← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း ( ၁၇ ) – ဒါက ဒီလောကမှာ မရှိသင့်ဘူး

ယန်ချီ နှင့် နာမူချီတို့ လှည့်ကြည့်လိုက်သောအခါ တင်းမာခက်ထန်နေသော ချင်ယွီချွမ်၏ မျက်နှာအမူအရာကို မြင်လိုက်ကြရပြီးနောက်မှ သူတို့ အခု ချင်ယွီချွမ်ရဲ့ တဲအပြင်မှာ ရောက်နေတာကို သတိပြုမိကြလေတော့သည်။

ဒါကြောင့် သူတို့ ခုနက ပြောခဲ့တဲ့ စကားတွေကို အကုန် ကြားသွားပုံရတယ်၊ သူတို့ အသံက လုံးဝ မတိုးနေခဲ့ဘူးလေ။

ယန်ချီသည် ခေါင်းငုံ့ပြီး "စစ်သူကြီး၊ ကျွန်တော် မှားသွားတာ ဝန်ခံပါတယ်၊ ပြီးတော့ ကျွန်တော့်ကို ပြစ်ဒဏ်ပေးတာကိုလည်း ချက်ချင်း လက်ခံပါ့မယ်။"

နာမူချီသည် ယန်ချီကို ကြည့်လိုက်သည်။ သူ့ရဲ့ အမှားကို ဝန်ခံတတ်တဲ့ စိတ်ဓာတ်က ချီးကျူးစရာကောင်းနေတဲ့အပြင် သူ ပန်းကန်ပါဆေးထားပြီးသားဆိုတော့ ဘာပြစ်ဒဏ်ခံရဦးမှာလဲ။ သူတို့ ညနေအထိ စောင့်လိုက်ရုံပဲ။

ယန်ချီ ထွက်သွားပြီးနောက် နာမူချီသည် ချင်ယွီချွမ်နှင့် ညှိနှိုင်းလိုသည်။ သူက အသက် ( ၅၀ ) နီးပါး ရှိနေပြီ။ ပြီးတော့ သူ ပန်းကန်ဆေးရမယ်ဆိုရင် စခန်းတစ်ခုလုံး သိသွားကြတော့မယ်။ သူ့မှာ ထိန်းသိမ်းရမယ့် ဂုဏ်သိက္ခာ ရှိသေးတယ်လေ။

"စစ်သူကြီး၊ ဒါကို တစ်စိတ်လောက် ညှိနှိုင်းပါရစေ။ တခြား ပြစ်ဒဏ်တစ်ခု စဉ်းစားပေးနိုင်မလား။"

"မရဘူး။" ချင်ယွီချွမ်သည် ညှိနှိုင်းဖို့ ဆန္ဒမရှိပေ။ သူက နောက်ကို လှည့်မကြည့်တော့ဘဲ တဲထဲ ဝင်သွားလေ၏။

နာမူချီသည် သူ့နောက်က လိုက်ဝင်သွားသည်။ ပြစ်ဒဏ်က ရှောင်လို့ မရနိုင်ဘူး၊ ဒါပေမဲ့ သေတ္တာနဲ့ ပတ်သက်တဲ့ အခြေအနေကို သူ သိချင်နေသေးတယ်။

"စစ်သူကြီး၊ မကြာခင်ကမှ စစ်သူကြီးက သေတ္တာလေးဆီကနေ ထမင်းဟင်းတွေ ရနေတယ်ဆိုတော့ ဒါက စစ်သူကြီးရဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်။"

ချင်ယွီချွမ်သည် သူ့ကို မော့ကြည့်လိုက်သည်။ ဖုန့်ချင်းယီ သူ့ကို အဆိပ်ခတ်တယ်လို့ သူ သံသယရှိနေတာလား။

ချင်ယွီချွမ်၏ ရန်လိုသောအကြည့်ကို မြင်သည့်အခါ နာမူချီက အလျင်အမြန် ရှင်းပြသည်။

"စစ်သူကြီး၊ ကျွန်တော် စစ်သူကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်ရုံသက်သက်ပါ။ သမားတော်ကို စစ်ဆေးခိုင်းသင့်ပါတယ်။"

"မလိုဘူး၊ သူက ငါ့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။"

သူ သူမကို ယုံကြည်သည်‌။ သူမ တကယ် သူ့ကို အဆိပ်ခတ်ချင်ရင် သူ အကြိမ်ပေါင်းများစွာ သေနေလောက်ပြီ။ အထူးသဖြင့် သူမ နေ့တိုင်း သူ့အတွက် ထမင်းဟင်းတွေကို ကိုယ်တိုင် ပြင်ဆင်ပေးနေတာကြောင့်ပဲဖြစ်သည်။

ချင်ယွီချွမ် တင်းခံနေသည်ကို မြင်သည့်အခါ နာမူချီ ထပ်မပြောတော့ပေ။ "စစ်သူကြီး၊ သေတ္တာလေးက ထမင်းဟင်းတွေ ပေးတာဆိုတော့ တပ်ဖွဲ့ဝင်တွေအတွက်လည်း ရိက္ခာလုပ်ပေးလို့ မရနိုင်ဘူးလား”

