ဆယ်နာရီ
Vol. 6 Ch. 71
ဘာသာပြန် - အားသစ်
“စစ်သေနာပတိချုပ်... မြို့အပြင်ဘက် ၁၀ ကီလိုမီတာလောက်မှာ သားရဲတွေ အများကြီး ရောက်နေတာ တွေ့ရတယ်၊ ပြီးတော့...”
“ပြီးတော့ ဘာဖြစ်လဲ၊ မြန်မြန် ပြောစမ်း”
လုံကျိုးသည် လက်သီးတစ်ချက်တည်းဖြင့် သားရဲ ဒါဇင်ပေါင်းများစွာကို တစ်စစီ ကြေမွသွားစေသည်။ ဤသာမန်သားရဲများမှာ သားရဲအရှင်သခင်အဆင့် ဖြစ်နေလျှင်ပင် လုံကျိုးက ထမင်းစားရေသောက်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။ သူ့လို သာလွန်လူသားတစ်ယောက်အဖို့ ထိုကဲ့သို့ အဆင့်နိမ့်သားရဲများကို သတ်ဖြတ်ရသည်မှာ ချွေးပင်မထွက်ပေ။
မြို့တစ်မြို့လုံး ပရမ်းပတာ ဖြစ်နေရသည့်အကြောင်းမှာ ဤသားရဲများ ပျံ့နှံ့နေမှုက အလွန် ကျယ်ပြန့်လွန်းပြီး အရေအတွက်ကလည်း အရမ်းများပြားနေသောကြောင့်ပင်။ အချိန်တိုအတွင်းတွင် သားရဲအားလုံးကို အပြတ်ရှင်းလင်းရန်မှာ မဖြစ်နိုင်ပေ။ သို့သော် နဂါးတောင်အခြေစိုက်စခန်း၏ အင်အားတစ်ခုတည်းနှင့်ပင် အချိန်လုံလောက်စွာ ရမည်ဆိုပါက ဤတီကောင်သားရဲများကို အပြတ်ရှင်းလင်းနိုင်စွမ်း ရှိပေသည်။
“ပြီးတော့... တီကောင်သားရဲတွေကြားထဲမှာ နတ်ဆိုးတွေ အများကြီး တွေ့ရတယ်။ အကောင် ၃၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရတယ်...”
“မဖြစ်နိုင်တာ”
စစ်သေနာပတိချုပ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ နတ်ဆိုး အကောင် ၃၀ ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှေ့တန်းက အဆုံးအဖြတ်တိုက်ပွဲတုန်းကတောင် နတ်ဆိုး ဆယ်ကောင်ကျော်ပဲ ရှိခဲ့တာ။ နဂါးတောင်အခြေစိုက်စခန်းက သာလွန်လူသား ကျွမ်းကျင်သူ အရေအတွက်ထက် တစ်ကောင်တောင် လျော့နေသေးတယ်။
သို့သော် ယခု ပြန်စဉ်းစားကြည့်လိုက်သောအခါ ဤအရာအားလုံးက တီကောင်သားရဲများ၏ အကြံအစည်သာ ဖြစ်ခဲ့မည်ဆိုလျှင်... သားရဲတွေဘက်က နတ်ဆိုးအရေအတွက်က နဂါးတောင်အခြေစိုက်စခန်းက သာလွန်လူသား ကျွမ်းကျင်သူ အရေအတွက်ထက် တစ်ကောင် လျော့နေခဲ့တာက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။
လုံကျိုး ပိုတွေးလေလေ တစ်ခုခု မှားယွင်းနေပြီဟု ခံစားရလေလေ ဖြစ်သည်။ သို့သော် သားရဲများ၏ အကြံအစည် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ... ယခုလက်ရှိတွငိ နဂါးကျောက်တုံးမြို့ တစ်မြို့လုံးမှာ အစစ်အမှန် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ယခင်က သားရဲများ ကပ်ပါးပြုခြင်းကြောင့် နဂါးကျောက်တုံးမြို့ တစ်မြို့လုံး ပရမ်းပတာ ဖြစ်ခဲ့ရသည်။ သို့သော် အခြေအနေ မည်မျှပင် ရှုပ်ထွေးနေပါစေ လုံကျိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။ အဆိုးဆုံးဖြစ်လျှင် နဂါးကျောက်တုံးမြို့သည် ဆုံးရှုံးမှုကြီးမားစွာ ရင်ဆိုင်ရရုံသာ ရှိမည်။
