အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁) - မှော်ဖုန်း
“ဖုန့်ချင်းယီ ညစာစားဖို့အချိန်ရောက်ပြီ။”
အခန်းတံခါးခေါက်သံနှင့် အခန်းအပြင်ဖက်ဆီမှ အော်နှိုးသည့်အသံကြောင့် ဖုန့်ချင်းယီတစ်ယောက် အိပ်ပျော်ရာမှ နိုးလာခဲ့သည်။
ဖုန့်ချင်းယီသည် ငှက်သိုက်လို ရှုပ်ပွနေသော ခေါင်းဖြင့် အိပ်ရာထဲမှ တွန့်ဆုတ်စွာ ထကာ အခန်းတံခါးကို ဖွင့်လိုက်သည်။
“နင် သေချင်နေတာလား။”
ဖုန့်ချင်းစီသည် သူ့အမွှာညီမကို ရွံရှာသလို စိုက်ကြည့်နေသည်။
“ရှစ်နာရီခွဲနေပြီ၊ နင် ဒီအချိန်မှ မနက်စာ မစားသေးဘူးဆိုရင် သေလုမတတ် ဗိုက်ဆာနေလိမ့်မယ်။”
ဖုန့်ချင်းယီက သူ့ကို စိုက်ကြည့်နေသည်။
“ငါ့ဖုန်း ဘယ်မှာလဲ။ ငါ့ဖုန်း ပြန်ပေး။”
ဖုန်းအကြောင်းကိုပြောတော့ ဖုန့်ချင်းစီသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
မနေ့က သူ့ညီမရဲ့ မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့ရင်း သူ့အဖေသောက်လေ့သောက်ထရှိတဲ့ ဖန်ခွက်ကြီးထဲကို မတော်တဆ ထွက်ကျသွားခဲ့သည်။
သူ ဖုန်းကို အမြန်ကောက်ယူလိုက်သော်လည်း တုံ့ပြန်မှု မရှိတော့ပေ။
“ငါ့ကိုရှင်းပြခွင့်ပေးပါဦး… မဟုတ်ဘူး၊ ငါ ရှင်းပြတာကို နားထောင်ပေးပါ။ နင့်ဖုန်းအရည်အသွေးက အရမ်းညံ့တယ်။ မနေ့က ငါ ဂိမ်းနှစ်ခါပဲ ကစားရသေးတယ်၊ အဲ့တာကို ပျက်သွားတယ်။”
“ငါ့ကို ဘာဖြစ်သွားတယ်ဆိုတာ အမှန်တိုင်းပြော”
သူမ ဒီဖုန်းအသစ်ကိုဝယ်ဖို့ ယွမ် ၇၈၀၀ သုံးစွဲခဲ့ကာ သူမ သုံးနေတာ တစ်ပတ်တောင် မပြည့်သေးဘူး။ အဲ့တာက ဘယ်လိုလုပ်ပြီး ပျက်သွားနိုင်မှာလဲ။ သူက သူမကို အရူးလို့ထင်နေတာလား။
ဖုန့်ချင်းစီသည် ဖုန့်ချင်းယီ၏ ဖုန်းအသစ်ကို အားနည်းစွာ ထုတ်ယူလိုက်သည်။
“ညီမလေး ငါ ဒီဟာကို ရည်ရွယ်ရှိရှိလုပ်တာ မဟုတ်ပါဘူး။ ငါ ဖုန်းကို ရေခွက်ထဲ မတော်တဆ ထွက်ကျသွားခဲ့ပြီးတော့ ဒီလို ဖြစ်သွားတာပဲ။”
ဖုန့်ချင်းယီ၏ အကြည့်သည် ဖုန့်ချင်းစီ၏ မျက်နှာပေါ်တွင် ကျောက်ချနေခဲ့သည်။
“ဒီလောက်ကြီးတဲ့ ဖုန်းတစ်လုံးကို ဆန့်တဲ့ ရေခွက် ငါတို့အိမ်မှာ ရှိတယ်ပေါ့လေ၊ ငါ့ကို ယုံအောင် ပြောစမ်း။”
ဖုန့်ချင်းစီ - “အင်း… အဖေ့ရဲ့ ရေနွေးခွက်ကြီးလေ။”
ကောင်းပြီ၊ သူမ အပြောစောလွန်းသွားခဲ့တာပဲ။ သူမဖခင်၏ ရေနွေးခွက်ကြီးက ဖုန်းတစ်လုံးပင် မပြောနဲ့ဦး၊ နောက်ထပ် နှစ်လုံးလောက်ပင် ထပ်ထည့်လို့ ရနိုင်ပေသည်။
“ဒါက ဒီလိုဖြစ်သွားတယ်ဆိုတော့ ငါ နင့်ကို အဲ့တာနဲ့ အတိအကျတူတဲ့ ဖုန်းတစ်လုံးကို ဝယ်ပြီး ပြန်လာဖို့ အချိန် နာရီဝက် ပေးလိုက်မယ်။”
ဖုန့်ချင်းစီကို တံခါးဝမှ ကန်ထုတ်ပြီးနောက် ဖုန့်ချင်းယီသည် ထမင်းကြော်ကို ဖြည်းဖြည်းချင်း အရသာခံစားသောက်ခဲ့သည်။
သူမ၏ အစ်ကိုက စိတ်မချရပေမယ့် ဟင်းချက်ကောင်းတယ်လို့ပြောရမယ်။
နာရီဝက်အကြာတွင် ဖုန့်ချင်းစီသည် ပလတ်စတစ်အိတ်တစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။
တံခါးဖွင့်သံကိုကြားတော့ ဖုန်းချင်းယီသည် ဧည့်ခန်းထဲသို့ အမြန်ဝင်လာခဲ့သည်။
“ရော့ နင့်အတွက်”
ဖုန့်ချင်းစီသည် ပလတ်စတစ်အိတ်ကို ဖုန့်ချင်းယီထံသို့ လှမ်းပစ်ပေးလိုက်သည်။
