← Chapters

သံမဏိသွေးကြောခန်းမဆောင်၏ အံ့ဩတုန်လှုပ်သွားမှု

Vol. 9 Ch. 892

သံမဏိသွေးကြောခန်းမဆောင်၏ အံ့ဩတုန်လှုပ်သွားမှု

Vol. 9 Ch. 892

ထာဝရဧကရာဇ်လက်သီးက လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်း သဘောကျသည့် စွမ်းအားအကြီးဆုံး နတ်ဘုရားသိုင်းဖြစ်သည်။ အထူးသဖြင့် စွမ်းအားငါးဆပုံစံပင်။ သူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မဖြစ်သေးခင်က အလယ်ပိုင်းနတ်အဆင့်ရှိ လူတစ်ယောက်နှင့် တိုက်ခိုက်ရာမှာပင် ထိုသိုင်းကို အသုံးပြုနိုင်သည်။

ယခုအခါ သူက အစောပိုင်းနတ်အဆင့်တွင် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို လုံးလုံးလျားလျား တည်ငြိမ်အောင် မလုပ်ရသေးသည့်တိုင် သူက မိုးကောင်းကင်၊ကမ္ဘာမြေကြီးတို့နှင့် ပေါင်းစည်နိုင်သည်။ ထိုမျှသာမက သူက ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ်ဖြစ်ရာမှ ပေါ်ထွက်လာသော ပျော့ကွက်များကို ပျောက်ကွယ်အောင် ပြုလုပ်နိုင်သည့် ရှားမှရှားသော ကောင်းကင်တာအိုနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ပြီးပြည့်စုံသော တိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုနည်းအားဖြင့် သူက နတ်အဆင့်ကျင့်ကြံသူသုံးဦးကို နောက်သို့လွင့်ထွက်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ အမှန်တွင် သူတို့က သာမန် နတ်အဆင့်ကျင့်ကြံသူများမဟုတ်သည့်အပြင် အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ စောစောက သူတို့ ဒဏ်ရာအပြင်းအထန်ရခဲ့ကြသော်လည်း ဆက်လက်မတိုက်ခိုက်နိုင်သည်အထိတော့ မရောက်သေးပေ။ သို့သော် သူတို့ခံလိုက်ရသော လက်ဖျားခါရလောက်သည့် တိုက်ကွက်ကြီးကြောင့် သူတို့မှာ ရုပ်ပိုင်းဆိုင်ရာသာ ထိခိုက်သွားသည်မဟုတ်ဘဲ ပြင်းထန်သော စိတ်ဒဏ်ရာရသွားတော့သည်။

လက်သီးချက်ကြီးကြောင့် ဖြစ်ပေါ်သွားသည့် အံ့ဩဘနန်းဖြစ်ရပ်က အဏ္ဏဝါခေါ်သံဂိုဏ်းရှိ မည်သည့်အဆင့်မှာပင် ရှိနေသူတိုင်းကိုမဆို ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားစေတော့သည်။

တိုက်ကွက်၏ပြင်းအားကြောင့် တုန်ခါလှိုင်းများ ဆက်လက်ပျံ့နှံ့နေသည့်တိုင် တိုက်ပွဲကား အဆုံးမသတ်သေးချေ။ နတ်အဆင့်ကျင့်ကြံသူများ၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး ကြောက်ကြောက်လန့်လန့် နောက်ဆုတ်သွားကြချိန် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွား၏။ သူ့ကိုကြည့်ရသည်မှာ ပုံမှန်အတိုင်းရှိနေပါသော်လည်း အမှန်တွင် သူ၏အပြင်အားများ အတော်လေးကုန်ခမ်းနေပြီ ဖြစ်သည်။ သူ့ထံတွင် အနည်းငယ် ကျန်ရှိနေသေးသည့်တိုင် များစွာအားနည်းနေလေပြီ။

သို့သော် သူ၏မျက်နှာအမူအရာကို တစ်ယောက်မှ သတိမထားမိကြပေ။ သူ့ခေါင်းထဲတွင် အထူးအစီအစဥ်ဟူ၍ မရှိဘဲ နောက်တစ်လှမ်းတက်လိုက်သည်။

ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံထွက်ပေါ်လာပြီး သူ၏စိတ်ဆန္ဒက အားကောင်းလာသည်။ ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးက ကြီးမားလာပြီး ထာဝရဧကရာဇ်လက်သီး၏ စွမ်းအားများကို ထုတ်လွှတ်နေရာ အောက်ဘက်ရှိ ကုန်းမြေများ ပြင်းပြင်းထန်ထန်လှုပ်ခတ်လာတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ခြေထောက်က နိမ့်ဆင်းလာပြီး သူက ဟိန်းဟောက်လိုက်သည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းဆိုတာ မဖိတ်ခေါ်ပဲ လာချင်တိုင်းလာပြီး ထွက်သွားချင်တိုင်း ထွက်သွားလို့ရတဲ့နေရာမဟုတ်ဘူး "

ကောင်းကင်ယံရှိ မျက်နှာကြီး၏ ပါးစပ်မှလည်း တူညီသော စကားလုံးများ ထွက်လာရာ ကြည့်ရှုနေသော လူတိုင်းအတွက် ပိုင်ရှောင်ချန်းမှာ လွန်စွာခမ်းနားကြီးကျယ်နေတော့သည်။

မျက်လုံးပေါင်းမြောက်မြားစွာတွင် စူးရှတောက်ပသော အလင်းတန်းများ ယှက်သန်းနေကြစဥ် ခြွင်းချက်အဖြစ်ရှိနေသူများကား ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့ ဖြစ်ပေသည်။

" တစ်ခုခု ထူးဆန်းနေတယ် "

"တိုက်ခိုက်နေတုန်း ဘာလို့ စကားတွေများနေတာတုံး။ နေပါဦး၊ ဟိုလက်သီးချက်ကြောင့် သူတကယ်ပဲ အားကုန်သွားတာလား "

" ငါတို့ကို နောက်ဆုတ်အောင် ကြိုးစားနေတာလား "

နတ်အဆင့်ကျင့်ကြံသူများ၏ စိတ်ဓာတ်များတက်ကြွလာသည်။ သူတို့က တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ လှည့်လိုက်ကာ ထွက်ပြေးမည့်အစား အလင်းတန်းများအသွင် ပြောင်း၍ ပိုင်ရှောင်ချန်း တန်းတန်းမတ်မတ် ပြေးဝင်လိုက်သည်။

သူတို့က စွမ်းအားကြီးသက်စောင့်တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည့်အတွက် သူတို့၏အစွမ်းများ ဟုန်းခနဲ ထွက်ပေါ်လာသည်။ သူတို့က သတိထားနေကြသေးသော်လည်း နောက်ဆုံးအချိန်ဖြစ်သည့်အတွက် မည်သည်ကိုမှ ချန်လှပ်မထားတော့ပေ။

သို့သော် သူတို့အားလုံး ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားသည့်အခိုက်အတန့်၌ သူက ပြုံးလိုက်သည်။ နတ်အဆင့်ကျင့်ကြံသူများမှာ ထိုအပြုံးအား မြင်သည်နှင့်တစ်ပြိုင်နက် ဒိန်းခနဲ ရင်ခုန်သွားတော့သည်။

"မကောင်းတော့ဘူး "

" သောက်ကျိုးနည်းကွာ၊ ဒီကောင်ငါတို့ကို လှည့်စားလိုက်ပြီ "

ရုတ်တရက် ပိုင်ရှောင်ချန်း၏နဖူးတွင် အမှတ်အသားတစ်ခုပေါ်လာပြီး တတိယမြောက်မျက်လုံးအဖြစ် ပွင့်လာတော့သည်။ သူ၏ကောင်းကင်တံတားမျက်လုံး စွမ်းအားများ ပေါ်ထွက်လာကာ နတ်အဆင့်ကျင့်ကြံသူသုံးဦးထံသို့ ခရမ်းရောင်အလင်းများ ပစ်လွှတ်လိုက်တော့သည်။

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် အလင်းတန်းက သူတို့ကို ဝန်းရံသွားကာ သူတို့မှာ မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်က သူတို့ကို ဖမ်းဆုပ်လိုက်သည့်အလား ခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် ပိုင်ရှောင်ချန်းက လက်နှစ်ဖက်လုံးဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

" အေးစိမ့်နယ်မြေ "

