အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း ( ၂၃ ) – ကျောင်းမြက်လေး
"အာ့ချွမ်ရဲ့ အလှကို မြင်နိုင်စွမ်းက ကောင်းလွန်းတယ်။"
သူတို့ တွေ့နိုင်မှာ မဟုတ်ဘူးလို့ မူချီပြောတာ မှန်သလား မမှန်ဘူးလားတော့ မသိဘူး။ အဲဒါ မှန်ရင် သူတို့ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ကြမလဲ။
အိုလေ၊ ဒီကမ္ဘာပေါ်က အရာအားလုံးမှာ သူ့ကံကြမ္မာနဲ့ သူ ရှိတယ်။ ဖြစ်လာမယ့်အရာက ဖြစ်လာမှာပဲ။
ပေကျင်းတက္ကသိုလ်တွင် ဖုန့်ချင်းစီနှင့် ဖုန့်ချင်းယီတို့သည် သူတို့ရဲ့ ခရီးဆောင်အိတ်များကို ကျောင်းတံခါးဝကနေ ဆွဲပြီး ဝင်သွားကြသည်။
သူတို့က ဌာန မတူသလို သူတို့ရဲ့ အဆောင်တွေကလည်း သွားသည့် လမ်းလည်း မတူသောကြောင့် ကျောင်းတံခါးဝ ဝင်ဝင်ပြီးချင်းမှာပဲ လမ်းခွဲလိုက်ကြသည်။
ဖုန့်ချင်းယီက ခရီးဆောင်အိတ်နဲ့အတူ သူမရဲ့ အဆောင်ကို ပြန်ရောက်သောအခါ သူမရဲ့ အခန်းဖော်တွေ မရောက်သေးတာကို တွေ့တာကြောင့် အရင်ဆုံး သန့်ရှင်းရေး လုပ်လိုက်သည်။
ဒီနေ့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ အတန်းတွေက မနက်ဖြန် မနက်ပိုင်းမှ စမှာဆိုတော့ ဒီနေ့ ကျန်တဲ့ အချိန်တွေကို သူမ စိတ်ကြိုက် နေလို့ ရပြီ။
ဖုန့်ချင်းယီက သူမရဲ့ မိုဘိုင်းလ်ဖုန်းထဲက သင်တန်းတွေကို တကယ် တက်ချင်ပေမဲ့ သူမ ရုတ်တရက် ပျောက်သွားပြီး ပြန်ပေါ်လာရင် သူမရဲ့ အခန်းဖော်တွေကို ထိတ်လန့်သွားစေမှာကိုလည်း စိုးရိမ်တာကြောင့် အဲဒီအကြံကို လက်လျှော့လိုက်ရသည်။
ကျောင်းမှာရှိနေတုန်း ဒီသင်တန်းတွေရဲ့ အားနည်းချက်များ ထင်ရှားလာ၏။ ဒါကြောင့် ဒုတိယအဆင့်မှာ ဗီလာတစ်လုံး ပေါ်လာတာ ဖြစ်နိုင်တယ်။
ဗီလာဝယ်ဖို့ နေ့ရက်က ဝေးသေးတာက သူမ ပိုပြီး အဆင်ပြေပြေ စာလေ့လာနိုင်ဖို့ ဖြစ်နိုင်တယ်။
အခုတော့ သူမ ကြိုးစားပြီး စာသင်ရမယ်၊ နေ့တိုင်း တိုးတက်မှု ရှိရမယ်၊ ပြီးတော့ နှစ်လယ် စာမေးပွဲရဲ့ အပိုအလုပ်ကို ပြီးမြောက်အောင် ကြိုးစားပြီး အမြတ်အစွန်း များများ ရအောင် လုပ်ရမယ်။
"အတန်းမစခင်တည်းက နင်က စာကျက်နေပြီလား။ ငါတို့ကို အနိုင်ယူဖို့ ကြိုးစားနေတာလား။"
ရှန်ဟန်ယွဲ့ ဝင်လာပြီး ဖုန့်ချင်းယီ စားပွဲမှာ စာအုပ်ဖတ်နေတာကို မြင်သည်နှင့် ပြောလိုက်၏။
ဖုန့်ချင်းယီ : "နင်တို့တွေ နောက်ကျမှ ရောက်လို့ ငါ ဘာလုပ်ရမှန်း မသိတာနဲ့ နည်းနည်းလေး စာဖတ်နေတာပါဟာ။"
ရှန်ဟန်ယွဲ့က ခရီးဆောင်အိတ်ကို ချလိုက်သည်။ "ဒီနွေရာသီ အားလပ်ရက် ပြီးတော့ နင့်အသားတွေ ပိုဖြူပြီး ပိုလည်း လှလာတယ်လို့ ငါ ခံစားရတယ်။"
