဲ ထူးဆန်းသောအလင်းတစ်ချက် ဝင်းလက်သွားသည်။
သို့သော်လည်း သူက မတိုက်ခိုက်ဘဲ သစ်ပင်ကြီးတစ်ပင်ကို ရှာ၍ ထိုသစ်ပင်ကြီးပေါ်တွင် အနားယူရန် ထိုင်လိုက်သည်။
ဤနေရာ၌ အခြေတည်အဆင့်ကျင့်ကြံသူများ မရှိကြောင်း သူ ခန့်မှန်းထားခဲ့ပါသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများ မရှိရသည့်အကြောင်းအရင်းက သူ ခန့်မှန်းထားသလို မဟုတ်နိုင်ကြောင်းကို ခံစားနေရသည်။
ရွှီချင်း စဉ်းစားကြည့်လိုက်ပြီး တချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်မှ အကြည့်လွှဲလိုက်သည်။ ကျင့်ကြံသူများ၏ ရက်စက်ကြမ်းတမ်းသော စရိုက်နှင့် သူ အစိမ်းသက်သက်ဖြစ်နေသည် မဟုတ်ချေ။ ဆင်းရဲသားရပ်ကွက်၌ဖြစ်စေ၊ ရတနာမုဆိုးစခန်း၌ဖြစ်စေ အတူတူသာ ဖြစ်သည်။
သူက တည်ငြိမ်စွာ ထိုင်နေပြီး ကျင့်ကြံမည်ပြုစဉ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ဆက်လက်ကြည့်နေဆဲဖြစ်သော ပင်လယ်ဓားပြအနည်းငယ်ကို သူ အေးစက်စက်ကြည့်လိုက်သည်။
ထိုပင်လယ်ဓားပြများသည် ကျင့်ကြံသူရှစ်ယောက်ပါဝင်သော အုပ်စုလေးတစ်စုဖြစ်သည်။ ထိုအုပ်စုထဲတွင် လူသားနှစ်ယောက်နှင့် လူသားမဟုတ်သူခြောက်ယောက်ပါသည်။ လူသားမဟုတ်သူများက ထူးခြားသော အသွင်အပြင်များ ရှိကြပြီး တချို့၏ခန္ဓာကိုယ်များတွင် လက်များ ပါရှိကာ တချို့၌ မျက်လုံးသုံးလုံးပါကြပြီး တချို့၏ကျောတွင် အတောင်ပံများ ရှိကြသည်။
သူတို့က ရွှီချင်းကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ထဲမှ အတောင်ပံများပါသော လူသားမဟုတ်သူများက အချင်းချင်း တီးတိုးပြောနေကြသည်။ ထို့နောက် မျက်လုံးသုံးလုံးနှင့် လူသားမဟုတ်သူတစ်ယောက်က သူ့ထံ လျှောက်လာနေသည်ကို ရွှီချင်းမြင်လိုက်ရသည်။
“ ဒီနေရာက ချီရွှဲ့ထုံဂိုဏ်းသားတွေကို မကြိုဆိုဘူး။ ဒီတော့ ဝေးဝေးထွက်သွားရင် ထွက်သွား၊ မဟုတ်ရင် ဒီမှာ အဖြည့်ခံအနေနဲ့ နေပေါ့ကွာ ”
မျက်လုံးသုံးလုံး လူသားမဟုတ်သူက အနီးရောက်သည်နှင့် သွေးအေးစွာ ပြောလိုက်သည်။ တချိန်တည်းမှာပင် ချီစုစည်းခြင်းအဆင့်ရှစ် အငွေ့အသက်များကို ကောက်ကျစ်စဉ်းလဲစွာ ထုတ်ဖော်၍ ခြိမ်းခြောက်လိုက်သည်။
ရွှီချင်းက မျက်လုံးသုံးလုံးပိုင်ရှင်ကို စူးစိုက်ကြည့်၍ ထိုသူ၏လည်ပင်းက သေကွင်းသေကွက် ဟုတ်လား၊ မဟုတ်လားဆိုသည်ကို စဉ်းစားကြည့်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင် ရှိနေသော တခြားအဖော်များကို သူ လှမ်းကြည့်လိုက်၏။ ယင်းသည် ထိုအုပ်စု၏ စမ်းသပ်ချက်လေးတစ်ခုဖြစ်သည်ကို သူ ကောင်းကောင်း သိသည်။ သူသာ အလွယ်တကူ အနိုင်ကျင့်ခံလိုက်ရမည်ဆိုပါက သူ့ထံမှ ပစ္စည်းများ လုယက်ကြမည်သာ ဖြစ်သည်။
ရွှီချင်းက ညာလက်ကို မြှောက်၍ သူ့နောက်သို့ ဖမ်းဆုပ်လိုက်သည်။