ဖုန့်ချင်းယီက ပလတ်စတစ်အိတ်ကို ဖွင့်ပြီး ကြည့်လိုက်တော့ သူမ တစ်သက်နှင့်တစ်ကိုယ် ဒီဖုန်းလောက် စုတ်ပြတ်သတ်နေတဲ့ ဖုန်းမျိုးကို လုံးဝ မမြင်ဖူးဘူး။
ဖုန်း၏ ဖန်သားပြင်သည် အလွန်ပျက်စီးသွားသဖြင့် မူလအသွင်အပြင် လုံးဝ မမြင်နိုင်တော့ဘဲ ထောင့်စွန်းနားလေးတွေလည်း လုံးဝ မှေးမှိန်နေခဲ့သည်။ ဒီလိုအမှိုက်မျိုးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး။
“ဖုန့်ချင်းစီ၊ နင့်အသက်ကို နင်ထပ်မလိုချင်တော့ဘူးလား။ ငါ့ဖုန်းအသစ်က ယွမ် ၇၈၀၀ ပေးရတယ်၊ အခု နင်က ငါ့ကို ဒီလိုအစုတ်အပြတ်မျိုးနဲ့ အရူးလုပ်ဖို့ ကြိုးစားနေတာလား။”
ဖုန့်ချင်းယီတစ်ယောက် သောင်းကျန်းတော့မှာကိုမြင်တော့ ဖုန်းချင်းစီသည် သူ့အခန်းထဲသို့ အမြန်ဆုံးအရှိန်ဖြင့် ပြန်ပြေးသွားခဲ့သည်။
တိုက်ခိုက်မှု၏ စွမ်းပကားမှာ သူက သူ့ရဲ့ နူးညံ့သိမ်မွေ့ပုံရတဲ့ ညီမလေးလောက် မတော်ပါဘူး။
“ချင်းယီ နင့်ရဲ့ ဆင်းရဲတဲ့ အစ်ကိုကြီးက ဒီယွမ် ၂၀ တန် ဖုန်းကိုပဲ တတ်နိုင်တာကို နင်လည်း သိပါတယ်ဟာ။”
“ငါ နင့်ဖုန်းကို ပြင်ဆိုင် ပို့ပေးထားတယ်။ အခုတော့ ဒီဖုန်းလေးကို သုံးထားပါဦး။”
ဖုန့်ချင်းယီသည် ဒေါသအရမ်းထွက်နေခဲ့သည်။ သူမမှာ ဘာဖြစ်လို့ အရမ်းမနှစ်မြို့ချင်စရာကောင်းတဲ့ ဒီလို အစ်ကိုမျိုး ရှိနေရတာလဲ။
သူမ၏ ပညာသင်ဆုနဲ့ ဝယ်ယူထားတဲ့ ဖုန်းအသစ်လေးက သူမလက်ထဲရောက်တာ သုံးရက်ပဲ ရှိသေးတာကို သူမ အစ်ကို ခွဲပစ်လိုက်ပြီ။
ဖုန့်ချင်းယီသည် ပလတ်စတစ်အိတ်ထဲမှ ပျက်စီးနေသော ဖုန်းကို ရွံရှာစွာဖြင့် ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်ရန် ပြင်ဆင်လိုက်သည်။
ဒါပေမယ့် သူမ ကောက်ယူပြီးတာနဲ့ မှော်ဆန်တဲ့ မြင်ကွင်း တစ်ခု ဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘူး။
မူလက အပိုင်းပိုင်း ကွဲကြေနေသော ဖုန်းမျက်နှာပြင်သည် မှော်အစွမ်း အသုံးပြုလိုက်သကဲ့သို့ သူ့အလိုလို ချက်ချင်းပြုပြင်သွားခဲ့သည်။
သူမ ဒါကို မျက်မြင်တွေ့လိုက်ရလေ၏။
ဖုန့်ချင်းယီသည် ဖုန်းကို စားပွဲပေါ်တင်ကာ သူမ၏ မျက်လုံးကို ပွတ်ပြီး ဂရုတစိုက် ပြန်ကြည့်လိုက်သည်။
အသစ်စက်စက် ဖုန်းအနက် တစ်လုံးသည် စားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။
ဒါက မှော်အစွမ်းများလား။
“ဖုန့်ချင်းစီ အခုချက်ချင်း အပြင်ကို ထွက်လာခဲ့၊ တစ်ခုခုတော့ ဖြစ်သွားပြီ။”
ဒါပေမယ့် ဖုန့်ချင်းစီကတော့ သူ့အခန်းထဲမှာ နားကြပ်တပ်ပြီးရှိနေတာဆိုတော့ သူမ အော်ခေါ်သံကို မကြားရဘူး။
ဖုန့်ချင်းယီသည် သူမ၏ ဖုန်းကို ကောက်ကိုင်ပြီး သူမ၏ အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ဖုန်းကဒ်ကို ထည့်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။
ဖုန်းကို ပါဝါဖွင့်ပြီးကြည့်လိုက်တော့ ဖုန်းပေါ်မှာ အက်ပ်စတိုးကလွဲလို့ ဘာမှ မရှိဘူး။
ဖုန်းက အရမ်းသန့်တယ်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စနစ်နဲ့ ပါလာတဲ့ ဆော့ဖ်ဝဲလ်တချို့တော့ ရှိနေရမယ် မဟုတ်လား။