"ငါ အရင်က မလှလို့လား။" ဖုန့်ချင်းယီက သူမရဲ့ အသွင်အပြင်ကို ယုံကြည်မှုအပြည့်ရှိသည်။
ရှန်ဟန်ယွဲ့ : "အရင်တည်းက နင်က လှပြီးသားပါ။ ဒါပေမဲ့ အခုတစ်ခေါက် ပြန်တွေ့လိုက်ရတော့ နင်က ပိုပြီး လှနေလို့လေ။ နင် နွေရာသီ အားလပ်ရက် အကုန်လုံးကို အိမ်ထဲပဲ အောင်းနေပြီး အပြင်မထွက်ဘူးလား။"
"ငါ မိသားစုလိုက် ခရီးသွားခဲ့ပြီး ပြန်လာတော့ အသားရောင်တွေ ပိုမည်းသွားတယ်။ နောက်ပိုင်း ပြန်ပြီး ကုဖို့ ကြိုးစားပေမဲ့ သိပ်တော့ မထူးဘူး။"
ဖုန့်ချင်းယီသည် ရှန်ဟန်ယွဲ့၏ မျက်နှာကို ကြည့်လိူက်သည်။ "ဒါပေမဲ့ နင့်အသားအရေက နင်ပြောသလိုတော့ အရမ်းကြီး မပြောင်းသွားသလိုပဲ။"
"အဟုတ်လား။ ပြီးခဲ့တဲ့ရက်အနည်းငယ်က ငါ ငါ့အမေနဲ့ အလှပြင်ဆိုင် လိုက်သွားခဲ့သေးတာ။ အဲဒီက နည်းနည်းတော့ ထူးတယ်ထင်ရတာပဲ။ ဒါပေမဲ့ နင်က အခု တကယ် ဖြူဖွေးနေတာ။ ဒီနွေရာသီ အားလပ်ရက် ငါတို့ မသိအောင် နင် ဘာတွေများ လုပ်ခဲ့လဲ။"
ဖုန့်ချင်းယီသည် စားပွဲပေါ်က မှန်ကို ကောက်ယူပြီး ကိုယ့်ကိုကိုယ် ကြည့်လိုက်သည်။ သူမ တကယ်ပဲ အသားဖြူလာပုံရတယ်၊ အလှအပဆေးလုံးတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်တယ်။
"ဟုတ်မယ်။ ငါ တစ်နွေလုံး အိမ်မှာပဲ နေပြီး အပြင်မထွက်ခဲ့လို့ အသားဖွေးလာတာ များလား။"
မကြာခင်မှာပဲ တခြား အခန်းဖော်နှစ်ယောက် လော့ရှီနဲ့ ချွီကျင်းချီတို့လည်း ရောက်လာသည်။
"ရှီရှီ၊ ချီချီ၊ နောက်ဆုံးတော့ နင်တို့ ရောက်လာပြီပေါ့။ ငါ့အမေက ငါ့အတွက် ဒေသထွက် သစ်အယ်သီးတွေ ထုပ်ပေးလိုက်သေးတယ်။ နည်းနည်း စမ်းစားကြည့်ကြပါဦး။" ရှန်ဟန်ယွဲ့က သစ်အယ်သီးတွေကို မျှဝေပေးသည်။
အိပ်ဆောင်ရှိ အခန်းဖော် လေးယောက်ဟာ အကျင့်စရိုက်နှင့် ဝါသနာတွေ မတူညီကြပေမဲ့ ဆက်ဆံရေး အတော်လေး ကောင်းကြသည်။
ရှန်ဟန်ယွဲ့က အဖွဲ့ထဲမှာ စကားအများဆုံးဖြစ်ပြီး နေရောင်ခြည်လို တောက်ပကာ ပျော်ရွှင်တဲ့ အကျင့်စရိုက် ရှိသည်။ သူမက ဂိမ်းကစားတာ၊ ရှိုးပွဲတွေ ကြည့်တာ၊ နာမည်ကြီးတွေနောက်လိုက်တာကို ကြိုက်ပြီး မျှဝေတာနဲ့ မှတ်ချက်ပေးတာကိုလည်း နှစ်သက်တတ်သည်။
ချွီကျင်းချီက တိတ်ဆိတ်ပြီး နူးညံ့တဲ့သူမျိုးဖြစ်ပြီး အများအားဖြင့် စကားကို လေးလေးနက်နက်နဲ့ နူးနူးညံ့ညံ့လေး ပြောဆိုတတ်၏။ သူမရဲ့ အားလပ်ချိန်တွေမှာ စာအုပ်ဖတ်တာနဲ့ ဆောင်းပါးတွေ ရေးသားရတာကို နှစ်သက်တဲ့ တကယ်ကို အရည်အချင်းရှိသော အမျိုးသမီးလေး ဖြစ်၏။
လော့ရှီကတော့ အေးစက်ပြီး ထည်ဝါသည့် နတ်ဘုရားမကို ကိုယ်စားပြုတယ်။ - သူမက လှပပြီး စတိုင်ကျတယ်။ သူမ စကားနည်းပေမဲ့ မနှစ်သက်စရာကောင်းတဲ့ သူမျိုးတော့ မဟုတ်ပေ။
