အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း ( ၁၅ ) – စူပါမားကတ်ကို အတူသွားမယ်
ဖုန့်ချင်းယီ ပြောသည်များကို ချင်ယွီချွမ် နားထောင်နေသော်လည်း သူ လုံးဝ နားမလည်သည့် စကားလုံးတချို့ ရှိသော်ငြား သူမကို မနှောင့်ယှက်ဘဲ ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။
စူပါမားကတ်ကို ရောက်သောအခါ ဖုန့်ချင်းယီက လမ်းတစ်လျှောက်လုံး သူမချည်း စကားပြောနေမိသည်ကို သတိထားမိပြီး ချင်ယွီချွမ်က တစ်ခွန်းမှ မပြောပေ။
"အခု စူပါမားကတ်ကို ရောက်ပြီ။ ကျွန်မ နည်းနည်း စကားများသလိုပဲနော်။ ရှင် စိတ်အနှောင့်အယှက် ဖြစ်သွားလား။"
ချင်ယွီချွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ “အဲလိုလည်း မဟုတ်ပါဘူး။ တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတယ်။"
"ဒါဆို ပြီးရော၊ အတူတူ ဈေးဝယ်ကြမယ်။" ဖုန့်ချင်းယီသည် တွန်းလှည်းကို ဟင်းသီးဟင်းရွက်တန်းဆီသို့ တွန်းသွားသည်။
ဖုန့်ချင်းယီ ဖုန်းကို မြှောက်ပြပြီး "ဒီက ဟင်းသီးဟင်းရွက်တွေကို ကြည့်ပြီး ရှင်စားချင်တာ တစ်ခုခုရှိရင် ပြောနော်။"
စခရင်ကနေ ချင်ယွီချွမ်က ဟင်းသီးဟင်းရွက် အများကြီးကို မြင်ပေမဲ့ သူ အရင်က ဒါတွေ မလုပ်ဖူးတဲ့အတွက် ဘာတွေမှန်း သေချာမသိပေ။
"မင်းရွေးလေ။ ဘာပဲဖြစ်ဖြစ် ငါစားတယ်။" ဟုဆိုကာ တရုတ်ဂေါ်ဖီပဲ သိတယ်ဆိုတဲ့သူဆိုတာ ဝန်မခံချင်ဘဲ ပြန်ပြောလေသည်။
ဖုန့်ချင်းယီ ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောသည်။ "ဟုတ်ပြီ။ ဆလတ်ရွက် နည်းနည်း ဝယ်မယ်။။ ကျွန်မ ဟင်းချက်ရင် သုံးတဲ့ ခရုဆီဆော့စ် အရမ်းအရသာရှိတာ။ ပြီးတော့ အသားနဲ့ ကြော်စားဖို့ ပန်းဂေါ်ဖီလည်း နည်းနည်း ယူမယ်။ ကျွန်မ အခု အသား သွားဝယ်လိုက်ဦးမယ်။ ရှင် ငါးစားလား။"
"အင်း စားတယ်။" ဟု ဖုန့်ချင်းယီ ဟင်းသီးဟင်းရွက်များကို ပလတ်စတစ်အိတ်အကြည်တွေထဲ ထည့်ပြီးနောက် တွန်းလှည်းထဲ ထည့်လိုက်သည်ကို ကြည့်ရင်း ချင်ယွီချွမ်က ပြန်ပြောသည်။
သူမက ပစ္စည်းဖိုးတွေ ပေးရမှာ မဟုတ်ဘူးလား။ ရောင်းတဲ့သူလည်း မရှိဘူး။
ချင်ယွီချွမ် ဒီအကြောင်း စဉ်းစားနေတုန်း ဖုန့်ချင်းယီက ငါးနှစ်ကောင်တောင် ရွေးပြီးသား ဖြစ်နေပြီ။
ဖုန့်ချင်းယီက ငါးကို ကိုယ်တိုင်သတ်တာတော့ မဟုတ်။ ဒါပေမဲ့ ဒီမှာ ငါးကိုင်ပေးတဲ့ နေရာ သီးသန့် ရှိတယ်။ သူတို့က ငါးကို ထုတ်ပေးတယ်။ ငါးပေါင်းက ညစာအတွက် အကောင်းဆုံးပဲ။