ထားလိုက်ပါတော့၊ ဒါက ဖုန်းအစုတ်ကနေ ဖုန်းအသစ်ကို ပြောင်းလဲသွားခဲ့တာဆိုတော့ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အကြောင်းတရာ တချို့ ဖြစ်ပေါ်လာခြင်းက ပုံမှန်ပါပဲ။
ဖုန့်ချင်းယီသည် အိမ်ရှိ အင်တာနက်ကို လျင်မြန်စွာ ချိတ်ဆက် အက်ပ်စတိုးသို့ဝင်ရောက်ကာ အသုံးများသော ဆော့ဖ်ဝဲလ်များစွာကို ဒေါင်းလုဒ်လုပ်ခဲ့သည်။
သူမကို အံ့အားသင့်သွားစေတဲ့ ကိစ္စကတော့ ၂၀၀ အမ်ဘီ ရှိတဲ့ ဝီချက်အက်ပ်ကို နှစ်စက္ကန့်အတွင်း ဒေါင်းလုဒ်လုပ်ခဲ့တာက မည်သို့သော အမြန်နှုန်း ဖြစ်သနည်း။
ထို့နောက် ဖုန့်ချင်းယီသည် နောက်ထပ် ဆော့ဖ်ဝဲလ်အနည်းငယ်ကို ဒေါင်းလုဒ်လုပ်ခဲ့ပြီး ၎င်းတို့အားလုံးကို ဒေါင်းလုဒ်ခလုတ်ကိုနှိပ်လိုက်ရုံဖြင့် ချက်ချင်းဆိုသလို ထည့်သွင်းခဲ့လေသည်။
ကြည့်ရတာ သူမ၏ အစ်ကိုသည် တစ်နေရာကနေ အသစ်တီထွင်ထားသော နည်းပညာမြင့် မိုဘိုင်းလ်ဖုန်းတစ်လုံးကို ဝယ်ယူလာခဲ့သည့်ပုံပင်။ ဖုန်း၏ လုပ်ဆောင်ချက် အရမ်းချောမွေ့နေသည်ကို ထောက်ရှုပြီး လောလောဆယ် သူနှင့် ငြင်းခုံရန်ဖြစ်နေမည်မဟုတ်ပေ။
ဖုန့်ချင်းယီသည် ဖုန်းကို အချိန်အတော်ကြာအောင် အထပ်ထပ် အခါခါ ကြည့်ပြီး အွန်လိုင်းတွင်ပင် စစ်ကြည့်ခဲ့သော်လည်း ၎င်းသည် မည်သည့်အမှတ်တံဆိပ်ဖြစ်သည်ကို မသိရှိရပေ။
ထားလိုက်ပါတော့၊ ဒါက အလုပ်ဖြစ်နေသရွေ့ အဆင်ပြေတာပဲ။ သူမ ဒါကို ရက်အနည်းငယ်လောက် အသုံးပြုရုံပါပဲ။
သူမ၏ ဖုန်းအဟောင်းလောက် ကြည့်မကောင်းပေမယ့် စွမ်းဆောင်ရည်ကတော့ အတော်လေး ကောင်းမွန်သည်။
ဖုန့်ချင်းယီသည် သူမ၏ ဝီချက်အကောင့်ထဲသို့ ဝင်ရောက်ခဲ့ပြီး သူမ အစ်ကို၏ လျှပ်ပြာပြာနိုင်သော လုပ်ရပ်များအကြောင်းကို သူမ၏ အချစ်ဆုံး သူငယ်ချင်းထံ တိုင်ကြားခဲ့သည်။
မက်ဆေ့ချ်ပို့ပြီးနောက် - ဖုန့်ချင်းယီသည်သူမ၏ အခန်းဖော်များထံမှ ပြန်အဖြေကို စောင့်ဆိုင်းနေသော်လည်း သူမသည် မက်ဆေ့ချ်ကို လူမှားပို့ခဲ့မိကြောင်း ရုတ်တရက် သိလိုက်ရသည် - ပရိုဖိုင်အလွတ်ဖြင့် သူစိမ်းတစ်ယောက်ထံ မက်ဆေ့ချ်ပို့လိုက်မိသည်။
ဖုန့်ချင်းယီသည် အလွန်လျင်မြန်စွာဖြင့် မက်ဆေ့ချ်ကို ပြန်ဖျက်ဖို့လုပ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမတွင် လျင်မြန်သော လက်တစ်စုံ ရှိလေသည်။
နေပါဦး၊ ဒါက သူမ၏ ကိုယ်ရေးကိုယ်တာဝီချက်အကောင့်ဖြစ်ပြီးတော့ သူမသည် မည်သည့်သူစိမ်းကိုမှ သူငယ်ချင်းအဖြစ် မထည့်သွင်းခဲ့ပါ။
ဒါဆို အမည်နာမ ဖော်ပြထားခြင်း မရှိတဲ့ ပရိုဖိုင်အလွတ်နဲ့လူက ဘယ်သူလဲ။
ဖုန့်ချင်းယီက မေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
(ချင်းယီ - ရှင် ဘယ်သူလဲ။)
ဖုန့်ချင်းယီသည် သူမ၏ အခန်းဖော်များနှင့် အချိန်အတော်ကြာ စကားပြောဆိုနေခဲ့သော်လည်း ထိုလူထံမှ အကြောင်းပြန်လာခြင်းမရှိသောကြောင့် သူငယ်ချင်းစာရင်းမှ ထိုလူကို ဖျက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထူးဆန်းတာက သူမ အကြိမ်ပေါင်းများစွာ ဖျက်လိုက်ပေမယ့် သူမ ထိုလူကို သူငယ်ချင်းစာရင်းကနေ ဘယ်လို မဖျက်နိုင်ခဲ့ပါဘူး။