သို့သော် ယခု တီကောင်သားရဲ စစ်တပ်ကြီး ရောက်လာခြင်းမှာမူ သူ့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားပေပြီ။ နဂါးကျောက်တုံးမြို့ တစ်မြို့လုံးအတွက်သာမက သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးအတွက်ပါ သေရေးရှင်ရေး အန္တရာယ် ကျရောက်လာပြီ ဖြစ်သည်။
“သေစမ်းကွာ...အထက်လူကြီးတွေဆီ အခုချက်ချင်း သတင်းပို့လိုက်။ နဂါးကျောက်တုံးမြို့က အမျိုးအမည်မသိ သားရဲစစ်တပ်ကြီးရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်၊ လောလောဆယ် နတ်ဆိုး အကောင် ၃၀ ကျော် တွေ့ရှိထားတယ်လို့ပြော။ အထက်လူကြီးတွေဆီကနေ ချက်ချင်းစစ်ကူတောင်းလိုက်။ နောက်ဆုံးအနေနဲ့ တပ်စုခေါင်းဆောင် ၁၅ ယောက်ကို မြို့ပြင်မှာ ချက်ချင်း စုဝေးဖို့ အမိန့်ပေးလိုက်”
ထိုသို့ပြောပြီး လုံကျိုး ချက်ချင်း လှည့်ထွက်ကာ မြို့အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
အမှန်တကယ်တွင် လက်ရှိ အခြေအနေ မရှင်းလင်းသေးချိန်၌ အထက်လူကြီးများက စစ်ကူလွှတ်ပေးရန် မဖြစ်နိုင်သလောက် ရှိကြောင်းကို သူ ကောင်းကောင်း သိထားသည်။ တကယ်လို့ စစ်ကူတွေပါ ကပ်ပါးပြုခံရပြန်ရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ယခု သူတို့ အားကိုးနိုင်သည့် တစ်ခုတည်းသောအရာမှာ နဂါးတောင်အခြေစိုက်စခန်းနှင့် နဂါးကျောက်တုံးမြို့ တစ်မြို့လုံး၏ စုပေါင်းအင်အားသာ ဖြစ်တော့သည်။
ဘီ... ဘီ... ဘီ...
ကျယ်ဝန်းသော ခန်းမကြီးတစ်ခုအတွင်း စစ်သားများမှာ နေရာအနှံ့ အလုပ်ရှုပ်နေကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ စစ်ဝတ်စုံ ဝတ်ဆင်ထားသော အသက်အရွယ်ကြီးရင့်သူ တစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာထားမှာ တင်းမာခက်ထန်နေသော်လည်း ယခုအချိန်တွင်မူ ဖန်သားပြင်ကိုသာ စူးစိုက်ကြည့်နေသည်။
သူသည် ဟွာနိုင်ငံ လက်နက်ကိုင်စစ်တပ်၏ ဝန်ကြီး ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စစ်အာဏာအားလုံးကို ချုပ်ကိုင်ထားသူ ဖြစ်သည်။
ယခုလက်ရှိ ဤကမ္ဘာပေါ်တွင် ကမ္ဘာ့မဟာမိတ်အဖွဲ့ကို တည်ထောင်ထားပြီးဖြစ်ရာ နိုင်ငံတိုင်းတွင် သီးခြား အုပ်ချုပ်ခွင့် အာဏာများ ရှိကြသော်လည်း စစ်ရေးအာဏာများကိုမူ ကမ္ဘာ့မဟာမိတ်အဖွဲ့အောက်တွင် စုစည်းထားသည်။
ကမ္ဘာ့မဟာမိတ်အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့များကို အုပ်ချုပ်သည့် စစ်သေနာပတိချုပ် ကိုးဦး ရှိပြီး သူတို့မှာ လက်ရှိကမ္ဘာကြီး၏ သူတော်စင်ကိုးပါး ဖြစ်ကြသည်။ သူတို့သည် ကမ္ဘာတစ်ဝန်းရှိ စစ်ရေးအာဏာအားလုံးကို ချုပ်ကိုင်ထားကြသည်။ (ပဏ္ဍိတနေရာမှာ သူတော်စင်လို့ ပြောင်းရေးသွားမယ်နော်။ ဖတ်ရတာထောက်တယ်ဆိုလို့ 🫠)
ဤသို့သာ မဟုတ်ခဲ့လျှင် လူသားများ၏ အလုံးစုံအင်အားမှာ သားရဲများထက် နိမ့်ကျနေပါလျက်နှင့် နယ်မြေများစွာကို ဤမျှ လျင်မြန်စွာ မည်သို့ ချဲ့ထွင်နိုင်ပါမည်နည်း။