ချင်ယွီချွမ် ပိုပြီး စိတ်ရှုပ်သွားသည်။ ဒီတစ်ခါ ငါးကိုင်ပေးတဲ့ ရောင်းတဲ့သူ ရှိပေမဲ့ ဖုန့်ချင်းယီက ဘာမှ မပေးသလို ဘယ်သူကမှ တားတာလည်း မရှိဘူး။ တကယ် ထူးဆန်းတယ်။
"ငါးရပြီ။ နောက်ထပ် ဝက်သား နည်းနည်း ဝယ်ကြမယ်၊ ဒါဆို လောက်ပြီ။ အများကြီး ဝယ်ရင် ဖြုန်းတီးရာ ရောက်မယ်။" ဟု ဖုန့်ချင်းယီက ပြောသည်။
ဖုန့်ချင်းယီ၏ အစားအစာ ဖြုန်းတီးခြင်းကို ဆန့်ကျင်သည့် ခံယူချက်ကို ချင်ယွီချွမ် သဘောတူသည်။
တခါတလေ ဗိုက်ပြည့်အောင် စားဖို့တောင် အခက်အခဲ ရှိသော စစ်တပ်စခန်းမှာ ရိက္ခာ ရှားပါးပြီး ဘယ်တုန်းကမှ ဖြုန်းတီးတာမျိုး မရှိပေ။
ဝက်သားဝယ်ပြီးနောက် ဖုန့်ချင်းယီသည် တွန်းလှည်းကို အလေးချိန်ချိန်တဲ့နေရာထိ တွန်းသွားပြီးမှ ပန်းကန်နှင့်တူများ ဝယ်ရန်သတိရသွားသည်။
ဖုန့်ချင်းယီသည် အလွယ်တကူ တူ နှစ်ဘူး ကောက်ယူပြီး တွန်းလှည်းထဲ ထည့်လိုက်သည်။
သို့ရာတွင် ပန်းကန်ရွေးသောအခါ ထိုလောက် ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေ။
ဖုန့်ချင်းယီက လှပတဲ့ ပစ္စည်းတွေကို ကြိုက်ပြီး စူပါမားကတ်မှာ အလှပန်းကန်တွေ အများကြီး ရှိတယ်၊ ရွေးချယ်စရာတွေ အများကြီး ဆွဲဆောင်နေတယ်။
သူမ ရွေးချယ်စရာတွေ များပြီး အဆင်ပြေမယ့် အစုံကို မရွေးနိုင်တော့ပေ၊ ထို့ကြောင့် နောက်ဆုံးတွင် ချင်ယွီချွမ်ဆီ အကူအညီ တောင်းလိုက်တော့သည်။
"ချင်ယွီချွမ်၊ ဒီပန်းကန်တွေကို ကြည့်ပြီး ဘယ်ဟာပိုလှလဲ ပြောပေးဦး။"
ချင်ယွီချွမ်သည် ပန်းကန်တွေ အပြည့်တင်ထားတဲ့ စင်တစ်ခုလုံးကို စိုက်ကြည့်ပြီး နည်းနည်း အံ့သြသွားသည်။ ဒါက စားဖို့ ပန်းကန်ပဲ မဟုတ်ဘူးလား။ ဒီလောက် အပြင်အဆင်တွေ အများကြီး လိုလို့လား။
"မင်းရှေ့ကဟာကိုပဲ ရွေးလိုက်လေ" ဟု ချင်ယွီချွမ်သည် တအားအလှဆင်ထားတဲ့ ပန်းကန်တွေထက် အဲဒီပန်းကန်တွေက ပိုပြီး နှစ်သက်စရာကောင်းတယ်ဟု ခံစားမိရင်း ပြောသည်။
ဖုန့်ချင်းယီသည် ချင်ယွီချွမ် ပြောသည့် ပန်းကန်များကို ကောက်ယူလိုက်ပြီး ပြောသည်။ "ဒါပေမဲ့ ဒါတွေက မလှဘူးလေ။"
"...စားဖို့ ပန်းကန်တွေပဲ မဟုတ်ဘူးလား။ လှရဦးမှာလား” ချင်ယွီချွမ်သည် ဖုန့်ချင်းယီ၏ စိတ်နေစိတ်ထားကို နားမလည်နိုင်ပေ။
ဖုန့်ချင်းယီက တိုးတိုးလေး ပြောပြသည်၊။ "ဒါပေမဲ့ ပန်းကန်တွေ လှရင် စားရတာ ပျော်စရာကောင်းတယ်လေ။"
ဖုန့်ချင်းယီ၏ အသံက တိုးပေမဲ့ ချင်ယွီချွမ် သူမ၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
မိန်းကလေးတွေ အလှကြိုက်တယ်ဆိုတာ တကယ်ပဲ မမှားဘူးကိုး။