“ဒီကိစ္စက လူသိရှင်ကြား ဆွေးနွေးလို့ ရတဲ့ အကြောင်းအရာ မဟုတ်ဘူး။ ထမင်းဟင်းတွေက လေထဲကနေ ရနေတာ မဟုတ်ဘူး။ ဒီအကြောင်း နောက်ထပ် ထပ်မပြောနဲ့။"

သူမ နေ့တိုင်း သူ့အတွက် ထမင်းဟင်းတွေ ပြင်ဆင်ဖို့ အတော်လေး ကြိုးစားထားရတာ။ သူမ လုပ်ပေးဖို့ သဘောတူရင်တောင် သူက အဲဒီလောက် များများစားစား လုပ်ခိုင်းမှာ မဟုတ်ဘူး။

နာမူချီက "ထမင်းဟင်းတွေက လေထဲကနေ ပေါ်လာတာ မဟုတ်ဘူးဆိုရင် စစ်သူကြီးက ကံကောင်းတဲ့ အဆောင် တစ်ခုခုများ ရခဲ့တာလား။" ဟု မေးလာသည်။

"ဟုတ်တယ်၊ ငါ မင်းကို အရင်က ပြောခဲ့သလိုပဲ၊ ဒီဟာက ငါ့ကို အဝေးကြီးက လူတစ်ယောက်နဲ့ ဆက်သွယ်ခွင့် ပေးထားတယ်။ ဒါက အပိုပြောတာ မဟုတ်ဘူး။ ဒီအရာတွေ ရနေတာကလည်း အဲဒီ အဝေးကြီးက ဆက်သွယ်လို့ရတဲ့လူဆီက ရတဲ့ လက်ဆောင်တွေပဲ။"

ခရီးများစွာ အတူသွားဖူးခဲ့ကြပြီး ယုံကြည်ရတဲ့သူ၊ ပြီးတော့ အကူအညီပေးနိုင်တဲ့ နာမူချီကို ချင်ယွီချွမ်သည် ဒီအကြောင်းအရာကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။

"ဒါဆို စစ်သူကြီးက စောစောတုန်းက သေတ္တာလေးနဲ့ စကားပြောနေတာ အဲဒီထဲက လူနဲ့ စကားပြောနေတာပေါ့။" သူ အခုမှပဲ ဒါကို သိရတော့တယ်။

ချင်ယွီချွမ် ခေါင်းညိတ်သည်။ "အတိအကျပဲ။"

"စစ်သူကြီးကို အဝေးကြီးက ဆက်သွယ်နေတဲ့သူက ယောက်ျားလေးလား မိန်းကလေးလား၊ ပြီးတော့ သူက ဘယ်မှာ နေတာလဲ" နာမူချီ အခုတော့ စိတ်ဝင်စားလာသည်။

"သူမက လှပတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ပဲ။" ချင်ယွီချွမ်သည် ချင်းယီအကြောင်း ပြောသည့်အခါတိုင်း သူ့စိတ်မှာ သိသိသာသာ တက်ကြွလာသည်။

နာမူချီ သူ့ဘဝ၏ အတွေ့အကြုံများအရ ချင်ယွီချွမ်၏ အမူအရာမှတစ်ဆင့် သူ ဒီမိန်းကလေးကို စိတ်ဝင်စားနေသည်မှာ သိသာနေ၏။

"စစ်သူကြီး၊ သူ့မျိုးရိုးကို သိလား။ တော်ကြာ‌ တခြားနိုင်ငံကနေ စစ်သူကြီးကို ထောက်လှမ်းပြီး သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားနေတာ ဖြစ်နေဦးမယ်။"

နာမူချီ သတိထားနေမိသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း လူတော်တော်များများသည် ချင်ယွီချွမ်ကို အသုံးချဖို့ ကြိုးစားခဲ့ကြသောကြောင့် ဖြစ်သည်။

တချို့က တခြားနိုင်ငံမှ မင်းသမီးများ ဖြစ်ပြီး ချင်ယွီချွမ်ကို သူတို့၏ ခင်ပွန်းအဖြစ် အတင်းအကျပ် သိမ်းယူရန် ကြိုးစားခဲ့ကြဖူးလေသည်။

နာမူချီက ချင်းယီ၏ မျိုးရိုးကို သံသယဝင်နေသည်ကို မြင်သောအခါ ချင်ယွီချွမ် စိတ်မချမ်းသာရပေ။

"သူမ အဲဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ သူမက ငါတို့ရဲ့ ကမ္ဘာက မဟုတ်ဘူး။"

နာမူချီ အံ့သြသွားသည်။ ကမ္ဘာ မတူဘူး ဟုတ်လား။ ဒါဆို သူမ ဘယ်ကလဲ။

"စစ်သူကြီး ဒီမိန်းကလေးကို ဘယ်လို ထင်လဲ။"