သူတော်စင်ကိုးပါးမှာ အမြင့်ဆုံး စစ်သေနာပတိချုပ်များ ဖြစ်ကြသော်လည်း နိုင်ငံတိုင်းတွင် လက်နက်ကိုင်စစ်တပ်ဝန်ကြီးဌာနများကို တည်ထောင်ထားပြီး ဝန်ကြီးများ အသီးသီးခန့်အပ်ထားသည်။ ထိုဝန်ကြီးသည် သိုင်းသမားများနှင့် စစ်တပ်များ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စီမံကွပ်ကဲရန် အပြည့်အဝ အာဏာရှိသည်။ နိုင်ငံတစ်ခု၏ အမြင့်ဆုံး အုပ်ချုပ်ရေးအရာရှိပင် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။
ယခုအချိန်တွင် ဟွာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ဝန်ကြီးဖြစ်သူ ဝန်ကြီးလျူမှာ အလွန်တရာ အလုပ်ရှုပ်နေလေသည်။ နဂါးကျောက်တုံးမြို့တွင် ရုတ်တရက် ဖြစ်ပေါ်လာသော ကပ်ပါးကောင် ကပ်ဘေးမှာ နဂါးကျောက်တုံးမြို့ တစ်ခုတည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ပေ။
နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားနီးပါးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယင်းကိစ္စ၏ အဓိကအကြောင်းရင်းကိုလည်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ခြွင်းချက်မရှိသလောက်ပင် ထိုနေရာများတွင် နဂါးကျောက်တုံးမြို့မှ လာသူများ ရှိနေခဲ့သည်။
ဝန်ကြီးလျူသည် နဂါးကျောက်တုံးမြို့မှ လာသူအားလုံးကို နိုင်ငံတစ်ဝန်း သီးသန့်ခွဲခြားစောင့်ကြည့်ရန် အမိန့်ပေးထားပြီး ဖြစ်သော်လည်း ယင်းက မည်မျှအထိ ထိရောက်မှုရှိမည်ကို မသိနိုင်သေးပေ။ သို့သော် ဤသည်က ကပ်ပါးပြုခြင်းကို တားဆီးနိုင်မည် မဟုတ်ကြောင်းကိုမူ သူ သိထားသည်။
မည်သို့ပင်ဆိုစေ ကပ်ပါးပြုခြင်း ဖြစ်ပွားခဲ့သည့် နေရာတိုင်းတွင် အခြားသူများကိုပါ ကပ်ပါးပြုခံရနိုင်ခြေ အလွန် မြင့်မားနေသည်။ လက်ရှိအချိန်တွင် ကပ်ပါးပြုခံထားရခြင်း ရှိမရှိ စမ်းသပ်နိုင်မည့် နည်းလမ်း မရှိသေးသဖြင့် ရောဂါအစပျိုးချိန် ကုန်ဆုံးသွားသည်နှင့် ကပ်ပါးပြုခြင်းများ ပိုမို ပျံ့နှံ့လာမည်မှာ သေချာလှသည်။
ယခုအခါ ဝန်ကြီးလျူ မျှော်လင့်နိုင်သည်မှာ သုတေသနဌာနက ကပ်ပါးကောင်များကို မည်သို့ ခွဲခြားသိရှိနိုင်မည်ကို အမြန်ဆုံး ရှာဖွေတွေ့ရှိရန်သာ ဖြစ်သည်။ ထိုမှသာ ဤကပ်ပါးပြုခြင်းကို အမြန်ဆုံး နှိမ်နင်းနိုင်မည် ဖြစ်သည်။
သဘာဝကျစွာပင် ဝန်ကြီးလျူသည် နဂါးကျောက်တုံးမြို့ကိုလည်း အာရုံစိုက်နေခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုနေရာတွင် လူ ၃ သန်း ရှိနေသည် မဟုတ်ပါလား။
“ဝန်ကြီးလျူ... နဂါးတောင်အခြေစိုက်စခန်းက စစ်သေနာပတိချုပ် လုံကျိုးနဲ့ နဂါးကျောက်တုံးမြို့ မြို့တော်ဝန်တို့ ပူးပေါင်းပြီး စစ်ကူတောင်းစာ ပို့လာပါတယ်။ နဂါးကျောက်တုံးမြို့ အပြင်ဘက်မှာ သားရဲတွေ အများကြီး ပေါ်လာပြီး နတ်ဆိုး အကောင် ၃၀ ကျော်တောင် ပါတယ်တဲ့။ နဂါးကျောက်တုံးမြို့က အခု အန္တရာယ် အကြီးအကျယ် ကျရောက်နေပါပြီ”
“နတ်ဆိုး အကောင် ၃၀ ဟုတ်လား...”
