← Chapters

ငါးဆစွမ်းအားမြှင့်တင်ထားသော ထာဝရဧကရာဇ်လက်သီး

Vol. 9 Ch. 891

ငါးဆစွမ်းအားမြှင့်တင်ထားသော ထာဝရဧကရာဇ်လက်သီး

Vol. 9 Ch. 891

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

ချိန်ဟဲ့ထျန်မှာ ခေါင်းတစ်ခုလုံးချာချာလည်နေလျက် ပင့်သက်ရှိုက်လိုက်သည်။ စောစောက ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းရည်သုံးမျိုးက စွမ်းအားကြီးဝှက်ဖဲဖြစ်၍ တစ်မျိုးကပင် အစောပိုင်းနတ်အဆင့်ရှိ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာသွားစေနိုင်သည်။

သူတို့က ပိုင်ရှောင်ချန်းကို အလေးအနက်သဘောထားခြင်းကြောင့် ထိုကဲ့သို့ ပူးပေါင်းကာ သက်စောင့်တိုက်ကွက်များကို တွေဝေတွန့်ဆုတ်နေခြင်းမရှိဘဲ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ရှင်းမြစ်ခေါင်းဆောင်ကြီးကို ပိုင်ရှောင်ချန်း သတ်ခဲ့သည့်အချက်က သူတို့အတွက် ဒုတိယ စိုးရိမ်စရာသာ ဖြစ်သည်။ ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က ထို့နောက်ပိုင်း သူက သူတို့ကို တန်ပြန်တိုက်ခိုက်ရန် မှော်အတတ်တစ်ခုပြီးတစ်ခု တရစပ်အသုံးပြုခဲ့ခြင်းေကြာင့်ပင်။

ပိုင်ကျိမ်းထျန်မှာ အံ့အားသင့်သွားပြီး တချိန်တည်းမှာပင် မကောင်းသောခံစားချက်တစ်ခု ရလာတော့သည်။ လီရှမ်းတောက်ကလည်း တူညီစွာ ခံစားနေရပြီး အနှီရန်သူက စွမ်းအားကြီးကြောင်း အစထဲက သူ လက်ခံခဲ့ပါသော်လည်း လုံးဝလျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။

" သေစမ်း။ ဒီကောင်က မြေတာအို နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မှ မဟုတ်တာ "

ထိုသည်က နတ်အဆင့်ကျင့်ကြံသူသုံးယောက် တွေးနေသောအရာဖြစ်သည်။ သို့သော် သူတို့အတွက် တွေးရန်ဖြစ်စေ၊ စီစဥ်နေရန်ဖြစ်စေ အချိန်မရှိပေ။ ကောင်းကင်တွင် ပြည့်နှက်နေသော ဧရာမမျက်နှာကြီးက သူတို့၏ စိတ်ဆန္ဒအားနှင်ထုတ်လိုက်ပြီဖြစ်ရာ ယခုအခါ သူတို့အပေါ်သို့ ပြင်းထန်သော ဖိအားများ သက်ရောက်လာတော့သည်။

သူတို့၏နှလုံးသားထဲတွင် ခံပြင်းဒေါသများ လွှမ်းမိုးလာပြီး နောက်ဆုတ်သွားကြသည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ၏ စိတ်ဆန္ဒက အခြားနတ်အဆင့်ကျင့်ကြံသူများ၏စိတ်ဆန္ဒများကို နှင်ထုတ်ပြီး သူတို့အပေါ် ဖိအားများသက်ရောက်သွားစေကြောင်း သဘောပေါက်လိုက်သည်။

သူ အဆင့်တက်ပြီးနောက် သူသည် မိုးကောင်းကင်၊ကမ္ဘာမြေကြီးတို့နှင့် ဆက်သွယ်နေသည်ကို အာရုံရခဲ့သည်။ သို့သော် အရေးကြီးသောအခိုက်အတန့်များကြောင့် သူသည် သူ၏ရန်သူများအား တန်ပြန်တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် ယခုတွင် သူ၏ စွမ်းအားများပေါ်ထွက်လာပြီး သူ့မျက်နှာကြီး မိုးကောင်းကင်တွင် ပြည့်နှက်သွားချိန် နောက်ဆုံးတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရသည်မှာ မည်သည်နှင့်တူကြောင်း ခံစားလိုက်ရလေပြီ။