ထိုသုံးယောက်နဲ့ ယှဉ်ရင် ဖုန့်ချင်းယီက တော်တော် ရိုးရှင်းပုံရပေမဲ့ သူမရဲ့ ရိုးရှင်းတယ်ဆိုတာက သူမရဲ့ ကိုယ်ပိုင် ခံယူချက်သာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့။" ချွီကျင်းချီက ရှန်ဟန်ယွဲ့ ပေးတဲ့ အိတ်ကို ယူလိုက်သည်။
ရှန်ဟန်ယွဲ့က ပြုံးပြီး "ကျေးဇူးတင်စရာ မလိုပါဘူးအေ။ ကောင်းတယ်လို့ ထင်ရင် ငါ့ဆီက နောက်ထပ် ထပ်ယူလို့ ရတယ်။ ငါ့အမေက အများကြီး ထည့်ပေးလိုက်တာ၊ ငါ အိမ်မှာတော့ စားရလွန်းလို့ငြီးငွေ့နေပြီ။" ဟု ပြောသည်။
လော့ရှီကို သစ်အယ်သီးတွေ ပေးပြီးနောက် သူမရဲ့ ပစ္စည်းတွေကို နေရာချရန် စတင်သည်။
ဖုန့်ချင်းယီက စားပွဲပေါ်က ရှန်ဟန်ယွဲ့ရဲ့ သစ်အယ်သီးတွေ၊ လော့ရှီရဲ့ လက်လုပ်ဆပ်ပြာတွေနဲ့ ချွီကျင်းချီရဲ့ မှတ်စုစာအုပ်တွေကို ကြည့်ပြီး သူမ တစ်ယောက်တည်း ဘာလက်ဆောင်မှ မပြင်ဆင်ထားတာကို သဘောပေါက်လိုက်သည်။
"ငါ တစ်နွေလုံး အိမ်မှာပဲ နေပြီး အပြင်မထွက်ခဲ့ဘူးဆိုတော့ လက်ဆောင်တွေ မဝယ်ခဲ့ရဘူး။ ဒီည ငါ နင်တို့ကို ညစာ လိုက်ကျွေးမယ်။"
ရှန်ဟန်ယွဲ့ : "ဒါဆို ဒီည ဟော့ပေါ့ သွားစားကြမယ်။"
"...ဒီလောက် ပူပြင်းနေတာကို၊ နင် သေချာရဲ့လား။” ဖုန့်ချင်းယီက ပြောသည်။
ရှန်ဟန်ယွဲ့ : "ကျောင်း အပြင်ဘက်က ဟော့ပေါ့ဆိုင်၊ ငါ အဲ့ဆိုင်ကို အရမ်း လွမ်းနေတာ။ အခု ငါတို့ ကျောင်းကို ပြန်ရောက်ပြီဆိုတော့ အဲဒါကို လက်မလွတ်သင့်ဘူး။ ရှီရှီ၊ ချီချီ၊ နင်တို့ နှစ်ယောက်ရော သဘောတူလား။"
"ငါလည်း သွားချင်တယ်" လို့ ချွီကျင်းချီက ပြောသည်။
လော့ရှီ : "ငါကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။"
ရှန်ဟန်ယွဲ့ အရမ်း ပျော်သွားသည်။ "ဒါဆို ဆုံးဖြတ်လိုက်ပြီ။ အခု လေးနာရီ ရှိနေပြီ၊ နင်တို့ လိုအပ်သလောက်ပဲ ပစ္စည်းတွေကို အမြန် နေရာချလိုက် ပြီးတော့ ငါတို့ ငါးနာရီကျရင် ထွက်ကြမယ်။"
အားလုံး သဘောတူတာကြောင့် ဖုန့်ချင်းယီလည်း ဘာမှ ကန့်ကွက်စရာ မရှိပေ။ သူမက အစားအသောက် မရွေး၊ အကုန် စားသည်။
ညနေ ငါးနာရီမှာ သူတို့လေးယောက် အဆောင်က ထွက်ပြီး ဟော့ပေါ့ဆိုင်ကို သွားကြသည်။
ရှန်ဟန်ယွဲ့က အစားအသောက် မှာဖို့ မီနူးတောင်းလိုက်သည်။ သူမက အကုန်လုံးရဲ့ အကြိုက်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး သူတို့အတွက် ခပ်မြန်မြန် မှာပေးလိုက်သည်။
မှာပြီးနောက် ရှန်ဟန်ယွဲ့က မလှမ်းမကမ်းက စားပွဲတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။
"ဟိုမှာ ကြည့်ဦး၊ အဲဒါ ရူပဗေဒဌာနက စုန့်ကျင်းယွမ် မဟုတ်လား။"
ဖုန့်ချင်းယီနဲ့ ချွီကျင်းချီတို့က ရှန်ဟန်ယွဲ့ လက်ညှိုးထိုးတဲ့ဘက်ကို လှမ်းကြည့်လိုက်သည်။