ထစ်ခြုန်းသံများ ကြားလိုက်ရပြီး ပိုင်ရှောင်ချန်းထံမှ ဖော်ပြခြင်းငှာမစွမ်းသာေလာက်အောင် အေးစက်သော လေနုလေပြေများ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ အရာအားလုံး အေးခဲလာကြပြီး တချိန်တည်းမှာပင် အေးစိမ့်အရိပ် ( ၂၇ ) ကောင် ဖြစ်တည်လာသည်။

အေးစိမ့်အရိပ် ( ၂၇ ) ကောင်သည် ပိုင်ရှောင်ချန်းနှင့် တစ်ထေရာတည်းပင်။ သူတို့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်အဆင့်ကျင့်ကြံသူသုံးဦးအပေါ်သို့ ခုန်အုပ်လိုက်ကြသည်။

အရိပ်များအား ဝန်းရံထားသော သတ်ဖြတ်လိုသည့် အရှိန်အဝါများအရ နတ်အဆင့်ကျင့်ကြံသူသုံးဦးဆီသို့သာ ရောက်သွားလျှင် မည်သို့ဖြစ်မည်ကို အလွယ်တကူပြောနိုင်ပေသည်။ ထိုလူများ အသတ်ခံရမည်မဟုတ်သော်လည်း သေချာပေါက် အပြင်ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားမည် ဖြစ်သည်။

ယခုတွင် နတ်အဆင့်ကျင့်ကြံသူများအတွက် အခြေအနေအား စဥ်းစားနေရန် အချိန်မရှိပေ။ ချိန်ဟဲ့ထျန်က လျှို့ဝှက်မှော်သိုင်းအား ဆင့်ခေါ်လိုက်ရာ ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် အက်ကြောင်းသုံးခုပွင့်ထွက်သွားတော့သည်။ ထိုအက်ကြောင်းများက အပြည့်အဝ ပွင့်ထွက်သွားပြီး ၎င်းတို့အောက်တွင် အရိုးများကို မြင်လာရသည်တွင် ရုတ်တရက် ချိန်ဟဲ့ထျန်က ပြင်းထန်သောစွမ်းအားများကို အသုံးပြုနိုင်လာသည်။

သူက ကောင်းကင်တံတားဓမ္မမျက်လုံး၏ စွမ်းအားများကို အပြင်းအထန်ရုန်းကန်ပြီးနောက် ရုတ်တရက် မီတာ ၃၀၀၀ အကွာသို့ ဆုတ်ခွာလိုက်ရာ အေးစိမ့်အရိပ်များထံမှ လွတ်ကင်းသော နေရာသို့ ရောက်သွားတော့သည်။

ထိုသိုင်းကွက်အား ရှောင်တိမ်းရန် သူ ပေးဆပ်ခဲ့ရသည့် တန်ဖိုးအစစ်အမှန်အား သူသာ သိသည်။ သူ့မျက်နှာပေါ်ရှိ အက်ကြောင်း သုံးခုက သူ၏ အသက်ရှည်ခြင်းကို အနိမ့်ဆုံး နှစ်ခြောက်ဆယ်စက်ဝန်းအထိ လျော့နည်းသွားစေပြီး သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း အဆင့်တစ်ဝက်မျှ ကျဆင်းသွားစေသည်။

၄င်းက သူ့နှလုံးသားကို သွေးစိမ်းရှင်ရှင်ကျသွားစေသည့်တိုင် တခြားရွေးချယ်စရာမရှိပေ။ အမှန်တွင် သူတစ်ယောက်တည်းသာ ထိုကဲ့သို့ ပြတ်သားပြီး ဆုံးရှုံးမှုကြီးမားသော ဆုံးဖြတ်ချက်ကို ချလိုက်သည်မဟုတ်ချေ။ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့နှစ်ယောက်သည်လည်း အေးစိမ့်အရိပ်များထံမှ ဆုတ်ခွာရန် တူညီသော လျှို့ဝှက်မှော်သိုင်းများ အသုံးပြုလိုက်ကြပြီး လွန်စွာကြီးမားသော တန်ဖိုးများ ပေးဆပ်လိုက်ကြရသည်။

သူတို့၏အလျင်အမြန်နောက်ဆုတ်လိုက်မှုကြောင့် အေးစိမ့်အရိပ်များက လေကိုသာ ခုန်အုပ်လိုက်မိပြီး ပျောက်ကွယ်သွားတော့သည်။