ဝန်ကြီးလျူ၏ ရင်ထဲ အလွန် နာကျင်သွားရသည်။ နဂါးကျောက်တုံးမြို့၏ လက်ရှိ အခြေအနေကို သူ ကောင်းကောင်း သိသလို လုံကျိုးအတွက် မည်မျှ ခက်ခဲနေမည်ကိုလည်း သူ သိသည်။ သို့သော် သူကိုယ်တိုင်လည်း ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်နေခဲ့သည်။
ယခုအခါ တီကောင်သားရဲများသည် ကပ်ပါးပြုနိုင်သော အမဲလိုက်သားရဲများ ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ၎င်းတို့မှာ လုံးဝ သားရဲအမျိုးအစားသစ်များ ဖြစ်ကြသည်။ ပျံ့နှံ့မှု အတိုင်းအတာ၊ ကပ်ပါးပြုသည့် နည်းလမ်း၊ ကူးစက်သည့် နည်းလမ်း အစရှိသည်တို့ကို နလုံးတကန်းမှ မသိရသေးပေ။
ဒီလိုအခြေအနေမျိုးမှာ သူတို့ကို ကယ်ဖို့ လူတွေကို ဘယ်လိုလုပ် လွှတ်နိုင်မှာလဲ။
အကယ်၍ ကျွမ်းကျင်သူ အများအပြားကို လွှတ်လိုက်ပြီး သူတို့ပါ ကပ်ပါးပြုခံရလျှင် မည်သို့လုပ်မည်နည်း။ ထိုသည်က ပြဿနာကို ပိုဆိုးသွားစေလိမ့်မည်။
ဤသည်မှာလည်း နဂါးကျောက်တုံးမြို့ကို ကိုယ့်အားကိုယ်ကိုးပြီး တောင့်ခံထားရန် သူ အမိန့်ပေးခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ အလုံးစုံ သက်ရောက်မှုကို ထည့်တွက်ကာ သူသည် စစ်သားတစ်ယောက်ကိုမျှ စေလွှတ်ခဲ့ခြင်း မရှိပေ။
ဤသည်မှာ နဂါးကျောက်တုံးမြို့မှ လူ ၃ သန်းအတွက် အလွန် ရက်စက်ရာကျသော်လည်း ၎င်းမှာ မလွှဲသာမရှောင်သာ ပေးဆပ်စတေးရမည့် အရာတစ်ခုပင်။
သို့သော် ထိုနေရာတွင် လူ ၃ သန်း ရှိနေသည်။ ဤမျှများပြားသော သက်ရှိများ ရှိနေပါလျက်နှင့် အကယ်၍ သူတို့သာ စစ်ကူမလွှတ်ခဲ့ပါက နဂါးကျောက်တုံးမြို့ တစ်မြို့လုံးသည် ထိုသားရဲများ၏ တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားပေလိမ့်မည်။ ထိုအခါ ကပ်ပါးပြုခံရမှုကြောင့် သားရဲ မည်မျှ ထပ်မံ ထွက်ပေါ်လာမည်နည်း။
၎င်းမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်ပေ။ ဤသည်မှာ လွန်ခဲ့သော ရာစုနှစ်တစ်ခုက ဖြစ်ပွားခဲ့သော ကပ်ဘေးကြီးအပြီး လူသားမျိုးနွယ်၏ အကြီးမားဆုံး အကျပ်အတည်းပင် ဖြစ်ပေလိမ့်မည်။
“နဂါးကျောက်တုံးမြို့ကို အကြောင်းကြားလိုက်။ ငါတို့ အာကာသယာဉ်တစ်စင်းနဲ့ စားနပ်ရိက္ခာတွေ အများကြီး ပို့ပေးမယ်။ စစ်ကူအတွက်ကတော့... နောက်ထပ် ဆယ်နာရီလောက် တောင့်ခံထားဖို့ ပြောလိုက်။ ဆယ်နာရီအတွင်းမှာ စစ်ကူတွေ သေချာပေါက် ရောက်လာလိမ့်မယ်။”
ဝန်ကြီးလျူသည် နဂါးကျောက်တုံးမြို့မှ လူ ၃ သန်း ဤကဲ့သို့ သေဆုံးသွားရမည်ကို ဒီအတိုင်း လက်ပိုက် ကြည့်မနေနိုင်တော့ပေ။
“ဆယ်နာရီ ဟုတ်လား”
လူအများအပြားမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဆယ်နာရီအတွင်းမှာ ဘာတွေ လုပ်နိုင်မှာလဲ။ တပ်ဖွဲ့တွေ ဒါမှမဟုတ် သိုင်းသမားတွေ အများကြီးကို စုစည်းဖို့လား။