"ဒါဆို မင်းကြိုက်တဲ့ဟာတွေကို ဝယ်လိုက်။"
ဖုန့်ချင်းယီ နောက်တစ်ကြိမ် တွေဝေသွားသည်။ "ကျွန်မ ဒီသုံးခုကို ကြိုက်တယ်၊ ဒါပေမဲ့ ဘယ်ဟာ ယူရမလဲ မသိတော့ဘူး။”
ချင်ယွီချွမ်သည် သူ့အတွက်တော့ သိပ်မကွဲပြားဘူးလို့ ထင်ရသော်လည်း ဖုန့်ချင်းယီ ရွေးထားတဲ့ ပန်းကန် သုံးစုံကို သေချာ ကြည့်ပြီး ရွေးပေးဖို့ပဲ တတ်နိုင်တော့သည်။
"အဲဒါတွေ အကုန် ဝယ်လိုက်ပါလား။"
ဖုန့်ချင်းယီ ခေါင်းညိတ်သည်။ "အဲဒါ အကြံကောင်းပဲ။ တစ်ခုကို တစ်စုံစီ ယူလိုက်မယ်။"
ပန်းကန်နှင့် တူများ ရပြီးနောက် ဖုန့်ချင်းယီသည် သူ့ကိုယ်သူ အလိုလိုက်ရန် မုန့်ပဲသရေစာတန်း တန်းတန်းမတ်မတ် သွားလေသည်။
ချင်ယွီချွမ်သည် စခရင်မှတစ်ဆင့် ရောင်စုံမုန့်အိတ်များကို စိုက်ကြည့်ပြီး "အဲဒါတွေက ဘာတွေလဲ။" ဟု မေးသည်။
"ဒါတွေ အကုန်လုံးက အရသာရှိတဲ့ မုန့်တွေပဲ။ ဒီအာလူးကြော်ဆို အရမ်းကောင်းတယ် - ရှင့်အတွက်လည်း တစ်ထုပ် ယူခဲ့မယ်။ ပြီးတော့ ဟိုဘက်က ချောကလက်ကလည်း အရမ်းကောင်းတယ်..." ဖုန့်ချင်းယီသည် တစ်ခုပြီးတစ်ခု တွန်းလှည်းထဲ ပစ်ထည့်ကာ စကားတွေ တတွတ်တွတ် ပြောနေရင်း တွန်းလှည်း အပြည့် ဖြစ်သွားလေသည်။
"ဒီနေ့တော့ ဒီလောက်ပဲ။ ငွေရှင်းဖို့ သွားမယ်။" ဟု ဖုန့်ချင်းယီသည် တွန်းလှည်းကို ငွေရှင်းကောင်တာဆီ တွန်းရင်း ပြောသည်။
ငွေရှင်းပြီးနောက် ဖုန့်ချင်းယီသည် သူမ သယ်ရန် ပစ္စည်းများ အများကြီး ဖြစ်နေသောအခါ အိမ်အရောက် ပို့ရန် လိပ်စာတစ်ခု ဖြည့်လိုက်သည်။
ချင်ယွီချွမ်က "မင်း ဝယ်ထားတဲ့ ပစ္စည်းတွေကို မယူဘူးလား။" ဟု မေး၏။
"ယူရမှာပေါ့။ ကျွန်မ ရွေးဝယ်ထားတာတွေပဲကို။ ဒီစူပါမားကတ်က နာရီဝက်အတွင်း အိမ်အရောက် ပို့ပေးတယ်လေ။ ကျွန်မ အေးအေးဆေးဆေး အိမ်ပြန်ရောက်တဲ့အချိန်မှာ ပစ္စည်းတွေလည်း အိမ်ရောက်နေလောက်ပြီ" ဟု ဖုန့်ချင်းယီက ရှင်းပြသည်။
အိမ်အရောက် ပို့ပေးတာ - ချင်ယွီချွမ် အဲဒါကို သိတယ်။ ရှန်ကျင်းမှာ ဆိုင်တချို့က ကြိုတင်မှာထားတဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီးရင် နေအိမ်ကို ပို့ပေးတယ်။ သူမ ပြောတာ ဒီလိုပဲ ဖြစ်မယ်။
"ဒါပေမဲ့ မင်း ငွေပေးတာ ငါ မမြင်လိုက်ဘူး။" ဟု ချင်ယွီချွမ်က သူ့စိတ်ထဲ မတင်မကျ ဖြစ်နေသော မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်သည်။
