အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ( ၂၇ ) – မင်းကြိုက်ရင် ပြီးတာပဲ။
အခု သူ ဒီလို လုပ်လိုက်တော့ ဖုန့်ချင်းယီ တကယ် စိတ်ရှုပ်သွားရသည်။ နောက်တစ်ခါကျရင် တန်ဖိုးရှိတဲ့ တစ်ခုခု ဝယ်ပြီး သူ့ကို ပြန်ပေးရမယ် ထင်တယ်။
[ချင်ယွီချွမ် : ငါတို့ နေရာမှာ ဒီအရာတွေက တန်ဖိုး မရှိပါဘူး။]
ချင်ယွီချွမ်သည် ဖုန့်ချင်းယီက ဒီအရာတွေက ဈေးကြီးတယ်လို့ထင်ပြီး လက်မခံတာ ဖြစ်နိုင်တယ်လို့ ခံစားရသည်။ ပြီးတော့ သူမရဲ့ မိသားစုက ချမ်းသာပုံ မပေါ်ဘူး။ ဒါကြောင့် သူ့ရဲ့ လက်ဆောင်တွေကို ငြင်းပယ်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူ စာကြောင်း အနည်းငယ်နဲ့ ရှင်းပြလိုက်ရသည်။
[ချင်းယီ : ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင် နောက်ထပ် ဒါတွေ ပေးစရာ မလိုပါဘူး။ ကျွန်မ ဘာမှ မလိုဘူးနော်။]
[ယွီချွမ် : ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း ကြိုက်ရင် ပြီးတာပဲ။]
[ချင်းယီ : ရှင် ပေးတဲ့ ပစ္စည်းတချို့ကို ကျွန်မ သူငယ်ချင်းတွေကိုရော ပေးလို့ ရမလား။]
[ယွီချွမ် : ငါ မင်းကို ပေးပြီးပြီဆိုတော့ မင်း သဘောအတိုင်း လုပ်လို့ ရတယ်။]
[ချင်းယီ : ကောင်းပါပြီ။]
[ယွီချွမ် : ငါ အခု လုပ်စရာတွေ နည်းနည်း ရှိတယ်။]
[ချင်းယီ : ဒါဆို နောက်မှ စကားပြောကြတာပေါ့။ ရှင့်အလုပ်ကို အနှောင့်အယှက် မပေးတော့ပါဘူး။]
ဖုန့်ချင်းယီ ဖုန်း ချလိုက်သည်။ "ဒီဆံထိုးတွေ၊ နားကပ်တွေနဲ့ ဒါတွေထဲက နင်တို့ ကြိုက်တာ ရွေးလို့ ရတယ်။"
"တကယ်လာ။ ဒီဆံထိုးတစ်ခုတည်းနဲ့တင် သိန်းနဲ့ချီ တန်နေပြီ" ရှန်ဟန်ယွဲ့က အော်လိုက်သည်။
ဖုန့်ချင်းယီက ခဏလောက် စဉ်းစားလိုက်သည်။ "နင် ကြိုက်တာ ရွေးလို့ ရတယ်။ ဒီမှာ အဝတ်အစားတွေလည်း ရှိသေးတယ်။ နင်တို့ တစ်ယောက် ဝတ်စုံ တစ်စုံစီ ရွေးလို့ ရတယ်။ ငါလည်း ဒါတွေကို နေ့တိုင်း ဝတ်လို့ မရဘူး။ ငါ့မှာလည်း အဝတ်အစားတွေ ရှိပြီးသားဆိုတော့လေ။"
ဖုန့်ချင်းယီက ထိုသို့ပြောလာပြီးနောက် ကျန်သုံးယောက်က မငြင်းဆန်ကြတော့ပေ။ လက်ဝတ်ရတနာ တစ်စုံ ဒါမှမဟုတ် ဝတ်စုံ တစ်စုံရဲ့ ဈေးနှုန်းကိုတော့ သူတို့ တတ်နိုင်ပါသေးတယ်။
နောက်ပိုင်း ဖုန့်ချင်းယီရဲ့ မွေးနေ့ရောက်ရင် သူတို့က လက်ဆောင်တွေ ပြန်ဝယ်ပေးပြီး ကျေးဇူးတင်လက်ဆောင်တွေ လဲလှယ်ကြမှာပဲ။
သေတ္တာကြီးထဲက အဝတ်အစားတိုင်းက ကောင်းလွန်းပေမဲ့ ရှုပ်ထွေးလွန်းပြီး အထပ်ထပ်နဲ့ပင်။ သုံးယောက်သား သူတို့ အကြိုက်ဆုံး အရောင်တွေအပေါ် မူတည်ပြီး ဝတ်စုံ တစ်စုံစီ ရွေးလိုက်တာကြောင့် ဝတ်စုံ ခုနစ်စုံ ကျန်နေသေးသည်။
ချွီကျင်းချီက သူမ ကိုင်ထားတဲ့ အပြာနုရောင် ဂါဝန်ကို ကြည့်ပြီး "ငါတို့ အားလုံး အတူတူ စမ်းဝတ်ကြည့်ရအောင်လား" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ငါ ဟန်ဖူဝတ်စုံကို မဝတ်ဖူးဘူး။ ဝတ်စုံက အရမ်း ရှုပ်လို့ ဘယ်လို ဝတ်ရမှန်း မသိဘူး။" ရှန်ဟန်ယွဲ့က သူမ၏ အဆင်မပြေမှုကို ပြောပြ၏။
