အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း ( ၂၉ ) – နင့်အိမ်မှာ တကယ်ပဲ ရှော့ပင်းမောလ်တစ်ခုရှိနေတာပဲ။
ချွီကျင်းချီ : "ချင်းယီ၊ စိတ်ထဲ မထားနဲ့။ သူက အာရုံစိုက်ခံချင်နေပုံပဲ။ အဲဒီလိုမျိုးဖွင့်ပြောတာများ နိမ့်ကျချက်။"
"နင်တို့ ငါ့ကို နှစ်သိမ့်စရာ မလိုပါဘူး၊ ငါ တကယ် အဆင်ပြေပါတယ်။ အမြန်သွားပြီး ညစာ စားကြကြရအောင်။"
ဒီဖြစ်ရပ်က သူတို့ရဲ့ ညစာစားချိန်ကို နောက်ကျစေခဲ့သလို သူမမှာ ကိုယ်ခံပညာအတန်းလည်း ရှိနေသေးသည်။
သင်္ချာဌာနရဲ့ အလှမယ်လေးအနေနဲ့ ဖုန့်ချင်းယီကို ကျောင်းရဲ့ ထင်ပေါ်ကျော်ကြားတဲ့သူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ကြပေမဲ့ သူမက အနေအေးပြီး ကျောင်းဖိုရမ်တွင် သူမအကြောင်း ကောလဟာလ သိပ်မရှိပေ။
ဒါပေမဲ့ ဒီဖြစ်ရပ်ပြီးနောက် ဖုန့်ချင်းယီသည် ဖိုရမ်၏ ထိပ်ဆုံးစာမျက်နှာကို တန်းတက်သွားပြီး သူမနှင့် ပတ်သက်သည့် ဝေဖန်ချက်များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဖုန့်ချင်းယီကတော့ ဒါတွေ အားလုံးကို မသိပေ။ သူမ စားသောက်ပြီး စာအုပ်တွေကို အဆောင်ကို ပြန်ထားပြီးနောက် အကြောင်းပြချက် တစ်ခု ပေးကာ ထွက်သွားသည်။
သူမမှာ ကိုယ်ခံပညာအတန်း နှစ်နာရီ တက်ရန် ရှိသေးတာကြောင့် အဲဒီ အဓိပ္ပာယ်မရှိတဲ့ အရာတွေကို အာရုံစိုက်ဖို့ အချိန်မရှိပေ။
ဘဏ္ဍာရေးဌာန အဆောင်တွင် ဖုန့်ချင်းစီသည် ဖုန်းအသစ်နဲ့ ဂိမ်းဆော့နေပြီး အပြင်းအထန် တိုက်နေစဉ် သူ့ရဲ့ အခန်းဖော် ရှီယွမ်က ရုတ်တရက် စကားပြောလာသည်။
"အစ်ကိုချီ၊ မင်းရဲ့ ညီမက ကျောင်းရဲ့ ကောလဟာလ ဖိုရမ်မှာ ရောက်နေပြီး လူတော်တော်များများ သူမကို ကျိန်ဆဲနေကြတယ်။"
ဖုန့်ချင်းစီ : "သူ ဘာလုပ်လိုက်လို့လဲ။"
ရှီယွမ် : "တစ်ယောက်ယောက်က သူ့ကို ဖွင့်ပြောတာကို ငြင်းလိုက်တာ။"
"ဒါဆို ဘာလို့ သူတို့က ကျိန်ဆဲနေကြတာလဲ။" ဒီလိုခေတ်မှာ ဖွင့်ပြောတာကို ငြင်းလို့ မရတော့ဘူးလား။ ယုတ္တိမရှိလိုက်တာ။
"ဟိုကောင်က သူ့ကို နာမည်ကြီးတံဆိပ်တွေ ဝတ်တယ်၊ ဇိမ်ခံကားတွေနဲ့ လာခေါ်တာလို့ ပြောပြီး သူမက အဲဒါကို လျှို့ဝှက်ထားတယ်ဆိုပြီး ပြောတယ်လေ။”
ဖုန့်ချင်းစီက သူ့ဂိမ်းကို ရပ်လိုက်သည်။ "ဒီကောင် ဘယ်သူလဲ။ ဘယ်ဌာနကလဲ။ သွားရှာကြရအောင်၊ လျှို့ဝှက်ထားတယ်ဆိုရအောင် ဘယ်သူက သူမကို ထိန်းချုပ်ထားရမှာလဲ။"
"အစ်ကိုချီ၊ သူက ဓာတုဗေဒဌာနကလို့ ထင်တယ်၊ ရှာ့ယွီလို့ ခေါ်တယ်။"
ဖုန့်ချင်းစီက ရှီယွမ်ကို ဓာတုဗေဒဌာန အဆောင်တွေဆီ ဆွဲခေါ်သွားသည်။
"အဲဒါ ဘဏ္ဍာရေးဌာနက ဖုန့်ချင်းစီ မဟုတ်ဘူးလား။ သူ ဘာလာလုပ်တာလဲ။"
"သူက သူ့ညီမအတွက် လာတာ ဖြစ်ရမယ်။"
"သူ ရှာ့ယွီကို သွားရှာတာလို့ပြောချင်တာလား။"
"ဖြစ်နိုင်တယ်။ ရှာ့ယွီကလည်း မကောင်းဘူး၊ သူ ဖွင့်ပြောတာ အငြင်းခံရတော့ မိန်းကလေးကို စော်ကားမော်ကားပြောဆိုနေတာ။ ငါတို့ ဓာတုဗေဒဌာနကို အရှက်ရစေတယ်။"
"ငါတို့တွေ လိုက်ပြီး ပွဲကြည့်ကြရအောင်။"
"..."