သူမအစ်ကိုက ဒီထူးဆန်းတဲ့ဖုန်းကို ဘယ်နေရာကနေ ဝယ်လာခဲ့မှန်း သူမတော့ တကယ် မသိဘူး။
ဖုန်းချင်းယီက လက်လျှော့လိုက်ပြီး ဒီအတိုင်းပဲ ထားလိုက်တော့သည်။
ထျန်းချီအင်ပါယာ၊ နယ်စပ်စခန်း။
တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သူကြီးလေးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
သူ့လက်ထဲတွင် စစ်ပွဲမှ အသစ်စက်စက် သိမ်းယူရရှိခဲ့သော အနက်ရောင် သေတ္တာလေး တစ်ခု ရှိနေသည်။
ထိုလူ၏ မျက်နှာသည် ကျောက်စိမ်းနှင့်တူသည်၊ သူ့ရုပ်ဆင်းသွင်ပြင် ထင်ရှားပြတ်သားပြီး တုနှိုင်းမဲ့သည်။ သူ၏ မှင်ရည်လိုမျက်ဝန်းတွေက သီးခြားဆန်ပြီး အေးစက်သည်။
သူ၏ ပါးလွှာသော နှုတ်ခမ်းများသည် တင်းတင်းစေ့နေပြီး အနည်းငယ် မျက်မှောင်ကြုတ်နေကာ သူ၏ သွယ်လျသော လက်ချောင်းတွေက အနက်ရောင် သေတ္တာလေးပေါ် အသာအယာ ပုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင် သေတ္တာလေးက အနည်းငယ် တုန်ခါသွားခဲ့သည်။
ထိုလူသည် ရုတ်တရက် တောက်ပလာသော သေတ္တာလေးကိုကြည့်ပြီး အံ့အားသင့်သွားပုံရသည်။
သေတ္တာလေးပေါ်မှာ စာကြောင်း နှစ်လုံး ပေါ်လာခဲ့သည်။
“ချင်းယီ” က မက်ဆေ့ချ်ကို ပြန်ဖျက်ခဲ့သည်။
ဘယ်သူလဲ။
ဒါက ရန်သူတွေရဲ့ ထောက်လှမ်းရေးအတွက် နည်းလမ်းသစ်တစ်ခုလား။
“စစ်သူကြီး၊ နာမူချီက တွေ့ခွင့်တောင်းနေပါတယ်” တဲအပြင်ဖက်ကနေ ခပ်ပြတ်ပြတ် သတင်းပို့သံ တစ်သံကို ကြားလိုက်ရသည်။
“ဝင်ခဲ့ပါ။”
နာမူချီသည် တဲထဲသို့ ဝင်လာပြီး ထိုလူကို ဦးညွှတ်လိုက်သည်။
“စစ်သူကြီး၊ လက်ထောက်စစ်သူကြီးလင်းက ချန်ရွှီကွမ်းမှာ ရန်သူကို အနိုင်ယူနိုင်ခဲ့ပါတယ်။ သူက အခု အပြင်ဖက်မှာ စခန်းချနေပြီး စစ်သူကြီးရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်။”
ထိုလူ၏ မျက်နှာသည် အမူအရာ ကင်းမဲ့စွာ ရှိ၏။ “အင်း၊ သူတို့ကို သုံးရက်လောက် အနားယူပြီး အားမွေးဖို့ ပြောလိုက်ချေ။”
“ဟုတ်ကဲ့၊ ကျွန်တော် သူတို့ကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်” နာမူချီက တုံ့ပြန်ခဲ့သည်။
“နာမူ၊ မင်းက ခရီးထွက်ဖူးတာများတော့ ဗဟုသုတ ပြည့်စုံတယ်။ မင်း ဒီလိုဟာလေးကို အရင်တုန်းက မြင်ဖူးလား” ထိုလူသည် သူ့လက်ထဲမှ အနက်ရောင် သေတ္တာလေးကို နာမူချီထံ လက်ကမ်းပေးလိုက်သည်။
နာမူချီသည် သေတ္တာလေးကိုယူပြီး ပတ်ပတ်လည်ကို သေချာ ဂရုတစိုက် စစ်ဆေးကြည့်သော်လည်း ဘာမှ မမြင်ရပေ။
“စစ်သူကြီးကို သတင်းပို့ပါတယ်၊ ကျွန်တော် ဒါကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါက ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။”
“ကောင်းပြီ၊ မင်း အခု ထွက်သွားနိုင်ပြီ။”
ဤသည်မှာ မြောက်ပိုင်းချီမင်းဆက်ထံမှ သတင်းစကား ပေးပို့သည့် ပစ္စည်းတစ်ခု ဖြစ်ဖွယ်ရှိသည်။ ဒါကို သေချာ ဂရုတစိုက် စစ်ဆေးကြည့်ဖို့ လိုအပ်ပေသည်။
***
အခန်း (၂) - အသိမဟုတ်သော သူ
နာမူချီ ထွက်သွားသည်နှင့် တပြိုင်နက် မှိန်ဖျော့သွားသော သေတ္တာလေးသည် တောက်ပလာပြန်သည်။
ထိုလူက ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်နှင့် အနက်ရောင် သေတ္တာလေးပေါ်တွင် အံ့အားသင့်ဖွယ်ကောင်းစွာ စာသားများ အပြည့်ပေါ်လာခဲ့သည်။