ချွီကျင်းချီက သူမကို ပြုံးပြလိုက်သည်။ "ငါက အဝတ်အစားအကြောင်း နည်းနည်း သိတယ်။ နင့်ကို ကူညီပေးလို့ ရတယ်။"
ချွီကျင်းချီရဲ့ လမ်းညွှန်မှုအောက်မှာ နောက်ဆုံးတော့ လူတိုင်း ဝတ်စုံတွေကို သေချာ ဝတ်ဆင်နိုင်ခဲ့ကြသည်။ သူတို့သည် အဆောင်ထဲက ကိုယ်လုံးပေါ်မှန်ရှည်ထဲမှာ အလှည့်ကျ ကိုယ့်ကိုယ်ကိုယ် ကြည့်ကြပြီး တော်တော်လေး လိုက်ဖက်ညီတာကို တွေ့ကြရ၏။
ရှန်ဟန်ယွဲ့က မှန်ကို ကြာကြာ စိုက်ကြည့်ပြီးနောက် "ငါ ဝတ်ထားတဲ့ ဒီပန်းရောင်လေးက အရမ်းလှတယ်။ အရမ်းလည်း ပေါ့ပါးတယ်။ ဒီနေ့ နေ့လည်ပိုင်း အတန်းကို ဒါကို ဝတ်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ၊ နင်တို့တွေလည်း နင်တို့ ဝတ်စုံတွေကို ဝတ်သွားသင့်တယ်။" ဟု ပြောလိုက်သည်။
"ငါတို့ ဒါတွေကို အပြင်မှာ ဝတ်မယ်ဆိုရင် ဆံပင်ကိုလည်း တစ်ခုခု လုပ်ဖို့ လိုဦးမယ်ထင်တယ်" ဟု ချွီကျင်းချီက အကြံပြု၏။
ရှန်ဟန်ယွဲ့က သူမ၏ ပခုံးအထိသာ ရှိသည့် ဆံပင်တိုကို ကြည့်လိုက်ပြီး "ငါကျ ဆံပင်တိုနဲ့ ဘယ်လိုလုပ်ရမလဲ။" ဟု ပြောသည်။
ချွီကျင်းချီက "မစိုးရိမ်နဲ့။ နင့်ဆံပင်ကို ငါ ကူညီပြီး ပုံသွင်းပေးမယ်။" ဟု ပြန်ဖြေသည်။
"ချီချီ၊ နင်က တကယ့်ကို ဆရာကြီးပဲ။ နင့်ဆံပင်ကို အရင် ပြင်လိုက်၊ ပြီးတော့ ငါတို့ကို လုပ်ပေးဦး။" ရှန်ဟန်ယွဲ့က သူမရဲ့ ဆံပင်ကို ဘရပ်ရှ်နဲ့ ညင်သာစွာ ဖီးလိုက်သည်။
ဖုန့်ချင်းယီက သေတ္တာနှစ်လုံးကို ပိတ်ပြီး သိမ်းဆည်းဖို့ နေရာရှာပေမဲ့ အဆောင်ခန်းသည် ကုတင်တွေ၊ စားပွဲတွေနဲ့ ရှုပ်ပွနေပြီး ဗီရိုထဲမှာလည်း အဝတ်အစားတွေနဲ့ ပြည့်နှက်နေသည်။ သေတ္တာနှစ်လုံး ထားနိုင်တဲ့ တစ်ခုတည်းသော နေရာက ထောင့်နားမှ ခရီးဆောင်အိတ်ဘေးမှာပဲ ရှိတော့၏။
သူမ ဆံပင်ကို ရိုးရိုးရှင်းရှင်း ဆံထုံးလေးတစ်ခု ထုံးဖွဲ့ပြီးနောက် ချွီကျင်းချီက တခြားသူတွေအတွက်လည်း ဆံပင်ပုံစံတွေ ကူညီပြီး ဖန်တီးပေး၏။ အသုံးအဆောင်ပစ္စည်းမျးကို ဝတ်ဆင်ပြီးနောက် သူတို့လေးယောက်သည် ရှေးခေတ် ပန်းချီကားထဲက မိန်းကလေးလှလေးများနှင့် တူလေ၏။
တစ်ယောက်က အနီရောင်၊ တစ်ယောက်က အစိမ်းရောင်၊ တစ်ယောက်က ပန်းရောင်၊ တစ်ယောက်က အပြာရောင် ဝတ်ဆင်ထား၏။ သူတို့ အပြင်ထွက်လိုက်ရင် တကယ်ကို လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်မှာ သေချာသည်။
ရှန်ဟန်ယွဲ့က အဆောင်ထဲ လျှောက်သွားပြီး တစ်ခါတလေ မှန်ကို လှမ်းကြည့်၏။ "ဒီနေ့မှ ငါက စာပေပညာရှင်မိန်းကလေးတစ်ယောက် ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာကို သဘောပေါက်တော့တယ်။ ငါတို့လေးယောက် အတူတူ ဓာတ်ပုံရိုက်ထားကြရအောင်လေ။"