ထိုအရိပ်များက အထင်ကြီးဖွယ်ကောင်းပြီး အန္တရာယ်များမည့်ဟန်ရှိပေါ်သော်လည်း အမှန်တွင် စွမ်းအားများစွာ ထောက်ပံ့ပေးမထားပေ။ ထိုသည်က ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့်ပိုင်ကျိမ်းထျန်တို့၏ မျက်နှာများပေါ်တွင် အလွန်အမင်း အရုပ်ဆိုးအကျဥ်းတန်သော အမူအရာများ ပေါ်ပေါက်သွားစေတော့သည်။

သို့သော်လည်း ယခုအခါ သူတို့မှာ မြင်နေရသည်များအပေါ် ယုံကြည်လိုစိတ် ကင်းမဲ့နေပြီဖြစ်သည်။ အစက သူတို့သည် ပိုင်ရှောင်ချန်းကို အပြင်ပန်းအရသာ အစွမ်းထက်သည်ဟု ထင်ခဲ့သည့်အတွက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် သူက ဟန်ပြသာ တန်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသော်လည်း ယခုအခါ သူတို့က နောက်တစ်ကြိမ်ထပ်မံကြိုးစားရန် တွေဝေတွန့်ဆုတ်နေတော့သည်။

ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးအစွမ်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ယခုအခါ သူတို့က သူ၏အင်အား အစစ်အမှန်ကို မည်သည့်နည်းနှင့်မှ မခန့်မှန်းနိုင်ကြတော့ပေ။

သူတို့ တွေဝေတွန့်ဆုတ်နေကြစဥ်မှာပင် ပိုင်ရှောင်ချန်းက မေးကိုမော့၍ အင်္ကျီလက်စကို ခါယမ်းကာ အေးစက်ပြီးသြဇာရှိသော မျက်ဝန်းများဖြင့် သူတို့အား ကြည့်လိုက်သည်။

"ချိန်ဟဲ့ထျန်၊ လူထူးဆန်းပိုင်၊ နောက်ပြီးတော့ ကျုပ် မသိတဲ့ ခင်ဗျား၊ ခင်ဗျားတို့ တိုက်ခိုက်ချင်သေးလား၊ မတိုက်ခိုက်ချင်တော့ဘူးလား။ မတိုက်ခိုက်ချင်တော့ရင် ထွက်သွားကြ "

သူ့အသံက မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများက အလွန်အမင်း စိတ်လှုပ်ရှားလျက် မော့ကြည့်လိုက်ကြသည်။

နတ်အဆင့်ကျင့်ကြံသူများ၏ မျက်နှာများတွင် အလွန်အရုပ်ဆိုးသော အမူအရာများ ရှိနေကြပြီး သူတို့၏ရင်ထဲတွင် ပူပန်ကြောင့်ကြမှုများ ပြည့်နှက်နေသည်။ တစ်ဖက်တွင် တိုက်ခိုက်ရန် ကြောက်ရွံ့နေပါသော်လည်း အခြားတစ်ဖက်တွင်လည်း နောက်မဆုတ်ချင်ကြပေ။

နတ်အဆင့်ကျင့်ကြံသူသုံးယောက်က တွေဝေတွန့်ဆုတ်နေရာမှ ရုတ်တရက် အပေါ် မော့ကြည့်လိုက်ကြသည်။ ခပ်ဝေးဝေးတစ်နေရာတွင် မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်ပေါက်လာသဖြင့် တိမ်တိုက်များ တလိပ်လိပ်ထနေတော့သည်။

ပုံရိပ်တစ်ခုပြီးတစ်ခု တဟုန်ထိုးဦးတည်လာနေကြသည်။ တစ်ထောင်၊ တစ်သောင်း။ မကြာမီ တစ်သိန်းတိတိဖြစ်သွားလေပြီ။ စိတ်အားတက်ကြစွာ မာန်သွင်းအော်ဟစ်သံများ လေထဲတွင် ပြည့်နှက်သွားရာ အံ့မခန်းလိလိစစ်တပ်ကြီး ချီတက်လာနေကြောင်း သိသာလှသည်။

၄င်းတို့သည်ကား ပိုင်လင်း၊ ဇောင်ထျန်ကျောက်၊ သံမဏိသွေးကြောခေါင်းဆောင်ကြီး နှင့် စစ်တပ်ငါးဖွဲ့၏ တပ်သားများကလွဲ၍ တခြားမဟုတ်ပေ။