ဖုန့်ချင်းယီသည် ကင်မရာကို သူမလက်ဆီ လှည့်လိုက်ပြီး "ဒီကဒ်ကို မြင်ရလား။ ဒါက စူပါမားကတ်ရဲ့ ဈေးဝယ်ကဒ်ပဲ။ ကျွန်မတို့က အဲဒီထဲကို ပိုက်ဆံ ကြိုတင်ထည့်ထားပြီး ဈေးဝယ်တဲ့အခါ ကဒ်ကို စကင်န်ဖတ်ပြီး ငွေချေလိုက်ရုံပဲ။"
ချင်ယွီချွမ်သည် သူ မရင်းနှီးသည့် နည်းလမ်းနှင့် ပေးချေခဲ့သောကြောင့် နည်းနည်း နားလည်သွားပြီး သူမ ငွေပေးချေခဲ့တာကို သိလိုက်ရသည်။ သူ နောက်ထပ် မေးခွန်း မမေးတော့ပေ။
ဖုန့်ချင်းယီသည် အိမ်အပြန် လမ်းလျှောက်နေတုန်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုမြင်ပြီး သူမ လက်ဖက်ရည် မသောက်ဖြစ်တာ ကြာပြီဆိုသည်ကို သတိရသွားသည်။ နို့လက်ဖက်ရည် တစ်ခွက်လောက် သောက်ရမယ်။
"ကျွန်မ သောက်စရာ တစ်ခုခု သွားဝယ်လိုက်ဦးမယ်။ ရှင့်အတွက်လည်း တစ်ခွက် ယူခဲ့မယ်။ ရှင် အပူသောက်မလား၊ အအေးသောက်မလား။ ရှင်တို့ဆီမှာ အခန်းအပူချိန် ဘယ်လိုနေလဲ။"
"အပူလား၊ အအေးလား။ အခန်းအပူချိန်လား။" ချင်ယွီချွမ် နည်းနည်း စိတ်ရှုပ်သွားသည်။
သူ တွေဝေသွားသည်ကို မြင်သောအခါ ဖုန့်ချင်းယီသည် သူမ မေးခွန်းကို ပြန်ပြင်ပြီး မေးသည်။ "ရှင်ရှိတဲ့နေရာက ရာသီဥတုက ပူလား အေးလား။ ပူရင် အအေးသောက်ချင်မှာပေါ့။ အေးရင် အပူသောက်ချင်မှာပေါ့။ ပူလည်း မပူ အေးလည်း မအေးရင်လည်း အဆင်ပြေတာပဲ။"
"နည်းနည်း အေးတယ်" ဟု ချင်ယွီချွမ်က အမှန်အတိုင်း ပြန်ပြောသည်။ မကြာသေးခင်က လေပြင်းတွေ တိုက်ခတ်ခဲ့လို့ နွေရာသီမှာတောင် နယ်စပ်ဒေသက အေးနေတုန်းပဲ။
"အိုကေ၊ ဒါဆို ပူတာ တစ်ခွက် ယူပေးမယ်။" ဖုန့်ချင်းယီသည် လက်ဖက်ရည်ဆိုင်ထဲ ဝင်ပြီး နို့လက်ဖက်ရည် နှစ်ခွက် မှာလိုက်သည်။ - တစ်ခွက်က အအေးနဲ့ တစ်ခွက်က အပူနဲ့။
သောက်စရာတွေ ဝယ်ပြီးနောက် မည်သူမျှ မရှိသည်ကို မြင်သောအခါ ဖုန့်ချင်းယီသည် အပူခွက်ကို ချင်ယွီချွမ်ဆီ ပို့လိုက်သည်။
နို့လက်ဖက်ရည် ရောက်ရောက်ချင်း ချင်ယွီချွမ်သည် ဖုန့်ချင်းယီလုပ်သည့်အတိုင်း ပိုက်ကို ဖောက်လိုက်ပြီး ဖြည်းဖြည်းချင်း တစ်ငုံ သောက်လေသည်။
ချိုသော်လည်း အရသာမကဲသည့် လက်ဖက်ရည်မှာ သူ့မွေးရနံ့နှင့် ပေါင်းစပ်လိုက်သောအခါ သူ အရင်က ဘယ်တုန်းကမှ မခံစားဖူးတဲ့ အရသာပဲ။
"အရသာ ရှိတယ်မလား။" ဖုန့်ချင်းယီ ပြုံးပြီး ပြောသည်။
ချင်ယွီချွမ် သူမ၏ အပြုံးကို ကြည့်ပြီး နည်းနည်းတုန့်ဆိုင်းကာ "အင်း၊ အရသာ ကောင်းတယ်။" ဟု ပြောလိုက်သည်။
“ရှင်ကြိုက်ရင် ပြီးတာပဲ။ ကျွန်မ အခု အိမ်ပြန်ရတော့မယ်ဆိုတော့ ဖုန်းချလိုက်မယ်။ ဝယ်ထားတဲ့ ပစ္စည်းတွေကို နောက်မှ ပို့ပေးမယ်၊ ပြီးတော့ ညစာလည်း ပို့ပေးမယ်။"