"ဓာတ်ပုံရိုက်မယ်ဆိုရင် အပြင်ရောက်မှ နောက်ခံကောင်းကောင်း ရှာပြီး ရိုက်ကြတာပေါ့။ အဆောင်ထဲက အလင်းရောင်က သိပ်မကောင်းဘူး" ဟု ချွီကျင်းချီက ကုလားထိုင်ပေါ် ထိုင်ပြီး နေ့လည်ပိုင်း အတန်းအတွက် လိုအပ်တဲ့ စာအုပ်တွေကို သိမ်းရင်း ပြောလေသည်။
ဖုန့်ချင်းယီက သူမ ဖိနပ်တွေကို ရုတ်တရက် သတိပြုမိသွားပြီး "ဒီဖိနပ်တွေက ဝတ်စုံနဲ့ သိပ်မလိုက်ဖက်ဘူးဆိုတာ အခုမှ သတိထားမိတယ်။"
"နင် ပြောမှ ဟုတ်သားပဲ။ ငါ သတိမထားမိဘူး။ ဖိနပ်စီးတာက နည်းနည်းတော့ ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့ ဒီဂါဝန်တွေက တော်တော်လေး ရှည်တယ်ဆိုတော့ သေချာ မကြည့်ရင် ဘာဖိနပ် စီးထားလဲဆိုတာ တကယ် မမြင်နိုင်ဘူး" ဟု ရှန်ဟန်ယွဲ့က ပြောလိုက်သည်။
နေ့လည်ပိုင်း အတန်းချိန် နီးနေပြီဖြစ်လို့ သူတို့လေးယောက်သား စာအုပ်တွေသယ်ပြီး အဆောင်မှ ထွက်လာကြသည်။
တက္ကသိုလ်တွေက အလွန် ပွင့်လင်းတဲ့ နေရာဖြစ်ပြီး ဘယ်သူမှ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ဝေဖန်မှာ မဟုတ်ပေ။
တကယ်တော့ လူအများစုကလည်း ဒါကို သဘောကျကြမှာပါ။
သူတို့ရဲ့ အတန်းကို ရှာတွေ့ပြီးနောက် လေးယောက်သား တစ်တန်းထဲတွင် ထိုင်လိုက်ကြသည်။
"ဒီဝတ်စုံတွေကို ဘယ်ကနေ ဝယ်တာလဲ။ အရမ်း လှတာပဲ။ ငါ့ကို လင့်ခ် ပို့ပေးလို့ ရမလား။" သူတို့ ထိုင်နေတဲ့ နေရာကို အတန်းဖော် တစ်ယောက် လျှောက်လာပြီး မေးလေသည်။
ရှန်ဟန်ယွဲ့က ဖုန့်ချင်းယီကို လက်ညှိုးထိုးပြီး "သူ ဝယ်ခဲ့တာ။" ဟု ပြန်ဖြေ၏။
"တောင်းပန်ပါတယ်၊ လင့်ခ် မရှိဘူးရယ်။"
အတန်းဖော်က နည်းနည်း စိတ်ပျက်သွားပုံရသည်။ "ဝတ်စုံအသားကို ကြည့်ရင် အွန်လိုင်းကနေ ဝယ်လို့ ရတဲ့ ပုံစံ မဟုတ်ဘူး။ ဒါတွေက စိတ်ကြိုက်ချုပ်ထားတာလား။"
ဖုန့်ချင်းယီက ခေါင်းညိတ်လိုက်သည်။ စိတ်ကြိုက်ချုပ်ထားတာလို့ သတ်မှတ်လို့ ရတယ်။
လော့ရှီက ရုတ်တရက် စကားစပြောသည်။ "ဝတ်စုံအသားကို ကြည့်ရတာ ရှေးခေတ်က အကောင်းဆုံး ပိုးထည်စနဲ့ တူတယ်။ နင် ဒါတွေကို ဘယ်မှာ ချုပ်ခဲ့တာလဲ။"
ဖုန့်ချင်းယီက လော့ရှီက အထည်အကြောင်း သိလိမ့်မယ်လို့ မထင်ထားဘူး။ "တကယ်တော့ ဘယ်မှာ စိတ်ကြိုက်ချုပ်လို့ရလဲ ငါ မသိဘူး။ ငါ့သူငယ်ချင်း တစ်ယောက်ဆီက ဝယ်ခဲ့တာလေ။"
လော့ရှီက ဖုန့်ချင်းယီရဲ့ စကားကို သိပ်ပြီး မယုံကြည်ပေမဲ့ သူမ ထုတ်ပြောချင်ပုံ မရတာကြောင့် နောက်ထပ် မေးမြန်းဖို့ မကြိုးစားတော့ပေ။ လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတာပဲလေ။
လော့ရှီက နောက်ထပ် မမေးတော့သည့်အခါ ဖုန့်ချင်းယီက မေးခွန်းကို ရှောင်လွှဲနိုင်ခဲ့ပြီလို့ ထင်ပေမဲ့ ဘယ်သူငယ်ချင်းလဲလို့ မေးလာခဲ့ရင် ဖုန့်ချင်းယီ တကယ်ကို ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး။
သူမက ချင်ယွီချွမ်ကို နောက်ထပ် ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ မပေးဖို့ ထပ်ပြီး သေချာလေး ပြောရလိမ့်မယ်။ တစ်ခါ ရပြီးတာတောင် သူမမှာ သူ့ကို ပြန်ပေးဆပ်ဖို့ မတတ်နိုင်ဘူးလို့ ခံစားရတယ်။ သူ နောက်ထပ် ပို့ပေးရင် ကျေးဇူးဆပ်ဖို့ဆို ဒေဝါလီခံရနိုင်တယ်။