နတ်အဆင့်ကျင့်ကြံသူများက ကောင်းကင်နှင့်မြေကြီးကို လုံးဝဆက်သွယ်နိုင်ချိန်တွင် သူတို့၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက သူတို့ပတ်ပတ်လည်ရှိ သက်ရှိသက်မဲ့များမှာ တည်ရှိသော စွမ်းအားများအား ဆင့်ခေါ်နိုင်သည်။ အသက်တစ်ရှိုက်ရှူလိုက်သည်က အလွန်ဝေးကွာသော ဒေသများဆီမှ စိတ်စွမ်းအင်များကို စုပ်ယူနိုင်သည်။ အမှန်တွင် နတ်အဆင့်ရှိ လူတစ်ယောက်အတွက် သာမန်အခြေအနေအချိန်အခါမျိုးတွင် စိတ်စွမ်းအင်များ ကုန်ခမ်းသွားရန်မှာ အလွန်ခက်ခဲမည် ဖြစ်သည်။

ထို့ကြောင့် စိတ်စွမ်းအင်ပမာဏများစွာလိုအပ်သော သက်စောင့်သိုင်းကွက်အချို့အား နတ်များက ထပ်ကာထပ်ကာ အသုံးပြုနိုင်သည်။ ဥပမာ ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တု၊ ယခင်က ထိုနည်းလမ်းအား နှစ်ကြိမ်ဆက်တိုက် အသုံးပြုရန် ခက်ခဲခဲ့သော်လည်း ယခုတွင် အလွန်ခြားနားသွားလေပြီ။

သို့ရာတွင် ထိုသည်က ဒုတိယသာ။ အရေးအကြီးဆုံးက သူသည် မိုးကောင်းကင်၊ကမ္ဘာမြေကြီးတို့နှင့် ပေါင်းစည်းသွားပြီး ကောင်းကင်ဘုံ၏ စိတ်ဆန္ဒဖြစ်လာခြင်းပင်။ သူ၏ အတွေးများက ကောင်းကင်ဘုံ၏အတွေးများဖြစ်သည်။ သူက သူ၏ရန်သူများအား အပြစ်ပေးလိုလျှင် ကောင်းကင်ဘုံက သူတို့အား အပြစ်ပေးရမည်ဖြစ်သည်။

ထိုသည်က နတ်အဆင့်ကျင့်ကြံသူများ ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်... နတ်အသွင်ကောင်းကင်စိတ်ဆန္ဒပင်။

ပိုင်ရှောင်ချန်း၏ မျက်နှာကြီး တစတစ ကြီးမားလာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံများ ထစ်ခြုန်းလာကာ မြေငလျင်တို့ အရပ်မျက်နှာတစ်ခွင် လှုပ်ခတ်လာတော့သည်။

နက်ရှိုင်းသော အန္တရာယ်အငွေ့အသက်ကြီးက သူတို့၏ နှလုံးသားများထဲတွင် ပြည့်နှက်သွားသည့်အတွက် နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ မျက်နှာများ ပျက်သွားသည်။ သူတို့မှာ နောက်ထပ်ဆုတ်လိုက်ရပြန်သည်။ သို့သော် သူတို့က အလယ်ပိုင်းနတ်အဆင့်တွင် ဖြစ်ပြီး နှစ်ပေါင်းများစွာ နတ်အဆင့်ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သူတို့တွင် တိုက်ပွဲအတွေ့အကြုံများစွာ ရှိသောကြောင့် အကြောက်တရားများအား ဖိနှိပ်နိုင်ပြီး နောက်ဆုတ်သည့်အခိုက်အတန့်ကို အသုံးချ၍ မန္တန်လက်ကွက်များဖော်ကာ မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် နတ်ဘုရားစွမ်းရည်များအား ထုတ်ဖော်လိုက်ကြသည်။