အပေါ်ဆုံးစာကြောင်းသည် ကြီးမားသော စာလုံးများဖြင့် ရေးသားထားသည် - “မိုဘိုင်းလ်ဖုန်း အသုံးပြုသူ လမ်းညွှန်”
ဒါဆို ဒီသေတ္တာလေးကို မိုဘိုင်းလ်ဖုန်းလို့ခေါ်ဆိုပေသည်။
၎င်းကို အသုံးပြုပြီး မိုင်ထောင်ချီဝေးကွာသောနေရာမှ လူများနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်သည်မှာ - တကယ့်ကို မယုံနိုင်စရာပင်။
အသုံးပြုသူလမ်းညွှန်ကိုဖတ်ပြီးနောက် ထိုလူသည် ၎င်းဖုန်းရှိ တစ်ခုတည်းသော အိုင်ကွန်ကို နှိပ်လိုက်သည်။
၎င်းကိုနှိပ်ပြီးနောက် သူသည် “ချင်းယီ” ထံမှ ပေးပို့ထားသော မက်ဆေ့ချ်ကို တွေ့မြင်ခဲ့သည်။
ဤ “ချင်းယီ” သည် သူ့ထံမှ သတင်းအချက်အလက်ကို ရရှိရန် ဒီမိုဘိုင်းလ်ဖုန်းကို အထူးတလည် အသုံးပြုခဲ့သော မြောက်ပိုင်းချီမင်းဆက်မှ ဖြစ်နိုင်ပါသလား။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထိုလူက စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
(- မင်း ဘယ်သူလဲ။)
(ချင်းယီ - ရှင်က ကျွန်မရဲ့ ဝီချက်စာရင်းတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ကျွန်မ ရှင့်ကို သူငယ်ချင်းစာရင်းကနေ ဘယ်လိုဖျက်ဖျက် မဖျက်နိုင်ခဲ့ဘူး၊ ရှင်က ကျွန်မကို ဘယ်သူလဲလို့တောင် မေးရဲတယ်ပေါ့လေ။)
(- မင်း ဘာအကြောင်းကိုပြောနေတာလဲဆိုတာ ကျွန်တော် မသိဘူး။)
(ချင်းယီ - ရှင် တစ်ယောက်ယောက်ကို နာမည် မမေးခင် ကျေးဇူးပြုပြီး ကိုယ့်နာမည်ကို အရင်မိတ်ဆက်သင့်တယ်။)
(- ချင်ယွီချွမ်)
(ချင်းယီ - …)
နာမည်က အတော်လေးကောင်းပေမယ့် သူမ သူ့ကို မသိဘူး။
(- မင်းပြောချင်တာက ဘာလဲ။)
(ချင်းယီ - တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်ကို မသိဘူး။ ရှင်က ပေကျင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်လား။)
သူမ၏ လူမှုအသိုင်းအဝိုင်းသည် ကျောင်းရှိ ကျောင်းသားများမှလွဲ၍ အခြားမရှိနိုင်ပေ။ သူမ၏ ဝီချက်ကို သူမ၏ အခန်းဖော်တစ်ဦးထံမှ ပေါက်ကြားသွားတာ ဖြစ်နိုင်သည်။
(- ပေကျင်းတက္ကသိုလ်က ဘာလဲ။)
ချင်ယွီချွမ်သည် သူနှင့် မက်ဆေ့ချ်ပို့နေတဲ့သူက အရမ်းထူးဆန်းတယ်လို့ ခံစားရသည်။
ဥပမာအားဖြင့် ဝီချက်၊ ပေကျင်းတက္ကသိုလ်နှင့် ဝါကျတိုင်းတွင် ထူးဆန်းသော သင်္ကေတများ ရှိလေသည်။
သူက သူ့နာမည်ကိုတောင် သူတို့ကို ပြောပြီးပြီ။ တကယ်လို့ သူတို့သာ မြောက်ပိုင်းချီမင်းဆက်ကဆိုလျှင် ဘယ်သူမဆို သူကို သိပေလိမ့်မည်။
သူသည် ထျန်းချီတစ်ခွင်တွင် နာမည်ကျော်ကြားသော စစ်သူကြီးတစ်ဦးဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို မသိဘူး။
ဒါက သူတို့ ဟန်ဆောင်နေတာ ဖြစ်နိုင်ခြေများတာမို့ သူ ဆက်လက် စမ်းသပ်ကြည့်ဖို့ လိုအပ်ပါသည်။
(ချင်းယီ - ရှင်က ပေကျင်းတက္ကသိုလ်ကိုတောင် မသိဘူးလား။)
ပေကျင်းတက္ကသိုလ်သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သောကြောင့် အနည်းဆုံးတော့ သူ မျက်နှာသာပေးသင့်ပေသည်။
(- ငါ အဲ့တာကို သိသင့်တယ်လား။)