ထိုအချိန်တွင် ချင်ယွီချွမ်သည် စာကြည့်ခန်းတွင် ထိုင်ကာ တရားရုံးဝန်ကြီးတချို့နဲ့ တွေ့နေပြီး ရွှမ်းယွမ်ရှီအား တစ်ယောက်ယောက်ကို သဘောကျကြောင်း ပြောခဲ့သည်ကို ပြန်စဉ်းစားနေသည်။
သူမကို သဘောကျတယ်ဆိုတာ သေချာသွားပြီဆိုတော့ သူ ဘာလုပ်သင့်လဲ။
သူမကို အနာဂတ်တစ်ခု ပေးနိုင်မလား သူ မသေချာဘူး၊ ပြီးတော့ အဲဒါက သူမအတွက် မတရားဘူးလို့ ထင်တယ်။
သူမဘေးမှာ မနေနိုင်ဘူး၊ နေဝင်ချိန်နဲ့ ညနေဆည်းဆာကို အတူတူ ကြည့်ရှုဖို့ သူမနဲ့ အတူ မလိုက်နိုင်ဘူး၊ သူမကို တကယ် မထိတွေ့နိုင်ဘူး။ သူ ဒီလို ဖြစ်နေတာတောင် ဘယ်လိုလုပ် တစ်ယောက်ယောက်ကို ကြိုက်တယ်လို့ ပြောနိုင်မှာလဲ။
သူတို့ကို အခု ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော အရာက ဒီ ဖုန်းလို့ခေါ်တဲ့အရာပဲ။ တစ်နေ့ ဖုန်းတစ်ခုခု ဖြစ်သွားရင် သူမနဲ့ ထပ်ပြီး ဆက်သွယ်ဖို့ အခွင့်အရေးတောင် မရတော့ဘူး။
ဒီအရာတွေကို တွေးမိတော့ ချင်ယွီချွမ် စိတ်ပျက်သွားပေမဲ့ သူမနဲ့ ဆက်သွယ်တာကို ရပ်ဖို့လည်း တွန့်ဆုတ်နေတယ်။ သူ ဘာလုပ်သင့်လဲ။
"စစ်သူကြီး၊ သခင်မက သူ့ရဲ့ ခြံဝင်းကို လာလည်ဖို့ ပြောခိုင်းလိုက်ပါတယ်။ သူ မုန့်တချို့လည်း လုပ်ထားတယ်" ဟုဆိုကာ ယန်ယန် ဝင်ရောက်လာသည်။
ချင်ယွီချွမ် မော့ကြည့်ပြီး "နားလည်ပြီ။ ဒါနဲ့ ယန်ချီ ဘယ်သွားလဲ။" ဟု မေး၏။
"...သူ၊ သူ နာမူကို သွားရှာပုံရတယ်၊ ပြီးတော့ နှစ်ယောက်သား ကွမ်ယွမ်ဘုရားကျောင်းကို အတူတူ သွားကြတယ်။"
ယန်ယန်က သူတို့နှစ်ယောက် ဘာလို့ ကွမ်ယွမ်ဘုရားကျောင်းကို သွားလဲဆိုတာ မသေချာပေမဲ့ သေတ္တာလေးအကြောင်းနဲ့ ပတ်သက်နေတယ်လို့ သူ ခပ်ရေးရေး ခံစားနေရတယ်။
နာမူက သေတ္တာလေးကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားပုံရတယ်၊ ဒါပေမဲ့ ဘာလို့လဲ သူ မသိပေ။
***
အခန်း ( ၂၈ ) – ဝန်ခံမှုကို ရင်ဆိုင်ခြင်း။
"သူတို့ ဘာလို့ ကွမ်ယွမ်ဘုရားကျောင်းကို သွားကြတာလဲ။" ချင်ယွီချွမ်က မေးလိုက်သည်။
ယန်ယန် ခဏလောက် တုံ့ဆိုင်းသွားပြီး ပြန်ဖြေသည်။ "သူတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ အတိအကျ ကျွန်တော် မသိဘူး။ သူတို့ ကျွန်တော့်ကို မပြောဘူး။ ဒါပေမဲ့ စစ်သူကြီးကို စွဲလမ်းစေတဲ့ သေတ္တာလေးနဲ့ ပတ်သက်နေတယ်လို့ ကျွန်တော် သံသယရှိတယ်။"
သူက နာမူနဲ့ ယန်ချီတို့နှစ်ယောက် စစ်သူကြီးက သေတ္တာလေးထဲက စုန်းမလေးရဲ့ လွှမ်းမိုးမှုခံနေရတာကို ဖယ်ရှားရမယ်လို့ ပြောနေတာကို ကြားခဲ့တယ်။ သူတို့ ကွမ်ယွမ်ဘုရားကျောင်းက ဆရာတစ်ယောက်ဆီက အကူအညီ တောင်းဖို့ သွားနေတာ ဖြစ်ရမယ်။
ချင်ယွီချွမ်ရဲ့ မျက်နှာ အေးစက်သွားသည်။ "ယန်ချီကို ပြန်ခေါ်လိုက်၊ ငါ သူ့ကို တွေ့ချင်တယ်။ မင်း အခု သွားလို့ ရပြီ။"