ဓာတုဗေဒဌာနရဲ့ ယောက်ျားလေး အဆောင်က ထွက်လာတဲ့ စုန့်ကျင်းယွမ်က သူတို့ရဲ့ စကားပြောဆိုမှုကို တိတ်တဆိတ် ကြားလိုက်ရသည်။ သူ ဘာတွေ တွေးနေမိလဲဆိုတာကို သူ မသိသော်လည်း ဖုန့်ချင်းစီနဲ့ ရှီယွမ်နောက်က လိုက်သွားခဲ့သည်။
သူလည်း ဖိုရမ်ပို့စ်တွေကို မြင်လိုက်တယ်။ သူမအကြောင်း မကောင်းတဲ့ မှတ်ချက်တွေ မြင်ရင် သူမ စိတ်မကောင်းဖြစ်မှာ သေချာတယ်။ ဒီရှာ့ယွီကို သင်ခန်းစာ ပေးရမယ်။
သူ့မှာ ရှာ့ယွီကို ပစ်မှတ်ထားဖို့ တရားဝင် အကြောင်းပြချက် မရှိပေမဲ့ ကျောင်းသားကောင်စီ ဥက္ကဋ္ဌအနေနဲ့ အဆောင်၏ အခြေအနေကို စုံစမ်းတာက လွန်ကျူးရာ မရောက်ပေ။
စုံစမ်းရှာဖွေပြီးနောက် ဖုန့်ချင်းစီနဲ့ သူ့ရဲ့ အခန်းဖော်တို့သည် ရှာ့ယွီရဲ့ အဆောင်ကို တွေ့သွားသည်။
သူတို့ တံခါးခေါက်လိုက်သည့်အခါ တစ်ယောက်ယောက်က အမြန် တံခါးဖွင့်ပေး၏။
"ဘယ်သူ့ကို ရှာနေတာလဲ။"
ဖုန့်ချင်းစီက "မင်းတို့ အဆောင်မှာ ရှာ့ယွီ ရှိတယ်လို့ ကြားတယ်။ သူ့ကို အပြင် ခေါ်ပေးလို့ရမလား။” လို့ ပြောလိုက်သည်။
"ရှာ့ယွီ၊ တစ်ယောက်ယောက်က မင်းကို ရှာနေတယ်။"
ရှာ့ယွီ အဆောင်က လှမ်းထွက်လာသည်နှင့် ဖုန့်ချင်းစီက သူ့ကို တွန်းလိုက်တာကြောင့် စင်္ကြံကြမ်းပြင်ပေါ် လဲကျသွားသည်။
"ဖိုရမ်ပေါ်က ပို့စ်က မင်းဆီက မဟုတ်လား။"
ဖုန့်ချင်းစီရဲ့ အသံက ရန်လိုနေသည်။ သူနဲ့ ဖုန့်ချင်းယီသည် မတည့်ကြသော်လည်း သူက သူမရဲ့ အစ်ကိုဖြစ်သောကြောင့် သူမရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယည်ဖြစ်သည်။
ရှာ့ယွီက စိတ်မသက်မသာ ဖြစ်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်နေဆဲ ဖြစ်သည်။ "မင်း ဘာပြောနေလဲ ငါ မသိဘူး။"
ဖုန့်ချင်းစီက ရှာ့ယွီကို မထီမဲ့မြင် ကြည့်လိုက်သည်။
"အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ရှက်စရာကောင်းတဲ့ အရာ တစ်ခုကို လုပ်တုန်းက လုပ်ပြီး ဝန်မခံချင်တာ ဘယ်လိုအရှက်မဲ့တာမျိုးလဲ။”
"အွန်လိုင်းမှာ နာမည်မဖော်ဘဲ ပို့စ်တင်တာနဲ့ မင်း လွတ်သွားပြီလို့ မထင်နဲ့။ ငါ့ညီမက မင်းလိုလူမျိုးရဲ့ စော်ကားမှုတွေကို ခံရလောက်တယ်များထင်နေလား။"
"ငါ မင်းကို ပြောလိုက်မယ်။ ငါတို့ အိမ်မှာ မေဘက်ခ်ကား ( ၁၀ ) စီး ရှိတယ်၊ ပြီးတော့ မြို့ရဲ့ အဓိက စျေးဝယ်စင်တာ ( ၈ ) ခုထဲက ( ၄ ) ခုက ငါတို့ မိသားစုပိုင်တာ။"