(ချင်းယီ - … ကျွန်မ ဒါကို ဘယ်လိုပြောသင့်လဲဆိုတော့ တရုတ်နိုင်ငံကလူတိုင်း သိသင့်တယ်လေ။)
ချင်ယွီချွမ်သည် “တရုတ်နိုင်ငံ” ဟူသော စကားလုံးကို သတိပြုမိလိုက်သည်။ အဆုံး၌ တစ်ဖက်လူမှာ တရုတ်နိုင်ငံမှ ဖြစ်သည်။
ဒီတရုတ်နိုင်ငံက ဘယ်မှာလဲ။ သူ ဘာဖြစ်လို့ ဒါကို တစ်ခါမှ မကြားဖူးတာလဲ။
(ချင်းယီ - အစ်ကိုကြီး၊ ရှင် မသိရင်လည်း အဆင်ပြေပါတယ်၊ ကျွန်မ ရှင့်ကို မလှောင်ပါဘူး။)
(ချင်းယီ - ကျွန်မမှာ လုပ်စရာရှိသေးတယ်၊ ဒါကြောင့် ကျွန်မ အားတဲ့အခါကျမှ စကားဆက်ပြောကြတာပေါ့။)
ချင်ယွီချွမ်သည် ဖုန့်ချင်းယီထံမှ ပေးပို့သော မက်ဆေ့ချ်ကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ရှိသည်။
တစ်ဖက်လူမှာ မြောက်ပိုင်းချီမင်းဆက်မှ မဟုတ်ပုံရသည်၊ ဒါပေမယ့် အဲဒီတရုတ်နိုင်ငံဆိုတာ ဘာလဲ။ သူ ဒါကို အသေအချာ စုံစမ်းဖို့ လိုအပ်သည်။
ချင်ယွီချွမ်နှင့် စကားပြောအပြီးတွင်၊ ဖုန့်ချင်းယီသည် သူမ၏ ဖုန်းတွင် လျှို့ဝှက်ဆန်းကြယ်သောစတိုးဆိုင် တစ်ဆိုင် ရှိနေကြောင်း တွေ့ရှိခဲ့သည်။
ဖုန့်ချင်းယီက ၎င်းကို နှိပ်လိုက်သောအခါတွင် စာကြောင်း တစ်ကြောင်း ရုတ်တရက် ပေါ်လာခဲ့သည်။
“လျှို့ဝှက်ဆန်းကြယ်သောစတိုးဆိုင်ကို ဖွင့်လှစ်ရန် ၁၀ မှတ် လိုအပ်ပါသည်၊ သင့်မှာ အခုလောလောဆယ် ၁၀ မှတ် ရှိပါသည်၊ စတိုးဆိုင်ကို ဖွင့်လှစ်လိုပါသလား။”
သူ့ကြည့်ရတာ အတော်လေး အဆင့်မြင့်ပုံရသည်။ ဖုန့်ချင်းယီက “ဖွင့်လှစ်လိုသည်” ကို ကလစ်နှိပ်လိုက်သည်။
“လျှို့ဝှက်ဆန်းကြယ်သောစတိုးဆိုင်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ၊ ( ၁၀ ) မှတ် နုတ်ယူသွားပါပြီ၊ သင့်မှာ အခု ( ၀ ) မှတ်သာ ကျန်ရှိပါတော့သည်။”
ဖုန့်ချင်းယီသည် ဤလျှို့ဝှက်ဆန်းကြယ်သောစတိုးဆိုင်ကို တစ်ချက်ကြည့်လိုက်ရာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
စတိုးဆိုင်တွင် ပထမအတန်းကိုသာ သော့ဖွင့်ထားပြီး ထူးဆန်းသော ပစ္စည်းအချို့ကို ပြသထားသည်။
ဥပမာအားဖြင့် ဉာဏ်ရွှင်ဆေး၊ အလှတိုးဆေး၊ စိတ်သန့်စင်ဆေး စသည်တို့ဖြစ်သည်။
ဖုန့်ချင်းယီသည် ဉာဏ်ရွှင်ဆေးကို တစ်ချက် ထိပြီး ပစ္စည်းအညွှန်းကို ကြည့်လိုက်သည်။
“သုံးရက်တာ၊ ခရေစေ့တွင်းကျ မှတ်သားနိုင်တဲ့ မှတ်ဉာဏ် ရရှိမယ်၊ အဆုံးမရှိသော စွမ်းအင်တွေနဲ့ အချိန်တိုတိုအတွင်း သင့်ရဲ့ သင်ယူမှုစွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာပါလိမ့်မည်။ ဈေးနှုန်း - အမှတ် ( ၁၀၀ ) “
ခရေစေ့တွင်းကျ မှတ်သားနိုင်တဲ့ မှတ်ဉာဏ်၊ အဲ့တာက တကယ်ပဲ အစွမ်းထက်နိုင်ပါ့မလား။
ဖုန့်ချင်းယီသည် အနည်းငယ် သံသယရှိသောကြောင့် ၎င်းဘေးရှိ ဈေးဝယ်ခလုတ်ကို နှိပ်လိုက်သော်လည်း ရလဒ်မှာ အမှတ်မလုံလောက်ကြောင်း ပြသလာခဲ့သည်။
ဒီအမှတ်တွေကို ဘယ်လိုရှာရမလဲ။ ဒီလျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်ကို ဖွင့်လှစ်ရာတွင် အမှတ် ( ၁၀ ) မှတ် နုတ်ယူလိုက်ပုံရတယ်။
အဲဒီ ( ၁၀ ) မှတ်က ဘယ်က ရတာလဲ။ အလိုအလျောက် ဆုချီးမြှင့်ခံထားရတာလား။