"ကောင်းပါပြီ။"
ချင်ယွီချွမ်သည် စခရင်ပေါ်မှ ပျောက်ကွယ်သွားသည့်လူကို ကြည့်ပြီး အနည်းငယ် ဝမ်းနည်းနေသည်။
သူတို့က မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေထိုင်ကြပြီး ဒီလိုပုံစံနဲ့ တွေ့နိုင်တာက ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်နေပြီ။ သူဘာများ ထပ်တောင်းဆိုနိုင်ဦးမှာလဲ။
ဖုန့်ချင်းယီ အိမ်ရောက်ရောက်ချင်း သူမ ဝယ်ထားသော ပစ္စည်းများ ရောက်နှင့်နေလေပြီ။
***
အခန်း ( ၁၆ ) – အစားအသောက်အတွက် ရုန်းကန်မှု
ဟင်းသီးဟင်းရွက်နှင့် စားပွဲသုံးပစ္စည်းများကို မီးဖိုချောင်ထဲ ထည့်ပြီးနောက် ဖုန့်ချင်းယီသည် မုန့်ပဲသရေစာတချို့ကို သူမ၏ အခန်းထဲ သယ်သွားသည်။
ခုန သူမ ဝယ်လာတုန်းက အကုန်လုံး နှစ်ခုစီ ဝယ်လာခဲ့သည်။ မုန့်များကို ခွဲပြီးနောက် ဖုန့်ချင်းယီသည် ချင်ယွီချွမ်အတွက် ဝယ်ထားသော တစ်ပိုင်းစာကို သူ့ဆီ ပို့ပေးလိုက်သည်။
ချင်ယွီချွမ်သည် သူ့ဖုန်းမှ အချက်ပေးသံကို ကြားပြီးနောက် ဖုန့်ချင်းယီ ပို့ပေးတဲ့ မုန့်များ အောင်မြင်စွာ ရရှိလိုက်သည်။
သို့သော် စားပွဲပေါ်တွင် ရောင်စုံမုန့်အိတ်များကို အပုံလိုက် မြင်သောအခါ သူ အနည်း ငယ် စိတ်ရှုပ်သွားသည်။ ဒီလောက် အများကြီး၊ ဒါတွေ အကုန် ဘယ်မှာ ထားရမှာလဲ။
အဲဒီအချိန်မှာပဲ ယန်ယန်က ချင်ယွီချွမ်ကို တစ်ခုခု လာပြောဖို့ ဝင်လာပြီး စားပွဲပေါ်မှ မမြင်ဖူးသောအရာများကို တွေ့လိုက်ရသည်။
ချင်ယွီချွမ်သည် ထိုအရာများကို ဖုံးထားလိုက်ချင်ပေမဲ့ ယန်ယန် အခုမှ ဖုံးကာနေလည်း မထူးတော့ပေ။
"စစ်သူကြီး၊ ဒါတွေ အကုန် သေတ္တာလေးဆီက လာတာ မဟုတ်လား။"
ချင်ယွီချွမ်သည် စားပွဲကို ခပ်ဖွဖွလေး ထုလိုက်သည်။ ယန်ယန်က ဒါတွေ ဖုန်းထဲကလာတယ်ဆိုတာ ဘယ်လိုသိတာလဲ။ သူ တစ်ခုခု မြင်သွားတာများလား။
"မင်း ဒါကို ဘယ်က ကြားလာတာလဲ။"
ယန်ယန်က မေးခွန်းကို မငြင်းဘဲ "ဒီနေ့ နေ့လယ်စာစားချိန်တုန်းက ကျွန်တော်၊ ယန်ချီနဲ့ နာမူချီတို့ တိတ်တိတ်လေး မြင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ခေါ်တာနော်။"
"မင်းတို့ မြင်လိုက်တာလား။” သူ့ရဲ့ သတိဝီရိယ ဒီရက်ပိုင်း လျော့ကျသွားပြီလား။ သူတို့သုံးယောက်စလုံး တိတ်တဆိတ်နဲ့ မြင်သွားတာတောင် သူ မသိလိုက်ရဘူး။
ယန်ယန် ခေါင်းညိတ်သည်။ "စစ်သူကြီး၊ ခင်ဗျား ထမင်းစားတာကိုပဲ အာရုံစိုက်နေလို့ ကျွန်တော်တို့ကို သတိမထားမိတာ ဖြစ်နိုင်ပါတယ်။"
ချင်ယွီချွမ် : "..."