ချိန်ဟဲ့ထျန်ထံမှ သွေးချီများထွက်ပေါ်လာကာ သွေးလှံရှည်ကြီးကိုင်ဆောင်ထားသော ဧရာမသွေးဘီလူကြီးတစ်ကောင်အသွင်ပြောင်းသွား၏။ ဘီလူးကြီးက ဟိန်းဟောက်မာန်ဖီ၍ ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ်ပြေးဝင်သွားတော့သည်။

ပိုင်ကျိမ်းထျန်သည်လည်း သူ့နည်းတူ မြန်သည်။ သူ့လက်ထဲမှ တိမ်တိုက်များ တလိပ်လိပ်ထွက်လာကာ ကိုးထပ်စေတီတစ်ဆူ ဖြစ်သွားပြီး ပိုင်ရှောင်ချန်းဆီ နိမ့်ဆင်းသွားသည်။

လီရှမ်းတောက်က ထူးဆန်းသော အတတ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူက ညာလက်ကို ဆန့်တန်းလိုက်ရာ ဓားတစ်လက်ပေါ်လာပြီး တချိန်တည်းမှာပင် သူမျက်လုံးများ ရုတ်တရက် ဗလာကျင်းသွား၏။ သို့သော် သူက မျက်စိကျိန်းလောက်သော အမြန်နှုန်းဖြင့် အရှိန်တင်လိုက်ရာ ပိုင်ရှောင်ချန်းထံသို့ ဓားအလင်းတန်းတစ်တန်းအသွင် တိုးဝင်သွားလေသည်။

နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ တိုက်ကွက်များက ကောင်းကင်နှင့်မြေပြင်အား လှုပ်ခတ်သွားစေ၍ အဏ္ဏဝါခေါ်သံဂိုဏ်းရှိလူတိုင်းအား ထိတ်လန့်စိုးရိမ်မှုများဖြင့် ချာချာလည်သွားစေတော့သည်။ သူတို့ထဲမှအများစုမှာ စိတ်ထဲမှာပင် ဆုတောင်းမိလိုက်ကြတော့သည်။

ဖြစ်စဥ်တစ်ခုလုံးကို စိတ်ဖြင့်မှန်းဆနေလျှင်ပင် ကြာနေမည်ဖြစ်သော်လည်း မီးတစ်ခတ်စာအချိန်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ထိုစဥ် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏စွမ်းအားများ ပေါ်ထွက်လာသည်။ သူက ရှေ့တစ်လှမ်းတက်လိုက်ပြီး တစ်ဆက်တည်းမှာပင် လက်ကို လက်သီးအသွင် ဆုပ်လိုက်သည်။

တစ်လောကလုံးတုန်လှုပ်သွားကာ တွင်းနက်ကြီးပေါ်လာသည်။ ထိုတွင်းနက်ကြီးက ပိုင်ရှောင်ချန်း၏ အပြင်အားများ၊ သက်စောင့်အားများအားလုံးကို စုပ်ယူနေသည်။ သူက ရုပ်ပိုင်းဆိုင်ရာအရ မပြောင်းလဲသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် စုတ်ဖြဲခံနေရသည့်အလား ခံစားနေရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မှာရှိသည့်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားလေပြီ။ တချိန်တည်းမှာပင် ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးကား မှေးမှိန်လာပြီး မြင်ရန်ပင် ခက်ခဲသွားသည်။

ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာသည်ကား... ထိုလေပွေအတွင်းရှိ လက်သီးကြီးပင်။

လက်သီးကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ မျက်နှာများ ပျက်သွားပြီး စောစောက မည်သည့်အရာထက်မဆို ကျော်လွန်သော ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကြီးကို ခံစားလိုက်ရသည်။

" အဲဒါ ဘာနတ်ဘုရားစွမ်းရည်တုံး "

" ဘယ်လောက်ကြောက်စရာကောင်းလိုက်တဲ့ ဖိအားကြီးလဲ "