စစ်သူကြီးက သိသာတဲ့ အမူအရာ မပြပေမဲ့ သူ့စကားတွေက သူမကို ကာကွယ်နေပုံရတယ်။

ဒါပေမဲ့ အခုအချိန်မတော့ သူတို့ သေတ္တာလေးကနေပဲ ဆက်သွယ်နိုင်တယ်။ စစ်သူကြီးက တစ်နေ့ကျ သူမကို တကယ် သဘောကျသွားရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။

သူ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ရမယ်။

စစ်သူကြီးလို လူမျိုးက ရှန်ကျင်းက နာမည်ကြီး မိသားစုက မင်းသမီးတွေနဲ့ပဲ လိုက်ဖက်ညီတယ်။ မျိုးရိုးမသိတဲ့ ဒီမိန်းကလေးက စစ်သူကြီးအတွက် အတားအဆီး မဖြစ်သင့်ဘူး။

ချင်ယွီချွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလာခဲ့သည်။ "ငါတော့ ဘယ်လိုမှ မထင်ဘူး။"

"စစ်သူကြီး၊ ကျွန်တော့်အမြင်အရတော့ ဒီသေတ္တာလေးဟာ ဒီကမ္ဘာနဲ့ မဆိုင်ပါဘူး။ ဒီကမ္ဘာကြီးမှာရှိတဲ့ အရာခပ်သိမ်းဟာ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို လိုက်နာပြီးသားဖြစ်တာကြောင့် ဒီနေရာမှာ မရှိသင့်ပါဘူး။ ဖျက်ဆီးပစ်သင့်တယ်။"

"စစ်သူကြီး၊ ဘာမဟုတ်တဲ့ ကျေးဇူးလေးတွေကြောင့်နဲ့ ဒီမိန်းကလေးကို စွဲလမ်းမနေသင့်ဘူး။ စစ်သူကြီး၊ ခင်ဗျားက ထျန်းချီအင်ပါယာ စစ်နတ်ဘုရားဖြစ်ပြီး အသေးအမွှား ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေမှာ ချည်နှောင်မထားသင့်ဘူး..."

နာမူချီ၏ စကားမဆုံးခင် ချင်ယွီချွမ် စကားဖြတ်ပြောလိုက်သည်။

"ငါ့ရဲ့ စည်းကို ငါ သိတယ်။ မင်း ဒီအတွက် စိုးရိမ်စရာ မလိုဘူး။"

‌နာမူချီက အကူအညီပေးနိုင်လိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ သူ အတွေးများခဲ့ပုံရပါတယ်။

ချင်ယွီချွမ် ဒေါသထွက်နေတာကို နာမူချီ သိပေမဲ့ သူ ဒါကို ပြောကိုပြောရမယ်။ "စစ်သူကြီး ဒါကို ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော် အဲဒါကို လုပ်ပေးပါ့မယ်။"

"နာမူချီ၊ ငါ မင်းကို ငါ့ရဲ့ အကြံပေးအဖြစ် လေးစားတယ်၊ ဒါပေမဲ့ မင်းနေရာကို မင်း သတိရပါ။ အခု သွားတော့။" ချင်ယွီချွမ်၏ အသံတွင် ထုတ်ဖော်မပြနိုင်သော ဒေါသများ ပါရှိနေ၏။

နာမူချီသည် သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သောကြောင့် သူ၏ ညာလက်ရုံးအဖြစ် သတ်မှတ်လို့ ရသည်။ သူသည် ပညာတတ်တစ်ယောက်၊ သိုင်းပညာ ကျွမ်းကျင်ပြီး အကြံပေးနဲ့ စစ်သူကြီးအဖြစ် တာဝန်ယူနိုင်သူ ဖြစ်သည်။

နှစ်တွေကြာလာသည်နှင့်အမျှ သူသည် ချင်ယွီချွမ် ယုံကြည်ရတဲ့ လူနည်းစုထဲက တစ်ယောက် ဖြစ်လာ၏။ ဒါပေမဲ့ နာမူချီသည် သူ့လက်ကိုင်ဖုန်းကို ဖျက်ဆီးပစ်ချင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားပေ။

ချင်ယွီချွမ်သည် ဖုန်းကို ထုတ်ယူပြီး သေချာကြည့်လိုက်သည်။ တခြားသူ မမြင်နိုင်တဲ့ စာလုံးတွေကို သူမြင်နိုင်တာကြောင့် ဒါက ကံကောင်းတဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်။ သူ မလိုချင်ဘူးဆိုရင် ဘယ်သူက သူ့ဆီက ယူလိမ့်မလဲ။

နာမူချီသည် သူ့တဲကို ပြန်ရောက်ပြီးနောက် ချင်ယွီချွမ်ဆီက သေတ္တာလေးကို ဘယ်လို ရယူရမလဲဆိုတာကို ဆက်ပြီး စဉ်းစားလျက်ရှိသည်။