"မင်းက သူ့ဖိနပ်ကိုတောင် သုတ်ပေးဖို့ မတန်ဘူး။ ဒီနေ့ ငါ အများကြီး မပြောဘူး။ အဲဒီပို့စ်ကို ဖျက်လိုက်၊ ဖိုရမ်မှာ မင်းရဲ့ နာမည်အစစ်နဲ့ တောင်းပန်လိုက်၊ ဒါဆို ဒီကိစ္စကို ပြီးပြီလို့ သတ်မှတ်ပေးမယ်။"
"ဒီနေ့အထိ မင်းမှာ အချိန်ရှိတယ်။ ဒီနေ့မှ ငါပြောသလို မင်းလုပ်လို့ မပြီးရင် ပြီးမှ ငါ ရိုင်းတယ်ဆိုပြီး အဆိုးမဆိုနဲ့။”
သူ့ရဲ့ အော်ဟစ်သံတွေနဲ့အတူ ဖုန့်ချင်းစီက ရှာ့ယွီကို ကန်ပြီး ဒေါသတကြီး ထွက်သွားသည်။
ကြည့်နေတဲ့ လူအုပ်ကြီး ဝိုင်းထားတဲ့အထဲက စုန့်ကျင်းယွမ်က သူ ဘာလို့ ရောက်လာမှန်း သေချာ မသိပေ။ ဒီမှာ သူ ပါဝင်ဖို့ ဘယ်ကဏ္ဍမှ ရှိပုံ မရဘူး။
ဖုန့်ချင်းစီနောက်က လိုက်လာတဲ့ ရှီယွမ်က "အစ်ကိုချီ၊ မင်းတို့ မိသားစု အဲဒီလောက် ချမ်းသာမှန်း ငါ မသိဘူး။ မေဘက်ခ်ကား ( ၁၀ ) စီးနဲ့ စျေးဝယ်စင်တာကြီး ( ၄ ) ခု ဟုတ်လား" ဟု ပြောလေ၏။
"မင်းတို့ မိသားစု အဲဒီလောက် ချမ်းသာရင် ဘာလို့ ငါ့ဆီက ပိုက်ဆံတွေ အမြဲတမ်း ချေးနေတာလဲ။ ဒါက ယုတ္တိရှိရဲ့လား။"
“ချမ်းသာတာက ငါတို့ မိသားစုလို့ ပြောတာ၊ ငါ မဟုတ်ဘူး။ ငါ ရတဲ့ လစဉ်အသုံးစရိတ်က ထောင်ဂဏန်းလောက်ပဲ။"
သူ့မိသားစုက တကယ် မေဘက်ခ်ကား ( ၁၀ ) စီး ရှိပြီး မြို့မှာ စျေးဝယ်စင်တာကြီး ( ၄ ) ခု ပိုင်ဆိုင်သော်လည်း ၎င်းတို့နှင့် ဖုန့်ချင်းစီမှ ဘာမှ မသက်ဆိုင်ပေ။ သူ့ရဲ့ လစဉ်အသုံးစရိတ် ထောင်ဂဏန်း အနည်းငယ်က အစားအသောက်နဲ့ အဝတ်အစားလို အခြေခံ လိုအပ်ချက်တွေအတွက် လုံလောက်ပေသည်။
ဖုန့်ချင်းစီက သူ့ရဲ့ လက်ရှိ အခြေအနေကို တော်တော်လေး ကျေနပ်သည်။ သူ့မှာ ဂိမ်းဆော့တာအပြင် ဈေးကြီးတဲ့ ဝါသနာတွေ မရှိပေ။
ရှီယွမ်က ဖုန့်ချင်းစီနဲ့ အဆောင်မှာ တစ်နှစ် အတူနေခဲ့တာကို ပြန်စဉ်းစားနေသည်။ ဈေးကြီးတဲ့ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာနဲ့ သွားတိုက်ဆေး။ ဖုန့်ချင်းစီက သူ့ညီမဆီက ယူထားတာလို့ ပြောတာ။ အဲဒါတွေအပြင် သူတို့ရဲ့ ကုန်ကျစရိတ်တွေက အတူတူပဲ။
သူက အမွေခံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဖုန့်ချင်းစီ ဂရုစိုက်ပုံမရပေ။ သူ ငယ်ငယ်ကတည်းက ဒီလို နေထိုင်ခဲ့ရပြီး သာမန်လူနေမှု အဆင့်အတန်းသာ ရှိသည်။
ဖုန့်ချင်းစီ အော်ဟစ်ပြီးနောက် ရှာ့ယွီသည် ဖိုရမ်ပေါ်က ပို့စ်ကို ဖျက်ပြီး ဖုန့်ချင်းယီကို တောင်းပန်တဲ့ ပို့စ်အသစ် တင်ရုံမှ လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