"ကျောင်းရဲ့ အချောလေး ရုပ်ရည်က ငြင်းလို့ မရဘူးပဲ။ သူ အခုထိ တစ်ယောက်တည်းပဲ ရှိသေးတယ်လို့ ငါ ကြားတယ်။ ချင်းယီ၊ ဘာလို့ သူ့ကို ဆက်သွယ်ဖို့ အချက်အလက်ကို မယူထားတာလဲ။" ဟု ရှန်ဟန်ယွဲ့က ဆက်ပြောသည်။
ဖုန့်ချင်းယီက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ "နင်လိုချင်ရင် နင်ကိုယ်တိုင် သွားလိုက်။"
ရှန်ဟန်ယွဲ့ : "ငါ သွားရဲရင် အရင်ကတည်းက သွားပြီးပြီ။"
"ငါတို့ မလုပ်တာ ပိုကောင်းတယ်နော်" လို့ ချွီကျင်းချီက ဝင်ပြောသည်။ "ဒီတိုင်းလေး အေးဆေးနေတာက ပိုကောင်းတယ်။"
ရှန်ဟန်ယွဲ့က သဘောမတူပေ။ "ငါတို့ တစ်နှစ်လုံး အေးဆေးနေခဲ့ပြီးပြီ။ ဘာရလဲ။ ရလဒ်က ငါတို့ အဆောင်တစ်ခုလုံး အခုထိ တစ်ယောက်တည်းချည်းပဲ။ ငါတို့ ဒီထက် အေးဆေးနေနေရင် ဘွဲ့ရတဲ့အထိ လက်တွဲဖော် မရနိုင်တော့ဘူးအေ။"
"တစ်ယောက်တည်း ဘဝက လွတ်မြောက်ချင်တဲ့သူက နင်ပဲဆိုတော့ ငါတို့က နင့်ကို အားပေးနေမယ်။ နင် သွားလိုက်။" တစ်ယောက်ယောက်ဆီကနေ ဆက်သွယ်စရာ အချက်အလက် တောင်းရတာက ဖုန့်ချင်းယီ မလုပ်နိုင်တဲ့ အရာတစ်ခုပဲ။
မကြာခင် ဆိုင်ဝန်ထမ်းက ဟော့ပေါ့နဲ့ ဟင်းလျာတွေ ယူလာပေးသည်။ အစားအသောက်တွေ ရောက်လာတာကို မြင်တော့ ရှန်ဟန်ယွဲ့က ကျောင်းရဲ့ အချောလေးအကြောင်း ဂရုမစိုက်နိုင်တော့ပေ၊ စားတာက အဓိကပင်။
သူတို့လေးယောက် ပထမနှစ်ဝက်ရဲ့ ပထမဆုံး ညစာကို အတူတူ စားခဲ့ကြသည်။ ဟော့ပေါ့ စားပြီးနောက် သူတို့ ဖုန်းထုတ်ပြီး ပြန်ဖို့ ပြင်ကြသည်။ အဲဒီအချိန်မှာ စုန့်ကျင်းယွမ်က ဖုန့်ချင်းယီဆီ ချဉ်းကပ်လာသည်။
"ကျောင်းသူလေး၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် အချက်အလက်ချင်း ဖလှယ်လို့ ရမလား။"
စုန့်ကျင်းယွမ်က နည်းနည်း ရှက်နေပုံရသည်။
ဖုန့်ချင်းယီက ငြင်းဆန်ဖို့ ပြင်နေပေမဲ့ သူမ စကားမပြောခင် ရှန်ဟန်ယွဲ့က သူမကိုယ်စား ပြန်ဖြေလိုက်သည်။
"ရတာပေါ့။ ချင်းယီ၊ မြန်မြန်လုပ်လိုက်လေ။"
ရှန်ဟန်ယွဲ့ ဝင်ပါပြီးနောက် ဖုန့်ချင်းယီ နောက်ဆုတ်လို့ မရတော့တာကြောင့် သူမ ဖုန်းကို ဖွင့်ပြီး စုန့်ကျင်းယွမ်ရဲ့ ဝီချက်ကို ထည့်လိုက်ရသည်။
အဆောင်ကို ပြန်ရောက်တဲ့ လမ်းမှာ ရှန်ဟန်ယွဲ့က အနည်း စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
"အဲဒါ စုန့်ကျင်းယွမ်၊ ချင်းယီ။ ဒီနှစ် နင် ရည်းစားရဖို့ ငါမြင်နေရတယ်။ ပြီးတော့ သူက နင့်ကို တော်တော် စိတ်ဝင်စားပုံရတယ်။"
ဖုန့်ချင်းယီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "နင် အခု သူ့အကောင့်ကို လိုချင်နေတာ မဟုတ်ဘူးလား။ သူ့ကို နင်နဲ့ပဲ မိတ်ဆက်ပေးလိုက်ရင် ကောင်းမလား။"