သူ့ရဲ့ သိုင်းပညာသည် အတော်လေး ကောင်းမွန်သော်ငြား ချင်ယွီချွမ်ကို မယှဉ်နိုင်ပေ။ တကယ်တော့ ဒီစခန်းမှာတင် မဟုတ်ဘဲ ဒီနယ်မြေမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ နည်းတယ်။ အတင်း လုယူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူ ဉာဏ်သုံးရလိမ့်မယ်။

ယန်ချီနဲ့ ယန်ယန်က ချင်ယွီချွမ်ရဲ့ ကိုယ်ရံတော်တွေဖြစ်ပြီး သူ့အနားကို ကပ်လို့ ရနိုင်တာကြောင့် သူတို့က သေတ္တာကို ယူနိုင်လိမ့်မယ်။

နာမူချီသည် ချက်ချင်းပင် ယန်ချီကို သွားရှာသော်လည်း ပြစ်ဒဏ်ကြောင့် ယန်ချီသည် နာမူချီနှင့် ဆက်ဆံရေးအား တစ်ဖက်သတ် ဖြတ်တောက်ထားသည်။ သူ့ကြောင့်သာ မဟုတ်ရင် ယန်ချီ ဒီနေ့ ဒီလို ကံဆိုးမှာ မဟုတ်ပေ။

ယန်ချီသည် အစပိုင်းက အမှားလုပ်ခဲ့သော်လည်း အဲဒီနေ့က လောင်းကစားဝိုင်းမှာ တခြားသူတွေလည်း ပါခဲ့တာပဲ။ ယန်ချီက မတရားဘူးလို့ ခံစားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့၏။

ယန်ချီ မလိုလားသည်ကို မြင်သောအခါ နာမူချီသည် ယန်ယန်ကို ချဉ်းကပ်ရန်မှတစ်ပါး အခြား မရှိတော့ပေ။

အာလူးကြော်ကြောင့် ယန်ယန်သည် နာမူချီနှင့် ယန်ချီ နှစ်ယောက်လုံးကို လက်ရှိတွင် မုန်းတီးနေ၏။

နာမူချီသည် ယန်ယန်၏ တဲထဲကို ဝင်ဝင်ချင်းမှာပင် နှင်ထုတ်ခံလိုက်ရသည်။

နာမူချီမှာ ကျန်နေတဲ့ အမဲခြောက် အနည်းငယ်နဲ့ ယန်ယန်ကို လာဘ်ထိုးရုံပဲ တတ်နိုင်တော့သည်။

ယန်ယန်က လက်ခံပြီး အလုပ်ကို ပြီးအောင်လုပ်ပေးမယ်ဟု ကတိပြုလိုက်သည်။

သို့သော် နာမူချီ ထွက်သွားပြီး မကြာခင် ယန်ယန်သည် ချင်ယွီချွမ်၏ တဲဆီကို ပြေးသွား၏။

"စစ်သူကြီး၊ နာမူချီက ကျွန်တော့်ကို အမဲခြောက်နဲ့ လာဘ်ထိုးပြီး စစ်သူကြီးဆီက သေတ္တာလေးကို ခိုးခိုင်းတယ်။”

ချင်ယွီချွမ်သည် သူ့ကို မထီတရီ ပြန်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘာလိုချင်တာလဲ။"

"စစ်သူကြီး၊ ကျွန်တော်က စစ်သူကြီးရဲ့ သက်တော်စောင့်ဆိုတော့ စစ်သူကြီး ပြောတာကို နားထောင်ရမှာပဲ။ ဒါကြောင့် ကျွန်တော် စစ်သူကြီးကို သတင်းလာပို့တာ။ နောက်ထပ် နည်းနည်းလောက် ပေးလို့ ရမလား...။"

ယန်ယန် စကားမဆုံးခင် ချင်ယွီချွမ်သည် သူ့ကို အာလူးကြော် တစ်ထုပ် ပစ်ပေးလိုက်သည်။

ယန်ယန် အာလူးကြော်ထုပ်ကို ဝမ်းသာအားရ ဖက်လိုက်ပြီး "ကျေးဇူးတင်ပါတယ် စစ်သူကြီး။ နောက်ထပ် ဘာဖြစ်ဖြစ် ကျွန်တော် ချက်ချင်း သတင်းပို့ပါ့မယ်။"

***

အခန်း ( ၁၈ ) – ဒီလို ဉာဏ်ကောင်းတဲ့သူက အရူးဖြစ်ပါ့မလား

ချင်ယွီချွမ်သည် ယန်ယန် ပြန်ထွက်သွားသည့် ပုံကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ယန်ချီနဲ့ ယန်ယန်တို့က ငယ်ငယ်ကတည်းက သူနဲ့ အတူရှိခဲ့ကြတယ်။ ယန်ချီက ရင့်ကျက်တယ်၊ ရဲရင့်တယ်၊ ဉာဏ်ရည်ထက်မြက်တယ်၊ အရာအားလုံးမှာ ယန်ယန်ထက် သာတယ်။

သူ့ဘေးက လူတွေက သူတို့နှစ်ယောက်ကို မကြာခဏ နှိုင်းယှဉ်ကြပြီး အများက ယန်ယန်က အရူးလို့တောင် ပြောကြတယ်၊ ဒါပေမဲ့ သူ ကောင်းကောင်း သိတယ်။ သူက ရိုးသားရုံပဲ။