"စစ်သူကြီး၊ စားပွဲပေါ်က ဒါတွေ အကုန် စားလို့ရလား။ ကျွန်တော့်ကို နည်းနည်းလောက် ကျွေးလို့ရမလား။"
ယန်ယန်သည် ချင်ယွီချွမ်ကို သတင်းတစ်ခု လာပို့သည်ကို လုံးဝ မေ့သွားပြီး စားပွဲပေါ်က ရောင်စုံ မုန့်ထုပ်များဆီ သူ့အာရုံ အကုန် ရောက်နေခဲ့သည်။
ချင်ယွီချွမ်သည် သူ့ကို အာလူးကြော် တစ်ထုပ် ပစ်ပေးပြီး ပြောလိုက်သည်။ "ရပြီ၊ မင်း အခု သွားလို့ရပြီ။"
အာလူးကြော်အိတ်ကြီး တစ်ထုပ်ကို ကိုင်ပြီး ယန်ယန်သည် ပျော်ရွှင်မြူးတူးပြီး သူ့တဲကို ပြန်ဖို့ ပြင်လေသည်။
သို့သော် လမ်းတွင် ယန်ချီနှင့် နာမူချီတို့က သူ့ကို မြင်ပြီး တားလိုက်သည်။
"မင်း ဘာသယ်လာတာလဲ။" ဟု နာမူချီက မေးသည်။
ယန်ယန်က အာလူးကြော်ထုပ်ကို ကာကွယ်သလို ဖက်ထားပြီး "စစ်သူကြီးက ဒါတွေ ဆုချတာ။ မင်းတို့လည်း လိုချင်ရင် စစ်သူကြီးဆီကို ကိုယ်တိုင် သွားတောင်းကြ။" ဟု ပြောလိုက်သည်။
"...မင်း ငါ့မေးခွန်းကို မဖြေဘူးလား။ ဒါတွေ ဘာတွေလဲလို့ ငါ မေးနေတာလေ" ဟု နာမူချီက ပြောသည်။
ယန်ချီသည် ယန်ယန်ကို ကောင်းကောင်း နားလည်ပုံရသည်။ "နာမူ၊ သူ့ကို မေးမနေပါနဲ့။ ငါ့အမြင်အရ အဲဒါတွေ စားလို့ရတာတွေ ဖြစ်မယ်၊ မဟုတ်ရင် သူ့ဆီက လုသွားမှာကို ကြောက်ပြီး ဒီလောက် တင်းတင်းကျပ်ကျပ် ကာကွယ်နေမှာ မဟုတ်လောက်ဘူး။"
နာမူချီက ယန်ယန်ကို ဆွဲပြီး မေးလိုက်သည်။ "ငါတို့ မင်းဆီက လုမလို့ မဟုတ်ဘူး။ ဖွင့်လိုက်၊ ဘယ်လို အစားအစာလဲဆိုတာ ကြည့်ရအောင်။"
ယန်ယန်သည် နာမူချီကို မယှဉ်နိုင်ပေ။ ပညာရှင်ဖြစ်တဲ့ နာမူချီက သူ့လို သက်တော်စောင့်ထက် ဘာလို့ အားပိုကောင်းနေတာလဲ သူ နားမလည်နိုင်ပေ။
ဒါပေမဲ့ ဒီအချိန်မှာ သူ မလွတ်တော့ဘူးဆိုတာ သူသိတယ်၊ ဒါကြောင့် သူ ပြောတာကိုပဲ လက်ခံမှ ရမယ်။
ဒါပေမဲ့ ပြဿနာက ဒီစားစရာကို ဘယ်လိုဖွင့်ရမလဲ။
ယန်ယန် တွေဝေနေသည်ကို မြင်သောအခါ ယန်ချီသည် သူ့ဆီက အာလူးကြော်ထုပ်ကို လုယူပြီး အိတ်ကို အလွယ်တကူ ဆွဲဖွင့်လိုက်သည်။
သူတို့ သုံးယောက် အာလူးကြော်ကို စိတ်ဝင်စားသွားကြသည်။ ယန်ယန်သည် ပထမဆုံး တစ်ခုကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။
"အရသာရှိလိုက်တာ၊ မင်းတို့ ငါ့ဆီက မယူဘူး မဟုတ်လား၊ ကြည့်ရုံပဲ ကြည့်မှာလို့ ပြောခဲ့တာနော်။"
ယန်ယန်သည် ယန်ချီဆီမှ အာလူးကြော်ထုပ်ကို ပြန်လုယူဖို့ ကြိုးစားပေသော်လည်း သူ့ကို ရှောင်လိုက်လေသည်။
ယန်ယန်သည် အာလူးကြော်များကို စမ်းစားပြီးနောက် ယန်ချီနဲ့ နာမူချီတို့သည်လည်း အနည်းငယ် ယူစားလိုက်ကြသည်။
"တကယ် မဆိုးဘူးပဲ" ဟု နာမူချီက အံ့အားသင့်စွာ ပြော၏။
ယန်ချီက နောက်ထပ် အနည်းငယ် ယူပြီး "စားလို့ကောင်းတယ်၊ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိလိုက်တာ"