ဖုန့်ချင်းယီ ဂရုတစိုက် စစ်ဆေးကြည့်လိုက်တော့ “အမှတ်မလုံလောက်ပါ” ရဲ့ ဘေးမှာ “အမှတ်များ ရယူရန် နည်းလမ်း” ကို တွေ့လိုက်တာကြောင့် သူမ နှိပ်ကြည့်လိုက်မိသည်။
“အမှတ်များရယူရန် နည်းလမ်း ( ၁ ) - ချင်ယွီချွမ်နှင့် စကားပြောခြင်း၊ ဖုန်းပြောခြင်း သို့မဟုတ် ဗီဒီယိုကောလ်ခေါ်ဆိုခြင်း။
စကားပြောခြင်းအတွက် ( ၁၀ ) မှတ်၊ ဖုန်းပြောခြင်းအတွက် ( ၅၀ ) မှတ်၊ ဗီဒီယိုကောလ်ခေါ်ဆိုခြင်းအတွက် ( ၁၀၀ ) မှတ်။ အကြောင်းအရာ တစ်ခုစီကို တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အများဆုံး ရမှတ်မှာ အမှတ် ( ၁၆၀ ) ဖြစ်ပါသည်။
အမှတ်များ ရယူရန် နည်းလမ်း ( ၂ ) - တိုင်းပြည်ကို အကျိုးပြုပါ၊ လူအဖွဲ့အစည်းကို အကျိုးပြုပါ၊ တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုသူ ဖြစ်ပါစေ။
ဒါက အရံမစ်ရှင်ဖြစ်ပြီး ကျပန်းထုတ်ပေးမည်ဖြစ်ကာ ရရှိသော အမှတ်များသည် အခြေအနေအပေါ် မူတည်ပြီး ဆုချီးမြှင့်ပေးသည်။”
ဒါက ဘယ်လိုမျိုးလဲ။
ချင်ယွီချွမ်နှင့် စကားပြောခြင်း၊ ဖုန်းပြောခြင်း သို့မဟုတ် ဗီဒီယိုကောလ်ပြောတာနဲ့ အမှတ်တွေကို ရနိုင်မှာလား။ သူ့ကြည့်ရတာ တုံ့ပြန်မှု အနည်းငယ်နှေးတဲ့ပုံပဲ။
ပြီးတော့ အရံမစ်ရှင်က ပိုလို့တောင် ရှုပ်ထွေးနေပြန်တယ်၊ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုပါ၊ ကျပန်းထုတ်ပေးတာလား။
ဖုန့်ချင်းယီသည် ခရေစေ့တွင်းကျ မှတ်သားနိုင်တဲ့ ဉာဏ်ရွှင်ဆေးကို အနည်းငယ် စိတ်ဝင်စားသော်လည်း သူစိမ်းတစ်ဦးကို အသံ သို့မဟုတ် ဗီဒီယိုကောလ်ခေါ်ဆိုဖို့ လုပ်ဆောင်ခြင်းသည် အရမ်းလွန်ကျူးသည်ဟု ယူဆမိသည်။ အခု လောလောဆယ်တွင် သူမ လက်ခံနိုင်သည့် တစ်ခုတည်းသော အချက်မှာ စကားပြောခြင်း တစ်ခုတည်းပင်။
လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်မှာ ထွက်လာပြီးနောက် ဖုန့်ချင်းယီသည် ဖုန်းကို ထပ်မံ လေ့လာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်မှလွဲ၍ ကျန်အရာအားလုံးသည် သာမန်ဖုန်းတစ်လုံးနှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရှိသောကြောင့် သူမသည် ၎င်းအတွက် စိတ်မပူတော့ပါ။
ထျန်းချီအင်ပါယာ နယ်စပ်စစ်စခန်းတွင်။
ချင်ယွီချွမ်သည် ဖုန်းကို ကိုင်ထားပြီး အချိန်အတော်ကြာ စဉ်းစားကာ နောက်ဆုံးတွင် တစ်ဖက်လူ၏ နာမည်ကို မေးကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
သူက သူ့နာမည်ကို ပြောပြထားပြီးပြီဖြစ်ကာ သူမ၏ နာမည်ကိုတော့ သူ့ကို ပြန်မပြောသေးဘူး။
[: မင်းရဲ့ ဂုဏ်ထူးဆောင် မျိုးရိုးနာမည်နဲ့ နာမည်အပြည့်အစုံကို သိခွင့်ရှိမလား။]
အကြောင်းပြန်တာကို အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် မရရှိသေးသဖြင့် ချင်ယွီချွမ်သည် တရုတ်နိုင်ငံအကြောင်း နာမူချီဆီကို သွားပြီး မေးမြန်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ဒီနှစ်များတစ်လျှောက် သူ လေ့လာသင်ယူခဲ့သည့် သမိုင်းကြောင်းနှင့် နိုင်ငံအသီးသီးတွင် တရုတ်နိုင်ငံအကြောင်း ဖော်ပြထားခြင်း မရှိပေ။