ဖုန့်ချင်းစီနဲ့ ရှာ့ယွီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အဆောင်စင်္ကြံရှိ လူအများ ကြည့်နေစဉ် ဖြစ်ပွားခဲ့ပြီး တချို့ ဗီဒီယို ရိုက်ကူးထားသည်များက ဖိုရမ်ပေါ် ရောက်သွား၏။
ဖိုရမ်က ချက်ချင်း ပြောင်းလဲသွားပြီး ရှာ့ယွီရဲ့ တောင်းပန်မှုကို ဘယ်သူမှ ဂရုမစိုက်တော့ပေ။ အဲဒီအစား လူတိုင်းက မြို့တော်ရဲ့ အဓိက စျေးဝယ်စင်တာကြီး ( ၄ ) ခု။ ဘယ်ဟာတွေက ဖုန့်မိသားစုပိုင်လဲဆိုတာကို ဆွေးနွေးနေကြသည်။
မြို့ရဲ့ အဓိက စျေးဝယ်စင်တာ ( ၈ ) ခုက နာမည်ကြီးပြီး အွန်လိုင်းတွင် ရှာဖွေကြပြီးနောက် လူတွေက ဖုန့်မိသားစု ပိုင်ဆိုင်တဲ့ ( ၄ ) ခုကို သိသွားကြ၏။
ဖုန့်ချင်းယီ ချွေးတွေ ရွှဲနစ်ပြီး အဆောင်ကို ပြန်ရောက်လာသည့်အခါ သူမရဲ့ အခန်းဖော် သုံးယောက်က သူမကို ထူးဆန်းတဲ့ မျက်နှာထားနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်၏။ သူမ ချွေးစိုနေရုံပဲ။ ဘာတွေ အထူးအဆန်း ဖြစ်နေတာလဲ။
"ဘာလို့ နင်တို့ အားလုံး ငါ့ကို အဲဒီလို စိုက်ကြည့်နေကြတာလဲ။"
ရှန်ဟန်ယွဲ့က "ချင်းယီ၊ နင်က တကယ် အံ့အားသင့်စရာတွေ အပြည့်ပဲ။ နင်တို့ မိသားစုက မြို့ရဲ့ စျေးဝယ်စင်တာကြီး ( ၄ ) ခု ပိုင်မှန်း ငါ မသိခဲ့ဘူး။ နင့်ရဲ့ ပေါင်တွေကို ငါ တကယ် ဖက်ထားချင်နေပြီ။" ဟု ပြောလေ၏။
"... နင်တို့ အားလုံး အဲဒါကို ဘယ်က ကြားခဲ့တာလဲ။" အဖေက သူမကို စျေးဝယ်စင်တာအတွက် ဈေးဝယ်ကတ် တစ်ခု ပေးခဲ့တာတောင် သူမ အဲဒါကို သိပ် မသုံးခဲ့ဘူးလေ။
ချွီကျင်းချီ : "ကျောင်းဖိုရမ်မှာ တွေ့တယ်၊ နင့်အစ်ကိုကိုယ်တိုင် ပြောတာ။ နင်တို့ မိသားစုမှာ မေဘက်ခ်ကား ( ၁၀ ) စီး ရှိတယ်လို့လည်း သူ ပြောတယ်။"
"... နင်တို့အားလုံး အချိန်ရရင် စင်တာမှာ စျေးဝယ်ထွက်ဖို့ လိုက်ပို့ပေးမယ်။"
သူမအဖေက အပြင်မှာ တိတ်တိတ်ဆိတ်ဆိတ် နေဖို့ သေချာ ညွှန်ကြားထားပေမဲ့ သူမအစ်ကိုကတော့ နေ့တိုင်း သူ ကြိုက်တာကို လွှတ်ခနဲ ပြောချလိုက်တော့တာပဲ။
တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ရတယ်ဆိုတာ ဘာကို ဆိုလိုမှန်း သူ တကယ် မသိဘူးပဲ။ တစ်နေ့ သူ ပြန်ပေးဆွဲခံရရင် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မယ်။
***
အခန်း ( ၃၀ ) – ဝက်ဝံလေးကို ပွေ့ဖက်ပါ JPG
ရှန်ဟန်ယွဲ့က ဒေါသတကြီးနဲ့ "အဲဒီ ရှာ့ယွီက ဖိုရမ်မှာ နင့်ကို တောင်းပန်ပြီးပြီ။ သူ တကယ် မျက်နှာပြောင်တိုက်တာပဲ။ သူ ဖွင့်ပြောတာကို ငြင်းခံရပြီးတော့ နင့်ကို မဟုတ်မမှန် စွပ်စွဲတဲ့ ပို့စ်တွေ သွားတင်တယ်။ အဲ့တော့ နင့်အစ်ကို ဖုန့်ချင်းစီက သူ့ကို ထိပ်တိုက်သွားတွေ့ခဲ့တာ။ အခု သူ နင့်ကို ပြန်ပြီး တောင်းပန်နေပြီ" ဟု ပြောပြနေ၏။