ယန်ယန် ထွက်သွားပြီးနောက် ချင်ယွီချွမ်က ဖုန်းကို ထုတ်ပြီး လက်ကိုင်ပုဝါနဲ့ ညင်ညင်သာသာ သုတ်လိုက်သည်။ "သူတို့ မင်းကို ဖျက်ဆီးဖို့ အရည်အချင်း ရှိ မရှိ ကြည့်ရအောင်။"
ရွှမ်းယွမ်ရှီရဲ့ အိမ်တော်တွင် ချင်ယွီချွမ်က ကျောက်ခုံတန်းလေးပေါ်မှာ ထိုင်နေသည်။
ပိုင်ဝေက သူ့ကို လက်ဖက်ရည်နဲ့ မုန့်တွေ ယူလာပေး၏။ "စစ်သူကြီး၊ လက်ဖက်ရည် သုံးဆောင်ပါဦး။"
ပိုင်ဝေက ငယ်ငယ်ကတည်းက ရွှမ်းယွမ်ရှီဘေးမှာ နေခဲ့ပြီး ချင်ယွီချွမ်နဲ့အတူ ကြီးပြင်းလာခဲ့သည်။
ငယ်စဉ်က ပိုင်ဝေက သူ့ကို အရမ်းတွယ်တာခဲ့ပြီး ချင်ယွီချွမ် စစ်မှုထမ်းသွားပြီးနောက် သူတို့ ဆက်ဆံရေးသည် အေးစက်သွား၏။
"လက်ဖက်ရည်က သေသေချာချာ ဖျော်ထားတာပဲ။ နှစ်ပေါင်းများစွာ အမေကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ပိုင်ဝေက ခေါင်းငုံ့ထားသည်။ "ဒါက ကျွန်မရဲ့ တာဝန်ပါပဲ။"
ချင်ယွီချွမ်က နောက်ထပ် ဘာမှ မပြောတော့ဘဲ ပိုင်ဝေသည်လည်း တိတ်တဆိတ် ထွက်ခွာသွားသည်။ သူမရဲ့ အဆင့်အတန်းက သူ့အတွက် မသင့်တော်ဘူးဆိုတာ သူမ အမြဲမှတ်ထားသည်လေ။
သူမအပေါ် သူ့ရဲ့ ကြင်နာမှုက သူမ သခင်မရဲ့ အစေခံဖြစ်လို့သာ ဖြစ်ပေသည်။ သူမကို သူ အဲဒီထက် ပိုပြီး မြင်ရဖို့ မျှော်လင့်မနေသင့်ဘူး။
ဒါ့အပြင် သူ အခု ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိနေပြီ၊ သူတို့ စကားပြောနေတာကို အဝေးကနေ ခဏလေးပဲ မြင်လိုက်ရယ်ဆိုပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ သက်တောင့်သက်သာ ရှိမှုကို သူမ ခံစားလို့ရတယ်။ အဲဒါက သူမ အရင်က ဘယ်တော့မှ မမြင်ဖူးတဲ့ အရာတစ်ခုပဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်က စစ်မှုထမ်းသွားပြီးကတည်းက သူ့မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားခဲ့တယ်။ သူက ချက်ချင်း ရင့်ကျက်သွားပြီး အိမ်မှာတောင် တည်ကြည်နေပြီး ဘယ်တော့မှ မပြုံးခဲ့ဘူး။
မနေ့ညက အပြုံးက ထူးထူးခြားခြား တောက်ပနေခဲ့တယ်။
ရွှမ်းယွမ်ရှီက သူမ လုပ်ထားတဲ့ မုန့်လုံးကြော်တစ်ပန်းကန်ကို ယူလာပြီး ချင်ယွီချွမ်ဆီ ချဉ်းကပ်လာသည်။ "အာ့ချွမ်၊ ဒါလေးတွေ စားကြည့်ပါဦး။ အမေ အခုမှ လုပ်ထားတာ။"
ချင်ယွီချွမ်က တစ်ကိုက် စားလိုက်သည်။
"ဘယ်လိုနေလဲ။" ရွှမ်းယွမ်ရှီက မေး၏။
"နည်းနည်း ချိုတယ်။" ချင်ယွီချွမ်က မကျေမနပ် ပြောတာမျိုး မဟုတ်ဘူး။ မုန့်က အရမ်း ချိုလွန်းတယ်။ အချိုဓာတ်ကို လျော့သွားအောင် အတူတည်ခင်းထားတဲ့ လက်ဖက်ရည် အကုန်လုံးကို သူ အမြန် သောက်လိုက်ရသည်။
ရွှမ်းယွမ်ရှီသည်လည်း နည်းနည်း စားကြည့်သည်။ "အမေ မုန့်လုပ်ဖို့ မသင့်တော်ဘူး ထင်တယ်။ နောက်ထပ် မလုပ်တော့ဘူး။"
"အမေ၊ နာမူက အမေ့ကို တချို့အရာတွေ ပြောပြထားတယ်လေ။ အမေ့အမြင်ကရော။"