"သူက နင့်ရဲ့ ဝီချက်တောင်းတာဆိုတော့ ငါ နင်နဲ့ မပြိုင်ပါဘူးနော်။ ရိုးရိုးသားသား ပြောရရင် သူက ရုပ်လေးချောလို့ ငါဆွဲဆောင်ခံခဲ့ရတာပဲရှိတာ၊ ဒါပေမဲ့ ရည်းစားရှာတာက ရုပ်ရည်တစ်ခုတည်းနဲ့လည်း မဖြစ်နိုင်ဘူးလေ။"
***
အခန်း ( ၂၄ ) – စစ်သူကြီးအိမ်တော်ကို ပတ်ပြပေးမယ်
ချွီကျင်းချီ: "စုန့်ကျင်းယွမ်အကြောင်း ဖိုရမ်မှာ အချက်အလက်တချို့ တွေ့တယ်။ သူက ရူပဗေဒဌာနရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ၊ ပြီးတော့ တော်တော်လေး ရိုးသားပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့သူ ဖြစ်ပုံရတယ်။ ဖုန့်ချင်းယီ၊ နင် သူ့နဲ့ စကားပြောပြီး ပိုပြီးရင်းနှီးအောင်လုပ်ကြည့်။"
"တကယ်တမ်း ပြောရရင် ငါ အခုအချိန်မှာ ရည်းစားထားဖို့ အစီအစဉ် မရှိသေးဘူး။"
ရှန်ဟန်ယွဲ့က ပြောသည်။ "အဲဒီလို တွေးနေတာ အမှားကြီးနော်။ ကျောင်းတက်နေတုန်း လက်တွဲဖော် ရှာရတာ ပိုလွယ်တယ်။ ဘွဲ့ရပြီးတာနဲ့ လက်ထပ်ပွဲ လုပ်လိုက်ရုံပဲ။"
"နင် ငါ့အစ်ကိုအကြောင်း သိလား။ သူ ဒီနှစ် အသက် ( ၂၈ ) နှစ် ရှိပြီ၊ အလုပ်အကိုင် ကောင်းတယ်၊ အိမ်နဲ့ ကားလည်း ရှိတယ်၊ ဒါပေမဲ့ ရည်းစား မရှိဘူး။ ငါ့မိဘတွေ စိုးရိမ်လွန်ပြီး သေလုနီးပါး ဖြစ်နေပြီ။"
"အခုဆို တနင်္ဂနွေရက်တိုင်း သူက ကြင်ဖက်တွေ့ဖို့ သွားတယ်၊ ဒါပေမဲ့ သူ့မှာ အချိန်သာ ကုန်လာတယ်၊ သူနဲ့ သင့်တော်တဲ့သူ မတွေ့သေးဘူး။ ဒါကြောင့် ငါ့မိဘတွေကတော့ ငါ့ကို တက္ကသိုလ်မှာ အားထားရတဲ့ လက်တွဲဖော် ရှာတွေ့မယ်လို့ မျှော်လင့်နေကြတာပဲ။"
ချွီကျင်းချီ: "လက်တွဲဖော်ရှာတာနဲ့ ရည်းစားထားတာက ကံတရားအပေါ် မူတည်တာ ပိုကောင်းတယ်လို့ ငါထင်တယ်။ အလျင်စလို လုပ်စရာ မလိုပါဘူး။ နောက်ဆုံး နင့်အတွက် သင့်တော်တဲ့သူကို တွေ့လိမ့်မယ်။ ပြီးတော့ မတွေ့ရင်လည်း တစ်ယောက်တည်း နေတော့လည်း ဘာမှ မဖြစ်ဘူးလေ။"
ရှန်ဟန်ယွဲ့ သက်ပြင်းချသည်။ "နင်တို့ နှစ်ယောက်လုံး ဘာလို့ အခုချိန်ထိ တစ်ယောက်တည်း ဖြစ်နေကြလဲဆိုတာ မအံ့သြတော့ဘူး။ လော့ရှီ၊ နင်ရော ဘယ်လိုထင်လဲ။ ဖုန့်ချင်းယီရဲ့ အစ်ကိုက နင့်ကို လိုက်နေတုန်း မဟုတ်လား။"
"ငါ သူ့ကို ငြင်းလိုက်ပြီ" လို့ လော့ရှီက တိုတိုတုတ်တုတ် ပြန်ဖြေသည်။
ရှန်ဟန်ယွဲ့ : "ကောင်းရော။ ငါတို့ အဆောင်မှာ ရည်းစားထားမယ့် ရည်ရွယ်ချက် မရှိတော့ပုံရတယ်။ ငါ ပြန်ပြီး ငါ့ရဲ့ idol တွေနောက်ကိုပဲ လိုက်တော့မယ်။"
အဆောင်ကို ပြန်ရောက်သည့်အခါ ဖုန့်ချင်းယီက ချင်ယွီချွမ်ဆီက စာတိုတစ်စောင် တွေ့သည်။
[ယွီချွမ် : မင်း ကျောင်းကို ရောက်ပြီလား။]