ဖုန့်ချင်းယီက ကျောင်းဖိုရမ်ကို စစ်ကြည့်ပြီးနောက် ဘာတွေ ဖြစ်ခဲ့လဲဆိုတာ နောက်ဆုံးတော့ နားလည်သွားရသည်။
ဖုန့်ချင်းစီက သူမကို ကာကွယ်ဖို့ လုပ်ခဲ့တာ မှန်ပေမဲ့ ဖုန့်ချင်းယီ မပျော်နေပေ။
အဓိကကတော့ သူ့ရဲ့ မရင့်ကျက်တဲ့ ကိုင်တွယ်ပုံကြောင့်ပဲ။
ဒီကမ္ဘာမှာ ချမ်းသာတဲ့သူတွေကို မကျေနပ်တဲ့သူတွေ အမြဲရှိပြီး လူ့သဘောဟာလည်း ဖျားယောင်းမှုကို ခံနိုင်ရည် မရှိကြပေ။ အထူးသဖြင့် ငယ်စဉ်က ပြန်ပေးဆွဲခံရဖူးတဲ့သူတွေအတွက်ပင်။
ဖုန့်ချင်းယီ ငယ်ငယ်ကတည်းက သူမရဲ့ ချမ်းသာမှုကို လျှို့ဝှက်ထားတတ်ဖို့ သင်ယူခဲ့ပေမဲ့ ဖုန့်ချင်းစီမှာ ဒီအသိအမြင် ရှင်းရှင်းလင်းလင်း မရှိချေ၊ ဒါမှမဟုတ် သူက ရှာ့ယွီကို သိစေချင်ရုံပဲ ဖြစ်နိုင်တယ်၊ လူတိုင်း သိသွားမယ်လို့ သူ ထင်မိမှာ မဟုတ်ဘူး။
"ငါ ရေချိုးတော့မယ်။ အခုမှ လေ့ကျင့်ခန်း လုပ်ပြီးတာ၊ ချွေးတွေ ရွှဲနေပြီ။"
ဖုန့်ချင်းယီက ညအိပ်ဝတ်စုံကို ယူပြီး ရေချိုးခန်းထဲ ဝင်သွားသည်။
ရှန်ဟန်ယွဲ့၊ ချွီကျင်းချီနဲ့ လော့ရှီတို့မှာ ဖုန့်ချင်းယီရဲ့ မိသားစု အခြေအနေနဲ့ ပတ်သက်ပြီး အထူးအဆန်း မရှိပေ။
ဘာပဲဖြစ်ဖြစ် သူတို့ အဆင်ပြေပြေ ပေါင်းသင်းနိုင်ခဲ့တဲ့ အကြောင်းအရင်းက အမြဲတမ်း သူမကြောင့်ပဲ။
ဘယ်လို ပြင်ပအခြေအနေတွေကြောင့်မှ မဟုတ်သလို မိသားစုနောက်ခံတွေကြောင့်လည်း မဟုတ်ပေ။ သူတို့လည်း ချို့တဲ့ကြသူများ မဟုတ်ပေ။
ရေချိုးပြီးနောက် ဖုန့်ချင်းယီ အိပ်ရာထဲ တိုးဝင်ပြီး အချိန်ကို ကြည့်လိုက်သောအခါ ည ၈: ၃၀ ရှိနေပြီ။
ဖုန့်ချင်းယီက ချင်ယွီချွမ်ကို စတစ်ကာတစ်ခု ပို့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ အိပ်ပျော်နေပြီလားဟု စဉ်းစားနေမိသည်။
[ချင်းယီ : ဝက်ဝံလေးကို ပွေ့ဖက်ပါ JPG]
အိပ်တော့မယ့် ချင်ယွီချွမ် ဖုန်းမြည်သံကြားပြီး အမြန် ကောက်ကိုင်လိုက်၏။
ဖုန့်ချင်းယီ ပို့လိုက်တဲ့ ဘယ်လိုတိရစ္ဆာန်မှန်း မသိတဲ့ ပုံကို မြင်တော့ ချင်ယွီချွမ် နည်းနည်း စိတ်ရှုပ်သွားသည်။ သူမ ဘာကို ဆိုလိုတာလဲ။
[ယွီချွမ် : ဘာဖြစ်လို့လဲ။]
[ချင်းယီ : ရှင် မအိပ်သေးဘူးလား။]
[ယွီချွမ် : ငါ အိပ်ပျော်နေရင် မင်းကို ဘယ်လိုလုပ်ပြီး ပြန်ပြောမှာလဲ။]
[ချင်းယီ : အိုက်ယား...]