သူတို့က ကြောက်ရွံတုန်လှုပ်နေသည့်တိုင် ကူရာကယ်ရာမဲ့သည့် အခြေအနေသို့ မဆိုက်ရောက်သွားသေးပေ။ အမှန်တွင် သူတို့၏ မြောက်မြားလှသော တိုက်ပွဲအတွေ့အကြုံများက သူတို့ လုံးဝထွက်မပြေးနိုင်ကြောင်း ပြောနေသည်။ သူတို့သာ ထွက်ပြေးခဲ့လျှင် တစ်ခါတည်းချေမှုန်းခံလိုက်ရမည် ဖြစ်သည်။

သူတို့တွင်ရှိသည့် တစ်ခုတည်းသော အခွင့်အရေးမှာ ထိုတိုက်ကွက်နှင့်အတူ ရန်သူ၏ အဟုန်အား ဖျက်စီးရန်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူ၏ စိတ်ဆန္ဒက ပို၍အားကောင်းလာပေမည်။

" သေစမ်းကွာ "

ချိန်ဟဲ့ထျန်က အော်ဟစ်လိုက်သည်။ ထို့နောက် သူက သွေးဘီလူးကြီးနှင့် ပေါင်းစည်းသွားပြီး လှံအား မြှောက်လျက် ပိုင်ရှောင်ချန်းထံ အလောတကြီး ပစ်လွှတ်လိုက်သည်။

ကိုးထပ်စေတီကြီးက အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေပြီး လီရှမ်းတောက်သည်လည်း ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ပေါ်လာကာ သူ့ဓားက ပိုင်ရှောင်ချန်း၏နဖူးထက်သို့ ဦးတည်၍ ပြေးဝင်သွားသည်။

သက်စောင့်တိုက်ကွက်များက နီးကပ်လာစဥ်မှာပင် ပိုင်ရှောင်ချန်းက ခေါင်းမော့လိုက်ပြီး သူ့နောက်ကျောတွင် ဧရာမအရိပ်ကြီးတစ်ခု ဖြစ်တည်လာတော့သည်။

၄င်းက မျက်နှာအမူအရာကင်းမဲ့နေလျက် တော်ဝင်သရဖူနှင့် အင်ပါယာဝတ်ရုံကိုဝတ်ဆင်ထားသော အမျိုးသားဖြစ်သည့်တိုင် မည်သည့်နေရာမှကြည့်သည်ဖြစ်ပါစေ ပိုင်ရှောင်ချန်းနှင့် ချွတ်စွပ်တူနေသည်။

ထိုအရိပ်ကြီးထံမှ တုဖက်မယှဥ်သာအောင် အရှိန်အဝါကြီးမားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ၎င်းသည်ကား ထာဝရဧကရာဇ်လက်သီး၏ သရုပ်သကန်က လွဲ၍ တခြားမဟုတ်ပေ။

ထိုတန်ခိုးအာဏာကြီးမားသော အရိပ်ဧကရာဇ်ကြီးပေါ်လာချိန် ပိုင်ရှောင်ချန်းက လက်သီးချက်အား ပစ်လွှတ်လိုက်သည်။

ကောင်းကင်ကြီး တုန်ခါသွားပြီး မြေပြင်တို့ လှုပ်ခတ်သွားလေသည်။ ထိုမျှသာမက ပိုင်ရှောင်ချန်းသည် တစ်လောကလုံးနှင့် ပေါင်းစည်း၍ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒဖြစ်လာသည့်အတွက် သူတိုက်ခိုက်လိုက်သည်က ကောင်းကင်ဘုံ၏အပြစ်ဒဏ်ပေးခြင်း ဖြစ်နေတော့သည်။

ယခုတွင် သူက ထာဝရအရိုးကို ကျင့်ကြံပြီးသည်ဖြစ်၍ အပြင်အား၏အထိတ်အထွတ်ကို လွယ်လင့်တကူ ထုတ်ဖော်နိုင်လေပြီ။