[ချင်းယီ : ဟုတ်၊ နေ့လည်ပိုင်းက ရောက်တယ်။ အခန်းဖော်တွေနဲ့ ညစာစားပြီး အခုမှ အဆောင်ကို ပြန်ရောက်တာ။]
[ယွီချွမ် : အခန်းဖော်တွေလား။]
[ချင်းယီ : ကျွန်မတို့ ကျောင်းမှာ လူလေးယောက်ကို တစ်ခန်း အတူနေကြတယ်၊ ဒါကြောင့် သူတို့ကို အခန်းဖော်တွေလို့ ခေါ်တယ်။]
[ယွီချွမ် : မင်း အခု အားရဲ့လား။]
[ချင်းယီ : အားပါတယ်။ ဘာလို့လဲ။]
[ယွီချွမ် : ဒါဆို မင်းကို ဗီဒီယိုဖုန်းခေါ်ပြီး စစ်သူကြီးအိမ်တော်ကို လိုက်ပြပေးမယ်။]
[ချင်းယီ : ဟုတ်ပြီ။ ဒါဆို ခဏစောင့်၊ ကျွန်မ ခေါင်မိုးထပ်ကို သွားလိုက်ဦးမယ်။]
[ယွီချွမ် : ကောင်းပြီ။]
"ငါ ဖုန်းပြောလိုက်ဦးမယ်" လို့ ဖုန့်ချင်းယီက သူမရဲ့ အခန်းဖော်တွေကို ပြောပြီး ဖုန်းနဲ့အတူ ထွက်သွားသည်။
ဖုန့်ချင်းယီရဲ့ အဆောင်က ကိုးထပ်မှာ ဖြစ်သည်။ သူမက အဝတ်လျှော်ဖို့နဲ့ အိပ်ယာခင်းတွေ လှန်းဖို့ လေကောင်းလေသန့် ရှုရှိုက်ဖို့ လူတွေ တက်လေ့ရှိတဲ့ ခေါင်မိုးထပ်ကို တက်သွားသည်။
ဖုန့်ချင်းယီ ခေါင်မိုးထပ်ကို ရောက်ပြီး ချင်ယွီချွမ်ရဲ့ ဗီဒီယိုဖုန်းခေါ်တဲ့ချိန်မှာ မမှောင်သေးပေ။
ဗီဒီယိုကောလ်ထဲမှာ ချင်ယွီချွမ်က ခရမ်းရောင်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်တဲ့ အရှိန်အဝါကို လွှင့်ပျံ့နေသယောင်ရှိ၏။
"ဒီနေ့ ရှင် အရမ်းကြည့်ကောင်းနေတယ်။" ဖုန့်ချင်းယီက စိတ်ရင်းမှန်နဲ့ ချီးမွမ်းလိုက်သည်။
ချင်ယွီချွမ်က သပ်ရပ်စွာ ပြင်ဆင်ထားတဲ့ မိန်းကလေးကို စိုက်ကြည့်ပြီး "မင်းလည်း အရမ်းကြည့်ကောင်းတယ်။"
"ရှင် ကျွန်မကို ရှင့်ရဲ့ အိမ်တော်ကို ပြမှာ မဟုတ်ဘူးလား။ ကြည့်ရအောင်၊ ကျွန်မ ကြည့်ချင်နေပြီ။" ဟု ဖုန့်ချင်းယီက ပြောသည်။
"ငါ အခု ငါ့ရဲ့ စာကြည့်ခန်းမှာ၊ သမိုင်းတွေနဲ့ စစ်မက်ရေးရာ စာအုပ်တချို့နဲ့..."
ဖုန့်ချင်းယီက သူရဲ့ နေရာထိုင်ခင်း မိတ်ဆက်ပေးနေတာကို နားထောင်ရင်း မပြောပြတတ်တဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ ဘာဖြစ်လို့ သူမကို ဒါတွေ ပြချင်တာလဲ၊ ဒါမှမဟုတ် သူမကရော ဘာလို့ စိတ်ဝင်စားနေတာလဲ မသိတော့ဘူး။
ချင်ယွီချွမ်က ဖုန့်ချင်းယီကို သူ့ရဲ့ စာကြည့်ခန်းနဲ့ ခြံဝင်းကို ပြပြီးပြီ၊ သူတို့ အခု ဥယျာဉ်ဆီကို သွားနေကြသည်။
ဆောင်းဦးဝင်စ ဥယျာဉ်ထဲမှာ မသိတဲ့ ပန်းတွေ အများကြီး ပွင့်နေတုန်းပဲ။ တရုတ်ရိုးရာ ခြံဝင်းနဲ့ ဥယျာဉ်က ဖုန့်ချင်းယီကို စိတ်ဝင်စားနေစေသည်။
သူမ ဘယ်တော့မှ ဒီလို ခမ်းနားတဲ့ အိမ်မျိုးကို ပိုင်ဆိုင်နိုင်မှာလဲဟု သူမ စဉ်းစားနေမိသည်။
"ဘာလို့ ငြိမ်သွားတာလဲ။" ချင်ယွီချွမ်က မေးသည်။