“သူတို့ကို ပြောလိုက်။ ဆယ်နာရီအတွင်းမှာ သူတော်စင်ကိုးပါးထဲက တစ်ပါးဖြစ်တဲ့ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင် နဂါးကျောက်တုံးမြို့ကို ကယ်တင်ဖို့ ရောက်လာလိမ့်မယ်လို့”
“ဘာ... အရှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်... ဟုတ်လား”
လူအများအပြားမှာ အံ့အားသင့်သွားကြသည်။ ထိုသူမှာ သူတော်စင်ကိုးပါးထဲမှ တစ်ပါးဖြစ်ပြီး ကမ္ဘာ့မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များ၏ အန္တိမ စစ်သေနာပတိချုပ် ကိုးဦးထဲမှ တစ်ဦး ဖြစ်သည်။ သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြား သူတော်စင်ရှစ်ပါးတို့မှာ ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာများတွင် တစ်နှစ်ပတ်လုံး အခြေစိုက် တပ်စွဲထားရသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေ သားရဲများကြားတွင်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ရှိနေသည်။ ထိုအရာများအားလုံးကို သူတော်စင်ကိုးပါးက ထိန်းချုပ်ကြီးကြပ်ထားခြင်းကြောင့်သာ ထိုကြောက်မက်ဖွယ် သားရဲကြီးများ အပြင်သို့ မထွက်ရဲကြခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် လူသား သိုင်းသမားများအနေဖြင့် နယ်မြေများကို ဤမျှ လွယ်ကူစွာ မည်သို့ ချဲ့ထွင်နိုင်ပါမည်နည်း။
“ဟုတ်တယ်... အန္တိမစစ်သေနာပတိချုပ် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပဲ။ လုံကျိုးကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆယ်နာရီလောက် တောင့်ခံထားဖို့ ပြောလိုက်”
အမှန်တကယ်တွင် ဝန်ကြီးလျူသည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် မဆက်သွယ်ရသေးပေ။ သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လက်အောက်ငယ်သားတစ်ဦးအနေဖြင့် သူသည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အကြောင်းကို ကောင်းကောင်း သိထားသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် နဂါးကျောက်တုံးမြို့မှ လူ ၃ သန်း သေဆုံးသွားရမည်ကို ဘယ်သောအခါမှ ဒီအတိုင်း ကြည့်နေမည် မဟုတ်ပေ။ သူ သေချာပေါက် လှုပ်ရှားပေလိမ့်မည်။
သို့သော် ကနဦး လိုအပ်ချက်မှာ နဂါးကျောက်တုံးမြို့က ဆယ်နာရီကြာအောင် တောင့်ခံထားနိုင်ရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မည်မျှပင် မြန်ဆန်ပါစေ နဂါးကျောက်တုံးမြို့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာရန်မှာ မဖြစ်နိုင်ပေ။ ဆယ်နာရီဆိုသည်မှာ အနည်းဆုံး လိုအပ်မည့် အချိန်ပင်။
လူတိုင်း၏ ရင်ထဲတွင် လေးလံသွားကြသည်။ ဆယ်နာရီ။ နဂါးကျောက်တုံးမြို့၏ လက်ရှိ ထိတ်လန့်တုန်လှုပ်ကာ ပရမ်းပတာ ဖြစ်နေမှုများနှင့် တီကောင်သားရဲများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင်...
နဂါးကျောက်တုံးမြို့က ဆယ်နာရီလောက် တောင့်ခံထားနိုင်ပါ့မလား...။