[ယွီချွမ် : မင်း စိတ်အနှောင့်အယှက် ဖြစ်နေတာလား။ တစ်ခုခု ဖြစ်ခဲ့လို့လား။]
ဖုန့်ချင်းယီ ခဏလောက် စဉ်းစားပြီး သူ့ကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ဘာလို့လဲဆိုတော့ သူ ဘာမှ နားလည်မှာ မဟုတ်ဘူးလေ။
[ချင်းယီ : ဒီနေ့ တစ်ခုခု ဖြစ်ခဲ့တယ်။ ကျွန်မ ဖွင့်ပြောခံရတယ်။]
"ဖွင့်ပြောခံရတယ်" ဆိုတဲ့ စကားလုံးတွေကို မြင်သည့်အခါ ချင်ယွီချွမ်က အနည်းငယ် မျက်နှာကြုတ်သွားသည်။
[ယွီချွမ် : မင်း လက်ခံလိုက်လား။]
[ချင်းယီ : ကျွန်မ အဲဒီလူကို သိတောင် မသိဘူးဆိုတော့ ငြင်းလိုက်တာပေါ့။ အဲဒါလည်း ပြီးရော သူက ကျွန်မကို နေရာတိုင်းမှာ စော်ကားမော်ကားပြောဆိုနေတာ။]
[ယွီချွမ် : အဲဒီလောက် နိမ့်ကျတဲ့သူက မင်းနဲ့ မတန်ဘူး။ ဒါက မင်းနဲ့ မဆိုင်ဘူး။ သူက အရေးမပါတဲ့ လူတစ်ယောက်ပဲ။ အဲဒီအတွက် မင်း စိတ်မကောင်းဖြစ်စရာ စိတ်ရှုပ်စရာ မလိုဘူး။]
သူမ ငြင်းလိုက်တာကို သိတော့ ချင်ယွီချွမ် သက်ပြင်းချလိုက်သည်။ သူက သူ့ရဲ့ ခံစားချက်တွေကို မကြာသေးခင်ကမှ သေချာအောင် လုပ်ခဲ့ရတာ။ ဘယ်လိုလုပ်ပြီး တခြားတစ်ယောက်ကို သူ့ထက် ကျော်တက်ခွင့် ပေးနိုင်မှာလဲ။
[ယွီချွမ် : မင်းက ငယ်ရွယ်ပြီး လောကအကြောင်း နားမလည်သေးဘူး။ နောက်တစ်ခါ ဒီလိုလူမျိုးတွေနဲ့ ထပ်တွေ့ရင် ပိုပြီး သတိထားရမယ်။]
သူမ ပြောပုံအရ သူမရဲ့ ကမ္ဘာက လွတ်လပ်မှု ရှိပြီး ယောက်ျားလေးနဲ့ မိန်းကလေးတွေရဲ့ ဆက်ဆံရေးက နှစ်ဦးနှစ်ဖက် သဘောတူညီမှုအပေါ် အခြေခံတယ်။
ပြီးတော့ သူမရဲ့ ကျောင်းက အကောင်းဆုံးဆိုတော့ ထူးချွန်တဲ့သူတွေနဲ့ တွေ့ဆုံရတာ နားလည်နိုင်တယ်။ သူမ သူတို့အပေါ် ခံစားချက်တွေ ဖြစ်ပေါ်လာရင်ရော သူ ဘာလုပ်ရမလဲ။
ချင်ယွီချွမ် ခေါင်းကိုက်လာသလို ခံစားရသည်။ သူ နောက်မကျခင် တစ်ခုခု လုပ်ရလိမ့်မယ်။ သူမကို သူနဲ့ ရင်းနှီးလာအောင် နေ့တိုင်း ဆက်သွယ်တာနဲ့ စတင်ရမယ်။
[ချင်းယီ : ဟုတ်ကဲ့၊ သိပါတယ်။]
[ယွီချွမ် : မင်းကို တခြား စိတ်အနှောင့်အယှက် ဖြစ်စေတာတွေရှိရင် ငါ့ကို ပြောပြလို့ ရတယ်။]
[ချင်းယီ : တကယ်တော့ ကျွန်မ သိပ်စိတ်မဆိုးပါဘူး။ ကျွန်မအစ်ကိုက အဲဒီလူကို ဆုံးမပေးခဲ့ပြီး သူလည်း ကျွန်မကို ပြန်တောင်းပန်တယ်။ ကျွန်မအစ်ကိုရဲ့ ဖြေရှင်းပုံက သိပ်မရင့်ကျက်ပေမဲ့ အနည်းဆုံးတော့ သူ ကျွန်မအတွက် ပြဿနာကို ဖြေရှင်းပေးခဲ့တယ်လေ။]
[ချင်းယီ : ရှင့်ကို ပြောချင်တာ နောက်တစ်ခု ရှိသေးတယ်။ ရှင် ပို့ပေးတာတွေကို ကျွန်မ တကယ် ကြိုက်တယ်၊ ဒါပေမဲ့ နောက်ထပ် လက်ဆောင်တွေ မပို့ပေးပါနဲ့တော့နော်။]
[ချင်းယီ : ရှင် ပို့ပေးတဲ့ အရာတွေက ရှင်တို့နေရာမှာ တန်ဖိုး မရှိပေမဲ့ ဒီမှာတော့ ရှေးဟောင်းပစ္စည်းတွေလို့ သတ်မှတ်လို့ ရတယ်၊ တန်ဖိုးကြီးလွန်းတယ်။]