ဖုန့်ချင်းယီ : "ရှင့် အိမ်က အရမ်း ခမ်းနားတာပဲ။ ကျွန်မ ဒီလို နေရာမျိုးကို ဘယ်တော့ ဝယ်နိုင်မလဲလို့ စဉ်းစားနေတာ။"
"အိမ်ဝယ်တာလား။ မင်း အိမ်ဝယ်ချင်တာလား။" ချင်ယွီချွမ်က မေးလေသည်။
ဖုန့်ချင်းယီက ခေါင်းညိတ်ပြသည်။ "အင်း၊ အဲလိုအိပ်မက်ရှိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အခု လက်ရှိ အင်အားနဲ့ဆိုရင် ဒါ တကယ် မဖြစ်နိုင်သေးဘူး။"
လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်က အိမ်တွေကတော့ လက်လှမ်းမီနိုင်သေးတယ်၊ ဒါပေမဲ့ တကယ့် အိမ်တစ်လုံး ဝယ်ဖို့ဆိုရင် ဆယ်စုနှစ်ချီ ကြိုးစားမှာ ဖြစ်နိုင်တာ။
ချင်ယွီချွမ် : "မင်းက ကျောင်းသူပဲ ရှိသေးတာ။ ဘာလို့ ဒီလိုဟာတွေကို စဉ်းစားနေတာလဲ။"
"ကျွန်မက ကျောင်းသူဖြစ်ပေမဲ့ ဒီလို ကိစ္စတွေကို စဉ်းစားဖို့ လိုတယ်။ မိုးရွာမယ့်နေ့အတွက် ကြိုပြင်ဆင်ထားတာလို့ ခေါ်တယ်" လို့ ဖုန့်ချင်းယီက ရှင်းပြသည်။
ချင်ယွီချွမ်က သူမရဲ့ အကြောင်းပြချက်ကို ရယ်မောလိုက်တယ်။ "ဒါဆို မင်း ကြိုးစားရလိမ့်မယ်။"
"ဟုတ်တယ်၊ ကျွန်မ ကြိုးစားပြီး စာသင်မယ်။ ရှင် အိမ်မှာ များသောအားဖြင့် ဘာလုပ်ရတာ ကြိုက်လဲ။"
ဖုန့်ချင်းယီက သူ့ကို အသုံးချနေတယ်လို့ ခံစားမိတာကြောင့် သူ့ကို လျော်ကြေးအဖြစ် လက်ဆောင်တချို့ ဝယ်ပေးသင့်သည်။
ဒါပေမဲ့ သူ ဘာကြိုက်လဲ သူမ မသိဘူးဆိုတော့ သူ့ရဲ့ နေ့စဉ် အကြိုက်တွေကို မေးဖို့ ဆုံးဖြတ်လိုက်သည်။
ချင်ယွီချွမ် : "အားလပ်ရက်တွေမှာ ငါ သိုင်းလေ့ကျင့်တယ်၊ စာအုပ်ဖတ်တယ်၊ ဒါမှမဟုတ် တစ်ခါတလေ လက်ရေးလှနဲ့ ပန်းချီ လေ့ကျင့်တယ်။ ဘာလို့လဲ။"
"ဘာမှ မဟုတ်ပါဘူး၊ မေးကြည့်တာပါ။ ဒါနဲ့ ဒီက ညနေဆည်းဆာနဲ့ နေဝင်ချိန်ကို ရှင့်ကို ပြမယ်။"
ဖုန့်ချင်းယီက ဖုန်းကို မြှောက်လိုက်သည်။ ခေါင်မိုးထပ်ပေါ်မှာ ရှိနေတာကြောင့် သူမက ကောင်းကင်က ညနေဆည်းဆာအရောင်တွေနဲ့ ပတ်ဝန်းကျင်က အထပ်မြင့် အဆောက်အအုံတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ချင်ယွီချွမ်နဲ့ မလှမ်းမကမ်းမှာ ရွှမ်းယွမ်ရှီနဲ့ ပိုင်ဝေတို့က ယန်ယန်နဲ့အတူ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
"ယန်ယန်၊ စစ်သူကြီး ဘာလုပ်နေလဲ နင် သိလား။" ပိုင်ဝေက ထူးဆန်းတယ်လို့ ခံစားရသည်။
ယန်ယန် စဉ်းစားပြီး ပြန်ဖြေသည်။ "သူ သေတ္တာထဲက လူနဲ့ စကားပြောနေတာ ဖြစ်ရမယ်။"
"သေတ္တာ။ နင် စစ်သူကြီး ကိုင်ထားတဲ့ သေတ္တာကို ပြောတာလား။" ပိုင်ဝေက မေးသည်။