သူ တာဝန်ပေးလိုက်တဲ့ အလုပ်တွေကို ယန်ယန်က အမြဲတမ်း ပြီးအောင် လုပ်တယ်။ ဒါပေမဲ့ အဲဒီအကြောင်း နောက်ကွယ်မှာ ပြောကြတဲ့အခါ ယန်ယန်က ကံကောင်းလို့လို့ ပြောကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒီလောက်ကံကောင်းနိုင်လို့လား။

ယန်ယန်က စခန်းမှာ လူချစ်လူခင်ပေါပြီး လူတိုင်းနဲ့ တည့်အောင် ပေါင်းသင်းနိုင်တယ်၊ ပြီးတော့ သူ လိုချင်တာကို ရဖို့ နည်းလမ်းတချို့ကိုလည်း သိတယ်။ အဲဒီလို လူမျိုးက ဘယ်လိုလုပ် ရူးတာတဲ့လဲ။ သူတို့မှမြင်အောင် မကြည့်တတ်ကြပဲ။

နာမူချီသည် မိုဘိုင်းလ်ဖုန်းကို ဖျက်ဆီးချင်တဲ့စိတ်ကို ဒီလောက် လွယ်လွယ်နဲ့ အလျော့ပေးမည် မဟုတ်ပေ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့နည်းနဲ့ လုပ်လို့ မရနိုင်လောက်ဘူး။

ဖုန့်မိသားစု၏ မီးဖိုချောင်တွင် ဖုန့်ချင်းယီသည် ဟင်းချက်ရာတွင် အာရုံစိုက်နေလေ၏။

"ဒီနေ့ ဟင်းသီးဟင်းရွက်တွေ ဘာလို့ ဒီလောက် အများကြီး ဝယ်လာတာလဲ။" ဖုန့်ချင်းစီ မီးဖိုချောင်ထဲ ဝင်လာလေသည်။

"ငါ ကြိုက်လို့ ဝယ်လာတာပေါ့။ နင်ဘာလာလုပ်ပြန်တာလဲ။”

ဖုန့်ချင်းစီ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ငါ ဒီမှာ နေလို့မရလို့လား။ တစ်ခုခုလိုရင် ကူပေးလို့ရအောင်ရှိနေပေးတာလေ။"

"မလိုဘူး၊ ငါ တစ်ယောက်တည်း ချက်ရတာ ပိုကောင်းတယ်။ နင်ရှိနေရင် အလုပ်လုပ်ရတာ ပိုလို့တောင် အနှောင့်အယှက်ဖြစ်သေးတယ်။"ဟု ဖုန့်ချင်းယီ ပြန်ပြောလိုက်၏။

"နင်က အနှောင့်အယှက်ဖြစ်တယ်လို့သာ ပြောနေတာ။ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား။ ငါချက်တာ နင့်ထက် အများကြီးသာတယ်။"

သူမ အရင်ကဆို ဟင်းချက်ဖို့ဆိုရင် အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ရှောင်နေတာ၊ အခုမှ ဟင်းချက်ဖို့ကို တအားတက်ကြွနေတော့တာပဲ။ သူမ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာများလား။

တလောတုန်းက အိမ်မှာ ပန်းကန်နှင့် တူများ ပျောက်နေသည်ကို ထပ်မံ စဉ်းစားမိရင်း ဖုန့်ချင်းစီသည် သူမ ကောင်လေးတစ်ယောက်ယောက်အတွက် ခိုးပြီး ဟင်းချက်ပေးနေတယ်လို့တောင် သံသယဝင်လာသည်။

ဒါပေမဲ့ တံခါးဖွင့်သံကို သူ မကြားမိပါဘူး။ သူမ ဘယ်လိုတွေ လုပ်ပေးနေတာပါလိမ့်။

ဖုန့်ချင်းစီသည် ပန်းကန်နှင့် တူများ ပျောက်ဆုံးရသော အကြောင်းရင်းကို သိရန် ထိုနေရာမှာပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါ သူမနဲ့များ သက်ဆိုင်နေမလား။

ဖုန့်ချင်းယီသည် အသီးအရွက်များ ကြော်နေရင်း "နင် ဒီမှာ ဘာလုပ်နေတာလဲ၊ ငါ့ကို စောင့်ကြည့်နေတာလား။"

"ငါ နင့်ကိုနှောင့်ယှက်နေတာ မဟုတ်ဘူးလေ။ ကြည့်နေရုံပဲကို။"

ဖုန့်ချင်းယီက အရူး မဟုတ်ပေ။ သူမက ဖုန့်ချင်းစီ ထူးဆန်းနေတာကို သတိပြုမိပေမဲ့ သူမ ထိတ်လန့်မနေချေ။

"ငါ အခန်းထဲ ခဏ သွားမလို့။ နင် စားစရာတွေကို ကြည့်ထားပေးလို့ ရမလား။”