နာမူချီသည် ထျန်းချီစစ်တပ်တွင် အသိပညာအကြွယ်ဝဆုံးသူဖြစ်ပြီး နက္ခတ်ဗေဒင်ပညာနှင့် ပထဝီဝင်ဆိုင်ရာ အသိပညာများကို လေ့လာသင်ယူခဲ့တာကြောင့် သူ တစ်ခုခုကို သိရှိကောင်း သိရှိနိုင်သည်။
နာမူချီသည် သူ့တဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ချင်ယွီချွမ်၏ အသံကို ကြားလိုက်ရသည်။
“နာမူ မင်း ရှိလား။”
နာမူချီသည် အမြန်ထရပ်ပြီး တဲကို ဖွင့်လိုက်သည်။
“စစ်သူကြီး၊ ဘာလို့ ဒီအချိန်မှာ ရောက်လာတာလဲ။”
ချင်ယွီချွမ်က သူ့စကားစကို ဖြတ်လိုက်သည်၊ “နာမူ၊ တရုတ်နိုင်ငံအကြောင်း မင်းကြားဖူးလား။”
“တရုတ်နိုင်ငံလား၊ တရုတ်နိုင်ငံအကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ စစ်သူကြီး ဒီအကြောင်းကို ဘယ်မှာ ကြားမိတာလဲ။”
စစ်သူကြီးသည် ယနေ့တွင် အတော်ပင် ထူးဆန်းစွာ ပြုမူနေပြီး အရင်ဆုံး သေတ္တာလေးအကြောင်းကို မေးမြန်းကာ ယခုအခါတွင် တရုတ်နိုင်ငံအကြောင်းကို မေးမြန်းနေသည်။
စစ်သူကြီး ရူးသွားတာများလား။
ချင်ယွီချွမ်က တဲထဲမှာ ခဏရပ်နေပြီး “ရပြီ” ဟု ပြောလိုက်သည်။
“…” နာမူချီကို ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံပင်၊ ဘာကို ရတာလဲ။
နာမူချီက အကျိုးအကြောင်း မေးမြန်းခါနီးမှာ ချင်ယွီချွမ်က ထွက်သွားနှင့်နေပြီဖြစ်သည်။
ချင်ယွီချွမ်သည် သူ့ကိုယ်ပိုင်တဲအတွင်းသို့ ပြန်ရောက်ပြီးနောက် သူ့ချပ်ဝတ်တန်ဆာကို ချွတ်ပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
ထိုအချိန်တွင် ဖုန်းက အသံထွက်လာသည်။
ချင်ယွီချွမ်က ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ သူ့မေးခွန်းကို တစ်ဖက်လူမှ ပြန်ဖြေလာသည်ကို တွေ့လိုက်ရသည်။
[ချင်းယီ - ကျွန်မနာမည်က ဖုန့်ချင်းယီပါ။]
ဒါက မိန်းကလေးနာမည်နဲ့တူတယ်။
[: မင်းက မိန်းကလေးလား။]
[ချင်းယီ - ပြဿနာရှိလို့လား။]
[ချင်ယွီချွမ် - မရှိပါဘူး။]
[ချင်းယီ - …]
ဒီလူနဲ့ ပြောဆိုဆက်ဆံရတာ တော်တော်လေးကို ခက်တယ်။ ဒီလူက ဝူးရှဖန်ဖြစ်ပုံရတယ်၊ သူမရဲ့ ဂုဏ်ထူးဆောင် မျိုးရိုးနာမည်နဲ့ အမည်သညာကိုတောင်မှ မေးမြန်းထားခဲ့သည်။
[ချင်ယွီချွမ် - ဖုန့်မိန်းကလေး ဘယ်မှာနေလဲဆိုတာ ကျွန်တော် မေးလို့ ရမလား။]
ဖုန့်ချင်းယီသည် ချင်ယွီချွမ် ပေးပို့သော မက်ဆေ့ချ်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ သူမသည် တစ်နေ့လျှင် ( ၁၀ ) မှတ်သာ ရှာဖွေနိုင်ပြီး ယနေ့အတွက် ထိုပမာဏကို ရရှိခဲ့ပြီးပြီဖြစ်သည်။ ထိုအကြောင်းကို သူမ မနက်ဖြန်မှ ဆက်ပြောရမယ်။
[ချင်းယီ - တောင်းပန်ပါတယ်၊ ကျွန်မ အခု နေ့လည်စာ စားရတော့မယ်။ နောက်နေ့မှ ဆက်ပြောကြတာပေါ့။]
[ချင်ယွီချွမ် - ကောင်းပါပြီ။]
ချင်ယွီချွမ်က ပြန်ဖြေပြီးနောက် ဖုန်းကို ဘေးနား ချထားလိုက်သည်။
ယခုအခါမှာတော့ တစ်ဖက်လူသည် မိန်းကလေးဖြစ်သည်ကို သူသိခဲ့ပြီးဖြစ်ကာ သူမသည် မြောက်ပိုင်းချီတိုင်းပြည်မှမဟုတ်ပုံရသည်။
သို့သော် သူ သတိထားဖို့ လိုအပ်နေသေးသည်။ မြောက်ပိုင်းချီလူမျိုးသည် ကောက်ကျစ်ပြီး သစ္စာမဲ့သူများဖြစ်သည်ဟု လူသိများသည်။ သူ အသေအချာလေး သတိကပ်ထားသင့်သည်။