ယန်ယန် မရှက်မကြောက် တောင်းခဲ့သော အာလူးကြော်ကို နာမူချီနဲ့ ယန်ချီတို့က ခွဲယူသွားသောကြောင့် ယန်ယန်တွင် အနည်းငယ်သာ ကျန်ခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် သူကသည် ထိုနှစ်ယောက်ကို မယှဉ်နိုင်သောကြောင့်။
"ယန်ယန်၊ စစ်သူကြီးဆီမှာ ထပ်ရှိသေးလား။ ငါ သွားကြည့်လိုက်မယ်" ဟု နာမူချီက မေးသည်။
ယန်ယန်သည် ဘာမှ မပြောဘဲ ဒေါသတကြီး ထွက်သွား၏။ နောက်တစ်ခါ အရသာရှိတဲ့ အစားအသောက် တစ်ခုခု ရရင် သူ သေချာပေါက် ကောင်းကောင်း ဝှက်ထားရမယ်။ ဒီနှစ်ယောက်က တကယ် မယုံရဘူးပဲ၊ ကြည့်ရုံပဲလို့ ပြောပြီးမှ ငါ့ကိုလိမ်သွားတယ်။
နာမူချီ ချင်ယွီချွမ်ကို တွေ့သောအခါ စစ်သူကြီးသည် စာအုပ်ဖတ်နေပြီး စားပွဲပေါ်က မုန့်တွေကလည်း သိမ်းဆည်းပြီးသား ဖြစ်နေသည်။
"ဘာလဲ။" နေ့လယ်စာစားချိန်က သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်သတိရပြီး ချင်ယွီချွမ်သည် သူ့ကို မကြည်ပေ။ နာမူချီက အဓိကလူဖြစ်မယ်လို့ သူသိတယ်။
နာမူချီသည် မချိပြုံး ပြုံးပြီး မေးလိုက်သည်။ "စောစောတုန်းက ယန်ယန်က စစ်သူကြီးဆီက မုန့်တချို့ ရလာတယ်လေ၊ အဲဒါ စစ်သူကြီးဆီမှာ နောက်ထပ် ရှိသေးလားလို့ ကျွန်တော် သိချင်လို့ပါ။"
စစ်သူကြီးမှာ မရှိရင် သူ သေတ္တာလေးထဲကနေ ထပ်ယူလို့ရတာပဲ။
"မရှိဘူး။" လို့ အဖြေပြန်ရပေမယ့် သူက အစားအသောက် တောင်းချင်နေတုန်းပဲ။
နာမူချီက ဆက်ပြီး ထပ်ပြောလိုက်သည်။ "ဒါဆို စစ်သူကြီး နောက်ထပ် ဘယ်တော့ ရမလဲ။ ကျွန်တော့်အတွက် တစ်ထုပ် ချန်ထားပေးပါ၊ အများကြီး မလိုဘူး၊ တစ်ထုပ်ပါပဲ။"
"... မင်းမှာ တခြား လုပ်စရာ ဘာမှ မရှိရင် ဒီမှာ မနေနဲ့။ သွားတော့။" သူကိုယ်တိုင်တောင် ဘာမှ မစားရသေးဘူး၊ ဒီကောင်က ကြိုတင်မှာယူနေပြီ။
နာမူချီသည် ချင်ယွီချွမ်၏ တဲထဲမှ အောင့်သက်သက်ဖြင့် ထွက်သွားရ၏။ သူ ထွက်လာသည်ကို မြင်သောအခါ ယန်ချီက "နာမူ၊ ဘယ်လိုလဲ၊ ကျန်သေးလား?" ဟု မေးလေ၏။
"စစ်သူကြီးက မကျန်တော့ဘူးလို့တော့ ပြောတာပဲ၊ ဒါပေမဲ့ သူကိုယ်တိုင်ပဲ စားချင်လို့ ဖြစ်မှာ၊ သူ အပြင်ထွက်တဲ့အခါ သူ့တဲထဲ ခိုးဝင်ကြည့်ရအောင်၊ နည်းနည်းလောက် ရှိမလားလို့ သွားကြည့်ကြမယ်။"
ယန်ချီသည် နာမူချီ၏အကြံကို သဘောမတူပေ။ "နာမူ၊ မင်း ဒီအသက်အရွယ်တောင် ရှိနေပြီကို၊ ဒီလို ကလေးကုလား အကြံတွေ ထုတ်နေတယ်။ စစ်သူကြီး သိရင် မင်းသေလိမ့်မယ်။"
"စစ်သူကြီးက မျက်နှာလိုက်နေတာ မဟုတ်ဘူးလား။ အဲဒီ ငနုံကောင် ယန်ယန်က ရပြီး ငါတိုကျ ဘာလို့ မရတာလဲ။ မင်းနဲ့ ယန်ယန်က စစ်သူကြီးနဲ့ အတူရှိတာကြာနေပြီကို သူက ယန်ယန်ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတာ အသိသာကြီး။ မင်း စိတ်မဆိုးဘူးလား။"