ချင်ယွီချွမ်သည် နာမူက ရွှမ်းယွမ်ရှီဆီ ချဉ်းကပ်ခဲ့ပြီး ချင်ယွီချွမ်၏ ဖုန်းကို ဖျက်ဆီးဖို့ တိုက်တွန်းတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ သူမက သူ့ကို အဲဒီအကြောင်း မပြောဘူး။
ရွှမ်းယွမ်ရှီ သက်ပြင်းချပြီး "နာမူ ပြောသလို အမေ မင်းကို အဲဒီ သေတ္တာလေးကို ဖျက်ဆီးဖို့ မတောင်းဆိုခဲ့တာကို မင်း တွေးနေတာလား” ဟု မေးသည်။
ချင်ယွီချွမ် ခေါင်းညိတ်သည်။ အဲဒါက သူ့ စိတ်ရှုပ်ထွေးနေရတဲ့ အကြောင်းအရင်း အတိအကျပဲ။
ရွှမ်းယွမ်ရှီ ပြုံးပြီး ပြောသည်။ "နာမူက အမေ့ကို သေတ္တာကို ဖျက်ဆီးဖို့ မင်းကို ပြောခိုင်းခဲ့တယ်။ ဒါပေမဲ့ မင်းက ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိတဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီလေ။ မင်း ဖျက်ဆီးချင်တာပဲဖြစ်ဖြစ်၊ သိမ်းထားချင်တာပဲဖြစ်ဖြစ်၊ မင်းရဲ့ ရွေးချယ်မှုကို အမေ လေးစားပါတယ်။"
"နာမူက သေတ္တာက ဒီကမ္ဘာနဲ့ မသက်ဆိုင်ဘူး၊ ပြီးတော့ အထဲက မိန်းကလေးကလည်း ဒီကမ္ဘာက မဟုတ်ဘူးလို့ ပြောတယ်။ အဲဒါကို စိတ်ဝင်စားနေတာက အကျိုးမရှိဘဲ အန္တရာယ်တွေ ယူလာပေးမယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ အမေ သဘောမတူပါဘူး။"
"သေတ္တာက ဒီကမ္ဘာမှာ ရှိနေတာဆိုတော့ အဲလို ရှိနေရတဲ့ အကြောင်းပြချက်လည်း ရှိရမယ်။"
"အဲဒါမှာ မှော်ဆန်တာ ဒါမှမဟုတ် တားမြစ်ထားတာ ဘာတွေ ရှိလို့လဲ။ စစ်မှန်တဲ့ ခံစားချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီအရာတွေ ဘာမှ အရေးမပါတော့ဘူး။"
"အမေ အာ့ရှုကို ပထမဆုံး မြင်မြင်ချင်းမှာပဲ ချစ်မိသွားတယ်၊ ဒါပေမဲ့ အမေတို့ လက်ထပ်ပြီးနောက် အမြဲတမ်း ဝေးကွာနေခဲ့ရတယ်။"
"သူက အမြဲတမ်း စစ်မြေပြင်မှာ ရှိနေတယ်။ အမေ့မှာ သူ့ပုံကို ကြည့်ပြီး သူ့စာတွေကို ဖတ်ပြီး သူ ကောင်းကောင်းမွန်မွန် ရှိနေကြောင်းနဲ့ ဘေးကင်းစွာ ပြန်လာမယ်လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရုံပဲ တတ်နိုင်ခဲ့တယ်။"
"အဲဒီတုန်းက အမေတို့က မင်းရဲ့ အခု အခြေအနေလိုပဲ တစ်ယောက်နဲ့ တစ်ယောက် မတွေ့နိုင်ကြခဲ့ဘူး။ ဒါပေမဲ့ မင်းက အမေတို့ထက် ကံကောင်းပါတယ်။"
"မင်းမှာ သူမနဲ့ ဆက်သွယ်ဖို့ သေတ္တာလေး ရှိတယ်။ ဒါက ကောင်းကင်ဘုံက စီစဉ်ထားတဲ့ ကံကြမ္မာ ဖြစ်နိုင်တယ်။"
ရွှမ်းယွမ်ရှီရဲ့ စကားတွေကို ကြားသောအခါ ချင်ယွီချွမ်က တချို့သော အရာတွေကို နားလည်သွားပုံရသည်။
သူ သူမကို သဘောကျနေပြီဆိုတော့ သူမကို လိုက်သင့်တယ်။ အဲဒီအကြောင်း အများကြီး တွေးနေတာက ဘာအကျိုးမှ မရှိဘဲ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုသာ တိုးပွားစေတယ်။
"အမေ၊ အခု ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ။ ကျွန်တော် ပြန်တော့မယ်။"
ရွှမ်းယွမ်ရှီက သူ့ကို လက်ဝှေ့ယမ်းပြီး "ပြန်တော့" ဟု ပြောလိုက်သည်။
...