" ဘယ်ကောင်က ငါ့စစ်ဦးစီးမှူးကို ထိရဲတာလဲကွ "

" သံမဏိသွေးကြောခန်းမက မဟာတံတိုင်းမှာ နှစ်ပေါင်းများစွာ တပ်ချထားခဲ့တာ။ အခု ငါ့ရဲ့ စစ်ဦးစီးမှူးတစ်ယောက် ပြန်လာတာကို ဘယ်ကောင်က စိတ်ညစ်အောင်လုပ်ရဲတာလဲ "

" သိပ်လွန်သွားပြီ ခေါင်းဆောင်ကြီး "

" ဆရာ.. "

ထိုအသံများ ထွက်ပေါ်လာစဥ် ရောက်လာကြသူများက ရုတ်တရက် စစ်မြေပြင်အား မြင်လိုက်ကြပြီး သူတို့၏မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားကြ၏။

ပိုင်လင်း၏အဆင့် သို့မဟုတ် ထို့ထက်မြင့်သော ကျင့်ကြံခြင်းအခြေခံရှိသူများက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ယင်ယန်နတ်ဝိညာဥ်မှ ထွက်လာသည့် စွဲကျန်နေသော အခိုးအငွေ့များအား အာရုံရလိုက်ကြသည်။ ထိုကဲ့သို့ အရာများအား အာရုံမခံနိုင်သူများမှာမူ ရှင်းမြစ်ခေါင်းဆောင်ကြီး၏ အပိုင်းပိုင်းအစစဖြစ်နေသော အပြင်ခန္ဓာကိုယ်နှင့် ပျက်စီးနေသော ခေါင်းကြီးအား မြင်လိုက်ကြရသည်။

ပို၍အံသြတုန်လှုပ်ဖွယ်ကောင်းသည်က ပိုင်ရှောင်ချန်းနှင့် နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ လက်ရှိအခြေအနေပင်။ ပိုင်ရှောင်ချန်းက လေထဲတွင် သြဇာအာဏာကြီးမားပြီး အထက်စီးဆန်သောပုံဖြင့် သွေးများစီးကျနေသော မျက်နှာများနှင့် သိသာထင်ရှားစွာ အားနည်းနေသော ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အား မျက်နှာချင်းဆိုင်၍ ရပ်နေလေသည်။

ထိုမျှသာမက နတ်အဆင့်ကျင့်ကြံသူများ အတူတကွ ပူးပေါင်းခဲ့ကြသည့်တိုင် ပိုင်ရှောင်ချန်းအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ကြောင်း သိသာနေသည်။

ပိုင်လင်းအပါအဝင် လူတိုင်းမှာ တအံ့တသြပင့်သက်ရှိုက်သွားရတော့သည်။ အားလုံးအထဲ အတုန်လှုပ်ဆုံးသည်ကား သံမဏိသွေးကြောခေါင်းဆောင်ကြီးပင်။

" သူက နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်သွားစေတာလား "

သူက တွေးလိုက်သည်။

" သူတကယ်ပဲ သူတို့အကုန်လုံးကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တာလား "

သူ၏မျက်လုံးများမှာ မည်သူမျှ မသိနိုင်လောက်သည့်အသွင်ဖြင့် ဝင်းလက်တောက်ပနေသည်။ သူက စွမ်းအားကြီး နတ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်၍ ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့၏ သေဆုံးခြင်းသက်သေအား သိသိသာသာ အာရုံရလိုက်သည်။

ထိုမျှသာမက တိုက်ပွဲက မည်သို့အဆုံးသတ်သွားသည်ဆိုသောသက်သေနှင့်အတူ နတ်အဆင့်ကျင့်ကြံသူများ မည်မျှ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားကြောင်း အလွယ်တကူ မြင်လိုက်ရသည်။

" သူတို့က လျှို့ဝှက်မှော်သိုင်းတွေ သုံးခဲ့တာလား။ ဒီကောင် ပိုင်ရှောင်ချန်းက တကယ်ပဲ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နဲ့ ပိုင်ကျိမ်းထျန်တို့ကို အန္တရာယ်များတဲ့ သက်စောင့်မှော်သိုင်းတွေသုံးဖို့အထိအောင် ဖိအားပေးခဲ့တာလား "

All Chapters