၄င်းသည်ကား ထာဝရဧကရာဇ်လက်သီး၏ စွမ်းအားငါးဆဖြစ်ပေသည်။

၄င်းသည် ဖျက်စီးခြင်းစွမ်းအား၏ အဆုံးစွန်ဆုံးအဆင့်ဖြစ်သည့်အတွက် လေထုကြီးအား လှိုင်းဂယက်များထသွားစေပြီး ပုံပျက်ရှုံ့တွသွားစေတော့သည်။ ဧရာမအရိပ်ဧကရာဇ်ကြီးက ပိုင်ရှောင်ချန်း၏လက်သီးနှင့် ပေါင်းစည်းသွားကာ ထစ်ခြုန်းမြည်ဟည်းလျက် နတ်အဆင့်ကျင့်ကြံသူသုံးယောက်ထံ ပြေးဝင်သွားတော့သည်။

" ငါတို့ ဒါကို မခုခံနိုင်ဘူး "

ချိန်ဟဲ့ထျန်က လွှတ်ခနဲ ပြောလိုက်သည်။ ထိုသည်က သူ၏အသိစိတ်က သူ့ကို ပြောနေသောအရာပင်။ ထိုစဥ် ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးက လီရှမ်းတောက်အား ထိုးခွင်းလိုက်တော့သည်။

မိုးကောင်းကင်မှာ တသိမ့်သိမ့်တုန်သွားပြီး လီကျင်းတောက်တစ်ကိုယ်လုံး တုန်ရီသွားသည်။ ထို့နောက် သူ့ပါးစပ်မှ သွေးစီးကြောင်းကြီးတစ်ကြောင်း ပန်းထွက်လာ၏။ သူ၏ဓား ကြေမွေပျက်စီးသွားပြီး သူသည် ကြိုးဖြတ်ခံလိုက်ရသော စွန်အလား နောက်သို့ လွင့်စဥ်သွားတော့သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများပန်းထွက်လာသည်ကိုပင် သူ မတားဆီးနိုင်တော့ပေ။

အကြောက်တရားများက သူ့ကို ဝါးမျိုသွား၏။ သူ၏အပြင်ခန္ဓာကိုယ်မှာ ပျက်စီးတော့မတတ်ဖြစ်နေပြီး သူ့ကိုယ်တွင်းရှိ ချီ ထွက်ပေါက် သုံးဆယ်ရာခိုင်နှုန်းခန့် ဖျက်စီးခံလိုက်ရသည့်အတွက် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အံသြစရာကောင်းလောက်အောင် မတည်မငြိမ်ဖြစ်သွားတော့သည်။

" မဖြစ်နိုင်ဘူး "

သူက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သို့ရာတွင် သူ နောက်သို့ဆုတ်လိုက်ချိန် ထာဝရဧကရာဇ်လက်သီးက တစ်စက်လေးပင် မရပ်နားဘဲ ဧရာမသွေးဘီလူးကြီးဖြစ်သော ချိန်ဟဲ့ထျန်ဆီ ဦးတည်သွား၏။

ပထမ သွေးလှံတံကြီး အစိတ်စိတ်အမြွှာမြွှာကျိုးကြေသွားပြီးနောက် ဘီလူးကြီး ပေါက်ကွဲသွားတော့သည်။ ချိန်ဟဲ့ထျန် ပေါ်လာပြီး ကြောင်တောင်တောင်အမူအရာဖြင့် ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်သို့လွင့်ထွက်သွားတော့သည်။

နောက်ဆုံးကား ပိုင်ကျိမ်းထျန်။ သူ၏ ကိုးထပ်တိမ်စေတီကြီးမှာ ထာဝရဧကရာဇ်လက်သီးချက် ထိမှန်သွားသည်တွင် တစ်ထပ်ပြီးတစ်ထပ် ကြေမွလာတော့သည်။ ပိုင်ကျိမ်းထျန်ကိုယ်တိုင် သီသီလေးလွတ်သွားသည့်တိုင် သူ့ပါးစပ်မှသွေးများ ပန်းထွက်သွား၏။ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေကာ မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေပြီး သူက ဟန်ချက်ပျက်နေသည့်ကြားမှ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာလိုက်သည်။

All Chapters