သူ့နောက်မှ လည်ပင်းကို ဖမ်းဆုပ်ခံထားရသည့် ဖောက်ထွင်းမြင်ရသော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုပုံရိပ်သည် ရုန်းကန်နေရင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး မျက်နှာပေါ်တွင် အကြေးခွံများ ဖုံးလွှမ်းနေသည့် အပြာရောင်ဆံပင်ရှည်များနှင့် လူသားမဟုတ်သူ ပေါ်လာသည်။ ၎င်း၏အဝတ်အစားများအရ ထိုပင်လယ်ဓားပြအုပ်စုမှ ဖြစ်မှန်း သိသာသည်။
ထိုအချိန်၌ လူသားမဟုတ်သူ၏မျက်လုံးများထဲ ထိတ်လန့်ကြောက်ရွံ့စိတ်များ ပေါ်လာသည်။ သူ တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရွှီချင်း ညာလက်ဖြင့် အညှာအတာမဲ့စွာ ထိုးနှက်လိုက်ရာ သူ၏လည်ပင်းကြီး ဝုန်းခနဲ ကွဲထွက်သွားသည်။
ယင်းက အဆုံးသတ်မဟုတ်သေးချေ။ ပင်လယ်အသွင်ပြောင်းပညာရပ်စွမ်းအားများ ထွက်ပေါ်လာပြီး မျက်တောင်တစ်ချက်ခတ်အတွင်း လူသားမဟုတ်သူ၏ခန္ဓာကိုယ်ထဲမှ သွေးများမှာ ရွှီချင်း ၏ ထိန်းချုပ်ခြင်း ခံလိုက်ရပြီး ၎င်း၏ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်လာရာ ၎င်း၏ခန္ဓာကိုယ်ကြီး ပြိုလဲကာ ပေါက်ကွဲသွားသည်။
အသားစများနှင့် သွေးများ မြေပြင်ပေါ် ပြန့်ကျဲသွားပြီး တစ်ခုမှ ရွှီချင်း၏အဝတ်အစားများပေါ် မဖိတ်စဉ်ခဲ့ပေ။
လူသားမဟုတ်သူများ၏ ကိုယ်တွင်းအင်္ဂါများသည် လူသားများနှင့် ကွဲပြားခြားနားသည်။ ရွှီချင်းသည် အရေးကြီးသော အစိတ်အပိုင်းများကို ခွဲခြားနေရင်းဖြင့် အချိန်မဖြုန်းချင်ပေ။ သူသာ ထိုအစိတ်အပိုင်းအားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ထိုသူ သေသွားရမည်သာ ဖြစ်သည်။
ရွှီချင်းသည် လူသားမဟုတ်သူအား သတ်ဖြတ်သောအခါတွင် မျက်တောင်တစ်ချက်ခတ်မသွားခဲ့ပေ။ ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေပစ်လိုက်သည့်ပမာသာ ဖြစ်ပေသည်။ သူက ရှေ့ရှိ မျက်လုံးသုံးလုံးလူသားမဟုတ်သူကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။
မျက်လုံးသုံးလုံးပိုင်ရှင်၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ့နောက်ရှိ အဖော်များ၏ မျက်နှာအမူအရာများသည်လည်း ပြောင်းလဲနေကြပြီဖြစ်သည်။ သူတို့အားလုံး စိုးရိမ်စိတ်ဖြင့် သတိထားနေကြ၏။
“ နားလည်မှုလွဲတာပါ ”
မျက်လုံးသုံးလုံးပိုင်ရှင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းက သွားရှုပ်သင့်သည့် လူတစ်ယောက် မဟုတ်ကြောင်း နားလည်သွားကာ ခပ်တိုးတိုးပြော၍ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။
သို့သော်လည်း ရွှီချင်းအကြောင်းကို သူ မသိသလို ‘ သူ့အသက်ကို ခြိမ်းခြောက်လာသည့်သတ္တဝါမှန်သမျှ အတတ်နိုင်ဆုံး လိုက်လံချေမှုန်းတတ်သည် ’ ဆိုသော ရွှီချင်း၏စည်းမျဉ်းကိုလည်း သူ မသိချေ။ ထို့ကြောင့် မျက်လုံးသုံးလုံးပိုင်ရှင် နောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်းက လှုပ်ရှားလိုက်သည်။