အခန်းသို့ ပြန်ရောက်သောအခါ ဖုန့်ချင်းယီ ဖုန်းကို ထုတ်ပြီး လော့ရှီကို ဆက်သွယ်လိုက်သည်။ လော့ရှီဆိုတာ ဖုန့်ချင်းစီ လိုက်နေတဲ့ အမျိုးသမီးပဲ။ လော့ရှီ သူ့ကို ဖုန်းခေါ်ရင်တောင် သူ မီးဖိုချောင်မှာ ဆက်နေလိမ့်မယ်လို့ မထင်ဘူး။

【ချင်းယီ : ရှီ၊ ငါ အကူအညီတစ်ခု လိုလို့။ ငါ့အစ်ကိုကို ငါးမိနစ်လောက်နေရင် ဖုန်းလေးခေါ်ပေးပါလား။】

【လော့ရှီ : ?】

【ချင်းယီ : အရေးကြီးလို့ပါ၊ ငါ့ကို ကူညီပါဦး၊ ချစ်တယ်လေ။】

【လော့ရှီ : ပြီးရော။】

【ချင်းယီ : ကျေးဇူးများကြီးတင်ပါတယ်၊ ငါ ကျောင်းရောက်ရင် နင့်ကို ထမင်းတစ်နပ် ကျွေးမယ်။】

【လော့ရှီ : အိုကေ။】

ဖုန့်ချင်းယီသည် လော့ရှီနဲ့ သူမရဲ့ စကားပြောမှတ်တမ်းကို ကြည့်လိုက်သည်။ လော့ရှီက စစ်သူကြီး ချင်ယွီချွမ်ထက်တောင် ပိုပြီး ခပ်ထန်နေသေးတယ်။ သူမရဲ့ အစ်ကိုက လော့ရှီကို ဘယ်တော့များမှ လိုက်နိုင်ပါ့မလဲ။

ငါးမိနစ်လောက်နေရင် သူမရဲ့ နောက်ဆုံးဟင်းပွဲက အသင့်ဖြစ်ပြီ။ သူမ မြန်မြန် လုပ်လိုက်မယ်ဆိုရင် စူးစမ်းခံနေရတာကို ရှောင်တိမ်းနိုင်ပြီ။ ချင်ယွီချွမ်ကို ထမင်းတစ်နပ် ပို့ပေးဖို့ သူမ တကယ်ကို အများကြီး ကြိုးစားနေရတာပဲ။

လော့ရှီ ဖုန်းခေါ်သည်ကို မြင်သည့်အခါ ဖုန့်ချင်းစီသည် ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်သွားသည်။

ဖုန့်ချင်းယီသည် ထမင်းနှင့် ဟင်းများကို ပန်းကန် တစ်လုံးထဲ ချင်ယွီချွမ်ဆီသို့ ပို့ပေးလိုက်သည်။

ဖုန်းက သူမ၏ လက်ထဲ ရှိနေစဉ်တွင် ဖုန့်ချင်းစီ ပြန်ဝင်လာပြီး "မင်း အဲဒီမှာ ဘာလုပ်နေတာလဲ။" ဟု မေးသည်။

"ဘာမှ မလုပ်ဘူးလေ၊ ဖုန်းကြည့်နေတာ။"

ဖုန့်ချင်းစီသည် လျှောက်လာပြီး သေချာကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရချေ။

"ထမင်းဟင်းတွေ အဆင်သင့်ဖြစ်နေတာကို စားပွဲပေါ် ယူသွားပြီး စားလိုက်ပါတော့လား။ နင်က ဘာလို့ ဒီမှာ အချိန်ဖြုန်းနေတာလဲ။"

"နင် ဟင်းတွေကို စားပွဲပေါ် ယူသွား၊ ငါ ထမင်းထည့်ပေးမယ်" ဟု ဖုန့်ချင်းယီသည် ထမင်းထည့်ရန် ပန်းကန်လုံး တစ်လုံး ယူရင်း ပြောလိုက်သည်။

ချင်ယွီချွမ်အတွက် စောစောက ထည့်ပေးတုန်းက သူမ ထမင်းအိုးကို မွှေနှောက်ခဲ့တာကြောင့် ဖုန့်ချင်းစီ ကိုယ့်ဘာသာ ထည့်စားရင်တောင် ထမင်း လျော့သွားတာကို သတိထားမိမှာ မဟုတ်ဘူး။

ဖုန့်ချင်းစီသည် ဖုန့်ချင်းယီကို သေချာကြည့်နေသော်လည်း သူမ၏ မျက်နှာပေါ်တွင် ဘာထူးခြားမှု အရိပ်အယောင်မှ မတွေ့ရပေ။

သို့သော် အိမ်ထဲမှာ သူတို့နှစ်ယောက်တည်းသာ ရှိပြီး သူခိုးဝင်လာနိုင်တယ်ဆိုတာ ပြန်စဉ်းစားကြည့်ရင် မဖြစ်နိုင်။ ဒါကြောင့် ဖုန့်ချင်းယီပဲ ဖြစ်ရမယ်။ အဲဒီပန်းကန်နဲ့ အသုံးအဆောင်တွေကို သူမ ဘာလုပ်လိုက်လဲဆိုတာ သူ သေချာမသိပေ။