[ချင်းယီ : အဲဒီလောက် အများကြီး ပစ္စည်းတွေ ရုတ်တရက် ပေါ်လာရင် ကျွန်မ သေချာ မရှင်းပြနိုင်ဘူး။ ပြီးတော့ ကျွန်မ အခု အဆောင်မှာ နေရတော့ သိပ်အဆင်မပြေဘူး။]
[ချင်းယီ : လက်ဆောင်တွေ ပြန်ပေးတာလည်း ပြောစရာ မလိုဘူးနော်။ ရှင် ပို့ပေးတဲ့အရာတွေအတွက် ကျွန်မ ရှင့်ကို အများကြီး ကျေးဇူးတင်နေပြီ။]
ချင်ယွီချွမ်သည် ဖုန့်ချင်းယီရဲ့ စာတွေကို သေချာ ဖတ်ပြီး သက်ပြင်းချလိုက်သည်။
ဘယ်လို မိသားစုက ဒီလို အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေးကို ပြုစုပျိုးထောင်နိုင်လဲဟု သူ စဉ်းစားနေသည်။
သူ ပို့ပေးတဲ့ လက်ဆောင်တွေက သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပုံရတယ်။ သူမက ကျေးဇူးဆပ်ဖို့ ဘာတွေ ဝယ်ပြီး ပြန်ပို့ရမလဲ စဉ်းစားနေမှာ အမှန်ပဲ။
သူမ မကြိုက်ဘူးဆိုတော့ စိတ်အနှောင့်အယှက် မဖြစ်ရအောင် အစားအသောက်နဲ့ သရေစာတချို့ ပဲ ပို့ပေးလိုက်တော့မယ်၊။
[ယွီချွမ် : ကောင်းပါပြီ။]
[ချင်းယီ : ဒီနေ့ အရမ်း နောက်ကျနေပြီ။ ရှင်လည်း စောစော အနားယူသင့်တယ်။ ကျွန်မတော့ စာနည်းနည်းလောက် ဖတ်လိုက်ဦးမယ်။]
[ယွီချွမ် : ကောင်းပြီ။ ဒါပေမဲ့ စာဖတ်ပြီးရင် အနားယူလိုက်ဦးနော်။]
[ချင်းယီ : ကောင်းသောညပါ။]
ဖုန့်ချင်းယီက ချင်ယွီချွမ်နဲ့ ပေါ့ပေါ့ပါးပါး စကားပြောပြီးနောက် သူမရဲ့ စိတ်အခြေအနေက အတော်လေး တိုးတက်လာပုံရသည်။
ဒါကြောင့် သူမက အိပ်ရာဘေး စားပွဲပေါ်က စာအုပ်ကို ကောက်ယူပြီး စာဖတ်ဖို့ ပြင်ဆင်လိုက်၏။ သူမ အိပ်ရာမဝင်ခင် စာဖတ်လေ့ ရှိပြီး သူမရဲ့ အိပ်ရာဘေး စင်တွင် အမြဲတမ်း မပြီးဆုံးသေးတဲ့ စာအုပ်တစ်အုပ် ရှိနေတတ်သည်။
...
ရှန်ကျင်းမြို့ရဲ့ ဆင်ခြေဖုံးတွင်ရှိသော ကွမ်ယွမ်ဘုရားကျောင်း။
ယန်ချီက ဗုဒ္ဓဘာသာကို မယုံကြည်ပေမဲ့ နာမူချီနောက်ကို မလိုက်ဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွီချွမ်ရဲ့ ကိုယ်ရံတော်အဖြစ် သူက စစ်မြေပြင်မှာ ရန်သူ အမြောက်အမြားကို အတူရှင်းလင်းခဲ့ရသည်။ သူ ဒီလို ဗုဒ္ဓဘာသာ ဘုရားကျောင်းထဲ ဝင်တာက ဘုရားကျောင်းကို ညစ်ညမ်းစေလိမ့်မယ်လို့ အမြဲတမ်း ခံစားခဲ့ရ၏။
နာမူချီကတော့ ယန်ချီကို ခေါ်သွားတဲ့အတွက် အဲဒီလို စိုးရိမ်ပူပန်မှု မရှိပေ။
"ကိုရင်လေး၊ မင်းတို့ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကွမ်အန်းကို လာရှာတာပါ။"
သစ်သားငါးရုပ်ကို တီးနေတဲ့ ကိုရင်လေးက မော့တောင် မကြည့်ချေ။ "ဆရာတော်က ဒီနေ့ ဘယ်သူ့ကိုမှ မတွေ့ဖို့ ညွှန်ကြားထားတယ်။ ကျေးဇူးပြုပြီး ပြန်သွားပေးပါ။"
"ကျွန်တော်တို့ သူနဲ့ အရေးတကြီး ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေလို့ပါ၊ အသက်နဲ့ သေခြင်းနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ တောင်းဆိုချက်ကို ဆရာတော်ဆီ လျှောက်ထားပေးပါ။"