"... ဘာလို့ စိတ်ဆိုးရမှာလဲ။ စစ်သူကြီးက သူ့ကို ပိုပြီး ဂရုစိုက်တာ သူက ရိုးသားတဲ့ လူမို့လို့လေ။"
ယန်ချီနှင့် နာမူချီတို့သည် စကားပြောသည့်ဆီ အာရုံရောက်နေသောကြောင့် သူတို့နောက်က လူကို သတိမထားမိကြပေ။
သူ့တဲထဲကို ဘယ်လိုမျိုး တိတ်တဆိတ် ဝင်ပြီး သူမရှိတုန်း သူ့ပစ္စည်းတွေကို ဘယ်လို ခိုးယူရမလဲဆိုတာ သူ့တဲအပြင်မှာ လူတစ်ယောက် ဆွေးနွေးနေတာကို ချင်ယွီချွမ်က ဒါ ပထမဆုံးအကြိမ် မြင်တာပဲ။
ပြီးတော့ အဓိကလူက စခန်းမှာ လူအများ လေးစားခံရတဲ့ စစ်ရေးအကြံပေးတောင် ဖြစ်နေတယ်။ သူတို့က သူ့ကို ကန်းနေတယ်လို့များ ထင်နေကြတာလား။
"ယန်ချီ၊ မင်း ဘယ်လိုလဲ၊ လုပ်မှာလား။ မင်း ငါနဲ့ လိုက်လာလို့ ငါတို့ မိသွားရင် ငါတာဝန်ယူမယ်ကွာ။" ဟု နာမူချီသည် ယန်ချီကို သူနဲ့ ပူးပေါင်းရန် ဆက်တိုက်တွန်းနေသည်။
အယုံလွယ်တဲ့ ယန်ယန်နှင့် မတူတဲ့ ယန်ချီကို အဲဒီလောက် လွယ်လွယ်နဲ့ လှည့်စားလို့ မရ။ ပြီးတော့ သူက သူ့နေရာသူ ကောင်းကောင်း သိတယ်။
သူက သက်တော်စောင့်တစ်ယောက်ပေမယ့် နာမူချီက စစ်ရေးအကြံပေး။ တကယ် မိသွားရင် အပြစ်ယူရမှာက သူဖြစ်ပြီး နာမူချီ မဟုတ်။ သူက အဲဒီလို ကျေးဇူးကန်းမယ့် အလုပ်မျိုး မလုပ်ဘူး။
"နာမူ၊ မင်း သွားချင်ရင် သွားပါ။ ရှန်ကျင်းမှာ မရတဲ့ အစားအစာဆိုတာ ရှိလို့လား။ ဒါကို ဒီလောက် စွဲလမ်းနေစရာ မလိုဘူးလေ။"
ယန်ချီ မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ နာမူချီသည် သူ့၏အားနည်းချက်ကို ထုတ်သုံးလိုက်ပြီး "ယန်ချီ၊ မင်း ငါနဲ့ အတူမလိုက်ရင် မင်းလောင်းကစားလုပ်နေတာတွေ စစ်သူကြီးကို ပြောလိုက်တော့မယ်။"
"...နာမူချီ၊ စခန်းမှာ လောင်းကစားလုပ်တာ တားမြစ်ထားပေမဲ့ မင်းလည်း ပါတာပဲကို။ မင်း ရန်သူကို ရှစ်ရာ ကိုယ့်ကိုယ်ကိုယ် တစ်ထောင်နဲ့ ထိခိုက်အောင် လုပ်ချင်နေတာလား။"
"စစ်ရေးအကြံပေးအနေနဲ့ မင်းက စည်းမျဉ်းတွေကို ချိုးဖောက်တာကို ဦးဆောင်နေတာ၊ ဒါက ငါ့ထက် ပိုပြီး ဆိုးမနေဘူးလား။"
သူတို့ ဒီအရွယ်ရောက်နေကြပြီကို သူက ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးနဲ့တောင် သူ့ကို ခြိမ်းခြောက်နေတာ။ ဒါပေမဲ့ သူ စိတ်လှုပ်ရှားစရာ မရှိ။ အဆုံးစွန်ပြောရရင် သူတို့နှစ်ယောက်စလုံး အတူတူ အပြစ်ပေးခံရမှာပဲလေ။
"မင်းတို့ တော်တော်လေး ရဲတင်းနေကြပြီပဲ။ တစ်ယောက်က ခိုးဖို့ကို ရည်ရွယ်နေတယ်။ တစ်ယောက်က လောင်းကစားလုပ်တယ်။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ရှန်ကျင်းကို ပြန်ရောက်တဲ့အထိ စားဖိုဆောင်မှာ ပန်းကန်ဆေးကြ။"
ချင်ယွီချွမ်၏ အသံသည် သူတို့နှစ်ယောက်နောက်မှ လွင့်ပျံ့လာ၏။