သူ တဟုန်ထိုး ပြေးထွက်သွားပြီး သူ၏တစ်ကိုယ်လုံး ပုံရိပ်များ ဖြစ်သွားသည့်အလားပင်။ မျက်လုံးသုံးလုံးပိုင်ရှင်မှာ သိသိသာသာ မျက်နှာပျက်သွားပြီး လက်ကိုမြှောက်၍ ဝိညာဉ်စွမ်းအားအကာအကွယ်ကို ဖန်တီးလိုက်သည့်အခိုက်မှာပင် ရွှီချင်းက အနားသိ့ု ရောက်သွားခဲ့ပြီဖြစ်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ မျက်လုံးသုံးလုံးပိုင်ရှင်၏ ဝိညာဉ်စွမ်းအားအကာအကွယ် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ မျက်လုံးသုံးလုံးပိုင်ရှင်၏ မျက်လုံးများ မှေးသွားပြီး စကားပြောမည်ပြုစဉ် ရွှီချင်း၏ လက်သီးက ထောပတ်ကို ဓားပူပူဖြင့် ပိုင်းဖြတ်လိုက်သည့်အလား သူ့ဝမ်းဗိုက်ဆီ တိုးဝင်လာသည်။
မျက်လုံးသုံးလုံးပိုင်ရှင်၏ခန္ဓာကိုယ်ကြီး တုန်ခါသွားပြီး သူ့ဗိုက်မှာ ချိုင့်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းအင်္ဂါအားလုံး ပျက်စီးသွား၏။
မနီးမဝေးရှိ ပင်လယ်ဓားပြများမှာ မျက်နှာများ ရှုံ့မဲ့နေကြသည်။ သူတို့အားလုံး စူးစူးဝါးဝါးအော်ဟစ်ကာ မတ်တတ်ရပ်၍ တိုက်ခိုက်ရန်ပြင်လိုက်ကြသည်။ သို့သော်လည်း ရွှီချင်းက သူတို့ထက်ပင် ပို၍ မြန်ဆန်နေသည်။ အမှန်စင်စစ် ပထမပင်လယ်ဓားပြကို သူ သတ်ခဲ့စဉ်အချိန်ကတည်းက ထိုဓားပြအုပ်စုတစ်စုလုံးကို သုတ်သင်ပစ်ရန် သူ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။
ရွှီချင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး ဘေးပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သူများ၏ အကြည့်များအောက်တွင် ပင်လယ်ဓားပြအဖွဲ့ဆီသို့ လှစ်ခနဲ ရောက်သွားသည်။ မန္တန်အစီအရင်ပေါက်ကွဲသံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများ ချက်ချင်း လွင့်ပျံလာသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ပင်လယ်ဓားပြခြောက်ယောက်အနက် တချို့က အသတ်ခံလိုက်ရပြီး တချို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည်။ ကျန်ရှိနေသော အတောင်ပံနှင့် လူသားမဟုတ်သူ၏ မျက်နှာအမူအရာတွင် မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်လာသည်။ သူက လေထဲသို့ ထိုးတက်သွားပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော်လည်း ရွှီခနဲ မြည်သံနှင့် ဓားမြှောင်တစ်လက်က လေဟုန်ခွင်း၍ သူ၏မျက်ခုံးမွေးနှစ်ခုကြားသို့ ဖောက်ဝင်သွားကာ လေထဲမှ သူ့ခန္ဓာကိုယ် ပြုတ်ကျလာသည်။
တိုက်ပွဲ ပြီးဆုံးသွားခဲ့လေပြီ။
ဘေးပတ်ဝန်းကျင်မှ အံ့အားတသင့် ရေရွတ်သံများ ထွက်လာသည်။ ထိုအချိန်၌ ဘေးပတ်လည်ရှိ ကျင့်ကြံသူများ၏အကြည့်များက အလွန်လေးနက်နေသည်။ သူတို့အားလုံး ဓားပြအလောင်းများဘေးသို့ ခံစားချက်ကင်းမဲ့နေသည့်အသွင်ဖြင့် လျှောက်သွားသည့် ရွှီချင်းကို အထိတ်တလန့် ကြည့်လိုက်ကြသည်။