ထမင်းစားချိန်က တိတ်ဆိတ်ငြိမ်သက်နေသည်။ ဖုန့်ချင်းစီသည် ဖုန့်ချင်းယီက ပန်းကန်တွေကို ဘာလုပ်လိုက်လဲဆိုတာ ကြိုးစားပမ်းစား ခန့်မှန်းနေပြီး ဖုန့်ချင်းယီကတော့ ဖုန့်ချင်းစီရဲ့ သံသယတွေကို ဘယ်လိုဖယ်ထုတ်ရမလဲ စဉ်းစားလို့နေသည်။

သူမ အရင်က လုပ်ခဲ့တာတွေက နည်းနည်း ချို့ယွင်းချက် ရှိသွားခဲ့တယ်ဆိုတာ သူမ ဝန်ခံတယ်၊ ဆိုတော့ ဖုန့်ချင်းစီက ဒါကို သတိထားမိချင်လည်း သတိထားမိချင်စရာပါပဲလေ။

ဒါပေမဲ့ နောက်ရက်တွေ သူမ ချက်ပြုတ်တဲ့အခါ လုပ်သမျှတိုင်းကို သူစောင့်ကြည့်နေမယ်ဆိုရင် စီမံခန့်ခွဲရတာ အတော်လေး ခက်ခဲလိမ့်မယ်။ နေ့တိုင်း လော့ရှီကိုလည်း သူ့ဆီ ဖုန်းခေါ်ခိုင်းလို့ မရဘူး။

သူစိတ်ပြေအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။ ဒီလို ကြိုတင်မတွေးမိခဲ့တာတွေအတွက် သူမကိုယ်သူ အပြစ်ပဲတင်မိတော့တယ်။ ဒီလိုသာကြိုသိခဲ့ရင် အရင်ကတည်းက ပုံစံတူ ပန်းကန်တွေကို ဝယ်ပြီး အစားထိုး သုံးလိုက်ပါတယ်။ သူမ တွက်ချက်မှု မှားသွားတာပဲ။

လောလောဆယ်တော့ သူမ မနက်ဖြန်မှ စူပါမားကတ်ကို နောက်တစ်ခေါက် သွားနိုင်တော့မယ်။ ဒီနေ့ ဝယ်ခဲ့တဲ့ ပန်းကန်တွေကို ဗီရိုရဲ့ နောက်ဘက်ဆုံးမှာ ထည့်ထားတယ်။ ဖုန့်ချင်းစီက တကူးတက ရှာမကြည့်ရင် တွေ့မှာ မဟုတ်ဘူး။

အခုကစပြီး သူမ ဒီနေ့ ဝယ်ခဲ့တဲ့ ပန်းကန်တွေကိုပဲ ချင်ယွီချွမ်အတွက် အစားအစာ ထည့်ပေးဖို့ သုံးမယ်။ လောလောဆယ်တော့ ဒါက လုံလောက်မှာပါ။

ချင်ယွီချွမ်သည် သူ၏ တဲထဲတွင် ဒီကနေ့ ဖုန့်ချင်းယီ ပို့လာပေးသော စားစရာကို ကြည့်နေသည်။ အရင်ရက်တွေထက် ပိုပြီး ထည်ဝါနေတာတော့ အမှန်ပဲ။

ပန်းကန်တွေနဲ့ အသုံးအဆောင်တွေလည်း အသစ်တွေ ဖြစ်သည်။ ဖုန့်ချင်းယီ ပြင်ဆင်ပေးထားသည့် အစားအစာကို စားလိုက်သောအခါ ချင်ယွီချွမ်၏ အစက တုန်လှုပ်နေသော စိတ်အခြေအနေသည် အတော်လေး တည်ငြိမ်သွား၏။

သူ နောက်နေ့မနက် စောစော မြို့တော်ကို ပြန်ဖို့ ပြင်ဆင်ထားတယ်။

ဒီခရီးက ကံကောင်းခြင်းတွေ ယူလာပေးမလား၊ ဘေးဒုက္ခတွေ ယူလာပေးမလားဆိုတာတော့ မသေချာပေ။

မြို့တော်ကြီးက အာဏာနဲ့ စည်းစိမ်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခု၊ သူ ပြန်သွားဖို့ တွန့်ဆုတ်နေတဲ့ နေရာတစ်ခု ဖြစ်၏။ ဒါပေမဲ့ အိမ်မှာ သူ့ကို စောင့်နေတဲ့ အမေ့ကို တွေးလိုက်သည့်အခါ သူ စိတ်ဒုံးဒုံးချလိုက်ရတော့သည်။