တစ်နေကုန် အတန်းတက်ပြီးနောက် ဖုန့်ချင်းယီ ခေါင်းမူးလာပြီး အားအင်ကုန်ခမ်းနေသလို ခံစားနေရသည်။ သူမ ဘာတွေ တွေးခဲ့လဲဆိုတာ သူမ စဉ်းစားနေသည်။ အခု နေ့တိုင်း သူမကို ညှဉ်းပန်းနေတဲ့ သင်္ချာကို ရွေးခဲ့မိသည်။
သင်ရိုးညွှန်းတမ်းကို ကြိုတင်ကြည့်ထားပေမဲ့ စာသင်တာက ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်နေဆဲပဲ။
"သွားကြစို့၊ ညစာစားချိန်ရောက်ပြီ" လို့ ရှန်ဟန်ယွဲ့က စာအုပ်တွေကို အမြန် ထုပ်ပိုးရင်း ပြောလေသည်။
သူတို့လေးယောက် ဓာတ်လှေကားနဲ့ ဆင်းလာပြီး အပြင်ထွက်လာကြသည်။ ဖုန့်ချင်းယီ အပြင်ကို လှမ်းထွက်လိုက်တာနဲ့ လူစိမ်းတစ်ယောက်က သူမကို နှင်းဆီပန်းစည်းကြီး တစ်ခု ထိုးထည့်ပေးလိုက်တာကြောင့် တွေဝေသွား၏။
"ဖုန့်ချင်းယီ၊ မင်းကို ငါ သဘောကျတယ်။ ငါ့ရည်းစား ဖြစ်ပေးမလား။" လူစိမ်းက ကြေညာလိုက်သည်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့...ကျွန်မ ရှင့်ကို မသိဘူး။ ရှင် ဒီပန်းတွေကို ပြန်ယူလိုက်ပါ" ဟု ဆိုကာ ဖုန့်ချင်းယီက ပြန်ပေးဖို့ ကြိုးစား၏။
ဒါပေမဲ့ ကျောင်းသားလေးက ပြန်မယူပေ။ "ချင်းယီ၊ မင်းကို ငါ သဘောကျနေတာ ကြာပြီ။ ငါ့ကို အခွင့်အရေး တစ်ခု ပေးပါဦး။"
ဘေးကနေကြည့်နေတဲ့ လူအုပ်ကြီးက "အတူတွဲလိုက်ကြ" လို့ အသံကုန် အော်ဟစ်နေကြတာကြောင့် ဖုန့်ချင်းယီ အနေရခက်လာသည်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ တကယ်ကို မသိဘူး..." လို့ သူမ ပြောလိုက်သည်။
လော့ရှီက ဖုန့်ချင်းယီရဲ့ လက်ထဲက နှင်းဆီပန်းတွေကို ယူပြီး ကျောင်းသားလေးဆီ ပြန်ပေးလိုက်ပြီး "ဖုန့်ချင်းယီက ရှင်ရဲ့ ဖွင့်ပြောမှုကို ငြင်းဆန်လိုက်ပြီဆိုတော့ ရှင် သွားလို့ ရပြီ။" ဟု စကားဆို၏။
သူမကို ဖွင့်ပြောလာတာကို ငြင်းဆန်ဖို့ ကူညီပေးတဲ့အတွက် ဖုန့်ချင်းယီက လော့ရှီကို အထင်ကြီးသွားသည်။ သူမ အခန်းဖော်တွေနဲ့အတူ ထွက်သွားဖို့ ပြင်နေစဉ် ကျောင်းသားလေးက သူတို့ရဲ့ လမ်းကို ပိတ်ရပ်လိုက်၏။
"အရမ်း မာနကြီးနေတာပဲ။ ဒီနှင်းဆီပန်းတွေ မင်းအတွက် မခမ်းနားဘူးလို့ မင်း ထင်နေတာလား၊ မင်းနဲ့ ထိုက်တန်ဖို့ ဇိမ်ခံကား မောင်းပြီး လက်ဝတ်ရတနာတွေ ပေးနိုင်တဲ့ လူချမ်းသာကောင်လေး လိုနေတာများလား။"