ရွှီချင်းက ဘေးပတ်လည်မှ အကြည့်များကို လျစ်လျူရှု၍ ဓားမြှောင်ကို ထုတ်ကာ ပင်လယ်ဓားပြအလောင်းများ၏ ခေါင်းများကို တစ်လုံးပြီးတစ်လုံး ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူ အနားယူနေသော နေရာသို့ ပြန်လျှောက်သွားပြီး ဓားပြများ၏ ခေါင်းများကို အမှတ်အသားတစ်ခုအနေဖြင့် သစ်ပင်ပေါ်၌ ချိတ်ဆွဲထားလိုက်သည်။
ထိုအခြင်းအရာအားလုံးပြီးနောက် ရွှီချင်းက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ချိုင့်ဝှမ်း၏ တခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ထိုနေရာ၌ ကျောက်တုံးကြီးတစ်တုံးရှိနေပြီး ကျောက်တုံးကြီးနောက်၌ ဧရာမမြွေခေါင်းတစ်ခေါင်း ပြူထွက်နေပြီး ထိုမြွေခေါင်း၏အောက်တွင် လူရိပ်တစ်ရိပ် ရှိနေသည်။
“ သူလည်း ဒီရောက်နေတာပဲ ”
ရွှီချင်း သတိထားသွားသည်။ ထိုအဘိုးအိုက အလွန် ထူးဆန်းသည်ကို သူ သိထားသည်။ သူ့မျက်လုံးများ မှေးသွားပြီး ထိုအဘိုးအိုနောက်ရှိ ဧရာမမြွေကြီးကို လှမ်းကြည့်လိုက်သည်။
ထိုအဘိုးအိုသည် ပန်းချွမ်လမ်းရှိ တည်းခိုခန်းမှ အဘိုးအိုကလွဲ၍ တခြားလူမဟုတ်ချေ။ ရွှီချင်းကို သူ မြင်သောအခါဝယ် စိတ်ဓာတ်ကျသွားသည်။
“ ဘာလို့ အဲဒီကလေးက ဒီနေရာကိုလည်း ရောက်လာရတာတုံး ”
သူတို့နှစ်ယောက်က ချိုင့်ဝှမ်းကိုဖြတ်၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပါသော်လည်း အလျင်အမြန် အကြည့်လွှဲသွားကြသည်။
“ ကံဆိုးတာပဲ ”
အဘိုးအိုက ခပ်တိုးတိုးပြောလိုက်ပါသော်လည်း မြွေကြီး၏မျက်လုံးများ ဝင်းလက်သွားသည်။
“ ရွှီ ရွှီ ရွှီ ”
“ မင်းက ဘာလို့ သူ့ကို နှုတ်ဆက်နေရတာတုံး။ မင်း ပြောတဲ့ တရွှီရွှီကို သူက နားမလည်ဘူးကွ ”
အဘိုးအိုက မြွေကို ဒေါသတကြီး မာန်မဲလိုက်သည်။
“ ရွှီ ရွှီ ရွှီ ”
“ ဘာရယ် … သူက မြွေသားကြိုက်တာလား၊ မြွေသည်းခြေကို ကြိုက်တာလားလို့ ငါ့ကို မေးခိုင်းနေတာလား။ မင်း ရူးနေပြီလားဟ။ အဲဒါ မေးစရာလိုလို့လား။ မင်း အခု သတိမထားမိဘူးလား။ သူက မင်း သည်းခြေနေရာကို နောက်ထပ်ကြည့်နေတာကွ ”
“ ရွှီ ရွှီ ရွှီ ”
“ ငါ ပြောတာ မယုံဘူးပေါ့ ”
အဘိုးအိုမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။
“ ရွှီ ရွှီ ရွှီ ”
“ ငါ မင်းကို ကူညီမပေးဘူးကွာ။ ငါ့နောက်ကွယ်က သတ္တမမြောက်တောင်ထိပ်ရဲ့ အသိဉာဏ်ဌာနကို သွားပြီး စာရင်းမသွင်းဘူးလား။ အဲဒီကိုပြန်သွားပြီး အဲဒီကလေးက မြွေဘယ်နှကောင်လောက် သတ်ခဲ့တုံး မင်း ပြန်ကြည့်ကြည့်လိုက်ဦး ”
အဘိုးအိုက သူ့ဘေးရှိ ဧရာမမြွေကြီးကို လျစ်လျူသာ ရှုထားလိုက်ရသည်။ ထိုမြွေက အနှီကလေးကို မြင်လိုက်ကတည်းက ဦးနှောက်ချို့ယွင်းသွားသလိုမျိုး သူ ခံစားနေရသည်။
“ အဲ့မှာ သူ မင်းကို ကြည့်နေတယ်လို့ မင်းတစ်ယောက်တည်း ငြင်းနေလိုက်တော့ဟေ့ ”
ဘာသာပြန်သူမှတ်စု။ ပင်လယ်ဖွတ်ရဲ့ပုံကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။