ယန်ယန် ခေါင်းညိတ်လိုက်သည်။ "အရင်တုန်းက စစ်သူကြီးက သေတ္တာလေးတစ်လုံးကို ကိုင်ပြီး သူ့ဘာသာသူ စကားပြောနေတာကို ငါ တွေ့တယ်။ နောက်ပိုင်း သူက သေတ္တာထဲမှာ တစ်ယောက်ယောက် ရှိတယ်လို့ ပြောတာ ကြားတော့မှ နည်းနည်း နားလည်သလိုလို ရှိသွားတာလေ။"
ပိုင်ဝေ : "သေတ္တာထဲမှာ တစ်ယောက်ယောက် ရှိနေတာလား။ သူ ဘယ်လို ဝင်သွားတာလဲ၊ ပြီးတော့ ပြန်ထွက်လို့ရောရရဲ့လား။"
ယန်ယန်က ခေါင်းခါလိုက်သည်။ "ငါလည်း အသေးစိတ်တော့ သေချာ မသိဘူး။"
ရွှမ်းယွမ်ရှီရဲ့ အာရုံက တခြားဘက်ကို ရောက်နေသည်။ "အာ့ချွမ် စိတ်ကြည်နေပုံရတယ်၊ သူက ပြုံးတောင် ပြုံးနေတယ်။"
"စစ်သူကြီးက သေတ္တာထဲက လူကို တကယ် သဘောကျနေပုံရတယ်" လို့ ပိုင်ဝေက တိုးတိတ်စွာ ကပ်ပြောသည်။
ယန်ယန်က သူမကို နောက်ပြန် ဆွဲလိုက်သည်။ "အရမ်း မကပ်နဲ့၊ သူ သတိထားမိသွားလိမ့်မယ်။"
ပိုင်ဝေက နောက်ဆုတ်လိုက်ရသည်။ "သေတ္တာထဲမှာ ဘယ်သူ ရှိနေလဲလို့ ငါ စဉ်းစားနေတာ။"
"အရမ်းလှတဲ့ အမျိုးသမီး ဖြစ်ရမယ်" လို့ ရွှမ်းယွမ်ရှီက ပြန်ဖြေသည်။
ယန်ယန် သဘောတူလိုက်သည်။ “ကျွန်တော်လည်း အဲဒီလို ထင်တယ်။ ကျွန်တော်တို့ စခန်းမှာ ရှိတုန်းက အဲဒီအမျိုးသမီးက စစ်သူကြီးကို နေ့တိုင်း ထမင်းဟင်းတွေနဲ့ ကျွန်တော်တို့ ဘယ်တုန်းကမှ မစားဖူးတဲ့ စားစရာကောင်းကောင်းတွေ ယူလာပေးတယ်။ စစ်သူကြီးက ကျွန်တော့်ကိုတောင် နည်းနည်း ပေးသေးတယ် - အရမ်း အရသာရှိတာ။"
"ဟုတ်လား။ ဒါဆို သူမက အရမ်းကို အကျင့်သီလနဲ့ ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်မယ်" လို့ ရွှမ်းယွမ်ရှီက ခန့်မှန်းလိုက်သည်။
ယန်ယန်က "သခင်မ၊ သူ့ကို မေးကြည့်လို့ရတယ်လေ" လို့ အကြံပေးလေသည်။
"အာ့ချွမ်က ငါတို့ကို သိစေချင်မှာ မဟုတ်ဘူး။ နောက်ရက်မှ မေးတော့မယ်" လို့ ရွှမ်းယွမ်ရှီက ပြန်ပြော၏။
ဖုန့်ချင်းယီနဲ့ စကားပြောနေတဲ့ ချင်ယွီချွမ်က တစ်ခုခုကို သတိပြုမိပုံရပြီး သူတို့ သုံးယောက် ရပ်နေတဲ့ နေရာကို လှမ်းကြည့်လိုက်သည်။
ယန်ယန် အလျင်အမြန် နောက်ဆုတ်သွားပြီး မြန်မြန် ပြေးတာကို မြင်သောအခါ ပိုင်ဝေက "နင် တကယ် သစ္စာမရှိတာပဲ။ သခင်မ ကျွန်မတို့လည်း ပြန်ကြရအောင်" ဟု ပြောလေသည်။
ရွှမ်းယွမ်ရှီသည် ပိုင်ဝေကို ခေါ်ဆောင်ပြီး သူမ၏ ခြံဝင်းကို ပြန်သွားတော့သည်။
အရိပ်ထဲကနေ ချောင်းနေတဲ့ လူတွေ ထွက်သွားတာကို မြင်သောအခါ ချင်ယွီချွမ်သည် ဖုန့်ချင်းယီနဲ့ လွတ်လပ်စွာ ဆက်ပြီး စကားပြောနေတော့၏။
"စောစောက ဘာဖြစ်တာလဲ။ ရှင် တစ်ခုခု မြင်လိုက်လို့လား။"
ဖုန့်ချင်းယီက ချင်ယွီချွမ် ရုတ်တရက် လှည့်ကြည့်ပြီး နောက်ဘက် စင်္ကြံကို ကြည့်နေတာကို မြင်တော့ တစ်ခုခု ဖြစ်သွားတာလားလို့ တွေးလိုက်မိသည်။
"ဘာမှ မဟုတ်ပါဘူး၊ ကြောင်လေးတွေပါ။"