ဖုန့်ချင်းယီက ဒီလိုလူမျိုးနဲ့ ပထမဆုံး တွေ့ဖူးတာပဲ။ သူ ဖွင့်ပြောတာကို ငြင်းခံရပြီးနောက် ဒေါသထွက်ပြီး စော်ကားတဲ့ စကားတွေ ပြောတတ်တာ၊ ဘာအဆင့်အတန်းမှ မရှိဘူး။
"ဘာပြောချင်တာလဲ။" သူမ မေးလိုက်သည်။
ကျောင်းသားက ပြောင်စပ်စပ်နှင့် "မင်းက ငွေကြေး အကူအညီနဲ့ တက်နေရတဲ့ ကျောင်းသူ တစ်ယောက်ပဲ၊ ဒါပေမဲ့ မင်းက နာမည်ကြီးတံဆိပ်တွေ ဝတ်ပြီး ဇိမ်ခံကားနဲ့ လျှောက်သွားနေတယ်။ မင်းကိုယ်မင်း အရမ်းဖြူစင်နေသလို လုပ်နေတာပဲ။" ဟု ဆိုလာ၏။
ဖုန့်ချင်းယီက သူ့ကို ကျိန်ဆဲချင်စိတ် ပြင်းပြနေပေမဲ့ ကြည့်နေတဲ့ လူအုပ်ရှေ့မှာ သူမရဲ့ ပုံရိပ်ကို ထိန်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သည်။
"ကျွန်မ ရှင်းရှင်းပဲ ပြောမယ်။ ကျွန်မ ကျောင်းရဲ့ ငွေကြေး အကူအညီကို ဘယ်တုန်းကမှ မယူဖူးဘူး။ ကျွန်မ ပညာသင်ဆု တချို့ ရထားတယ်၊ အဲဒါကို ရှင် ကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ ရှာကြည့်လို့ ရတယ်။"
"နာမည်ကြီးတံဆိပ်တွေ ဝတ်တာနဲ့ ပတ်သက်ပြီး ကျွန်မ ရှင့်ပိုက်ဆံကို သုံးနေတာ မဟုတ်ဘူး။ ပြီးတော့ ဇိမ်ခံကားနဲ့ လာခေါ်တာ - အဲဒါ ရှင့်မိသားစုပိုင်တာ မဟုတ်ဘူးမလား။ ရှင်က ရှင် မြင်တဲ့အရာနဲ့ပဲ အရာရာကို ဆုံးဖြတ်တယ်။ ကျွန်မက သန့်သန့်ရှင်းရှင်း နေထိုင်နေတာ၊ ရှက်စရာ ဘာမှ မရှိဘူး။"
"ဒါပေမဲ့ ပြောလိုက်မယ်။ ရှင့်လိုလူမျိုးတွေကို ကျွန်မ တကယ် သဘောမကျဘူး။"
ဖုန့်ချင်းယီက စကားပြောပြီးနောက် တခြားသူတွေနဲ့အတူ ထွက်သွားသည်။
"ချင်းယီ၊ နင် အဆင်ပြေရဲ့လား။ အဲဒီလူ၊ ဘယ်ဆေးရုံက ဆင်းလာမှန်း မသိဘူး၊ နင့်ကို စွပ်စွဲနေတာများ ရုပ်ပေါက်လိုက်တာ။ ငါ ရိုက်ပစ်ချင်နေတာ" လို့ ရှန်ဟန်ယွဲ့က ဖုန့်ချင်းယီရဲ့ လက်ကို ကိုင်ရင်း ပြောနေသည်။
ဖုန့်ချင်းယီက ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။ "ငါအဆင်ပြေတယ်၊ ငါ ဒီလောက်တော့ မကြောက်တတ်ပါဘူး။ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေရုံပါ။"
ဒီလို ဖြစ်ရပ်မျိုး ကြုံပြီးရင် ဘယ်သူမဆို စိတ်ဆိုးမှာပဲ။ ဖုန့်ချင်းယီ အဲဒီညမှာ နည်းနည်း ပိုစားသောက်ဖို့ ဆုံးဖြတ်လိုက်သည်။
လော့ရှီကလည်း သူမကို နှစ်သိမ့်ပြီး "အရေးမပါတဲ့ လူတွေ။ သူတို့ကြောင့် စိတ်မညစ်နဲ့ " ဟု ပြောလေ၏။