သူ၏ အမေသည် ထျန်းချီအင်ပါယာ၏ မင်းသမီးတစ်ပါး၊ လက်ရှိဧကရာဇ်၏ အဒေါ်တော်စပ်သည်။

ဒါပေမဲ့ တော်ဝင်မိသားစုတွေမှာ တကယ့် ခံစားချက်တွေ ရှိခဲ့ဖူးရဲ့လား။ သူ့အဖေနဲ့ အမေရဲ့ လက်ထပ်ပွဲဆိုတာ တော်ဝင်မိသားစုက သူ့အဖေရဲ့ အာဏာကို ထိန်းချုပ်ဖို့ စီစဉ်ခဲ့တာပဲ ဖြစ်သည်။

ဒါပေမဲ့ မင်းသမီးက စစ်သူကြီးကို ချစ်သွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြဘူး။ သူမက တော်ဝင်မိသားစုအတွက် ကစားစရာအရုပ် မဖြစ်ချင်တော့သလို သူမရဲ့ ချစ်လှစွာသော ခင်ပွန်းကိုလည်း ထိခိုက်နစ်နာစေချင်တာ မဟုတ်ပေ။

သူမက သူ့ကို ကာကွယ်ဖို့ အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ သူ့အဖေ၊ စစ်သူကြီးချုပ်ကတော့ ချင်ရွှီက စစ်မြေပြင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတယ်။

ချင်ယွီချွမ် ထိုတိုက်ပွဲကို သေချာပြန်လေ့လာခဲ့သည်။ သူ့အဖေက ထိုတိုက်ပွဲတွင် အသက်ရှင်နိုင်ခဲ့သော်လည်း သေဆုံးရန်သာ ရွေးချယ်ခဲ့သည်။

ချင်ရွှီ၏ စွန့်လွှတ်အနစ်နာခံမှုအပြီး မကြာခင်မှာပင် ထျန်းချီအင်ပါယာ၏ ဧကရာဇ်သည်လည်း ထူးဆန်းစွာ နတ်ရွာစံသွားခဲ့ပြီး သူ၏ သားတော် အကြီးဆုံး ရွှမ်းယွမ်ရှန့်သည် နန်းတက်ခဲ့သည်။

ငယ်ရွယ်သေးသော ဧကရာဇ်သည် ချင်မိသားစုကို နှိမ်နင်းရန် အလျှော့မပေးခဲ့ပေ။ ချင်ယွီချွမ်သည် ထိုစဉ်က ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ ကိုယ်ရံတော်ကာကွယ်မှုအောက်တွင် ရှိနေခဲ့ရသည်။

များမကြာမီ စစ်မက်ဖြစ်ပွားခဲ့သည်။ ရွှမ်းယွမ်ရှန့်သည် ရှေ့တန်းကို စေလွှတ်ရန် အခြား ဘယ်သူ့ကိုမှ မမြင်သောကြောင့် အသက် ( ၁၅ ) နှစ်အရွယ် သာမန်ကောင်လေးဖြစ်သည့် သူ့ကို ရှေ့တန်းပို့ခဲ့လေသည်။

နန်းတွင်းအရာရှိများ၏ ကန့်ကွက်မှုများသည် အချည်းနှီးဖြစ်ခဲ့ပြီး သူ့အမေ၏ မျက်ရည်များနှင့် တောင်းပန်တိုးလျှိုးမှုများသည်လည်း သူ၏ အမိန့်ကို မလွန်ဆန်နိုင်ခဲ့ပေ။ ထိုအချိန်မှစ၍ သူသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး စစ်မြေပြင်ကို ခြေချနင်းခဲ့လေတော့သည်။

အသက် ( ၁၅ ) နှစ်အရွယ် ကောင်လေးတစ်ယောက် စစ်တပ်ကို ဦးဆောင်နိုင်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့သလို အောင်ပွဲတွေ ရရှိနိုင်မယ်လို့လည်း မယုံကြည်ခဲ့ကြဘူး။ သို့သော် သူသည် အံ့အားသင့်ဖွယ် ကိစ္စရပ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်နိုင်ခဲ့၏။

တိုက်ပွဲတစ်ခုအပြီးတွင် သူ၏ ကျော်ကြားမှုသည် တစ်ပြည်လုံးအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ရွှမ်းယွမ်ရှန့်သည် သူ့အလားအလာကို မြင်လာရသည်။ ထျန်းချီအင်ပါယာရဲ့ အကျပ်အတည်းက နေရာတိုင်းမှာရှိနေပြီး ပြည်တွင်းပြည်ပ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရသောအခါ သူ့ကို စစ်တပ်အာဏာ ပေးအပ်ထားဖို့မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

ထိုအချိန်မှစ၍ သူသည် ဆယ်စုနှစ်တစ်ခုအကြာ စစ်တိုက်ခဲ့ပြီး ရှုံးပွဲဟူ၍ မရှိခဲ့ပေ။

ဒီဆယ်နှစ်တာကာလအတွင်း သူ ဘာတွေ ကြုံခဲ့ရလဲဆိုတာ ဘယ်သူမှ မသိသလို သူ့အောင်ပွဲတွေရဲ့ နောက်ကွယ်မှာ သူ ဘာတွေကို စတေးခဲ့လဲဆိုတာလည်း ဘယ်သူမှ မသိခဲ့ကြပေ။

All Chapters