"တကယ် လူတစ်ယောက်ရဲ့ အသက်နဲ့ ပတ်သက်တယ်။ အသက်ကယ်တင်တာက ခုနစ်ဆင့်စေတီတည်တာထက် သာလွန်တယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကယ်တင်ဖို့ လိုအပ်နေတဲ့သူကို ဘယ်လိုလုပ်ပြီး မျက်ကွယ်ပြုနိုင်ရမှာလဲ။"
သူ့ရဲ့ နှုတ်ရေးချိုသာမှုနဲ့ နာမူချီက ကိုရင်လေးကို မငြီးမငွေ့ ပူဆာနေတာကြောင့် ကွမ်ယွမ်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဆရာတော်ကွမ်အန်းရဲ့ အခန်းဆီ သူတို့ကို ခေါ်သွားဖို့မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ဆရာတော်ကွမ်အန်းက သူ့ရဲ့ အခန်းထဲတွင် ရဟန်းဝတ်ရုံကို ဝတ်ထားကာ ထိုင်နေ၏။
ယန်ချီနဲ့ နာမူချီတို့ တံခါးဝမှာ ရပ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"ဒါ မင်း လိုချင်တာ မဟုတ်ဘူးလား။ မင်းပဲ ဝင်သွား။" ယန်ချီက နာမူချီကို တွန်းလိုက်သည်။
နာမူချီလည်း ယန်ချီကို လွှတ်မပေးဘဲ သူ့ကိုလည်း အထဲကို ဆွဲခေါ်သွားလေသည်။
နှစ်ယောက်သား အခန်းထဲ ဝင်သွားတာနဲ့ ဆရာတော်ကွမ်အန်းက ထရပ်လိုက်၏။
"ဒီနေ့ ဧည့်သည်တွေ လက်မခံဘူးလို့ ကိုယ်တော် ပြောပြီးပြီ။ ကျေးဇူးပြုပြီး ပြန်သွားကြပါ။"
နာမူချီက တဇွတ်ထိုးပင်။ "ဆရာတော်၊ ကျွန်တော်တို့မှာ ဆရာတော်ရဲ့ လမ်းညွှန်မှု လိုအပ်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ။"
ဆရာတော်ကွမ်အန်း အသက် ( ၉၀ ) ရှိပြီ ဖြစ်သော်လည်း သမာဓိ အားကောင်းပြီး သူ့အရှိန်အဝါက အလွန်ကြီးမားလှသည်။
"မင်းတို့ ရှာဖွေနေတဲ့ ကိစ္စကို ဒီရဟန်းအိုကြီးက သိပြီးသား၊ ဒါပေမဲ့ ဒီကမ္ဘာမှာ အရာအားလုံးက အကြောင်းပြချက် တစ်ခုနဲ့ တည်ရှိနေတာကြောင့် မင်းတို့ လူဝတ်ကြောင်တွေ စိတ်ပူနေဖို့ မလိုအပ်ဘူး။"
"ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက်လုံး ပြန်သွားကြပါ။ တကယ်လို့ တစ်ခုခု ရှာနေတယ်ဆိုရင် မင်းတို့ ရှာဖို့ မလိုဘူးလေ။"
ယန်ချီက သူ့ဘေးက နာမူချီကို လှမ်းကြည့်လိုက်သည်။ ဆရာတော်က တခြားလူတွေရဲ့ ကိစ္စမှာ ဝင်မပါသင့်ဘူးလို့ တိုက်ရိုက် ပြောလိုက်တာနဲ့ တူတယ်။
နာမူချီရဲ့ အခြေအနေ ဘယ်လိုရှိလဲ မသိပေ။ စစ်သူကြီးရဲ့ သေတ္တာလေးကို ဖျက်ဆီးဖို့ပဲ အာရုံစိုက်နေပြီး ဒီရည်ရွယ်ချက်နဲ့ အင်အားတွေ အများကြီး သုံးခဲ့သော်လည်း ဘာမှ မဖြစ်မြောက်ဘဲ ပြန်လာခဲ့ရလေသည်။
သူ ပြောပုံအရ သေတ္တာလေးက စစ်သူကြီး ပိုင်တာ ဆိုတော့ သူ ကြိုက်သလို လုပ်လို့ ရတယ်။ နာမူချီက ဘာလို့ စိုးရိမ်နေရတာလဲ။
မြို့တော်ကို ပြန်ရောက်ပြီး ဘာမှ လုပ်စရာ မရှိတော့ အဲဒီလို အရေးမပါတဲ့ အရာတွေကို တွေးနေရင်း ရက်တွေ ကုန်ဆုံးသွားပုံရတယ်။